Most Read Articles

ထိုင်းခရီးသွားတွေယုံကြည်သက်ဝင်ကြတဲ့ မင်းသမီးဆုပန်ကလျာရှိရာ

ထိုင်းခရီးသွားတွေယုံကြည်သက်ဝင်ကြတဲ့ မင်းသမီးဆုပန်ကလျာရှိရာ

မော်ကျွန်းသူ၊ ထွန်းတောက် ရာဇ၀င်တွေဆီ ဒဏ္ဍာရီတွေကြား ပြန်လည်ရောက်ရှိသွားတဲ့နေ့တစ်နေ့လို့ဆိုချင်ပါတယ်။ ဒီအကြောင်းကို တကူးတက ဖုန်းဆက်ပြော လာသူက ရန်ကုန်ဟိုတယ်ခရီးကနေ ဟားခါးကို တာ၀န်နဲ့ပြောင်းရွှေ့ သွားတဲ့ အစ်ကိုတစ်ယောက်ဆီကကြားရာမှနေ စတင်မြစ်ဖျားခံလာခြင်း ပင်ဖြစ်ပါတယ်။ ဒီလိုသမိုင်းဆိုင်ရာတွေ ပြန်လည်တူးဖော်ရှာဖွေထုတ်ရတာကို အင်မတန်မှ နှစ်သက်တဲ့စာရေးသူက သွားဖို့ ဟန်ပြင် နေတာ တကဲကဲပါ။ ဒါနဲ့ပဲ ရောက်ဖြစ်သွားခဲ့ပါတယ်။ ဒုတိယ မြန်မာနိုင်ငံတော်ကိုပြန်လည်တည်ထောင် ခဲ့တဲ့ ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးရဲ့ မိဖုရားဖြစ် သူ ဆုပန်ကလျာ(ထိုင်းမင်းသမီး) လို့လည်း ခေါ်ဝေါ်ကြ တဲ့ သူမရှိရာဆီ ကိုပါ။ ဘုရင့်နောင်မင်းကြီးကိုယ်တော်တိုင် ထီးဖြူပေးပြီး အယုဒ္ဓယဘုရင် အဖြစ် ခန့်အပ်ပေးခဲ့တဲ့ ဗြမဟာဓမ္မရာဇာမင်းနဲ့ မိဖုရား ဗြ၀ိသုဒိ်္ဓကေသ ထရီတို့ရဲ့ သမီးတော်ဖြစ်တယ်လို့ သမိုင်းစာ များက ဆိုပါတယ်။ ဆုပန်ကလျာမင်းသမီးဟာ ဘုရင့်နောင်မင်းကြီးနဲ့ သမီးတော်တစ် ပါးရရှိခဲ့ပြီး မင်းအထွေးဟုမြန်မာမှတ်တမ်းများ ကလည်း တညီတညွတ် တည်း ပြဆိုထားကြတယ်ဟု လေ့လာမှတ်သားရပါတယ်။ ဘုရင့်နောင် မင်းတရား နတ်ရွာစံပြီး ဘုရင့်နောင်ရဲ့သားတော် နန္ဒဘုရင် နန်းတက်ပြီး ဆုပန်ကလျာကိုလည်း မိဖုရားအရာ ပြန်ထား ခဲ့တယ်လို့သိရပါတယ်။ ဆုပန်ကလျာ ကိုယ်၀န်အရင့်အမာနဲ့ရှိနေချိန်မှာ နန္ဒဘုရင်က ဓားဖြင့် ခုတ်သတ်ခဲ့ တယ်လို့ သမိုင်းစာမျာကို လေ့လာဖတ်ရှုခဲ့ရတဲ့အခါမှာ သိရတာပါ။ မှန်ခြင်း၊ မှားခြင်းဆိုတာကတော့ စာရေး သူတို့ အနေနဲ့ လည်း အတိအကျ မပြောနိုင်ပါဘူး ။ မည်သို့ပင်ဆိုပါစေ ဒဏ္ဍာရီ ပုံပြင်တစ်ပုဒ်လိုရှိခဲ့တဲ့ ဆုပန်ကလျာရဲ့ အရိုးအိုးလို့ယူဆရတဲ့ အရိုးအိုးကတော့ သမိုင်း၀င် ကျိက်္ကလော့စေတီ၀င်း ထဲမှာရှိနေတာကတော့ အမှန်တရားလားဆိုတာကတော့ မပြောနိုင်ပါ ဘူး။ ဒါပေမဲ့ ထိုင်းတွေက ဆုပန်ကလျာမင်းသမီးရှိတယ်လို့ ယုံကြည်ပြီး ကျိုက်္ကလော့စေတီကို တခုတ်တရနဲ့ကို လာရောက်လေ့လာနေကြဆဲပါ။ ကျိုက္ကလော့ ဂေါပကရဲ့ဘဏ္ဍာရေးမှူးဖြစ်သူ ဦးရီအေးကတော့“ ဦးတို့ရဲ့ ဒီဘုရားနဲ့ ဆက်စပ်မှုရှိတယ်လို့ ထိုင်းတွေက ယူဆတယ်။ ဒါပေမဲ့ ဦးတို့က ဆုပန် ကလျာရဲ့ ရုပ်တု၊ ဒါက ထိုင်းတွေအရ ကိုးကွယ်တာ၊ နောက်ပြီးတော့ ဆုပန်ကလျာရဲ့အရိုး ဟုတ်တယ်မဟုတ်ဘူးဆိုတာကလည်း DNA စစ်ဖို့ သူတို့ကို ပေးလိုက်ပါတယ်။ ပြီးတော့ ထိုင်းက ရှေးဟောင်းယဉ်ကျေးမှုအဖွဲ့တွေလည်းလာကြ တယ်။ သူတို့ကိုလည်း မင်းသမီးအရိုး ဟုတ်/မဟုတ် DNA စစ်ဖို့ပေး လိုက်တယ်။ အရင်တုန်းကတော့ အရိုးအိုးက အပြည့်ပါပဲ။ ခုတော့ ပေး ရင်းပေးရင်းနဲ့ နည်းသွားတယ်။အခုချိန်ထိ သူတို့ကတော့ ယုံကြည်မှုနဲ့လာကြတယ်။ ဦးတို့ကတော့ ဆုပန်ကလျာ ဟုတ်/ မဟုတ်တာတော့ လုံး၀ အာမမခံဘူး။ ပြောလည်း မပြောဘူး။ သုတို့ယုံကြည်မှုနဲ့သူတို့ လာနေကြတယ် ”ဟု Travelling ဂျာနယ်ကို ပြောပါတယ်။ ဟိုးအရင် ၁၉၉၉ မတိုင်ခင်ကာလတွေတုန်းက အခုလိုဘုရားကြီး ဟာ မတိုးတက်ခဲ့သေးပါဘူး။ အဲဒီကာလ တွေမှာ ရင်ပြင်က သေးသေး လေးလို့ဆိုပါတယ်။ အခုလိုမကျယ်သေးပါဘူး။ အဲဒီကာလတွေတုန်းက ထိုင်းတွေ သုံးနှစ်ဆက်တိုက်လာကြတယ်လို့ဆိုပါတယ်။ အဲဒီအချိန်တုန်း ကဆို ထိုင်းထီးတွေကော ထိုင်းပန်းတွေနဲ့ ထိုင်းတွေ က တခမ်းတနား နဲ့ ယူလာကြပြီး ဘုရားပတ်ပတ်လည်မှာ ပွဲလုပ်ကြဖူးတယ်။ ပထမဆုံး ဝိညာဉ်ခေါ်ပွဲ လုပ်ကြတယ်။ သူတို့ကတော့ သူတို့ရဲ့မင်းသမီး ဆုပန် ကလျာ ရှိတယ်လို့ယူဆတဲ့အတွက် ဝိညာဉ်ခေါ်ပွဲ လုပ်ကြတာ။ နှစ်ကြိမ် လုပ်ခဲ့ပေမယ့် ဆုပန်ကလျာ မင်းသမီးက မလိုက်ဘူးလို့ ပြောဆိုတဲ့ အတွက် အဲဒီအဖွဲ့ ဟာ ငိုယိုပြီး ပြန်သွားခဲ့ကြတယ်။ အဲဒါကလည်း သူတို့ ပြောပြလို့ ဦးတို့သိရတာပါလို့ ဂေါပကရဲ့တာ၀န်ရှိသူ ဦးရီအေးက ဆိုပါတယ်။ ဒီလိုနှစ်နှစ်ဆက်တိုက် ဝိညာဉ်ခေါ်ပွဲလုပ်ပေမယ့် မလိုက်တဲ့အတွက် တတိယနှစ်မှာ ဆုတောင်းပွဲ လာလုပ်ကြ တယ်လို့ ဆိုပါတယ်။ ဆုပန် ကလျာမင်းသမီး မလိုက်ချင်လည်းနေပါစေ သူဒီမှာပျော်ပါစေဆိုပြီး ဆုတောင်းပွဲ လုပ်ပြီး အဲဒီအဖွဲ့ဟာ လုံး၀မလာတော့ဘူးလို့ ဆိုပါတယ်။ မင်းသမီးဆုပန်ကလျာရဲ့ မြန်မာပြည်ကို ချစ်တာ လား။ ဒါမှမဟုတ် ဖခမည်းတော်က ဘုရင့်နောင်မင်းတရားကို မိဖုရားအဖြစ်ဆက်သပြီး နောက် ခင်ပွန်းကိုသခင် လို့ မှတ်ယူပြီး သစ္စာရှိခဲ့သူမင်းသမီးအဖြစ် ရှိနေ တာလား။ ဘယ်လိုအကြောင်းကြောင်းတွေကြောင့် ကိုယ့်တိုင်း ပြည် ကို မလိုက်ပဲ ဒီမှာနေနိုင်ရတာလဲ။ ဒါမှမဟုတ် သူချစ်သောမင်းကြီး ဒီမှာပဲ ကံတော်ကုန်လို့ဒီတိုင်းပြည်မှာပဲ သူ နေချင်ခဲ့တာလား။ လားပေါင်းများစွာ စတဲ့အတွေးတွေက စာရေးသူတို့ကို အတွေးတွေပေးစေခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်နောက်ပိုင်း ဦးတို့ဂေါပက တက်လာပြီးတဲ့အခါမှာ ဒီ ဘုရားရဲ့ထီးတော်က နှစ်တစ်ရာရှိသွားပြီမို့ ပျက်ဆီး နေပီလေ။ အဲဒါ ထီး တော်အသစ်ကို နိုင်ငံတော်အဆင့် ပြန်တင်ခဲ့ပါတယ်။ အဲဒီလိုထီးတော် အသစ်ကို တင်ပြီး ထီးတော်ဟောင်းထားဖို့နေရာရှာခဲ့တယ်။ တနင်္ဂနွေ ထောင့်မှာ ဖောင်ဒေးရှင်းတူးတော့ မြေတူးတဲ့သူက အောက်မှာ အခေါင်း တွေ့တယ်။ ဘုန်းကြီးအခေါင်းလား ဘာအခေါင်းလည်းမသိဘူးတဲ့။ အဲ့ ဘေးနားမှာလည်း အရိုးအိုးတစ်ခုလည်းတွေ့တယ်။ အဲဒါနဲ့ ဘာအိုးလည်း ဆိုတာသိဖို့ ယူခိုင်းလိုက်တယ်။ အဲ့ဒီအရိုးအိုးကို အခုဂေါပကဥက္ကဋ္ဌ အခန်းမှာပဲ သိမ်းထားတာ အခုချိန်ထိပါပဲ ။ အဲ့အချိန်မှာပဲ ထိုင်းဧည့်သည် တွေ ပြန်လာကြ တယ်။ ထီးတော်စေတီတည်ပြီး ထီးတော်အလှူရှင်က ဂေါပကကို တိုင်ပင်တယ်။ ကျွန်တော်တို့ ဒီမှာအမျှ ပေးဝေ ချင်ပါတယ်။ မကျွတ်မလွတ်တဲ့သူတွေကိုလည်း အမျှပေးဝေချင်လို့ နတ်ကနားပွဲလေး လုပ်ချင်ပါတယ် ဆိုပြီး အလှူရှင်က ပြောလာတယ်။ ရင်ပြင်တော်မှာတော့ ပွဲကို လုပ်ခွင့်မပေးခဲ့ဘူး ။ အဲဒါနဲ့ ဘုရားအောက်ခြေ နားမှာ လုပ်ခိုင်း လိုက်တယ်။ အဲဒီလို နတ်ကနားလုပ်တဲ့အခါမှာ နတ်ကတော်ကို တခြား မဟုတ်တဲ့တစ်ခုခု ဝိညာဉ်တစ်ခုက ၀င်ချလာ တယ်လို့ဆိုပါတယ်။ ဘယ် နတ်မှန်းလည်းမသိဘူးလေ။ ၀င်လာပြီးတော့ ဒီက အကြီးအကဲနဲ့တွေ့ ချင်တယ် ပြောတယ်။ အဲဒါနဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးက ပြေးသွားတယ်။ဘယ်နတ်ပါလဲလို့ မေးတဲ့အခါ သူက ဒီဘုရားကို စောင့်ရှောက်နေတဲ့သူ ဆုပန်ကလျာလို့ ခေါ်ပါတယ်။ ထိုင်းမင်းသမီးပါလို့ ပြောပါတယ် ။ သူက ဒီဘုရားမှာ နန်းတောင်း ပါတယ်။ အဲ့ချိန်မှာ ဂေါပကဥက်္ကဋ္ဌကလည်း ကတိပေးလိုက်တယ်။ အလှူရှင်ရှိရင် ကိုးကွယ်ပါ မယ်ဆိုပြီး ကတိပေး လိုက်တာပါ။ အဲဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့ပါတယ်။ တစ်နေ့သောအခါမှာ ရှင်သီ၀လိ၊ ရှင်ဥပဂုတ်္တ၊ သူရဿတီမယ်တော် တို့ကို ရင်ပြင်ဘက်ကိုထုတ်ဖို့ ဆွေးနွေးကြ တယ်။ အဲ့ချိန်မှာ ဦးတို့က နန်းလေးဆောင်လို့ ပြောမိလိုက်တယ်။ အဲ့အချိန်မှာ အင်းစိန်က အလှူ ရှင်ဇနီး မောင်နှံ က ရောက်လာကြတယ်။ ဒီဘုရားမှာ အရမ်းလှူချင်နေ တယ်ဆိုပြီး ဘာတွေလှူဖို့ရှိလည်းမေးတော့ နန်းသုံးဆောင်ထုတ်ဖို့ရှိတယ်။ ယိုးဒယားမင်းသမီးအတွက် နန်းဆောင်လိုတယ် ပြောလိုက်တယ် အဲဒီအခါမှာ သူတို့ လှူလိုက်မယ်ဆိုပြီး ဖြစ်သွားတယ်။ အဲဒါနဲ့ နန်းလေး ဆောင်ပြည့်သွားတယ်။ အဲဒါနဲ့ပဲ ထိုင်းမင်းသမီး နန်းဆောင်ဖြစ်လာ တာပါ။ ဒီဘုရားကို ထိုင်းဘုရားဖူးတွေ အများကြီးလာကြတယ်။ ထိုင်း ဘိုးတော်တွေကော လာကြတယ်။ မင်းသမီးရဲ့အရိုးစု ဒီမှာရှိတယ်ဆိုပြီး ရောက်လာကြတယ်။ ထိုင်းဘိုးတော်က အရိုးအိုးဒီမှာရှိတယ်ပြောတော့ ဥက္ကဋ္ဌမရှိတာနဲ့ မရှိဘူးပြောလိုက်တဲ့အခါမှာ သူတို့ ဘာသာ စကား နဲ့ သူ လိမ်နေတာလို့ ပြောတယ် ။ ဒီအခန်းမှာရှိတယ်ဆိုပြီး လက်ညိုးထိုးပြောတယ်။ ဒီဘုရား ကို ထိုင်းအငြိမ်းစားဗိုလ်ချုပ်ကြီးတွေလည်းလာကြတယ်။ ဦးတို့ကလည်း ထိုင်းခရီးသွားတွေကို Pass ပေးတဲ့ သဘောပါ။ လိမ်ညာစားတာကြီး လည်း အဖြစ်မခံနိုင်ဘူးလေ။ ဦးတို့က သူတို့ဆန်္ဒအရသာ လုပ်ပေးတာ။ သမိုင်း အထောက် အထားအရ သူတို့ကို ၂၀၀၈ ၂၀၀၉ လောက်က DNA စစ်ဖို့ပေးလိုက်တာ အဖြေကိုလည်း ပြန်မ ပေး သေးတဲ့အတွက် ဟုတ် / မဟုတ်ဆိုတာကို အတည်မပြုပေးနိုင်ဘူးဖြစ်နေတာပေါ့ဟု ဦးရီအေးက ဖြစ်ပျက်ခဲ့မှုတွေကို ပြန်ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ထူးခြားမှုတွေလည်း ကြုံရသေးပါတယ်။ အဲဒီထဲကမှ ထူခြားဆန်းကြယ်မှုတွေလည်းရှိခဲ့ပါတယ်။ အမျိုးတစ်ဦး က အိပ်မက် မက်တယ်လို့ ပြောပါတယ်။ သူ့အမျိုးသားကလည်း ခရစ်ယာန် သူလည်း ပဲ ခရစ်ယာန်ပါ။ သူ့အိပ်မက်ထဲက မက်တဲ့ ဘုရားကို လိုက်ရှာနေကြ တာလို့ပြောတာ။ အဲ့တုန်းက ဖုန်းတစ်လုံးကို သိန်းလေးဆယ်၀န်းကျင် ရှိတဲ့ ခေတ်ကပေါ့။.ရှာနေရင်းနဲ့ ဒီဘုရား ရောက်လာပြီး ဒီဘုရားဟုတ် တယ်ဆိုပြီး သူ့မိန်းမ က ပြောတယ်။ ဒီဘုရားကို ရောက်လာပြီး အိပ်မက် ထဲက အမျိုးသမီးအကြောင်းပြောပြတယ်။ ကောင်းမှုကုသိုလ် လုပ်ပေး မယ်ဆိုပြီး ပြန်သွားကြတာ။ ဒါပေမဲ့ ဒီနေ့ထိတော့မရောက်လာကြသေး ပါဘူး။ ဒါက ထူးခြားမှုတစ်ခုပါ။ နောက်ထပ်တစ်ခုလည်းရှိသေးတယ်။ ဒါတွေကတော့ ယုံချင်လည်း ယုံ မယုံချင်လည်း ရတယ်ပေါ့လေ။ ၂၀၀၇ ထီးတော်တင်တုန်းက အရမ်း ပင်ပန်းတော့အန်တယ်ရယ် ဦးကျော်အေးရယ်အတူ ဒီအခန်းထဲမှာ နား နေရင်းနဲ့ ညောင်းညာနေတာပဲ အနှိပ်ခံရင် ကောင်းမလားဆိုပြီး အခန်း ထဲမှာ အချင်းချင်းပြောနေကြတာ။ အဲဒီအချိန် မကြာခင်မှာ လုံခြုံရေး ၀န်ထမ်းတစ်ဦး ရောက်လာတယ်။ ဆရာတို့ ညောင်းနေလို့ အနှိပ်ခံချင် တယ်ပြောလို့ အမျိုးသမီးတစ်ဦးလာပြောလို့ ကျွန်တော်ရောက်လာတာ လို့ပြောတော့ ဦးတို့လည်း အရမ်းအံ့သြခဲ့ရတယ်။ ဘာလို့ဆို အခန်းထဲ မှာ ဦးတို့ပြောတဲ့ စကားတွေမို့လေ။ ဒီလိုထူးခြားတဲ့ဖြစ်စဉ်လည်းရှိ ခဲ့ပါတယ်။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး နောက်ထပ်ရှိပါ သေးတယ်။ ဦးတို့က ဆုပန်ကလျာရုပ်တုကို ဘုရားအနေ ကဇာတင်မလို့ ဘုန်းကြီးငါးပါးနဲ့ တရားနာဖို့ စီစဉ်တယ်။ စီစဉ်တာကလည်း ဂေါပက အချင်ချင်းပဲသိတာပါ။ အဲ့ချိန်မှာ အသက် ၈၀ အဘွားတစ်ဦးရောက် လာပြီးတော့ သားရေ …ရေစက်ချအခမ်းအနား ဘယ်မှာရှိလဲလို့ မေးတယ်။ ဦးတို့ကလည်း ကိုယ့်အစီစဉ်နဲ့ လုပ်တာဆိုတော့ ဘယ်သူမှ လည်း မဖိတ်ထားတဲ့အတွက်အောက်မှာ ဘုန်းကြီးကျောင်းရှိတယ် အဲ့မှာ လားမသိဘူးဆိုပြီး လမ်းညွှန်လိုက်တယ်။ နောက်တစ်နေ့မနက်မှာ ဘုန်းကြီး တွေ ကြွလာတော့ ဦးတို့ တရားနာဖို့လုပ်ကြတယ်။ အဲဒီမှာ အဲဒီအဘွားကြီးက အရှေ့မှာ ရောက်နေတယ်။ ဦးတို့ကလည်း မသိဘူး။ ကိုယ်ကလည်း သီလလာယူတာဆိုတော့ ဘာမှမပြောတော့ဘူးလေ။ လုံခြုံရေး တစ်ယောက်ကို အဲဒီအဘွားကြီးကို ကြည့်ခိုင်းထားလိုက်တယ်။ လုံခြုံရေးကလည်း ကြည့်ရင်းနဲ့ အဲဒီအဘွား ကြီးဘယ်ရောက် သွားမှန်းမသိဘူးလို့ ပြောတယ်။ဒါက ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ် တစ်ခုပါ။ ဒီလို ထူးခြားဆန်းကြယ်မှုတွေ ဖြစ်လာပေမယ့် ဒီဘုရားမှာ တွေတဲ့ အရိုးအိုးက ထိုင်းမင်းသမီး ဆုပန်ကလျာရဲ့ အရိုးဟုတ်မဟုတ် ဆိုတာ ဘယ်သူကမှ အတိအကျမပြောနိုင်သေးပါဘူး။ ဒါပေမဲ့လည်း ဒီဘုရားမှာတော့ နန်းဆောင်ပေးပြီး ဆုပန်ကလျာရဲ့ ရုပ်တုနန်းဆောင် ရှိနေတာရယ်။ ဆုပန်ကလျာရဲ့အရိုးအိုးလို့ယူဆရတဲ့ အရိုအိုး ကတော့ ဒီနေ့အထိ ရှိနေဆဲ။ ထိုင်းတွေ ယုံကြည်ပြီး ဒီဘုရားကို ဒီကနေ့အထိ လာရောက်နေ ဆဲကတော့ လက်ရှိအမှန်တရားတစ်ခုလို့ဆိုချင်ပါတယ်။ ဒီလောကမှာ ထူးခြားတဲ့ဖြစ်ရပ်တွေ ဖြစ်ရပ်ဆန်းကြယ်တွေရှိတာမို့ ဆုပန်ကလျာရဲ့ဝိညာဉ် ရှိနေတာလားဆိုတာ ကတော့ မည်သူတစ်ဦးကမှ အတိအကျမပြောနိုင်သေးပါဘူး။ ဒါပေမဲ့ ထိုင်းတွေယုံကြည်ပြီး သူတို့ ရဲ့ မင်းသမီး ဆုပန်ကလျာ ဒီမှာရှိနေတယ်ဆိုတာကတော့ အကြွင်းမဲ့ ယုံကြည်နေကြဆဲဖြစ်တဲ့အတွက် ဒီနေ့တိုင် မင်းသမီး ရှိရာကို လာရောက် လည်ပတ် ကိုးကွယ် ဖူးမျှော်နေကြဆဲပါပဲ။ Travelling_Journal/Vol_1_Issue_13 Photo_TravellingJournal
Contine Reading
By - Admin / 29-06-2019
၁၈နှစ် ၉လလျော့ သမီးငယ်သို့ပေးစာ

၁၈နှစ် ၉လလျော့ သမီးငယ်သို့ပေးစာ

သတိးလွင်(ပထဝီဝင်) ၁၈နှစ်ပြည့်မှ လူလားမြောက်ပြီး ၁၈နှစ်ပြည့်မှ လူကြီးမှတ်ပုံတင်ပြန်လုပ်ရသည်။ ၁၈နှစ်ပြည့်မှ ယာဉ်မောင်းလိုင်စင်ရပြီး ကားမောင်းခွင့်ရသည်။ ၁၈နှစ်ပြည့်မှ အရက်သေစာ၀ယ်ယူခွင့်ရသည်။ ယနေ့ ဥပဒေအရ ၁၈နှစ်ပြည့်မှအိမ်ထောင်ပြုခွင့်ရှိသည်။ ဒါဆို(၁၈)နှစ်မပြည့်သေးလို့ခိုးယူပေါင်းသင်းမိလျှင် သက်ငယ်မုဒိန်းမှု မြောက်လေသည်လော့!ကြယ်ပွင့်၆ပွင့်ပြမေးခွန်းတစ်ခု ….. ၁၇ နှစ်၃လသာရှိသေးသော သမီးငယ်သို့ သမီးလေးကိုလူလားမမြောက်သေးပေမယ့် ခရီးရှည်ကြီးဆက်သွားကြရမှာမို့အတိုင်အတာတခုထားရစ်ခဲ့ရတော့ တယ်….သမီး အ တွက်ရော…သမီးနှင့်ပတ်သက်တဲ့ သူငယ်ချင်းလုပ်ဖော်ကိုင်ဖက် အသိုင်းအဝိုင်းအတွက်ရော သိသင့်တာ တွေ… ဖျက်လို့ မရတဲ့ သမိုင်းတွေ…..ဖြစ်ရပ်မှန်တချို့ကို နှုတ်တရာ….စာတလုံး..အနေနဲ့ရေးပေးခဲ့တယ်။ သမီးလေး မွေးဖွား ကြီး ပြင်းခဲ့တဲ့ အမ်တာရွာ ကြီးအကြောင်းပြောပြချင်ပါတယ်။ အဖေတို့တတွေ သမုဒ္ဒရာ ၀မ်းတတွာအတွက် လှိုင်းလေ တွေကြား ကျင် လည်လှုပ်ရှား နေရ တယ်။ ခရီးသွားပင်လယ်ပြာကြီး (Tourism Blue Ocean) ထဲမှ ကျွန်းမကြီးတခုရှိခဲ့တယ်… ၁၉၅၀ ပြည့်လွန်နှစ် များကတည်းက ကျွန်းမကြီးကိုလေကြောင်းရေကြောင်းတွေနဲ့ လာရောက်လည်ပတ် ခဲ့ကြတယ်။ ၁၉၈၈ခုနှစ် ရောက်တော့ကျွန်မကြီးပေါ်က မြုံနေတဲ့ မီးတောင်ကြီးပေါက်ကွဲပြီးငလျှင်တွေလှုပ်၊ ဆူနာမီလှိုင်းလုံးတွေအောက်မှ ……အလူးအလဲခံရပြီး ၁၉၉၀ နောက်ပိုင်း ပြန်လည်စိုပြည်လာခဲ့တယ်။ကျွန်သူကျွန်သားတွေကိုလည် ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်ပိုင်ခွင့်ပေးထားတော့ ခရီးသည်တွေ လည်းပိုမိုသွက်လက်စွာ ၀င်ထွက်သွားလာကြတော့တယ်။ အခြားနယ်ပယ်အသီးသီးမှ ပြောင်းရွေ့လာသူတွေ၊ လူဦးရေတိုးပွား လာတာကြောင့် ကျွန်းမကြီးပေါ်မှ မွှန်းကြပ်လာကြပြီးအနီးအနားရှိ ကျွန်းငယ်လေးတွေကို ဆက်သွယ် ဖို့နေရာ သစ်ရှာလှ လာကြ တယ်… သမီး …….၁၉၉၅ လောက်ကတည်းက Visit Myanmar Year ကျင်းပဖို့ ကြိုတင်စီမံခံရာတွင် ခရီးသွားဆိုင်ရာ အသင်းအဖွဲ့အစည်းတွေ ဖွဲ့စည်းရေးကို တက်ကြွတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းရှင်များဖြစ်တဲ့ ဦးအေးကျော်၊ ဦးလှရွှေ၊ ဦးမောင်မောင်တိုး၊ဦး၀င်းမြင့်(Bon Voyage)၊ ဦးမျိုးဝေတင့် (Thuriya) ဦးတင်စိုး(Joyful Jupiter)နှင့် ဦးသိန်းရွှေ Free Bird Tour (ကွယ်လွန်)၊ ၊ ဦးသိန်း၀င်း (MOHT) ကွယ်လွန် တို့က လုံးမလေးစား သောက်ဆိုင် အစည်းအဝေးအပြီး အဆိုပြုခဲ့ကြ တယ်။ နိုင်ငံရေးအကြောင်းပြချက်ဖြင့် ပယ်ချခဲ့တယ်။ကျွန်းပိုင် သခင်ကြီးတွေ က စစ်ရာဇသံပေး ထားတာကြောင့် ကျွန်းငယ်လေး တွေဆီနေရာသစ်ရှာဖို့ ကြိုးစားခဲ့ ပေမယ့် မစွမ်းသာခဲ့ပေ။ ၁၉၉၈ အောက်တိုဘာလအတွင်း ကရဝိတ်ဖောင် တော် စီးပြီး မင်း နေပြန်တော် ထီးနန်းစံဘုရင်တပါး အဖေတို့ ကျွန်းမကြီးကို ဆိုက်ကပ်လာ တယ်။ အဲ့ဒီအချိန်က ဘုန်းမီးနေလတောက်ပနေတဲ့ ဘုရင်တပါးပေါ့ အဖေတို့ဆီ တိုင်းခန်း လှည့်လာစဉ် ခရီးသွားလုပ်ငန်း အေးဂျင့်များ ကျွန်းခိုဖို့အတွက် ကျွန်းတခု ဖော်ဆောင် ခွင့်ပြုဖို့တို့ ရွာသားထဲက သူရဲကောင်း တဦးဖြစ်တဲ့ ဗိုလ်အေး ကျော်က ကျွှန်းတခု တည်တောင်ခွင့်ပြုရေး ကိုအဆိုပြုခဲ့ ပါ တယ်။ မင်းတရားကြီးကတော့ အဖေတို့ ကျွန်းကို လာရောက်တဲ့ အပျော်စီး သင်္ဘောကြီးတွေ ဆိုက်ကပ်ခွင့်ရအောင် သက်ဆိုင်သူ ၀န်ကြီးတွေကို တခါတည်းအမိန့်ပေးခဲ့တယ်။ ခရီး သွားအေးဂျင့်များ အတွက် ကျွန်းအသစ်ဖော်ဖို့ကတော့ “မူ” အားဖြင့် သဘောတူခဲ့သော်လည်းမြေဖို့တံတားခင်းမီး/ ရေရဖို့ လုပ်ဆောင်ကာ ၃/ ၄ နှစ်ခန့်ကြာ မှ ကျွန်းမကြီးနဲ့ မနီးမဝေး ကျွန်းတခုခေါ် ဆောင်ခွင့်ပြုလိုက်ပါတယ်။ အဓိကဥိးဆောင်မှုပေးခဲ့သူ ကတော့ ဒု၀န်ကြီးဗိုလိချုပ်အေးမြင့်ကြူ ဖြစ်ပါတယ်။ ပေါင်းတင် မြက်ရှင်း မျိုးစေ့၀ယ် ၊ သီးပင်စားပင် စိုက်ရေ သွယ်ဖို့(၁၈)ဦးပါတဲ့ အစုအဖွဲ့နဲ့ပြောင်းရွေ့အခြေပြုခဲ့ပါတယ်။ သမီးအနေနဲ့ Who are UMTA Founders တွေလည်း ဆိုတာမှတ် သားစရာ အဖြစ် သမီးလေးသိအောင် ရေးပေးလိုက်တယ်နော်။ ၂၀၀၂ ခုနှစ် အမ်တာရွာကြီးကို စတင်တည်ထောင်ခဲ့တဲ့ ရွာသူကြီးနှင့်ရွာသူရွာသားများ စာရင်းကိုနောင်လာနောင်သားတွေ သိရှိ စေဖို့ ဖော်ပြလိုက်ရပါတယ်။ စဉ် အမည် အသင်းတာ၀န် ကုမ္ပဏီအမည် ၁။ ဦးခင်ဇော် ဥက္ကဌ Tour Mandalay ခရီးသွားလုပ်ငန်း ၂။ ဦးသန်းဌေး ဒု-ဥက္ကဌ Golden Thazin ခရီးသွားလုပ်ငန်း ၃။ ဦးကျော်ထက် အဖွဲ့၀င် Golden Land ခရီးသွားလုပ်ငန်း ၄။ ဦးမောင်မောင်ဆွေ အဖွဲ့၀င် SM ခရီးသွားလုပ်ငန်း ၅။ ဦးမင်းဒင် အဖွဲ့၀င် Columbus ခရီးသွားလုပ်ငန်း ၆။ ဦးထိန်တင် အဖွဲ့၀င် Sri Asia ခရီးသွားလုပ်ငန်း ၇။ ဒေါ်ရီတာမြင့် ဘဏ္ဍာရေးမှုး Taw Win ခရီးသွားလုပ်ငန်း ၈။ ဦးကြည်မြင့် အဖွဲ့၀င် Star ခရီးသွားလုပ်ငန်း ၉။ ဦးသက်လွင်တိုး အဖွဲ့၀င် Myanmar Voyages ခရီးသွားလုပ်ငန်း ၁၀။ ဒေါ်ဖြူဖြူမာ အဖွဲ့၀င် Seven Star ခရီးသွားလုပ်ငန်း ၁၁။ ဒေါ်ခင်မေမြင့် အဖွဲ့၀င် Karaweik M& J ခရီးသွားလုပ်ငန်း ၁၂။ ဦးအောင်မျိုးမင်းဒင် အဖွဲ့၀င် Adventure Myanmar ခရီးသွားလုပ်ငန်း ၁၃။ ဒေါ်စုစုတင် အဖွဲ့၀င် Exotissimo ခရီးသွားလုပ်ငန်း ၁၄။ ဦးစိုးသူရထွန်း အဖွဲ့၀င် Myanmar Tourex ခရီးသွားလုပ်ငန်း ၁၅။ ဦးလှရွှေ အဖွဲ့၀င် Dandaryi ခရီးသွားလုပ်ငန်း ၁၆။ ဦးကျော်၀င်း အဖွဲ့၀င် Swiftwinds ခရီးသွားလုပ်ငန်း ၁၇။ ဦးရဲမြင့် အဖွဲ့၀င် မြန်မာ့ခရီးသွားလုပ်ငန်း ၁၈။ ဦးတင့်နောင် အတွင်းရေးမှုး Golden Express ခရီးသွားလုပ်ငန်း ရေပေါ်ကျွန်းမှာမွေးဖွားကြီးပြင်းလာသူသမီးငယ်သို့ သမီးလေးကိုအမ်တာကျွန်းပေါ်မှ ၂၀၀၂ခုနှစ် ဧပြီလ(၁)ရက်နေမှာမွေးဖွားခဲ့တယ်။ ပထမဆုံး ကျွန်းသူကျွန်းသား (၁၈)ဦး က အသပြာကျပ်(၁)သိန်းစီချွေးနဲစားတွေစုပြီးအမ်တာကျွန်းမှ မွေးဖွားခဲ့တဲ့သမီးအတွက် ပြုစုပျိုးထောင် ပေးခဲ့ကြတယ်။ ထိုစဉ်က ကျွန်းပိုင်သူကြီးဦးခင်ဇော်ဖြစ်ပြီး / အတွင်းရေးမှူး ဦးတင့်နောင် -နောက်ပိုင် း ဦးဘုန်းသန့်ဖြစ်လာတယ်။ စစ်အစိုးရခေတ် ဆိုတော့ လဲဗဟိုမှချုပ်ကိုင်ညွှန်ကြားမှုနဲ့ကြီးပျင်းခဲ့ရတာပေါ့လေ။ ကျွန်းသူကျွန်းသားတွေကိုရာဂဏန်းကျော်တိုးပွားလာကြလေရဲ့၂၀၀၃ခုနှစ် ဆန်းလောက်မှာ အမ်တာကျွန်းနှင့်မနီးမဝေးမှာ အမ်ဟာ(MHA)ကျွန်းကြီးတခုပေါ်ထွန်းလာပါတယ်။ သူကြီးက ဦးခင်ရွှေ ဖြစ်ပြီး အတွင်းရေးမှူးက ဦးရန်၀င်းဖြစ်တယ်။ အဖေကတော့ ကျွန်းသူကျွန်းသားတွေ စာတတ်မြောက်ရေး (အသုံးလုံး) သင်ကြားရေးဆရာအဖြစ် တာ၀န်ယူခဲ့ရတယ်။ ၂၀၀၆ရောက်တော့ မင်းနေပြည်တော်ရှိရာ ကျွန်းမကြီးကို ကုန်းတတန် ၊ရထားတတန်သွားပြီး လူကြီးတွေကို ခရီးသွားပညာဒါန ကျူရှင် သွားပေးခဲ့ရတာတွေ အမှတ်တရပေါ့၊ အဲ့ဒီ့အချိန်တုန်းက ရံပုံငွေဆိုတာ အစိုးရဆီ က ထောက်ပံ့ဖို့ဝေလာဝေး ၊ အလှူခံသမျှ ၊ ပြည် တွင်းပြည်ပခရီးစဉ်တွေမှာ အစဉ်သဖြင့် အိတ်စိုက်လုပ်ခဲ့ ရတာ ရင်းခဲ့ရတာ တွေသာ မြေ၀ယ်၊ခြံ၀ယ်ပြီး ဟိုတယ် ဆောက်ခဲ့ရင် အဖေတို့ တတွေဒူးနှံ့ပြီး ယပ်ခပ်နေရုံဘဲ ၊ ထိုစဉ်က ပြည်ပ ခရီးသွားပြပွဲတွေကို စုပေါင်း ရံပုံ ငွေနဲ့သွားရင် အဖေတို့ တောသား တွေအပေါ် လူပေါ်လူဇော်လုပ်နေတဲ့ နိုင်ငံခြားသားတွေ အများစု သိမ်းပိုက်ထား တဲ့ MMC ဆိုတဲ့ ကျွန်းကိုသူတို့သာ ဦး ဆောင် နိုင် ခဲ့တယ်။ ၂၀၀၅ နောက်ပိုင်း မြန်မာ လူမျိုးသူကြီး ဦးအောင်မြတ်ကျော် ဖြစ်လာတယ်။ MMC ကျွန်းမှ လူသူရွာသား ၈၀ မပြည့်သေးပါ။ အမ်တာကျွန်း က တော့ ရွာသား ၅၀၀ ခန့်ရှိ လာပါပြီ။ လှိုင်းကြီးလေထန်မုန်တိုင်းကြားမှ သမီးငယ် ၂၀၀၇ခုနှစ်မှာ မမျှော်လင့်ဘဲ ရွှေဝါရောင်လှိုင်းတံပိုးတွေ မီးတောက်ပမာပြန့်နှံ့ခဲ့တယ်။ သမီးလေးရေ … အဲ့ဒီု့တုန်းက ၅နှစ် အရွယ်သာသာဘဲ ရှိဦးမယ်. အဖေက ဗိုလ်တထောင်ကောလိပ်မှာ စဖွင့်နေတဲ့ DTSM ခရီးသွားဒီပလိုမာ သင်တန်းနံနက် (ရ)နာရီ အတန်းသွားပြစဉ် ဓာတ်ဆီ စျေးတွေ အစိုးဆိုင်တွေမှာ ရုတ်တရက်ထိုးတက်ကြောင်း သိလိုက်ရတယ်။ လောင်စာဆီတက်သလို သယ်ယူပို့ဆောင်ရေးတွေ တက်ပြီး ဒုံးပျံအလား တက်လာတဲ့ ``ကုန်စျေးနှုန်း” အိမ်ရှင်မတွေရဲ့နေ့စဉ် အပူတွေကို သိနေတာက ဆွမ်ခံစားရတဲ့ ရဟန်းတွေဘဲ နောက်ဆုံးအောက်ခြေမှာ အုံကြွမှု တွေ ထိန်းမရတဲ့အဆုံး သံဃာတွေ လည်းဆန္ဒဖော်ထုတ် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခဲ့တယ်။ ရက်ပိုင်းအတွင်း ဆူပူမှုတွေ တနိုင်ငံလုံး ပြန်နံ့သွားခဲ့ပြီး ရွှေဝါရောင် လှိုင်းတံပိုးတွေ ဆူနာမီအလား ပျံနှံလောင်ကျွမ်းခဲ့တယ်။ အဲ့ဒီ့အချိန်တုန်းက သမီးရဲ့အဖေဟာ အမ်တာကျွန်းမှာ တွဲဖက်အတွင်းရေးမှုး ပေါက်စနဲ့ ရေငံပိုင်ကျွန်းသခင်ကြီးရဲ့့ တာ၀န်ပေးချက်အရ တဖက်နိုင်ငံ မှာ မိမိတို့ ကျွန်းကို လာရောက်ရန်စီစဉ်ပြီးမှ လှည့်ပြန် တော့မယ့် အပျော်စီးသင်္ဘောကြီးပေါ်ကို သွားရောက်ကြော်ငြာ၀င် ဆွဲဆောင်ခဲ့ရတာ အမှတ်တရပါ။ DVBတို့ Alcazia TV တို့ကို အိပ်ထဲမှာ ခိုးကြည့်ခဲ့ရတဲ့ ခေတ်ပေါ့။ ၂၀၀၈မေလမှာတော့ ရွှေဝါရောင်ထက် ပိုဆိုးတဲ့ နာဂစ်မုန်တိုင်းထန်ခဲ့တဲ့ ကာ လ ပေါ့သမီးရယ်။ မြစ်၀ကျွန်းပေါ် ၊ဧရာ၀တီမြစ်ဝှမ်းတလျောက် အနိစ္စအာရုံ ကပ်ဆိုးတွေ့ကြုံခဲ့ရတယ်။ သံလျင် ကျောက်တန်းမှာ ကယ်ဆယ်ရေး လုပ်တာတောင် ပါမစ်ယူသွားခဲ့ရတဲ့ဘ၀ . ကယ်ဆယ်တဲ့နေရာချထားရေးကို အမ် တာကျွန်းက ကိုနောင်းနောင်းဟန်နဲ့ အမ်အမ်စီ ကျွန်းက ကိုအောင်မြတ်ကျော်တို့ရဲ့ တက်ကြွစွာပါခဲ့တဲ့ ပုံရိပ်တွေမြင် ယောင် နေမိသေးတယ်။ အလယ်တန်းကျောင်းသို့ပြောင်းခဲ့ရတဲ့သမီးငယ် သမီးလေး(၁၀)နှစ်ပြည့်ခါနီး ကျွန်မကြီးမှလည်း သူကြီးအသစ်ပြောင်းလာလို့ သမီးကြီးပြင်းလာတဲ့ အမ်တာကျွန်းမှာဘဲ အလယ် တန်းကျောင်း ဆက်ထားမယ်လို့ စဉ်းစားထားခဲ့တယ်။ ထိုစဉ်က အမ်တာကျွန်းရဲ့သူကြီးဦးမောင်မောင်ဆွေပေါ့။ ထိုစဉ် မြေသိမ်း ၊ယာသိမ်းကာလတွေ နည်းပါးလာခဲ့သော် ငြားလည်း ကျွန်ကြီးတခုပေါ်လာပါတယ်။ အမ်တီအက်ဖ် ကျွန်းမကြီးတခု ဖန်တီးပြီး ကျွန်းငယ် (၅)ခု၊(၆)ခု လောက်ကို သိမ်းသွင်း ဖွဲ့စည်းခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့တယ်။ ခေတ်ပြောင်းလာတာနဲ့ ခေတ်နဲ့လိုက်မယ့် Tourism လုပ်ငန်းကြီးဟာ ၂၀၀၈ နောက်ပိုင်း အလဲလဲ အကွဲကွဲ ဖြစ်ခဲ့ရာ ၂၀၁၂မှာတေ့ာ ရောင်နီသစ်ပေါ်လာခဲ့ပြီ သမီးလေး။ အဖေတို့ အမ်တာကျွန်းမှာ လည်း ကျွန်းဖွဲ့စည်းပုံ စဉ်းမျဉ်း ရေးဆွဲခဲ့တဲ့ အတွင်းရေးမှုး ဦးဘုန်းသန့်လည်း ပင်လယ်ရပ်ခြားသို့ For Good သွားပြီး မူလ(၁၈)ဦးထဲက သိပ်မကျန်တော့ပေ။ အခြားကျွန်းတွေကရော နယ်မြေရပ်ခြားက ကျွန်းသူကျွန်းသားတွေ အမ်တာ ကျွန်းပေါ် တက်လာကြတယ်။ ခေတ်စကား အရပြောရရင် ‘ရှယ်ကျုး’ တွေလည်း ပါလာတာပေါ့ သမီး။ အမ်တာ ကျွန်း သူကြီး ဒေါက်တာအောင်မြတ်ကျော် ဖြစ်လာပြီး အဖေ ကတော့ ဒုတိယနေရာမျာဘဲရပ်ပေးခဲ့ပါတယ်။ ဒီမိုကရေစီ ခေတ်ပြောင်း ကာလမှာ ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ လွတ်လပ်စွာ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းပုံ စည်း မျဉ်းပေါ်တွင်ပြင်ဆင် ကြိုးစားခဲ့တယ် ရွာသူရွာသားတွေလည်း (၇၀၀)နီးပါးရှိလာပြီးရွှေခေတ်` လို့ ပြော နိုင်ခဲ့တယ်။ ၄နှစ်တာခရီးရှည် ယခင်ရွားသူကြီး ဦးအောင်မြတ်ကျော်လည်း (၃)နှစ်ခန့်အုပ်ချုပ်ခဲ့စဉ် ထူးခြားတဲ့ပွဲလမ်းတွေနဲ့ ကြုံတွေ့ခဲ့ပြီး အမ်တာရွာသူ ရွာသားတွေ ခြေပေါ်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။ မင်းနေပြည်တော်မှာ ၂၀၁၃ခုနှစ်က ကျင်းပခဲ့တဲ့ SEA Game အရှေ့တောင် အာရှအားကစားပွဲ၊ ၂၀၀၄ခုနှစ်က ကျင်းပဖို့စီစဉ်ပြီးမှ ရုတ်ချည်းရွေ့ခဲ့ရတဲ့ အာဆီယံခရီးသွားဖိုရမ် ASEAN Tourism Forum (ATF) အာဆီယံခရီးသွား လုပ်ငန်းအဖွဲ့(ASEANTA) ၊ FATA အာဆီယံခရီးသွားအေဂျင်စီ အဖွဲ့ချုပ် တွေ့ဆုံချိတ်ဆက်နိုင်ခဲ့တယ်။ ရွာသူရွာသားတွေလည်း ၇၀၀ကျော်၊ ၈၀၀လောက် ရှိခဲ့ပြီး ရွားကြီးရဲ့ဘဏ္ဍငွေ(၂၅၀၀) သိန်းခန့်ထိ ရှာဖွေစုဆောင်းနိုင်ခဲ့တယ်။ သို့သော် ဘယ်လောက်ဘဲ ရွာကြီးအတွက် ကောင်းအောင် လုပ်ခဲ့သော်လည်း အပြစ်တင်၊ချောင်ပိတ်ထိုးနှက်ခံခဲ့ရတာတွေလည်း ကြုံခဲ့ရပါတယ်။ သမီးရဲ့ အဖဟာ ဒုနေရာမှ ၃ကြိမ်သက်တမ်းထိ (၆)နှစ်တိုင် တွဲဖက်လုပ်ကိုင်ခဲ့ရာမှ ယခုတဖန် အမ်တာကျွန်းပေါ်မှာ မွေးဖွားကြီးပြင်း လာတဲ့ သမီးငယ် (၁၃)နှစ်ပြည့်ပြီး အလယ်တန်းနှင့် အထက်တန်းကျောင်းပညာတွေ သင်ကြားနေချိန်မှာ သမီးရဲ့အဖေဟာ ဖွဲ့ စည်းပုံစည်းမျဉ်းနှင့် အညီ အများက ရွေးချယ်တင်မြှောက်တဲ့ ရွာသူကြီးဖြစ်လာခဲ့တယ်။ ၂၀၁၅ခုနှစ်မှ စခဲ့တာပေါ့။ သမီးလေးရှေ့ရေး ကောင်းစားဖို့ခရီးသွားလုပ်ငန်းမှာ အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်ဖို့ရာမှာ အနာမသိ၍ ဆေးမရှိဖြစ်ခဲ့ကာ ဆေးမှီးတိုနဲ့ဘဲကုသခဲ့ တာ ဆယ်စုနှစ်မကရှိခဲ့လေပြီ။ ဒီအတွက် စနစ်တကျ ဆေးစစ်ပြီးရောဂါရှာဖွေဖို့ လိုအပ်လာပြီးဖြစ် သောကြောင့် ၂၀၁၈ခုနှစ် နှောင်းပိုင်း ကတည်းက အဖေတို့ရွာကို ဦးဆောင်နေတဲ့ အဖွဲ့အစည်းနဲ့ ညီနောင်အသင်းမှ ကျွန်းပိုင် တွေ တပ်ဖြန့်ပြီး MTC ခေါ် Myanmar Tourism Conference ကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်။ ၁နှစ်ခွဲနီးပါး ပြင်ဆင်ပြီး ကြိုတင်ညှိုနှိုင်းကာ အစည်းအဝေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲတွေ တဒါဇင်ခန့် ကြိုတင်လုပ်ဆောင်ရပြီး ၁၂.၆.၂၀၁၈ ရက်နေ့မျာ နေပြည်တော်မှာ ကျင်းပတာ မြန်မာ့ခရီးသွားရဲ့ သမိုင်းရွက်တိုင်တခုပါ။ နိဂုံးမဟုတ်သောနိဒါန်း သမီးလေးအတွက် ၄နှစ်တာ ခရီးတလျှောက်မှာ ရှေးကာလတွေနဲ့မတူဘဲ စိန်ခေါ်မှုတွေ စိတ်ပျက်စရာတွေ စိတ်ညစ်စရာတွေ ကြုံတွေ့ခဲ့ရတယ်နော် ။အမ်တာရွာသူရွားသားတွေ အချင်းချင်းထက် ကောင်စီ၀င်အချင်းချင်း မတူညီတဲ့အမြင်နဲ့ အငြင်းပွားရင်း ကြက်ဖခွပ်နေကြတာနဲ့ အစည်းအဝေးတွေမှာ အချိန်ကုန်ခဲ့ကြတာ အားအင်ကုန်ခမ်းခဲ့ကြတာများပါခဲ့ပါသည်။ ရလဒ်အနေနဲ့ MTC ခရီးသွားညီလာခံကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး Tourism For Peace တိုင်းရင်းသားစုံညီပွဲ စတဲ့ အထင်ကပွဲ တွေ ပူးပေါင်းပါ၀င်ခဲ့ပြီး သမီးအတွက် အတွေ့အကြုံဂုဏ်မြင့်စေခဲ့ပါသည်။ ဒါအပြင် နိုင်ငံရဲ့အခရီးသွား အခြေခံအုတ်မြစ် တခုဖြစ်တဲ့ ခရီးသွားဥပဒေ Tourism Law ကိုလည်း လွှတ်တော်အရပ်ရပ်မှာ ကြိုးပမ်း တင်ပြခဲ့ပြီး အတည်ပြုနိုင်ခဲ့ သည်။ ခရီးသွားလုပ်ငန်း နည်းဥပဒေအတွက် MOHT သို့ တင်ပြဆွေနွေးနိုင်ခဲ့ပါတယ်.ရွာသူရွာသားများအားလုံးအတွက် MSME အသေးစား၊အလတ်စား ခရီးသွားဆိုင်ရာ လုပ်ငန်းများရေရှည်ရပ်တည်နိုင်ဖို့ MTB ဘဏ်အပါအ၀င် ပုဂ္ဂလိက ဘဏ်တွေနဲ့ချိတ်ဆက်ပြီး အကြွေးကဒ်တွေ ချေးငွေတွေ ရရှိရေးအတွက် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ သမီးလေးလည်း ပညာစုံပြီး ရေရှည်ဘ၀ရပ်တည်နိုင်ဖို့ အဖေတာ၀န်လွှဲယူစဉ်က သိန်း၂၅၀၀ ကျော်ခန့်သာရှိရာမှ ၂၀၁၉ မတ်ထိ ရွာသူရွာသား ၁၀၀၀ခန့်နှင့် ယခုအခါ သိန်း၄၅၀၀ခန့် လက်၀ယ်ထားနိုင်ခဲ့ပြီ။ နောက်နှစ်သက်တမ်းတွေကို ဆက်လုပ် ဦးဆောင် မည့် အမ်တာရွာသူကြီးအသစ်ကို နောင်းနောင်းဟန် နှင့် မျိုးဆက်သစ် EC အဖွဲ့တွေနှင့် ရွာသူရွာသား ၁၀၀၀ ကျော်တို့နှင့် အတူ ငြိမ်းချမ်းပျော်၇ွှင်စွာ တိုင်းပြည်အကျိုး ၊ ခရီးသွားကဏ္ဍ အကျိုးကို အောင်မြင်စွာ သယ်ပိုးနိုင်ပါစေလို့ အဖေ့အနေနဲ့ ဆန္ဒပြုလိုက်ပြီး နှုတ်ဆက်ခဲ့ပါတယ်။ အမ်တာရွာသူ သမီးပျိုလေးရယ်… Travelling_Journal/Vol_1_Issue_15 Photo_သတိုးလွင်(ပထဝီဝင်)
Contine Reading
By - Admin / 20-08-2019
တောင်ခြေမြင်းစာခွန့်က မြင်းချစ်သူ

