Featured Local News

Popular Local News

All Local News

အာဆီယံ အသန့်ရှင်းဆုံးခရီးသွားမြို့တော်ဆု မြန်မာနိုင်ငံမှ ကျိုင်းတုံမြို့ ရရှိ

အာဆီယံ အသန့်ရှင်းဆုံးခရီးသွားမြို့တော်ဆု မြန်မာနိုင်ငံမှ ကျိုင်းတုံမြို့ ရရှိ

Travelling Journal အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆုများ ပေးအပ်ရာတွင် မြန်မာနိုင်ငံမှ ခေါင်းစဥ်အလိုက် ဝင်ရောက်ယှဥ်ပြိုင်ရာ ကျိုင်းတုံမြို့မှ အာဆီယံအသန့်ရှင်းဆုံးခရီးသွားမြို့တော်ဆုကို ရရှိခဲ့ကြောင်း ကျိုင်းတုံ ဟိုတယ်နှင့်ခရီးသွားလာရေးညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ ကTravelling ကို ပြောသည်။ "လာအိုမှာ ပေးတာပါ။ ဆုကတော့ တောင်ကြီး ကိုရောက်နေပြီလို့ ကြားပါတယ်။အခမ်းအနားနဲ့ပေးမယ်လို့သိရပါတယ် " ဟု ကျိုင်းတုံ ဟိုတယ်နှင့်ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ ကTravelling ကို ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ဗီယင်ကျန်းမြို့ရှိ Landmark Mekong Riverside Hotel တွင် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်- ၂၀၂၄ ကို ကျင်းပခဲ့ပြီး ယင်းဖိုရမ်တွင် မြန်မာ နိုင်ငံအတွက် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆုများပေးအပ်ရာတွင် မြန်မာနိုင်ငံမှ ASEAN Green Hotel Award (၅)ဆု၊ ASEAN MICE Venue Standard Award (Category: Meeting Room) (၃)ဆု၊ ASEAN MICE Venue Standard Award(Category: Exhibition Venue) (၂)ဆု၊ ASEAN MICE Venue Standard Award(Category: Event Venue) (၃)ဆု၊ ASEAN Sustainable Tourism Award (၁)ဆု နှင့် ကျိုင်းတုံမြို့နှင့် ပုသိမ်မြို့တို့မှ ASEAN Clean Tourist City Award တို့ကို အသီးသီးရရှိခဲ့ကြောင်း သိရသည်။ " နှစ်နှစ်တစ်ကြိမ် ပေးတာပါ။ ကျွန်တော်တို့ ကျိုင်းတုံမြို့က Clean Tourist City ကို ဝင်ပြိုင်ခဲ့တာပါ။ကျန်းမာရေး ၊ စည်ပင်၊ထွေအုပ်၊ ဟိုတယ်ခရီး ကနေ စံနှုန်းသတ်မှတ်ချက်တွေကို အဖွဲ့လိုက်စစ်ဆေးပြီး ဝင်ရောက် ယှဥ်ပြိုင်ခဲ့တာဖြစ်ပါတယ် "ဟု ကျိုင်းတုံ ဟိုတယ်နှင့်ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ ကTravelling ကို ပြောသည်။ မြန်မာနိုင်ငံမှ ကလောမြို့ နှင့် ပုဂံမြို့မှ အာဆီယံ အသန့်ရှင်းဆုံးခရီးသွားမြို့တော်ဆုကိုရရှိခဲ့ပြီး လက်ရှိတွင်ကျိုင်းတုံမြို့သို့ တာချီလိတ် နယ်စပ်ဝင်ပေါက်မှ ထိုင်းလူမျိုးများ ဝင်ရောက်လည်ပတ်နေကြောင်း သိရသည်။ Photo Ko Kyi Shein
Contine Reading
By - Admin / 23-05-2024
တောင်လှေခါးမြို့တော်ဟု တင်စားသည့်ပြင်ဦးလွင်ရှိ The View Resort တွင်အပျော်တမ်း Zipline Adventure ပြုလုပ်နိုင်တော့မည်

တောင်လှေခါးမြို့တော်ဟု တင်စားသည့်ပြင်ဦးလွင်ရှိ The View Resort တွင်အပျော်တမ်း Zipline Adventure ပြုလုပ်နိုင်တော့မည်

Travelling Journal တောင်လှေခါးမြို့တော်ဟု တင်စားထားသည့် ပြင်ဦးလွင်မြို့ရှိ The View Resort တွင် စွန့်စားမှုကို အခြေခံထားသည့် အပျော်တမ်း Zipline Adventure ပြုလုပ်နိုင်တော့မည် ဖြစ်ကြောင်း The View Resort မှ တာဝန်ရှိသူက Travelling သို့ပြောသည်။ အဆိုပါ The View Resort သည် ပြင်ဦးလွင်မြို့၏ အထင်ကရရေတံခွန်တစ်ခုဖြစ်သည့် ဓာတ်တော်ချိုင့်ရေတံခွန်ကို မျက်နှာ မူပြီး တည်ဆောက်ထားသည့်အတွက် ဧည့်သည်များအနေဖြင့် ရေတံခွန်၏ အလှအပကို ကြည့်ရှုကာ Zipline ကို စီးနင်းနိုင်မှာ ဖြစ်ကြောင်းသိရသည်။ "ပြင်ဦးလွင်မြို့အဝင် အနီးစခန်းနားမှာရှိပါတယ်။အနီးစခန်းကနေလာမယ်ဆိုရင် မိနစ် ၂၀ လောက်ပဲကြာပါတယ်။ လက်ရှိမှာ တော့ တည်​ဆောက်မှု ကာလက ပြီးပါပြီ။ စမ်းသပ်ပြီးစီးမှုကာလပါ။ သေသေချာချာလေး မဖွင့်ရသေးတာပဲရှိပါတယ် "ဟု The View Resort မှ တာဝန်ရှိသူက Travelling သို့ပြောသည်။ Zipline ကို လာရောက်စီးနင်းမည့် ခရီးသွားများအတွက် Safety အပိုင်းကို အဓိက စီမံထားပြီး တည်ဆောက်ရေးအပိုင်းကို ရန်ကုန်အခြေစိုက် Adventure Centre မှတာဝန်ယူဆောက်လုပ်ပေးထားကာ လက်ရှိတွင် စွန့်စားမှုခရီးစဉ်နယ်ပယ်၌ နှစ်(၃၀)နီးပါး အတွေ့အကြုံရှိသည့် နီပေါလူမျိုး Zipline ပညာရှင်က သင်ကြားပြသပေးလျက်ရှိကာ တွဲဖက်သုံးဦးဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ အဆိုပါ Zipline ကို The View Resort ၏ စားသောက်ဆိုင်မှ Bamboo အဆောက်အအုံထိ ကို အသွားလိုင်း အနေဖြင့် သတ်မှတ်ထားပြီး အကွာအဝေးအားဖြင့် ပေပေါင်း (၂၆၀) ရှိကာ အမြင့်ပေ ၁၀၀ နှင့် စီးနင်းချိန် ကို ၁၆ စက္ကန့် ​သတ်မှတ်ထားကြောင်းသိရသည်။ ထို့ပြင် အပြန်လိုင်းအနေဖြင့် Bamboo မှ Restaurant အထိ သတ်မှတ်ထားပြီး အကွာအဝေးအားဖြင့် ပေပေါင်း (၃၃၀) အကွာရှိကာ အမြင့်ပေ ၁၂၀ နှင့် စီးနင်းချိန် ကို ၁၄ စက္ကန့် ​သတ်မှတ်ထားကြောင်းသိရသည်။ Zipline စီးနင်းခ အနေဖြင့် တစ်ဦးလျှင် အသွားအပြန် ကျပ်တစ်သောင်းခွဲ သတ်မှတ်ထားပြီး အသွားလိုင်း အပြန်လိုင်းများတွင် ခရီးသည်နှစ်ဦးအထိ တစ်ပြိုင်နက် စီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ The View Resort သည် ဓာတ်တော်ချိုင့်ရေတံခွန်ဗျူးကို မျက်နှာမူ တည်ဆောက်ထားပြီး လက်ရှိတွင် Crest Villa၊ Bungalow နှင့် Bamboo Building အဆောက်အအုံံ သုံးမျိုးရှိကြောင်းသိရသည်။ ဓာတ်တော်ချိုင့် ရေတံခွန်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၇၊ အနီးစခန်းတွင် တည်ရှိပြီး ပြင်ဦးလွင်-မန္တလေး ကားလမ်းမကြားတွင် တည်ရှိကြောင်းသိရသည်။ Photo The View Resort
Contine Reading
By - Admin / 14-05-2024
ခိုလမ်မြို့၏လည်ပတ်စရာခရီးစဥ်တစ်ခုဖြစ်လာမည့် ခိုလမ်ရေပြာအိုင်

