ကျိုင်းတုံမြို့၏ ဒုတိယမြောက် CBT အဖြစ် ”ဝ” တိုင်းရင်းသားတို့၏ ပင်းဆိုင်းကျေးရွာကို ဖော်ဆောင်မည်

Travelling Journal ရှမ်းပြည်နယ် အရှေ့ပိုင်းမြို့တော်ဖြစ်သည့် ကျိုင်းတုံမြို့၏ ဒုတိယမြောက် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (CBT) ကျေးရွာကို ”ဝ” တိုင်းရင်းသားတို့၏ ပင်းဆိုင်း ကျေးရွာက ...
Travelling Journal

ရှမ်းပြည်နယ် အရှေ့ပိုင်းမြို့တော်ဖြစ်သည့် ကျိုင်းတုံမြို့၏ ဒုတိယမြောက် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (CBT) ကျေးရွာကို ”ဝ” တိုင်းရင်းသားတို့၏ ပင်းဆိုင်း ကျေးရွာကို ဖော်ဆောင်ရန် စီစဥ်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန( ကျိုင်းတုံ)မှ တာဝန်ရှိသူ တစ်ဦးက Travelling သို့ ပြောသည်။

အဆိုပါ CBT ကျေးရွာကို ရှမ်းပြည်နယ် အစိုးရ၏ ဘတ်ဂျက်ဖြင့် ဖော်ဆောင်ပြီး ကျေးရွာမြေနေရာကိုသာ ရွေးချယ်ပေးရကြောင်း ပင်းဆိုင်းကျေးရွာဥက္ကဋ္ဌ ဦးညီနပ် က Travelling သို့ ပြောသည်။

” ရွာမြေကို ၂ ဧက ကျော် ပေးထားတယ်။ရွာမြေပေါ်မှာ ဧည့်သည်တွေ နားခိုနိုင်ဖို့ ရှမ်းအစိုးရ ရဲ့ဘတ်ဂျက်နဲ့ အဆောက်အအုံကို ဆောက်ပေးပါတယ်။ ကျွန်တော်တို့ ရွာလေးက ရှုခင်းလှတယ်။ အိမ်ခြေ ၈၀ ကျော် ရှိပါတယ် ။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ပါတယ်။ အာခါ တိုင်းရင်းသား အနည်းငယ် နေထိုင်ပါတယ် “ဟု ကျေးရွာ ဥက္ကဋ္ဌ ဦးညီနပ်က Travelling သို့ ပြောသည်။

လက်ရှိတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာပေးသင်တန်းများကို ပင်းဆိုင်းကျေးရွာတွင် ဖွင့်လှစ်ပြီးဖြစ်ကြောင်း ဒေသခံ ဝ တိုင်းရင်းသား ကိုမျိုးအောင်က Travelling သို့ ပြောသည်။

လက်ရှိတွင် အ​ဆောက်အအုံတည်ဆောက်မှုမှာ ၉၀ ရာခိုင်နှုန်းနီးပါး ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့၏ ပထမဆုံး CBT ကျေးရွာကို အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိသည့် ဟိုကျင်းဒေသ၏ ဟိုကျင်းရွာ ၁၊ ၂ ၊ ၃ ၊ ၄ ရွာကို ပေါင်းထားပြီး ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း CBT ကျေးရွာကို ဖော်ဆောင် ထားပြီးဖြစ်ကြောင်း သိရသည်။

Photo Ko Myo Aung