တောင်ခြေမြင်းစာခွန့်က မြင်းချစ်သူ

Inle Horse club ကိုတည်ထောင်သူ မော်ကျွန်းသူ " မိန်းကလေးဆိုတာ မြင်းစီးလို့ မရဘူးတဲ့၊ သူတို့ မြင်းတွေကရှမ်းမြင်းတွေ ဖြစ်ပြီးတော့ ရှင်လောင်းမြင်းတွေ ဖြစ်တာမို့ ယောကျာ်းလေးတွေကိုပဲ ပေးတက်တာလို့ ဒေသခံ မြင်းလှည်းသမားတွေက ပြောလာတဲ့ အခါမှာ သူမဟာ မြင်းကို မစီးရမချင်းဇွဲမလျှော့ပဲ လုပ်ဆောင်ခဲ့တာမို့ မြင်းလည်း နောက်ဆုံးမှာ စီးခဲ့ရသလို အခုလို အောင်မြင်လာတဲ့ Inle Horse Club ကို တည်ထောင်နိုင်ခဲ့တာ" လို့ သူမက ပြောလိုက်ပါတယ်။ အသားဖြူဖြူ ၊ မျက်ခုံးနက်နက် မျက်နှာပေါက် ပုံစံကျကျ ချစ်စဖွယ်ကောင်းတဲ့ ပုံစံအမူရာ ရှိတဲ့ အသက် သုံးဆယ်ကျော် အမျိုးသမီးရဲ့မျက်နှာကို မြင်ရတဲ့အခါမှာ သူမဟာ စိတ်ဓာတ်မာကျောသူ တစ်ဦးဖြစ်ပြီး လုပ်ချင်တာကို ဖြစ်အောင် လုပ်မဲ့သူဆိုတာ ကို သိမြင်နိုင်ခဲ့ပါတယ်။ သူမရဲ့ အခုလို မြင်းစီးကလပ်ကို ဖြစ်လာရတဲ့ အကြောင်းရင်းများစွာလည်း ရှိခဲ့ပါတယ်။ သူမဟာ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ၊ဇီးကုန်းမြို့နယ်မှာ နေထိုင်ခဲ့စဉ်က အဖေဖြစ်သူက မြင်းမွေးတဲ့ သူ တစ်ဦး ဖြစ်ခဲ့ပြီး မြင်းတွေကို ထိန်းကျောင်းခဲ့တဲ့ ဖခင်တစ်ဦးဖြစ်ခဲ့ပါတယ်။ သူမ ရှစ်တန်းလောက် ရောက်တဲ့အချိန်မှာ ပြည်မှာ မြင်းတွေ မရှိတော့ပဲ ခေတ်ရဲ့ ပြောင်းလဲလာမှု နောက်ပိုင်းမှာ မြင်းတွေအစား လူတွေဟာ စက်ဘီးတွေ၊ ဆိုက်ကားတွေနဲ့ ပြောင်းလဲ သုံးစွဲလာတယ်။ အဲဒီလိုနဲ့ မြင်းမွေးမြူရေး လုပ်ငန်းတွေဟာ တစစ နဲ့ ပျောက်ကွယ်သွားခဲ့ပါတယ်။ “ ငယ်စဉ်တုန်းကတော့ အစ်မက မတတ်နိုင်ခဲ့ဘူးလေ၊ အဲဒီ့ အခြေအနေကိုပဲ သိလိုက်ရတာ။ အစ်မက ညောင်ရွှေက အမျိုးသားနဲ့ ဖူးစာ ဆုံပြီးတော့ ညောင်ရွှေကို ရောက်လာခဲ့တယ်။ အဲဒီမှာ အစ်မရဲ့ ဗီဇ ပိုးလို့ ခေါ်ရတယ်လို့ဆိုမလား ။ ဒီက မြင်းလှည်းသမားတွေကို တွေ့လိုက်ရတဲ့အခါ မြင်းစီးချင်တဲ့လို့ ပြောလိုက်တဲ့အခါမှာ သူတို့ ပြောလာတဲ့ စကားက မိန်းကလေးဆိုတာ မြင်းစီးလို့မရဘူး၊ ရှမ်းမြင်းတွေ ဖြစ်တာရယ်၊ ရှင်းလောင်မြင်းတွေ ဖြစ်တာမို့ ယောကျာၤးလေးတွေပဲ ပေးတက်တာမို့ ပြောလိုက်တဲ့အခါမှာ အစ်မ ကဇွဲမလျော့ပဲ မိတ်ဆွေ ဖွဲ့ပြီး စီးခွင့်ရခဲ့ပါတယ် ”လို့ သူမက ပြန်ပြောင်း သတိတရနဲ့ ပြော ဆိုခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူမရဲ့ ကြိုုးစားမှုက အောင်မြင်ခဲ့တာ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သူမ မြင်းပေါ်မှာ စပြီး စီးနင်းခွင့် ရတဲ့အချိန်မှာတော့ မြင်ကွင်းတွေက ရိုးရိုးကြည့်ရတာနဲ့ စာရင် မြင်းစီးရင်း မြင်းပေါ်ကနေ ကြည့်ရတဲ့ ခံစားမျိုးက မတူခဲ့ပါဘူး၊အရမ်းကြည့်လို့ကောင်းခဲ့တာကို ခံစားခဲ့ရတယ်လို့ သူမ က ပြောပြပါတယ်။ အရင်တုန်းက ညောင်ရွှေမှာ မြင်းလှည်း ၁၅ စီးလောက် ရှိနေခဲ့ရာမှ အခုဆိုရင် ၂စီးလောက်သာ ကျန်တော့ တဲ့ အတွက် မြင်းလှည်း သမားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ တဖြည်းဖြည်း နဲ့ နည်းပါးလာခဲ့ပါတယ်။ လူတိုင်းက ဆိုင်ကယ်တွေ စီးလာတဲ့အတွက် ပုံမှန်ဝင်ငွေ မရှိတော့တဲ့အခါမှာ မြင်းတွေကို ချစ်လွန်းလို့သာ မွေးထားကြပေမဲ့ စားဝတ်နေရေးရှိတာကြောင့် မြင်းတွေကို ချစ်လျက်နဲ့ စွန့်လွှတ်လိုက်ရတာတွေလည်း ရှိခဲ့ပါတယ်။ ဒီလို အခြေအနေကို သူမ ငယ်စဉ်က တစ်ကြိမ် ကြုံဖူးခဲ့ပြီးပြီ။ အဲ့ဒီတုန်းကတော့ သူမက ငယ်ရွယ်ခဲ့တဲ့ အချိန်မို့ ဘာမှ မတတ်နိုင်ခဲ့တဲ့ အခြေအနေပါ။ အခုအခြေအနေနဲ့တော့ ကွဲပြားခြားနားခဲ့ပါပြီ။ အဲဒီလို ဖြစ်ရပ်မျိုးတွေကို ကြားလိုက်ရတဲ့အခါမှာ သူမဟာ စိတ်ကူးအကြံဉာဏ်တွေ ရသွားခဲ့ပါတယ်။လူတွေဟာ မြင်းလှည်းစီးတာကို စောင့်နေမဲ့အစား မြင်းပေါ်ကို လူတင်ပြီး သဘာဝတောထဲကို ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှု မျိုး ကို လုပ်လို့ရတဲ့ စိတ်ကူးအကြံဉာဏ်ကို သူမ စတင်ရရှိခဲ့ပါတယ်။ ဒီနည်းလမ်းက လည်း ဝင်ငွေရနိုင်တဲ့ နည်းလမ်းတစ်မျိုးပါပဲ၊ ဒီလို အခွင့်အရေးကို ဖန်တီးရမယ်လို့ သူမက မြင်းလှည်းသမားတွေကို ပြောပေမဲ့လည်း ဒေသခံ မြင်းလှည်းသမားတွေ အနေနဲ့ သူမရဲ့ ဆိုလိုတဲ့ အဓိပ္ပာယ်ကို နားမလည်ခဲ့ကြပါဘူး။ သူတို့ ကြောက်နေတယ်လို့ထင်တာပဲ၊ မကြောက်နဲ့လို့ သူမ ပြောခဲ့ပါတယ်။ ဒီပုံစံက ရှင်လောင်း လှည့်တဲ့ ပုံစံတစ်မျိုးပါပဲ လို့ သေသေချာချာ ရှင်းပြခဲ့ပေမဲ့ သူမ ဆိုလိုရင်းကို နားမလည်ခဲ့ကြပါဘူး။ စိတ်မြန် လက်မြန် ရှိတဲ့ သူမကတော့ သူမ ပြောဆိုခဲ့တဲ့ စိတ်ကူးအကောင်ထည် ကို ဖော်မယ်ဆိုပြီးတော့ မြင်းချစ်တဲ့သူတွေကို စု၊ မြင်းလှည်းသမားတွေကို စိတ်ခွန်အားတွေပေးပြီး အခုလို မြင်းစီးကလပ် ကို စတင်အကောင်ထည် ဖော်ခဲ့ပါတယ်။ တစ်နှစ်လောက် အကြာမှာ အင်္ဂလန်နိုင်ငံက ပေးတဲ့ စွန့်ဦး တီထွင်တဲ့ ဆု ကို သူမ ရရှိခဲ့ပါတယ်။ သူမ ရရှိခဲ့တဲ့ ဆုကတော့ နယ်မြေဒေသ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ ဆုဖြစ်ပြီး ဆုကြေးအနေနဲ့ စတာလင်ပေါင် (၂) သောင်းရရှိခဲ့ပါတယ်။ အဲဒီလိုနဲ့ မြင်းစီးကလပ်ကို သူမ စတင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ မြင်းစီးကလပ် စတင်ဖို့အတွက် မြေဧက ၁၆ ဧက ဝယ်ထားခဲ့ပေမယ့် မြင်းစီးကလပ်အတွက် ငါး ဧက သာကို လက်ရှိမှာ ဖော်ဆောင်ထားပါတယ်။ မြင်းစီးကလပ်ကို စတင်ခဲ့တဲ့ အချိန်တုန်းက မြင်းသုံးကောင်းကနေ စတင်ခဲ့ပြီး ခုချိန်မှာတော့ မြင်း (၁၁) ကောင်ထိ ရှိနေခဲ့ပါပြီ။ သူမရဲ့ မြင်းစီးကလပ်မှာ ဝန်ဆောင်မှု နှစ်မျိုး ပေးထားပြီး မြင်းမစီးတတ်သေးတဲ့ သူတွေ အတွက် ဘေးနားကနေ Trainer လိုက်ပေးပြီး ဓာတ်ပုံရိုက်ပေးတဲ့ ပုံစံမျိုးရယ်။ စီးတတ်တဲ့ ဧည့်သည်တွေအတွက်ကျတော့ အရှေ့ကနေ မြင်းတစ်ကောင်နဲ့ ဦးဆောင်ပြီး သွားတဲ့ ဝန်ဆောင်မှုမျိုးကို ဆောင်ရွက်ပေးထားးပါတယ်။ သူမရဲ့ ကြိုးစားမှုကြောင့် ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ဆု ထပ်မံရရှိခဲ့ပါသေးတယ်။ ဒေသခံ အမျိုးသမီးတွေကို အလုပ်အကိုင် ဖော်ဆောင်ပေးနိုင်ခဲ့အတွက် ခုဆိုရင် ဧည့်သည်တွေဟာ ညောင်ရွှေမှာ ပိုပြီး ရက်ကြာကြာနေနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ မြင်းစီးကလပ်မှာ ဆိုလာစွမ်းအင်နဲ့ မီးအသုံးပြုတဲ့အတွက် ဒိန်းမတ်က ပေးတဲ့ဆုကိုုလည်း ရရှိခဲ့သူဖြစ်ပါတယ်။ “ ညောင်ရွှေမှာ အရင်တုန်းကဆို အင်းလေးကန်ကြီးရှိလို့ လှေစီးရတာလို့ပဲ ထင်ခဲ့ကြပေမဲ့ ခုနောက်ပိုင်းမှာဆိုရင် activity တွေ အများကြီးရှိလာတာမို့ ရက်ကြာကြာနေထိုင်လာကြပါတယ်။ အဲဒီလို ပိုကြာကြာနေလေ ဒေသအတွက် အကျိုး ပိုရှိ လေ ပါပဲ ” ဟု သူမက ဆိုပါတယ်။ သူမရဲ့ မြင်းစီးကလပ်မှာ ဒေသရဲ့ မြင်းမျိုးစိတ်တွေကိုပဲ မပျောက်ကွယ်သွားအောင် မွေးမြူထားပြီး သူမရဲ့ မြင်းတွေကို ချမ်းသာ၊ ကင်းစတား၊ ကြာဖြူ၊ သစ္စာ ၊ ရွှေမင်းသမီး၊ ဒေဝီ ၊ လုလု စတဲ့ နာမည်တွေကိုု ပေးထားပြီး သူမရဲ့ မြင်းတွေကို ဧည့်သည်တွေနဲ့ အကျွမ်းတဝင်ဖြစ်အောင် လေ့ကျင့်သင်ကြားထိန်းကျောင်းပေးခဲ့သူလည်း ဖြစ်ပါတယ်။ သူမရဲ့ မြင်းစီးကလပ်မှာ နာမည်အကြီးဆုံးကတော့ တောင်တန်းနောက်ခံတွေနဲ့ ဓာတ်ပုံရိုက်ကောင်းတဲ့နေရာဖြစ်တဲ့ အင်းလေးကန်ကြည့် တောင်ကုန်း ပဲဖြစ်ပါတယ်။ မြင်းစီးကလပ်ကနေ ဝိုင်ခြံနဲ့ စပျစ်ခင်းတွေ ၊Coffee House တွေ ကို သွားတဲ့ လမ်းကြောင်းတွေက အထင်ကရ လမ်းကြောင်းတွေပဲ ဖြစ်ပါတယ်။ သူမရဲ့ မြင်းစီးကလပ် ဖော်ဆောင်တဲ့နေရာက တောင်ခြေ မြင်းစာခွန့် ကျေးရွာ ဖြစ်ပြီး အရင်တုန်းက ရှမ်းစော်ဘွားတွေ အတွက် မြင်းတွေ ထိန်းကျောင်း အစာကျွေးရတဲ့ ဒေသတစ်ခုပဲ ဖြစ်ပါတယ်။ သူမရဲ့ ခံယူချက်က လူတိုင်း မြင်းစီးရင်း ရတဲ့ ခံစားမှုကို ပေးချင်တာဖြစ်ပြီး မြင်းပေါ်ရောက်တဲ့ ခံစားမှုရယ်၊ ဒါ့အပြင် မိန်းကလေးတွေ မြင်းစီးလို့ရတယ်ဆိုတဲ့ စိတ်ခံစားမှုရယ် ၊ဒီလိုမြင်းစီးကလပ် တည်ထောင်ပေးလိုက်ခြင်းအားဖြင့် ဒေသခံဝင်ငွေ ပိုမို ရရှိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို တည်တောင်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ သူမရဲ့ လက်ဦးဆရာကတော့ အင်တာနက်ဖြစ်ပြီး မြင်းတွေ ဘယ်လိုထိန်းကျောင်းရမလဲ၊ ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ တွေကို လေ့လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ ဘဝမှာ ဘယ်သောအခါမှ မမေ့နိုင်တဲ့ စိတ်ခွန်အားဖြစ်စေခဲ့တဲ့ ဖြစ်ရပ်တစ်ခုလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ မြင်းစီးကလပ် လုပ်ဖို့အတွက် နည်းပညာပိုင်းနဲ့ အကြံဉာဏ်တွေ ယူဖို့အတွက် မြင်းနဲ့ပတ်သက်တဲ့ အဖွဲ့အစည်း တစ်ခုကို အကြံဉာဏ် သွားတောင်းခဲ့စဉ်က မြင်းနဲ့ ပိုက်ဆံ ရှာဖို့ဆိုတာ မလွယ်ကူပါဘူး။ သူတို့တောင် နှစ် လေးဆယ်လောက်ရှိပြီ မဖြစ်နိုင်ဘူး၊ မြင်းထဲကို ပိုက်ဆံ ထည့်ရတာပဲ ရှိတယ်။ မြင်းတစ်ကောင်လောက် မွေးကြည့်လိုက်ပါ လို့ ပြောလိုက်တဲ့ ဒီစကားတခွန်းက Inle Horse Club ဖြစ်လာဖို့ စိတ်ခွန်အားတွေ ပေးခဲ့တာပဲ ဖြစ်ပါတယ်။ “ သူတို့ ပြောတဲ့စကားတစ်ခွန်းအတွက်လည်း ကျေးဇူးတင်မိတယ်။ ကိုယ့်အတွက် အမြဲတမ်း ခွန်အားဖြစ်ခဲ့တယ်။ ကိုယ်လုပ်နိုင်ခဲ့တယ်ဆိုပြီး အမြဲတမ်းလည်း ဂုဏ်ယူမိခဲ့ပါတယ် ” လို့ သူမက ကျေနပ်ဂုဏ်ယူနေတဲ့ လေသံလေးနဲ့ ဆိုပါတယ်။ သူမဟာ မြင်းတွေကို ချစ်တဲ့သူတစ်ယောက်ဖြစ်ပြီး အမျိုးသမီးတိုင်း မြင်းစီးလို့ ရနိုင်တယ်ဆိုတဲ့ Massage တစ်ခုပေးချင်တဲ့ဆန္ဒ၊ ဒေသခံ ဝင်ငွေ ရရှိအောင် ဖန်တီးပေးချင်တဲ့ ဆန္ဒ၊ ဒေသ မြင်းမျိုးရင်းတွေကို မပျောက်ကွယ်သွားအောင် ထိန်းသိမ်းပေးချင်တဲ့ ဆန္ဒ၊ သဘာဝ ပတ်ဝန်းကျင် ကို ချစ်မြတ်နိုးပြီး လိုက်လျော ညီထွေစွာ နေထိုင်လိုချင်တဲ့ ဆန္ဒ၊ Inle Horse club ကြီးကို ပို ခိုင်မာပြီး တစ်ဆင့်နဲ့တစ်ဆင့် တိုးတက်အောင် လုပ်ဆောင်သွားချင်တဲ့ စိတ်ဆန္ဒတွေနဲ့ သူမရဲ့ ရှေ့လာမဲ့ အနာဂတ်မှာ တဖြည်းဖြည်း အကောင်ထည် ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။ သူမရဲ့ စိတ်ကူးကို သူမ ရအောင် ဖော်ဆောင်ခဲ့တဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပြီး ဘဝမှာ ဘယ်လောက် ပဲ ခက်ခဲ နေပါစေ အောင်မြင်တဲ့သူဖြစ်အောင် မခံချင်စိတ်နဲ့ကြိုးစားရင်း အခုလိုInle Horse Club ကို တည်ထောင်နိုင်ခဲ့တဲ့တစ်ဦးဖြစ်လာခဲ့ပါတယ်။ Vol_1_Issue_20 Photo_ သူရ(မဇ္ဇိမ) | ကိုရေအေး
Contine Reading
By - Admin / 01-05-2020
ခရီးသွားလုပ်ငန်းနှင့် ငြိမ်းချမ်းရေး

ခရီးသွားလုပ်ငန်းနှင့် ငြိမ်းချမ်းရေး

စည်သူကျော် ယနေ့ ကာလတွင် လူပြောအများဆုံးအကြောင်းအရာတစ်ခုကား ငြိမ်းချမ်းရေးဖြစ်သည်။ ငြိမ်းချမ်းရေးကို ကမ္ဘာသူကမ္ဘာသား များလိုလားကြသည်။ နှစ်သက်ကြသည်။ သမိုင်းတလျှောက် ငြိမ်းချမ်းမှုမရှိခဲ့၍ ဒဏ်ရာ ဒဏ်ချက်များပြားခဲ့သော ကမ္ဘာကြီးကား ယနေ့အချိန်ထိ ငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ လှုပ်လီလှုပ်လဲ့ ချီတက် နေဆဲ။ The Global Goals for Sustainable Development တွင် Peace, Justice and Strong Institutions တစ်ခုအပါအဝင်ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ မျှော်မှန်းချက်များတွင် ငြိမ်းချမ်းရေးသည် ပါဝင်နေပေသည်။ ခရီးသွားလုပ်ငန်းသည်လည်း ဘေးကင်းလုံခြုံမှု၊ ငြိမ်းချမ်းမှုတို့နှင့် တိုက်ရိုက်ဆက်စပ်လျက် ရှိပေသည်။ သို့ဖြစ်ရာ ငြိမ်းချမ်းရေး (Peace) ဟူသော ဝေါဟာရနှင့် ခရီးသွားလုပ်ငန်း (Tourism) ဟူသောဝေါဟာရတို့သည်ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာလေသည်။ သို့ရာတွင် ခရီးသွားလုပ်ငန်းနှင့်ငြိမ်းချမ်းရေးဟူသည် ခါတော်မှီပေါ်ထွက်လာခြင်းတော့မဟုတ်ချေ။ ၁၉၂၉ ခုနှစ်တွင် The British Travel and Holidays Association က ၎င်းတို့၏ ပထမအကြိမ် သင်းလုံးကျွတ် အစည်းအဝေးကြီးကို “Travel for Peace” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာခရီးသွားနှစ် (International Tourism Year) ၏ ဆောင်ပုဒ် ကို “Tourism Passport to Peace” ဟု သတ်မှတ်ခဲ့သည်။ ယင်းနောက် ၁၉၈၆ ခုနှစ်တွင် International Institute for Peace through Tourism (IIPT) ကိုတည်ထောင်နိုင်ခဲ့ပြီး (၂)နှစ်အကြာတွင် IIPT ၏ပထမဆုံး ညီလာခံကို “Tourism: A Vital for Peace” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။ ထို့နောက် ခရီးသွားလုပ်ငန်းနှင့် ငြိမ်းချမ်းရေးကို ပေါင်းကူးဆက်စပ် ပေးသော အဖွဲ့အစည်းများ၊ သုတေသန ဌာနများ အများအပြား ပေါ်ထွက်လာခဲ့သည်။ ထိုသမိုင်းပြယုဂ်များကြောင့်လည်း ခရီးသွား လုပ်ငန်းသည် ပထမဆုံးကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေး လုပ်ငန်းကဏ္ဍ တစ်ခုအဖြစ်ဂုဏ်ပြုခေါ်ဆိုခြင်းခံခဲ့ရသည်။ ခရီးသွားလုပ်ငန်း သန္ဓေတည်စကပင် ငြိမ်းချမ်းရေးဟူသော ဝေါဟာရသည် ယှဉ်တွဲပါဝင် လာခဲ့သည် မဟုတ်ပါလော။ သို့အားဖြင့် ခရီးသွားလုပ်ငန်း၏ အပေါင်းလက္ခဏာဆောင်သော သက်ရောက်မှုများတွင် ငြိမ်းချမ်းရေး သည်လည်း ပါဝင်လာ ပေသည်။ မေးစရာမေးခွန်းတစ်ခုကား ငြိမ်းချမ်းမှုနှင့်တရားဥပဒေစိုးမိုးမှု ကင်းမဲ့ သော ဒေသတစ်ခုသို့ ခရီးသွားလုပ်ငန်းသည် ဝင်ရောက်နေရာ ယူနိုင ်ပါ မည်လော။ အဖြေကားရှင်းပါသည်။ မယူနိုင်ပါ။ သို့သော် ခရီးသွား လုပ်ငန်းသည် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်(သို့မဟုတ်) ငြိမ်းချမ်းရေး တည်ဆောက်မှုအပေါ်ဝင်ရောက်ပါဝင်ပတ်သက်နိုင်ပေသည်။ ပါဝင်ပတ်သက်ရုံသာမက သိသာထင်ရှားသော အထောက် အပံ့ပြုမှုနှင့်သက်ရောက်မှုများကိုလည်း ပေးစွမ်း နိုင်ပေသည်။ တစ်နေရာမှတစ်နေရာသို့ ခရီးသွားလာခြင်းဖြင့် မတူကွဲပြားမှုများကို နားလည်သဘောပေါက်လက်ခံလာနိုင်ပြီး ရေရှည်ယှဉ်တွဲပူး ပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လာနိုင်သည်။ နိုင်ငံရေးယဉ်ကျေးမှုများဖလှယ်ခြင်းဖြင့် စစ်မက်ဖြစ်ပွားခြင်းကို ရှောင်လွှဲနိုင်သည်။ တည်ငြိမ်အေးချမ်းရေးကို အဓွန့်ရှည်စေသည်။Post Conflict ဟုခေါ်သော ပဋိပက္ခဖြစ်ပွားပြီး နေရာဒေသ များတွင် ခရီးသွားလုပ်ငန်းကို ဖော်ထုတ်ဆောင်ရွက် ခြင်းဖြင့် ဒေသ၏ လူမှုရေး၊ စီးပွားရေးတို့ကို လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာစေသည်။ ကမ္ဘာပေါ်တွင်ခရီးသွားလုပ်ငန်းအမျိုးအစားအသီးသီးကို ဈေးကွက် ်ဖော်ထုတ်ရောင်းချမြှင့်တင်လျက်ရှိရာ စစ်မက် ဖြစ်ပွားရာ သမိုင်းဝင် အထင် အရနေရာများသို့ သွားရောက်လေ့လာလည်ပတ်သော ခရီးစဉ်များလည်းပါဝင် ပါသည်။ ယင်းကို War Tourism, သွားရောက်လည်ပတ်သူများကို War Tourist များဟုခေါ်ဆိုကြသည်။ ယင်းသို့ သွားရောက်လည်ပတ်ခြင်းဖြင့် စစ်၏ဆိုးကျိုးများ၊ ဘေးဒုက္ခများကို သိမြင်လာပြီး စစ်မက်ဖြစ်ပွားခြင်းကို ရှှုံ့ချခြင်း၊ ငြိမ်းချမ်းရေးကို လိုလားခြင်းစသော အသိအမြင်များ တိုးပွားလာစေမည် ဖြစ်ပါသည်။ အလားတူ ငြိမ်းချမ်းရေးအထိမ်းအမှတ် နေရာများသို့ သွားရောက်လည်ပတ်ခြင်းကို Peace Tourism, သွားရောက်လည်ပတ် လေ့လာသူများကို Peace Tourist ဟုခေါ်ဆိုကြသည်။ Peace Tourism site များအနက် ထင်ရှားသော နေရာတစ်ခုမှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ရှိ Hiroshima Peace Memorial Park ဖြစ်သည်။ အဆိုပါနေရာသည် ဒုတိယ ကမ္ဘာစစ်အတွင်းက အနုမြူဗုံးကြဲ ချခံရသည့် အဖြစ်ဆိုးကြီးကို အမှတ်ရနေစေရန် တည်ဆောက်ထားသော နေရာဖြစ်ပါသည်။ Hiroshima Peace Memorial Park တွင် Hiroshima Peace Memorial Museum ပါဝင်ပြီး ပြတိုက်တွင် အနုမြူဗုံးဒဏ်ကြောင့် ထိခိုက်သေ ကြေပျက်စီးခဲ့ရသည့် ဓာတ်ပုံ မှတ်တမ်းများကို အဓိကထားပြသထားပြီး အနုမြူဗုံးဒဏ်မခံရမီ ဟီရိုရှီးမားနှင့်အနုမြူဗုံးဒဏ်ခံရပြီးသည့် ဟီရိုရှီးမားတို့ကို ပြသထားရာ စစ်၏ကြောက်မက်ဖွယ်အနိဌာရုံများကို လာရောက်လေ့လာသူများ မျက်ဝါးထင်ထင်တွေ့ မြင်ရမည်ဖြစ်သည်။Hiroshima Peace Memorial Park ကို ဒုတိယကမ္ဘာ စစ်ကြီးအပြီး ဆယ်နှစ်အကြာ ၁၉၅၅ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပါ သည်။ လေ့လာတွေ့ရှိရသော စာရင်းဇယားများအရ ၁၉၅၅ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း ခရီးသွား ဧည့်သည် ၅၃ သန်းလာရောက်လည် ပတ်ခဲ့ကြောင်းတွေ့ရှိရာ တစ်နှစ်လျင် ခရီးသွားဧည့်သည် တစ်သန်း ကျော် လာရောက်လည်ပတ်ခဲ့ခြင်းဖြစ်ပါသည်။ ခရီးသွားလုပ်ငန်းမှတဆင့် အကျိုးသက်ရောက်မှုရှိသော နယ်ပယ်များ ကို လူမှုယဉ်ကျေးမှု၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဟု (၃) မျိုးအဓိကခွဲခြားပြကြသည်။ ယင်းကို ခရီးသွားလုပ်ငန်း ပညာရပ် ဆိုင်ရာနယ်ပယ် တွင် Triple Bottom Line Analysis (TBL)ဟုခေါ်ဆိုသည်။ လက်နက်ကိုင်ပဋိပက္ခများနှင့် စစ်မက်ဖြစ် ပွားခြင်း သည် ဖော်ပြပါနယ်ပယ်(၃)ရပ်ကို စိုးရိမ်ဖွယ်ရာ အခြေအနေ ထိ ရောက်အောင်ထိခိုက်စေသည်။ တိုက်ပွဲများရပ်ဆိုင်းပြီး လုံခြုံဘေးကင်းသော နေရာ၌ အဆိုပါနယ် ပယ်သုံးရပ် တွင် သိသိသာသာ ဖွံ့ဖြိုး တိုးတက် လာသည်ကို တွေ့မြင်နိုင်သည်။မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် သဘာ၀ ပတ်ဝန်း ကျင်နှင့်လမ်းတံတားစသည့်အခြေခံအဆောက်အအုံများထိခိုက်ပျက်စီးစေသည်။ လက်နက်ကိုင်တိုက်ပွဲများကြောင့် သစ်တောသစ်ပင်နှင့် သားငှက်တိရိစ္ဆာန်များသေကြေပျက်စီးကာဂေဟစနစ်ပျက်ယွင်းစေနိုင်သည်။ ထင်ရှားသောသာဓကအနေဖြင့် လက်ရှိရခိုင်ပြည်နယ်တွင်ဖြစ်ပွားသော ပဋိပက္ခများကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကိုများစွာသော သက်ရောက်မှုများဖြစ်ပေါ်စေလျက်ရှိသည်။ ရခိုင်ပြည်နယ်သည် သာယာ လှပပြီး သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်များ ကြွယ်ဝမှု ကြောင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အတွက် အလားအလာ များစွာရှိသော ဒေသတစ်ခုဖြစ်သည်။ သို့ရာတွင် တည်ငြိမ်အေးချမ်းမှု မရှိခြင်းကြောင့် ခရီးသွား လုပ်ငန်းများရပ်ဆိုင်းနေရသည်မှာ ရခိုင်ပြည်နယ်အတွက်သာမကမြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍအတွက်ပါ ဝမ်းနည်းဖွယ်ရာဖြစ်သည်။ ဒေသခံများ လယ်ယာအလုပ်အကိုင်များ စွန့်ပစ်ရွှေ့ပြောင်းရသော ကြောင့် စီးပွားရေးထိခိုက်ပျက်စီးစေသည်။ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်း များ ပိတ်ဆို့၍ ကုန်ထုတ်လုပ်မှု ပျက်ပြားစေသောကြောင့် နိုင်ငံ့စီးပွားရေးနှင့် ပြည်တွင်း အသားတင်ထုတ်လုပ်မှုကို ကျဆင်းစေ သည်။ ထို့အပြင် စစ်ပွဲကာလအတွင်း အဓမ္မစေခိုင်းမှုများပေါ် ပေါက်ခြင်း၊ ဖမ်းဆီးစစ်ဆေးခြင်း၊ ချုပ်နှောင်မှုပြုခြင်း၊ အမျိုးသမီး နှင့်ကလေးငယ်များအား အလွဲသုံးစားပြုခြင်းများ လည်းပေါ်ပေါက် လာပါသည်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်နိုင်ငံမှ စစ်အတွင်း သိမ်းပိုက် ထားသည့် အာရှနိုင်ငံများတွင်လိင်ကျွန်ပြုမှုကြောင့်ပေါ်ပေါက်လာသည့် ပြဿနာများမှာ ယနေ့အချိန်ထိတည်ရှိနေဆဲပင်။စစ်ကြောင့်ဖြစ်ပေါ်ရသောဆိုးကျိုးများကား ဤမျှနှင့်မပြီး၊ ပညာရေး၊ ကျန်းမာရေးစသော အခြေခံလူထု လိုအပ် ချက်များလည်း ကာလကြာရှည်စွာဖြစ်ပေါ်နေပေမည်။ ၎င်းနှင့်ဆန့်ကျင်ဘက်ကား ဒေသတည်ငြိမ်အေးချမ်းလာခြင်းကြောင့် ခရီးသွားဧည့်သည်များ စိတ်ဝင်တစား ဝင်ရောက်လာနိုင်ပြီး၊ ကျွဲကူးရေပါဆိုသကဲ့သို့ ဒေသခံများအလုပ်အကိုင် အခွင့်အလမ်း များရရှိလာခြင်း၊ အခြေခံ အဆောက်အအုံများပြန်လည်ဖွံ့ဖြိုးလာပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်း၊ ယဉ်ကျေးမှုအမွေအနှစ် နှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးလုပ်ငန်းများ ပြန်လည်အ သက်ဝင်လာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည်။ စိုက်ပျိုးရေးနှင့်စက်မှုလက်မှုလုပ်ငန်းများပြန်လည်ထူထောင်ခြင်းအတွက် အချိန်ကာလာ အတန်ကြာကြာမြင့်မည်ဖြစ်သော်လည်း ခရီးသွား များလာရောက်လည်ပတ်ခြင်းကြောင့် အချိန်တိုအတွင်း ဒေသခံများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပေသည်။ Travelling_Journal/Vol_1_Issue_18 Photo_စည်သူကျော်ပေးပို့သည်
Contine Reading
By - Admin / 10-12-2019
စလင်းမြို့ကရေလယ်ကျွန်း ကိုးခုရှိရာဝက်သည်းကန်နဲ့ရုပ်စုံကျောင်းဆီ