ခိုလမ်မြို့၏လည်ပတ်စရာခရီးစဥ်တစ်ခုဖြစ်လာမည့် ခိုလမ်ရေပြာအိုင်

Travelling Journal ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ ခိုလမ်မြို့ရှိ ခိုလမ်ရေပြာအိုင်ကို အထင်ကရ လည်ပတ်စရာ ခရီးစဥ်​ဒေသတစ်ခုဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခိုလမ်ရေပြာစမ်းကို ဖော်ဆောင်သူ ဦးသားငယ်က Travelling သို့ ပြောသည်။ ခိုလမ် ရေပြာအိုင် နှင့် ဆက်စပ်ပြီး ခိုလမ် ရေပူစမ်း ၊ နမ့်မောင်းချောင်းရေတံခွန် ၊ နမ့်ဟူး ရှေးဟောင်း ဘုရားလှိုဏ်ဂူ တို့ကို ချိတ်ဆက်ကာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရန် ဆောင်ရွက်သွားမည်ဟု အဆုိပါ လုပ်ငန်းရှင်က Travelling သို့ ပြောသည်။ "နောင်မှာ ခရီးသွား အလားအလာကောင်းတဲ့အချက်အချာကျတဲ့ မြို့ဖြစ်လာမှာပါ။ ခိုလမ်က လမ်းဆုံံ ဖြစ်သွားတယ်။ ခိုလမ်ကနေ ​မြောက်ဖက်ကို နှစ်နာရီလောက်သွားရင် ဟိုက်ပါရေတံခွန်ကို ရောက်မယ်။ တောင်ဘက်ကိုတစ်နာရီလောက်သွားရင် ကျိုင်းတောင်းရေတံခွန်ကို ရောက်ပါတယ်။ ဒါတင်မကသေး ပါဘူး။ ခိုလမ်ကနေ နာရီဝတ်လောက်သွားရင် နောင်ဖာကန်ကိုလည်းရောက်တာမို့ ခရီးသွား အလားအလာကောင်းတဲ့အချက်အချာ ကျနေရာတစ်ခုဖြစ်လာမှာ "ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးထင်အောင်နိုင်က Travelling Journal သို့ ပြောသည်။ အဆိုပါ ရေပြာအိုင်သည် သဘာဝရေထွက်ပေါက်တစ်ခုအနေဖြင့် တည်ရှိနေပြီး အေဒီ ၇၅၄ ခုနှစ်က တည်ထားခဲ့သည့် ရှေးဟောင်းဘုရားရှိရာ​ နမ့်ဟူးလှိုဏ်ဂူ၏ အောက်ခြေက​ေန စီးဆင်းလာသည့် ချောင်းနှစ်ချောင်းမှ အောက်ပိုင်းတွင် တစ်ခုတည်းအဖြစ် ပေါင်းစည်းလာခဲ့သော သဘာဝရေထွက် (ရေပြာအိုင်) အဖြစ် ဖြစ်ပေါ်လာခဲ့ကြောင်း ခိုလမ်းရေပြာစမ်းကိုဖော်ဆောင်သည့် လုပ်ငန်းရှင်က Travelling သို့ ပြောသည်။ "နမ့်ဟူး ရှေးဟောင်းဘုရားကို ဝင်ရောက်ဖူးမြှော်နိုင်ပါတယ်။ ဒီဘုရားရဲ့ထူးခြားချက်က လပြည့်လကွယ်နေ့ဆို လှိုဏ်ဂူထဲကနေ မျောက်မြီးရှည် တွေထွက်လာပြီး အစာရှာထွက်တယ်။ အစာရှာထွက်ပြီးအထဲကိုပြန်ဝင်သွားတယ်။ ကျန်တဲ့ရက်ဆို မထွက်ဘူး။ ဒါကတော့ထူးခြားချက်ပါ။ ဒီ နမ့်ဟူးဘုရားကနေ ၁၅ မိနစ်လောက်ပဲ သွားရတယ်။ ရေပြာအိုင်ကိုရောက်ပါတယ်။ရေချိုး နားနေကစားနိုင်ပါတယ် "ဟု ​​​ေဖာ်ဆောင်သည့််လုပ် ငန်းရှင်တစ်ဦးက Travelling သို့ ပြောသည်။ လက်ရှိတွင် ခိုလမ်ရေပြာအိုင်သို့ လာရောက်လည်ပတ်သည့် ခရီးသွားများ အဆင်ပြေစေရန်အတွက် ယာဥ်ရပ်နားကွင်းများ၊စားသောက်ဆိုင်များနှင့်အများသုံးသန့်စင်ခန်းများကိုဆောင်ရွက်ပေးထားကြောင်းသိရသည်။ " ထိုင်းခရီးသွားတွေဆိုရင် ဟိုက်ပါရေတံခွန် ကိုသွားချင်တာ။ ဟိုက်ပါရေတံခွန် ကိုသွားဖို့ ဆိုရင် ခိုလမ်မှာ ညအိပ်ရမှာဖြစ်ပါတယ်။ ပြီးရင် ပြန်လာ။ ဒါကြောင့်မို့ ခိုလမ်က အချက်အချာကျ လာတဲ့ မြို့ဖြစ်လာပါတယ် "ဟု ရှမ်းပြည်နယ် ဟိုတယ် နှင့်ခရီးသွားလာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးထင်အောင်နိုင်က Travelling Journal သို့ ပြောသည်။ ယခင်က ခိုလမ်မြို့သည် ရွာအဆင့်သာဖြစ်ခဲ့သော်လည်း လွန်ခဲ့သည့် ၁၀ နှစ်ကျော်မှ မြို့အဆင့်သတ်မှတ်ခဲ့နောက် ဖွံ့ဖြိုးတိုးတက်လာသည့်မြို့တစ်ခုဖြစ်လာပြီးလက်ရှိတွင်ခိုလမ်မြို့ပေါ်တွင် ညောင်စီးလူမျိုး၊ ရှမ်းလူမျိုးနှင့် လားဟူလူမျိုးများနေထိုင်ကြပြီး ရှမ်းစာ ၊တရုတ်စာ၊မြန်မာစကားကိုသာ အသုံးပြုနေကြောင်း သိရသည်။ တောင်ကြီး- ဟိုပုန်း -မိုင်းပွန်- လွယ်လင်- နမ့်စန် -ခိုလမ် စသည့်ဖြင့် သွားရောက်နိုင်ပြီး တောင်ကြီးမြို့မှ ကား ဖြင့် ငါးနာရီဝန်းကျင်ခန့် သွားရောက်လည်ပတ်နိုင်ကြောင်းသိရသည်။ photo Thar Nge / Cherry phoo
Contine Reading
By - Admin / 05-05-2024
လေပြင်းတိုက်ခတ်မှုကြောင့် သမိုင်းဝင်မွေတော်ကက္ကူဘုရား အရံစေတီ ငါးဆူ ထီးတော်မြေခခဲ့

