Featured Local News

Popular Local News

All Local News

ခရီးသွားမြို့တော်ဟု တင်စားထားသည့်ကလောမြို့တွင် ရေဘေးကြောင့် အိမ်ခြေ (၄၀၀) ကျော် ပျက်စီး၊ လူ (၁၄) ဦး သေဆုံး

ခရီးသွားမြို့တော်ဟု တင်စားထားသည့်ကလောမြို့တွင် ရေဘေးကြောင့် အိမ်ခြေ (၄၀၀) ကျော် ပျက်စီး၊ လူ (၁၄) ဦး သေဆုံး

#TravellingJournal ခရီးသွားမြို့တော်ဟု တင်စားထားသည့် ကလောမြို့သည် ရေဘေးကြောင့် အိမ်ခြေ (၄၀၀)ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး လူဦးရေ (၁၄) ဦး သေဆုံးခဲ့ကြောင်း ကလောမြို့စည်ပင် သာယာရေးဌာနမှ တာဝန်ရှိသူက Travelling သို့ ပြောသည်။ " လက်ရှိစာရင်းအရဆိုရင် အိမ်အပျက်အစီး(၄၄၀ )ကျော် နဲ့ လူ (၁၄)ဦး သေဆုံးခဲ့ပါတယ်"ဟု ၄င်းက Travelling ကို ဖုန်းမက်ဆေ့ဖြင့် ပြန်လည်ဖြေကြားခဲ့သည်။ လက်ရှိတွင် ကလောမြို့ပေါ် ၌ ရေပြန်ကျသွားပြီးနောက် မြို့ပေါ်လမ်းများကို သန့်ရှင်းရေး များဆောင်ရွက်ခြင်းနှင့် ရေပေးဝေရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်နေကြောင်း ကလောမြို့စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူက Travelling သို့ ပြောသည်။ " စည်ပင်ဌာနကတော့ မြို့သန်းရှင်းရေးနဲ့ ရေပေးဝေရေးလုပ်ငန်းတွေကို အဓိကထား လုပ်ဆောင်နေပါတယ်။ လုပ်နေတုံးပါပဲ။ အမြန်ဆုံးဆောင်ရွက်လျက်ရှိနေပါတယ်။ ခန့်မှန်းအားဖြင့် တစ်လခန့်ကြာမြှင့်ပါမယ် "ဟု ၄င်းက ပြောသည်။ လက်ရှိတွင် ကလောမြို့၌ ကယ်ဆယ်ရေးစခန်း(၇) ခု ဖွင့်လှစ်ထားပြီး မြို့မဘုန်းကြီးကျောင်း၌ ကယ်ဆယ် ကွပ်ကဲရေးရုံးကို ဖွင့်လှစ်ထားကြောင်း အလှူရှင်များအနေဖြင့် မြို့မဘုန်းကြီးကျောင်းသို့ လှူဒါန်းပေးနိုင်ကြောင်း သိရသည်။ ကလောရေဘေးကြောင့် ရေဘေးရှောင် ဒေသခံလူဦးရေ ခန့်မှန်း ၂၀၀၀ ဝန်းကျင်ရှိပြီး သေဆုံးသူ ဦးရေမှာ (၁၄) ဦး ရှိကြောင်း စည်ပင်သာယာရေးဌာန ၏ လက်ရှိ စာရင်းအရ သိရသည်။ Photo July Angel ပုံ-စာ စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်နေ့က မြင်တွေ့ရသည့် ကလော မြို့ပေါ် မြင်ကွင်းကို တွေ့ရစဥ်။
Contine Reading
By - Admin / 15-09-2024
မြန်မာ့ခရီးသွားဘဏ် မှ နေပြည်တော်ပတ်ဝန်းကျင်ရှိရေဘေးရှောင် ပြည်သူ (၁၀၀၀၀)ကျော်ကို စားစရာများ လှူဒါန်း

မြန်မာ့ခရီးသွားဘဏ် မှ နေပြည်တော်ပတ်ဝန်းကျင်ရှိရေဘေးရှောင် ပြည်သူ (၁၀၀၀၀)ကျော်ကို စားစရာများ လှူဒါန်း

#TravellingJournal မြန်မာ့ခရီးသွားဘဏ်မှ နေပြည်တော် ပတ်ဝန်း ကျင်ရှိ ရေဘေးရှောင် ပြည်သူ (၁၀၀၀၀)ကျော်ကို စားစရာများ လှူဒါန်းခဲ့ကြောင်း သိရသည်။ ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်ရှိ မြန်မာ့ခရီးသွားဘဏ် - MTB Bank ၏ ရုံးချုပ်၊ ဘဏ်ခွဲနှင့် ဌာနအသီးသီးမှ Volunteer ဝန်ထမ်း (၃၆) ဦးပါဝင်သော စေတနာ့ဝန်ထမ်းအဖွဲ့များမှ စက်တင်ဘာလ (၁၄)ရက် နံနက်ပိုင်းမှ ရန်ကုန်မြို့မှ နေပြည်တော်သို့ သွားရောက်ပြီး လှူဒါန်းခဲ့ကြောင်း သိရသည်။ မြန်မာ့ခရီးသွားဘဏ်မိသားစုမှ စုပေါင်း လှူဒါန်းသည့် ငွေကျပ် (၂၀၀ ) သိန်းကျော်တန်ဖိုးရှိ အစားအသောက်၊ ဆေးဝါး နှင့် အသုံးအဆောင်ပစ္စည်းများအား ရေဘေးသင့်ပြည်သူများအတွက်နေပြည်တော်ပတ်ဝန်းကျင်ရှိ ရေ​ဘေးရှောင်ကြသည့် တပ်ကုန်း အထက် ၁ မှ လူ ဦး ရေ (၄၀၀၀) ကျော် ၊ လှေကွင်တောင်ခြေဘက်မှ လူ (၅၀၀၀) ကျော်နှင့် သာသနာ့ဗိမာန် မှ လူ ဦးရေ (၂၆၀၀) ကျော်အတွက် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။ Donation Photo MTB Bank ပုံ-စာ စက်တင်ဘာ ၁၅ ရက်က နေပြည်တော် တစ်ဝိုက်ရှိ ရေဘေးရှောင်ပြည်သူများကို မြန်မာ့ခရီးသွားဘဏ် မှ သွားရောက်လှူဒါန်းနေသည့်မြင်ကွင်းကိုတွေ့ရစဥ်။
Contine Reading
By - Admin / 15-09-2024
JJ Express မှ ‌ရေဘေးအလှူအဖြစ် ထမင်းဘူး (၅၀၀၀) လှူဒါန်းမည်