စလင်းမြို့ကရေလယ်ကျွန်း ကိုးခုရှိရာဝက်သည်းကန်နဲ့ရုပ်စုံကျောင်းဆီ

ရေတိုး မြန်မာပြည်အလယ်ပိုင်း ဒေသ အညာမြေတို့အရပ်ဆီမှာ လည်စရာပတ်စရာတွေ များပြားလှပါ တယ်။အဲ့ဒီလို များပြားလှတဲ့ နေရာသေဒတွေထဲကမှ တစ်ခုဖြစ်တဲ့ မကွေးတိုင်း ဒေသကြီး စလင်းမြို့နယ်၊ ရှမ်းရွာကုန်းကျေးရွာက ဝက်သည်းကန် ရဲ့ဖြစ်တည်ပုံ သမိုင်းကြောင်းကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဝက်သည်းကန်လို့ ပြောရင် အနည်းဆုံး အဆိုတော် ဗညားဟန်ဆိုထားတဲ့ သီချင်းကိုတော့ ပြေးမြင်မိကြမှာပါ။ဝက်သည်းကန်ဟာဆိုရင် ကြာပန်းပြင်ကြီးတွေက ကန်ရဲ့အလှကိုု ထင်ဟပ်စေတာတော့အမှန်ပါပဲ။ ကန်အတွင်း က ကြာပန်းပြင်ကြီးကိုတွေ့မြင်ရတာကလည်း မျက်စိပသာဒ ဖြစ်စေတဲ့ ခံစားရရှိစေပါတယ်။ သပ္ပါယ်လွန်းလှတဲ့ ရှင်ပင်ရွှေမုဌောဘုရားကို ဖူးမြော်ပြီး ကန်အတွင်း မှာ စက်လှေစီးရတဲ့ ခံစားမှုကိုလည်း ခံစားရရှိစေနိုင်ပါသေး တယ်။ ဝက်သည်းကန်ဟာဆိုရင် သားဌက်ဘေးမဲ့ကြိုးဝိုင်းအဖြစ် ၁၉၅၃ ခုနှစ်မှာ စတင်သတ်မှတ်ခဲ့ပါတယ်။ ဒီကန်ကြီးကို နရပတိစည်သူမင်းကြီးရဲ့ ကိုယ်လုပ်တော် ရှင်စော၀ က ခရစ်သက္ကရာဇ် ၁၁၉၄ ခုနှစ်မှာ တူးဖော်ခဲ့တာလို့သမိုင်းမှတ်တမ်းအရ သိရပါတယ်။ မူလကန်အကျယ်အဝန်းမှာ ၁၀၈၈ ဧက ရှိပေမယ့် လက်ရှိအကျယ်အဝန်းမှာတော့ ၅၃၀ ဧက ရှိပြီး ရေပြင်ဧရိယာမှာ ၃၅၀ ဧက သာ ရှိပါတော့တယ်။ ကန်ရဲ့ ဘေးပတ်လည်မှာတော့ ကိုယ်ကာယလေ့ကျင့်နိုင်တဲ့ လေ့ကျင့်ရေးထောက်ကူပစ္စည်းတွေကို ထားရှိပေးထားသလို နားနေနိုင်မယ့်ခုံတန်းလျားတွေကို စနစ်တကျ တပ်ဆင် ပေးထားပါတယ်။ ဒါ့အပြင် ကန်လယ်ထိ စက်လှေ စီးနင်းနိုင်ဖို့ စက်လှေဆိပ်လည်း ရှိပါသေးတယ်။ စက်လှေစီးခကိုတော့ တစ်ယောက်ကို ၅၀၀ ကျပ်နဲ့ စက်လှေစီးနိုင်ပါတယ်။ ကန်ထဲမှာ စက်လှေစီးနင်းရတာကလည်း နာရီဝတ်ခန့်ပါပဲ။ စက်လှေစီးမယ်ဆိုရင် ရေလယ်ကျွန်းထဲက ရေလယ်ဘုရားဆီကို ပို့ဆောင်ပေးမှာဖြစ်ပြီး ကန်ထဲမှာ စက်လှေစီးရတဲ့ ခံစားမှု၊စိမ်းစိုနေတဲ့ ကြာပန်းပြင်ကြီးတွေကိုတွေ့မြင်ရတဲ့ မြင်ကွင်းတွေက စိတ်ကို ကြည်နူးစေမိမှာပါ။ နောက်ပြီး ကန်လယ်ခေါင်မှာ တည်ထားကိုးကွယ်ထားတဲ့ ဒေသခံတွေအခေါ်အရ ကန်လယ်ဘုရားကိုလည်း နာရီဝက် လောက်သာ စီးရသလို ကန်လယ် ကန်ချောင်ဘုရားဆီကိုလည်း သွားရောက် ဖူးမြော်နိုင်ပါသေးတယ်။ ဝါဆိုလပြည့် ဝါခေါင်လပြည့်ဆိုရင် လူတိုးမပေါက်အောင် စည်ကားလွန်းတယ်လို့ ဒေသခံစက်လှေဆရာက ဆိုပါတယ်။ ပြည်တွင်းခရီးသွားတွေအကြားမှာ စိတ်ဝင်စားစရာကတော့ ကန်လယ်မှာ တည်ရှိတဲ့ ကန်လယ်ဘုရားဆီကို လာရောက်ကြတာပါ။ ကန်လယ်ဆရာတော်ကြီးက ရဟန္တာဆရာတော်ကြီး ဖြစ်ပြီးတော့ ရွှေမုဌော ဘုရားကိုလည်း ကန်လယ်ဆရာတော်ကြီးကိုယ်တိုင် တည်ထားတာဖြစ်တာမို့ လာရောက်ဖူးမြော်သူ ခရီးသွား တွေ များပြားတာဖြစ်တယ်လို့ စက်လှေဆရာ ဦးအောင်ငွေထွန်းက ဆိုပါတယ်။ ဝက်သည်းကန်ရဲ့ထူးခြားချက်ကလည်း ကန်လယ်မှာ ရေလယ်ကျွန်းပုံစံကိုးခုရှိတာကြောင့် စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ကုန်းကိုးခုတည်ရှိနေတယ်လို့ ခေါ်ဆို နိုင်ပါသေးတယ်။ ကားလမ်းမဘေးဘက်မှာ တည်ရှိနေတဲ့ ကုန်းကတော့ ရှင်ပင်မုဌော ဘုရား ကုန်း ဖြစ်ပြီးတော့ ရေလယ် ထဲမှာတော့ ဝိဇ္ဇာကုန်း၊ ပြည်တော်ဦးကုန်း၊ အောင်မြင်တော်မူကုန်း၊ ကန်လယ်ကုန်း၊ ဖိုးသူတော်ကုန်း၊ နွားသတ်ကုန်း ၊ရိုးတော်ကုန်း စတဲ့ ကုန်းကိုးခုရှိပါတယ်။ ဒီကုန်းတွေကတော့ ကန်လယ်အတွင်းထဲမှာ တည်ရှိတာပဲဖြစ်ပါတယ်။ စက်လှေစီးမယ်ဆိုရင်တော့ ကန်လယ်နဲ့ ကန်ချောင်ဘုရားဆီကိုသာ သွားရောက်နိုင်တာပဲဖြစ်ပါတယ်။ တစ်ခြားကုန်းတွေကတော့ နာမည် အခေါ်အဝေါ်သာရှိတာဖြစ်ပါတယ်။ ဝက်သည်းကန်ဆိုတာကလည်း ရှေးရာဇဝင်အရ စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဒီကန်ကြီးဖြစ်တည် လာပုံက လည်း ဟိုးအရင်က ဝက်ကြီးလူးခဲ့တဲ့ ကန်တစ်ခုဖြစ်ခဲ့တာပါ။ နှစ်ပေါင်း ၉၀၀ နီးပါး သက်တမ်း ရှိတာဖြစ်ပါတယ်။ ဝက်ကြီးဘဝမှာ သေသွားခဲ့ပြီး နောင်ဘဝတစ်ခု မှာ မင်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပုဂံဘက်မှာ ဘုရားတွေတည်ပြီး တဲ့နောက်မှာ ဒီဘက်ခြမ်းကို တိုင်းခန်းလှည့်လည်လာခဲ့တာလို့ ဆိုပါတယ်။ အရင်ဘဝက လူးထားခဲ့တဲ့ ချိုင့်တွေ တွင်းတွေကို တွေ့မြင်တဲ့အခါမှာ ငဖြူစင် နတ်မင်းကြီးကို မေးကြည့်ခဲ့တယ် လို့ဆိုပါတယ်။ အဲဒီတုန်းက ငဖြူစင်နတ်မင်းကလည်း အသက်ကြီးတဲ့နတ်မင်းဖြစ်ခဲ့တာမို့ မင်းကြီးဟာ ခေါ်ယူ မေးခဲ့ တာလို့ ဆိုပါတယ်။ဒီချိုင့်တွေ တွင်းတွေ ဘယ်လိုဖြစ်တာလဲလို့ မေးမြန်းတဲ့အခါမှာ အသင်မင်းကြီး စိတ်တော့ မဆိုးပါနဲ့။ အသင်မင်း ကြီး က ဟိုဘက်ဘဝမှာတုန်းက ဝတ်ဘဝနဲ့ လူးထားခဲ့တုန်းက ချိုင့်တွေ တွင်းတွေပဲ ဖြစ်ပါတယ်တဲ့။ ဒါကြောင့်မို့ အရှင်မင်းကြီးက ဒီနေရာကို ကန်အဖြစ် ပြန်လည် တူးဖော်စေဖို့ ရှင်စောဝကို ခိုင်းတော်မူခဲ့တယ်လို့ ဆိုပါတယ်။ အရင်တုန်းက ဒီနေရာဟာ ရေအရမ်းရှားပါးခဲ့တဲ့ အရပ် ဒေသ ဖြစ်ခဲ့ပါတယ်တဲ့ ။ကန်မတူးဖော်ခင်မှာ အရှေ့အရပ်ကနေ စွန်ရဲတစ်ကောင်ဟာ ဝက်အသည်းကို ချီလာခဲ့တယ်လို့ ဆိုပါတယ်။ ညာဘက်ဝဲယာကနေ ပျံသွားတဲ့အခါမှာ အတိတ်နမိတ်ကောင်းတယ်ဆိုပြီး စွန်ဝဲယာဘက်ကနေ ရေကန်ကို တူးဖော်ခဲ့တယ်လို့ ဆိုပါတယ်။ စာတွေထဲမှာတော့ ဝဲချီကန်လို့လည်း ခေါ်သလို ရှင်စော၀ ကန်လို့လည်း ခေါ်တွင် ထားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဝက်သည်းကန်လို့ အမည်တွင်နေတာပါလို့ ဦးအောင်ငွေထွန်းက ဆိုပါတယ်။အခုဆိုရင် ပြည်တွင်းခရီးသွားတွေ အများစုဟာ စလင်းမြို့ကို လာရောက်လည်ပတ်ကြတာ များပြားလာတယ်လို့လည်း ဆိုပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်ကျော်လောက်ကနေ လာရောက်သူ များပြားလာတာဖြစ်တယ်လို့လည်းဆိုပါတယ်။ ဝက်သည်းကန်သားဖြစ်သူ မြန်မာသံစဉ်အဆိုတော်ဗညားဟန် ကလည်း ဝက်သည်းကန်အတွင်း စက်လှေစီးပြီး သီချင်းဆိုခြင်းကြောင့်လည်း လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေများပြားလာတယ်လို့ ဆိုပါတယ်။ စလင်းမြို့ထဲမှာဆိုရင် ထင်ရှားတဲ့ ဘုရားတွေလည်းရှိကြပါတယ်။ ရတနာမဥွူဘုရားကလည်း တန်ခိုးကြီးမားတယ်လို့သိရပါတယ်။မီးလောင်ကျွမ်းတဲ့ အခါမှာ ဘုရားက ထန်းပင်ပေါ်ရောက်နေတာလို့ ဆိုပါတယ်။ အဆောက်အအုံအသစ် တွေ ပြန်လည်ဆောက်လုပ်ပြီး ပူဇော်ထားရှိထားတဲ့ ဘုရားဖြစ်တယ်လု့ိဆိုပါတယ်။ ခေါင်းအုံး ၃၃ လုံးအုံးတော်မူတဲ့ နေရပန်ဘုရား၊ လှေကားထစ် ၃၂ ထစ်ရှိတဲ့ ရွှေတန်ဆာဘုရား တို့ကို သွားရောက်ဖူးမြော်နိုင်ပါသေးတယ်။ ဒါ့အပြင် ဝက်သည်းကန်နဲ့ အနီးဆုံးမှာတည်ရှိတဲ့ စလင်းရုပ်စုံကျောင်းကိုလည်း သွားရောက် လည်ပတ် နိုင်ပါသေးတယ်။ ဒီရုပ်စုံကျောင်းဟာ ဆင်ကျုံးအရပ်မှာ ရှိပြီးတော့ အနောက်ကန်စွယ်တိုက် မြောက်လေးစဉ် သစ်သားရုပ်စုံကျောင်းလို့လည်း ခေါ်ဆိုပါတယ်။ ရတနာပုံမြို့တည်နန်းတည် ပဥမသင်္ဂါယနာတင်တော်မူသော ဘဝရှင်မင်းတုန်းမင်းတရားကြီးလက်ထက် မြန်မာ သက္ကရာဇ် ၁၂၃၀ ခုနှစ် ခရစ်နှစ် ၁၈၆၈ တွင် စလင်းမြို့ သူကောင်းမျိုးရိုးကျောင်း ဒါယိကာမကြီး ဒေါ်ပုက ဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ အဆိုပါကျောင်းကို ရှေးသုကနေ ၂၀၀၃ ခုနှစ်မှာ ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းခဲ့ပါတယ်။ ကျောင်းရဲ့သက်တမ်း မှာ ၁၄၅ နှစ်ရှိပြီဖြစ်တာမို့ နှစ်၁၀၀ကျော် သက်တမ်းရှိနေတဲ့ ရှေးဟောင်းကျောင်းကြီးတစ်ကျောင်းဖြစ်ပါတယ်။ ကျောင်းရဲ့ ပုံစံက အင်း၀ မြို့က ဗားကရာကျောင်းပုံစံနဲ့ ဆင်တူပါတယ်။ အရင်က ကျောင်းကို တိုင်လုံးပေါင်း ၂၄၅ တိုင် နဲ့ တည်ဆောက်ခဲ့ပေမယ့် အခုလက်ရှိမှာတော့ ၂၁၅ တိုင်သာ ကျန်ရှိပါတော့တယ်။ ကျောင်းမှာ ရုပ်စုံပေါင်း ၅၄ ရုပ်ရှိပါတယ်။ ကျောင်းရဲ့အကျယ်အဝန်းကတော့ ၁၇၈ပေ× ၉၀ ပေ ရှိပါတယ်။ လက်ရှိမှာတော့ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနဦးစီးဌာနကနေ မြန်မာယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းအဆောက်အအုံ စာရင်းဝင် အဖြစ်သတ်မှတ်ထားရှိထားပါတယ်။ စလေဦးပုည ကျောင်းထက်ကြီးမားလွန်းတဲ့ စလင်းရုပ်စုံကျောင်းကလည်း စလင်းမြို့မှာ ထင်ရှား လှပါတယ်။ ဒါကြောင့် ခရီးသွားဧည့်သည်တွေအနေနဲ့ စလင်းမြို့ကိုရောက်ခဲ့ရင် စိတ်ဝင်စားစရာ ရာဇဝင်တွေအပြင် ကြာပန်းအလှတွေကို တဝကြီး ခံစားနိုင်မယ့် ဝက်သည်းကန် အပြင် အနီးစပ်ဆုံးဖြစ်တဲ့ စလင်းရုပ်စုံကျောင်းကိုလည်း ဝင်ရောက်လေ့လာနိုင်သလို တစ်ခြားထင်ရှားကျော်ကြားလှတဲ့ နေရာတွေကို သွားရောက်လည်ပတ်နိုင်ဖို့ လမ်းညွန်ပေးလိုက်ပါတယ်။ Travelling_Journal/Vol_1_Issue_15 Photo_TravellingJournal
Contine Reading
By - Admin / 06-09-2019
တိမ်ခိုးတွေလွှမ်းခြုံနေတဲ့ အရပ်ဆီ

တိမ်ခိုးတွေလွှမ်းခြုံနေတဲ့ အရပ်ဆီ

မော်ကျွန်းသူ စိမ်းစိုနေတဲ့ တောင်တန်းကြီးတွေ၊ ဒီလိုတောင် တန်းကြီးတွေရဲ့ ပတ်ပတ် လည်မှာ မြူခိုးရောင်တိမ် ပင်လယ်တွေ ဝန်းရံထားတာကို အတိုင်းသားတွေ့ မြင်နေရတဲ့အရပ်၊ တစ်နည်းအားဖြင့် မြူခိုးတွေဆိုင်း နေတဲ့ အရပ်၊ မြင် တွေ့သမျှအရာရာတိုင်းက သိပ်ကို နူးညံ့လှပစေတဲ့ မြင်ကွင်း၊ စိတ်ကိုအေးမြသွားစေတဲ့ ရှုခင်းတွေနဲ့ ခြယ်မှုန်း ထားတဲ့ ဒေသကို စာရေးသူ ခြေ ချမိခဲ့ပါတယ်။ ဒီလို မြူခိုးရောင်တိမ်ပင်လယ်တွေရှိတဲ့ ဒေသ ကိုရောက်ရှိခဲ့ဖြစ်တာ ကတော့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထဲက ပင်လယ်ရေ မျက်နှာပင်အထက် ပေ ၃၈၀၀ ကျော်မှာ တည်ရှိနေတဲ့ ပင်းတယမြို့ လေး ကို စာရေးသူ ရောက်ရှိခဲ့ရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ဒီနေရာ လေးကိုတော့ ပြည်တွင်းခရီးသွားတွေ လုံးဝခြေမချ ရသေး ပါဘူး။ ပြောရရင် အပျိုစင်နယ်မြေတစ်ခု။ လောက နိဗ်္ဗာန်ဘုံအရပ်လို့ တောင် စာရေးသူက တင် စားချင်ခဲ့တာပါ။ ရောက်ဖြစ်ခဲ့တဲ့ အကြောင်း ရင်း ကလည်း ပင်းတယဟိုတယ်ဇုန်ဥက်္ကဋ္ဌ ဦးကျော်ထွေးနဲ့ အမြင့်ပေ ၇၂၀၀ ကျော်ရှိတဲ့ မိုးလုံးဟိန်းတောင်ကို စကားစမြည်ပြောကြရင်းကနေ အကြောင်းပြုပြီး ဒီအရပ် ဒီဒေသဆီကို ရောက်ရှိစေခဲ့တာပါပဲ။ ပင်းတယကနေ နေ့လယ် ၁ နာရီလောက်မှာ စတင်ထွက်ခွာလာပါ တယ်။ သွားရမယ့် နေရာကရပ်စောက်မြို့နယ် ထဲကပလောင် တောင်တန်း တွေ ဆီကို …။ ပင်းတယကနေ ရပ်စောက်မြို့နယ်အထိကို ၁၆ မိုင်ကွာဝေးတာမို့ ကိုယ်ပိုင်ကားနဲ့သွားရင် တစ်နာရီလောက်ဝန်း ကျင် မောင်းနှင်ရ ပါတယ်။ လမ်း တစ်လျှောက် ဘေးဝဲယာကလည်း စိုက်ခင်းတွေနဲ့ သာယာနေပါတယ်။ ပြောင်းစိုက်ခင်းတွေ၊ နှင်းဆီရောင်စုံစိုက်ခင်း တွေကိုငေးမောရင်းနဲ့ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ ရွာကနေ ကြိုဆိုပါ တယ် ဆိုင်းဘုတ် တွေ့မှပဲ အတွေး တွေ ရပ်ပစ်လိုက်ရပါတယ်။ ကောင်းဘို့ရွာ ရောက် တော့ နေ့လယ် ၂ နာရီ ထိုးခါနီးပြီ။ ကောင်းဘို့ရွာ တောင်ခြေနားက ဒေသခံ ဦးဘမောင်အိမ်မှာ ခဏ နားရင်း ရေနွေးကြမ်း၊ ကော်ဖီ မုန့်တို့နဲ့ ဧည့်ခံရင်း စကား စမြည်ပြောဆိုကာ လာရောက်ခေါ်ဆောင်မယ့်သူကို စောင့်ဆိုင်းနေခဲ့ပါတယ်။ တောင်ပေါ်ဆိုတော့အမြင့်ကား(4Wheels)တွေနဲ့သာတက်နိုင်တာမို့ ကားချိန်းပြီးတက်ဖို့စောင့် ဆိုင်းနေရင်း …သိပ်မကြာပါ ဘူး နေ့လယ် ၂ နာရီ ၂၅ မိနစ်ဝန်းကျင်မှာ စာရေးသူတို့ဟာ တောင်ခြေ ကနေ စတင်ထွက်လာခဲ့ပါတယ်။ တောင်ခြေကနေ ပုံမှန်လေးပဲ တောလမ်းကို မောင်းနှင်ခဲ့ပါတယ်။ လမ်း က ကားတစ်စီးစာသာ သွားနိုင်တဲ့ လမ်းအနေအထား မို့ ဘေးတစ်ဖက်တစ်ချက်စီကိုကြည့်ရင်း။ ရှည်လျား မြင့်မားပြီးဝေဖြာနေတဲ့ပြောင်းစိုက်ခင်း တမျော်တခေါ် ကိုငေးမောရင်းနဲ့ တောင်ပေါ်ကို ကားက တဖြေးဖြေးပုံမှန်တက်လာ ခဲ့ပါတယ်။ တောင်ပေါ်အချိုးအကွေ့ တွေများလာလေ၊ တောင်တွေကို ထင် ထင်ရှားရှားမြင်တွေ့ရလေပါ ပဲ။ လက်ဖက်စိုက်ခင်း အကွက်လှ လှတွေ။ အဝါရောင်စိုက်ခင်းလှလှ တွေကဟိုတစ်စဒီတစ်စ။ တောင်နံရံ ကြောတလျှောက်မှာ လက်ဖက်စိုက် ခင်းတွေ၊ လိမေ်္မာ်စိုက်ခင်းတွေက မျက်စိပဒေသဖြစ်စေပါကော။ လျိူမြောင်တွေကြား တောင်နံရံကြားတွေမှာ လက်ဖက်စိုက်ခင်းတွေက အစီအရီနဲ့ အကွက်ကျကျ လှပနေလို့။ တစ်ခါတရံ မက်စောက်တဲ့ တောင်နံရံ ကြားက စိုက်ခင်းတွေမှာ ပလောင်လုံမငယ်တွေရဲ့ လက်ဖက်ခူးနေတာတွေကို ကားပေါ်ကနေ တစ်ချက် တစ်ချက် လှမ်းတွေ့ရပါသေးတယ်။ တစ်ခါတရံတောင်ကုန်းတောင်တန်းတွေ နှစ်ခုဆက်ထားတဲ့ နေရာတွေ ဆို မြူခိုးတွေက ယှက် သန်းနေတာကိုလည်း မြင်တွေ့ရသေးတယ်။ နေ့လယ် ခင်းဆိုပေမဲ့လည်း တောင်ပေါ်ဒေသတွေရဲ့ သဘာ၀ အတိုင်းး အေးစိမ့်နေတဲ့ လေနုအေးတွေရဲ့ ကျီစယ်မှု က နှာခေါင်းဝကို ကလူက ျီစယ် နေပြန်ကော။ ဒီလို သန့်ရှင်းလတ်ဆတ်နေတဲ့ လေနုအေး တွေက နှလုံး သားထဲထိကို စိမ့်ဝင်ရောက်ရှိသွားစေခဲ့တာပါ။ ဒါကြောင့်မို့ ဒီလို သဘာဝတရားရဲ့ လှပမှုတွေဆီကို လူတွေအရောက်သွားနေကြတာ။ ပလောင်တောင် တန်းတွေပေါ်မှာ မြူခိုးတွေက တွဲခိုနေရင်း တိမ် ပင်လယ်စိုင်တွေက အဆုပ်လိုက် အဆုပ်လိုက်နဲ့။မြူခိုးတွေကြားထဲ စုဝေးနေတဲ့ အိမ်စုအိမ်ဝေး တွေကို ပြရင်း ဟိုးမှာမြင်နေရတာက ပလောင်ရွာတွေ ပေါ့ဟု လိုက်လံပို့ပေးဆောင်ပေးတဲ့ ဦးဝါယမက စာရေးသူတို့ကို ရှင်းပြပါတယ်။ ဒီတောင်တန်းတွေ တစ်လျှောက်မှာ ပလောင် ရွာတွေပဲရှိတာ။ ရွာပေါင်းက များတော့များတယ်လို ဆိုပါတယ်။ ဒီပလောင်တောင်တန်း တွေရဲ့အကြောင်း တွေကလည်း စိတ်ဝင်စားစရာကောင်းလှတဲ့ ဒဏ္ဍာရီ တွေရှိခဲ့ဖူးတယ်လို့ဆိုပါတယ်။ အရင်ဒီတောင်တန်း တွေထဲက တစ်နေ ရာမှာ ရှင်ပြုရင် အဝတ်အစားတွေသွားငှားလို့ရတဲ့ကျောက်တံခါး ပေါက်တစ်ခုရှိတယ်လို့ ရှေးလူကြီးတွေက ပြောပြခဲ့ဖူးတယ်လို့ ဦးဝါယမက ဆိုပါတယ်။ ဒီကျောက်တံခါးမှာ ဘုန်းကြီးတစ်ပါးရှိတယ်လို့ ဆိုပါတယ်။ အဝတ်အစားတွေ သွားငှားပြီး ပြန်မပေးကြတော့ ဒီကျောက် တံခါး ဟာ ပိတ်သွားခဲ့ တာ ကြာမြင့်ခဲ့ပါပြီလို့ ဆိုပါတယ်။ ဒါကတော့ ကျွန် တော်တို့ရဲ့ ဘိုးဘေးတွေက ပြောဆိုခဲ့ကြဖူးတယ်လို့ ဦီးဝါယမက ဆိုပါတယ်။ တောက နက်တယ်။ မတ်စောက်တယ်။ထူထပ်တယ်။တောင်တန်းတွေက တဆက်တည်း ရှည် လျားတဲ့ ပလောင်တောင် တန်းတကြောတခွင်ကို အား ရပါးရ ငေးမောကြည့်ရှုခွင့်ရနေခြင်းပါ။အဲဒီနောက်မှာ တိမ်တွေ မြူတွေ တွဲခိုနေပြီး တစုတဝေးတည်း အိမ်ကြီးအိမ်ကောင်းတွေကို ထိုး ထွက်မြင်တွေ့စေရတဲ့ နေရာကို လှမ်းမြင်လိုက်ရပါ တယ်။ ဒီနေရာက ဓာတ်ပုံရိုက်လို့ အရမ်းလှစေတဲ့ နေရာတစ်ခုပါ။ ကျောက်တစ်လုံးအောက်ရွာလို့ခေါ် တဲ့ဆုံရပ်တစ်ခုပါ။တိမ်ပင်လယ်အဆုပ်လိုက်နဲ့ လှချင်တိုင်းလှ လွန်းနေတဲ့ မြင်ကွင်းက အသက်ရှူမှားမတက်အောင် ကို လှပဖမ်းစားလွန်းလှပါတယ်။ ဒီမြင်ရတဲ့ ရွာက ရွာမရွာပေါ့၊ ဟိုးမှာမြင်နေရ တာက ရွာမရွာရဲ့ ပရိယတ်္တိစာသင်တိုက် တည်ရှိတဲ့ နေရာလို့ ဦးဝါယမက ရှင်းပြပါတယ်။ အဲဒီနောက်မှာ ရွာမရွာကို ရောက်ရှိခဲ့ပါပြီ။ ဒီရွာမရွာဆိုရင် ပလောင် အိမ်ခြေ ၄၀ ကျော်လောက်သာ တည်ရှိတဲ့ရွာဖြစ်တာမို့ ကျစ်ကျစ်လစ်လစ်နဲ့ စုစည်းထားတဲ့ ရွာလေးလို့ဆိုရ ပါမယ်။ တိမ်ပင်လယ်တွေကြားထဲက တည်ရှိနေတဲ့ ရွာ လေးဆိုရင်လည်း မမှားပါဘူး၊ တိမ်တွေကို မှေးခိုရင်း ပလောင်အိမ်တွေက လှပသပ်ရပ်ပြီး တည်ရှိနေတယ် လို့ ဆိုနိုင်ပါတယ်။ လက်ဖက်နဲ့ လိမေ်္မာ်စိုက်ခင်း တွေကို သာ အဓိကစိုက်ပျိုးကြတဲ့ ရွာလေးဖြစ်ပါတယ်။ မီးရှိပေ မဲ့ ချက်ပြုတ်စားသောက်နိုင်တဲ့ အနေအထားမဟုတ် ပါဘူး။ အလင်းရောင်ရဖို့အတွက်သာ လုံလောက် စေတာပါ ။ ဒီတောင်တန်း တွေကရတဲ့ လက်ဖက်က ပိုပြီးအရသာကောင်းမွန်တယ်လို့ ဆိုပါတယ်။ရွာမရွာကနေမှ မိုးလုံးဟိန်းတောင်ကို သွား ရောက်နိုင်သလို အရှေ့မြင် အနောက်မြင်တောင်ဆီကိုလည်းခရီးဆက်လှမ်းနိုင်ပါသေးတယ်။ တောင်ဇလပ်ပန်းအနီတွေ၊ တောင်ဇလပ်အဖြူ တွေကို တဝကြီးမြင် တွေ့စေရနိုင်မယ့် တောင်တန်း လည်းဖြစ်တာမို့ ပင်းတယကို ရောက်ပြီဆိုရင် ဒီတောင် တန်းတွေဆီကို ရောက်အောင်သွား သင့်တဲ့နေရာတစ်ခု လို့ဆိုချင်ပါတယ်။ ဆောင်းတွင်းနဲ့ နွေရာသီဆိုရင် ရာသီဥတုကောင်းမွန်စေပြီး လှပလွန်းစေမယ့် မြင်ကွင်း မျိုးတွေကို မြင်တွေ့ရစေမယ်လို့ ပင်းတယဟိုတယ်ဇုန် ဥက်္ကဋ္ဌ ဦးကျော်ထွေးက ဆိုပါတယ်။ စာရေးသူတို့ဟာ ရွာမရွာကနေမှအပြန် ယမ်း တွင်းရွာဘက်ခြမ်းကနေ လှည့်ပြန်လာခဲ့ပါတယ်။ အသွားက လမ်းကြောင်းတကြောင်း၊ အပြန်လမ်းက တကြောင်းနဲ့ ပလောင်တောင်တန်းတကြောကို ခြေ ဆန့်ခဲ့ခြင်းပါပဲ။ ယမ်းတွင်းရွာ ဒီရွာကလည်းပလောင်တွေ ချည်းပါပဲ။ ရိုးရာဝတ်စုံတွေနဲ့ ရွာထဲဝင်လာတဲ့ကားကို ရပ်ကြည့်ငေးမောနေတဲ့ ရိုးသားလှတဲ့ ပလောင်လုံမ ငယ်တွေ၊ အမျိးသမီးကြီးတွေ၊ ကလေးငယ်တွေကို တွေ့မြင်ရပါတယ်။ သူတို့မျက်နှာပေါ်က ချစ်ခင်ရင်းနှီး မှုအပြုံးတွေက အသက်ဝင်လှပါတယ်။ လိုက်လံပို့ ဆောင်ပေးတဲ့ ဦးဝါယမရဲ့ ညီမဝမ်းကွဲနေတဲ့ အိမ်မှာ ခဏဝင်နားရင်း ရိုးရာဝတ်စုံဝတ်ကြည့်ရင်း ဓာတ်ပုံ ရိုက်လို့ရတယ် ပြောတာကြောင့် အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့ပါတယ်။ ရိုးသားပျူဌာလှတဲ့ ပလောင်အိမ်ရှင် တွေရဲ့ နွေးထွေးဧည့်ဝတ်ကျေပွန်မှုကိုတော့ မမေ့နိုင် ပါဘူး။ ယမ်းတွင်းရွာ ကနေ ပြန်ထွက်လာတော့ ညနေ ၅ နာရီနဲ့ ၁၁ မိနစ်ဝန်းကျင်ရှိနေပါပြီ။ တောင်ခြေကိုပြန်ဆင်းလာတဲ့လမ်းတလျှောက် ရှုခင်းက တိမ်နံရံတေ ွဘေးနားက နေဖြတ်သွားရသလို ပါပဲ။ မြူတွေ အုံ့ဆိုင်းနေပြီး မြင့်မားစွာပေါက်နေတဲ့ ထင်းရှုးပင်တွေ၊ ဝါးပိုးဝါးပင်တွေက ခပ်စိပ်စိပ်နဲ့။ မြူ တွေဆိုင်းနေတဲ့ တောင်တန်းတကြောရဲ့အလှမှာ ငေး မောရင်း မြူခိုးတွေ လွမ်းခြုံနေတဲ့ အရပ်ကနေ ပြန် လာခဲ့ပါတော့တယ်။ Travelling_Journal/Vol_1_Issue_16 Photo_TravellingJournal
Contine Reading
By - Admin / 26-11-2019
ဧည့်မျှော်နေရသည့် အင်းထဲက ဟိုတယ်များ

ဧည့်မျှော်နေရသည့် အင်းထဲက ဟိုတယ်များ

အင်းထဲရှိဟိုတယ်တစ်လုံးကိုတွေ့ရစဉ် ယဉ်ယဉ်လှ ရွှေခေါင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ဟုဆိုရသည့်အတိုင်း ဧည့်သည်ကို စောင့်မျှော်နေရသည့်ဟိုတယ်များထဲတွင်ကမ္ဘာကျော်အင်းလေးကန်အတွင်းမှီတင်းစီးပွားလုပ်ကိုင်နေရသည့် ဟိုတယ်များစွာပါဝင်နေကြသည်။ ပြီးခဲ့သည့်နှစ်ထက်ယခုနှစ်ဧည့်သည်ဝင်ရောက်မှုမှာသိသိသာသာလျှော့နည်းနေရခြင်းအကြောင်းရင်းကမြန်မာနိုင်ငံ၏ ပုံရိပ်ဆိုးများကြောင့်ဟု ဟိုတယ်လုပ်ငန်းရှင်တစ်ချို့က ထောက်ပြပြောဆိုလာသည်။ မြောက်ဦးဖြစ်ရပ်ပြင်ဦးလွင်ဖြစ်ရပ်အာဆီယံ၁၀နိုင်ငံအတွင်းသွားရောက်မလည်သင့်သည့် နိုင်ငံများစာရင်းတွင် မြန်မာပါဝင်ခြင်း စသည့် နည်းများနှင့်အတူတခြားဖြစ်ရပ်များစွာဖြစ်နေခြင်းက မြန်မာနိုင်ငံသို့ ဧည့်သည်လာရောက်မှုနည်းပါးခြင်းကအဓိကသက်သေများပင််ဖြစ်သည်။ မြန်မာနိုင်ငံ၏ ခရီးသွားရေချိန်မှာ အတတ်နှင့်အကျ ကို ချိန်ထိုးကြည့် ရမည်ဆိုပါက အကျ ဘက်ကိုသာ အစဉ် ဦးတည် ကျနေရခြင်း ပင်ဖြစ်သည်။ ခရီးသွားရာသီပြန်လည် စတင်ပြီဆိုပါက ပြည်တွင်း ၌ အခြေအနေဆိုးများဖြစ်ပွားလာခဲ့ခြင်းမှာ ခရီးသွားကျိန်စာမိနေသည့်ဟုပင် ဆိုရပေမည်။သို့ပေမည့် အဆိုးထဲက အကောင်းဟုဆိုရမည် အတိုင်း အနောက်နိုင်ငံသားများ လာရောက်မှုနည်းပါးသော်လည်း အရှေ့မျှော်ဝါဒကိုအသုံးပြုပြီးသက်ဆိုင်ရာမှဆိုက်ရောက်ဗီဇာပေးခြင်း နှင့် ဗီဇာလွတ်လပ်ခွင့်ကို အာရှနိုင်ငံတချို့ကိုပေးခဲ့ရခြင်းဖြင့် ခရီးသွားလုပ်ငန်းကိုအသက်ဆက်နေရသည်ဟု ဆိုရမည်။ ပြီးခဲ့သည့်နှစ်များဖြင့် တစ်နှစ်လုံးကို ချိန်ကြည့်ပါကဟိုတယ်အခန်း ရရှိမှု မှာ ၂၀ ရာခိုင်နှုန်းအထက်ပင်မရှိဟု အင်းထဲရှိ ရွှေကျွန်းမျှောဟိုတယ်အုပ်စုမှ တာဝန်ရှိသူတစ်ဦးက Travelling Journalသို့ ပြောပြသည်။ GIC ဟိုတယ်အုပ်စုဖြစ်သည့် GIC 1 နှင့် 2 ဟိုတယ် မှာ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ဟိုတယ်အခန်းရရှိမှု၌ ၄၀ ရာခိုင်နှုန်းလောက်သာ ရရှိသော်လည်း ၂၀၁၉-၂၀၂၀ နှစ်တွင် ဟိုတယ်အခန်းရရှိမှုမှာ ၁၅ ရာခိုင်နှုန်းနှင့် ၂၀ ရာခိုင်နှုန်း လောက်သာ ရရှိနေသေးသည့် အနေအထား ပင် ဖြစ်နေကြောင်း GIC အုပ်စုမှ တာဝန်ရှိသူက ဆိုသည်။ " တစ်နှစ် ပတ်လုံးထဲမှာတော့ အပြည့်မရှိပါဘူး၊တစ်နှစ်လုံး စာနဲ့သွားမယ် ဆိုရင် ၄၀ကျော်ပဲတက်တယ်။ပြီးခဲ့တဲ့နှစ် ထက် ၁၅ ရာခိုင်နှုန်း၂၀ရာခိုင်နှုန်းကျတယ်ပြီးခဲ့တဲ့နှစ်ကတော့များသေးတယ်လို့ပြောလို့ရတာပေါ့။အကျဘက်မှာပဲရှိနေတယ်။ ဟိုတယ်လုပ်ငန်းကနှစ်တိုင်းနီးပါးပါပဲ။ တစ်နှစ်ပတ်လုံးကို ဟိုတယ် ဘွက်ကင် ရရှိမှုက ၅၀ ထက်မကျော်ပါဘူး ။ ၄၆ ၊၄၈ ပဲရှိတယ်။တိုရစ်စင် မှာက ၆ လနား၆လဆိုတော့ တစ်နှစ်လုံးနဲ့တွက်ရင် ၅၀ ကျော်သွားတဲ့ နှစ်ကိုမရသေးပါဘူး၊ ရှိကိုမရှိသေးတာပါ။၄၀ လောက်ဆို တော်တော် ကောင်းနေပါပြီလို့ပြောရပါမယ်။ အဲဒီ၄၀ထဲကမှ ပြီးခဲ့တဲ့နှစ်နှုန်း ထားထက်ဆိုရင် ၂၀ ရာခိုင်နှုန်းလောက်ကို ထပ်ကျသွားသေးတယ်။ ဒီနှစ်ကတော့တော်တော်လေးကိုနည်းပါးတယ်။၂၀၁၉-၂၀၂၀ အတွက် ကြိုရောင်းရတာဆိုတော့ဘွက်ကင်ရရှိမှုနည်းပါးနေသေးတယ်။တစ်ချို့ရက်တွေဆို ဟိုတယ်တွေက ဟောင်းလောင်းတောင်ရှိနေ သေးတယ်။ ဟိုးအရင်နှစ်တွေဆိုရင် နိုဝင်ဘာ မှာဆို ဘွက်ကင် တောင်တင်လို့ မရတော့ဘူး၊အခုဆိုရတယ်။ အဲဒီလိုဖြစ်နေတာ" ဟု GIC အုပ်စုမှ တာဝန်ရှိသူက ပြောသည်။ ယင်းကဲ့သို့ ဧည့်သည်ဝင်ရောက်မှု နည်းပါးခြင်းကမြန်မာနိုင် ငံ၏ ပုံရိပ်ဆိုးများကြောင့်ဖြစ်ပြီး လူမှုကွန်ရက် စာမျက်နှာများတွင် မြန်မာနှင့်ပတ်သက်သည့် မကောင်းသတင်းပုံရိပ်ဆိုးများကို အနောက်မီဒီယာများကရေးသားခဲ့ခြင်းကြောင့် မီဒီယာဖြင့် ပြန်လည် တိုက်ထုတ်ရမည်ဟုလည်း မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း မှ တာဝန်ရှိသူတစ်ဦးကလည်းTravelling Journal သို့ ပြောသည်။ " အင်တာနက်မှာ ရှာကြည့်လိုက် မြန်မာဆိုရင်အနီရောင် တွေပဲ။ ဒါဟာ မီဒီယာတွေကရေးတာ။ဒါတွေကို ပြန်တိုက်ရမှာက မီဒီယာကို မီဒီယာအချင်းချင်းနဲ့ တိုက်ထုတ်ရမှာဟု " ဟု MHA အသင်း၏ဒုဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်မိုးကြည်က ပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည်ဝင်ရောက်ရန် အတွက် သက်ဆိုင်ရာကလည်း ၂၀၁၉ အောက်တိုဘာ ၁ရက်မှ စတင်ကာသြစတြေးလျား၊ဂျာမနီ၊ အီတလီ၊ ရုရှား၊ စပိန်နှင့်ဆွစ်ဇာ လန်မှ ကမ္ဘာလှည့်ဧည့်သည်များကို VOA စတင်စတင် ပေးကာ မြန်မာနိုင်ငံတွင် ရက်ပေါင်း၃၀ နေထိုင်နိုင်ကာ ဗီဇာကြေး ကို ဒေါ်လာ ၅၀ သတ်မှတ်ထားသည်။ အများအားဖြင့် အင်းလေးကန်အတွင်း လာရောက်ကြသူများတွင် ဥရောပနိုင်ငံသားများ သာ အများဆုံးလာရောက် လည်ပတ် ကြခြင်း ပင်ဖြစ်သည်။ " စပိန်တွေဆိုရင် ဇူလိုင် သြဂုတ်ဆိုရင် လာများတယ်။နောက်ပိုင်း စပိန် ခရီးသွားတွေမလာတာ သုံးလေးငါးနှစ်လောက်ရှိပြီ။ အလာနည်းသွားပြီ၊ တစ်နှစ်လုံးမှာက အပြည့်ဆုံးလို့ဆိုရင် နိုဝင်ဘာရယ်၊ဖေဖေါ်ဝါရီရယ်။သြဂုတ်လပိုင်း အဲဒီလိုရှိတယ်။ နောက်ပိုင်းကျတော့ပါးသွားတယ်" ဟု GIC အုပ်စုမှ တာဝန်ရှိသူကဆိုသည်။ အင်းလေးကန် အား မှီခိုရပ်တည်ရသည့် ဟိုတယ်များမှာ ဧည့်သည့်လာ ရောက်မှု နည်းပါးခြင်းဒဏ်ကို ဟိုတယ်အများစု ခံစားရခြင်း ဖြစ်သည်။မိုးရာသီ ဆိုပါက ဧည့်သည်များအနေဖြင့် လာရောက်မှုမှာ သိသိ သာသာ နည်းပါးသွားပြီး မိုးတွင်းဆိုပါကသွားလာလို့မသင့်ကြဟု ခရီးသွား အများစုကလက်ခံထားကြသည့်အတွက် ဧည့်သည်ဝင်ရောက်မှု မရှိခြင်းဖြစ်ကြောင်း အမှန်တကယ်ဆိုပါက မိုးရာသီကာလ များ၌ ဟိုတယ်အခန်းခဈေးနှုန်းများမှာ သက်သာသည့်အတွက် သွားလာ လည်ပတ်လို့အကောင်းဆုံးလည်းဖြစ်ကြောင်းဟိုတယ်လုပ်ငန်းရှင်တစ်ဦးကဆိုသည်။ ထို့အပြင် အင်းထဲရှိ ရေပေါ်ဟိုတယ်တစ်ခုဖြစ်သည့်အခန်း ၃၈ ခန်း ပါဝင်သည့် ရွှေအင်းသာ ဟိုတယ်အနေဖြင့်လည်း ဟိုတယ်ဘွက်ကင် ရရှိမှုမှာ ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၆၀ ရာခိုင်နှုန်း ဝန်းကျင် ကျဆင်းသော်လည်း ယခုလက်ရှိ ဧည့်သည်ဝင်ရောက်မှုမှာ တရက်လျှင် အခန်း ၄ ခန်းနှင့် ၅ခန်းသာ ဝင်ရောက်နေကြောင်း ရွှေအင်းသာ ဟိုတယ်ပိုင်ရှင် အန်တီအန်းက ပြောသည်။ "ရေပေါ်ဟိုတယ်လေး ဖြစ်နေတာရယ်၊ ဖွင့်ထားတာကြာလို့လည်း ဖြစ်ကောင်းဖြစ်မယ်ထင်တာပါပဲ။ဒီမှာက ပြင်သစ်နဲ့ဂျာမနီ လာတည်းကြလေ့ရှိတယ်။အန်တီအန်း အနေနဲ့ ထင်တာက ဧည့်သည်နည်းတာက တိုရစ်ဇင် ဆိုဒ်တွေမှာက အေးချမ်းနေတယ်။သူတို့ထင်တာက မအေးချမ်းဘူးလို့ ထင်နေကြတယ်။ နယ်စပ်မှာတော့ အန်တီ မသိပါဘူး ။လာလည်တဲ့သူတွေကို မေးကြည့်တာက မြန်မာပြည်ကအန္တရာယ်ရှိတယ်လို့ သူတို့က ထင်နေကြတယ်။တကယ်တမ်းသူတို့ လာတော့ ဘာမှ မဖြစ်ဘူး။ကိုယ်လည်းကိုယ်နိုင်သလောက် ဒီလိုလေးတွေ ရှိနေပါတယ်ဆိုတာကို ပြောပြပေးပါလို့ သူတို့ကို ပြောပြတယ်။အန်တီတို့ဘက်ကလည်း ကြိုးစားပြီး ပိုပိုပြီးတော့ဧည့်ခံပေးသလို ဝန်ဆောင် မှု ကို အကောင်းဆုံးပေးတယ် ။ ဒီမှာကတော့ အေးချမ်းနေပါတယ်ဆိုတာကတော့ သမီးတို့လိုမီဒီယာသမားတွေက ပြောပေးရင်တော့ ထိရောက် မယ်လို့ ထင်တာပါပဲ။ နိုင်ငံခြားမှာရေးနိုင်မယ့်သူမျိုုးတွေက လည်း လုပ်ပေးနိုင်ရင် Tourism က ပြန်ပြီးကောင်းလာမယ်လို့ထင်ပါတယ်" ဟု အင်းထဲသို့ ဧည့်သည် လာရောက်မှုနည်းပါးရခြင်းနှင့်ပတ်သက်ပြီး ၎င်းက ရှင်းပြသည်။ မည်သို့ပင်ဆိုစေ အင်းလေးထဲရှိ ဟိုတယ်အများစုသည်ဧည့်သည် မရရှိခြင်းမှာ ပြီးခဲ့သည့်နှစ်ထက် နည်းပါးရခြင်းမှာမူ တူညီနေကြသည်။ ယင်းကဲ့သို့ ဧည့်သည်ဝင်ရောက်မှုနည်းပါးခြင်းကြောင့် စီးပွားရေး မကိုက်သည့် လုပ်ငန်းရှင်တစ်ချို့ကဟိုတယ်တစ်ချို့ကို အစောပိုင်း များတွင် ပြန်လည်ရောင်းချခြင်းများ ရှိခဲ့သည်။ ယင်းကဲ့သို့ဧည့်သည်ဝင်ရောက်မှုနည်းပါးရခြင်းမှာအင်းလေးဒေသတစ်ခုတည်းမဟုတ်၊တခြား ပြည်နယ်နှင့်တိုင်းတချို့တွင်လည်း လာရောက ်မှုမှာ ထိုနည်းတူစွာ နည်းပါးနေသေးသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားပုံရိပ် ကောင်းမွန်ခြင်းအတွက် မှာ တစ်ဦးတစ်ယောက်တည်း ကောင်းရုံမကပဲ နိုင်ငံတော်အဆင့် မှ အောက် ခြေ အထိ ပူးပေါင်းပါဝင် ကာ ဖြေရှင်းဆောင်ရွက်မှသာ ခရီးသွား လုပ်ငန်းမှာ ပြန်လည်ကောင်းမွန်လာမည်ဖြစ်ပြီး ယင်းပုံရိပ်ဆိုး များကို ဖယ်ရှားနိုင်မည် ဖြစ်ပါတော့သည်။ Travelling_Journal/Vol_1_Issue_17 Photo_GIC Hotel & ShweInnThar Hotel (အင်းထဲရှိဟိုတယ်တချို့ကိုတွေ့ရစဉ်)
Contine Reading
By - Admin / 24-10-2019
Tourism Award ဆိုတာ …