လေပြင်းတိုက်ခတ်မှုကြောင့် သမိုင်းဝင်မွေတော်ကက္ကူဘုရား အရံစေတီ ငါးဆူ ထီးတော်မြေခခဲ့

Travelling Journal ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ရှိသည့် သမိုင်းဝင်မွေတော်ကက္ကူဘုရားဝန်းရှိ အရံစေတီ ငါးဆူ မှာလေပြင်းတိုက်ခတ်မှုကြောင့် ထီးတော်​ မြေခ ခဲ့ကြောင်း မွေတော်ကက္ကူ ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ဆန်း က Travelling သို့ပြောသည်။ ပြီးခဲ့သည့် မေလ (၂) ရက် ညပိုင်းတွင်လေပြင်း တိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဆိုပါအရံစေတီငါးဆူ၏ ထီးတော်မြေခခဲ့ရကြောင်း သိရသည်။ "မေလ ၂ ရက် ည၇ နာရီ ခွဲခန့်က ဖြစ်ခဲ့တာပါ။ စေတီတစ်ဆူလုံးမဟုတ်ပါဘူး။ အရံစေတီ ငါးဆူ ရဲ့ထီးတော်ပဲ ​မြေခ ခဲ့တာ "ဟု ဦးကျော်ဆန်း က Travelling သို့ ပြောသည်။ ယင်းကဲ့သို့ ဖြစ်စဥ်မျိုးလည်း ၂၀၁၆ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ကလည်း မွေတော်ကက္ကူဘုရားဝန်းအတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် အရံစေတီ( ၁၀၃၈ )ဆူ မှာ ပျက်စီးခဲ့ရကြောင်းသိရသည်။ "ပြီးခဲ့တဲ့ ရှစ်နှစ်တုန်းက အရံစေတီ တစ်ထောင်ကျော်ပျက်စီးခဲ့ပါတယ်။ အခုကတော့ ငါးဆူ ဆိုတော့မကြာခင် ပြန်လည်ပြုပြင်သွားဖို့စီစဥ်နေပါပြီ"ဟု အတွင်းရေးမှူးဦးကျော်ဆန်း က Travelling သို့ ပြောသည်။ ထို့ပြင် လေပြင်းတိုက်ခတ်၍မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကက္ကူကျေးရွာရှိ လူနေအိမ်တစ်ချို့လည်းခေါင်မိုးသွပ်များပျက်စီးမှုများရှိခဲ့ကြောင်းသိရသည်။ Photo နွိုး ဟွမ်
Contine Reading
By - Admin / 03-05-2024
စီးပွားရေးမြို့တော်ဖြစ်သည့် မန္တလေးမြို့တွင် ကြယ်လေးပွင့်အဆင့် ဟိုတယ်ကို တည်ဆောက်နေ

စီးပွားရေးမြို့တော်ဖြစ်သည့် မန္တလေးမြို့တွင် ကြယ်လေးပွင့်အဆင့် ဟိုတယ်ကို တည်ဆောက်နေ

Travelling Journal စီးပွားရေးမြို့တော်ဖြစ်သည့် မန္တလေးမြို့တွင် ကြယ်လေးပွင့်အဆင့် ဟိုတယ်ကိုတည်ဆောက် နေကြောင်း Y Mandalay Hotel အုပ်စု၏ တာဝန်ရှိသူက Travelling သို့ပြောသည်။ ယင်းဟိုတယ်ကို ၂၀၂၃ ခုနှစ်မှ စတင်ကာ 4 Stars အဆင့်မီ ဆောက်လုပ်နေပြီး မြေဧက အကျယ် ၁.၆၅ ဧက ပေါ်တွင် ဆောက်လုပ်နေကြောင်းသိရသည်။ "အဆောက်အအုံကတော့ ၇ ထပ် ပါ။ လောလောဆယ် တစ်လွှာပဲ ပြီးပါသေးတယ်"ဟု ယင်းဟိုတယ်၏ တာဝန်ရှိသူက Travelling သို့ပြောသည်။ လက်ရှိတွင် ပထမထပ်ရှိအခန်း၂၀ ကို သာ စတင်ဖွင့်လှစ်ထားပြီး ဟိုတယ်၏ စုစုပေါင်း အခန်းအရေအတွက်ကို ၁၀၅ ခန်းထိ ထည့်သွင်းသွားမည် ​ဖြစ်ကြောင်း သိရသည်။ ဟိုတယ်တွင် အခန်းအမျိုးအစားနှစ်မျိုးရှိပြီးDeluxe အခန်းကို တစ်ညလျှင် ကျပ်တစ်သိန်းနှစ်သောင်း(120,000/-)ဖြစ်ပြီး Suite အခန်းကို တစ်ညလျှင် ကျပ်တစ်သိန်းခြောက်သောင်း (160,000/-) သတ်မှတ်ထားကြောင်း သိရသည်။ မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် နေရာတစ်နေရာမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်ရသည့်လုပ်ငန်းစုတစ်ခုအနေဖြင့် ရပ်တည်လိုခြင်းနှင့် Hotel ကို လာရောက်တည်းခိုသည့် ဧည့်သည်များ အပေါ် Professional ကျကျ service ပေးနိုင်သည့် Hotel တစ်လုံး ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် ဟိုတယ်ကိုဆောက်လုပ်ရခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ တွင် Y Mandalay Hotel အုပ်စု အောက်တွင် ဟိုတယ်နှစ်လုံးရှိပြီး အောင်မြင်ခြင်း Triumph Hotel နှင့် Y Mandalay Hotel တို့ကို ဆောက်လုပ်​​ခဲ့ပြီးဖြစ်ကာ တခြား ပြည်နယ်နှင့်တိုင်းတို့တွင်လည်း ဟိုတယ်များကို ထပ်မံဆောက်လုပ်သွားရန် စီစဥ်ထားကြောင်း သိရသည်။ Photo Y Mandalay Hotel
Contine Reading
By - Admin / 02-05-2024
တောင်ရိုးတိုင်းရင်း သားတို့၏ ရိုးရာတာတက်ပွဲကိုကျင်းပ​နေ

