#TravellingJournal
ခရီးသွားမြို့တော်ဖြစ်သည့် ကလောမြို့သည် တောင်ကျချောင်းရေများစွာစီးဆင်းလာခြင်း
ကြောင့် ရေကြီးရေလျှံခြင်းနှင့်အတူ မြေပြိုမှုများဖြစ်ပွားခဲ့သဖြင့် လက်ရှိတွင် ကယ်ဆယ်ရေးစခန်းများ၌ ဒေသခံလူဦးရေ( ၇၀၀၀) ကျော်အတွက် အစားအစာနှင့်သောက်ရေများလိုအပ်နေ ကြောင်း ကလောအခြေစိုက် မြယာပင်ဟိုတယ်ပိုင်ရှင် ဦးသောင်းစိန် က Travelling သို့ ပြောသည်။
လက်ရှိတွင် ဟိုတယ်၌လူဦးရေ (၅၀၀ )ဦးစာကို ချက်ပြုတ်ပြီး လှူဒါန်းပေးနေကြောင်း သိရသည်။
” ကလောရေကြီးမှုအခြေအနေကတော့ မတွေးဝံ့စရာပါပဲ ၊အသေအပျောက်ကလဲများပါတယ် ။ကယ်ဆယ်ရေစခန်းမှာ အစာရေစာနည်းပါးနေပါတယ်။ ဟိုတယ်ကနေ နေ့စဥ်ထမင်းဘူး၊
ရေသန့်ဗူး (၁၀၀ )ပို့နေပါတယ်။ လှူချင်တဲ့လူ တွေရှိရင်အသား၊ကြက်ဥကြော်၊ရေသန့်တဗူးနဲ့တစ်ရက်ကို ကျပ်တစ်သိန်းလောက်ကျပါမယ်။ဒုက္ခရောက်နေတဲ့ လူတွေဆီကို အရောက်သွားပြီး ဝန်ထမ်းတွေချက်ပြုတ်ပြီး လုပ်အားဒါနပြုနေပါတယ်။ လှူချင်တဲ့သူတွေ လှူလို့ရပါတယ် “ဟု မြယာပင် ဟိုတယ်ပိုင်ရှင်က သူ၏ လူမှုစာမျက်နှာမှာရေးသားဖော်ပြထားသည်။
စက်တင်ဘာ (၁၂) ကတည်းတောင်ကျချောင်းရေများစွာ တက်လာခြင်းကြောင့် သေဆုံးမှုများရှိခဲ့ပြီး လက်ရှိတွင် ကလောမြို့၌ ကယ်ဆယ်ရေစခန်း ငါးခု ဖွင့်လှစ်ထားရှိပြီး ဘုန်းကြီးကျောင်းများ၌ နေထိုင်လျက်ရှိနေကြောင်း သိရသည်။
“အခုလက်ရှိက ဘာဖြစ်နေလဲဆိုတော့ ပရဟိသမားတွေရဲ့အိမ်တွေပါ ပါသွားကြတာ။ နံပတ် ၁ ရေသန့်မရှိဘူး။ အခုလောလောဆယ်တော့ KBZ ကရေသန့်ကားတွေနဲ့လာချပေးတယ်။ မီးမရတာကငါးရက်ရှိပြီ။ ဒါကြောင့်ဖယောင်းတိုင်တွေ ဝယ်သွားမယ်။ ရှေ့တပတ်ထဲသွားမယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့ ၄၆ သိန်းလှူဒါန်းထားပေးထားတယ်။ တစ်ပတ်စာ လောက် အစားအသောက် ကျွေးမွေးဖို့အတွက် အရင်ဆုံးလှူဒါန်းထားပါတယ်။ ဆေးဝါး တွေ နဲ့အစားအသောက်တွေသယ်သွားပါမယ်။ မြေပြင်ရောက်ရင်တော့ပိုပြီးသေချာသိရပါမယ် “ဟု Kleemann Elevator & Escalator Myanmar မှ ကိုကြီးနိုင်က Travelling သို့ ပြောသည်။
လက်ရှိတွင် မြယာပင်ဟိုတယ်နှင့်ပူးပေါင်းပြီး လူဦးရေ ၁၀၀၀ စာ အတွက် လှူဒါန်းထားရှိထားကြောင်းသိရသည်။
“မမ တို့ ၉ ရပ်ကွက်ကတော့ ဘာမှမဖြစ်ခဲ့ပါဘူး။ လိုအပ်တဲ့နေရာတွေလိုက်ကြည့်ပြီး လှူနေပါတယ်။စာရင်းတွေလိုက်ကောက်နေပါတယ် “ဟု ကလောမြို့၉ ရပ်ကွက် နေ ထိုင်သူ တစ်ဦးက Travelling သို့ပြောသည်။
ရေကြီးပြီးမြေပြိုသည့် ဒဏ်ကို ရပ်ကွက် (၂)၊ (၃)နှင့် (၄) ရပ်ကွက် တို့က ဆိုးဆိုးဝါးဝါး ခံစားခဲ့ရပြီး လက်ရှိ တွင် ကလောမြို့ပေါ် ၌ရေပြန်ကျသွားပြီးမြို့ပေါ်လမ်းများကို ရှင်းလင်းခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။