Tourism Award ဆိုတာ …

စည်သူကျော် အခုတလော လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်အတွက်အကောင်းဆုံးခရီးစဉ်ဒေသဆုချီးမြှင့်မယ့်ကိစ္စကတော်တော်လေးလှုပ်လှုပ်ခတ်ခတ်ဖြစ် နေသဗျ။ ဆုချီးမြှင့်မယ့်အဖွဲ့အစည်းကလည်း ဥရောပသမဂ္ဂအမည်ခံအဖွဲ့အစည်းတစ်ခု ဖြစ်နေလေတော့ အာရုံစိုက်စရာဖြစ်နေသပေါ့ဗျာ။ ဆုဆိုတာမျိုးကလည်း ကလေးသူငယ်၊ လူရွယ်လူကြီး အရွယ်သုံးပါးမက်မောတဲ့အရာ မဟုတ်လားဗျာ။ ကျွန်တော်များငယ်ငယ်တုန်းကလည်းသေးသေးမွှားမွှားဆုကလေးများရရင်တောင် ဤဇမ္ဗူ ငါလိုလူရှိသေးရဲ့လား ရယ်လို့ ဝမ်းသာလုံးဆို့မတတ်ဖြစ်မိသေးတာပ။ အခုလိုမျိုး မြန်မာ့ခရီးသွားလုပ်ငန်း နိမ့်တုံ မြင့်တုံ ဖြစ်နေတဲ့အချိန်မျိုးမှာ EU နာမည် နဲ့အဖွဲ့အစည်းတစ်ခုက အကောင်းဆုံးခရီးစဉ်ဒေသဆု ချီးမြှင့်တာခံရမယ်ဆိုတော့ ဂုဏ်ယူ ဝမ်းမြောက်မိပေမပေါ့ဗျာ။ မြန်မာကို ကမ္ဘာကသိမယ့်အခွင့်အရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်တပ်တစ်အားပေါ့ဗျာ။ သို့သော်ငြားလည်းပေါ့လေ ချီးမြှင့် မယ့်အဖွဲ့အစည်းရဲ့ ခိုင်မာမှုနဲ့ ဂုဏ်သိက္ခာပိုင်းက မေးခွန်းထုတ်စရာဖြစ်နေလေတော့ နှမ လက်လျှော့နေလေတော့ကိန်းဆိုက်ရပြီပေါ့ခင်ဗျာ။ကမ္ဘာပေါ်မှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆုတွေကို အသီးသီးအပြိုင်အဆိုင်ချီးမြှင့် နေကြတာအားလုံးအသိပါပဲဗျ။ အဲဒီလိုပါပဲ ခရီးသွားလုပ်ငန်းကဏ္ဍမှာလဲ ချီးမြှင့်တဲ့ဆုတွေရှိ ပါတယ်ခင်ဗျ။ ဒီအထဲမှာ ဂုဏ်သိက္ခာကြီးမားတဲ့ဆုတွေရှိသလို အပြန်အလှန်ထောပနာပြု ကြတဲ့ဆုတွေလည်းရှိပါတယ်။ ဂုဏ်သိက္ခာကြီးမားတယ်လို့ဆိုတဲ့နေရာမှာ ဆုချီးမြှင့်တဲ့အဖွဲ့အစည်းရဲ့ ခိုင်မာမှုနဲ့ အဲ့ဒီအဖွဲ့အစည်းရဲ့ ရပ်တည်ချက်၊ ခရီးသွားလုပ်ငန်း ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအပေါ် ထည့်ဝင်ဆောင်ရွက်ချက်တွေက အဓိကကျသဗျ။ ဒီဆောင်းပါးမှာ ဒီလိုဆုများ ချီးမြှင့်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းကြီး (၂)ခုကို တင်ပြချင်ပါတယ်။ ပထမအဖွဲ့အစည်းကတော့ ကုလသမဂ္ဂလက်အောက်ခံ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ကြီး United Nations World Tourism Organization (UNWTO) ပဲ ဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံပေါင်း (၁၅၈) နိုင်ငံ၊ ဟောင်ကောင်၊ မကာအိုတို့လို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနယ်မြေ (၆)ခုနဲ့ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ ပညာရေးအသင်း အဖွဲ့များကိုကိုယ်စားပြုထားတဲ့အဖွဲ့ကြီးဟာကမ္ဘာ့ခရီးသွားလုပ်ငန်းနယ်ပယ်မှာ သြဇာ တိက္ကမကြီးမားတဲ့အဖွဲ့အစည်းကြီးတစ်ခုပဲဖြစ်ပါတယ်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်း အမှတ်အခမ်းအနားကိုလည်း အဖွဲ့ကြီးက နှစ်စဉ်ချမှတ်ပေးတဲ့ ဆောင်ပုဒ်များနဲ့ ကျင်းပကြပါတယ်။ ခရီးသွား လုပ်ငန်းနယ်ပယ်က တတ်သိပညာရှင် စကော် လာများဆိုရင် လည်း ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ကြီးက ထုတ်ပြန်တဲ့ စာရင်းဇယားတွေ၊ စာတမ်းတွေ၊ သုတေ သနပြုချက်တွေကို အကိုး အကားပြုသုံးစွဲကြပါတယ်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ကြီးက ချီးမြှင့်တဲ့ ယူလီဆီးဆု (UNWTO Ulysses Prize) ဆိုလို့ရှိရင် ခရီးသွားလုပ်ငန်းမှာ လိုက်နာရမယ့်ကျင့်ဝတ်များ (Global Code of Ethics) နဲ့ ကုလသမဂ္ဂရဲ့ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက် (Sustainable Development Goals)ကို ထင်ဟပ်စေ ပါတယ်။ တစ်နည်းပြောရရင် အောင်မြင်စွာ လိုက်နာကျင့်သုံးတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို ချီးမြှင့် ခြင်းဖြစ်ပါတယ်ခင်ဗျ။ ဒီယူလီဆီးဆုကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ကြီးက ကဏ္ဍလေးခုကို ပေးအပ်ရာမှာ (၁) မူဝါဒနှင့် အုပ်ချုပ်မှု (၂) စီးပွားရေးလုပ်ငန်းစုများ (၃) အစိုးရမဟုတ် သော အဖွဲ့အစည်းများ (၄) သုတေသနနှင့်နည်း ပညာတို့ပဲ ဖြစ်ပါတယ်။ ဒီကဏ္ဍတွေကနေ ခရီးသွားလုပ်ငန်း ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးအတွက်တစ်တပ်တစ်အား ထည့်ဝင်ဆောင်ရွက် တဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို ချီးမြှင့်ပါတယ်ခင်ဗျာ။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ကြီးလိုပဲထင်ရှားတဲ့အဖွဲ့အစည်းတစ်ခုကတော့ World Travel and Tourism Council (WTTC) ပဲ ဖြစ်ပါတယ်။ သို့ပေမယ့် UNWTO နဲ့ WTTC ကတော့ ဖွဲ့စည်းမှု သဘောသဘာဝခြင်း ကွာခြားပါတယ်ခင်ဗျ။ WTTC ကတော့ ကမ္ဘာ တစ်လွှား မှာရှိတဲ့ပုဂ္ဂလိကခရီးသွားလုပ်ငန်းတွေနဲ့ ကိုယ်စားပြုဖွဲ့စည်း ထားတာပဲ ဖြစ်ပါ တယ်။ အဖွဲ့ဝင်တွေကတော့ကမ္ဘာတစ်လွှားကခရီးသွားလုပ်ငန်းကုမ္ပဏီတွေရဲ့ အမှုဆောင် အရာ ရှိကြီးတွေ၊ အကြီးအကဲတွေပဲဖြစ်ပါတယ်။ ယေဘုယျပြောရမယ်ဆိုရင် WTTC ဟာ ပုဂ္ဂလိကကဏ္ဍ ကိုယ်စားပြုအသင်းကြီးတစ်သင်းပဲဖြစ်ပါတယ်။ WTTC သည်လည်း ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ စာရင်းဇယားကိန်းဂဏန်းအချက် အလက်တွေ၊ သုတေသန စာတမ်းတွေနဲ့ အခြားခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေကိုလည်း ထုတ်ဝေပါတယ်။ UNWTO က ချီးမြှင့်တဲ့ ဆုအမည်က လှပသလို WTTC က ချီးမြှင့်တဲ့ ဆုအမည်ကလည်း လေးနက်ပြီး အဓိပ္ပါယ်ပြည့်ဝလှပါတယ်။ ဆုအမည်က Tourism for Tomorrow Awards ပါတဲ့။ ဆု အမည်ကြားရုံနဲ့ ပေးအပ်တဲ့ဆုတွေဟာ ဘယ်လိုဆုမျိုး တွေဆိုတာ သိသာပါတယ်။ WTTC သည်လည်း Sustainable Development Goals- SDGs (၁၇)ချက်ကို အခြေခံချီးမြှင့်တာ ဖြစ်ပြီး Sustainable Development Goals တွေကို တက်ကြွစွာ လိုက်ပါဆောင်ရွက်တဲ့လုပ်ငန်းတွေကို အဓိက ထားချီးမြှင့်ပေးအပ်တာဖြစ်ပါတယ်။ ဆုတွေကိုပေး အပ်ရာမှာ ခရီးစဉ်ဒေသများ၊ ဟိုတယ်များ၊ အပန်းဖြေစခန်းများ၊ လေကြောင်းလိုင်းများအပါအဝင်ခရီးသွားလုပ်ငန်းကုမ္ပဏီတွေပါဝင်ပါတယ်။ ဆုအမျိုးအစား တွေကတော့ (၁) လူမှုပတ်ဝန်းကျင်ဆိုင်ရာဆု (၂) ခရီးစဉ်ဒေသထိန်းသိမ်းစောင့်ရှောက် ရေးဆိုင်ရာဆု (၃) ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာဆု (၄) လူသားအရင်း အမြစ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆု (၅) အပြောင်းအလဲဖော်ဆောင်ပေး နိုင်မှုဆိုင်ရာဆု တို့ပဲဖြစ် ပါတယ်။ ဆုတွေကို ချီးမြှင့်တဲ့နေရာမှာလည်း စာရွက်ပေါ်မှာတင် စိစစ်တာမျိုးမဟုတ်ပဲ နောက်ဆုံးဆန်ခါတင်ရွေးချယ်ခံရသူတွေကို အဖွဲ့နဲ့ မြေပြင်ကွင်းဆင်းစိစစ်တာမျိုးတွေကိုပါ ဆောင်ရွက်ပါတယ်။ ပြောရရင်တော့ဗျာ ဆယ်စုနှစ်တစ်စုကျော်ကြာ ချီးမြှင့်ခဲ့တဲ့ ဆုတွေဟာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခု အကျိုးအတွက် မဟုတ်ဘဲ ကမ္ဘာ့ခရီးသွား လုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချီးမြှင့်တာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပတဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားမှာ (အဓိကအနေနဲ့) ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍအကောင်းဆုံးစွမ်းဆောင်ရည်ဆု (Best Performance Awards) တွေကို ချီးမြှင့်တာတွေ့ရပါတယ်။ ယခု ၂၀၁၉ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်း အနားမှာဆိုရင်အကောင်းဆုံးဝန်ဆောင်မှုစွမ်းရည်ဆိုင်ရာဟိုတယ်ဆုများ၊ ခရီးသွားလုပ်ငန်း ကုမ္ပဏီဆုများ ပေးအပ်တာတွေ့ရပါတယ်။ ဒါ့အပြင် စာစီစာကုံး၊ ကျပန်းစကားပြောနှင့် ဓါတ်ပုံဆု စတာတွေကို ချီးမြှင့်တာလည်း တွေ့ရသဗျ။ မြန်မာနိုင်ငံကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့မှာ အခြေခံပညာအဆင့် အဆင့်မြင့် ပညာ အဆင့်စာစီစာကုံးပြိုင်ပွဲများ ထည့်သွင်းကျင်းပ ပေးခြင်းဟာ ကျောင်းသူကျောင်းသားများနှင့် မိဘဆရာအသိုက် အဝန်းအတွင်း ခရီးသွားလုပ်ငန်းရဲ့ သဘောသဘာဝနဲ့ အကျိုးကျေးဇူး တွေကို အထိုက်အလျောက် ပြန့်ပွားစေတာဖြစ်လို့ ကောင်းမွန်တဲ့ အစီအစဉ်တစ်ခုပဲ ဖြစ်ပါ တယ်။ အလားတူပဲ အခြားဆုများကိုလည်း ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်းကသာမက အများပြည်သူများ အတွင်းကပါ ဖိတ်ခေါ်ကျင်းပပေးနိုင်ရင် ပိုမိုကောင်းမွန်မယ်လို့ ယူဆမိပါ တယ်။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကနယ်ပယ်အတွင်းမှာဆိုရင် Myanmar Responsible Tourism Institute (MRTI) အဖွဲ့အစည်းက Myanmar Responsible Tourism Awards(MRTA)ဆုကိုနှစ်စဉ်ပေးအပ်နေတာတွေ့ရပါတယ်။ MRTA ဟာဆိုရင်လည်း ရည်ရွယ်ချက် အားဖြင့် ကောင်းမွန်ပြီး အမည်နာမနဲ့ လိုက်လျောညီထွေစွာ တာဝန်သိခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ဆုတွေဖြစ်တာကို တွေ့ရပါတယ်။ ယခု ၂၀၁၉ ခုနှစ် MRTA မှာ ယခင်နှစ်များက မပါဝင်တဲ့ Best Practice in Child Safe Tourism Award နဲ့ Best Practice in Carbon Foot print Reduction ဆုတွေ ပါဝင်လာတာကို တွေ့ရပါတယ်။ အချုပ်အားဖြင့် ပြောရရင် ဆုချီးမြှင့်ပေးအပ်ခြင်းဟာ သာမန်မှတ်တမ်းတင်ဂုဏ်ပြုရုံ လောက်ဆိုရင် ပြည်သူများအကြား သတင်းစကားကြားနာသိရှိရုံသာဖြစ်ပြီး၊ ကိုယ့်နယ်ပယ် ထဲမှာသာအတိုင်းအတာတစ်ခုအထိ အသိအမှတ်ပြုခံရတာဖြစ်ပါ တယ်ခင်ဗျ။ ဆုချီးမြှင့်ခြင်း ကနေ ကိုယ့်လုပ်ငန်းကဏ္ဍအကြောင်းကို ပြည်သူများအကြား (ပုဂ္ဂလိကနဲ့ အစိုးရအဖွဲ့ အစည်းတွေလည်း ပါသပေါ့) ပိုမိုကျယ်ပြန့်စွာ သိရှိစေဖို့ဆိုရင်တော့ (တနည်းဆိုရရင်တော့ မားကတ်တင်း Marketing ပေါ့ဗျာ) ဆုအမျိုးအစား၊ ပေးအပ်တဲ့ရည်ရွယ်ချက်၊ ဆုရွေးချယ် သတ်မှတ်တဲ့စံနှုန်းများ၊ ဆုကို အကဲဖြတ်ရွေးချယ်တဲ့ပုဂ္ဂိုလ်များဆိုပြီး အကျယ်တဝင့်ချပြ ကြေညာသင့်ပါကြောင်းပါခင်ဗျား။ Travelling_Journal/Vol_1_Issue_17 Photo_WTTC/UNWTO (စည်သူကျော်ပေးပို့သည်)
Contine Reading
By - Admin / 04-11-2019
လောကနိဗ္ဗာန်ဘုံ ဖားစည်မြေ

လောကနိဗ္ဗာန်ဘုံ ဖားစည်မြေ

ယဉ်ယဉ်လှ မြူခိုးတွေ ဆိုင်းဝေနေပြီး ထိုးထိုးထောင်ထောင်ချွန်ချွန်ထက်ထက်ပုံစံတွေရယ်၊ မတူညီတဲ့ ထုံးကျောက်တောင်တွေကို မြင်တွေ့ရလိုက်တဲ့ အချိန် ဒီမြင်ကွင်းလေးမှာ စာရေးသူဟာ တကယ့်ကို အံ့သြမင်သက် မိသွားစေခဲ့ပါတယ်။ ဘားအံဆိုတာ သဘာဝတရားများနဲ့ လှပတည်ငြိမ်တယ်ဆိုတာ ကို အများသိပြီးသားမို့ သိပ်ကိုညွန်းပြစရာမလိုတော့ဘူးလို့ စာရေးသူက ထင်မြင်မိစေခဲ့တဲ့ အတွေးဟာ တကယ့်ကို မှားယွင်းသွား စေခဲ့ပါတယ်။ ဘားအံရောက်တိုင်း ဂူတွေ သွားရောက်လေ့လာသလို သံလွင်မြစ်ကို တကူးတက သွားကြည့်လေ့ရှိပါတယ်။ ဇွဲကပင် တောင်ပေါ်ကိုတော့ တစ်ကြိမ်မျှမရောက်ဖူးသေးတော့ သူများတွေ ဘယ်လိုပြောပြော စာရေးသူကတော့ ကိုယ့်မျက်စိနဲ့မြင်တွေ့ရတဲ့ မြင်ကွင်းကိုပဲ ယုံကြည်ပါတယ်။ စာရေးသူကို ကမ္ဘာလှည့်နိုင်ငံခြားသားတစ်ဦးက ပြောပြခဲ့ဖူးပါတယ်။ သူဟာ ဇွဲကပင်တောင်ပေါ်ကနေ ကြည့်ရတဲ့ မြင်ကွင်းက ကမ္ဘာမှာ အလှဆုံးမြင်ကွင်းတဲ့။ သူပြောတုန်းကစာရေးသူက သိပ်မယုံပေမဲ့ ဖြစ်နိုင်ချေ ရှိတယ်လို့ ထင်မိပါတယ်။ တကယ် ဒီမြင်ကွင်းကို မြင်တွေ့ရတဲ့အခိုက်မှာ စာရေးသူ အနေနဲ့ နောက်ကျမိရလေခြင်းလို့ ဆိုမိပါတော့တယ်။ ပြီးပြည့်စုံလွန်းတဲ့ အလှ တရား ။ ဒီလို ပတ်ပတ်လည် တောင်တွေ ဝိုင်းရံနေတဲ့ ဘားအံမြို့မြင်ကွင်းကို ကောင်းကင်ယံထက်ကနေ ကြည့်ရတဲ့ရှုခင်း၊ မြစ်ရယ်၊ မြူ ခိုးတွေရယ် ခြွေရံသင်းပင်းတွေနဲ့ ပနံတင့်တယ်လှပနေတဲ့ ဆောင်းနံနက်ခင်း ဒီအချိန် ဒီမြင်ကွင်းက စာရေးသူရဲ့ စိတ်ထဲ စွဲကျန် ရစ် ခဲ့စေတာပါပဲ။ တရုတ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ အစ္စလာကတော့ ဘားအံမြို့ ဟာ သူတို့ တရုတ်ပြည်ရဲ့ ကွေ့လင်မြို့နဲ့တူပါသတဲ့။ ကွေ့လင်ကလည်း တောင်တွေ များပြီး မြစ်ရှိတာမို့ သူတို့ လူမျိုးတွေဟာ ဘားအံကိုလည်း လာရောက် လေ့လာနေကြတယ်လို့စာရေးသူကို ပြောပြပါတယ်။ တစ်ချို့ကတော့ ဗီယက်နမ်က ဟလောင်ဘေးနဲ့ ဆင်တယ်လို့ ဆိုပါတယ်။ တကယ်တော့ အဲဒီအရာတွေထက်ကို ဘားအံ ရဲ့ လှပမှု က သာလွန်နေတယ်ဆိုတာ စာရေးသူ တကယ့်ကို မျက်ဝါးထင်ထင် တွေ့ရစေတာပါပဲ။ မပြုမပြင် တည်ရှိနေတဲ့ သဘာဝတရားရဲ့ လှပဖြားယောင်းမှု ကို ခံစားရင်း ဘားအံမြို့ရဲ့ ကောင်းကင်ယံအလှ ကနေကြည့်ရတာဟာ ရင်သက်ရင်ခုန်ချင်စရာကောင်းလွန်းလှတယ်ဆိုတာ စာရေးသူမြင်တွေ့ ခဲ့ ခံစား ခဲ့ရပါတယ်။ မြစ် သံလွင် ဆိုတာကလည်း တကယ့်ကို ထူးခြားတဲ့ဂုဏ်သတ္တိတွေ ရှိနေတာ။ ရေစီးကြမ်းပြီး သူ့ရဲ့ ဂုဏ်သတ္တိ ကိုဘယ်သောအခါမှ မဖျောက်ဖြစ်ခဲ့တဲ့ ရှိနေဆဲ သံလွင်ပါ။ခြွေရံသင်းပင်းများတဲ့ ထုံးကျောက်တောင်တွေဟာလည်း သူ့အလှ သူ့ သဘာဝ သူ့ဂုဏ်နဲ့တည်ရှိနေတာပါပဲ။ ဒီလိုလှပမှုတွေရှိနေတဲ့ ဘားအံမြေမှာ ရိုးသားတဲ့ ကရင်လူမျိုးတွေ ဘာသာတရားကို ချစ်မြတ်နိုးသူတွေ ယဉ်ကျေးမှု ကိုချစ်မြတ်နိုးနေ သူတွေ ရှိနေဆဲပါ။ ဒီလို အလှတရားတွေကို ဖော်ထုတ်ပေးတဲ့ Oriental Ballooning က ဘားအံမြို့ရဲ့ မြင်ကွင်းတွေကို ကောင်းကင်ယံ ထက်ကနေ ကြည့်နိုင်စေဖို့ စတင်ဝန်ဆောင်မှု ပေးလာခဲ့တာပါ။ ခရီးသွားချစ်သူတွေ အနေနဲ့ ဒီလို ဝန်ဆောင်မှုတွေကို လူအနည်းဆုံး ခြောက်ယောက်စုပြီး Package အနေနဲ့ ဘားအံမြင်ကွင်းအလှ တွေကို တစ်ဦးကို ကျပ် နှစ်သိန်းငါးသောင်း နဲ့ Balloon စီးပြီး မြင်တွေ့ခံစားလို့ရနေပါပြီ။ ပထမဆုံးအနေနဲ့ ဘားအံမြို့ရဲ့ ကောင်းကင်ယံအလှကို စာရေးသူရယ်။ Travel Blogger ဖြစ်တဲ့ ကိုသီဟလု လင်ရယ်၊ MTM က မမေမြတ်မွန်ဝင်းရယ်၊ Oriental Ballooning က မခိုင်ဝင့်ဖြူ နဲ့ ပိုင်းလော့ နိုင်ငံခြားသား နှစ်ဦးနဲ့ ဘားအံအလှကို ရင်သက်ရှုမျောစွာ ကြည့်ခဲ့ရတာပါပဲ။ နေထွက်ချိန်အလှ တရားနဲ့ ဇွဲကပင်တောင်ရယ်။ သံလွင်မြစ်ရယ်။ ထုံးကျောက်တောင် ပတ်ပတ်လည်တွေ ရယ်။ မြူတွေ ရယ်။ စာရေးသူတို့ ကြည့်ဖူးကြတဲ့ စွန်းဝူခုန်း ဇတ်ကားထဲက မြင်ကွင်းအခန်းမျိုး။ စာရေး ပြီးပြောပြရုံနဲ့တင်မလုံလောက်ခဲ့ ပါဘူး။ ဒီလို မြင်ကွင်းတွေကို တစ်သက်မှာ တစ်ကြိမ်လောက်တော့ မြင်ကြည့်ဖို့ သင့်တယ်လို့ စာရေးသူက ဆိုချင်ပါတယ်။ ဇွဲကပင်တောင် နောက်ဘက်ကနေ ထွက်ပေါ်လာတဲ့ နေရောင်။ လှပတည်ငြိမ်နေတဲ့ ဇွဲကပင်တောင်ကို အနီးကပ်မြင်တွေ့ရတဲ့ မြင်ကွင်း က ဘဝမှာ အမှတ်ရဆဲပါ။ မြန်မာပြည်မှာ ဒီလို လှပပြီး သဘာဝတရားရဲ့ ဖြားယောင်းမှု တွေ အများကြီးရှိနေတာကို စာရေးသူက ဂုဏ်ယူမဆုံးတပြုံးပြုံးပါပဲ။ ပေးလိုက်ရတဲ့ တန်ကြေးနဲ့ ထိုက်တန်ပြီး ကိုယ်ပြန်ရတာဟာ ပိုများတယ်ဆိုတာကို မြင်တွေ့ ခဲ့ပြီးပါပြီ။ ဒီလို ဘာအံမြိုရဲ့ ကောင်းကင်ယံအလှ ကို ခုလိုမြင်တွေ့ခံစားနိုင်ဖို့ ဖိတ်ခေါ်ပေးတဲ့ Oriental Ballooning ကို ကျေးဇူးလည်းတင်မိပါတယ်။ ဟိုတယ်/ခရီးက အငြိမ်းစားယူသွားခဲ့တဲ့ ညွန်ချုပ် ဦးအောင်ဇော်ဝင်းကလည်း ပြောပြဖူးပါတယ်။ ဘားအံဆိုတာ Adventure အကောင်းဆုံး ပြု လုပ်နိုင်တဲ့ နေရာဖြစ်တယ်လို့ ဆိုဖူးခဲ့သလိုပါပဲ။ သဘာဝ တရားက ပေးထားတဲ့ ထုံးကျောက်တောင်တွေ ပေါမှပေါ။ ဂူတွေပေါမှပေါ။ ပန်းချီကားချပ်တဖွယ် ရှိနေ တဲ့ စိုက်ခင်းတွေက သူ့ရာသီနဲ့သူ လှပနေဆဲ။ သံလွင်မြစ်ကလည်း ရေစီးသန်နေဆဲ။ အုန်းပင်တွေ အစီအရီ နဲ့ သဘာဝကျကျလှပနေဆဲ။ဇွဲကပင်တောင်ကလည်း တည်ငြိမ်ရင့်ကျက်နေဆဲ။ဒေါနတောင်တန်းက လည်း မှိုင်းညှို့နေဆဲ ။ ဒီလို အလှတရားတွေ တည်ရှိနေတဲ့ ဘားအံမြေကိုစာရေးသူအနေကတော့ Eco Tourism ဘဏ္ဍာသိုက် ကြီးလို့ အမွန်းတင်မိရင်း ဘားအံ ကောင်းကင်ယံထက်ကနေ မြင်တွေ့ရတဲ့ မြင်ကွင်းတွေကို ဘယ်သောအခါမှ မေ့နိုင်တော့မှာ မဟုတ်တော့ပါဘူး။ Travelling_Journal/Vol_1_Issue_20 Photo YinYinHla
Contine Reading
By - Admin / 09-03-2020
အနီရောင်ခရီးသွားလုပ်ငန်း(Red Tourism)

အနီရောင်ခရီးသွားလုပ်ငန်း(Red Tourism)

စည်သူကျော် ၁။ (၂၀)ရာစုနှောင်းပိုင်းကာလကို အရင်းရှင်နှင့် ကွန်မြူနစ်ဝါဒတို့ ပြိုင်ဆိုင်မှုပြင်းထန်သော ကာလတစ်ခုဟုပြောဆိုကြသည်။ နောက်ပိုင်းတွင်မတော့ ကမ္ဘာ့အရှေ့ခြမ်းနိုင်ငံတော်တော်များ များသည် ကွန်မြူနစ်ဝါဒ၏ကြီးစိုးမှုမှ လွတ်မြောက်သွားခဲ့ကြသည်။ သို့သော် အဆိုပါ နိုင်ငံအသီး သီးသည် ၎င်းတို့၏ ကွန်မြူနစ်လှုပ်ရှားမှုကာလများကို အမှတ်ရနေစေသော အမွေအနှစ်အမြောက် အများကို ပိုင်ဆိုင်နေဆဲဖြစ်သည်။ ယင်းအမွေအနှစ်များသည် ယခုအခါ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွဲဆောင်မှုများအဖြစ် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်လျှက်ရှိနေပြီဖြစ်သည်။ ၂။ ဝါရင့်ကွန်မြူနစ်နိုင်ငံကြီးတစ်နိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် ၎င်းတို့၏ ကွန်မြူနစ်အမွေ အနှစ်များကို အနီရောင်ခရီးသွားလုပ်ငန်း (Red Tourism) အဖြစ် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း နယ်ပယ်သို့ စီးပွားရေးလုပ်ငန်းပုံစံတစ်ခုဖြင့် ချဉ်းနင်းဝင်ရောက်ခဲ့ပြီးဖြစ်သည်။ ၃။ယခင်ကကမ္ဘာ့အင်အားကြီးနိုင်ငံ(၂)နိုင်ငံဖြစ်သောအမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက် ပြည်ထောင်စုတို့သည် အယူဝါဒရေးရာကွဲပြားမှုအရ အားကစားမှအစ လပေါ်သို့ စတင်ခြေချနိုင်မှု အထိလည်းကောင်း၊ လက်နက်ယှဉ်ပြိုင်မှုမှအစ နိုင်ငံငယ်များ၏ပြည်တွင်းရေးသိမ်းသွင်းနိုင်မှုအထိ လည်းကောင်း ယှဉ်ပြိုင်ခဲ့ကြသည်။ ၄။ အနှစ် (၄၀) စစ်အေးတိုက်ပွဲပြီးဆုံးပြီးနောက် ဆိုဗီယက် ယူနီယံပြိုကွဲခဲ့ပြီး၊ ကွန်မြူနစ်ဝါဒ လည်း ယိမ်းယိုင်ချည့်နဲ့သွားခဲ့သည်။ ကွန်မြူနစ်ဝါဒကျဆုံးမှုနှင့်အတူ ကွန်မြူနစ်ဝါဒ၏သူရဲကောင်း များ၊ ခေါင်းဆောင်များ၏ရုပ်တုများ၊ အမှတ်တံဆိပ်သင်္ကေတဆိုင်ရာအဆောက်အဦများ ဖျက်ဆီးခံ ခဲ့ရသော်လည်း၊ အရှေ့ဥရောပနှင့် အလယ်ပိုင်းနိုင်ငံများတွင် ကွန်မြူနစ်ဝါဒဆိုင်ရာ အထိမ်းအမှတ် နေရာဒေသများစွာ ကျန်ရှိနေပါသေးသည်။ ၅။ လွန်ခဲ့သော အနှစ်(၂၀) ခန့်မှစ၍ အနောက်ကမ္ဘာမှ ခရီးသွားများလည်း ကွန်မြူနစ်အမွေ အနှစ်များကို စိတ်ဝင်စားလာခဲ့ပြီး၊ သံမဏိကန့်လန့်ကာနောက်ကွယ်မှ အကြောင်းအရာများကို ကြည့်ရှုလေ့လာလိုလာကြသည်။ ယခုအခါတွင် ယခင် ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်နိုင်ငံများ ဖြစ်သော ဟန်ဂေရီ၊ ချက်သမ္မတနိုင်ငံ၊ ရိုမေးနီးယား၊ ဘူလ်ဂေးရီးယားနှင့် ဘော်လ်တစ်နိုင်ငံများ သည်ဥရောပသမဂ္ဂဝင်နိုင်ငံများဖြစ်လာခဲ့ကာ၊ ခရီးသွားလာရာတွင် ပိုမိုလွယ်ကူအဆင်ပြေလာခဲ့ပြီး ကွန်မြူနစ်အမွေအနှစ်များရှိရာသို့ လာရောက်လည်ပတ်လေ့လာကြသော ခရီးသွားဦးရေ အရေ အတွက်လည်း တိုးမြင့်လာခဲ့သည်။ ၆။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အနီရောင်ခရီးသွားလုပ်ငန်း (Red Tourism) ကို (၂၀၀၄) ခုနှစ်ခန့်ကပင်စတင်ခဲ့ပြီး အမျိုးသားအနီရောင်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(National Red Tourism Development Plan) ကို ရေးဆွဲထုတ်ပြန်ရန် စီစဉ်လာခဲ့သည်။ ယင်းနောက် National Red Tourism Development Planning 2004-2010 ကို တရုတ်နိုင်ငံတော်ကောင်စီ နှင့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီတို့ ပူးတွဲထုတ်ဝေနိုင်ခဲ့သည်။ အဆိုပါစီမံကိန်းတွင် ကွန်မြူနစ်ပါတီသူရဲကောင်းများ၊ ခေါင်းဆောင်များ၏ မွေးရပ်မြေနှင့် ကွန်မြူနစ်တော်လှန်ရေး ကာလ၏ ထင်ရှားသောဒေသများသို့ သွားရောက်လေ့လာလည်ပတ်ခြင်းသာမက (၁၉၄၂)ခုနှစ်မှ (၁၉၄၉)ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ၏ တော်လှန်ရေးသမိုင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးဖြစ်သည်။ ၇။ အခြားအချက်တစ်ခုမှာ အနီရောင်အမွေအနှစ်များသည် ကွန်မြူနစ်တော်လှန်ရေးကို ထောက်ခံအားပေးခဲ့သည့် ဆင်းရဲနွမ်းပါးသောဒေသများတွင်တည်ရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောနေရာဒေသများတွင် တည်ရှိခြင်းတို့ကြောင့် အနီရောင်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ခြင်းဖြင့် အဆိုပါဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရာလည်း ရောက်စေသည်။ ၈။ အနီရောင်ခရီးသွားလုပ်ငန်း (Red Tourism) ၏ အဓိက သဘောတရားမှာ သင်ကြားမှု၊ သင်ယူမှုလုပ်ဆောင်ချက်များ၊ လှည့်လည်ပြသခြင်းဆိုင်ရာလုပ်ငန်းများ၊ ကွန်မြူနစ်တော်လှန်ရေး ကာလ၏ အောက်မေ့အမှတ်ရဖွယ်အဖြစ်အပျက်များ၊ ကွန်မြူနစ်သူရဲကောင်းများနှင့် ခေါင်းဆောင် များအား လေ့လာခြင်းဆိုင်ရာတို့ပါဝင်သည်။ တရုတ်အမျိုးသားခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှု (China National Tourism Administration-CNTA) အကြီးအကဲဖြစ်သူ He Guangwei က အနီရောင်ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်းသည် တရုတ်အမျိုးသားမျိုးချစ်စိတ်ဓါတ်ကို လက်ဆင့်ကမ်းပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၉။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကကျသော ငွေကြေးထောက်ပံ့ရေးကဏ္ဍကို လည်း တရုတ်အစိုးရက အစွမ်းကုန်ဖြည့်ဆည်းပေးခဲ့သည်။ အနီရောင်ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရန် အခြေခံအဆောက်အဦများ တည်ဆောက်ရေးအတွက် အထူးရံပုံငွေတစ်ရပ်ကို (၂၀၀၅)ခုနှစ်ကပင် စီစဉ်ထောက်ပံ့ခဲ့သည်။ တရုတ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ အစီရင်ခံစာ များအရ (၂၀၀၆)ခုနှစ်တွင် တရုတ်အစိုးရသည် အနီရောင်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး အတွက် ယွမ် (၁.၁) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄၆ မီလီယံ)ကို ထောက်ပံ့ခဲ့သည်။ (၂၀၀၅) ခုနှစ်နှင့် (၂၀၀၆)ခုနှစ်အတွင်း သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သန့်ရှင်းသောရေ ရရှိရေး အစရှိသည်တို့ ပါဝင်သော စီမံကိန်း (၁၀၀)ခန့်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သည်။ သက်ဆိုင်ရာဒေသအစိုးရများသို့လည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဖြည့်စွက်ရံပုံငွေများ ချထားပေးခဲ့သည်။ အနီရောင်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားအထောက်အကူဖြစ်စေသော အချက်တစ်ခုအဖြစ် လူငယ်အဖွဲ့များ၊ ကျောင်းသားများ၊ စစ်သည်များနှင့် သက်ကြီးရွယ်အိုများကို သွားလာပို့ဆောင်စရိတ်၊ တည်းခိုစရိတ်နှင့် ဝင်ကြေး နှုန်းထားများကို လျှော့ချပေးခဲ့သည်။ ၁၀။ အရှေ့ဥရောပတွင် ကွန်မြူနစ်အမွေအနှစ် ခရီးသွားလုပ်ငန်းသည် (၁၉၉၀)ခုနှစ်နောက်ပိုင်း တွင် ထွန်းကားလာခဲ့သည်။ ကွန်မြူနစ်ဝါဒကျဆုံးပြီးနောက် အနောက်ကမ္ဘာမှ ကမ္ဘာလှည့်ခရီးသွား များသည် အရှေ့နှင့် အလယ်ဥရောပနိုင်ငံများကို ခရီးစဉ်ဒေသအဖြစ် ရွေးချယ်လာကြသည်။ ဥပမာအားဖြင့် ပိုလန်နိုင်ငံရှိ ခရာကိုး (Krakow) ခရိုင်သည် ၎င်း၏ထင်ရှားသော ကွန်မြူနစ် ဗိသုကာလက်ရာများကြောင့် ကမ္ဘာ့လှည့်ခရီးသွားများအကြား လျှင်မြန်စွာ ရေပန်းစားလာခဲ့သည်။ အလားတူပင် ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်မြို့တွင် ကွန်မြူနစ်ဝါဒကျဆုံးပြီးနောက် ကွန်မြူနစ်ဝါဒ ကိုယ်စားပြု သင်္ကေတရုပ်တုများကို ပန်းခြံတစ်ခုအတွင်းသို့ ရွှေ့ပြောင်းခဲ့ပြီးနောက် (၁၉၉၃) ခုနှစ် တွင် အောက်မေ့ဘွယ်ပန်းခြံ (Memento Part or Szobor Park) သည် မြို့တော်၏ထင်ရှားသော ခရီးသွားလုပ်ငန်းဆိုင်ရာဆွဲဆောင်မှုတစ်ခုဖြစ်လာခဲ့သည်။ အဆိုပါပန်းခြံ၏ ခရီးသွားလုပ်ငန်းမြှင့် တင်မှုတွင် အောင်မြင်လာသောကြောင့် လေဟာပြင်ပြတိုက် (Open air museum) အဖြစ်သို့ အဆင့်မြှင့်တင်ခဲ့သည်။ ယင်းတွင် ကြယ်နီတစ်ပွင့်အမှတ်တရ အရောင်းဆိုင် (Red Star Store)၊ ဓါတ်ပုံပြပွဲနှင့် သမိုင်းမှတ်တမ်းများ ပြသသော အသေးစားရုပ်ရှင်ရုံငယ်တို့ ပါဝင်သည်။ ၁၁။ ယင်းသို့ အနီရောင်ခရီးသွားလုပ်ငန်းအောင်မြင်လာသောကြောင့် ကွန်မြူနစ်ဝါဒရှင်သန်ခဲ့ရာ ဥရောပနိုင်ငံများတွင်လည်း အနီရောင်ခရီးသွားလုပ်ငန်း (Red Tourism) ကို ဆောင်ရွက်လာကြ သည်။ ဥရောပအင်အားကြီးနိုင်ငံကြီးဖြစ်သော ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ အမွေအနှစ်များဖြစ်သော ဘာလင်တံတိုင်း (Berlin Wall)၊ ချာလီ ဝင်/ထွက်ပေါက် (Chaelie Checkpoint) တို့သည်လည်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၏ ထင်ရှားသော ဆွဲဆောင်မှုများဖြစ်သည်။ ၁၂။ တရုတ်နိုင်ငံတွင် အနီရောင်ခရီးသွားလုပ်ငန်းသည် မျှော်မှန်းထားသည်ထက် ပိုမိုအောင်မြင် ခဲ့ပြီး၊ (၂၀၀၄) ခုနှစ်မှ (၂၀၀၇) ခုနှစ်အတွင်း ကွန်မြူနစ်အမွေအနှစ်ဒေသများသို့ လာရောက် လည်ပတ်သော ခရီးသွားဦးရေ သန်း(၄၀၀)ခန့်ရှိခဲ့ကာ၊ အဆိုပါ ခရီးသွားလုပ်ငန်းမှ အမေရိကန် ဒေါ်လာ (၁၃.၅) ဘီလီယံရရှိခဲ့ကြောင်း တင်ပြလိုက်ရပါသည်။ Reference Paper; Red Tourism: Sustaining Communist Identity in a Rapidly Changing China Travelling_Journal/Vol_1_Issue_15 Photo_Internet(စည်သူကျော်ပေးပို့သည်)
Contine Reading
By - Admin / 23-08-2019
Tourism Promotion ဘာလဲ၊ဘယ်လဲ