တောင်ရိုးတိုင်းရင်း သားတို့၏ ရိုးရာတာတက်ပွဲကိုကျင်းပ​နေ

Travelling Journal တောင်ရိုးတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ပွဲတော်ဖြစ်သည်​့ ရိုးရာတာတက်ပွဲတော်ကို ကျင်းပနေကြောင်း တောင်ရိုးတိုင်းရင်းသားဒေသခံတစ်ဦးက Travelling သို့ပြောသည်။ အဆုိပါပွဲတော်သည် တောင်ရိုးတိုင်းရင်းသားတို့၏ ရိုးရာအမွေအနှစ်ပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဥ် တန်ခူးလနှင့် ကဆုန်လများတွင် ကျင်းပလေ့ရှိကြောင်းသိရသည်။ တောင်ရိုးတိုင်းရင်းသားများသည်် ရာသီအလိုက် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီးရိုးရာ ဓလေ့ဖြစ်သည့် တာတက်ပွဲ (ခေါ်) မီးလုံးပွဲတော်ကို တောင်ရိုးတိုင်းသားများနေထိုင်ရာမြို့နယ်များရှိရွာများအလိုက် နှစ်စဥ်ကျင်းပလေ့ရှိကြကြောင်းသိရသည်။ ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်ကြပြီး တိုင်းရင်းသား တစ်ခုချင်းစီ၌ ရိုးရာဓလေ့နှင့်ယဥ်ကျေးမှု ကိုယ်ပိုင်ဟန်​များရှိကြကာ ရှမ်းတိုင်းရင်းသားမျိုးနွယ်စု (၃၃)မျိုးတွင် တောင်ရိုးမျိုးနွယ်စုလည်း ပါဝင်ကြောင်း သိရသည်။ အနီးစပ်ဆုံးအနေဖြင့် ဧပြီလ (၂၄)ရက်တွင် ကလောမြို့နယ်ရှိ တောင်မြေခြားရွာ နှင့် ပင်းတယမြို့နယ်ရှိ ပွေးလှရွာl ဝါတရာရွာ l တည်ပင်ရွာတို့ ရိုးရာတာတက်ပွဲတော်ကိုကျင်းပခဲ့ပြီးဖြစ်ကြောင်းသိရသည်။ ရှမ်း ပြည် နယ်အတွင်း ကလော l အောင်ပန်းlပင်းတယနှင့် ပင် လောင်းတို့တွင် တောင်ရိုးတိုင်းရင်းသားလူဦးရေငါးသိန်းဝန်းကျင်ခန့်နေထိုင်ကြပြီး တောင်ရိုးတိုင်းရင်းသား များနေထိုင်ကြသည့်ကျေးရွာများတွင် ယင်း ပွဲတော်များကို ဆင်နွဲဲ ကြလေ့ရှိကြောင်းသိရသည်။ Taung Yoe Traditional Festival Photo Lu Wine /Sai khant zaw
Contine Reading
By - Admin / 25-04-2024
ထူးအုပ်စုပိုင် မလိခဟိုတယ် အသေးစား မီးလောင်မှုဖြစ်ခဲ့သော်လည်း ဟိုတယ်လုပ်ငန်း ကို မထိခိုက်ခဲ့ဟု ထုတ်ပြန်

ထူးအုပ်စုပိုင် မလိခဟိုတယ် အသေးစား မီးလောင်မှုဖြစ်ခဲ့သော်လည်း ဟိုတယ်လုပ်ငန်း ကို မထိခိုက်ခဲ့ဟု ထုတ်ပြန်

Travelling Journal မြန်မာနိုင်ငံ၏ခရီးသွားဒေသတစ်ခုဖြစ်သော ကချင်ပြည်နယ် ပူတာအိုမြို့ရှိ မလိခဟိုတယ်တွင် ယနေ့ နံနက်ပိုင်းက အသေးစားမီးလောင်မှုဖြစ်ပွားပြီး ဟိုတယ်၏ စားသောက်ခန်းအသေး ၊ မီးဖိုချောင်နှင့် ၎င်းနှင့်ဆက်စပ်လျှက်ရှိသည့်ဘန်ဂလိုတစ်ခု၏ ခေါင်မိုးတို့ကို မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်း မလိခဟိုတယ်၏ လူမှုကွန်ယက်စာမျက်နှာ(Facebook) ၌ ဖော်ပြထားချက် အရ သိရသည်။ ယင်းဖြစ်စဥ်ကြောင့်ဟိုတယ်၏လုပ်ငန်းလည်ပတ်မှုအလုံးစုံကို မထိခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ "ဟိုတယ်အခန်းတွေ က ဘာမှမဖြစ်ပါဘူး။ ကျွန်တော် တို့ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ" ဟုထူးဟိုတယ်အုပ်စု၏ တာဝန်ရှိသူတစ်ဦးက Travelling သို့ ပြောသည်။ လက်ရှိ Malikha lodge 1 တွင် ဘန်ဂလို (၁၂) လုံးရှိပြီး Malikha lodge 2 တွင် သုံးခန်းတွဲပါ အဆောက်အအုံ ငါးလုံး၌ (၁၅) ခန်းစုစုပေါင်း အခန်းပေါင်း (၂၇) ခန်းရှိကြောင်း ၎င်းက ပြောသည်။ မလိခမြစ်ဖျားရှိ မူလာရှီးဒီရွာတွင် တည်ရှိသည့် ယင်းဟိုတယ်ကို ပြည်တွင်းခရီးသွားဧည့်သည်အများစုသွားရောက်လည်ပတ်ကြပြီး ခရီးသွားဧည့်သည်များ၏ ဓာတ်ပုံ ဝင်ရိုက်ကူးရာ ​ဟိုတယ်တစ်ခုအဖြစ် ပေါ်ပြူလာ ဖြစ်သည့် ဟိုတယ်ဖြစ်​ကြောင်း သိရသည်။ "ဧည့်သည်ကတော့ အနည်းနဲ့အများဆိုသလိုရှိပေမယ့် ကျွန်တော်တို့က ခရီးစဥ် အားကောင်းတဲ့ဒေသ​​​​တွေမှာ ရှိတဲ့ဟိုတယ်တွေကိုပဲ အဓိကဦးစားပေးရောင်းပါတယ်။ကျွန်တော်က ဟိုတယ်(၁၁)လုံးလောက်ကို ကိုင်ရတာမို့ ကျွန်တော်တို့ ထုတ်ပြန်ချက်မှာဖော်ပြထားတဲ့အတိုင်းပါပဲခင်ဗျာ။ မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ဆက်လက်စုံစမ်းနေဆဲပါ "လို့ ထူးဟိုတယ်အုပ်စု၏ တာ​ဝန်ရှိသူတစ်ဦးက Travelling သို့ပြောသည်။ ပုံ/စာ မလိခ ဟိုတယ်၏ မီးလောင်သည့်ပုံနှင့် မလောင်ခင်ပုံမ​ျားကိုတွေ့ရစဥ် Photo မူရင်းcredit
Contine Reading
By - Admin / 20-04-2024
Trekking မြို့တော်ဖြစ်သည့် ကလောမြို့တွင်ကလောအိမ် ( Kalaw အိမ်) ဟု အမည်ပေးထားသည့် ဟိုတယ်သစ် ယ​နေ့တွင် စတင်ဖွင့်လှစ်

