#TravellingJournal
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့၊ ဟိုပုံးမြို့နှင့် ဆီဆိုင်မြို့အကြား ပုန်းအင်းဒေသရှိ ရွာပေါင်း(၂၅) ရွာကျော် ရေနစ်မြုပ်ခဲ့သဖြင့် အိမ်ထောင်စုပေါင်း(၁၄၂၆) အတွက် သိန်း(၁၁၀၀) တန်ဖိုးရှိ အစားအသောက် များကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ပအိုဝ်းဒေသ သဘာဝဘေးနှင့်လူမှုကူညီရေးအသင်း(ဗဟို) တောင်ကြီးမြို့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးခွန်ထွန်းဦးက Travelling သို့ ပြောသည်။
ရေနစ်မြုပ်ခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း ပုန်းအင်းဒေသရှိ ကျေးရွာပေါင်း(၂၅) ရွာ၊ အိမ်ထောင်စုပေါင်း(၁၄၂၆)အတွက် KBZ Bank ၊ A to Z Group( Lwin Oo Htwe Co.,Ltd) ၊ FVS Group ၊ SSYEA ၊ ရှမ်းတောင်ပရဟိတညီနောင်များကွန်ယက် (SSSPBN ) နှင့် (ပအိုဝ်းဒေသ သဘာဝဘေး နှင့် လူမှုကူညီရေးအသင်း- ဗဟို)တို့ စုပေါင်း၍ ကာလတန်ဖိုး သိန်း (၁၁၀၀ )ဝန်းကျင် ရှိသည့်ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ အစရှိသည့် စားသောက်ကုန်ပစ္စည်းများကို စက်တင်ဘာ(၂၂) ရက်က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ပုန်းအင်းဒေသသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ (တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ် ) အစရှိသည့် မြို့နယ် (၃)ခုဆုံကာ ရှမ်းတိုင်းရင်းသားအများစုနေထိုင်ကြသည့် အရပ်ဒေသတစ်ခုဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးမှာလည်း ခက်ခဲကြောင်း ယခုကဲ့သို့ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းပေးသည့် အလှူရှင်များကိုလည်းကျေးဇူးတင်ရှိကြောင်း ဦးခွန်ထွန်းဦးက Travelling သို့ ပြောသည်။
ရေဘေးသင့်ပြည်သူများ လတ်တလောနေထိုင်ကြသည့် ဆီဆုံကျေးရွာဘုန်းကြီးကျောင်း၊ ကက္ကူဘုန်းကြီးကျောင်းနှင့် ဆိုင်လဲကျေးရွာသို့
သွားရောက်နိုင်ရန်အတွက် ပအိုဝ်းဒေသ သဘာဝဘေးနှင့် လူမှုကူညီရေးအသင်း(ဗဟို) နှင့် ပုန်းအင်းဒေသခံတို့ ပူးပေါင်းပြီး အလှူရှင်များ သွားရောက်လှူဒါန်းနိုင်အောင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ပုန်းအင်းဒေသခံ တစ်ဦးက Travelling သို့ ပြောသည်။
ပုန်းအင်းဒေသသည် ကုန်း(၆)လ ရေ (၆) လနေထိုင်ကြသည့် အေးချမ်းသာယာလှပသည့် ဒေသဖြစ်ပြီး “နောင်မွန်ရှမ်းဆန်” ထွက်ရှိရာဒေသအဖြစ် နာမည်ကျော်ကြားသည့် ဒေသ တစ်ခု ဖြစ်ကြောင်းသိရသည်။