Tourism Promotion ဘာလဲ၊ဘယ်လဲ

သတိုးလွင် (ပထဝီ၀င်) “ကြွရောက်လာသူများထဲကမြန်မာပြည်ရောက်ဖူးသူရှိလား”?“xxxxxx”“?????”“မြန်မာပြည်ကိုလာရင် သံရုံးကိုဗီဇာသွားလျှောက်စရာမလိုတော့ဘူး.. E Visa, Visa On Arrival ,Visa Free နိုင်ငံအချို့ကို ပေး နေပြီဆိုတာ ကြားမိပါရဲ့လား”“ !!!!”မကြာခင်က အာရှတွင်အကြီးဆုံးနိုင်ငံတခုသို့ အလုပ်ကိစ္စဖြင့်ရောက်ခဲ့ပြီး Visa Free ပေးတာ (၅)နှစ်ခန့်ရှိပြီ ဖြစ်သော အာဆီယံနိုင်ငံအဖွဲ့၀င်နိုင်ငံကြီးဖြစ်သလို outbound tourist များသန်းချီခန့်လည်ပတ်နေသော နိုင်ငံကြီးဖြစ်သည်။ Travel Agent များနှင့်နေ့လည်စာစားရင်း မေးမြန်းဖြစ်သည်။ အံ့သြစွာပင် မြန်မာပြည်ကိုသိကြသည်။ သို့သော် မရောက်ဖူးသေး တာထားဦး Visa Free ပေးတာပင် သေချာမသိကြသေးပေ။ မြန်မာသံအမတ်ကြီးနှင့်တွေ့ဆုံခဲ့စဉ် ခရီးသွားကိစ္စများဆွေးနွေးဖြစ် သည်။ မြန်မာတိုးရစ်များ လာလေ့ရှိသော်လည်း outbound tour များလာရောက်ရေး မြန်မာခရီးသွားအဖွဲ့အစည်းများ ၊ကုမ္ပဏီများမှ အာရုံမစိုက်သေးဘဲ လာရောက်Promotiong လုပ်သည်မှာအတော်ရှားကြောင်း ကြားသိရ၍ ဒုတိယံမိ အံ့သြမိလေ သည်။ ကောင်းလေစွ ……. Tourism ဆိုတဲ့ခရီးသွားလုပ်ငန်းဆိုတာ …..ဘာလဲ!ခရီးသွားသိုင်းလောကသားများ ကျင်လည်ရာ ခရီးသွားလုပ်ငန်းဆိုတဲ့သစ်ပင်ကြီးအောက်တွင် အကိုင်းအခက်များစွာရှိသည်။ ဟိုတယ်၊လေကြောင်း၊ရေကြောင်း၊ကုန်းလမ်း၊မော်တော်ယာဉ်၊မီးရထား၊လှည်း၊ စားသောက်ဆိုင်၊ ညကလပ်၊ ကပွဲ၊ အနှိပ်ခန်း (SPA) အမှတ်တရ ပစ္စည်းထုတ်လုပ်/အရောင်းဆိုင် ၊ ဧည့်လမ်းညွန် ခရီးသွားအေး ဂျင့်၊ Tour Operator DMC ခေါ် ခရီးစဉ် စီမံ ခန့်ခွဲသည့် ကုမ္ပဏီကြီးများနှင့် ယနေ့ခေတ်စားနေသည့် Travel Blogger ,Influencer စသည်တို့ပါ၀င်သည်။ နိုင်ငံတကာတွင် ခရီးသွားလုပ်ငန်းအောင်မြင်စွာလုပ်ကိုင်နေသည့် နိုင်ငံများစွာကို လေ့လာကြည့်မည်ဆို လျှင် ခရီးသွားလုပ်ငန်းကို အဓိက ၀င်ငွေရှာပေးသည့် မဏ္ဍိုင်ကြီးတစ်ခုအဖြစ် အသိအမှတ်ပြုပြီး စနစ်တကျအာပေးသည့် နိုင်ငံကြီးများတွင် ခရီးသွား ဆိုင်ရာ၀န်ကြီးဌာနများသည် Policy Maker ,Regulator မူဝါဒချမှတ်သူ၊ထိန်းကျောင်းသူများသာ ဖြစ်ကြသည်။ မိမိတိုင်းပြည်ကို ခရီးစဉ်ဒေသအဖြစ် မြင့်တင်ရာ Promotion လုပ်ငန်း များကို Semi government (သို့)ပုဂ္ဂလိက Professional များကို အစိုးရမှခန့်အပ် တာ၀န်ပေးလေ့ရှိကြသည်။ ထင်ရှားသည့် အဖွဲ့အစည်းများမှာ Tourism Authority of Thailand (TAT),စင်ကာ ပူနိုင်ငံမှ Singapore Tourism Board (STB), မလေးရှားနိုင်ငံမှ Tourism Malaysia, ထိုင်၀မ်နိုင်ငံမှ Taiwan Tourism Board ,ဂျပန်နိုင်ငံတွင် Japan National Tourism Organization (JNTO),ကိုရီးယားနိုင်ငံတွင် Korea Tourism Organization (KNTO) စသည်တို့သည် Inbound tourism အတွက်ရော၊ Outbound tourism အတွက်ပါ ထိရောက်စွာ စွမ်းဆောင်နိုင်သည့် အလားအလာကောင်း မျာကို တွေ့နိုင်သကဲ့သို့ ဘတ်ဂျတ်သုံးစွဲမှုတွင်လည်း အစိုးရ ဘတ်ဂျတ် သာမက ကိုယ်ပိုင်၀င်ငွေရှာပြီးဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။Promotion ဆိုတာဘာလဲ?မားကတ်တင်းဂုရုကြီး - ပရော်ဖက်ဆာ ဖီးလိစ်ကော့လ်တာ (Prof- Philip Kotfer) ၏ စျေးကွက်အခြေခံမု (၄)ချက် marketing mix 4Ps တွင် Product , Pricing ,Placement (Distribution Channel )နှင့် Promotion သည် အရေးကြီးဆုံး တခုဖြစ်သည်။ ရောင်းကုန်ပစ္စည်း (Goods) သို့ ခရီးစဉ်ဒေသ ၊ခရီးစဉ်၀န်ဆောင်မှု (Destination Service) ကို ခရီးသွားပရိတ်သတ်များ၊ ဖောက်သည်များ သိစေဖို့ရာ Promotion ကို ထိရောက်စွာမလုပ်နိုင်လျှင် Inbound tourism ဆိုတာ အ ချီးနှီးဖြစ်ပေ လိမ်မည်။ ကြော်အောင်ညာနေသကဲ့သို့ မဖြစ်စေရန် Promotion လုပ်ရာတွင် Target ထားရမည့်စျေးကွက် အပေါ်မူတည်ပြီး မိမိခရီးစဉ်ဒေသ ၊ မိမိနိုင်ငံတွင် ခရီးသွားဆိုင်ရာ အခြေခံအဆောက်အဦး (Tourism Infrastructure ) အဆင်သင့်ရှိနေပြီး လား၊?ရီးစဉ်ဒေသတွင် ၀န်ဆောင်နိုင်မှုလူ့စွမ်းအား HR Capacity လုံလောက်ရဲ့လား၊ခရီးစဉ်ဒေသသို့လုံခြုံချောမွေ့စွာ သွား ရောက်နိုင်ရဲ့လား၊ စသည်တို့ကို Master plan ရေးဆွဲပြင်ဆင်ရသည်မှာ သက်ဆိုင်ရာအစိုးရတခုတည်း အလုပ်မဟုတ် သကဲ့သို့ ပုဂ္ဂလိက အဖွဲ့အစည်းများ၏ ပူးပေါင်းပါ၀င်မှု ဒေသခံပြည်သူအားလုံး နားလည်အောင် စည်းရုံးပြီး လက်တွဲပါ၀င်နိုင်မှု ဖြစ်မှသာ All Inclusive Tourism ဖြစ်လာမည်။ PPP ခေါ်Private Public Partnership ဟုပြောဆိုလာလာပြီး Tourism Promotion ကို ဘက်စုံ ဏ္ဍအလိုက် တာ၀န်ယူ တာ၀န်ခံလုပ်နေသလဲဆိုတာ လေ့လာကြည့်ကြပါစို့။ Tourism Promotiong ဆိုတာဘာလဲ! ခရီးသွားမြှင့်တင်ရာတွင် ခရီးစဉ်ဒေသ မြှင့်တင်ရေး ( Destination Promotion )နှင့် ခရီးသွားထုတ်ကုန်မြင့်တင်ရေး (Tour Product Promotion) ဆိုပြီးအဓိကအားဖြင့် (၂)ပိုင်းခွဲခြားလေ့လာနိုင်သည်။ Destination များတွင်လက်ရှိ ခရီးစဉ်ဒေသ (Existing Destination) နှင့် အလားအလာရှိခရီးစဉ်ဒေသ (Potential Destination) ဟူ၍(၂)မျိုးတွေ့နိုင်ပြီး အစိုးရ(ဗဟို/ဒေသ) မှတာ၀န်ယူထိန်းသိမ်း အသစ်ရှာဖွေဖော်ထုတ်သည့် လုပ်ငန်းစဉ်များဖြစ်ပြီး အချို့နိုင်ငံအများစုတွင် ပုဂ္ဂလိကဆိုင်ရာ၀န်ဆောင်မှု အဖြစ် DMO အလုပ်ရှိကြသည်။ မီးခိုးမထွက်သည့်စက်ရုံဟုတင်စားခေါ်ဝေါ်လေ့ရှိသည့် Tourism Industry မှ ခရီးသွား ထုတ်ကုန်များကို ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ကြသည်။ Intangible Product အဖြစ်၀န်ဆောင် မှုပေးရာတွင် ယဉ်ကျေးမှုအခြေခံ၊ သဘာ၀အခြေခံ၊ အပန်းဖြေ (Leisure) ,Medical tourism, culinary tourism (ချက်ပြုတ်နည်း)၊အားကစား(Sport Tourism), mice Tourism စသဖြင့်ခရီးသွားထုတ်ကုန်များကို သင့်တော်သည့် ခရီးစဉ်ဒေသ(Destination) များတွင်၀န်ဆောင်မှု ပေးနိုင်ခြင်းကို ကမ္ဘာကသိအောင် ပြုလုပ်ခြင်းကို Tourism Promotion ပြုလုပ်ခြင်းဖြစ်သည်။ Promotion ဆောင်ရွက်ရာတွင် B2B ခေါ် လုပ်ငန်းရှင်(Supplier) များထံ ကြောငြာခြင်းနှင့် B2C (ခေါ်) ခရီးသွားပြည်သူသို့ တိုက်ရိုက်ရောင်းအားမြင့် ကြောင်ငြာခြင်းဖြစ် သည်။ B2C Promotion ကို အစိုးရ(သို့) အစိုးရပံ့ပိုးမှုရှိသော ခရီးသွားဘုတ် အဖွဲ့၊ အာဏာပိုင်များ နှင့် တာ၀န်ယူ ဆောင်ရွက်လေ့ရှိပြီး ၊DMO များကိုဖွဲ့စည်းခန့်အပ်ပြီး Destination များမှတဆင့် ၀န်ဆောင်မှုပေးလျက်ရှိပါသည်။ မြန်မာTourism ဘယ်လဲ! မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ဆူနာမီကဲ့သို့ ၂၀၁၁နောက်ပိုင်းတွင် တဟုန်ထိုးတိုးတက်လာခဲ့ပြီး ၂၀၁၆တွင် ပြန်လျော့ကျလာခဲ့သည်မှာ အားလုံးအသိပင်ဖြစ်သည်။ ၂၀၁၁ထိတိုင် နယ်စပ်၊လေဆိပ်၊ရေဆိပ် ၀င်ပေါက်များမှ ဧည့်သည်၀င်ရောက်မှုမှာ (၁)သန်းခန့်ပင် မပြည်ခဲ့သော်လည်း ၂၀၁၁ အစိုးရသစ်လက်ထက်တွင် ခရီးသွားဏ္ဍကို ဦးစားပေးလုပ်ငန်း (၇)ရပ်တွင် ထည့်သွင်းပြီး ဖြေလျော့မှုများစတင်ခဲ့သည်။ ၂၀၁၄နောက်ပိုင်းတွင် နိုင်ငံတော်မှ နိုင်ငံခြား ငွေကျပ် ဘတ်ဂျတ်များ ပိုမိုခွင့်ပြုခဲ့သဖြင့် ပြည်ပနိုင်ငံများသို့ ပုံမှန်သွားရောက်ပြသနေသည့် ပြပွဲများတွင် ပိုမိုစွဲဆောင်စေ မည့် ပြခန်း ဒီဇိုင်းများ၊ အကျယ်အ၀န်းများ၊ဧည့်ခံဖျော်ဖြေမှုများ သုံးလာနိုင်သည်။၄င်းအပြင် သွားရောက်ပြသသူ Exhibitorများ အ နေဖြင့် ထည့်၀င်သည့် ငွေမှာလည်း ယခင်ကထက် (၅၀%)ခန့်သက်သာလာသည်။ ၂၀၁၆ ဒီမိုကရေစီအစိုးရ လက်ထက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီးဌာနအဖြစ် ဆက်လက်ရပ်တည်ခွင့်ပြုပြီး ဟိုတယ် နှင့်ခရီးသွား လုပ်ငန်း အတွေ့အကြုံများ သော အမာခံပုဂ္ဂိုလ်အား ပြည်ထောင်စု၀န်ကြီးအဖြစ် ဦးဆောင်စေခဲ့သည်။ တချိန်က အာ ဆီယံနိုင်ငံ များကြားတွင် မျက်နှာ မငယ်စေရန် နှစ်စဉ်ခရီးသည်၀င်ရောက်မှု(၁)သန်းခန့် အပေါင်းလက္ခဏာဖြစ်စေခဲ့ရာမှ ၂၀၁၆ နောက်ပိုင်း နယ်စပ်၀င်ပေါက်မှ Visa Run များ၊ Border Pass ဖြင့် နေ့ချင်းပြန်သူများကို Visitor arrival အဖြစ်ထည့်မရေ တွက်တော့ဘဲ လ.၀.က မှရသည့် စာရင်းကို သာ ထုတ်ပြန်ခဲ့သဖြင့် ယခင်၀င်ရောက်မှုမှ ၃၈% ကျဆင်းခဲ့သဖြင့် ဝေဖန်မှုများ မြင့်တက်စေခဲ့သည်။ အမှန်မှာ ယခင် Volume Tourism မှ Value Tourism ( Quality Tourist Market) ကို အလေးပေးလာသည့် သဘာပင်ဖြစ်သည်။ တာထွက် ကောင်းပြီး Promotion Budget လည်း လှိုင်လှိုင်သုံးနိုင်ခဲ့သဖြင့် ခရီးသွားရွှေခေတ်တကျော့ပြန်ပြီလားဟု အားတက်ခဲ့ရသည်။ သို့သော် ၂၀၁၇ပွင့်လင်းရာသီအမှီ အနောက်စည်းရိုးဖက်မှ ဆိုင်း သံဗုံသံကြားခဲ့ရသည်။ ၂၀၁၉ခုနှစ်တွင်လည်း အရှေ့စည်းရိုးမှ ဗင်ထုသံတွေလှိုင်လှိုင်ကြားခဲ့ရ၍ ခရိးသွား သိုင်းလောက သားများ အတွက် Tourism Hopes မှေးမှိန်န်ခဲ့ရသည်။ အထူးသဖြင့် အနောက်နိုင်ငံများကို အဓိက စျေးကွက်ထားခဲ့သည့် ခရီးသွား လုပ်ငန်း သည် အနောက်စည်းရိုးပြဿနာကြောင့် အနောက် နိုင်ငံ ဧည့်သည် ၀င်ရောက်မှု ၅၀% ကျော်ကျဆင်းခဲ့ရသည်။၂၀၁၈တွင် Look East ပေါ်လစီကျင့်သုံးပြီး အိန္ဒိယအား Visa on arrival (VOA) ခွင့်ပြုခဲ့ရာ တရုတ်ဧည့်သည်များ ပြင်ဆင် ၀င်ရောက်မှုမှာ ၁၆၀% ကျော်တိုးတက်ခဲ့ပြီး ကိုရီးယား(၉၀%)ခန့်၊ ဂျပန်(၂၅%)ထိ တိုးတက်ခဲ့သည်။ Volue Tourist ဘက်သို့ ထိမ်းလာခဲ့ပြီး Volue Tourist များထင်သလောက် မလာခြင်းသည် နိုင်ငံရေးကိစ္စတခုတည်း ကြောင့်မဟုတ်လော၊ Value Service ပေးနိုင်သေးသည့် Capacity အဆင်သင့်မဖြစ်သေူသည့်နေရာများရှိသကဲ့သို့ တရုတ်ခရီးသွားများ၏ ပြုမူပြောဆိုမှုများသည် Culture Value ကိုလည်း ကွယ်ပျောက် လာစေနိုင်သည်။ “အကကောင်းသည့်ဒေါင်းမ” ကဲ့သို့ ရှေ့က ကြည့်တော့ “လှ”သယောင်နောက်ပိုင်းကပေါ် ဆိုသကဲ့သို့ မြန်မာနိုင်ငံ ၏ ခရီးသွားလုပ်ငန်းရှေ့အလားအလာ ကို ပြည်လည် ဦးမော့ လာအောင် “ဆေးမီးတို” ဖြင့် ကုသ၍ မရေတော့ပြီ၊ ၂၀၁၈ ခုနှစ်တွင် ပထမဆုံးကျင်းပခဲ့သည့် ခရီးသွားညီလာခံ Myanmar Tourism Conference တွင် တင်ပြဆွေးနွေးခဲ့သည့် အဓိကအချက် (၆)ချက်နှင့် ၂၀၁၃ခုနှစ် Tourism Master Plan တွင် ပါ၀င်သည့် Piller (၆)ခု ချိန်ထိုးပြီး ကြည့်လျှင် ရောဂါတွေ့နေပြီး ထိရောက်သည့်ဆေးနှင့် ကုသနိုင်မည့် ဆရာ၀န်ကြီးနှင့် ဆေးအဖွဲ့ညီညွတ်လျှင် လူနာကလည်း စကားနားထောင်မည်ဆိုလျှင် Tourism Revitaligatar ဖြစ်လာပေလိမ့်မည်။ မြန်မာTourism Promotion ဘယ်လဲ! ပုဂ္ဂလိက ဘဏ္ဍာကို ခရီးသွားလုပ်ငန်းတွင်စတင်ခွင့်ပြုခဲ့သည့် ၁၉၉၀ပြည့်နှစ်များတွင် မြန်မာနိုင်ငံဘယ်မှာရှိသည်ကို သိအောင် လိပ်စာကဒ်တွင် မြန်မာပြည်မြေပုံကိုထည့်ပြရသည်ကို ယခုတိုင်မှတ်မိသေးသည်။ ၁၉၉၄ခန့်တွင် Promoter လုပ်ရန် MMC ခေါ် Myanmar Marketing Committee ကို နိုင်ငံခြားအများစုပါသော ဟိုတယ်နှင့်ခရီးသွား အသိုင်းအဝိုင်းမှ စတင်ပြီး ၁၉၉၅တွင် ITB ဘာလင်၊ WTM လန်ဒန်စသည်ပွဲများကိုသွားရောက် ပြသခဲ့သည်။ စာရေးသူကိုယ်တိုင် ဟိုတယ်နှင့် ခရီးသွား လာရေး ၀န်ကြီးဌာန၏ ပထမဆုံး mission အဖြစ် JATA Tourism Fair 1996 ကို ဂျပန်နိုင်ငံအိုဆာကာ သို့သွားရောက်ပြသခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် JATA အဖွဲ့၀င်အဖြစ်ပါ၀င် ဆောင်ရွက်ခဲ့သည်။ ၂၀၀၂ခုနှစ်တွင် UMTAနှင့် MOHTပူးပေါင်းပြီး အသင်း သား များအတွက် စျေးသက်သာစွာဖြင့်သွားရောက် ပြသနိုင်ရန်ဆောင်ရွက်ခဲ့ကြသည်။ ထိုအပြင် ပြည်တွင်းသို့ နိုင်ငံ တကာ သတင်း မီဒီယာများ ၀င်ရောက်မှုတင်းကျပ်စွာ ထိန်းချုပ်ထားခဲ့သည်။ စစ်အစိုးရကာလတွင် ၁၉၉၅၌ပြင်သစ်မီဒီယာ များကို ဗီဇာရရန်အခက်အခဲကြားမှ ပါရီရှိ မြန်မာသံအမတ်ကြီး ဦးညွှန်တင်၏ ကူညီပေးမှုဖြင့်စတင်ခေါ်ဆောင် လာခဲ့သည်။ ထို့နောက် MMC မှလည်း Green Season Promotion Fam Trip များပုံမှန် ခေါ်ဆောင်လာသကဲ့သို့ UMTA မှလည်း ပြည်တွင်းသို့ FAM Trip များကို ဒေသအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆောင်ရွက်ခြင်းဖြင့် မြန်မာကိုပိုမိုသိစေခဲ့သည်။ ၂၀၁၂ခုနှစ်တွင် မြန်မာနိုင်ငံခရီးသွားအဖွဲ့ချုပ်(MTF) စတင်ဖွဲ့စည်းခဲ့ပြီး ညီနောင်အသင်းများအဖြစ် စုစည်းခဲ့ရာ ယခုအခါ(၁၁) သင်းထိရှိလာခဲ့သည်။ ယခင်က MMC မြန်မာစျေးကွက်ရှာဖွေရေးအဖွဲ့သည်လည်း Myanmar Tourism Marketing (MTM) သည် စျေးကွက်ရှာဖွေရေးကို အဓိကလုပ်ကိုင် လာပြီး UMTA Promotion Committee မှလည်း တဖက်တလှမ်းမှ လုပ်ရှားပါ၀င်ကာ အာရှဒေသတွင်ခရီးသွား မြှင့်တင်ရေးပြပွဲများသို့ အသင်းသားများအတွက် စျေးသင့်တင်စွာဆောင်ရွက်ပေးနိုင်ခဲ့ သည်။ ၂၀၁၈ခုနှစ်တွင် ဗီဇာဖြေလျော့ရေးနှင့်အတူ Look East ပေါ်လစီအရ MTF အောက်တွင် မြန်မာ-အာဆီယံ၊တောင်အာရှ ခရီးသွားလုပ်ငန်း စျေးကွက်မြင့်တင်ရေးအဖွဲ့၊ မြန်မာ-ဥရောပ၊အမေရိက၊သြစတျေးလျခ ရီးသွား လုပ်ငန်းစျေးကွက်မြင့်တင် ရေးအဖွဲ့၊ မြန်မာ -တရုတ်ခရီးသွား လုပ်ငန်းစျေးကွက်မြင့်တင်ရေးအဖွဲ့ ၊ မြန်မာ - ကိုရီးယား ခရီးသွား လုပ်ငန်းစျေးကွက်မြင့် တင်ရေးအဖွဲ့၊မြန်မာ-ဂျပန်ခရီးသွားလုပ်ငန်း စျေးကွက်မြင့်တင်ရေးအဖွဲ့ နှင့် ပြည်တွင်းခရီးစဉ်ဒေသဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းအဖွဲ့ စသည်ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊စက်တင်ဘာလတွင် ပြုလုပ်ခဲ့သည့် Tourism Law အရ နိုင်ငံတော် အဆင့် ၀န်ကြီးဌာနများ၊လုပ်ငန်းကော်မတီများနှင့် တိုင်းဒေသခရီးသွားကော်မတီများ ပြင်ဆင်ဖွဲ့စည်းခဲ့ရာ မြန်မာ စျေးကွက် ရှာဖွေရေးအဖွဲ့(MTM)၊ MTF လက်အောက်ရှိTourism Development Working Group အဖွဲ့များ နှင့် ဟိုတယ်နှင့် ခရီးသွား လာရေး၀န်ကြီးဌာနများ အကြား ဘတ်ဂျတ်ခွဲဝေသုံးစွဲမှု၊ လုပ်ငန်း တာ၀န်ခွဲဝေ သုံးဆွဲမ၊ှု အဆင့်ဆင့်တာ၀န်ခံမှု၊ စံနှုန်းလုပ်ငန်းစဉ် (SOP) များတိကျသေချာစွာ ညှိနှိုင်းဆောင်ရွက်မည်ဆိုလျှင် Tourism Development Mechanism ပိုမိုသွက်လက်လျှင်မြန်နိုင် ပေမည်။ အလားတူ promotion ကိစ္စတွင် Fam Trip များဖိတ်ကြားရာ၌ သက်ဆိုင်ရာ working group များနှင့်ညှိနှိုင်းရာတွင် မြန်မာပြည်သို့ လုံး၀မရောင်းဖူးသေးသော အလားအလာရှိသည့် အေးဂျင့်များကို ဦးစားပေးဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ လက် တွေ့ နှင့်ကွာဟခဲ့သည်။ အကြောင်းမှာ မြန်မာပြည်ကို ရောင်းလျှက်ရှိသော အေးဂျင့်များသည် Market Leader များဖြစ်သဖြင့်ပိုမို ရောင်းအားသွက်လာစေသည်။ အထူးသဖြင့် product manager များသည် MD,CEO ထက် Technical ပိုနားလည်ကြသည်။ ယခုမှ မြန်မာပြည်ကိုရောက်ဖူးပြီး စရောင်းဖို့ပြင်ဆင်လျှင်အနည်းဆုံး(၂)နှစ်ခန့်အချိန်ယူရပေဦးမည်မဟုတ်လော။ မည်သို့ပင်ဆိုစေ ယနေ့မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရေရှည် တည်တံ့ရေးသည် အထူးအရေးကြီးသဖြင့် ခရီး သွားမြှင့်တင်ရေးနှင့် ပတ်သတ်၍ နိုင်ငံတကာတွင် ထိရောက်စွာ ရလဒ်ကောင်းထွက်နိုင်ရန် Semi Government Control အစိုးရ ပုဂ္ဂလိက ပူးပေါင်းသည့် မြန်မာ့ခရီးသွားဘုတ်အဖွဲ့ Myanmar Tourism Board ကဲ့သို့ ပြင်ဆင်ဖွဲ့စည်းသင့်ကြောင်း အကြံပြုလိုက်ရပါ သည်။ #Travelling_Journal/Vol_1_Issue_18 #Photo_သတိုးလွင်
Contine Reading
By - Admin / 29-12-2019
မြိုင် CBT ကို ကျော်ခဲ့သည့် မကျည်းကန်ရွာ

မြိုင် CBT ကို ကျော်ခဲ့သည့် မကျည်းကန်ရွာ

မော်ကျွန်းသူ မကွေးတိုင်း တွင် အကောင်အထည် ဖော်ထားသည့် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းဖြစ်သည့် မကျည်းကန် ရွာ CBT မှ ကနဦးစတင်အကောင် အထည်ဖော်ခဲ့သည့် မြိုင် CBT ကို ကျော်လွန်သွားခဲ့ ပြီဖြစ်သည်။ မကျည်းကန် ကျေးရွာ CBT မှာမကွေးတိုင်းဒေသကြီး ၊ချောက်မြို့နယ် စလေအုပ်စု အတွင်း တည်ရှိပြီး ယင်းဒေသသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားဧည့်သည်များမှာ ပြင်သစ်ခရီးသွား လာရောက်မှုမှာ များပြားကြောင်း မကွေးတိုင်းဒေသကြီး ဟိုတယ်ခရီးတာဝန်ခံ ဦး မြင့်စိန်ကဆိုသည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် မကျည်းကန်သို့ လာရောက်ကြသည့် ပြည်ပခရီးသွားဦးရေမှာ ၅၁၇ ဦးရှိပြီး ပြည်တွင်းဧည့်သည်မှာ ၁၉၉ ဦးလာရောက်လည်ပတ်ခဲ့ခြင်းက မကျည်းကန် CBT၏ အောင်မြင်မှုတစ်ခုပင်ဆိုလိုရပါမည်။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ လူနေမှုဘဝ အဆင့်အတန်းများမြင့်မားလာစေရေးကို ရည်ရွယ် ပြီး ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းများကိုပြည်နယ်နှင့်အလိုက် အကောင်အထည်ဖော်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ကနဦးစတင်အကောင်အထည်ဖော်ဖြစ်ခဲ့သည့်ရွာမှာ ယင်းတိုင်းဆည် အနီး အမှီပြုနေရသည့်မြိုင်ဆိုသည့်ရွာကလေးပင်ဖြစ်သည်။ ထိုရွာကလေးကို CBT လုပ်ငန်း ဖွံ့ဖြိုးစေရန် Action Aid နှင့် ပူးပေါင်းပြီး ပုဂံပတ်လည်အတွင်း ရွာပေါင်း ၁၉၆ ရွာကို ယူခဲ့ကာ ယင်းအထဲမှ မြိုင်ရွာအပါအဝင် ၄ ရွာကို Journay လုပ်ငန်းမှ Tour Site တစ်ခုအဖြင့် အသက်သွင်းပုံဖော်ခဲ့ခြင်းဖြစ်သည်။ မြိုင်ရွာသည် CBT ၏ အစမ်းသပ်ခံ ရွာကလေးဖြစ်ခဲ့ပြီး CBT ကို ပဲ့ကိုင်ခဲ့သူ လည်း ဖြစ်သည်။မြိုင် ဒေသရှိ CBT လုပ်ငန်း အောင်မြင်ပါက ယင်းရွာ၏ လုပ်ကိုင်ပုံ နည်းစနစ်များကို အခြေခံပြီး Made in Copy ယူကာ တစ်ခြား ဒေသများတွင် ဆက်လက် လုပ်ကိုင်ဖို့ရည်ရွယ်ချက်ပင်ဖြစ်သည်။ မြိုင် CBTကို ဖွင့်လှစ်ခဲ့ပြီးနောက် ပုံစံတူ CBTများကိုပြည်နယ် အလိုက် စတင်လာခဲ့ကြသည်ဟုဆိုနိုင်ပါသည်။ ဒေသခံများ၏ လူနေမှုဘဝများကို အနီးကပ် လေ့လာကြည့်ရှုလို့ရနိုင်သည့် တစ်ခုတည်းသော နေရာပင်ဖြစ်သည်။ CBTတစ်ခု အောင်မြင်ဖို့ရန်မှာလည်း ကျေးရွာရှိ လူထု၏ စိတ်ဝင်စားမှုပေါ်တွင် အများကြီးမူတည်သည်ဟု ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်က ပြောခဲ့ဖူးပါသည်။ ရပ်ရွာညီညွတ်ရမည်ဟုဆိုခဲ့သည်။ ညီညွတ်မှုမရှိပါက မအောင်မြင်နိုင်ဟုဆိုခဲ့သော်လည်း လက်ရှိမကျည်းကန်၏ ရလာဒ်အခြေအနေမှာ အောင်မြင်နေသည်ဟု ဆိုရမည်ဖြစ်သည်။ လက်ရှိတွင် မကွေးတိုင်းဒေသကြီးအတွင်းအကောင်အထည်ဖော်ပြီးထားသည့် နှစ်ခုမှာ မြိုင် CBTနှင့် မကျည်းကန် CBTပင်ဖြစ်သည်။ နောက်ထပ်ဖော်ဆောင်မည့်နှစ်ခုကိုလျာထားသော်လည်း ကျွန်းကလေးရွာ CBTနှင့် ထန်းပင် ကုန်း CBTတို့ကို မဖွင့်နိုင်သေးချေ။ မကျည်းကန် CBT ဝင်ငွေမှ စီးဆင်းလာသည့် ဒေသအတွက် ရံပုံငွေမှာ ၂၀၁၈ ခုနှစ်အတွင်း သိန်း ၄၄ သိန်းနှင့် ၂၀၁၉ ခုနှစ်တွင်သိန်း ၆၀ ကို ရရှိခဲ့ခြင်းကြောင့် ရပ်ရွာလူထုအခြေပြူခရီးသွားလုပ်ငန်းဝင်ငွေမှအကျိုးကျေးဇူးများကို ရရှိခံစားနေပြီဖြစ်သည်။ မကျည်းကန်ကျေးရွာ၏ အားသာချက်မှာ မကွေးတိုင်းသို့ တိုက်ရိုုက်လာရောက်လည်ပတ်နိုင်သလို ပုဂံဒေသမှလည်း တဆင့် လာရောက်လည်ပတ်နိုင်သည့် အတွက် အားသာချက်များရှိခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ပုဂံ နှင့် မကျည်းကန်ကျေးရွာမှာ မိုင်အားဖြင့် ဆိုပါက ၃၀ မိုင်နီးပါးကွာဝေးသဖြင့် ပုဂံမှလာရောက်လည်ပတ်ကြသည့် သူများလည်းရှိသလို စလေမြို့မှလည်း လာရောက်လည်ပတ်ကြခြင်းကြောင့် အချက်အချာကြသည်ဟုလည်းဆိုနိုင်ပါသည်။ မကျည်းကန်သို့လာရောက်လည်ပတ်ကြသည့် ဧည့်သည်များအနက် ပြင်သစ်ခရီးသွားများမှာ ပိုများပြားခြင်း နှင့် ယူကေမှလည်း လာရောက် ကြသည့်ခရီးသွားများလည်းရှိခြင်းက မကျည်းကန် ၏ အားသာချက်ဟုပင်ဆိုရမည်။လက်ရှိတွင် ပြည်တွင်းပြည်ပဧည့်သည်များ လာရောက်တည်းခိုနိုင်ရန်အတွက် မကျည်းကန်CBTတွင် နှစ်ထပ်အိမ် ၃ လုံးကိုဆောက်လုပ်ထားပြီးဖြစ်ကြောင်းသိရသည်။လာရောက်လေ့လာသူများသည် စလေ ရုပ်စုံကျောင်း၊ ကိုလိုနီခေတ် အဆောက်အအုံ များ ကို သွားရောက်ကြလေ့ရှိပြီး စလေ မြို့မှ ၄မိုင်အကွာတွင် တည်ရှိသည့် ရှင်ဘုရင်စာကြိုဘုရားကိုလည်း သွားရောက် လေ့လာကြသည်ကများပြားသည်ဟုဆိုသည်။ ၎င်းတို့က မကွေးတိုင်းဒေသကြီးရှိ စလေမြို့ဟောင်း ဦးပုညစာကြည့်တိုက် စသည့် နေရာများသို့ စိတ်ဝင်တစားလေ့လာကြသည်ဟုဆိုသည်။ မကျည်းကန်သို့လာရောက်လည်ပတ်ကြသည့်နိုင်ငံခြားဧည့်သည်တစ်ဦးလျှင် န့နက်စာ၊နေ့လည်စာ ၊ညစာ နှင့် Guide ခ အပါအဝင် တစ်ညလျှင် ကျပ်သုံးသောင်းခွဲ ဖြင့် သတ်မှတ်ထားသလို ပြည်တွင်းခရီးသွားများအတွက်လည်း ယင်းနှုန်းထားဖြင့်သာယူကြောင်း ကျေးရွာကော်မတီဥက္ကဋ္ဌ ဦးပန်းမွှေးကပြောသည်။ " ပြည်တွင်းကောပြည်ပကောတည်းခိုလို့ရပါတယ်။ အဓိက က ဟောခန်းမနဲ့အိပ်တာများတယ်။ ၇ ယောက်အိပ်လို့လည်းရှိတယ်။ နှစ်ယောက်အိပ်တဲ့ အခန်းလည်းရှိတယ်။ ဧပြီလအတွင်းမှာ ဈေးနှုန်းတော့ပြောင်းဖို့ရှိတယ်။ အခုက ၂၂ ရက်နေ့ထိ ညအိပ် ရှိတယ် ။အဲဒီနောက်ပိုင်းတော့ မရှိသေးပါဘူး။ စက်ဘီးဌားစီးရင် တော့ တနေကုန်ကို ၂ ဒေါ်လာလောက်ယူတယ်" ဟု ၎င်းက ပြောသည်။ ညမအိပ်ပဲ ပုဂံဘက်မှ လာရောက်လေ့လာကြသည့် သူများအနေဖြင့် မကျည်းကန်ရွာတွင် ထမင်းစားမည်ဆိုပါက တစ်ဦးကို ၄၀၀၀ နှှုန်းဖြင့် မှာယူ စားသောက်ခြင်းဖြင့် တစ်ဖက်တလမ်းမှ ဒေသ၏ ဝင်ငွေ ရရှိအောင် ကူညီပေးနိင်ခြင်းပင်ဖြစ်သည်။CBTဆိုသည်မှာ ဧည့်သည်ကို စိတ်ကျေနပ်မှုရအောင် ဝန်ဆောင်မှုှုပေးသည့် အရာတစ်ခုဟုတင်စားချင်ပါသည်။မြန်မာနိုင်ငံ၏ အညာဒေသတစ်ခု ထဲတွင် ပါဝင်သည့် ထိုဒေသမှ ဒေသခံများ ၏ချစ်စရာဓလေ့များ၊ရိုးသားလှသည့် အပြုအမြုုများက နိုင်ငံခြားသားများအတွက် အထူးနှစ်ခြိုက် သဘောကျခြင်းပင်ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီးတွင် အောင်မြင်မှုများရရှိထားသည့် ပခုက္ကူရှိ မြိုင်CBTဖြစ်ပြီး ဒုတိယအနေဖြင့်ချောက်မြို့နယ်အတွင်းရှိ မကျည်းကန်CBT မှာ ၂၀၁၇ ခုနှစ်တွင် စတင် ဖွင်လှစ်ခဲ့ခြင်းဖြစ်သည်။ မကျည်းကန်ကျေးရွာတွင် အိမ်ခြေ ၁၂၇ အိမ်ရှိပြီးလူဦးရေ ၄၅၀ ဝန်းကျင် နေထိုင်ကြကာ အများစုမှာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြသည်။ လက်ရှိတွင်ဧည့်သည် ဝင်ရောက်မှု စာရင်းအရမြိုင်CBT သို့ ၂၀၁၇ ခုနှစ် အတွင်း ပြည်ပဧည့်သည် ၈၀၀ နီးပါး၊ ၂၀၁၉ ခုနှစ်တွင် ပြည်ပဧည့်သည် ၃၂၇ ဦးနှင့်ပြည်တွင်း ခရီးသွား ၁၆၀ ဦး ဝင်ရောက်ခဲ့သည်။ မကျည်းကန်ကျေးရွာသို့ ၂၀၁၉ ခုနှစ်တွင် ပြည်ပဧည့်သည် ၅၁၇ ဦးနှင့် ပြည်တွင်း ဧည့်သည် ၁၉၉ ဦး ဝင်ရောက် ခဲ့သည်။ ထို့အပြင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလနှစ်လအတွင်း မကျည်းကန်ကျေးရွာသို့ နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်မှုမှာ ၂၉၂ ဦး ဝင်ရောက်ခဲ့ပြီးဖြစ်ခြင်းကြောင့် မကျည်းကန်သို့ နိုင်ငံခြားသားဝင်ရောက်မှု များပြားလာခြင်းမှာ မကျည်းကန်၏ အောင်မြင်မှုပင်ဟု ဆိုရမည် ဖြစ်သည်။ လက်ရှိတွင် ခရီးသွားအကျနည်းနေသည့် ကာလများတွင် မကွေးတိုုင်းဒေသကြီး အတွင်းရှိ CBTကျေးင်္ရွာသို့ ဧည့်သည်ဝင်ရောက်မှုမှာ များလာသည်ဟုဆိုနိုင်သည်။ရိုးရှင်းလှသည့် နှစ်ထပ်အိမ် များဖြင့် တည်ဆောက်ထားသည့် မကျည်းကန် CBTမှာ တခြားပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်ဖော်ဆောင်နေသည့် CBTများထက် ပိုပြီးအောင်မြင် သည်ဟု ဆိုနိုင်ပါသည်။ ဒေသ၏ အကျိုးစီးပွားကို တိုက်ရိုက်ရရှိခံစားရနိုင်သည့် တစ်ခုတည်းသော ခရီးသွား လုပ်ငန်း တစ်ခုဖြစ်ကာ ဒေသ၏ အလုပ်အကိုင် အခွင့်အလမ်းကိုလည်း ဖန်တီးပေးနိုင်ခြင်းကြောင့် အကျိုးကျေးဇူးများစွာရရှိသည်ဟုဆိုပါသည်။အများအားဖြင့် CBTမှာ အိမ်နီးချင်းထိုင်းနိုင်ငံတွင်လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက အောင်မြင်လာခဲ့သည့် လုပ်ငန်းဖြစ်သည်။ " CBT ဖွင့်လိုက်တဲ့အတွက် လူနေမှု စနစ်ကတော့ အရင်ထက်စာရင် အဆင့်အတန်းကတော့ ပြောင်းလဲသွားကြတယ်၊ ဆက်ဆံတာတွေကအစပေါ့၊ နိုင်ငံစုံနဲ့ ဆက်ဆံရတာနားလည်သွားပြီ ။ ချမ်းသာလောက်အောင်တော့ မချမ်းသာပါဘူး၊ဒါပေမယ့် ပုံမှန်ဝင်ငွေလေးတစ်ခုလောက်တော့ရသွားတယ်" ဟု ဥက္ကဋ္ဌ ဦးပန်းမွှေးက ပြောသည်။တစ်နှစ်တစ်နှစ် မကျည်းကန်CBT မှ ရရှိသည့် ကျေးရွာ ရံပုံငွေမှ ရရှိသည့် ဝင်ငွေများကို ကျောင်းသူကျောင်းသားများအတွက် လိုအပ်သည်များကို ထောက်ပံ့ပေးခြင်း၊ ရွာရှိ ကိုယ်ဝန်ဆောင်များအား ထောက်ပံ့ပေးခြင်း၊ ကျေးရွာ မီးလင်းရေး များနှင့် ဒေသဖွံံ့ဖြိုးရေးများတွင် ပြန်လည်သုံးစွဲ သွားနေကြောင်းသိရသည်။ ထို့ကြောင့် CBT လုပ်ငန်းကို ဟန်ချက်ညီညီပူးပေါင်းအကောင်အထည်ဖော်မှသာ အောင်မြင်မည်ဖြစ်ပြီး ကျေးရွာရှိဒေသခံများ၏ စိတ်ဝင်စားမှုကလည်း အရေးကြီးခြင်းကြောင့် တဖြည်းဖြည်းနှင့် အောင်မြင်လာခဲ့သည့် မကျည်းကန်CBT ရွာ က သက်သေတစ်ခုပင်ဖြစ်ပါတော့သည်။ Travelling_Journal/Vol_1_Issue_22 Photo_Aungkhine
Contine Reading
By - Admin / 30-04-2020