Trekking မြို့တော်ဖြစ်သည့် ကလောမြို့တွင်ကလောအိမ် ( Kalaw အိမ်) ဟု အမည်ပေးထားသည့် ဟိုတယ်သစ် ယ​နေ့တွင် စတင်ဖွင့်လှစ်

Travelling Journal ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်အများစုသွားရောက်လည်ပတ်ကြသည့် ရှမ်းပြည်နယ် တောင်ပိုင်း ထင်းရှူးမြို့တော် (သို့) ကလောမြို့တွင် Normal ပုံစံ နှင့် ဘတ်ဂျတ်ပုံစံ နှစ်မျိုးစလုံး တည်းခိုနိုင်သည့် ဟိုတယ်အသစ်တစ်လုံးကို ဧပြီလ ၁ ရက်(ယနေ့) မှ စတင်ကာ ဖွင့်လှစ်​ြပီဖြစ်ကြောင်း အဆိုပါဟိုတယ်မှ Operation Manager ဖြစ်သူ ဦးရဲလင်းထွဋ်က Travelling သို့ပြောသည်။ Kalawအိိ်မ် ဟု အမည်ပေးထားသည့်အဆိုပါဟိုတယ်ကို ကလောမြို့၏ အထင်ကရနေရာတစ်ခုဖြစ်ပြီးခရီးသွားဧည့်သည်များ မဖြစ်မနေသွားရောက်လည်ပတ်ဖူးမြှော်သည့် နှီးဘုရားသို့ သွားရာလမ်းမပေါ်ရှိ ပေ ၁၀၀ ပတ်လည် အကျယ် အဝန်းရှိသည့်မြေ​​ပေါ်တွင် အဆောက်အဦး နှစ်လုံးကို တည်ဆောက်ထားကြောင်း သိရသည်။ "အရင်ကရှိတဲ့ အဆောက်အအုံံကိုတော့ Renovation ပြန်ပြုပြင်ပြီးတော့ နောက်ထပ်အဆောက်အအုံအသစ်တစ်လုံးကို ထပ်ဆောက်ပါတယ်။ အခုတော့အကုန်လုံး ပြီးစီးပြီမို့ ဧပြီတစ်ရက် မှာစတင်ဖွင့်လှစ်မှာဖြစ်ပါတယ်" ဟု ဦးရဲလင်းထွဋ်က Travelling သို့ပြောသည်။ အဆုိပါဟိုတယ်ကို အေးအေးဆေးဆေး အနားယူပြီး သဘာဝအလှတရားကို ခံစားချင်သူများအတွက် ကုန်းမြင့်ပေါ် တွင် Private ဆန်ဆန် တည်ဆောက်ထားပြီး လက်ရှိတွင် အခန်း ပေါင်း ၁၉ ခန်းရှိကာ Superior Mountain view နှစ်ယောက် အိပ်ခန်း ကို တစ်ညလျှင် ကျပ် ခြောက်သောင်းငါးထောင်နှင့် Superior Japanese Style တစ်ခန်းကို တစ်ညလျှင် ကျပ် ခြောက်သောင်း၊ Family Room သုံးယောက် တစ်ခန်းကို တစ်ညလျှင် ကျပ်တစ်သိန်း သတ်မှတ် ထားကြောင်း သိရသည်။ ထို့ပြင် ဘတ်ဂျက်ပုံစံဖြင့် တည်းခိုလိုပါကအပေါ်ထပ်ကုတင် အောက်ထပ်ကုတင်ပါသည့်နှစ်ယောက်ခန်း တစ်ခန်းကို တစ်ညလျှင် ကျပ်ငါးသောင်း ၊ သုံးယောက်ခန်းကို ကျပ် ကိုးသောင်းမှ တစ်သိန်း၊ လေး​ယောက်အခန်းဆိုပါက ကျပ် တစ်သိန်းတစ်သောင်း မှ တစ်သိန်းနှစ်သောင်းဖြင့် တည်းခိုနိုင်မည်ဖြစ်ကာ အခန်းအားလုံးအတွက် နံနက်စာ ပါဝင်ကြောင်းသိရသည်။ ကလောမြို့၏ ပတ်ဝန်းကျင် တောတောင်သဘာဝရှုခင်းများမှာ လှပလွန်းပြီး အေးမြသည့် တောင်ပေါ် မြို့လေးဖြစ်သည့်အတွက် လုပ်ငန်းရှင်များ၏ စိတ်ဝင်စားခြင်းခံရသည့် မြို့တော်တစ်ခုဖြစ်သည်။ ကလောမြို့၏ အထင်ကရ လည်ပတ်စရာများစွာထဲမှ ရှန်ဘာလာ View Point ၊City View၊သိမ်တောင် ၊ ရေယောင်းမ View Piont များ ၊Hill top Villa၊မနောလှ၊ Kalaw View point၊Kalaw Cafeyard၊အိုးစည်တောင်၊ဗျိုက်တောင်၊ပင်းဒယ၊ရွာငံအသွားလမ်း၊မြင်းမူကုန်းနှင့် အလွမ်းတောင် စသည့် နေရာများကို ပြည်တွင်းခရီးသွားဧည့်သည်များ အများဆုံးသွားရောက်လည်ပတ်ကြကြောင်း သိရသည်။ Photo Kalaw Eain
Contine Reading
By - Admin / 01-04-2024
ကျိုက်ထီးရိုးဘေးမဲ့ကြိုးဝိုင်းအတွင်း ​တောတွင်းစွန့်စားမှုခရီးစဥ်များ ပြုလုပ်နိုင်မည့် Forest House Camping Site တစ်ခု စတင်ဖော်ဆောင်