JJ Express မှ ‌ရေဘေးအလှူအဖြစ် ထမင်းဘူး (၅၀၀၀) လှူဒါန်းမည်

#TravellingJournal ပြည်တွင်းယာဥ်လိုင်းတစ်ခုဖြစ်သည့် JJ Express မှ ‌ရေဘေးအလှူအဖြစ် ထမင်းဘူး (၅၀၀၀) ကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ၄င်း၏ ဖေ့ဘုတ်စ်စာမျက်နှာတွင် ယနေ့ ညနေ ပိုင်းက ရေးသားဖော်ပြထားကြောင်းသိရသည်။ "ပရဟိတအသင်းနာမည်၊ လိပ်စာ၊ ဥက္ကဋ္ဌနံမည် ၊ဆက်သွယ် ရမယ့်ဖုံးနံပတ်၊ လှူမယ့်နေရာ၊ လှူမယ့်လူဦးရေ ၊ ကူညီ ပေးမယ့်ဒေသနဲ့ ဘယ်လိုသွားရောက်ကူညီပေးမလဲဆိုတာ​လေးကို ပြောပြပေးရင်ရပါပြီ" လို့ JJ Express မှ တာဝန်ရှိသူတစ်ဦးက Travelling သို့ပြောသည်။ လက်ရှိတွင် ပရဟိတအသင်းများမှ ဆက်သွယ်လာခြင်းမရှိသေးကြောင်း ရေဘေးသင့် ပြည်သူများကို ကူညီပေးနေသော ပရဟိတအဖွဲ့များ မှ JJ Express ဖုံးနံပတ် - 09 772 82 3000 သို့ ဆက်သွယ်ပြီး ထမင်း ဗူးများကို ရယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ JJ Express Donation
Contine Reading
By - Admin / 14-09-2024
ကလောရေဘေးကြောင့် ကယ်ဆယ်ရေးစခန်းများတွင် လူဦး ရေ(၇၀၀၀ )ကျော် အစားအစာနှင့်သောက်ရေများ လိုအပ်နေ

ကလောရေဘေးကြောင့် ကယ်ဆယ်ရေးစခန်းများတွင် လူဦး ရေ(၇၀၀၀ )ကျော် အစားအစာနှင့်သောက်ရေများ လိုအပ်နေ