All Articles

လောကနိဗ္ဗာန်ဘုံ ဖားစည်မြေ

လောကနိဗ္ဗာန်ဘုံ ဖားစည်မြေ

ယဉ်ယဉ်လှ မြူခိုးတွေ ဆိုင်းဝေနေပြီး ထိုးထိုးထောင်ထောင်ချွန်ချွန်ထက်ထက်ပုံစံတွေရယ်၊ မတူညီတဲ့ ထုံးကျောက်တောင်တွေကို မြင်တွေ့ရလိုက်တဲ့ အချိန် ဒီမြင်ကွင်းလေးမှာ စာရေးသူဟာ တကယ့်ကို အံ့သြမင်သက် မိသွားစေခဲ့ပါတယ်။ ဘားအံဆိုတာ သဘာဝတရားများနဲ့ လှပတည်ငြိမ်တယ်ဆိုတာ ကို အများသိပြီးသားမို့ သိပ်ကိုညွန်းပြစရာမလိုတော့ဘူးလို့ စာရေးသူက ထင်မြင်မိစေခဲ့တဲ့ အတွေးဟာ တကယ့်ကို မှားယွင်းသွား စေခဲ့ပါတယ်။ ဘားအံရောက်တိုင်း ဂူတွေ သွားရောက်လေ့လာသလို သံလွင်မြစ်ကို တကူးတက သွားကြည့်လေ့ရှိပါတယ်။ ဇွဲကပင် တောင်ပေါ်ကိုတော့ တစ်ကြိမ်မျှမရောက်ဖူးသေးတော့ သူများတွေ ဘယ်လိုပြောပြော စာရေးသူကတော့ ကိုယ့်မျက်စိနဲ့မြင်တွေ့ရတဲ့ မြင်ကွင်းကိုပဲ ယုံကြည်ပါတယ်။ စာရေးသူကို ကမ္ဘာလှည့်နိုင်ငံခြားသားတစ်ဦးက ပြောပြခဲ့ဖူးပါတယ်။ သူဟာ ဇွဲကပင်တောင်ပေါ်ကနေ ကြည့်ရတဲ့ မြင်ကွင်းက ကမ္ဘာမှာ အလှဆုံးမြင်ကွင်းတဲ့။ သူပြောတုန်းကစာရေးသူက သိပ်မယုံပေမဲ့ ဖြစ်နိုင်ချေ ရှိတယ်လို့ ထင်မိပါတယ်။ တကယ် ဒီမြင်ကွင်းကို မြင်တွေ့ရတဲ့အခိုက်မှာ စာရေးသူ အနေနဲ့ နောက်ကျမိရလေခြင်းလို့ ဆိုမိပါတော့တယ်။ ပြီးပြည့်စုံလွန်းတဲ့ အလှ တရား ။ ဒီလို ပတ်ပတ်လည် တောင်တွေ ဝိုင်းရံနေတဲ့ ဘားအံမြို့မြင်ကွင်းကို ကောင်းကင်ယံထက်ကနေ ကြည့်ရတဲ့ရှုခင်း၊ မြစ်ရယ်၊ မြူ ခိုးတွေရယ် ခြွေရံသင်းပင်းတွေနဲ့ ပနံတင့်တယ်လှပနေတဲ့ ဆောင်းနံနက်ခင်း ဒီအချိန် ဒီမြင်ကွင်းက စာရေးသူရဲ့ စိတ်ထဲ စွဲကျန် ရစ် ခဲ့စေတာပါပဲ။ တရုတ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ အစ္စလာကတော့ ဘားအံမြို့ ဟာ သူတို့ တရုတ်ပြည်ရဲ့ ကွေ့လင်မြို့နဲ့တူပါသတဲ့။ ကွေ့လင်ကလည်း တောင်တွေ များပြီး မြစ်ရှိတာမို့ သူတို့ လူမျိုးတွေဟာ ဘားအံကိုလည်း လာရောက် လေ့လာနေကြတယ်လို့စာရေးသူကို ပြောပြပါတယ်။ တစ်ချို့ကတော့ ဗီယက်နမ်က ဟလောင်ဘေးနဲ့ ဆင်တယ်လို့ ဆိုပါတယ်။ တကယ်တော့ အဲဒီအရာတွေထက်ကို ဘားအံ ရဲ့ လှပမှု က သာလွန်နေတယ်ဆိုတာ စာရေးသူ တကယ့်ကို မျက်ဝါးထင်ထင် တွေ့ရစေတာပါပဲ။ မပြုမပြင် တည်ရှိနေတဲ့ သဘာဝတရားရဲ့ လှပဖြားယောင်းမှု ကို ခံစားရင်း ဘားအံမြို့ရဲ့ ကောင်းကင်ယံအလှ ကနေကြည့်ရတာဟာ ရင်သက်ရင်ခုန်ချင်စရာကောင်းလွန်းလှတယ်ဆိုတာ စာရေးသူမြင်တွေ့ ခဲ့ ခံစား ခဲ့ရပါတယ်။ မြစ် သံလွင် ဆိုတာကလည်း တကယ့်ကို ထူးခြားတဲ့ဂုဏ်သတ္တိတွေ ရှိနေတာ။ ရေစီးကြမ်းပြီး သူ့ရဲ့ ဂုဏ်သတ္တိ ကိုဘယ်သောအခါမှ မဖျောက်ဖြစ်ခဲ့တဲ့ ရှိနေဆဲ သံလွင်ပါ။ခြွေရံသင်းပင်းများတဲ့ ထုံးကျောက်တောင်တွေဟာလည်း သူ့အလှ သူ့ သဘာဝ သူ့ဂုဏ်နဲ့တည်ရှိနေတာပါပဲ။ ဒီလိုလှပမှုတွေရှိနေတဲ့ ဘားအံမြေမှာ ရိုးသားတဲ့ ကရင်လူမျိုးတွေ ဘာသာတရားကို ချစ်မြတ်နိုးသူတွေ ယဉ်ကျေးမှု ကိုချစ်မြတ်နိုးနေ သူတွေ ရှိနေဆဲပါ။ ဒီလို အလှတရားတွေကို ဖော်ထုတ်ပေးတဲ့ Oriental Ballooning က ဘားအံမြို့ရဲ့ မြင်ကွင်းတွေကို ကောင်းကင်ယံ ထက်ကနေ ကြည့်နိုင်စေဖို့ စတင်ဝန်ဆောင်မှု ပေးလာခဲ့တာပါ။ ခရီးသွားချစ်သူတွေ အနေနဲ့ ဒီလို ဝန်ဆောင်မှုတွေကို လူအနည်းဆုံး ခြောက်ယောက်စုပြီး Package အနေနဲ့ ဘားအံမြင်ကွင်းအလှ တွေကို တစ်ဦးကို ကျပ် နှစ်သိန်းငါးသောင်း နဲ့ Balloon စီးပြီး မြင်တွေ့ခံစားလို့ရနေပါပြီ။ ပထမဆုံးအနေနဲ့ ဘားအံမြို့ရဲ့ ကောင်းကင်ယံအလှကို စာရေးသူရယ်။ Travel Blogger ဖြစ်တဲ့ ကိုသီဟလု လင်ရယ်၊ MTM က မမေမြတ်မွန်ဝင်းရယ်၊ Oriental Ballooning က မခိုင်ဝင့်ဖြူ နဲ့ ပိုင်းလော့ နိုင်ငံခြားသား နှစ်ဦးနဲ့ ဘားအံအလှကို ရင်သက်ရှုမျောစွာ ကြည့်ခဲ့ရတာပါပဲ။ နေထွက်ချိန်အလှ တရားနဲ့ ဇွဲကပင်တောင်ရယ်။ သံလွင်မြစ်ရယ်။ ထုံးကျောက်တောင် ပတ်ပတ်လည်တွေ ရယ်။ မြူတွေ ရယ်။ စာရေးသူတို့ ကြည့်ဖူးကြတဲ့ စွန်းဝူခုန်း ဇတ်ကားထဲက မြင်ကွင်းအခန်းမျိုး။ စာရေး ပြီးပြောပြရုံနဲ့တင်မလုံလောက်ခဲ့ ပါဘူး။ ဒီလို မြင်ကွင်းတွေကို တစ်သက်မှာ တစ်ကြိမ်လောက်တော့ မြင်ကြည့်ဖို့ သင့်တယ်လို့ စာရေးသူက ဆိုချင်ပါတယ်။ ဇွဲကပင်တောင် နောက်ဘက်ကနေ ထွက်ပေါ်လာတဲ့ နေရောင်။ လှပတည်ငြိမ်နေတဲ့ ဇွဲကပင်တောင်ကို အနီးကပ်မြင်တွေ့ရတဲ့ မြင်ကွင်း က ဘဝမှာ အမှတ်ရဆဲပါ။ မြန်မာပြည်မှာ ဒီလို လှပပြီး သဘာဝတရားရဲ့ ဖြားယောင်းမှု တွေ အများကြီးရှိနေတာကို စာရေးသူက ဂုဏ်ယူမဆုံးတပြုံးပြုံးပါပဲ။ ပေးလိုက်ရတဲ့ တန်ကြေးနဲ့ ထိုက်တန်ပြီး ကိုယ်ပြန်ရတာဟာ ပိုများတယ်ဆိုတာကို မြင်တွေ့ ခဲ့ပြီးပါပြီ။ ဒီလို ဘာအံမြိုရဲ့ ကောင်းကင်ယံအလှ ကို ခုလိုမြင်တွေ့ခံစားနိုင်ဖို့ ဖိတ်ခေါ်ပေးတဲ့ Oriental Ballooning ကို ကျေးဇူးလည်းတင်မိပါတယ်။ ဟိုတယ်/ခရီးက အငြိမ်းစားယူသွားခဲ့တဲ့ ညွန်ချုပ် ဦးအောင်ဇော်ဝင်းကလည်း ပြောပြဖူးပါတယ်။ ဘားအံဆိုတာ Adventure အကောင်းဆုံး ပြု လုပ်နိုင်တဲ့ နေရာဖြစ်တယ်လို့ ဆိုဖူးခဲ့သလိုပါပဲ။ သဘာဝ တရားက ပေးထားတဲ့ ထုံးကျောက်တောင်တွေ ပေါမှပေါ။ ဂူတွေပေါမှပေါ။ ပန်းချီကားချပ်တဖွယ် ရှိနေ တဲ့ စိုက်ခင်းတွေက သူ့ရာသီနဲ့သူ လှပနေဆဲ။ သံလွင်မြစ်ကလည်း ရေစီးသန်နေဆဲ။ အုန်းပင်တွေ အစီအရီ နဲ့ သဘာဝကျကျလှပနေဆဲ။ဇွဲကပင်တောင်ကလည်း တည်ငြိမ်ရင့်ကျက်နေဆဲ။ဒေါနတောင်တန်းက လည်း မှိုင်းညှို့နေဆဲ ။ ဒီလို အလှတရားတွေ တည်ရှိနေတဲ့ ဘားအံမြေကိုစာရေးသူအနေကတော့ Eco Tourism ဘဏ္ဍာသိုက် ကြီးလို့ အမွန်းတင်မိရင်း ဘားအံ ကောင်းကင်ယံထက်ကနေ မြင်တွေ့ရတဲ့ မြင်ကွင်းတွေကို ဘယ်သောအခါမှ မေ့နိုင်တော့မှာ မဟုတ်တော့ပါဘူး။ Travelling_Journal/Vol_1_Issue_20 Photo YinYinHla
Contine Reading
By - Admin / 09-03-2020
အာဆီယံအတွင်းတမူထူးခြားသော နိုင်ငံ(သို့) ဘရူနိုင်းဆီသို့

အာဆီယံအတွင်းတမူထူးခြားသော နိုင်ငံ(သို့) ဘရူနိုင်းဆီသို့

#သတိုးလွင် (ပထဝီဝင်) “ဘရူနိုင်းဆိုတာဟိုတယ်တံခါးစောင့်က ကိုယ်ပိုင်ကားမောင်းပြီးအလုပ်ဆင်းတဲ့နိုင်ငံ၊ ဘတ်စ်ကားစီးတာတိုးရစ်ပဲရှိတဲ့နိုင်ငံ၊ ဘတ်စ်ကားတွေက မနက်၅ခွဲက ညနေ၅ခွဲထိပဲမောင်းတဲ့ နိုင်ငံရောက်ကတည်းကပြန်တဲ့အထိလမ်းပေါ်မှာဘတ်စ ်ကားမမြင်ခဲ့ရတဲ့နိုင်ငံ (ခရမ်းရောင်ဘတ်စ်လို့ပြောတာပဲလေ) .Dart တက္ကစီတော့ မေ့လောက်ချိန်တွေမှာတစီးတလေတွေ့တတ်တဲ့နိုင်ငံ..” ဘရူနိုင်းမှာအစိုးရရုံးသမားအလုပ်ချိန်က နာရီ၄၀ (ဘာသာရေးအချိန် အလုပ်ခေတ္တအနားပေးတယ်တဲ့) အလုပ်ဝင်စအခြေခံလစာ BND ၅၀၀ ++ မန်နေဂျာလစာ BND ၂၀၀၀ ++ပါတဲ့ ။ဘရူနိုင်းဆိုတာလူဦးရေ ၅သိန်းမပြည့်ဘူး။ စင်္ကာပူလိုဘဲတစ်ဒေါ်လာမှာ ၁.၃ BND ငွေလဲနှုန်းရှိတယ်။ နိုင်ငံကျဉ်းကျဉ်းလေးကသစ်ပင်တွေပြည့်နေပြီးအရမ်းစိမ်းလန်းတယ်။ ရာသီဥတုကောင်းပြီးအပြာရောင်ကောင်းကင်ရှိတယ်။ စိမ်းပြာရောင်ပင်လယ်ရှိတယ်။ ဌက်တွေ သဘာဝတိရိစ္ဆာန်တွေများတယ်။ အိမ်တွေ ကောင်းတယ်။ဒါပေမဲ့အိမ်ခြေကျဲပါးတယ်။ဆင်းရဲအိမ်မရှိသလောက်ပါဘဲ။ (water village ကတော့ နိုင်ငံအလယ်ကောင်ကဘရူးနိုင်းမြစ် တစ်ဖက်ကရေပေါ်ရွာလေးပေါ့)။ လူတိုင်းလိုလိုကျန်းမာတယ၊် စိုပြည်ဝဖြိုးတယ်၊သူတောင်းစားမတွေ့ခဲ့ဘူး၊……..အော်ကြီးဟစ်ကျယ်…..ရန်ဖြစ်နေတာမတွေ့ခဲ့ဘူး။ ………… လူမြင်ကွင်းတော်တော်များများမှာအမှိုက်မရှိဘူး။ သန့်စင်ခန်းသုံးတာသန့်ရှင်းမှုတော့ လိုနေသေးတယ်။ဘရူနိုင်းဆိုတာရေနံတွေ ဘသာဝဓာတ်ငွေ့တွေထွက်တဲ့နိုင်ငံ၊ ပြည်သူချစ်ကြည်ညိုတဲ့ဘုရင်အုပ်ချုပ်တဲ့နိုင်ငံ၊ နိုင်ငံသားတိုင်းပညာရေး Free, ကျန်းမားရေးFreeလူမှုရေးစောင့်ရှောက်မှုအလုံးအလောက်ရတဲ့နေရေး၊သေရေး၊သာရေး၊နာရေး၊ ဘာမှစိတ်ပူစရာမလိုတဲ့နိုင်င။ံဘရူနိုင်းဆိုတာ နိုင်ငံတော် TV Channel မှာအမှိုက်မပစ်ဖို့ ကားမောင်းမကြမ်းဖို့နဲ့ကလေးတွေ အကြောင်းများများပြသတဲ့နိုင်ငံ၊ ဘရူနိုင်းဆိုတာညညဆိုမျောက်အော်သံလေးတွေ ကြိုးခွေ ကြိုးခွေနဲ့ ညည့်ပိုးကောင်သံတစီစီနဲ့ အိပ်ပျော်သွားရပြီးမနက်မနက်ဆို ဝတ်ပြုသံတွေနဲ့ အိပ်ရာကနိုးထတဲ့နိုင်ငံ၊အေးချမ်းတဲ့မူလဆင်နိုင်ငံလို့ သူတို့ ဘာသာတင်စားသလိုတကယ်လဲအေးချမ်းတဲ့နေရာတစ်ခု။ ဘရူနိုင်းဆိုတာနိုင်ငံပိုင် TV လိုင်းနည်းနည်းနဲ့ တက္ကစီတစ်ခါခေါ်ရင် နာရီဝက်စောင့်ရပြီးတစ်ခါလည်ပြီးရင် နောက်၁၀နှစ်လောက်သွားစရာမလိုလောက်အောင် လုံလောက်တာကလွဲပြီးသာယာအေးချမ်းတဲ့နိုင်ငံ။ ( သူငယ်ချင်း Tin HtayOo၏ Face Book Post လေးတစ်ခုအားဖတ်မိပြီး mention လုပ်လိုက်ရပါသည်။ ) Royal Brunei ဖြင့် အရှေ့မှ အနောက်ဆီသို့ ၁၉၉၄ ခုနှစ်ခန့်ကဖြစ်လိမ့်မည်။ မောင်ရွှေတိုးတစ်ယောက် ဘန်ကောက်မှ ရန်ကုန်သို့ MAI လေယာဉ်ဖြင့် ခေတ္တပြန်လာဖြစ်ခ့ ဲ သည်။ MAI စတင်မွေးဖွားသည့်နှစ် B757  လေယာဉ်သစ်ကြီးကို Royal Brunei (BI) လေကြောင်းမှ Dry Lease ဌားရမ်းပြီးစတင်အသုံးပြုခဲ့ကြောင်းသိခဲ့ရသည်။ ကိုယ့်မြန်မာ Flag Carrier ဖြစ်သဖြင့် Royal Brunei အငွေ့အသက်သိပ်မသိခဲ့ရပေ။ ၁၉၉၆ခုနှစ်မှာလန်ဒန်သို့ Royal Brunei လေယာဉ်သစ်ဖြင့် ရန်ကုန်သို့တိုက်ရိုက်ခရီးစဉ် ကြုံခဲ့သည်။လေယာဉ်ပေါ်တွင် လေယာဉ်မယ်တွေက Duty Free အိတ်နဲ့အရက်ပုလင်းလေးတွေ ဝေပေးပါသည်။ လေယာဉ်ပေါ်မှာ serve လုပ်ပေးခဲ့သည်။ လေယာဉ်မတက်ခင်တွင် TV ဖန်သားပြင်ပေါ်မှ အစ္စလာမ်ဘာသာဝင်တိုင်းအတွက် အစ္စလာမ်ဘာသာဝတ်ပြုဆုတောင်းသံပေါ်လာစမြဲ၊ ကြာတော့လည်းရိုးလာခဲ့ပါသည်။ အရှေ့မှအနောက် Brunei Airline ဖြင့်ပျံသန်းခဲ့ပြီးနောက် အာဆီယံ ၁၀နိုင်ငံအနက် ဘရူနိုင်းတစ်နိုင်ငံသာမရောက်ဖြစ်ခဲ့၍ သွားလည်ချင်နေတာအတော်ကြာခဲ့ပါပြီ။ ယခုတော့ ဘရူနိုင်းမြေကိုပထမဆုံးအကြိမ်ရောက်ရှိခဲ့စဉ် အတွေ့အကြုံတွေကို မျှဝေလိုက်ပါသည်။ လျှပ်တပျက်ဘရူနိုင်း အာဆီယံနိုင်ငံ(၁၀)နိုင်ငံများအနက် နောက်ဆုံးမှလွတ်လပ်ရေးရခဲ့တဲ့နိုင်ငံဟာဘရူနိုင်းဖြစ်ပြီး ၁၉၀၆ခုနှစ်ကတည်းကအင်္ဂလိပ်ကိုလိုနီတဖြစ်လဲ ဗြိတိသျှဓနသဟာအဖြစ်မှ လွတ်လပ်ရေးကို ၁၉၈၄မှ ရရှိခဲ့ပါတယ်။ ဘရူနိုင်းနိုင်ငံဟာ 3in1 ကဲ့သို့ ဘော်နီယိုကျွန်းမှာရှိပြီးမလေးနဲ့ အင်ဒိုနီရှားကိုခွဲပေးလိုက်ရပေမဲ့ရေနံနဲ့ဓာတ်ငွေ့ဝင်ငွေနဲ့တင် လူဦးရေ ၄၂၀၀၀၀ ကျော်အတွက် ဖူလုံပါတယ်။ အာဆီယံနိုင်ငံတွေအနက် ခရီးသွားလုပ်ငန်းဧည့်သည်ဝင်ရောက်မှုမှာ မြန်မာပြီးရင် နောက်ဆုံးမှာရှိနေပေမဲ့ Tourism Infrastructure ဟာ မြန်မာထက်သာပါတယ်။ ပြည်သူတွေနဲ့ SME လုပ်ငန်းတွေအတွက် အခွန်ကင်းလွတ်ခွင့်ပေးထားပြီးပညာရေးစရိတ်ငြိမ်းပြီးဆေးရုံတစ်ခါတက်လျှင်ဘရူနိုင်းငွေ (၁)ဒေါ်လာသာပေးရတယ်လို့ သိရပါတယ်။ ၈၀%ဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်လို့ သောကြာနဲ့ တနင်္ဂနွေဟာအစိုးရးပိတ်ရက်ဖြစ်ပြီးပုဂ္ဂလိကလုပ်ငန်းတွေကတနင်္လာမှစနေနေ့ဝက်ထိရုံးဖွင့်ပါတယ်။ အာဆီယံနိုင်ငံတွေအကြားကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှုအောက်ဆုံးအဆင့်မှာရှိတဲ့ဘရူနိုင်းနိုင်ငံရဲ့ ပြည်သူတွေဟာခရီးသွားလုပ်ငန်းကိုတော့ သက်မွေးဝမ်းကြောင်းအနေနဲ့ လုပ်ကိုင်နေတာတွေလေ့လာခွင့်ရခဲ့ပါတယ်။ ရေမြေတောတောင် စိုက်ပျိုးရေးလုပ်နိုင်တဲ့ရာသီဥတုမြေအနေကောင်းသော်လည်းလယ်ယာလုပ်ကိုင်မည့်သူရှားတာကြောင့် ဆန်ကိုထိုင်းနိုင်ငံမှ ဝယ်စားကြပါတယ်။ ရှေးကာလတွေကတည်းက ဗြိတိသျှကိုလိုနီအောက်ရောက်ခဲ့တယ်လို့ ဘုရင်ကမမှတ်ယူဘဲကမ်းလွန်ရေနံ၊သဘာဝဓာတ်ငွေ့ကိုဒတ်ချ်လူမျိုးပိုင် SHELL ကုမ္ပဏီကြီးကိုရှာဖွေထုတ်လုပ်ခိုင်းပြီးအင်္ဂလိပ်စစ်တပ်ကိုကာကွယ်ရေးအတွက် အသုံးချနိုင်ဖို့ နှစ်ပေါင်း၈၀နီးပါး ဓနသဟာရနိုင်ငံအဖြစ် ဘုရင်အာဏာနဲ့ ပူးတွဲရပ်တည်ခဲ့ပါတယ်။ ရေနံနဲ့ ကြွယ်ဝချမ်းသာသမျှ ပြည်သူအများစုဟာအလုပ်ကိုလတ်ကြောတင်းအောင်လုပ်တာမတွေ့ရဘဲ နှေးကွေးနေတတ်ကြ၏။ မြို့တော်ရှိနိုင်ငံသားအများစုဟာလမ်းပေါ်မှာလမ်းလျောက်နေတာမတွေ့ဘဲကားကိုယ်စီမောင်းလျက်သာ၊ဘာလို့လမ်းမလျှောက် သလဲလို့မေးမိတော့ နိုင်ငံခြားသားအလုပ်လာလုပ်တဲ့အင်ဒို၊ဘင်ဂါလီတွေထင်မှာစိုးလို့လမ်းမလျှောက်ကြောင်းသိရပေသည်။ မြန်မာဆရာဝန်တွေ ပညာရှင်တွေအပါအဝင် နိုင်ငံခြားသားများကိုလစာကောင်းကောင်းပေးသဖြင့် shore job လာလုပ်နေတာတွေ့ရပါတယ်။ အလုပ်ကြမ်းသမား မြန်မာတွေတော့နည်းပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံ(၁၈၂)နိုင်ငံအနက် ဘရူနိုင်းဟာအဆင့်(၅)ချိတ်ပါတယ်။ ရွှေအတိနဲ့မွန်းထားတဲ့ဘုရင့်နန်းတော်ကြီးမှာအခန်ပေါင်း (၁၆၇၇) ခန်းရှိပြီး တရားဝင်မိဘုရား ၃ပါးမှ သမီးတော်(၇)ပါးနှင့် သားတော်(၅)ပါးထွန်းကားပါတယ်။ Flying Palace လို့တင်စားခေါ်ဝေါ်တဲ့ B747 Jumbo Jet နဲ့ဘုရင်ကြီးကခရီးသွားလေ့ရှိပါတယ်။ ထူးခြားတာကအရက်သေစာသောက်စားခွင့် လုံးဝတားမြစ်ထားပြီး မူစလင်မဟုတ်သော နိုင်ငံခြားသားတွေကိုတစ်ဦးလျှင်ဘီယာဘူး ၁ဒါဇင်၊ဝိုင် /အရက် ၁လီတာ၂ပုလင်းသာလေဆိပ်မှာကြေညာပြီးမှ သယ်ခွင့်ပြုပြီး public area နဲ့ဆိုင်တွေမှာသောက်ခွင့်မပြုတာကြောင့် ဟိုတယ်နဲ့ အိမ်မှာဘဲ ခွက်ပုံးချရတဲ့ဘဝကြုံချင် ဘရူနိုင်းကိုသွားကြည့်ပါ။ Import ဝက်သားကိုတော့ သီးသန့်ရောင်းပြီး မြို့တော်ကနေ ၁နာရီနီးပါးသွားရတဲ့ မလေးနယ်စပ်မှာတော့မူးရင်းသွားကဲလို့ ရကြောင်းသိရပါတယ်။ ဘာသာရေးအခြေခံယဉ်ကျေးမှုသာမက Ecotourism Products တွေနဲ့ Tourist တွေကိုဆွဲဆောင်နေတဲ့နေရာတွေသွားလည်ကြပါစို့ ။ ဘရူးနိုင်းမြေသို့ ခြေချခဲ့စဉ် ၂၀၀၉ ခုနှစ် စက်တင်ဘာလကဖြစ်သည့် Asia Cruise Service Network (ACSN) နှစ်ပတ်လည်အစည်းအဝေးကို ယခုနှစ်တွင် ဘရူနိုင်းနိုင်ငံမှ အလှည့်ကျHostအဖြစ်ကျင်းပခဲ့သည်။ မောင်ရွှေတိုးတစ်ယောက်  အာဆီယံ ၁၀ နိုင်ငံထဲတွင် တနိုင်ငံသာကျန်တော့သည့် ဘရူနိုင်းနိုင်ငံသို့ အရောက်သွားဖို့ဟန်ပြင်ခဲ့သည်။ ဗိဇာမလိုသော်လည်း ၁၉၉၅ကလို တိုက်ရိုက်လေကြောင်းမရှိတော့၍ Kuala Lumpur (သို့)  Bangkokမှတဆင့် သွားရသဖြင့် လေယာဉ်ခ US$ 600 ကျော်ကျသဖြင့် ဈေးကြီးလေစွ ။ ဘန်ကောက်သို့ TG ဖြင့်သွားပြီး Royal Brunei airlines ဖြင့် ခရီးစတင်၍ညနေဆိုရောက်ပြီး ဖြစ်ချင်တော့ တပ်မတော် (လေ)ပိုင် Y8လေယာဉ်တစ်စီးရန်ကုန်လေဆိပ်တွင်ပြေးလမ်းချော်သဖြင့်(၁)ညလုံးရွံ့နွံ့တောထဲမှ ကြိုးပမ်းနေစဉ်လေယာဉ်ကွင်းပိတ်ထားခဲ့ရသည်။    နာရီ၂၀နီးပါးကြာပြီးမှနောက်နေ့နံနက် PG လေယာဉ်ဖြင့်လိုက်ခဲ့ရသည်။အစည်းအဝေး ပထမရက်လွတ်သွားပြီးဟိုတယ်(၁) ညနှစ်နာခဲ့ရသည်။ဘာမှမတက်နိုင်ပြီ။ ညနေပိုင်းတွင် ဘရူနိုင်းနိုင်ငံမြို့တော်ဘန်ဒါဆရီဘီဂါဝမ်လေဆိပ်သို့ရောက်ရှိပြီးFreme Tour မှ Driver Guide လာကြိုသည်။ လေဆိပ်ကြိုယာဉ် ကြီးကျယ်ခန်းနားပြီးသန့်ရှင်းသည်။အကောက်ခွန်တွင် အရက်ပုလင်း၊ စီကရက်ပါလာပါက ကြိုတင်ကြောငြာပြီး Red Chanel မှဖြတ်ရသည်။ မောင်ရွှေတိုးကတော့ လက်ဆောင်ပေးရန် မြန်မာဝိုင်(၂)လုံးခရီးဆောင် သေတ္တာထဲခပ်တည်တည်ထည့်လာပြီးPablic Area တွင် အရက်ပုလင်းတွေကြီးစစ်ဆေး၍ အကောက်ခွန့်ကြောငြာမပြနိုင်ပါကအရေးယူခံရကြောင်းနောက်မှ သိတော့သည်။ကောင်းလေစွ ! တည်ခိုးရန်Radisson Hotel သို့ မိနစ်(၂၀)ခန့်သာလေဆိပ်မှမောင်းခဲ့ရပြီးအပြန် Check in ဝင်ပြီး ACSN ကိုယ်စားလှယ်တွေနှင့်ညစာစားရန်အသွား မြို့တော်ရဲ့ ညနေခင်းကိုလှည့်လည်ကြည့်ရှုကြပါတယ်။ ဘရူနိုင်း၏ ခရီးသွားအတွေ့အကြုံအချို့ မြို့တော်ရဲ့ညနေခင်းကိုတစေ့တစောင်းတင်ပြလိုပါတယ်။ ညနေခင်းBay Area မှ မြစ်ကူးတံတားနောက်ခံနဲ့ Land mark အထိမ်းအမှတ်တိုင်သို့သွားကြည့်ဓာတ်ပုံရိုက်ပြီးရွှေအတိပြီး ကြီးကျယ်ခန်းနားတဲ့ Jame’sAsrBolklahဗလီသို့ သွားလေ့လာခဲ့ပါတယ်။ ပြီးနောက် Welcome ညစာကို Grand Hotel တွင် ခရီးသွားဝန်ကြီးဌာနအတွင်းဝန်အဖွဲ့နှင့်အတူဧည့်ခံပါတယ်။ ဘုရင့်အမျိုးအနွယ်ပိုင်ကြီးကျယ်ခန်းနားသောဟိုတယ်ကြီးကိုသွားလေ့လာရင်းရင်သပ်ရှုမောဖွယ်ရာဘရူနိုင်းနိုင်ငံ၏ကြွယ်ဝချမ်းသားမှုကို တွှေ့ခဲ့ရပါတယ်။ ညစာမှာတော့ ဝက်မပါ၊ အရက်မပါ၍ Wet Dinner မဖြစ်ခဲ့ပါ။ Happy Hour လုပ်ချင်ရင်တော့မြို့တော်မှ ၁နာရီကျော်သွားရင် မလေးနယ်စပ်မှ တဖက်သို့ကူးပြီးသောက်စားမူးရစ်လို့ရကြောင်းဧည့်လမ်းညွှန်ကပြောပါတယ်။ ဘရူနိုင်းနိုင်ငံမှာခရစ်ယာန်ကိုးကွယ်သူ  ၁၀ %ခန့်ရှိပေမယ့်ခရစ်စမတ်စ်ကာလမှာတော့ လမ်းမပေါ်မှာခရစ်စမတ်စ်သစ်ပင်၊မီးအလှဆင်တာခွင့်မပြုဘဲအိမ်အတွင်းဘုရားကျောင်းအတွင်း၌သာကျင်းပခွင့်ပြုကြောင်းဧည့်လမ်းညွှန်မှ ရှင်းပြပါတယ်။ ဒါ့အပြင် လိင်တူနေထိုင်ခြင်း(LGBT), လက်မထပ်ပဲအတူနေထိုင်ခြင်း(Living Together)တွေကိုတရားဥပဒေအရတင်းကျပ်စွာတားမြစ်ထားပြီးထိရောက်စွာအရေးယူကြောင်းသိရှိခဲ့ရပါတယ်။သို့သော် တက်နိုင်လျှင် ဇနီး(၄)ဦးထိတရားဝင် ယူခွင့်ရှိကြောင်းသိရတယ်။ ………… သင့်မြတ်လှတဲ့ဥပဒေရယ် ကောင်းလေစွ! ညစာစားပြီးဟိုတယ်ပြန်ရောက်တော့ BruneiAgentမှ သူငယ်ချင်းSuguကဘီယာသံဘူး ၂ဘူးစီ ဓာတ်လှေကားဝမှ အနက်ရောင်အိတ်နဲ့ထုတ်ပြီး “Enjoy Your Self in Your Room” လို့ပြောရှာပါတယ်။ “ ဘာမှမတက်နိုင်ပါ………ခုညတော့ ဘရူနိုင်းမှာသာအိပ်ဖို့သာရှိတော့တယ်။ ဒုတိယနေ့မှာတနေကုန် အစည်းဝေးတက်ပြီးညနေမှ အခန်းပြန်ပြီးခေတ္တခဏနားဖြစ်ပါတယ်။ညစာကိုတော့ ဂျပန်စာကျွေးပါတယ် ပြီးမှ မြို့တစ်ပတ်လှည့်ပြီးညဈေးကိုလိုက်ပို့ရာဘရူးနိုင်းရိုးရာစားစရာများအသီးအနှံတွေအပြင် အဝတ်အထည် အသုံးအဆောင် အချို့ရောင်းပါတယ်။ အရမ်းချိုပြီး ၅ဒေါ်လာလောက်ပေး၍ ဈေးမချိုလှပေ။ ဒူးရင်းသီးဆိပ်တက်ပြီးကောင်းမွန်စွာအိပ်စက်ခဲ့သောညတညပါ။ 2.နောက်နေ့မနက်ဟိုတယ်မှနံနက်စာစားပြီးလာခေါ်တဲ့ကားနဲ့ ဘရူနိုင်းမြစ်ဆိပ်ကိုသွားတယ်။ တံတားကြီးကိုဖြတ်စဉ်ရေပေါ်မှာ (Water Village)လေးကိုတွေ့ရတယ်။ အခြားTouristတွေအတွက် အထူးအဆန်းဖြစ်နိုင်ပေမယ့် မောင်ရွှေတိုးတို့ အင်းလေးရေပေါ်အိမ်တွေလောက်စွဲမက်ဖွယ်ရာမရှိလှပေ။ ဆိပ်ကမ်းရောက်တော့ ဖယ်ရီစောင့်နေစဉ်Guide မှ၄၅မိနစ်ခန့်ရေလမ်းခရီးသွားရာမှာဆောင်ရန်ရှောင်ရန်တွေ Briefing ပြောပြီးဖုန်းဖြင့်ဓာတ်ပုံရိုက်ပါတယ်။ ခရီးသည်စားရင်းသွင်းပြီးသူ့ကုမ္မဏီကို တာဝန်စပြီးဖြစ်ကြောင်းဓာတ်ပုံပို့ရင်းသတင်းပို့ပါတယ်။ ကောင်းတဲ့ Feetback Report System တစ်ခုပါ။ အများပြည်သူစီးတဲ့ ရှပ်ပြေးယာဉ်ဖြစ်ပြီးမလေးရှားရေပိုင်နက်ကို ဖြတ်ပြီးမှ အမျိုးသားဥယာဉ်UluTemburongသို့ရောက်ပါတယ်။ ဆိပ်ကမ်းမှ နာရီဝက်ခန့်ကားဖြင့်သွားပြီးမောင်ရွှေတိုး၏ ဘရူနိုင်း Agent ပိုင်Freme Lodging Camp & Adventure Park ကိုရောက်ပြီးခေတ္တနားရင်းနံနက်စာကျွှေးပါတယ်။ ကောင်းညှင်းထုတ်နဲ့လက်ဖက်ရည်၊ အကြော်စုံ…မြန်မာပြည်အလွမ်းပြေပေါ့။ပူတာအိုရှိုမူလာရှီဒီကြိုးတံတားနဲ့ ကမ်းနဘေးဆင်ပါတယ်။ လူ(၃၀)လောက် တည်းလို့ရမည့် Logging House ကိုသစ်ဝါးတွေနဲ့ တည်ဆောက်ထားပြီး  Zip Line အားကစားလုပ်လို့ရမယ့် Adventure Sport Activities တွေထည့်ထားပါတယ်။ Long Tail ပဲ့ထောင်စက်လှေနဲ့ အမျိုးသားဥယာဉ်ရှိရာသို့ချောင်းရိုးအတိုင်းနာရီဝက်ခန့်သွားရပါတယ်။ ကျောက်ဆောင်တွေကြားမှ လှေမမှောက်အောင် ဝါးလုံးနဲ့ထိုးထိန်းပြီးမောင်းခဲ့ရပါတယ်။ ဘရူနိုင်းအစိုးရသစ်လုပ်ငန်းမှ ဆောက်ထားတဲ့Log House မှ နာရီဝက်ကျော်ကျော်လမ်းလျှောက်ရသေးတယ်။ ကျိုက်ထီးရိုးသွားသလိုပါဘဲ။ ရည်မှန်းချက်ကတော့မီတာ ၅၀ အမြင့်  စတီးဘားတွေနဲ့ တည်ဆောက်ထားတဲ့ ငှက်ကြည့်စင်ကြီး(၂)ခုနှင့် ဆက်သွယ်ထားတဲ့ စတီးကြိုးတံတားပေါ်မှာသည်းထိပ်ရင်ဖို ဖြတ်ခဲ့ရပါတယ်။ အမြဲစိမ်းသစ်တောကို မီတာ၅၀ လောက်ရှိတဲ့ Manmade မျှော်စင်ပေါ်သို့ သည်းထိပ်ရင်ဖိုတက်ပြီးရှုခင်းခံစားရင်းဓာတ်ပုံရိုက်ဖို့  အတွေ့အကြုံအတွက် (၂) နာရီကျော် အချိန်ကုန်ရကျိုးနပ်ပါတယ်။ မောင်ရွှေတိုးကိုတနေ့တာ  ဝန်ဆောင်မှု ပေးခဲ့တဲ့ ဘရူနိုင်းဧည့်လမ်းညွှန်  Abdul Azeemဟာ Eco Tour Guide လိုင်စင်အတွက် (၂)ပတ် မွမ်းမံသင်တန်းတက်ခဲ့ပြီးမှ သီးသန့်လိုင်စင်ရကြောင်းရှင်းပြပါတယ်။အပြန်လမ်းမှာတော့ ရေစုန်ဖြစ်လို့ နာရီဝက်အတွင်း Base Camp ပြန်ရောက်ပြီးနေလည်စာကို မြိန်ရာဟင်းကောင်းစားခဲ့ရတယ်။ ဘဲဥဆီပြန်ဟင်း၊ ကြက်သားချက်၊ အမဲသားခါးပတ်ဟင်း၊သီးရွက်စုံကြော်နဲ့ရွှေဖရုံသီးဟင်းချို မြန်မာထမင်းဟင်းလိုပါဘဲ။ ညနေ၄နာရီ ဟိုတယ်သို့ပြန်ရောက်ပြီး Late Check Out လုပ်ရပါတယ်။ ဘရူနိုင်းရောက်အလုပ်လုပ်နေတဲ့ ဆရာဝန် မောင်ရွှေတိုးရဲ့ ညီမအမျိုးတွေဖြစ်တဲ့  Drနီလာအေးနဲ့ Drတိုးတိုးအောင်တို့လာခေါ်ပြီးလေဆိပ်သို့ လိုက်ပို့ပေးပါတယ်။ ညီမကိုသေချာမှာထားလို့ဒူးရင်းသီးနီကိုထုပ်ပိုးပြီးအနံ့မထွက်အောင် ပြည်တော်ပြန်ယူခဲ့ကာအမှတ်တရပါ။ 2020 ATF ဘရူးနိုင်း ယခုနှစ် ဇန်နဝါရီလမှာလဲAsean Tourism Forum(ATF)ကိုဘရူးနိုင်းမှာအလှည့်ကျ ကျင်းပခဲ့ပါတယ်။ ဟိုတယ်ခရီးဝန်ကြီးနဲ့ အစည်းအဝေးတက်ရန်သွားရောက်ခဲ့ပြီး မြန်မာပြခန်းလည်းထုံးစံမပျက်ပြသခဲ့ပါတယ်။ မောင်ရွှေတိုးကတော့ (၁)ခေါက်ရောက်ပြီးမသွားဖြစ်တော့ပေ။ မြန်မာပြည်အဖွဲ့တွေကတော့ ATF ပွဲတွေမှာ နှစ်တိုင်း Late Night Function တွေမှာကဲခဲ့ရတော့ ဒီနှစ်ဘရူးနိုင်းမှာ ထင်သလောက်မကဲနိုင်ခဲ့ကြောင်းဟိုတယ်အခန်းတွင်း၌သာဝိုင်းဖွဲ့ရင်း Happy Hour အဖြစ် စုသောက်ခဲ့ရကြောင်းကြားမိပါသည်။ မည်သို့ပင်ဆိုစေ၊ ခရီးသွားလုပ်ငန်းသည် ယဉ်ကျေးမှုသဘာဝအခြေခံ စွန့်စားခြင်းသာမကအပန်းဖြေ(Leisure)တို့ဖြင့် ပေါင်းစပ်ထားသဖြင့်ဘရူးနိုင်းသည်အခြားအာဆီယံနိုင်ငံများလောက် ပျော်ရွှင်စရာ ဈေးဝယ်ကောင်းသောနေရာတော့မဟုတ်ပေ။ ဘရူနိုင်းနိုင်ငံမှာရေနံဖြင့်ချမ်းသာ၍ခရီးသွားလုပ်ငန်းမှ ဝင်ငွေလည်းသိပ်ဂရုမစိုက်ပေ။ မောင်ရွှေတိုးတို့ မြန်မာနိုင်ငံ၂၀၁၉ခရီးသည် ဝင်ရောက်မှု(၄)သန်းကျော်ရှိခဲ့သည့်စံချိန်မိမိတို့အောက်မှာဘရူးနိုင်းရှိနေသေး၍ Golfer စကားအရပြောလျှင် Best Looser အဖြစ်သာကျေနပ်နေရမည်လော….. “ဘရူးနိုင်းရယ် ….ဖြေးဖြေးပေါ့ “ ဟူ၍သာဖြေတွေးနေမိတော့သည်။ TravellingJournal/Vol-1 Issue-21
Contine Reading
By - Admin / 05-03-2020
Tourism Promotion ဘာလဲ၊ဘယ်လဲ