ကျိုက်ထီးရိုးဘေးမဲ့ကြိုးဝိုင်းအတွင်း ​တောတွင်းစွန့်စားမှုခရီးစဥ်များ ပြုလုပ်နိုင်မည့် Forest House Camping Site တစ်ခု စတင်ဖော်ဆောင်

Travelling Journal စွန့်စားမှုခရီးစဥ်များကို ကြိုက်နှစ်သက်သည့်ခရီးသွားများအတွက် ကျိုက်ထီးရိုးဘေးမဲ့သစ်တောကြိုးဝိုင်းအတွင်းရှိ Forest House Camping Site သို့ ဘတ်ဂျတ် ခရီးစဥ်ဖြင့် လာရောက်လည်ပတ်နိုင်ပြီ ဖြစ်ကြောင်း Forest House Camp ကို တည်ထောင်သူ တစ်ဦးဖြစ်သည့် ဦးအောင်ပြည့်စုံက Travelling သို့ ပြောသည်။ ယခုလနှင့် ဧပြီလအတွင်း လာရောက်လည်ပတ်မည့် ခရီးသွားများအတွက် တစ်ဦးလျှင် ကျပ်ခြောက် သောင်း ဖြင့် အထူးဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ " ရန်ကုန်ကနေလာရင် နေ့လည် (၁) နာရီလောက်ကင်ပွန်းစခန်းကိုရောက်ပါတယ်။ ကျွန်တော်တို့ဘက်ကနေပြီးတော့ ကင်ပွန်းစခန်းစုရပ်ထိ လာကြိုပေးပါတယ်။ ကင်ပွန်းစခန်းကနေ ကျောက်ဖြူတောင် Camp ကိုအရင်သွားပြီး၊ တောင်ပေါ်မှာတစ်ညအိပ်ရပါမယ်။မနက်ပိုင်း breakfast ကျွေးပါမယ်။ ကျောက်ဖြူတောင်ပေါ်မှာက နေ၀င်တာရယ် နေထွက်တာရယ်ကြည့်ပြီးရင် နောက်နေ့ breakfast စားပြီးတာနဲ့ Forest camp ကို ဆက်သွားပါမယ်။ Forest camp ကနေပြီး အခြားရေတံခွန်တွေနဲ့ အနားယူရမယ့်နေရာတွေလိုက်ပို့ပေးပါမယ်။ညစာ လည်း ပါပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာတွေကိုလည်း ယူဆောင်လာလို့ရပေမယ့် အမဲသား၊အရက် သေစာ၊ဆေးလိပ် တို့ကို တော့ ယူဆောင်လာခွင့်မပြုပါဘူး" ဟု ဦးအောင်ပြည့်စုံက Travelling သို့ ပြောသည်။ အဆိုပါ ဝန်ဆောင်မှုများအတွက် တစ်ဦးလျှင် ကျပ်ခြောက်သောင်းကျသင့်မည်ဖြစ်သော်လည်း ရန်ကုန်-ကင်ပွန်းစခန်းကားခ(အသွားအပြန်) မပါဝင်ကြောင်းသိရသည်။ တောတွင်းစခန်းချရမည့်နေရာတွင် Sleeping bags၊ Tents၊ Hammock တို့ဖြင့် ညအိပ်ရမည်ဖြစ်ပြီး Adventure ဆန်ဆန်ခရီးသွားချင်သူတွေအတွက် အကြိုက်တွေ့စေရမည့်နေရာတစ်ခုဖြစ်သည့်အပြင် hiking နှင့် Climbing train ရနိုင်သလို Camping feel ကို အပြည့်အ၀ခံစားရစေနိုင်သည့် Budget trip တစ်ခုဖြစ်အောင်ဖော်ဆောင်ပေးထားခြင်းဖြစ်ကြောင်း ဦးအောင်ပြည့်စုံက Travelling သို့ပြောသည်။ ထို့်အပြင် ဘုံခုနစ်ဆင့်တသွင်သွင်စီးဆင်းနေသည့် နတ်သမီး ရေတံခွန် ၌ Diving ကစားခြင်းကိုပြုလုပ်နိုင်ကြောင်း သိရသည်။ " ကျွန်တော်တို့ ရဲ့ Camp က ကျိုက်ထီးရိုးဘေးမဲ့သစ်တောကြိုးဝိုင်းအတွင်းမှာ တည်ရှိတာပါ။ ဒီတောထဲမှာ သစ်ခုတ် ဝါးခုတ်တဲ့ ဒေသခံတွေ ရဲ့သစ်လုံးအိမ်တွေရှိပါတယ်။ အရင်ကတော့ဒေသခံတွေက ဘုရားဖူးတွေလာကြတော့စျေးရောင်းကြတယ်။ အခုကျတော့ ဘုရားဖူးဧည့်သည် နည်းပါးသွားတော့ တောထဲမှာ သစ်ခုတ်ဝါးခုတ်ကြများတယ်။ ကျွန်တော်က ခရီးသွားရတာဝါသနာပါတော့ ဒီဘက်မှာ တောတွင်းအခြေပြု ခရီးစဥ်လေးတွေဖော်ဆောင်ပေးချင်စိတ်ဖြစ်လာတယ်။နောက်ပြီး ဒေသခံတွေကို လည်း ဝင်ငွေရစေမယ်။ တောကို မှီခိုပြီး သစ်တောကို ရေရှည်ပြန်ထိန်းသိမ်းချင်တယ်။ အဲဒီလိုလေးနဲ့ အခုလို Forest House ကို ဖော်ဆောင်ခဲ့တာပါ လို့ Founder တစ်ဦးဖြစ်သူ ဦး အောင်ပြည့်စုံ က Travelling သို့ ပြောသည်။ ထို့အပွငျ တောတွင်း Camping Site နှစ်နေရာကို ဆက်လက် ပြုလုပ်သွားမှာဖြစ်ပြီးအဆိုပါ Camping Site တွေကို ကျောက်ဖြူတောင်ပေါ်၌ ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ ကျောက်ဖြူတောင်ပေါ် မှ နေဝင်နေထွက်တာ ကို တစ်နေရာတည်းကနေ ကြည့်လို့ရနိုင်သလို ကျိုက်ထိုမြို့နှင့် စစ်တောင်းမြစ်ကိုလည်း မြင်တွေ့နိုင်ကြောင်း သိရသည်။ Photo Aung Pyae Sone
Contine Reading
By - Admin / 26-03-2024
ထိုင်းသံရုံးမှ ဗီဇာလျှောက်ထားခြင်းကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ထိ တနေ့လျှင် ၄၀၀ ဦးသာ ​လက်ခံမည်

ထိုင်းသံရုံးမှ ဗီဇာလျှောက်ထားခြင်းကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ထိ တနေ့လျှင် ၄၀၀ ဦးသာ ​လက်ခံမည်