#TravellingJournal ခရီးသွားမြို့တော်ဖြစ်သည့် ကလောမြို့သည် တောင်ကျချောင်းရေများစွာစီးဆင်းလာခြင်းကြောင့် ရေကြီးရေလျှံခြင်းနှင့်အတူ မြေပြိုမှုများဖြစ်ပွားခဲ့သဖြင့် လက်ရှိတွင် ကယ်ဆယ်ရေးစခန်းများ၌ ဒေသခံလူဦးရေ( ၇၀၀၀) ကျော်အတွက် အစားအစာနှင့်သောက်ရေများလိုအပ်နေ ကြောင်း ကလောအခြေစိုက် မြယာပင်ဟိုတယ်ပိုင်ရှင် ဦးသောင်းစိန် က Travelling သို့ ပြောသည်။ လက်ရှိတွင် ဟိုတယ်၌လူဦးရေ (၅၀၀ )ဦးစာကို ချက်ပြုတ်ပြီး လှူဒါန်းပေးနေကြောင်း သိရသည်။ " ကလောရေကြီးမှုအခြေအနေကတော့ မတွေးဝံ့စရာပါပဲ ၊အသေအပျောက်ကလဲများပါတယ် ။ကယ်ဆယ်ရေစခန်းမှာ အစာရေစာနည်းပါးနေပါတယ်။ ဟိုတယ်ကနေ နေ့စဥ်ထမင်းဘူး၊ရေသန့်ဗူး (၁၀၀ )ပို့နေပါတယ်။ လှူချင်တဲ့လူ တွေရှိရင်အသား၊ကြက်ဥကြော်၊ရေသန့်တဗူးနဲ့တစ်ရက်ကို ကျပ်တစ်သိန်းလောက်ကျပါမယ်။ဒုက္ခရောက်နေတဲ့ လူတွေဆီကို အရောက်သွားပြီး ဝန်ထမ်းတွေချက်ပြုတ်ပြီး လုပ်အားဒါနပြုနေပါတယ်။ လှူချင်တဲ့သူတွေ လှူလို့ရပါတယ် "ဟု မြယာပင် ဟိုတယ်ပိုင်ရှင်က သူ၏ လူမှုစာမျက်နှာမှာရေးသားဖော်ပြထားသည်။ စက်တင်ဘာ (၁၂) ကတည်းတောင်ကျချောင်းရေများစွာ တက်လာခြင်းကြောင့် သေဆုံးမှုများရှိခဲ့ပြီး လက်ရှိတွင် ကလောမြို့၌ ကယ်ဆယ်ရေစခန်း ငါးခု ဖွင့်လှစ်ထားရှိပြီး ဘုန်းကြီးကျောင်းများ၌ နေထိုင်လျက်ရှိနေကြောင်း သိရသည်။ "အခုလက်ရှိက ဘာဖြစ်နေလဲဆိုတော့ ပရဟိသမားတွေရဲ့အိမ်တွေပါ ပါသွားကြတာ။ နံပတ် ၁ ရေသန့်မရှိဘူး။ အခုလောလောဆယ်တော့ KBZ ကရေသန့်ကားတွေနဲ့လာချပေးတယ်။ မီးမရတာကငါးရက်ရှိပြီ။ ဒါကြောင့်ဖယောင်းတိုင်တွေ ဝယ်သွားမယ်။ ရှေ့တပတ်ထဲသွားမယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့ ၄၆ သိန်းလှူဒါန်းထားပေးထားတယ်။ တစ်ပတ်စာ လောက် အစားအသောက် ကျွေးမွေးဖို့အတွက် အရင်ဆုံးလှူဒါန်းထားပါတယ်။ ဆေးဝါး တွေ နဲ့အစားအသောက်တွေသယ်သွားပါမယ်။ မြေပြင်ရောက်ရင်တော့ပိုပြီးသေချာသိရပါမယ် "ဟု Kleemann Elevator & Escalator Myanmar မှ ကိုကြီးနိုင်က Travelling သို့ ပြောသည်။ လက်ရှိတွင် မြယာပင်ဟိုတယ်နှင့်ပူးပေါင်းပြီး လူဦးရေ ၁၀၀၀ စာ အတွက် လှူဒါန်းထားရှိထားကြောင်းသိရသည်။ "မမ တို့ ၉ ရပ်ကွက်ကတော့ ဘာမှမဖြစ်ခဲ့ပါဘူး။ လိုအပ်တဲ့နေရာတွေလိုက်ကြည့်ပြီး လှူနေပါတယ်။စာရင်းတွေလိုက်ကောက်နေပါတယ် "ဟု ကလောမြို့၉ ရပ်ကွက် နေ ထိုင်သူ တစ်ဦး​က Travelling သို့ပြောသည်။ ရေကြီးပြီးမြေပြိုသည့် ဒဏ်ကို ရပ်ကွက် (၂)၊ (၃)နှင့် (၄) ရပ်ကွက် တို့က ဆိုးဆိုးဝါးဝါး ခံစားခဲ့ရပြီး လက်ရှိ တွင် ကလောမြို့ပေါ် ၌ရေပြန်ကျသွားပြီးမြို့ပေါ်လမ်းများကို ရှင်းလင်းခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။ Photo Kalaw travelling စက်တင်ဘာ (၁၁)ရက်က ကလောရေကြီးနေသည့်မြင်ကွင်းတစ်ချို့ကိုတွေ့ရစဥ်။
Contine Reading
By - Admin / 14-09-2024
မြန်မာ့ခရီးသွားဘဏ် မှ နေပြည်တော်ပတ်ဝန်းကျင်ရှိ ရေဘေးသင့်ရွာများသို့ ကျပ်သိန်း(၁၀၀)ကာလ တန်ဖိုးရှိ စားစရာများ လှူဒါန်းမည်

မြန်မာ့ခရီးသွားဘဏ် မှ နေပြည်တော်ပတ်ဝန်းကျင်ရှိ ရေဘေးသင့်ရွာများသို့ ကျပ်သိန်း(၁၀၀)ကာလ တန်ဖိုးရှိ စားစရာများ လှူဒါန်းမည်

