Travelling Journal
ကိုဗစ်ကပ်ရောဂါကြောင့် ရပ်နားခဲ့ရသည့် တရုတ်နိုင်ငံမန်စီမြို့နှင့် မန္တလေးမြို့ကို တိုက်ရိုက်ပျံသန်းပြေးဆွဲသည့် Ruili Airlines ကို ပြန်လည်စတင်ပြေးဆွဲပေးသည့်နေ့တွင် ခရီးသည် ၂၈ ဦးလိုက်ပါလာခဲ့ကြောင်းသိရသည်။
၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၂၁ ရက်တွင် နိုင်ငံ တကာလေကြောင်း လိုင်းတစ်ခုဖြစ်သည့် Ruili Airlines ကို စတင်ပျံသန်းပြေးဆွဲခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန (မန္တလေးဟိုတယ်/ခရီးတာဝန်ခံ)က Travelling သို့ ပြောသည်။
ပြန်လည်စတင်ပြေးဆွဲသည့်အထိမ်းအမှတ်အနေဖြင့် ဟိုတယ်/ခရီးဝန်ကြီးဌာနမှ ခရီးသွား ဧည့်သည် များကို ကြိုဆိုခဲ့ကြကြောင်းသိရသည်။
“ဇန်နဝါရီ ၂၁ ရက် ညနေ ၄နာရီ ၅၀ လောက်မှာ ဆိုက်ပါတယ်။ တရုတ်ခရီးသည် ၂၆ ဦးနဲ့ မြန်မာ နှစ်ဦး ပါလာတယ်။ အဲဒီနေ့ ညနေ ၅ နာရီ ၄၀ မှာပဲ လေယာဥ် ပြန်ထွက်သွားပါတယ်။ တရုတ် ခရီးသည် ၂၅ ဦးနဲ့ မြန်မာခရီးသည် ခြောက်ဦး ပြန်လည်လိုက်ပါသွားပါတယ်”ဟု ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန (မန္တလေးဟိုတယ်/ခရီးတာဝန်ခံ) က Travelling သို့ ပြောသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီ လကုန်ပိုင်းက စတင်ပြေးဆွဲခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ယာယီရပ်နားထားခဲ့ပြီး လက်ရှိတွင် Ruili Airlines မှ မန်စီ-မန္တလေး ပုံမှန်ခရီးစဉ်များကို တစ်ပတ်လျှင် သုံးရက် ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့်စနေနေ့ကို ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်းသိရသည်။
” အခုလိုတိုက်ရိုက်ပျံသန်းပြေးဆွဲပေးတာတော့ခရီးသွားအတွက် ကောင်းပါတယ်။ ပြည်ဝင်ခွင့်ဗီဇာကို နယ်စပ်ဖြတ်ကျော်နဲ့ပေးမလား ။ ပတ်စပို့ အနီနဲ့ပေးမှာလားကလည်း စကားပြောပါတယ်။အရင်က နယ်စပ်ဖြတ်ကျော်ခွင့်နဲ့ မန်စီကိုလည်လို့ရပါတယ်။ တရုတ်ပြည်ရွှေလီကနေ မန်စီကို သုံးနာရီလောက်ကားစီးလိုက်ရင် ရောက်ပါတယ်။ မြန်မာအများစုက Shopping အတွက်ပဲ။ လေကြောင်းလိုင်းကလည်း စျေးသက်သက်သာသာနဲ့ ပြေးဆွဲမယ်ဆိုရင် ခရီးစဥ် အသစ်အနေနဲ့ သွားရောက်လည်ပတ်မယ့်ခရီးသွားတွေများမယ်လို့ ထင်ပါတယ်”ဟု ပြည်တွင်း ခရီးသွား ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦး က သူ၏ အမြင်ကို Travelling သို့ ပြောသည်။