Travelling Journal
ရှမ်းပြည်နယ် မြောက်ပိုင်း ၊ နောင်ချိုမြို့၊ နောင်ချိုကြီး ကျေးရွာ တွင် တိမ်ပင်လယ် စခန်းသစ် နှစ်ခု ကို မကြာခင် ဖွင့်လှစ်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း Cloudy Villa မှ တာဝန်ရှိသူ ဒေါ် ယုနန္ဒာမှိုင်း က Travelling သို့ ပြောသည်။
မကြာခင် ဖွင့်လှစ် မည့် တိမ်ပင်လယ်စခန်းသစ် နှစ်ခုမှာ Win Villa နှင့် Naykyar Villa တို့ဖြစ်ကြောင်း သိရသည်။
” Cloudy Villa ကတော့ အောက်တိုဘာ (၈) ရက် ကနေစပြီး ဖွင့်လှစ် ခဲ့တာပါ။ ဒီနှစ် ခုကိုတော့ နိုဝင်ဘာလပိုင်း အမှီ ဖွင့်လှစ် ဖို့ ပြင်ဆင်နေပါပြီ”ဟု Cloudy Villa မှ တာဝန်ရှိသူ ဒေါ် ယုနန္ဒာမှိုင်း က Travelling သို့ ပြောသည်။
လက်ရှိဖွင့်လှစ်ထားသည့် Cloudy Villa တွင် ရွက်ဖျင်တဲ အလုံး (၂၀)နှင့် ဘန်ဂလို လုံးချင်းအိမ် (၁၀) လုံး ဖွင့်လှစ်ထားပြီး နှစ်ယောက်အိပ် Tent ငှားရမ်းမည်ဆိုပါက ကျပ် သုံးသောင်း ကျသင့်မည်ဖြစ်ကာ လေးယောက်အိပ် Tent ငှားရမ်းမည်ဆိုပါက ကျပ် ငါးသောင်း ကျသင့်မည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လေးယောက် တည်းခိုနိုင်သည့် ဘန်ဂလို ငှားရမ်းခမှာ တစ်ညလျှင် ကျပ် ခုနှစ်သောင်း ဖြစ်ပြီး ၊ ခြောက်ယောက်တည်းခိုနိုင်သည့် ဘန်ဂလို စျေးနှုန်း မှာ ကျပ် တစ်သိန်းသုံးသောင်း ဖြစ်ကာ ရေချိုးခန်း၊ အိမ်သာ တွဲလျက် ပါရှိကြောင်း သိရသည်။
” လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက ကျွန်တော် သွားလည်ခဲ့သေးတယ်။အခုလောက် သိပ်မလှဘူး။ အခုကတော့ ကြည့်လို့ကောင်းသွားပါတယ် “ဟု ပြီးခဲ့တဲ့ ရက်ပိုင်းက သွားရောက်လည်ပတ်ခဲ့သည့် ဧည့်သည် တစ်ဦးက သူ၏ အမြင်ကို Travelling သို့ ပြောသည်။
လက်ရှိတွင် နောင်ချိုကြီး ကျေးရွာ တွင် တိမ်ပင်လယ် ကြည့်လို့ရသည့် တိမ်ပင်လယ်စခန်းများမှာ တိမ်ပင်လယ် ဦးထွန်းရွှေ ၊ စော်ဘွားတောင် ၊ သတ္တမမြောက် ကောင်းကင်ဘုံ ၊ Cherry Hill Resort ၊ Sky Resort ၊ Cotton Hill ၊ ထင်ရှားမောင် တိမ်ပင်လယ် စခန်း စသည့် တိမ်ပင်လယ်စခန်း (၁၀) ခုခန့် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
နောင်ချိုမြို့ပေါ်မှ တိမ်ပင်လယ် အလှကိုအကောင်းဆုံး ကြည့်ရှုနိုင်သည့် ကာလမှာနိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလ စသည့်ဆောင်းရာသီတွင်သာ တိမ်ပင်လယ်ကို မြင်တွေ့နိုင်ပြီး တိမ်ပင်လယ်ကို မနက် ၅ နာရီကျော်မှစတင် ပြီး ၉ နာရီလောက်အထိ တိမ်ပင်လယ်အလှကို တွေ့မြင်နိုင်ကြောင်း သိရသည်။