Travelling Journal မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးမှ ဗီဇာလျှောက်ထားခြင်းနှင့်ပတ်သက်၍ ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှစတင်ကာ ဖေဖော်ဝါရီ ၁၉ ၊ ဖေဖော်ဝါရီ ၂၀ နှင့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ထိ ဗီဇာလျှောက်ထားခြင်းအတွက် တိုကင်နံပတ်များကို ကြိုတင်လာရောက်ယူနိုင်မည်​ဖြစ်ပြီး တစ်ရက်လျှင် ဗီဇာလျှောက်ထားသူအရေအတွက် လူဦးရေ ၄၀၀ သာလက်ခံမည်ဖြစ်ကြောင်း သံရုံးမှထုတ်ပြန်ထားသည်။ ဗီဇာလျှောက်ထားလိုသူသည်မိမိကိုယ်ပိုင်ပတ်စပို့စ်ကို ထုတ်ပြရမည်ဖြစ်ပြီး လူတစ်ဦးကို တိုကင်နံပတ်တစ်ခုသာထုတ်ဝေပေးမည်​​ ​ဖြစ်ကာ ယင်းတိုကင်နံပတ်ကိုတခြားသူထံလွှဲပြောင်းပေး၍ မရကြောင်းနှင့်တိုကင်နံပတ်အတုလုပ်ခြင်းနှင့် တခြားသူထံလွှဲပြောင်းခြင်းကိုစစ်ဆေးတွေ့ရှိပါက အမည်ပျက်စာရင်းသွင်းမည်​​ဖြစ်ကြောင်း သံရုံးထုတ်ပြန်ချက်အရ သိရသည်။ ဖေဖော်ဝါရီ ၂၁ ရက်နောက်ပိုင်း ဗီဇာ လျှောက်ထားခြင်းများနှင့်ပတ်သက်၍လက်ခံ​ဆောင်ရွက်မည့်နည်းလမ်းများကိုထုတ်ပြန်ပေးသွားမည်​​ ဖြစ်ပြီး မြန်မာနိုင်ငံသား ပတ်စပို့စ်ကိုင်ဆောင်ထားသူများသည် ထိုင်းနိုင်ငံသို့လည်ပတ်ရာတွင် ၁၄ ရက်ထက်မကျော်ပါက ဗီဇာလျှောက်ထားရန်မလိုပဲ ဝင်ရောက်လည်ပတ်နိုင်ကြောင်းသံရုံးမှထုတ်ပြန်ထားသည်။ ထို့ပြင် ထိုင်းဗီဇာဝန်ဆောင်မှု လုပ်ကိုင်ရန်အတွက် ရန်ကုန်အ​​ခြေစိုက် မြန်မာခရီးသွားကုမ္ပဏီ ၂၀ ကျော် ကိုလည်း ထိုင်းသံရုံးမှ ကိုယ်စားပြု လုပ်ကိုင်ခွင့်ကိုလည်း ပေးထားပြီး ဖြစ်ကြောင်း Travelling တွင်ဖော်ပြထားပြီး ​ဖြစ်သည်။ "အစ်မတို့ တင်ပေးပြီး အစ်မတို့ပဲ သံရုံးမှာ ပြန်ယူပေးရတာပါ"။Visa fees က တော့ Tourist visa ဆိုရင် USD 40 ပါ ။ကိုယ်တိုင်သွားဖို့ အခက်အခဲ ရှိတဲ့ ခရီးသည်တွေ အစ်မတို့ဆီက တဆင့် တင်မယ်ဆိုရင် လူလိုက်စရာ မလိုဘူးပေါ့နော်။ တကယ်လို့ ခရီးသည်က ကိုယ်တိုင်တင်ချင်ရင်လည်း တင်လို့ရပါတယ်။ မနက် ၈ နာရီ တန်းစီပြီး ဝင်ရတယ်။Passport က ပြန်ရတာ working days 3 ရက် ပြီးမှ ပြန်ရတာပါ ။ အစ်မတို့ဆီဆိုရင်တော့ အဲဒါတွေ လုပ်စရာ မလိုပါဘူး "ဟု Htoo Travels မှ တာဝန်ရှိသူ က Travelling သို့ပြောသည် ။
Contine Reading
By - Admin / 16-02-2024
ကော့သောင်းမြို့၏ လူသိအများဆုံးကျွန်းဖြစ်သည့်ဆေးတံကျွန်း (Saytan Island Hotel) တွင်ညအိပ်အပန်းဖြေ ခွင့်ပြုပြီ

ကော့သောင်းမြို့၏ လူသိအများဆုံးကျွန်းဖြစ်သည့်ဆေးတံကျွန်း (Saytan Island Hotel) တွင်ညအိပ်အပန်းဖြေ ခွင့်ပြုပြီ

Travelling Journal ယခင်က နေ့ချင်းပြန်လှည်ပတ်ခွင့်သာ ခွင့်ပြုပေးထားသည့် ဆေးတံကျွန်းတွင် ညအိပ်အပန်း ဖြေတည်းခိုခြင်းကို တရားဝင်ခွင့်ပြုပေးလိုက်ပြီ ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဦးလွှမ်းမိုးကTravelling သို့ပြောသည်။ "လိုင်စင်ရလို့ ညအိပ်အပန်းဖြေခွင့်ကိုခွင့်ပြုပေးလိုက်ပါပြီ " ဒုတိယညွှန်ကြားရေးမှူးဦးလွှမ်းမိုးက Travelling သို့ပြောသည်။ လက်ရှိ ဆေးတံကျွန်းပေါ်တွင် Good Shan Brothers ကုမ္ပဏီမှ Saytan Island Hotel အမည်ရှိသည့် ဟိုတယ်ကို တည်ဆောက်ထားပြီး လက်ရှိတွင် အခန်းပေါင်း(၃၀ ) ရှိကြောင်း သိရသည်။ ကော့သောင်းမြို့၏ ကျွန်းများစွာထဲ၌ သဲအနူးညံ့ဆုံး နှင့်သဲအဖြူဆုံးကျွန်းထဲတွင် တစ်ခုပါဝင်ပြီး ကော့သောင်း နေ့ချင်းပြန် လှည်ပတ်ခရီးစဥ်များထဲ၌ လူအသိများဆုံး ကျွန်းဖြစ်ကြောင်း ကော့သောင်း အခြေစိုက်ခရီးသွားကုမ္ပဏီများမှ တာဝန်ရှိသူ များက Travelling သို့ပြောသည်။ "၂၀၁၅ မှာ နေ့ချင်းပြန် ခရီးစဥ်တွေ ခွင့်ပြုပေးတုန်းက အသည်းပုံကျွန်းနဲ့ ဇာဒက်အော်ကို လည်ပတ်တယ်။ နေ့လည်စာကို ဆေးတံကျွန်း မှာ စားသောက်ရတယ်။ အဲလိုပုံစံနဲ့နေ့ချင်းပြန်စတင်ကတည်းက ဆေးတံကျွန်း က လူအသိအများဆုံးကျွန်း ဖြစ်ခဲ့ရတာပါ "ဟု ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဦးလွှမ်းမိုးက Travelling သို့ပြောသည်။ ဆေးတံကျွန်း၏ ၂မိုင် အကွာတွင် Snorkelingပြုလုပ်ရန် အလွန်ကောင်းမွန် သည့် ငါးမျိုးစုံမျိုးကွဲများ၊ nemo ငါးများ၊ ဂျယ်လီငါးများနှင့် အခြားသော ရေနေသတ္တဝါမျိုးစုံကိုလည်း တွေ့ရနိုင်ကြောင်း သိရသည်။ အဆိုပါ ဆေးတံကျွန်း ကို CB ဘဏ် အုပ်စုလက်အောက်ရှိ Good Shan Brothers ကုမ္ပဏီမှဟိုတယ် စီမံကိန်း ကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။ News Saytan Island Photo-UHlwanMoe
Contine Reading
By - Admin / 13-02-2024
ဂျပန်အငွေ့အသက်များဖြင့် ခြုံလွှမ်းထားသည့် ဂျပန်ရိုးရာ စတိုင် ရိုက်ကူးနိုင်မည့် Recreation Center ကို ပြင်ဦးလွင်တွင် ပထမဆုံး ဖွင့်လှစ်မည်