#TravellingJournal မြန်မာ့ခရီးသွားဘဏ်မှ နေပြည်တော် ပတ်ဝန်းကျင်ရှိ ရေဘေးသင့်ရွာများသို့ ကျပ်သိန်း(၁၀၀) ကာလတန်ဖိုးရှိ စားစရာများ လှူဒါန်းသွားမည်ဖြစ်ကြောင်း မြန်မာ့ခရီးသွားဘဏ် (Myanma Tourism Bank) မှ Executive Director ဖြစ်သူ ဒေါ်သိင်္ဂီလင်းက Travelling သို့ ပြောသည်။ "MTB က အမြန်ဆုံးသွားလှူဖို့ ဒီနေ့ စတင်ပြင်ဆင်နေပါတယ်။ကိုယ့် Team နဲ့ အမြန်ဆုံး ရမည်းသင်း၊ တပ်ကုန်းနေရာတွေ အဆိုးဆုံးဖြစ်မဲ့နေရာတွေကို စားစရာတွေလှူဖို့ ပြင်ဆင်နေပါတယ်။ အဝတ်အထည်တွေလည်း ပါပါမယ်။ဒီနေ့တော့ သိန်း ၁၀၀ ဖိုး စတင်ရည်ရွယ်ထားပါတယ်"ဟု ဒေါ်သိင်္ဂီလင်းက Travelling သို့ ပြောသည်။ နေပြည်တော်ပတ်ဝန်းကျင်တွင် ရွာကြီးရွာငယ်ပေါင်း(၈)ရွာ ဝန်းကျင်ရှိပြီး အိမ်​ခြေပေါင်း ၂၅၀၀ ဝန်းကျင်ရှိကာ လူဦးရေပေါင်းတစ်သောင်းကျော်၏ နေအိမ်တော်တော်များများ ရေမြုပ်နေသဖြင့် စားသောက်ရန် အခက်အခဲဖြစ်နေသောကြောင့် အစားအသောက်များ လှူဒါန်းနိုင်ရန် သဗ္ဗသုခနာရေးကူညီမှုအသင်း မှ တာဝန်ခံတစ်ဦးဖြစ်သူ ဒေါ်ညိုက Travelling သို့ ပြောသည်။ ထို့ပြင်တပ်ကုန်းမြို့နယ်၊မန်ကျည်းပင်၊မြောက်ရွေးစုရွာ၊ဆင်သေရွာ၊ ဝက်ကုန်းရွာတို့မှာ ရေကြီးမှုဒဏ်အဆိုးဆုံးကို ခံစားရသည့် ကျေးရွာများဖြစ်ကြောင်း ၄င်းက Travelling သို့ ပြောသည်။ "ကျေးရွာတော်တော်များများ ရေကြီးပါတယ်။ ပျဥ်းမနား(သကြားစက်)ဖက်ဆို ရေတော်တော်ကြီးပါတယ်။ တစ်ချို့ရွာတွေက ရေကျသွားပါပြီ။ တစ်ချို့ရွာတွေကတော့ မကျသေးပါဘူး။ ဇီးကုန်းရွာဆို ရေကျသွားပေ မယ့် တင်ကျန်ခဲ့တဲ့နှုန်းတွေက ပေါင်လောက်ထိရှိပါတယ်။ ကျွန်မတို့ ဒီနေ့မှတော့ ထမင်းဗူး( ၇၀၀) နဲ့ ရေသန့်ဗူးတစ်လီတာ ဗူး (၁၀၀၀)ကို သွားရောက်လှူဒါန်းခဲ့ပါတယ် "ဟု သဗ္ဗသုခ နာရေးကူညီမှုအသင်း မှ တာဝန်ခံတစ်ဦးဖြစ်သူ ဒေါ်ညိုက Travelling သို့ပြောသည်။ ထို့ပြင် နေပြည်တော်အခြေစိုက်Jade Garden Hotel( Nay Pyi Taw )မှ စက်တင်ဘာ ၁၂ ရက် တွင် လယ်ဝေးမြို့နယ်၊ကွမ်းခြံကျေးရွာရှိ ရေဘေးသင့် ကျေးရွာသူကျေးရွာသားများ အား ကြာဆံကြော်နှင့်ရေသန့်များကို သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံခရီးသွားအဖွဲ့ချုပ်နှင့် Myanmar Tourism Marketing Association ( MTM) တို့ကလည်း ရေဘေးသင့်ဒေသများကို လှူဒါန်း သွားမည်ဖြစ်ကြောင်းသိရသည်။ Donation Photo သဗ္ဗသုခ နာရေးကူညီမှုအသင်း/JadeGardenhotel ပုံ-စာ စက်တင်ဘာ (၁၁)နှင့် (၁၂) ရက်များတွင်ရေဘေးသင့်ဒေသများနှင့်လှူဒါန်မှုများကိုတွေ့ရစဥ်။
Contine Reading
By - Admin / 12-09-2024
ရန်ကုန်နှင့်ဧရာဝတီက မြို့လေးမြို့သို့ နေ့ချင်းပြန်ဘုရားဖူးခရီးစဥ်ကို DPTOA အသင်းမှ စတင်ဖော်ဆောင်

ရန်ကုန်နှင့်ဧရာဝတီက မြို့လေးမြို့သို့ နေ့ချင်းပြန်ဘုရားဖူးခရီးစဥ်ကို DPTOA အသင်းမှ စတင်ဖော်ဆောင်

Travelling Journal ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့များြဖစ်ကြသည့် တွံတေး-ဒေးဒရဲ-ဖျာပုံ-ကျိုက်လတ်မြို့များသို့ နေ့ချင်းြပန် ဘုရားဖူးနှင့်လေ့လာရေးခရီးစဉ်ကို ြပည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်း(DPTOA) မှ ဦးဆောင်ကာ သွားရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ မြို့လေးမြို့ဘုရားဖူးခရီးစဉ်ကို ပြီးခဲ့သည့် စက်တင်ဘာ (၈) ရက်က သွားရောက်ခဲ့ပြီး ခရီးသည်ပေါင်း (၁၇၀) ကျော်လိုက်ပါခဲ့ကြောင်း ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်း(DPTOA)မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသိန်းကျော်က Travelling သို့ ပြောသည်။ "ကျွန်တော်တို့အသင်းကနေ ဒါက ပထမဆုံး လေ့လာရေးခရီးစဥ်အနေနဲ့သွားရောက်ခဲ့တာဖြစ်ပါတယ်။ (၃၃) ယောက်စီး ကားငါး စီးနဲ့ ကားသေးတစ်စီးအပါအဝင် ခရီးသည်ပေါင်း (၁၇၀)ကျော် လိုက်ပါခဲ့ပါတယ်။ နေ့ချင်းပြန်သွားလို့ရတဲ့ခရီးစဥ်လမ်းကြောင်းလေးတွေနဲ့ နီးနေပေမဲ့လည်းမရောက်ဖြစ်ကြသေးတဲ့ ဘုရားဖူးနေရာတွေကို သွားရောက်ခဲ့ကြပါတယ်။ ဒီလိုမျိုးခရီးစဥ်တွေကို သုံးလတစ်ကြိမ်လောက်ဖော်ဆောင်သွားဖို့ရှိပါတယ် "ဟု ဦးမျိုးသိန်းကျော်က Travelling သို့ ပြောသည်။ ခရီးစဉ်တွင် ပထမဆုံးအနေဖြင့် တွံတေးမြို့မှ တဖုဿ နှင့် ဘလ္လိကကုန်သည် ညီနောင်နှစ်ဦး၏ မွေးဖွားရာ ဇာတိမြေ၌တည်ထားကိုးကွယ်ထားသော ရွှေဆံတော်ဘုရားကြီး၊ကျိုက်ဖူး - ကျိုက်ပါစေတီ နှင့် ဗုဒ္ဓတစ်ထောင်ဘုရားများ၊ ရှေ့ခေတ်ဘုရင်များကိုယ်တိုင် ဆုတောင်းအဓိဌာန်ပြုသည့်မောင်းတီးစေတီနှင့် ဗောင်းတော်ချုပ်စေတီသတ္တဌာနတို့ကို သွားရောက်ဖူးမြှော်ခဲ့ကြကြောင်းသိရသည်။ ထို့နောက် ဒေးဒရဲမြို့မှ ထင်ရှားကျော်ကြားသည့် ကျိုက်ဒေးယုံဘုရားကြီး၊ ဖျာပုံမြို့ရှိပြည်လုံးချမ်းသာ( သာစည်) ဘုရားကြီးနှင့် ကျိုက်လတ်မြို့ ရှိ မဟာအတုလမြတ်မုနိရပ်တော်မူဘုရား၊ ဥယျာဥ်ဝပေါ်တော်မူဘုရားတို့ကို သွားရောက်လေ့လာဖူးမြှော်ခဲ့ကြောင်း သိရသည်။ အဆိုပါဘုရားဖူးနှင့်လေ့လာရေးခရီးစဥ်ကို ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်း(DPTOA) လက်အောက်ရှိ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် သန်းဌေးနှင့်ရောင်းရင်းများ၊စေတနာရှင်၊GoldenLight၊ ဇော်ရဲနိုင် ၊ရွှေလမ်းခရီး၊ကိုကျော်နှင့်ရောင်းရင်းများ၊ချယ်ရီလွင်၊သုံးရာသီ၊ KaungKaungFamily နှင့် လပြည့်ဝန်း စသည့် ခရီးသွားဝန်ဆောင်မှု ( ၁၀) သင်းမှ စုပေါင်းပြီးလေ့လာရေးခရီးစဥ် ကိုသွားရောက်ခဲ့​ကြောင်း သိရသည်။ Photo Travelling Journal
Contine Reading
By - Admin / 09-09-2024
ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်ရှိမြန်မာ့ရွှေသမင်ခြံသို့ ခရီးသွားများ လာရောက်လေ့လာနိုင်

ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်ရှိမြန်မာ့ရွှေသမင်ခြံသို့ ခရီးသွားများ လာရောက်လေ့လာနိုင်

#Travelling Journal မြန်မာနိုင်ငံ၏ ပထမဦးဆုံးဘူမိဥယျာဉ်တစ်ခု ဖြစ်သည့် ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် နယ်မြေထဲရှိ မြန်မာ့ရွှေသမင်ခြံသို့ ခရီးသွားဧည့်သည်များ လာရောက်လေ့လာနိုင်ကြောင်း ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်၏ တာဝန်ရှိသူ ကTravelling Journal သို့ ပြောသည်။ အဆိုပါ ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် ကို ၂၀၂၄ ခုနှစ်၊မတ်လ (၂၀) ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီးဘူမိနယ်မြေ (Geosite) ပေါင်း (၁၅)ခု နှင့်ဖွဲ့စည်းတည်ထောင်ထားကာအကျယ်အဝန်း ဧက (၅၀၀၀၀) ကျော်ရှိကြောင်းသိရသည်။ ယင်း ဘူမိနယ်မြေများတွင် လက်ရှိလူမှုကွန်ယက်စာမျက်နှာပေါ်၌ ရေပန်းစားနေသည့် တောင်ပေါ်တောင်ရွာလည်း ပါဝင်ကြောင်း သိရသည်။ “ အခုကတော့ အမျိုးသားဘူမိဥယျာဉ်အနေနဲ့ဖွင့်လှစ်ထားပြီး အဲ့ဒီကနေ ကမ္ဘာ့အသိ အမှတ်ပြု UNESCO Geopark အဆင့်အထိ ရောက်ရှိအောင် ကြိုးစားသွားမယ်"ဟု ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ် ၏ တာဝန်ရှိသူ ကTravelling Journal ကို ပြောသည်။ မြန်မာ့ရွှေသမင်ခြံ၏ အကျယ်အဝန်းမှာ (၁၇) ဧက ရှိပြီး မြန်မာ့မျိုးရင်းရွှေသမင် နှင့်ဆတ်တို့ကို မွေးမြူထားသည့်အပြင် စန္ဒကူးပင်များကိုလည်း အိန္ဒိယနိုင်ငံ၊ မိုက်ဆိုးပြည်နယ်မှယူဆောင်လာပြီး စိုက်ပျိုးထိန်းသိမ်းထားကြောင်း သိရသည်။ Popa Mountain Resort နှင့် သိပ်မဝေးလှသည့်ဘူမိနယ်​ ​မြေ ၇ အဖြစ်သတ်မှတ်ထားသည့် စန္ဒကူးခင်း နှင့် (မြန်မာ့ရွှေသမင်ခြံ) ကို ခရီးသွားဧည့်သည်များ လာရောက်လေ့လာနိုင်ကြောင်းသိရသည်။ "အခုချိန်ကတော့ပုပ္ပါးဘက်ကို ဘုရားဖူးတွေသွားကြပါတယ်။မိုးရာသီလည်းဖြစ် အသီးနှံလေးတွေလည်းအစုံပေါတော့ ခရီးသွားအလာများပါတယ်။ တောင်ပေါ်ရွာလေးဆီတော့ အသွားများကြပါတယ်။ မိုးတွင်းပိုင်းနဲ့ ဆောင်းတွင်းကာလတွေဆိုပုပ္ပါးကို သွားရောက်လည်ပတ်သင့်တဲ့ကာလပါ။အဲဒီအချိန် ကအလှပဆုံးအချိန်တွေလို့ ပြောလို့ရပါတယ် "ဟု ပုဂံဒေသခံ Taxi ပြေးဆွဲပေးတဲ့ ကိုထက် (ပုဂံ)က Travelling သို့ ပြောသည်။ ပုပ္ပားဒေသသည် ဒေသခံများ၏ ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု‌၊ ထုံးတမ်းအစဉ်အလာများ အစရှိသည့် သမိုင်းဆိုင်ရာ ယဥ်ကျေးမှုအမွေအနှစ်များ တည်ရှိရာ နေရာတစ်ခု အဖြစ် ပြည်တွင်းခရီးသွားဧည့်သည်များကြား ၌ ထင်ရှားသည့်ခရီးစဥ်ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။ Popamountainpark Photo KoHtetBaganTaxi
Contine Reading
By - Admin / 05-09-2024
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏လစ်လပ်နေသည့် ဒု-ဥက္ကဋ္ဌ နှစ်နေရာအတွက် ဦးအောင်မိုးကြည် နှင့် ဦးသက်လွင်တိုး ပြန်ရွေးခံရ