Tourism Promotion ဘာလဲ၊ဘယ်လဲ

သတိုးလွင် (ပထဝီ၀င်) “ကြွရောက်လာသူများထဲကမြန်မာပြည်ရောက်ဖူးသူရှိလား”?“xxxxxx”“?????”“မြန်မာပြည်ကိုလာရင် သံရုံးကိုဗီဇာသွားလျှောက်စရာမလိုတော့ဘူး.. E Visa, Visa On Arrival ,Visa Free နိုင်ငံအချို့ကို ပေး နေပြီဆိုတာ ကြားမိပါရဲ့လား”“ !!!!”မကြာခင်က အာရှတွင်အကြီးဆုံးနိုင်ငံတခုသို့ အလုပ်ကိစ္စဖြင့်ရောက်ခဲ့ပြီး Visa Free ပေးတာ (၅)နှစ်ခန့်ရှိပြီ ဖြစ်သော အာဆီယံနိုင်ငံအဖွဲ့၀င်နိုင်ငံကြီးဖြစ်သလို outbound tourist များသန်းချီခန့်လည်ပတ်နေသော နိုင်ငံကြီးဖြစ်သည်။ Travel Agent များနှင့်နေ့လည်စာစားရင်း မေးမြန်းဖြစ်သည်။ အံ့သြစွာပင် မြန်မာပြည်ကိုသိကြသည်။ သို့သော် မရောက်ဖူးသေး တာထားဦး Visa Free ပေးတာပင် သေချာမသိကြသေးပေ။ မြန်မာသံအမတ်ကြီးနှင့်တွေ့ဆုံခဲ့စဉ် ခရီးသွားကိစ္စများဆွေးနွေးဖြစ် သည်။ မြန်မာတိုးရစ်များ လာလေ့ရှိသော်လည်း outbound tour များလာရောက်ရေး မြန်မာခရီးသွားအဖွဲ့အစည်းများ ၊ကုမ္ပဏီများမှ အာရုံမစိုက်သေးဘဲ လာရောက်Promotiong လုပ်သည်မှာအတော်ရှားကြောင်း ကြားသိရ၍ ဒုတိယံမိ အံ့သြမိလေ သည်။ ကောင်းလေစွ ……. Tourism ဆိုတဲ့ခရီးသွားလုပ်ငန်းဆိုတာ …..ဘာလဲ!ခရီးသွားသိုင်းလောကသားများ ကျင်လည်ရာ ခရီးသွားလုပ်ငန်းဆိုတဲ့သစ်ပင်ကြီးအောက်တွင် အကိုင်းအခက်များစွာရှိသည်။ ဟိုတယ်၊လေကြောင်း၊ရေကြောင်း၊ကုန်းလမ်း၊မော်တော်ယာဉ်၊မီးရထား၊လှည်း၊ စားသောက်ဆိုင်၊ ညကလပ်၊ ကပွဲ၊ အနှိပ်ခန်း (SPA) အမှတ်တရ ပစ္စည်းထုတ်လုပ်/အရောင်းဆိုင် ၊ ဧည့်လမ်းညွန် ခရီးသွားအေး ဂျင့်၊ Tour Operator DMC ခေါ် ခရီးစဉ် စီမံ ခန့်ခွဲသည့် ကုမ္ပဏီကြီးများနှင့် ယနေ့ခေတ်စားနေသည့် Travel Blogger ,Influencer စသည်တို့ပါ၀င်သည်။ နိုင်ငံတကာတွင် ခရီးသွားလုပ်ငန်းအောင်မြင်စွာလုပ်ကိုင်နေသည့် နိုင်ငံများစွာကို လေ့လာကြည့်မည်ဆို လျှင် ခရီးသွားလုပ်ငန်းကို အဓိက ၀င်ငွေရှာပေးသည့် မဏ္ဍိုင်ကြီးတစ်ခုအဖြစ် အသိအမှတ်ပြုပြီး စနစ်တကျအာပေးသည့် နိုင်ငံကြီးများတွင် ခရီးသွား ဆိုင်ရာ၀န်ကြီးဌာနများသည် Policy Maker ,Regulator မူဝါဒချမှတ်သူ၊ထိန်းကျောင်းသူများသာ ဖြစ်ကြသည်။ မိမိတိုင်းပြည်ကို ခရီးစဉ်ဒေသအဖြစ် မြင့်တင်ရာ Promotion လုပ်ငန်း များကို Semi government (သို့)ပုဂ္ဂလိက Professional များကို အစိုးရမှခန့်အပ် တာ၀န်ပေးလေ့ရှိကြသည်။ ထင်ရှားသည့် အဖွဲ့အစည်းများမှာ Tourism Authority of Thailand (TAT),စင်ကာ ပူနိုင်ငံမှ Singapore Tourism Board (STB), မလေးရှားနိုင်ငံမှ Tourism Malaysia, ထိုင်၀မ်နိုင်ငံမှ Taiwan Tourism Board ,ဂျပန်နိုင်ငံတွင် Japan National Tourism Organization (JNTO),ကိုရီးယားနိုင်ငံတွင် Korea Tourism Organization (KNTO) စသည်တို့သည် Inbound tourism အတွက်ရော၊ Outbound tourism အတွက်ပါ ထိရောက်စွာ စွမ်းဆောင်နိုင်သည့် အလားအလာကောင်း မျာကို တွေ့နိုင်သကဲ့သို့ ဘတ်ဂျတ်သုံးစွဲမှုတွင်လည်း အစိုးရ ဘတ်ဂျတ် သာမက ကိုယ်ပိုင်၀င်ငွေရှာပြီးဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။Promotion ဆိုတာဘာလဲ?မားကတ်တင်းဂုရုကြီး - ပရော်ဖက်ဆာ ဖီးလိစ်ကော့လ်တာ (Prof- Philip Kotfer) ၏ စျေးကွက်အခြေခံမု (၄)ချက် marketing mix 4Ps တွင် Product , Pricing ,Placement (Distribution Channel )နှင့် Promotion သည် အရေးကြီးဆုံး တခုဖြစ်သည်။ ရောင်းကုန်ပစ္စည်း (Goods) သို့ ခရီးစဉ်ဒေသ ၊ခရီးစဉ်၀န်ဆောင်မှု (Destination Service) ကို ခရီးသွားပရိတ်သတ်များ၊ ဖောက်သည်များ သိစေဖို့ရာ Promotion ကို ထိရောက်စွာမလုပ်နိုင်လျှင် Inbound tourism ဆိုတာ အ ချီးနှီးဖြစ်ပေ လိမ်မည်။ ကြော်အောင်ညာနေသကဲ့သို့ မဖြစ်စေရန် Promotion လုပ်ရာတွင် Target ထားရမည့်စျေးကွက် အပေါ်မူတည်ပြီး မိမိခရီးစဉ်ဒေသ ၊ မိမိနိုင်ငံတွင် ခရီးသွားဆိုင်ရာ အခြေခံအဆောက်အဦး (Tourism Infrastructure ) အဆင်သင့်ရှိနေပြီး လား၊?ရီးစဉ်ဒေသတွင် ၀န်ဆောင်နိုင်မှုလူ့စွမ်းအား HR Capacity လုံလောက်ရဲ့လား၊ခရီးစဉ်ဒေသသို့လုံခြုံချောမွေ့စွာ သွား ရောက်နိုင်ရဲ့လား၊ စသည်တို့ကို Master plan ရေးဆွဲပြင်ဆင်ရသည်မှာ သက်ဆိုင်ရာအစိုးရတခုတည်း အလုပ်မဟုတ် သကဲ့သို့ ပုဂ္ဂလိက အဖွဲ့အစည်းများ၏ ပူးပေါင်းပါ၀င်မှု ဒေသခံပြည်သူအားလုံး နားလည်အောင် စည်းရုံးပြီး လက်တွဲပါ၀င်နိုင်မှု ဖြစ်မှသာ All Inclusive Tourism ဖြစ်လာမည်။ PPP ခေါ်Private Public Partnership ဟုပြောဆိုလာလာပြီး Tourism Promotion ကို ဘက်စုံ ဏ္ဍအလိုက် တာ၀န်ယူ တာ၀န်ခံလုပ်နေသလဲဆိုတာ လေ့လာကြည့်ကြပါစို့။ Tourism Promotiong ဆိုတာဘာလဲ! ခရီးသွားမြှင့်တင်ရာတွင် ခရီးစဉ်ဒေသ မြှင့်တင်ရေး ( Destination Promotion )နှင့် ခရီးသွားထုတ်ကုန်မြင့်တင်ရေး (Tour Product Promotion) ဆိုပြီးအဓိကအားဖြင့် (၂)ပိုင်းခွဲခြားလေ့လာနိုင်သည်။ Destination များတွင်လက်ရှိ ခရီးစဉ်ဒေသ (Existing Destination) နှင့် အလားအလာရှိခရီးစဉ်ဒေသ (Potential Destination) ဟူ၍(၂)မျိုးတွေ့နိုင်ပြီး အစိုးရ(ဗဟို/ဒေသ) မှတာ၀န်ယူထိန်းသိမ်း အသစ်ရှာဖွေဖော်ထုတ်သည့် လုပ်ငန်းစဉ်များဖြစ်ပြီး အချို့နိုင်ငံအများစုတွင် ပုဂ္ဂလိကဆိုင်ရာ၀န်ဆောင်မှု အဖြစ် DMO အလုပ်ရှိကြသည်။ မီးခိုးမထွက်သည့်စက်ရုံဟုတင်စားခေါ်ဝေါ်လေ့ရှိသည့် Tourism Industry မှ ခရီးသွား ထုတ်ကုန်များကို ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ကြသည်။ Intangible Product အဖြစ်၀န်ဆောင် မှုပေးရာတွင် ယဉ်ကျေးမှုအခြေခံ၊ သဘာ၀အခြေခံ၊ အပန်းဖြေ (Leisure) ,Medical tourism, culinary tourism (ချက်ပြုတ်နည်း)၊အားကစား(Sport Tourism), mice Tourism စသဖြင့်ခရီးသွားထုတ်ကုန်များကို သင့်တော်သည့် ခရီးစဉ်ဒေသ(Destination) များတွင်၀န်ဆောင်မှု ပေးနိုင်ခြင်းကို ကမ္ဘာကသိအောင် ပြုလုပ်ခြင်းကို Tourism Promotion ပြုလုပ်ခြင်းဖြစ်သည်။ Promotion ဆောင်ရွက်ရာတွင် B2B ခေါ် လုပ်ငန်းရှင်(Supplier) များထံ ကြောငြာခြင်းနှင့် B2C (ခေါ်) ခရီးသွားပြည်သူသို့ တိုက်ရိုက်ရောင်းအားမြင့် ကြောင်ငြာခြင်းဖြစ် သည်။ B2C Promotion ကို အစိုးရ(သို့) အစိုးရပံ့ပိုးမှုရှိသော ခရီးသွားဘုတ် အဖွဲ့၊ အာဏာပိုင်များ နှင့် တာ၀န်ယူ ဆောင်ရွက်လေ့ရှိပြီး ၊DMO များကိုဖွဲ့စည်းခန့်အပ်ပြီး Destination များမှတဆင့် ၀န်ဆောင်မှုပေးလျက်ရှိပါသည်။ မြန်မာTourism ဘယ်လဲ! မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ဆူနာမီကဲ့သို့ ၂၀၁၁နောက်ပိုင်းတွင် တဟုန်ထိုးတိုးတက်လာခဲ့ပြီး ၂၀၁၆တွင် ပြန်လျော့ကျလာခဲ့သည်မှာ အားလုံးအသိပင်ဖြစ်သည်။ ၂၀၁၁ထိတိုင် နယ်စပ်၊လေဆိပ်၊ရေဆိပ် ၀င်ပေါက်များမှ ဧည့်သည်၀င်ရောက်မှုမှာ (၁)သန်းခန့်ပင် မပြည်ခဲ့သော်လည်း ၂၀၁၁ အစိုးရသစ်လက်ထက်တွင် ခရီးသွားဏ္ဍကို ဦးစားပေးလုပ်ငန်း (၇)ရပ်တွင် ထည့်သွင်းပြီး ဖြေလျော့မှုများစတင်ခဲ့သည်။ ၂၀၁၄နောက်ပိုင်းတွင် နိုင်ငံတော်မှ နိုင်ငံခြား ငွေကျပ် ဘတ်ဂျတ်များ ပိုမိုခွင့်ပြုခဲ့သဖြင့် ပြည်ပနိုင်ငံများသို့ ပုံမှန်သွားရောက်ပြသနေသည့် ပြပွဲများတွင် ပိုမိုစွဲဆောင်စေ မည့် ပြခန်း ဒီဇိုင်းများ၊ အကျယ်အ၀န်းများ၊ဧည့်ခံဖျော်ဖြေမှုများ သုံးလာနိုင်သည်။၄င်းအပြင် သွားရောက်ပြသသူ Exhibitorများ အ နေဖြင့် ထည့်၀င်သည့် ငွေမှာလည်း ယခင်ကထက် (၅၀%)ခန့်သက်သာလာသည်။ ၂၀၁၆ ဒီမိုကရေစီအစိုးရ လက်ထက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီးဌာနအဖြစ် ဆက်လက်ရပ်တည်ခွင့်ပြုပြီး ဟိုတယ် နှင့်ခရီးသွား လုပ်ငန်း အတွေ့အကြုံများ သော အမာခံပုဂ္ဂိုလ်အား ပြည်ထောင်စု၀န်ကြီးအဖြစ် ဦးဆောင်စေခဲ့သည်။ တချိန်က အာ ဆီယံနိုင်ငံ များကြားတွင် မျက်နှာ မငယ်စေရန် နှစ်စဉ်ခရီးသည်၀င်ရောက်မှု(၁)သန်းခန့် အပေါင်းလက္ခဏာဖြစ်စေခဲ့ရာမှ ၂၀၁၆ နောက်ပိုင်း နယ်စပ်၀င်ပေါက်မှ Visa Run များ၊ Border Pass ဖြင့် နေ့ချင်းပြန်သူများကို Visitor arrival အဖြစ်ထည့်မရေ တွက်တော့ဘဲ လ.၀.က မှရသည့် စာရင်းကို သာ ထုတ်ပြန်ခဲ့သဖြင့် ယခင်၀င်ရောက်မှုမှ ၃၈% ကျဆင်းခဲ့သဖြင့် ဝေဖန်မှုများ မြင့်တက်စေခဲ့သည်။ အမှန်မှာ ယခင် Volume Tourism မှ Value Tourism ( Quality Tourist Market) ကို အလေးပေးလာသည့် သဘာပင်ဖြစ်သည်။ တာထွက် ကောင်းပြီး Promotion Budget လည်း လှိုင်လှိုင်သုံးနိုင်ခဲ့သဖြင့် ခရီးသွားရွှေခေတ်တကျော့ပြန်ပြီလားဟု အားတက်ခဲ့ရသည်။ သို့သော် ၂၀၁၇ပွင့်လင်းရာသီအမှီ အနောက်စည်းရိုးဖက်မှ ဆိုင်း သံဗုံသံကြားခဲ့ရသည်။ ၂၀၁၉ခုနှစ်တွင်လည်း အရှေ့စည်းရိုးမှ ဗင်ထုသံတွေလှိုင်လှိုင်ကြားခဲ့ရ၍ ခရိးသွား သိုင်းလောက သားများ အတွက် Tourism Hopes မှေးမှိန်န်ခဲ့ရသည်။ အထူးသဖြင့် အနောက်နိုင်ငံများကို အဓိက စျေးကွက်ထားခဲ့သည့် ခရီးသွား လုပ်ငန်း သည် အနောက်စည်းရိုးပြဿနာကြောင့် အနောက် နိုင်ငံ ဧည့်သည် ၀င်ရောက်မှု ၅၀% ကျော်ကျဆင်းခဲ့ရသည်။၂၀၁၈တွင် Look East ပေါ်လစီကျင့်သုံးပြီး အိန္ဒိယအား Visa on arrival (VOA) ခွင့်ပြုခဲ့ရာ တရုတ်ဧည့်သည်များ ပြင်ဆင် ၀င်ရောက်မှုမှာ ၁၆၀% ကျော်တိုးတက်ခဲ့ပြီး ကိုရီးယား(၉၀%)ခန့်၊ ဂျပန်(၂၅%)ထိ တိုးတက်ခဲ့သည်။ Volue Tourist ဘက်သို့ ထိမ်းလာခဲ့ပြီး Volue Tourist များထင်သလောက် မလာခြင်းသည် နိုင်ငံရေးကိစ္စတခုတည်း ကြောင့်မဟုတ်လော၊ Value Service ပေးနိုင်သေးသည့် Capacity အဆင်သင့်မဖြစ်သေူသည့်နေရာများရှိသကဲ့သို့ တရုတ်ခရီးသွားများ၏ ပြုမူပြောဆိုမှုများသည် Culture Value ကိုလည်း ကွယ်ပျောက် လာစေနိုင်သည်။ “အကကောင်းသည့်ဒေါင်းမ” ကဲ့သို့ ရှေ့က ကြည့်တော့ “လှ”သယောင်နောက်ပိုင်းကပေါ် ဆိုသကဲ့သို့ မြန်မာနိုင်ငံ ၏ ခရီးသွားလုပ်ငန်းရှေ့အလားအလာ ကို ပြည်လည် ဦးမော့ လာအောင် “ဆေးမီးတို” ဖြင့် ကုသ၍ မရေတော့ပြီ၊ ၂၀၁၈ ခုနှစ်တွင် ပထမဆုံးကျင်းပခဲ့သည့် ခရီးသွားညီလာခံ Myanmar Tourism Conference တွင် တင်ပြဆွေးနွေးခဲ့သည့် အဓိကအချက် (၆)ချက်နှင့် ၂၀၁၃ခုနှစ် Tourism Master Plan တွင် ပါ၀င်သည့် Piller (၆)ခု ချိန်ထိုးပြီး ကြည့်လျှင် ရောဂါတွေ့နေပြီး ထိရောက်သည့်ဆေးနှင့် ကုသနိုင်မည့် ဆရာ၀န်ကြီးနှင့် ဆေးအဖွဲ့ညီညွတ်လျှင် လူနာကလည်း စကားနားထောင်မည်ဆိုလျှင် Tourism Revitaligatar ဖြစ်လာပေလိမ့်မည်။ မြန်မာTourism Promotion ဘယ်လဲ! ပုဂ္ဂလိက ဘဏ္ဍာကို ခရီးသွားလုပ်ငန်းတွင်စတင်ခွင့်ပြုခဲ့သည့် ၁၉၉၀ပြည့်နှစ်များတွင် မြန်မာနိုင်ငံဘယ်မှာရှိသည်ကို သိအောင် လိပ်စာကဒ်တွင် မြန်မာပြည်မြေပုံကိုထည့်ပြရသည်ကို ယခုတိုင်မှတ်မိသေးသည်။ ၁၉၉၄ခန့်တွင် Promoter လုပ်ရန် MMC ခေါ် Myanmar Marketing Committee ကို နိုင်ငံခြားအများစုပါသော ဟိုတယ်နှင့်ခရီးသွား အသိုင်းအဝိုင်းမှ စတင်ပြီး ၁၉၉၅တွင် ITB ဘာလင်၊ WTM လန်ဒန်စသည်ပွဲများကိုသွားရောက် ပြသခဲ့သည်။ စာရေးသူကိုယ်တိုင် ဟိုတယ်နှင့် ခရီးသွား လာရေး ၀န်ကြီးဌာန၏ ပထမဆုံး mission အဖြစ် JATA Tourism Fair 1996 ကို ဂျပန်နိုင်ငံအိုဆာကာ သို့သွားရောက်ပြသခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် JATA အဖွဲ့၀င်အဖြစ်ပါ၀င် ဆောင်ရွက်ခဲ့သည်။ ၂၀၀၂ခုနှစ်တွင် UMTAနှင့် MOHTပူးပေါင်းပြီး အသင်း သား များအတွက် စျေးသက်သာစွာဖြင့်သွားရောက် ပြသနိုင်ရန်ဆောင်ရွက်ခဲ့ကြသည်။ ထိုအပြင် ပြည်တွင်းသို့ နိုင်ငံ တကာ သတင်း မီဒီယာများ ၀င်ရောက်မှုတင်းကျပ်စွာ ထိန်းချုပ်ထားခဲ့သည်။ စစ်အစိုးရကာလတွင် ၁၉၉၅၌ပြင်သစ်မီဒီယာ များကို ဗီဇာရရန်အခက်အခဲကြားမှ ပါရီရှိ မြန်မာသံအမတ်ကြီး ဦးညွှန်တင်၏ ကူညီပေးမှုဖြင့်စတင်ခေါ်ဆောင် လာခဲ့သည်။ ထို့နောက် MMC မှလည်း Green Season Promotion Fam Trip များပုံမှန် ခေါ်ဆောင်လာသကဲ့သို့ UMTA မှလည်း ပြည်တွင်းသို့ FAM Trip များကို ဒေသအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆောင်ရွက်ခြင်းဖြင့် မြန်မာကိုပိုမိုသိစေခဲ့သည်။ ၂၀၁၂ခုနှစ်တွင် မြန်မာနိုင်ငံခရီးသွားအဖွဲ့ချုပ်(MTF) စတင်ဖွဲ့စည်းခဲ့ပြီး ညီနောင်အသင်းများအဖြစ် စုစည်းခဲ့ရာ ယခုအခါ(၁၁) သင်းထိရှိလာခဲ့သည်။ ယခင်က MMC မြန်မာစျေးကွက်ရှာဖွေရေးအဖွဲ့သည်လည်း Myanmar Tourism Marketing (MTM) သည် စျေးကွက်ရှာဖွေရေးကို အဓိကလုပ်ကိုင် လာပြီး UMTA Promotion Committee မှလည်း တဖက်တလှမ်းမှ လုပ်ရှားပါ၀င်ကာ အာရှဒေသတွင်ခရီးသွား မြှင့်တင်ရေးပြပွဲများသို့ အသင်းသားများအတွက် စျေးသင့်တင်စွာဆောင်ရွက်ပေးနိုင်ခဲ့ သည်။ ၂၀၁၈ခုနှစ်တွင် ဗီဇာဖြေလျော့ရေးနှင့်အတူ Look East ပေါ်လစီအရ MTF အောက်တွင် မြန်မာ-အာဆီယံ၊တောင်အာရှ ခရီးသွားလုပ်ငန်း စျေးကွက်မြင့်တင်ရေးအဖွဲ့၊ မြန်မာ-ဥရောပ၊အမေရိက၊သြစတျေးလျခ ရီးသွား လုပ်ငန်းစျေးကွက်မြင့်တင် ရေးအဖွဲ့၊ မြန်မာ -တရုတ်ခရီးသွား လုပ်ငန်းစျေးကွက်မြင့်တင်ရေးအဖွဲ့ ၊ မြန်မာ - ကိုရီးယား ခရီးသွား လုပ်ငန်းစျေးကွက်မြင့် တင်ရေးအဖွဲ့၊မြန်မာ-ဂျပန်ခရီးသွားလုပ်ငန်း စျေးကွက်မြင့်တင်ရေးအဖွဲ့ နှင့် ပြည်တွင်းခရီးစဉ်ဒေသဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းအဖွဲ့ စသည်ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊စက်တင်ဘာလတွင် ပြုလုပ်ခဲ့သည့် Tourism Law အရ နိုင်ငံတော် အဆင့် ၀န်ကြီးဌာနများ၊လုပ်ငန်းကော်မတီများနှင့် တိုင်းဒေသခရီးသွားကော်မတီများ ပြင်ဆင်ဖွဲ့စည်းခဲ့ရာ မြန်မာ စျေးကွက် ရှာဖွေရေးအဖွဲ့(MTM)၊ MTF လက်အောက်ရှိTourism Development Working Group အဖွဲ့များ နှင့် ဟိုတယ်နှင့် ခရီးသွား လာရေး၀န်ကြီးဌာနများ အကြား ဘတ်ဂျတ်ခွဲဝေသုံးစွဲမှု၊ လုပ်ငန်း တာ၀န်ခွဲဝေ သုံးဆွဲမ၊ှု အဆင့်ဆင့်တာ၀န်ခံမှု၊ စံနှုန်းလုပ်ငန်းစဉ် (SOP) များတိကျသေချာစွာ ညှိနှိုင်းဆောင်ရွက်မည်ဆိုလျှင် Tourism Development Mechanism ပိုမိုသွက်လက်လျှင်မြန်နိုင် ပေမည်။ အလားတူ promotion ကိစ္စတွင် Fam Trip များဖိတ်ကြားရာ၌ သက်ဆိုင်ရာ working group များနှင့်ညှိနှိုင်းရာတွင် မြန်မာပြည်သို့ လုံး၀မရောင်းဖူးသေးသော အလားအလာရှိသည့် အေးဂျင့်များကို ဦးစားပေးဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ လက် တွေ့ နှင့်ကွာဟခဲ့သည်။ အကြောင်းမှာ မြန်မာပြည်ကို ရောင်းလျှက်ရှိသော အေးဂျင့်များသည် Market Leader များဖြစ်သဖြင့်ပိုမို ရောင်းအားသွက်လာစေသည်။ အထူးသဖြင့် product manager များသည် MD,CEO ထက် Technical ပိုနားလည်ကြသည်။ ယခုမှ မြန်မာပြည်ကိုရောက်ဖူးပြီး စရောင်းဖို့ပြင်ဆင်လျှင်အနည်းဆုံး(၂)နှစ်ခန့်အချိန်ယူရပေဦးမည်မဟုတ်လော။ မည်သို့ပင်ဆိုစေ ယနေ့မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရေရှည် တည်တံ့ရေးသည် အထူးအရေးကြီးသဖြင့် ခရီး သွားမြှင့်တင်ရေးနှင့် ပတ်သတ်၍ နိုင်ငံတကာတွင် ထိရောက်စွာ ရလဒ်ကောင်းထွက်နိုင်ရန် Semi Government Control အစိုးရ ပုဂ္ဂလိက ပူးပေါင်းသည့် မြန်မာ့ခရီးသွားဘုတ်အဖွဲ့ Myanmar Tourism Board ကဲ့သို့ ပြင်ဆင်ဖွဲ့စည်းသင့်ကြောင်း အကြံပြုလိုက်ရပါ သည်။ #Travelling_Journal/Vol_1_Issue_18 #Photo_သတိုးလွင်
Contine Reading
By - Admin / 29-12-2019
ခရီးသွားလုပ်ငန်းနှင့် ငြိမ်းချမ်းရေး

ခရီးသွားလုပ်ငန်းနှင့် ငြိမ်းချမ်းရေး

စည်သူကျော် ယနေ့ ကာလတွင် လူပြောအများဆုံးအကြောင်းအရာတစ်ခုကား ငြိမ်းချမ်းရေးဖြစ်သည်။ ငြိမ်းချမ်းရေးကို ကမ္ဘာသူကမ္ဘာသား များလိုလားကြသည်။ နှစ်သက်ကြသည်။ သမိုင်းတလျှောက် ငြိမ်းချမ်းမှုမရှိခဲ့၍ ဒဏ်ရာ ဒဏ်ချက်များပြားခဲ့သော ကမ္ဘာကြီးကား ယနေ့အချိန်ထိ ငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ လှုပ်လီလှုပ်လဲ့ ချီတက် နေဆဲ။ The Global Goals for Sustainable Development တွင် Peace, Justice and Strong Institutions တစ်ခုအပါအဝင်ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ မျှော်မှန်းချက်များတွင် ငြိမ်းချမ်းရေးသည် ပါဝင်နေပေသည်။ ခရီးသွားလုပ်ငန်းသည်လည်း ဘေးကင်းလုံခြုံမှု၊ ငြိမ်းချမ်းမှုတို့နှင့် တိုက်ရိုက်ဆက်စပ်လျက် ရှိပေသည်။ သို့ဖြစ်ရာ ငြိမ်းချမ်းရေး (Peace) ဟူသော ဝေါဟာရနှင့် ခရီးသွားလုပ်ငန်း (Tourism) ဟူသောဝေါဟာရတို့သည်ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာလေသည်။ သို့ရာတွင် ခရီးသွားလုပ်ငန်းနှင့်ငြိမ်းချမ်းရေးဟူသည် ခါတော်မှီပေါ်ထွက်လာခြင်းတော့မဟုတ်ချေ။ ၁၉၂၉ ခုနှစ်တွင် The British Travel and Holidays Association က ၎င်းတို့၏ ပထမအကြိမ် သင်းလုံးကျွတ် အစည်းအဝေးကြီးကို “Travel for Peace” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာခရီးသွားနှစ် (International Tourism Year) ၏ ဆောင်ပုဒ် ကို “Tourism Passport to Peace” ဟု သတ်မှတ်ခဲ့သည်။ ယင်းနောက် ၁၉၈၆ ခုနှစ်တွင် International Institute for Peace through Tourism (IIPT) ကိုတည်ထောင်နိုင်ခဲ့ပြီး (၂)နှစ်အကြာတွင် IIPT ၏ပထမဆုံး ညီလာခံကို “Tourism: A Vital for Peace” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။ ထို့နောက် ခရီးသွားလုပ်ငန်းနှင့် ငြိမ်းချမ်းရေးကို ပေါင်းကူးဆက်စပ် ပေးသော အဖွဲ့အစည်းများ၊ သုတေသန ဌာနများ အများအပြား ပေါ်ထွက်လာခဲ့သည်။ ထိုသမိုင်းပြယုဂ်များကြောင့်လည်း ခရီးသွား လုပ်ငန်းသည် ပထမဆုံးကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေး လုပ်ငန်းကဏ္ဍ တစ်ခုအဖြစ်ဂုဏ်ပြုခေါ်ဆိုခြင်းခံခဲ့ရသည်။ ခရီးသွားလုပ်ငန်း သန္ဓေတည်စကပင် ငြိမ်းချမ်းရေးဟူသော ဝေါဟာရသည် ယှဉ်တွဲပါဝင် လာခဲ့သည် မဟုတ်ပါလော။ သို့အားဖြင့် ခရီးသွားလုပ်ငန်း၏ အပေါင်းလက္ခဏာဆောင်သော သက်ရောက်မှုများတွင် ငြိမ်းချမ်းရေး သည်လည်း ပါဝင်လာ ပေသည်။ မေးစရာမေးခွန်းတစ်ခုကား ငြိမ်းချမ်းမှုနှင့်တရားဥပဒေစိုးမိုးမှု ကင်းမဲ့ သော ဒေသတစ်ခုသို့ ခရီးသွားလုပ်ငန်းသည် ဝင်ရောက်နေရာ ယူနိုင ်ပါ မည်လော။ အဖြေကားရှင်းပါသည်။ မယူနိုင်ပါ။ သို့သော် ခရီးသွား လုပ်ငန်းသည် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်(သို့မဟုတ်) ငြိမ်းချမ်းရေး တည်ဆောက်မှုအပေါ်ဝင်ရောက်ပါဝင်ပတ်သက်နိုင်ပေသည်။ ပါဝင်ပတ်သက်ရုံသာမက သိသာထင်ရှားသော အထောက် အပံ့ပြုမှုနှင့်သက်ရောက်မှုများကိုလည်း ပေးစွမ်း နိုင်ပေသည်။ တစ်နေရာမှတစ်နေရာသို့ ခရီးသွားလာခြင်းဖြင့် မတူကွဲပြားမှုများကို နားလည်သဘောပေါက်လက်ခံလာနိုင်ပြီး ရေရှည်ယှဉ်တွဲပူး ပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လာနိုင်သည်။ နိုင်ငံရေးယဉ်ကျေးမှုများဖလှယ်ခြင်းဖြင့် စစ်မက်ဖြစ်ပွားခြင်းကို ရှောင်လွှဲနိုင်သည်။ တည်ငြိမ်အေးချမ်းရေးကို အဓွန့်ရှည်စေသည်။Post Conflict ဟုခေါ်သော ပဋိပက္ခဖြစ်ပွားပြီး နေရာဒေသ များတွင် ခရီးသွားလုပ်ငန်းကို ဖော်ထုတ်ဆောင်ရွက် ခြင်းဖြင့် ဒေသ၏ လူမှုရေး၊ စီးပွားရေးတို့ကို လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာစေသည်။ ကမ္ဘာပေါ်တွင်ခရီးသွားလုပ်ငန်းအမျိုးအစားအသီးသီးကို ဈေးကွက် ်ဖော်ထုတ်ရောင်းချမြှင့်တင်လျက်ရှိရာ စစ်မက် ဖြစ်ပွားရာ သမိုင်းဝင် အထင် အရနေရာများသို့ သွားရောက်လေ့လာလည်ပတ်သော ခရီးစဉ်များလည်းပါဝင် ပါသည်။ ယင်းကို War Tourism, သွားရောက်လည်ပတ်သူများကို War Tourist များဟုခေါ်ဆိုကြသည်။ ယင်းသို့ သွားရောက်လည်ပတ်ခြင်းဖြင့် စစ်၏ဆိုးကျိုးများ၊ ဘေးဒုက္ခများကို သိမြင်လာပြီး စစ်မက်ဖြစ်ပွားခြင်းကို ရှှုံ့ချခြင်း၊ ငြိမ်းချမ်းရေးကို လိုလားခြင်းစသော အသိအမြင်များ တိုးပွားလာစေမည် ဖြစ်ပါသည်။ အလားတူ ငြိမ်းချမ်းရေးအထိမ်းအမှတ် နေရာများသို့ သွားရောက်လည်ပတ်ခြင်းကို Peace Tourism, သွားရောက်လည်ပတ် လေ့လာသူများကို Peace Tourist ဟုခေါ်ဆိုကြသည်။ Peace Tourism site များအနက် ထင်ရှားသော နေရာတစ်ခုမှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ရှိ Hiroshima Peace Memorial Park ဖြစ်သည်။ အဆိုပါနေရာသည် ဒုတိယ ကမ္ဘာစစ်အတွင်းက အနုမြူဗုံးကြဲ ချခံရသည့် အဖြစ်ဆိုးကြီးကို အမှတ်ရနေစေရန် တည်ဆောက်ထားသော နေရာဖြစ်ပါသည်။ Hiroshima Peace Memorial Park တွင် Hiroshima Peace Memorial Museum ပါဝင်ပြီး ပြတိုက်တွင် အနုမြူဗုံးဒဏ်ကြောင့် ထိခိုက်သေ ကြေပျက်စီးခဲ့ရသည့် ဓာတ်ပုံ မှတ်တမ်းများကို အဓိကထားပြသထားပြီး အနုမြူဗုံးဒဏ်မခံရမီ ဟီရိုရှီးမားနှင့်အနုမြူဗုံးဒဏ်ခံရပြီးသည့် ဟီရိုရှီးမားတို့ကို ပြသထားရာ စစ်၏ကြောက်မက်ဖွယ်အနိဌာရုံများကို လာရောက်လေ့လာသူများ မျက်ဝါးထင်ထင်တွေ့ မြင်ရမည်ဖြစ်သည်။Hiroshima Peace Memorial Park ကို ဒုတိယကမ္ဘာ စစ်ကြီးအပြီး ဆယ်နှစ်အကြာ ၁၉၅၅ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပါ သည်။ လေ့လာတွေ့ရှိရသော စာရင်းဇယားများအရ ၁၉၅၅ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း ခရီးသွား ဧည့်သည် ၅၃ သန်းလာရောက်လည် ပတ်ခဲ့ကြောင်းတွေ့ရှိရာ တစ်နှစ်လျင် ခရီးသွားဧည့်သည် တစ်သန်း ကျော် လာရောက်လည်ပတ်ခဲ့ခြင်းဖြစ်ပါသည်။ ခရီးသွားလုပ်ငန်းမှတဆင့် အကျိုးသက်ရောက်မှုရှိသော နယ်ပယ်များ ကို လူမှုယဉ်ကျေးမှု၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဟု (၃) မျိုးအဓိကခွဲခြားပြကြသည်။ ယင်းကို ခရီးသွားလုပ်ငန်း ပညာရပ် ဆိုင်ရာနယ်ပယ် တွင် Triple Bottom Line Analysis (TBL)ဟုခေါ်ဆိုသည်။ လက်နက်ကိုင်ပဋိပက္ခများနှင့် စစ်မက်ဖြစ် ပွားခြင်း သည် ဖော်ပြပါနယ်ပယ်(၃)ရပ်ကို စိုးရိမ်ဖွယ်ရာ အခြေအနေ ထိ ရောက်အောင်ထိခိုက်စေသည်။ တိုက်ပွဲများရပ်ဆိုင်းပြီး လုံခြုံဘေးကင်းသော နေရာ၌ အဆိုပါနယ် ပယ်သုံးရပ် တွင် သိသိသာသာ ဖွံ့ဖြိုး တိုးတက် လာသည်ကို တွေ့မြင်နိုင်သည်။မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် သဘာ၀ ပတ်ဝန်း ကျင်နှင့်လမ်းတံတားစသည့်အခြေခံအဆောက်အအုံများထိခိုက်ပျက်စီးစေသည်။ လက်နက်ကိုင်တိုက်ပွဲများကြောင့် သစ်တောသစ်ပင်နှင့် သားငှက်တိရိစ္ဆာန်များသေကြေပျက်စီးကာဂေဟစနစ်ပျက်ယွင်းစေနိုင်သည်။ ထင်ရှားသောသာဓကအနေဖြင့် လက်ရှိရခိုင်ပြည်နယ်တွင်ဖြစ်ပွားသော ပဋိပက္ခများကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကိုများစွာသော သက်ရောက်မှုများဖြစ်ပေါ်စေလျက်ရှိသည်။ ရခိုင်ပြည်နယ်သည် သာယာ လှပပြီး သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်များ ကြွယ်ဝမှု ကြောင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အတွက် အလားအလာ များစွာရှိသော ဒေသတစ်ခုဖြစ်သည်။ သို့ရာတွင် တည်ငြိမ်အေးချမ်းမှု မရှိခြင်းကြောင့် ခရီးသွား လုပ်ငန်းများရပ်ဆိုင်းနေရသည်မှာ ရခိုင်ပြည်နယ်အတွက်သာမကမြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍအတွက်ပါ ဝမ်းနည်းဖွယ်ရာဖြစ်သည်။ ဒေသခံများ လယ်ယာအလုပ်အကိုင်များ စွန့်ပစ်ရွှေ့ပြောင်းရသော ကြောင့် စီးပွားရေးထိခိုက်ပျက်စီးစေသည်။ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်း များ ပိတ်ဆို့၍ ကုန်ထုတ်လုပ်မှု ပျက်ပြားစေသောကြောင့် နိုင်ငံ့စီးပွားရေးနှင့် ပြည်တွင်း အသားတင်ထုတ်လုပ်မှုကို ကျဆင်းစေ သည်။ ထို့အပြင် စစ်ပွဲကာလအတွင်း အဓမ္မစေခိုင်းမှုများပေါ် ပေါက်ခြင်း၊ ဖမ်းဆီးစစ်ဆေးခြင်း၊ ချုပ်နှောင်မှုပြုခြင်း၊ အမျိုးသမီး နှင့်ကလေးငယ်များအား အလွဲသုံးစားပြုခြင်းများ လည်းပေါ်ပေါက် လာပါသည်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်နိုင်ငံမှ စစ်အတွင်း သိမ်းပိုက် ထားသည့် အာရှနိုင်ငံများတွင်လိင်ကျွန်ပြုမှုကြောင့်ပေါ်ပေါက်လာသည့် ပြဿနာများမှာ ယနေ့အချိန်ထိတည်ရှိနေဆဲပင်။စစ်ကြောင့်ဖြစ်ပေါ်ရသောဆိုးကျိုးများကား ဤမျှနှင့်မပြီး၊ ပညာရေး၊ ကျန်းမာရေးစသော အခြေခံလူထု လိုအပ် ချက်များလည်း ကာလကြာရှည်စွာဖြစ်ပေါ်နေပေမည်။ ၎င်းနှင့်ဆန့်ကျင်ဘက်ကား ဒေသတည်ငြိမ်အေးချမ်းလာခြင်းကြောင့် ခရီးသွားဧည့်သည်များ စိတ်ဝင်တစား ဝင်ရောက်လာနိုင်ပြီး၊ ကျွဲကူးရေပါဆိုသကဲ့သို့ ဒေသခံများအလုပ်အကိုင် အခွင့်အလမ်း များရရှိလာခြင်း၊ အခြေခံ အဆောက်အအုံများပြန်လည်ဖွံ့ဖြိုးလာပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်း၊ ယဉ်ကျေးမှုအမွေအနှစ် နှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးလုပ်ငန်းများ ပြန်လည်အ သက်ဝင်လာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည်။ စိုက်ပျိုးရေးနှင့်စက်မှုလက်မှုလုပ်ငန်းများပြန်လည်ထူထောင်ခြင်းအတွက် အချိန်ကာလာ အတန်ကြာကြာမြင့်မည်ဖြစ်သော်လည်း ခရီးသွား များလာရောက်လည်ပတ်ခြင်းကြောင့် အချိန်တိုအတွင်း ဒေသခံများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပေသည်။ Travelling_Journal/Vol_1_Issue_18 Photo_စည်သူကျော်ပေးပို့သည်
Contine Reading
By - Admin / 10-12-2019
ယင်းနက် ယင်းကြားလူမျိုးတို့ နေထိုင်ရာ နမ့်စန်မြို့ဆီ