ဂျပန်အငွေ့အသက်များဖြင့် ခြုံလွှမ်းထားသည့် ဂျပန်ရိုးရာ စတိုင် ရိုက်ကူးနိုင်မည့် Recreation Center ကို ပြင်ဦးလွင်တွင် ပထမဆုံး ဖွင့်လှစ်မည်

Travelling journal ပန်းမြို့တော်ဟု တင်စားခေါ်ဝေါ်ကြသည့် ပြင်ဦးလွင်မြို့တွင် ဂျပန်ရိုးရာစတိုင် ဂျပန်အငွေ့အသက်များဖြင့် ခြုံလွှမ်းထားသည့် Japanese Style Recreation Center ကို ပထမဆုံး ဖွင့်လှစ်သွားမည်​ ​ ဖြစ်ကြောင်း သိရသည်။ ဂျပန်ရိုးရာ စတိုင် ရိုက်ကူးနိုင်မည့် Japanese Style Recreation Center ၏ Soft Opening ဖွင့်ပွဲကို လာမည့်ဖေဖော်ဝါရီ ၉ ရက်တွင် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။ Japanese Style Recreation Center သို့ဝင်ကြေးအနေဖြင့် တစ်ဦးလျှင် ကျပ် ၅၀၀၀ သတ်မှတ်ထားပြီး ငါးနှစ်အောက် ကလေးများကို ဝင်ကြေးအခမဲ့သတ်မှတ်ထားကာ Prewedding Camera ရိုက် ကူးမည်ဆိုပါက တစ်နာရီကို ကျပ်(၅)သိန်း၊ ကင်မရာ တစ်လုံးလျှင် ကျပ်ငါးသောင်းပေးဆောင်ရမည်ဖြစ်ကြောင်း Japanese Style Recreation Center ၏ ဖေ့ဘုတ် စာမျက်နှာ တွင် ဖော်ပြထားသည်။ Japanese Style Recreation Center ကို ပြင်ဦးလွင် မြို့ နှင့် ၁၀ မိုင်ကျော် ကွာဝေးသည့် ပိတ်ချင်းမြောင် လမ်းမကြီးဘေးတွင် အကောင်အထည်ဖော်ဆောင်ရွက်နေပြီး လက်ရှိတွင် အဆိုပါစင်တာကို အလည်အပတ်နှင့် ဓာတ်ပုံံရိုက်သီးသန့်ကိုသာဝန်ဆောင်မှု ပေးထားပြီး ညအိပ် တည်းခိုခွင့်ကို ခွင့်မပြုထားသေးကြောင်း သိရသည် ။ "ကျွန်မတို့မြို့မှာ အခုလို လည်စရာပတ်စရာနေရာတစ်ခုကို ဖန်တီးပေးလာတော့ အရမ်းဝမ်းသာပါတယ်။ စိတ် ကူးလည်းကောင်းတယ်။ ဂျပန်ကနေပြန်လာပြီး သူငယ်ချင်းတွေစုပြီး အခုလိုမျိုး အကောင်အထည်ဖော်ဖြစ်သွားတာလို့သိရပါတယ်။ချယ်ရီပင်ကိုတောင် နိုင်ငံခြားကနေ သိန်းတစ်ထောင်ကျော်ဖိုးမှာပြီး စိုက်ပျိုးထားတယ်လို့Japanese Style Recreation Center ကိုအကောင်အထည်ဖော်သည့် ဒေသခံများနှင့်နီးစပ်သည့် ပြင်ဦးလွင် ဒေသခံ လုပ်ငန်း ရှင်တစ်ဦးက Travelling သို့ ပြောသည်။ အဆိုပါ Centerကို ဂျပန်ပြည်သို့ ရောက်ရှိသွားသည့် ခံစားမှုမျိုးဖြစ်အောင် ဖန်တီးဆောင်ရွက်ထားကြောင်းသိရသည်။ "ကျွန်တော်ကတော့ ဒီလ၂ ရက်နေ့က သွားလည်ဖြစ်ခဲ့တာပါ။ ဖွင့်ပွဲကတော့ ၉ ရက်နေ့မှလို့ပြောပါတယ်။ ဓာတ်ပုံ ရိုက်ကူးဖို့လုပ်ပေးထားတဲ့နေရာ လေးတွေလုပ်ထားတာတော့ကောင်းပါတယ်။ မြန်မြန်လည်ပတ်ခဲ့ရတော့ သိပ်မပြောတတ်ဘူးဗျှ "လို့ မန္တလေး ဒေသခံ ဦးပြည့်ဖြိုးကျော်က Travelling သို့ပြောသည်။ ပြင်ဦးလွင်မြို့သည် ကြည့်စရာ၊ လေ့လာစရာ၊ လည်ပတ်စရာနေရာတွေများပြားလှသည့် Destination ဒေသတစ်ခုဖြစ်ပြီး ထင်ရှားသည့် နေရာများမှာ အမျိုးသား ကန်တော်ကြီး ဥယျာဥ်၊ ဘုရင်ခံအိမ် (ခေါ်) Governors House ၊ ဓါတ်တော်ချိုင့်ရေတံခွန်၊ Fame Organic Project ၊ ပိတ်ချင်းမြောင်၊ ဒီဇင်ဘာခြံ ၊ ဘန့်ဘွေးကျင်းရေတံခွန် ၊ ဒိုင်နိုဆောဥယျာဥ် ၊ ပွဲကောက်ရေတံခွန် တို့ကို ပြည်တွင်း ခရီးသွား ဧည့်သည် များ အများဆုံး သွားရောက်လည်ပတ် ကြကြောင်းသိရသည်။ Travelling journal News ပုံ-စာ ပြင်ဦးလွင် မြို့က Japanese Style Recreation Center ကို ဖေဖော်ဝါရီ ၂ ရက်နေ့က သွားရောက်လည်ပတ် ခဲ့သည့် မြင်ကွင်းကို တွေ့ရစဥ်။ဓာတ်ပုံ ကိုပြည့်ဖြိုးကျော်
Contine Reading
By - Admin / 06-02-2024