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏လစ်လပ်နေသည့် ဒု-ဥက္ကဋ္ဌ နှစ်နေရာအတွက် ဦးအောင်မိုးကြည် နှင့် ဦးသက်လွင်တိုး ပြန်ရွေးခံရ

#TravellingJournal ပုဂ္ဂလိကခရီးသွားလုပ်ငန်းကဏ္ဍကို ကိုယ်စားပြုပြီးဖွဲ့စည်းထားသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF)၏ လစ်လပ်နေသည့် ဒုတိယဥက္ကဋ္ဌနှစ်နေရာအတွက် ဦးအောင်မိုးကြည် နှင့် ဦးသက်လွင်တိုး တို့က ပြန်လည်ရွေးချယ်ခံခဲ့ရကြောင်းသိရသည်။ ဩဂုတ်လ (၃၁) ရက် နေ့လည် ၁ နာရီ က ကျင်းပပြုလုပ်ခဲ့သည့် လစ်လပ်ခဲ့သည့် ဒုဥက္ကဋ္ဌ နှစ်နေရာအတွက် အဆိုပြုလွာ ပြုကာ ရွေးချယ်ခဲ့ကြောင်းသိရသည်။ လက်ရှိတွင် ဦးအောင်မိုးကြည်သည် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၏ ဒုဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်ပြီး ဦးသက်လွင်တိုးသည် ယခင်က မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ခဲ့ကာ ယခုအခါ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌများ ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏၂၀၂၃ -၂၀၂၆ ခုနှစ်သက်တမ်းအတွက် ဥက္ကဋ္ဌအဖြစ် ဦးရန်ဝင်း ဖြစ်ပြီး ဒုဥက္ကဋ္ဌ ခြောက်ဦး ၊အထွေထွေ အတွင်းရေးမှူးတစ်ဦးနှင့် တွဲဖက်အထွေထွေ အတွင်းရေးမှူး ခြောက်ဦး၊ဘဏ္ဍာရေးမှူး တစ်ဦး၊ တွဲဖက် ဘဏ္ဍာရေးမှူး နှစ်ဦး ၊ စာရင်းစစ်တစ်ဦး ၊ တွဲဖက်စာရင်းစစ်နှစ်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်သုံးဦး အပြင် အလုပ်အမှု ဆောင် ၂၆ ဦးဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။ Social Acivity MTF Ellection ပုံစာ - ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၄ ရက် က အင်းယားလိတ် ဟိုတယ် ၌ (၂၀၂၃-၂၀၂၆ ) ခုနှစ် သက်တမ်းအတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ၏ အလုပ် အမှုဆောင်များပြန်ရွေးချယ်ခဲ့သည့် မြင်ကွင်းကို တွေ့ရစဥ်။
Contine Reading
By - Admin / 01-09-2024
မြန်မာတစ်နိုင်ငံလုံးတွင် (၁၂)ကြိမ်မြောက်ဆင်အမွှာပူးကို ဝင်္ဂ​ဘော်ဆင်စခန်း၌ မွေးဖွား

မြန်မာတစ်နိုင်ငံလုံးတွင် (၁၂)ကြိမ်မြောက်ဆင်အမွှာပူးကို ဝင်္ဂ​ဘော်ဆင်စခန်း၌ မွေးဖွား

#TravellingJournal ပဲခူးတိုင်းဒေသကြီး၊ဘုရားကြီးမြို့ရှိ ဝင်္ဂ​ဘော်ဆင်စခန်း၌ ပထမဆုံးဆင်အမွှာလေး မွေးဖွားခဲ့ကြောင်း အဆိုပါဆင်စခန်းမှ လက်ထောက်မန်နေဂျာ ဦးဖြိုးကျော်ဆင့် က Travelling ကို ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက် နံနက် ပိုင်းကအသက်(၂၁ )နှစ်အရွယ် မိခင်ဆင်မလေးပုလဲစန္ဒာမှ ဆင်အမွှာက​လေး နှစ်ကောင်​ကိုမွေးဖွားခဲ့ကြောင်း သိရသည်။ "မိခင်ဆင်မလေးရဲ့နာမည်ပါအောင် အကြီးဖြစ်သူ ဆင်မကလေးကို ပုလဲဆင့် လို့ပေးပါတယ်။ အငယ်ဖြစ်သူ ဆင်ထီးကလေးကိုတော့ ကျော်ပုလဲ လို့အမည်ပေးထားပါတယ်။ ကျွန်တော်တို့ဆင်စခန်းရဲ့ပထမဆုံးဆင်အမွှာလေးမွေးတာဖြစ်ပြီး တစ်နိုင်ငံလုံးအနေနဲ့ပြောရင်( ၁၂) ကြိမ်မြောက် ဆင်အမွှာလေး မွေးဖွား တာဖြစ်ပါတယ်"ဟု မန်နေဂျာ ဦးဖြိုးကျော်ဆင့် က Travelling သို့ ပြောသည်။ အဆိုပါ ဆင်စခန်ုကို ပဲခူးမြို့ဘုရားကြီးလမ်းမှလာရောက်နိုင်သလို အမြန်လမ်း ၃၉ မှ တစ်ဆင့်လည်း ဆင်စခန်းဆီသို့ လာရောက်လည်ပတ်နိုင်ကြောင်းသိရသည်။ "ကျွန်တော်တို့ဝင်္ဂ​ဘော်ဆင်စခန်းကို တစ်ချို့က ပိတ်ထားတယ်လို့ပဲ ထင်ကြတယ်။ ဒါပေမဲ့မပိတ်ထားပါဘူး။ ပိတ်ရက်မရှိ မနက်၆ နာရီကနေ ညနေ၆ နာရီထိဖွင့်လှစ်ပေးထားပါတယ် "ဟု တာဝန်ရှိသူက ပြောသည်။ ဆင်စခန်းဝင်ကြေးအဖြစ် ပြည်တွင်းခရီးသွားတစ်ဦးကို တစ်ထောင်ကျပ်နှင့် ပြည်ပခရီးသွားဧည့်သည် ဆိုပါက တစ်သောင်းကျပ် ကောက်ခံ​ပြီး ဆင်စီးမည်ဆိုပါက ပြည်တွင်းတစ်ဦးကို ငါးထောင်ကျပ်နှင့်ပြည်ပခရီးသွားဧည့်သည်ပါက နှစ်သောင်း ကျပ် သတ်မှတ်ထားကာ လက်ရှိတွင် ဆင်ဘူဖေးကျွေးမွေးလိုပါက တစ်သိန်းကျပ် သတ်မှတ်ထားကြောင်းသိရသည်။ လက်ရှိ တွင် အဆိုပါဆင်စခန်း၌ ဆင်အမွှာကလေးအပါအဝင် ဆင်(၉)ကောင် ရှိပြီး ပွင့်လင်းရာသီကာလများတွင် ဆင်စခန်းသို့ တစ်လလျှင် ဧည့်သည် (၁၀၀၀)ဝန်းကျင်ခန့် လာရောက်လည်ပတ် ကြောင်းသိရသည်။ Photo ဝင်္ဂ​ဘော် ဆင်စခန်း
Contine Reading
By - Admin / 29-08-2024
ပဲခူးတိုင်းအတွင်းရှိ Camp၊ B&B နှင့် CBT လုပ်ငန်းများကို တရားဝင်လိုင်စင်ထုတ်ပေးတော့မည်

ပဲခူးတိုင်းအတွင်းရှိ Camp၊ B&B နှင့် CBT လုပ်ငန်းများကို တရားဝင်လိုင်စင်ထုတ်ပေးတော့မည်

#Travelling Journal ပြည်တွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကိုအထောက်အကူပြုစေရန် ရည်ရွယ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ Camp & Glamping ၊ B&B နှင့် CBT လုပ်ငန်းများကို တရားဝင်လိုင်စင်ထုတ်ပေးတော့မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဟိုတယ်/ခရီးတာဝန်ခံ ဦးလင်းဇော်ထွဋ်က Travelling သို့ ပြောသည်။ ပဲခူတိုင်းဒေသကြီးအတွင်းရှိ Camping Site များတွင် ရွက်ဖျင်တဲများဖြင့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသည့်လုပ်ငန်းရှင်များ ၊ အနည်းဆုံးအခန်း ငါးခန်းဝန်းကျင် ဖြင့် Bed &Breafast ဆောင်ရွက်နေသည့်လုပ်ငန်းရှင်များနှင့် လူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism - CBT) လုပ်ကိုင်ဆောင်ရွက်နေသည့်လုပ်ငန်းရှင်များကိုမကြာခင် တရားဝင် ပြုလုပ်ခွင့်ရရှိနိုင်သည့် လိုင်စင်ထုတ်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း သိရသည်။ "အခုလက်ရှိကတော့ မူကြမ်းရေးဆွဲထားပြီးတဲ့အဆင့်ကို ရောက်ရှိနေပါပြီ။ ဗဟိုကော်မတီကိုဆက်လက်တင်ပြဖို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဌာနဆိုင်ရာတွေနဲ့ ဆွေးနွေးသွားမယ်။ စံနှုန်းသတ်မှတ်ချက်တွေကို ရေးဆွဲနေတုန်းပါ။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် ခရီးသွားတွေအတွက်လည်း ရွေးချယ်လို့ရနိုင်မယ်။ဒါ့ပြင် အသေးစားအလတ်စားလုပ်ငန်းတွေကိုလည်း ဖွံ့ဖြိုးတိုးတက်လာစေပါမယ် "ဟု ပဲခူးတိုင်းဒေသကြီး ဟိုတယ်ခရီးတာဝန်ခံ ဦးလင်းဇော်ထွဋ်က Travelling ကို ပြောသည်။ လက်ရှိတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်မြို့နှင့်တောင်ငူမြို့အပါအဝင် ဖွင့်လှစ် ထားရှိသည့် ဟိုတယ်အလုံးရေ ( ၁၀၂)လုံးရှိကြောင်းသိရသည်။ ကိုဗစ်ကာလအလွန်မှစတင်ပြီး ပဲခူးမြို့အပါအဝင် နယ်မြို့များတွင် Camp & Glamping စသည်များဖြင့် ခရီးသွားဝန်ဆောင်မှုပေးလာကြသည့် လုပ်ငန်းရှင်များ များပြားလာခဲ့ကြောင်း သိရသည်။ #Camping #Photo ပဲခူးတိုင်းဒေသကြီး၊အလိုင်နီဆည် နားတွင် Tents ပုံစံ ဖြင့် တည်ဆောက်ထားသည့် Home at Alaingni ကို တွေ့ရစဥ်။
Contine Reading
By - Admin / 28-08-2024
ပဲခူးတိုင်းခရီးသွားလုပ်ငန်းဖိုရမ်ကို ကျင်းပမည်

ပဲခူးတိုင်းခရီးသွားလုပ်ငန်းဖိုရမ်ကို ကျင်းပမည်

#Travelling Journal ပဲခူးတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ပဲခူးတိုင်း​ဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ကို မကြာခင်ကျင်းပသွားရန် စီစဥ်နေကြောင်း ပဲခူးတိုင်းဒေသကြီး ဟိုတယ်/ခရီးတာဝန်ခံ ဦးလင်းဇော်ထွဋ်က Travelling သို့ ပြောသည်။ ခရီးသွားဖိုရမ်ကို ယခင်က ယခုနှစ်စက်တင် ဘာ​လထဲတွင် ကျင်းပရန်စီစဥ်ထားသော်လည်း အောက်တိုဘာလမှသာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီးလက်အောက်တွင် ပြည်မြို့နှင့်တောင်ငူမြို့တို့ ပါဝင်ပြီး အဆိုပါမြို့များ၏ ခရီးစဥ်သစ်များကို ဖော်ထုတ်သွားရန် စီစဥ်ထားကြောင်း သိရသည်။ ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအခန်း ကဏ္ဍမှပါဝင်ပြီး ခရီးသွားလုပ်ငန်းမှရရှိသည့် အကျိုးသက်ရောက်မှုများမှ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေး၊ ဒေသဖွံ့ ဖြိုးတိုးတက်ရေးနှင့် အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးကို များစွာအထောက်အကူပြုကြောင်း တာဝန်ရှိသူ က Travelling ကိုပြောသည်။ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဖော်ထုတ်ပြီးသား ခရီးစဥ်များနှင့် ဖော်ထုတ်ရန် ကျန်ရှိနေသည့် ခရီးစဥ် ဒေသများကို ဆက်လက်ဖော်ထုတ်သွားရန်စီစဥ်ထားပြီး အဆိုပါဖိုရမ်ကို ငါးဖွဲ့ ဖွဲ့ပြီး ကျင်းပသွားရန်စီစဥ်ထားကြောင်းသိရသည်။ လက်ရှိ တွင် ရှမ်းပြည်နယ် ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးတို့တွင် ခရီးသွားဖိုရမ်များကို ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။ Photo MIHARA Myanmar ပုံ-စာ ပဲခူးမြို့ရှိ အထင်ကရနေရာများဖြစ်သည့် ကမ္ဘောဇသာဒီရွှေနန်းတော်နှင့်ရွှေမော်‌ဓောဘုရားသို့ သွားရောက် လေ့လာနေကြသည့် ခရီးသွားများကိုတွေ့ရစဥ်။
Contine Reading
By - Admin / 27-08-2024
ပုပ္ပါးတောင်မကြီးအောက်ခြေတွင်ရှိသည့် တောင်ပေါ်ရွာ ခရီးစဥ်ကို ခရီးစဥ်ဒေသအသစ်အဖြစ် စတင်ရောင်းချလာ

ပုပ္ပါးတောင်မကြီးအောက်ခြေတွင်ရှိသည့် တောင်ပေါ်ရွာ ခရီးစဥ်ကို ခရီးစဥ်ဒေသအသစ်အဖြစ် စတင်ရောင်းချလာ

Travelling Journal အညာမြေ၏အိုအေစစ်ဟု တင်စားရသည့် ပုပ္ပါးတောင်မကြီးအောက်ခြေတွင်ရှိသည့် တောင်ပေါ်ရွာခရီးစဥ်ကို ခရီးစဥ်ဒေသ အသစ်တစ်ခုအဖြစ် The Unlock Travels & Tour က ခရီးစဥ်ကို စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ယင်းTour ကုမ္ပဏီမှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။ အဆိုပါ တောင်ပေါ်(တောင်)ရွာသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ တောင်ပေါ် (တောင်)ကျေးရွာအုပ်စု၌ တည်ရှိပြီး ဒေသခံများက စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့် ကျေးရွာတစ်ခုဖြစ်ကြောင်းသိရသည်။ "အညာဒေသဆိုပေမယ့် ရှမ်းပြည်ကိုရောက်နေသလိုမျိုးခံစားရစေတယ်။ အရမ်းလှပြီး သာယာတဲ့နေရာလေးဖြစ်တယ်။ ကျွန်တော်တို့ ရဲ့ပုဂံဒေသခံကို ပြည့်စုံကနေ ဒီရွာလေးကို စတင်တွေ့ရှိခဲ့ပါတယ်။ ဒီရွာလေးမှာ Trekking လည်း လုပ်လို့ရပါတယ်။ ဓာတ်ပုံံလှလှလေးတွေရိုက်လို့ရမယ်။ ဒီနေရာလေးက မြူခိုးတွေနဲ့ တိမ်တိုက်တွေနဲ့အရမ်းလှတော့ ဧည့်သည်တွေကိုလည်း သွားလည်စေချင်တဲ့ဆန္ဒနဲ့ရည်ရွယ်ပြီး ခရီးစဥ်ကို စတင်ပြေးဆွဲပေးမှာဖြစ်ပါတယ် "ဟု The Unlock Travels & Tour မှ အရောင်းမန်နေဂျာ ကိုဟိန်းထက်ကိုကိုက Travelling ကို ပြောသည်။ ယခင်က ပုဂံ - ပုပ္ပါး ခရီးစဥ် ကိုသာ ရောင်းချပေးသော်လည်း ယခုခရီးစဥ်သည် ပုပ္ပါးဒေသကို ဦးစားပေးပြီး ပုဂံခရီးစဥ်နှင့်တွဲ ပြီးရောင်းချပေးထားကြောင်းသိရသည်။ ယင်းခရီးစဥ် သုံးညအိပ်လေးရက်ခရီးစဥ်အတွက် တည်းခိုငြိမ်းအပါအပြီးအစီးကို လူတစ်ဦးလျှင် တစ်သိန်း ရှစ်သောင်းကျသင့်မည်ဖြစ်ပြီး မြန်မာဘူဖေး (၇) နပ်စာ ပါဝင်ထားကြောင်း သိရသည်။ Photo The Unlock Travels & Tour / Bagan Lover
Contine Reading
By - Admin / 16-08-2024