ယင်းနက် ယင်းကြားလူမျိုးတို့ နေထိုင်ရာ နမ့်စန်မြို့ဆီ

ယဉ်ယဉ်လှ၊ တိုးဝင်းလွင် နမ့်စန်မြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ကျိုင်းတုံ-တာချီလိတ်သွား ပြည်ထောင်စု လမ်းမကြီးပေါ်တွင်ရှိပြီး လမ်းဆုံမြို့ဖြစ်သလို နမ့်စန်မြို့မှ ကျိုင်းတုံ၊ တာချီလိတ်သို့လည်း သွားရောက်နိုင်ပေ သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၃၁၆၆ ပေတွင် တည်ရှိသောမြို့တစ်မြို့ဖြစ်သည်။ ရှမ်းပြည်နယ်တွင် တောင်ပိုင်းနမ့်စန်နှင့် မြောက်ပိုင်းနမ့်ဆန်ဟူ၍ ရှိသည်ဟုသိရသည်။ ရှမ်း တောင်ပိုင်းရှိ နမ့်စန်ကို Nam Sang ဟုခေါ်ပြီး အချို့က နမ္မစန်ဟုလည်းခေါ်ဝေါ်သည်ဟု ဆိုသည်။ ရှမ်း မြောက်ပိုင်းတွင် Nam Hsan နမ့်ဆန်မြို့ဟု ခေါ်ကြ သည်။ နမ့်စန်မြို့တွင် ပလောင်လူမျိုးအများစုနေထိုင် ပြီး ရှမ်း၊ ပအိုဝ်း၊ အင်းသား၊ လီဆူး၊ ဗမာနှင့် ယင်းနက်နှင့် ယင်းကြားလူမျိုးများ နေထိုင်ကြသည်။ နမ့်စန်မြို့တွင် ထူးခြားလှသည့် ဝိသေသလက်္ခဏာများစွာရှိသည်။ နမ့်စန်မြို့၏ အထင်ကရတောင်မှာ မိန်းမသေတောင်ဟုခေါ်သလို ဗိုက်ကြီးသည်တောင်ဟုလည်း အရပ်စကားဖြင့် ခေါ်ဝေါ်ကြသည်ဟု ဒေသခံ တချို့က ပြောသည်။ ထို့အပြင် ကမ်္ဘာ့အကြီးဆုံးနှီးဘုရားကို ဖူးမြော်နိုင်ခြင်းကလည်း နမ့်စန်၏ အမှတ် အသားပင်ဖြစ်သည်။နမ့်စန်မြို့ကို ယခင်က ဂျူးလူမျိုးများတည်ခဲ့သည်ဟု မှတ်သားရသည်။ နမ့်စန်ကိုကြည့်လိုက်ပါ က ထုံးကျောက်တောင်များစွာကို မြင်တွေ့ရသည်။ ယင်းတောင်များ၏ ပုံသဏ္ဌာန်မှာ လှပပြီး တခြားမြို့ များနှင့် မတူညီသည့်ခံစားမှုများကိုလည်း စိတ်ဝယ်ရရှိစေသည်။ နမ့်စန်မြို့တွင် ရပ်ကွက်ပေါင်း ၁၁ ရပ်ကွက်ရှိပြီး ကျေးရွာအုပ်စု ၂၀ ကျော်ရှိကာ ရွာပေါင်း ၁၉၆ ရွာ ရှိသည်။ လူဦးရေအားဖြင့် ၂၀၁၉ ခုနှစ် စက်တင်ဘာစာရင်းအရ လူဦးရေ ၁၁၉၉၃၁ ရှိသည်ဟု နမ့်စန်မြို့ ၏ အုပ်ချုပ်ရေးပိုင်း၏ စာရင်းများအရ သိရသည်။ စီးပွားရေးအနေဖြင့် ပြောင်းစိုက်ခြင်းကို အဓိကပြုလုပ်ကြ သည်။ လမ်းဆုံမြို့ဖြစ်သည့်အတွက်ကုန်သည်များအများဆုံးအရောင်းအဝယ်ပြုလုပ်ကြသည့်မြို့လည်းဖြစ် သည်။ ချောင်းအတွင်း သဲထုတ်သည့် လုပ်ငန်းတချို့နှင့် စက်သုံးဆီဆိုင်များစွာလည်းဖွင့်လှစ်ထားရှိသလို ဝပ်ရှော့ဆိုင်များလည်းရှိကြသည်။နမ့်စန်၏ ဒေသဖွံ့ဖြိုးအနေဖြင့် လမ်းတံတားလုပ်ငန်းများကို အဓိကလုပ်ဆောင်သလို ကား ဝပ်ရှော့လုပ်ငန်းများမှာ စီးပွားဖြစ်ထွန်းကြောင်း သိရသည်။ သို့သော် ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်ချုပ် ရေးပိုင်းအနေဖြင့် လက်တလောတွင် မရှိသေး သော်လည်း နောင်ကာလများ၌ ဆောင်ရွက်သွားမည့် အပိုင်းများလည်းရှိသည်ဟု သိရသည်။ နမ့်စန်မြို့ တွင်းကို နမ့်လတ်ချောင်းက အဓိကဖြတ်သန်းစီးဆင်း ပြီး နာနတ်သီး၊ ပြောင်းဖူး၊ ပဲစင်းငုံ၊ စပါး၊ နေကြာ၊ နှမ်း၊ ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံများလည်း စိုက်ပျိုး ခြင်းကို ပြုလုပ်ကြသည်။ နမ်စန်မြို့တွင် နေထိုင်ကြသည့် လူမျိုးများ စွာရှိသော်လည်း ယင်းနက်လူမျိုးများသည် နမ့်စန်မြို့ တစ်ခုတည်းတွင်သာနေထိုင်ကြပြီး ယင်းနက်လူမျိုးများ ၏ ထူးခြားမှုမှာ ယင်းတို့နေထိုင်ရာ ကျေးရွာအတွင်း မည်သည့်တိုင်းရင်းသားများကိုမှ ဝင်ရောက်နေထိုင် ခြင်းမပြုသလို သီးသန့်သာနေထိုင်ကြသည့်လူမျိုးစုဖြစ် သည်။ ထို့အပြင် ယင်းလူမျိုးအချင်းချင်းသာ လက်ထပ် ကြသည့် ယင်းနက်လူမျိုးများလည်း ဖြစ်သည်။ စာရေးသူတို့ သွားရောက်လေ့လာခဲ့သည့် ကုန်းလန်းကျေးရွာသည် ယင်းနက်လူမျိုးများစွာနေ ထိုင်ကြသည့် ကျေးရွာကြီးဖြစ်သည်။ အဆိုပါရွာသည် နမ့်စန်မြို့၏ မြောက်ဘက်တွင်တည်ရှိပြီး နမ့်စန်မြို့၏ ၈ မိုင် အကွာအဝေးတွင်တည်ရှိကာ မက်မွန်မုန်းကျေး ရွာအုပ်စုအတွင်း ပါဝင်သည့် ကုန်းလန်းကျေးရွာဖြစ် သည်။ ကြာကန်တည်ရှိပြီး ထူးခြားသည့် ယင်းနက်ရွာ ခပ်ဝေးဝေးမှ မြင်နေသည်။ ကြာကန်များနှင့် ပနံသင့် နေသည့် ရွာအဝင်လမ်းနှင့် ဘက်ဘက်ခြမ်းတွင် ဘုန်း ကြီးကျောင်းကို ခပ်လှမ်းလှမ်းမှတွေ့မြင်ရသည်။ လိုက် ပို့ပေးသူ မနန်းအောင်က ဒီကျေးရွာက ထူးခြားသည် ဟု ပြောသည်။ အများအားဖြင့် ယင်းနက်လူမျိုးများ သည် ရေကန်နှင့်ဝေးသည့်နေရာများတွင်သာနေထိုင် ကြလေ့ရှိသည်ဟု ဆိုသည်။ ထိုကဲ့သို့ ရေကန်နှင့်ဝေး သည့်နေရာတွင် နေထိုင်ရခြင်းကလည်း ယင်းလူမျိုး များ၏ရာဇဝင်ကလည်း စိတ်ဝင်စားစရာပင်ဖြစ်သည်။ ဒေသခံများ၏ ယုံကြည်မှုပင်ဖြစ်သည်ဟုဆို ရမည်။ ကျန်စစ်သားမင်းကို ရေမတိုက်လို့ ယင်းတို့ အား ရေနှင့်နီးသည့်နေရာ၌ မနေထိုင်နိုင်အောင် ကျိန်စာတိုက်ထားသည်ဟု ပြောဆိုကြသည့် ရာဇဝင်ရှိ သည်ဟုလည်း ဆိုသည်။ ““သူများရေလာတောင်းသောက်ရင် အဲဒီဗူး ကို မပေးချင်တော့ ရေကို အလုံပိတ်ပြီး ရေမရှိဘူး ပြောဆိုကြတဲ့အတွက် ရေနည်းသွားရတယ်လို့ဆိုပါ တယ်။ ဒါကတော့ သူတို့ရိုးရာယုံကြည်မှုလို့ဆိုရမှာ ပေါ့””ဟု မနန်းအောင်က ပြောပြသည်။ကုန်းလန်းရွာသည် အိမ်ခြေ ၁၂၀ ကျော်ရှိ သည့် ကျေးရွာကြီးဖြစ်သည်။ ရွာတစ်ရွာစီတွင် သူကြီး၊ စာရေး၊ရပ်မိရပ်ဖ ခန့်အပ်ထားသည်။ ယခုသူကြီးမှာ သူကြီးလုပ်သက် ၂၆ နှစ်ကျော်ရှိပြီဟု ဆိုသည်။ ကျေးရွာသက်တမ်းမှာကြာမြင့်ပြီဖြစ်ပြီး ပြောင်းစိုက်ပျိုး ခြင်းကို လုပ်ကိုင်ကြသည့် ကုန်းလန်းရွာဖြစ်သည်။ ယင်းနက်လူမျိုးများသည် လပြည့်လကွယ်နေ့များ၌ တစ်ရွာလုံးက ယင်းရိုးရာဝတ်စုံအပြည့်ဖြင့် ဘုန်းကြီး ကျောင်းသို့ လာရောက်ကြလေ့ရှိကြောင်း သိရသည်။တစ်ချို့ယင်းရွာများကို သွားရောက်ရသည့်အခါတွင် ဖောင်နှင့်ကူးသွားရသည့် ယင်းနက်ရွာများဆီသို့လည်း သွားရောက်နိုင်သေးသည်။ အဆိုပါရွာ၏ အိမ်တိုင်း မှာ စီးပွားရေးအဆင်ပြေနေမှုကိုပြသနေသည့် အိမ် ကြီးအိမ်ကောင်းများရှိကြသည်ကိုတွေ့ရသည်။ သွပ်မိုး ထားပြီး အုတ်ဖြင့် ဆောက်လုပ်ထားသည့် ယင်းနက် အိမ်အများစုကို တွေ့ရသည်။ လိုက်ပို့ပေးသည့်ကျေး ရွာ၏ တာဝန်ရှိသူတစ်ဦးက ယင်းနက် ရှေးရိုးရာအိမ် ဖြင့် နေထိုင်ကြသည့် ယင်းနက်အိမ်တချို့ကို လိုက်လံ ပြသပေးသည်။ ယင်းနက်ရိုးရာအိမ်ဖြင့် နေထိုင်သည့် အိမ်မှာ နှစ်အိမ်ခန့်သာရှိသည်ကို တွေ့ရသည်။ ကျန်စစ်သားမျိုးရိုးကဆင်းသက်လာသည်ဟုလည်းဆို ယင်းနက်လူမျိုးများသည် ဒေသခံများ၏ ပြောစကားအရ ကျန်စစ်သားမျိုးရိုးမှ ဆင်းသက်လာ သည်ဟုလည်း ဆိုသည်။ ဒေသခံများ၏ ပြောစကား အရ ကျန်စစ်သားသည် နန်းဦးပင်ဟုခေါ်သည့် ယင်း အမျိုးသမီးဖြင့် အကြောင်းပါခဲ့သည်ဟုလည်း ဆိုကြ သည်။ ကျန်စစ်သားနှင့် လိုက်ပါသွားခဲ့ပြီး တောထဲ တွင် သူမကို ထားခဲ့သည်လား၊ မထားခဲ့သလားဆို တာကတော့ အတိအကျမသိရှိနိုင်ပဲ ယင်းအမျိုးသမီး သည် တောထဲတောင်ထဲလျှောက်သွားရင်းဖြင့် ရေတအားဆာသည့်အတွက် သောက်စရာရေမရှိသည့်မို့ ကျွဲ၏ ကျင်ငယ်ရည်ကို သောက်သုံးခဲ့သည့်အတွက် ကိုယ်ဝန်ရခဲ့သည်ဟု ဒေသခံများ ဆိုသည်။ ထို့ကြောင့် ယင်းလူမျိုးများသည် အနက်ရောင်ဝတ်စုံကိုသာ ဝတ် ဆင်ကြသည်ဟု ဆိုသည်။ အဆိုပါအကြောင်းအရာ သည် မှန်သလားမှားသလားဆိုတာကိုတော့ သေချာ မသိရှိနိုင်သော်လည်း ဒေသခံယင်းနက်လူမျိုးများ၏ ယုံကြည်မှုဖြင့် အစဉ်အဆက်ပြောဆိုလာခဲ့သည့် ရာဇဝင်ဖြစ်သည်။ခရီးသွားဧည့်သည်များအနေဖြင့် ကုန်း လန်းရွာသို့လာရောက်လည်ပတ်မှုမှာ မရှိသေးသော် လည်း သတင်းစာဆရာများ ရိုက်ကူးရေးပြုလုပ်သည့် သူတချို့သာ လာရောက်ကြလေ့ရှိသည်ဟု ကုန်းလန်း ရွာသို့ လိုက်ပို့ပေးသူ မနန်းအောင်က ပြောသည်။ ကြို တင်သိရှိရပါက ရွာရှိဒေသခံများအား ယင်းဝတ်စုံကို ဝတ်ဆင်ရန် ညွှန်ကြားပေးထားရင်လည်း ဝတ်ဆင်ပေး ထားကြောင်း သိရသည်။ (Tour ဖြင့်သွားလည်ပါက အဖိုးအခပေးဆောင်ရသည်များလည်း ရှိသည်။ ယင်းလူမျိုးများသည် တောင်ယာလုပ်ငန်း ကိုလုပ်ကိုင်ကြသည့်အတွက် မနက်စောစောကတည်းမှညနေအထိတောင်ယာစိုက်ခင်းများတွင်သာလုပ်ကိုင်ခြင်းကြောင့်နေ့လယ်ဘက်များတွင်ကျေးရွာ၌အသက်ကြီးပိုင်းနှင့်ကလေးငယ်များသာကျန်ရှိနေတတ်သည်ယခင်ကယင်းနက်လူမျိုးများသည်ဆန်ကိုတစ်နေ့တာချက်ပြုတ်စားသောက်ရန်အတွက်ထောင်းရသော်လည်းယခုအခါမှာဆန်စက်ကြိတ်များ လည်း ရွာထဲတွင် ရှိနေပြီဖြစ်သည့်အတွက် သိပ်မ ထောင်းကြတော့ပေ။ ““လူစိမ်းအဝင်အထွက်ဆိုရင် တန်းပြီးသိကြ တယ်။ သူတို့ရွာထဲကိုဝင်ကြရင် တန်းပြီးသိတယ်။ တခြားလူမျိုးတွေတောင် အရောနှောမခံကြဘူး။ တစ် ရွာလုံး ယင်းနက်ပဲ၊ယင်းနက်အချင်းချင်းပြန် ယူကြတာ များတယ်””ဟု ရှမ်းစကား ပြောတတ်သည့် မနန်းအောင် က ရှင်းပြသည်။ ဟိုးယခင်က ယင်းလူမျိုးများမှာ ကက်ဆက် ကိုယ်စီဖြင့် ပုခုံးတွင်လွယ်ထားကာ သွားရောက်လေ့ ရှိကြောင်း ပြောင်းလဲလာသည့် ခေတ်ရေစီးကြောင်း အလိုက် ယင်းကဲ့သို့ မလွယ်တော့ကြောင်း နမ့်စန် ဒေသခံတစ်ဦးကလည်း ပြောသည်။ ယင်းနက်လူမျိုး များသည် တသီးတသန့်နေထိုင်ကြပြီး ယင်းနက်ရွာ ပေါင်းက ၂၁ ရွာရှိသည်။ ယင်းနက်လူမျိုးများနေထိုင် ကြသည့် နောက်မွန်းအုပ်စုအတွင်း ယင်းနက်ရွာပေါင်း ၁၃ ရွာရှိပြီး မက်မွန်မုန်း အုပ်စုထဲ၌ ယင်းနက်ရွာ ၈ ရွာရှိကာ စုစုပေါင်းလူဦးရေ ၆၀၀၀ ကျော်ရှိ ကြောင်း နမ့်စန်အထွေထွေအုပ်ချုပ်ရေးရုံး၏ စာရင်း အရ သိရသည်။ ထို့အပြင် ဝမ်းနည်းစရာကောင်းလှသည့် အကြောင်းလည်းရှိသည်။ နောင်လိုင်ရွာဟု ခေါ်သည့် ယင်းနက်ရွာသို့ ခရစ်ယာန်ဆရာ ရောက်ရှိသွားခြင်း ကြောင့် ယင်းနက်များက ခရစ်ယာန်ဘာသာသို့ ကူး ပြောင်းသွားသည့်ဖြစ်စဉ်များလည်းရှိသည်။ ယင်းနက် လူမျိုးများသည် ရှေးယခင်ကတည်းက ဗုဒ်္ဒဘာသာ ကိုးကွယ်ကြပြီး ယင်းတစ်ရွာသာ ဘာသာပြောင်းလဲ ကူးပြောင်းခဲ့ခြင်းပင် ဖြစ်သည်။ ယင်းလူမျိုးသည် ပြောင်းကိုသာ အဓိကစိုက်ပျိုးကြပြီး တခြားသီးနှံကို ပြောင်းလဲစိုက်ခိုင်းလို့မရကြောင်း၊ ထို့ကြောင့် ပြောင်း စိုက်သည့် ဝင်ငွေကောင်းလာမည်ဆိုပါက ယင်းနက် လူမျိုးတို့၏ လူနေမှုဘဝမှာလည်း တိုးတက်လာစေ မည်ဖြစ်သည်။ ထို့အပြင် ယင်းနက်လူမျိုးများသည် နတ်ကိုးကွယ်မှုကိုလည်းယုံကြည်ကာ ကိုးကွယ်လေ့ရှိ သည်။ နတ်ကိုးကွယ်မှုကို တစ်နှစ်လျှင်တစ်ကြိမ် ရွာထိပ်တွင်ပြုလုပ်သည့် နတ်စင်တွင် ပြုလုပ်လေ့ရှိသည်။ နတ်ပူဇော်ပသရာတွင် စပါးနှင့် ဆန်ကိုယူရသည်ဟု ဆိုသည်။ ထို့အပြင် ကြက်တစ်ကောင်ကိုယူပြီး လည် ချောင်းသွေးဖြင့် နတ်ပူဇော်ပသသည်ကိုလည်း နှစ်တိုင်းပြုလုပ်လေ့ရှိသည်ဟုဆိုသည်။ အများဆုံးကြက် သုံးကောင်ဖြင့် ပူဇော်ပသသည်ဟုလည်း ဆိုသည်။ ၎င်းအပြင် ထမင်း၊ ကြံသကာ၊ ဖယောင်းတိုင်၊ ပန်း၊ ငှက်ပျောရွက်ဖြင့်ထည့်ကာ ပူဇော်ပသသည်ဟု ဆို သည်။ ထို့အပြင် ယင်းလူမျိုးများသည် ပစ္စည်းပျောက် တာမျိုး၊ နေမကောင်းတာမျိုးဖြစ်ပါက နတ်ဆရာကို သွားရောက် မေးမြန်း လေ့ရှိသည်ဟုဆိုသည်။ ထိုကဲ့သို့ မေးမြန်းပါကလည်း ပြန်လည်ရရှိသည်ဟုဆိုကြသည်။ ကျေးရွာရှိ ပြောင်းစိုက်ခင်းများပိုးကျပါက မိုးနတ်မင်းအား တောင်းပန်ကြသည့် အလေ့အထ လည်းရှိရာ တောင်းပန်ပါက သက်သာသည်ဆိုသည့် ယုံကြည်မှုလွန်ကဲခြင်းများလည်းရှိသည်။ ထိုကဲ့သို့ တောင်းပန်ပါက တကယ်လည်း ဖြစ်သည့်အတွက် ယင်းနက်လူမျိုးများက ယုံကြည်ကြသည်ဟုဆိုသည်။ ထို့အပြင် မိုးမရွာရင်လည်း မိုးခေါ်လေ့ရှိကြပြီး မိုးခေါ် ပြီးပါက မိုးရွာသွန်းသည်ဟုလည်းဆိုသည်။ နမ့်စန်အတွင်းကယင်းကြားလူမျိုးများနမ့်စန်မြို့အတွင်းသာနေထိုင်ကြသည့် ယင်းနက်လူမျိုးနှင့် ယင်းကြားလူမျိုးများသာရှိသည်။တခြားပြည်နယ်များတွင် နေထိုင်လေ့မရှိခြင်းကလည်း ထူးခြားလှသည် ဟုဆို သည်။ နမ့်စန်မြို့၏ တောင်ဘက် ပိုင်းတွင်တည်ရှိပြီး ယခုအခါ ယင်းကြားရွာ ကိုးရွာသာ ရှိတော့ကြောင်း ဆိုသည်။ နမ့်စန်၏ မြောက်ဘက်တွင် ယင်းနက်လူမျိုးများနေထိုင်ပြီး တောင်ဘက်တွင် ယင်းကြားများ နေထိုင်ကြသည်။ ယင်းကြားတွေနေတဲ့လွယ်ဆိုင်းကျေးရွာ အဆိုပါလွယ်ဆိုင်းကျေးရွာတွင် ယင်းကြား လူမျိုးများနေထိုင်ကြပြီး လွယ်ဆိုင်းကျေးရွာနှင့် ပတ် ပတ်လည် ၉ ရွာတွင်သာ ယင်းကြားလူမျိုးများနေထိုင် ကြပြီး လွယ်ဆိုင်းကျေးရွာမှာ အကြီးဆုံးကျေးရွာကြီး ဖြစ်သည်။ လူဦးရေ ၂၀၀၀ ကျော်ရှိကာ ရွာကိုးရွာ ပေါင်းမည်ဆိုပါက လူဦးရေ ၁၀၀၀၀ နီးပါးလောက်ရှိ မည်ဟု ယင်းကြားတိုင်းရင်းသူ ဆရာမ မအီညွန့်က ပြောပြသည်။ယင်းကြားများနေထိုင်ကြသည့် လွယ်ဆိုင်း ရွာ၊ ကျီးအိပ်ရွာ၊ တွန်တေးရွာ၊ ပုံပြန်လွယ်၊ လွယ်ဖွေး၊ နမ့်တက်၊ လွယ်တိုင်း စသည့်ရွာများတွင် ယင်းကြား လူမျိုးများနေထိုင်ကြသည်ဟု ဆိုသည်။ ယင်းကြားလူ မျိုးများသည် အဓိကစိုက်ပျိုးရေးကိုသာလုပ်ကိုင်ပြီး စပါး၊ ဂျင်း၊ ပြောင်း၊ မြေပဲ၊ နှမ်းတို့ကို စိုက်ပျိုးကြသည်။ ဒေသခံများ၏ ထွက်ကုန်များကို ကျေးရွာသို့ လာ ရောက်ဝယ်ယူလေ့ရှိသလို နမ့်စန်မြို့သို့လည်း တင်ပို့ ရောင်းချသည်ဟု ဆိုသည်။ ““အဓိက ရွာမှာလိုအပ်တာက ရေရရှိမှုပါပဲ။ ရေမထွက်တဲ့အတွက် မိုးရေကိုသာလှောင်ပြီး နွေရာသီ နှင့် ဆောင်းရာသီဆိုရင် အိမ်တိုင်းက ထော်လာဂျီနဲ့ နမ့်မလတ်ချောင်းက ရေကိုသွားရောက်ခပ်ယူပြီး ရေ ကိုလှောင်ကာအသုံးပြုရပါတယ်။ အဓိက ရေရဖို့လို အပ်တာပါ။ မီးလည်းရှိတယ်။ လမ်းကလည်းကောင်း တယ်၊ လိုနေတာက ရေပဲ””ဟု ယင်းကြားတိုင်းရင်းသူ မအီညွန့်က ပြောသည်။ ထို့ကြောင့် အိမ်တိုင်းတွင် ထော်လာဂျီများ ရှိပြီး ရေကို သွားရောက်ခပ်ယူရလေ့ရှိကြောင်း သိရ သည်။ ကျေးရွာသို့ ရေတွင်းလာတူးပေးသည့်သူများ ရှိသော်လည်း ရေမထွက်ကြောင်း ပေ ၈၀၀ ကျော် အထိတူးခဲ့ကြောင်း ယင်းကြားသူ မအီညွန့်က ပြော သည်။ယင်းကြားတို့၏ ရိုးရာဓလေ့အနေအထား မှာ ရှမ်းဓလေ့ဖြင့် ဆင်တူသည်။ တန်ခူးလ၊ ကဆုန်လ ဆိုပါက ပွဲတော်ကျင်းပ လေ့ရှိ သည်။ ကထိန်ပွဲတော်ဆို ပါက ကြီးကျယ်စွာကျင်းပလေ့ရှိသလို လအလိုက် ကျင်းပသည့် ပွဲတော်ငယ်များလည်းရှိကြောင်း သိရ သည်။ယင်းကြားလူမျိုးများ၏ ရိုးရာဓလေ့အနေ ဖြင့် ယင်းကြား တိုင်းရင်း သူများအား ရည်းစားစကား ပြောချင်ပါက အိမ်ပေါ်တက်ရောက်ပြီး အဖွဲ့လိုက် သမီးရည်းစားစကားပြောဆိုမှုကို မိဘများက ခွင့်ပြု ထားကြောင်း သိရသည်။ ယင်းကဲ့သို့ ရည်းစားပြောဆို ခွင့်ပြု သော်လည်း နီးနီးကပ်ကပ်ထိုင်ခွင့်မပြုသလို လက်ဆွဲထိခြင်းမျိုးလည်း ခွင့်မပြုကြောင်း သိရသည်။ ထို့အပြင် ယင်းကြားများသည် ရိုးရာ အထည်ယက်လုပ်မှုကိုသာ ဝတ်ဆင်ကြသော်လည်း လက်ရှိတွင် ယင်းကြားအရှည်အကျႌကို တစ်နေကုန် ယက်လုပ်မည်ဆိုပါကပြီးစီးသလို အေးအေးဆေးဆေး ပြုလုပ်ပါက သုံးရက်လောက်ကြာတွင်လည်း ပြီးစီးကြောင်း သိရသည်။ ယင်းကြားအိမ်အများစုတွင် ယက်္ကန်းရုံများရှိကြသည်။ ယခင်က ဝါဂွမ်းကို စိုက်ပျိုး ပြီး ချည်ငင်ကာ ထိုမှတစ်ဆင့် အကျႌချုပ်လုပ် ဝတ်ဆင် ကြသော်လည်း လက်ရှိတွင် ဝါများကို သိပ်မစိုက်ကြ တော့ကြောင်း ရယ်ဒီမိတ်ပိတ်စများကို ဝယ်ယူကာ ယက်လုပ်ကြ နေပြီဖြစ်သည်။ ယင်းကြားမိန်းကလေးဝတ်စားဆင်ယင်မှု မှာ အစင်းလိုက်ပါသည့် ဂါဝန်ကိုသာဝတ်ဆင်ကြပြီး ကလေးငယ်များ၏ အကျႌများကိုတော့ အနက်စဖြစ် သဖြင့် အစဝယ်ကာ ယက်လုပ်ကြပြီး ဝတ်ဆင်ကြောင်း သိရသည်။ ထို့အပြင် ယောကျ်ားလေးအဝတ်အထည် ကိုလည်း ယက်လုပ်ကြကာ ဝတ်ဆင်ကြသည်။ ““ကလေးဝတ်တာက တစ်မျိုးလေ။လုံး၀ အနက်ရောင်လေ””ဟု မအီညွန့်က ဆိုသည်။ ယင်းကြားများသည် ရိုးရာဝတ်စုံကိုသာ ဝတ်ဆင်ပြီး တခြား အဝတ်အစား မဝတ်ဆင်သည့်သူ များလည်းရှိသလို မွေးကတည်းက ယင်းဝတ်စုံမှယင်း ဝတ်စုံဝတ်ဆင်သည့် သူများလည်းရှိသည်။ လွယ်ဆိုင်း ကျေးရွာတွင် အသက် ၉၅ နှစ်အရွယ်ရှိ ယင်းကြား အဘွား အိုလည်းရှိကာ မျက်စိလည်းမမှုန်သလို သွား လာနိုင်နေ သေးကြောင်း သိရသည်။ ယင်းကြားတို့၏ဝတ်စုံဖြင့် အပျို၊ အအိုခွဲခြား သည့်အခါတွင်လည်း ဝတ်စားဆင်ယင်မှုဖြင့် ခွဲခြား နိုင်သော် လည်း တစ်ခါတရံတွင်လည်း ခွဲခြားလို့မရ ကြောင်း သိရသည်။ ““အပျိုတွေဆိုရင် ခေါင်းပေါင်းပေါင်းတဲ့ အခါမှာ အဝိုင်းပတ်ပုံစံနဲ့ဝတ် ဆင်ကြတယ်။ အအို တွေကတော့ အဝိုင်းမလုပ်တော့ဘူး။ ခေါင်းပေါင်း ပြီး နောက်ဖက်မှာခေါင်းပေါင်းစကို တွဲလောင်း ချထား တယ်။ အများအားဖြင့် ဒီလိုခွဲခြားနိုင်ပေမယ့် တစ်ခါ တလေအပျိုတွေကလည်း အဲဒီလိုချထားတာမျိုးလည်း ရှိတတ်ကြတယ်”” ဟု ကျောင်းဆရာမ မအီညွန့်က ဆိုသည်။ နမ့်စန်မြို့၏ ထူးခြားမှုက များပြားလှသည်။နယ်မြေအားဖြင့် အေးချမ်း တည်ငြိမ်နေသော်လည်း ပြည်တွင်းပြည်ပဧည့်သည် လာရောက်မှုမှာ အင်မတန် မှနည်းပါးနေသလို ရှေးရိုးရာအိမ်အနည်းစုကို တွေ့ မြင်ရ တော့မည့် ယင်းနက်လူမျိုးများ၏ ရိုးရာအိမ်များ ရှိနေခြင်း၊ ထူးခြားဖြစ်တည်လာသည့် ရာဇဝင်များဖြင့် အစဉ်အဆက် ယုံကြည်လာကြသည့် ယင်းနက်၊ ယင်းကြားလူမျိူးများရှိနေခြင်း၊ နမ့်စန်မြို့၏ ပုံပြင်လိုလို ရှိနေသည့် ထူးခြားသည့်ဝိသေသဖြစ်သော မိန်းမ သေတောင်ရှိနေခြင်း၊ ကမ်္ဘာ့အကြီးဆုံးနှီးဘုရားရှိနေ ခြင်းတို့က နမ့်စန်မြို့၏ ထူးခြားချက်များဖြင့် အရိုင်း ဆန်နေသေးသည့် နမ့်စန်မြို့လေးသို့ သွားရောက် လေ့လာကာ နမ့်စန်မြို့တွင်သာ တသီး တသန့်နေထိုင် ကြနေသည့် ယင်းနက်၊ ယင်းကြားလူမျိုးတွေဆီလာ ရောက်လည်ပတ်နိုင်စေရန် ဖော်ပြလိုက်ရပါသည်။ Travelling_Journal/Vol_1_Issue_18 Photo_TravellingJournal
Contine Reading
By - Admin / 09-12-2019
တိမ်ခိုးတွေလွှမ်းခြုံနေတဲ့ အရပ်ဆီ

တိမ်ခိုးတွေလွှမ်းခြုံနေတဲ့ အရပ်ဆီ

မော်ကျွန်းသူ စိမ်းစိုနေတဲ့ တောင်တန်းကြီးတွေ၊ ဒီလိုတောင် တန်းကြီးတွေရဲ့ ပတ်ပတ် လည်မှာ မြူခိုးရောင်တိမ် ပင်လယ်တွေ ဝန်းရံထားတာကို အတိုင်းသားတွေ့ မြင်နေရတဲ့အရပ်၊ တစ်နည်းအားဖြင့် မြူခိုးတွေဆိုင်း နေတဲ့ အရပ်၊ မြင် တွေ့သမျှအရာရာတိုင်းက သိပ်ကို နူးညံ့လှပစေတဲ့ မြင်ကွင်း၊ စိတ်ကိုအေးမြသွားစေတဲ့ ရှုခင်းတွေနဲ့ ခြယ်မှုန်း ထားတဲ့ ဒေသကို စာရေးသူ ခြေ ချမိခဲ့ပါတယ်။ ဒီလို မြူခိုးရောင်တိမ်ပင်လယ်တွေရှိတဲ့ ဒေသ ကိုရောက်ရှိခဲ့ဖြစ်တာ ကတော့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထဲက ပင်လယ်ရေ မျက်နှာပင်အထက် ပေ ၃၈၀၀ ကျော်မှာ တည်ရှိနေတဲ့ ပင်းတယမြို့ လေး ကို စာရေးသူ ရောက်ရှိခဲ့ရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ဒီနေရာ လေးကိုတော့ ပြည်တွင်းခရီးသွားတွေ လုံးဝခြေမချ ရသေး ပါဘူး။ ပြောရရင် အပျိုစင်နယ်မြေတစ်ခု။ လောက နိဗ်္ဗာန်ဘုံအရပ်လို့ တောင် စာရေးသူက တင် စားချင်ခဲ့တာပါ။ ရောက်ဖြစ်ခဲ့တဲ့ အကြောင်း ရင်း ကလည်း ပင်းတယဟိုတယ်ဇုန်ဥက်္ကဋ္ဌ ဦးကျော်ထွေးနဲ့ အမြင့်ပေ ၇၂၀၀ ကျော်ရှိတဲ့ မိုးလုံးဟိန်းတောင်ကို စကားစမြည်ပြောကြရင်းကနေ အကြောင်းပြုပြီး ဒီအရပ် ဒီဒေသဆီကို ရောက်ရှိစေခဲ့တာပါပဲ။ ပင်းတယကနေ နေ့လယ် ၁ နာရီလောက်မှာ စတင်ထွက်ခွာလာပါ တယ်။ သွားရမယ့် နေရာကရပ်စောက်မြို့နယ် ထဲကပလောင် တောင်တန်း တွေ ဆီကို …။ ပင်းတယကနေ ရပ်စောက်မြို့နယ်အထိကို ၁၆ မိုင်ကွာဝေးတာမို့ ကိုယ်ပိုင်ကားနဲ့သွားရင် တစ်နာရီလောက်ဝန်း ကျင် မောင်းနှင်ရ ပါတယ်။ လမ်း တစ်လျှောက် ဘေးဝဲယာကလည်း စိုက်ခင်းတွေနဲ့ သာယာနေပါတယ်။ ပြောင်းစိုက်ခင်းတွေ၊ နှင်းဆီရောင်စုံစိုက်ခင်း တွေကိုငေးမောရင်းနဲ့ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ ရွာကနေ ကြိုဆိုပါ တယ် ဆိုင်းဘုတ် တွေ့မှပဲ အတွေး တွေ ရပ်ပစ်လိုက်ရပါတယ်။ ကောင်းဘို့ရွာ ရောက် တော့ နေ့လယ် ၂ နာရီ ထိုးခါနီးပြီ။ ကောင်းဘို့ရွာ တောင်ခြေနားက ဒေသခံ ဦးဘမောင်အိမ်မှာ ခဏ နားရင်း ရေနွေးကြမ်း၊ ကော်ဖီ မုန့်တို့နဲ့ ဧည့်ခံရင်း စကား စမြည်ပြောဆိုကာ လာရောက်ခေါ်ဆောင်မယ့်သူကို စောင့်ဆိုင်းနေခဲ့ပါတယ်။ တောင်ပေါ်ဆိုတော့အမြင့်ကား(4Wheels)တွေနဲ့သာတက်နိုင်တာမို့ ကားချိန်းပြီးတက်ဖို့စောင့် ဆိုင်းနေရင်း …သိပ်မကြာပါ ဘူး နေ့လယ် ၂ နာရီ ၂၅ မိနစ်ဝန်းကျင်မှာ စာရေးသူတို့ဟာ တောင်ခြေ ကနေ စတင်ထွက်လာခဲ့ပါတယ်။ တောင်ခြေကနေ ပုံမှန်လေးပဲ တောလမ်းကို မောင်းနှင်ခဲ့ပါတယ်။ လမ်း က ကားတစ်စီးစာသာ သွားနိုင်တဲ့ လမ်းအနေအထား မို့ ဘေးတစ်ဖက်တစ်ချက်စီကိုကြည့်ရင်း။ ရှည်လျား မြင့်မားပြီးဝေဖြာနေတဲ့ပြောင်းစိုက်ခင်း တမျော်တခေါ် ကိုငေးမောရင်းနဲ့ တောင်ပေါ်ကို ကားက တဖြေးဖြေးပုံမှန်တက်လာ ခဲ့ပါတယ်။ တောင်ပေါ်အချိုးအကွေ့ တွေများလာလေ၊ တောင်တွေကို ထင် ထင်ရှားရှားမြင်တွေ့ရလေပါ ပဲ။ လက်ဖက်စိုက်ခင်း အကွက်လှ လှတွေ။ အဝါရောင်စိုက်ခင်းလှလှ တွေကဟိုတစ်စဒီတစ်စ။ တောင်နံရံ ကြောတလျှောက်မှာ လက်ဖက်စိုက် ခင်းတွေ၊ လိမေ်္မာ်စိုက်ခင်းတွေက မျက်စိပဒေသဖြစ်စေပါကော။ လျိူမြောင်တွေကြား တောင်နံရံကြားတွေမှာ လက်ဖက်စိုက်ခင်းတွေက အစီအရီနဲ့ အကွက်ကျကျ လှပနေလို့။ တစ်ခါတရံ မက်စောက်တဲ့ တောင်နံရံ ကြားက စိုက်ခင်းတွေမှာ ပလောင်လုံမငယ်တွေရဲ့ လက်ဖက်ခူးနေတာတွေကို ကားပေါ်ကနေ တစ်ချက် တစ်ချက် လှမ်းတွေ့ရပါသေးတယ်။ တစ်ခါတရံတောင်ကုန်းတောင်တန်းတွေ နှစ်ခုဆက်ထားတဲ့ နေရာတွေ ဆို မြူခိုးတွေက ယှက် သန်းနေတာကိုလည်း မြင်တွေ့ရသေးတယ်။ နေ့လယ် ခင်းဆိုပေမဲ့လည်း တောင်ပေါ်ဒေသတွေရဲ့ သဘာ၀ အတိုင်းး အေးစိမ့်နေတဲ့ လေနုအေးတွေရဲ့ ကျီစယ်မှု က နှာခေါင်းဝကို ကလူက ျီစယ် နေပြန်ကော။ ဒီလို သန့်ရှင်းလတ်ဆတ်နေတဲ့ လေနုအေး တွေက နှလုံး သားထဲထိကို စိမ့်ဝင်ရောက်ရှိသွားစေခဲ့တာပါ။ ဒါကြောင့်မို့ ဒီလို သဘာဝတရားရဲ့ လှပမှုတွေဆီကို လူတွေအရောက်သွားနေကြတာ။ ပလောင်တောင် တန်းတွေပေါ်မှာ မြူခိုးတွေက တွဲခိုနေရင်း တိမ် ပင်လယ်စိုင်တွေက အဆုပ်လိုက် အဆုပ်လိုက်နဲ့။မြူခိုးတွေကြားထဲ စုဝေးနေတဲ့ အိမ်စုအိမ်ဝေး တွေကို ပြရင်း ဟိုးမှာမြင်နေရတာက ပလောင်ရွာတွေ ပေါ့ဟု လိုက်လံပို့ပေးဆောင်ပေးတဲ့ ဦးဝါယမက စာရေးသူတို့ကို ရှင်းပြပါတယ်။ ဒီတောင်တန်းတွေ တစ်လျှောက်မှာ ပလောင် ရွာတွေပဲရှိတာ။ ရွာပေါင်းက များတော့များတယ်လို ဆိုပါတယ်။ ဒီပလောင်တောင်တန်း တွေရဲ့အကြောင်း တွေကလည်း စိတ်ဝင်စားစရာကောင်းလှတဲ့ ဒဏ္ဍာရီ တွေရှိခဲ့ဖူးတယ်လို့ဆိုပါတယ်။ အရင်ဒီတောင်တန်း တွေထဲက တစ်နေ ရာမှာ ရှင်ပြုရင် အဝတ်အစားတွေသွားငှားလို့ရတဲ့ကျောက်တံခါး ပေါက်တစ်ခုရှိတယ်လို့ ရှေးလူကြီးတွေက ပြောပြခဲ့ဖူးတယ်လို့ ဦးဝါယမက ဆိုပါတယ်။ ဒီကျောက်တံခါးမှာ ဘုန်းကြီးတစ်ပါးရှိတယ်လို့ ဆိုပါတယ်။ အဝတ်အစားတွေ သွားငှားပြီး ပြန်မပေးကြတော့ ဒီကျောက် တံခါး ဟာ ပိတ်သွားခဲ့ တာ ကြာမြင့်ခဲ့ပါပြီလို့ ဆိုပါတယ်။ ဒါကတော့ ကျွန် တော်တို့ရဲ့ ဘိုးဘေးတွေက ပြောဆိုခဲ့ကြဖူးတယ်လို့ ဦီးဝါယမက ဆိုပါတယ်။ တောက နက်တယ်။ မတ်စောက်တယ်။ထူထပ်တယ်။တောင်တန်းတွေက တဆက်တည်း ရှည် လျားတဲ့ ပလောင်တောင် တန်းတကြောတခွင်ကို အား ရပါးရ ငေးမောကြည့်ရှုခွင့်ရနေခြင်းပါ။အဲဒီနောက်မှာ တိမ်တွေ မြူတွေ တွဲခိုနေပြီး တစုတဝေးတည်း အိမ်ကြီးအိမ်ကောင်းတွေကို ထိုး ထွက်မြင်တွေ့စေရတဲ့ နေရာကို လှမ်းမြင်လိုက်ရပါ တယ်။ ဒီနေရာက ဓာတ်ပုံရိုက်လို့ အရမ်းလှစေတဲ့ နေရာတစ်ခုပါ။ ကျောက်တစ်လုံးအောက်ရွာလို့ခေါ် တဲ့ဆုံရပ်တစ်ခုပါ။တိမ်ပင်လယ်အဆုပ်လိုက်နဲ့ လှချင်တိုင်းလှ လွန်းနေတဲ့ မြင်ကွင်းက အသက်ရှူမှားမတက်အောင် ကို လှပဖမ်းစားလွန်းလှပါတယ်။ ဒီမြင်ရတဲ့ ရွာက ရွာမရွာပေါ့၊ ဟိုးမှာမြင်နေရ တာက ရွာမရွာရဲ့ ပရိယတ်္တိစာသင်တိုက် တည်ရှိတဲ့ နေရာလို့ ဦးဝါယမက ရှင်းပြပါတယ်။ အဲဒီနောက်မှာ ရွာမရွာကို ရောက်ရှိခဲ့ပါပြီ။ ဒီရွာမရွာဆိုရင် ပလောင် အိမ်ခြေ ၄၀ ကျော်လောက်သာ တည်ရှိတဲ့ရွာဖြစ်တာမို့ ကျစ်ကျစ်လစ်လစ်နဲ့ စုစည်းထားတဲ့ ရွာလေးလို့ဆိုရ ပါမယ်။ တိမ်ပင်လယ်တွေကြားထဲက တည်ရှိနေတဲ့ ရွာ လေးဆိုရင်လည်း မမှားပါဘူး၊ တိမ်တွေကို မှေးခိုရင်း ပလောင်အိမ်တွေက လှပသပ်ရပ်ပြီး တည်ရှိနေတယ် လို့ ဆိုနိုင်ပါတယ်။ လက်ဖက်နဲ့ လိမေ်္မာ်စိုက်ခင်း တွေကို သာ အဓိကစိုက်ပျိုးကြတဲ့ ရွာလေးဖြစ်ပါတယ်။ မီးရှိပေ မဲ့ ချက်ပြုတ်စားသောက်နိုင်တဲ့ အနေအထားမဟုတ် ပါဘူး။ အလင်းရောင်ရဖို့အတွက်သာ လုံလောက် စေတာပါ ။ ဒီတောင်တန်း တွေကရတဲ့ လက်ဖက်က ပိုပြီးအရသာကောင်းမွန်တယ်လို့ ဆိုပါတယ်။ရွာမရွာကနေမှ မိုးလုံးဟိန်းတောင်ကို သွား ရောက်နိုင်သလို အရှေ့မြင် အနောက်မြင်တောင်ဆီကိုလည်းခရီးဆက်လှမ်းနိုင်ပါသေးတယ်။ တောင်ဇလပ်ပန်းအနီတွေ၊ တောင်ဇလပ်အဖြူ တွေကို တဝကြီးမြင် တွေ့စေရနိုင်မယ့် တောင်တန်း လည်းဖြစ်တာမို့ ပင်းတယကို ရောက်ပြီဆိုရင် ဒီတောင် တန်းတွေဆီကို ရောက်အောင်သွား သင့်တဲ့နေရာတစ်ခု လို့ဆိုချင်ပါတယ်။ ဆောင်းတွင်းနဲ့ နွေရာသီဆိုရင် ရာသီဥတုကောင်းမွန်စေပြီး လှပလွန်းစေမယ့် မြင်ကွင်း မျိုးတွေကို မြင်တွေ့ရစေမယ်လို့ ပင်းတယဟိုတယ်ဇုန် ဥက်္ကဋ္ဌ ဦးကျော်ထွေးက ဆိုပါတယ်။ စာရေးသူတို့ဟာ ရွာမရွာကနေမှအပြန် ယမ်း တွင်းရွာဘက်ခြမ်းကနေ လှည့်ပြန်လာခဲ့ပါတယ်။ အသွားက လမ်းကြောင်းတကြောင်း၊ အပြန်လမ်းက တကြောင်းနဲ့ ပလောင်တောင်တန်းတကြောကို ခြေ ဆန့်ခဲ့ခြင်းပါပဲ။ ယမ်းတွင်းရွာ ဒီရွာကလည်းပလောင်တွေ ချည်းပါပဲ။ ရိုးရာဝတ်စုံတွေနဲ့ ရွာထဲဝင်လာတဲ့ကားကို ရပ်ကြည့်ငေးမောနေတဲ့ ရိုးသားလှတဲ့ ပလောင်လုံမ ငယ်တွေ၊ အမျိးသမီးကြီးတွေ၊ ကလေးငယ်တွေကို တွေ့မြင်ရပါတယ်။ သူတို့မျက်နှာပေါ်က ချစ်ခင်ရင်းနှီး မှုအပြုံးတွေက အသက်ဝင်လှပါတယ်။ လိုက်လံပို့ ဆောင်ပေးတဲ့ ဦးဝါယမရဲ့ ညီမဝမ်းကွဲနေတဲ့ အိမ်မှာ ခဏဝင်နားရင်း ရိုးရာဝတ်စုံဝတ်ကြည့်ရင်း ဓာတ်ပုံ ရိုက်လို့ရတယ် ပြောတာကြောင့် အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့ပါတယ်။ ရိုးသားပျူဌာလှတဲ့ ပလောင်အိမ်ရှင် တွေရဲ့ နွေးထွေးဧည့်ဝတ်ကျေပွန်မှုကိုတော့ မမေ့နိုင် ပါဘူး။ ယမ်းတွင်းရွာ ကနေ ပြန်ထွက်လာတော့ ညနေ ၅ နာရီနဲ့ ၁၁ မိနစ်ဝန်းကျင်ရှိနေပါပြီ။ တောင်ခြေကိုပြန်ဆင်းလာတဲ့လမ်းတလျှောက် ရှုခင်းက တိမ်နံရံတေ ွဘေးနားက နေဖြတ်သွားရသလို ပါပဲ။ မြူတွေ အုံ့ဆိုင်းနေပြီး မြင့်မားစွာပေါက်နေတဲ့ ထင်းရှုးပင်တွေ၊ ဝါးပိုးဝါးပင်တွေက ခပ်စိပ်စိပ်နဲ့။ မြူ တွေဆိုင်းနေတဲ့ တောင်တန်းတကြောရဲ့အလှမှာ ငေး မောရင်း မြူခိုးတွေ လွမ်းခြုံနေတဲ့ အရပ်ကနေ ပြန် လာခဲ့ပါတော့တယ်။ Travelling_Journal/Vol_1_Issue_16 Photo_TravellingJournal
Contine Reading
By - Admin / 26-11-2019
ခရီးသွားထုတ်ကုန် တစ်ခုဖြစ်လာတော့မည့် Sport Tourism

ခရီးသွားထုတ်ကုန် တစ်ခုဖြစ်လာတော့မည့် Sport Tourism

မော်ကျွန်းသူ ယခင်က မေ့လျော့ခံဖြစ်နေသည့် Sport Tourism ကို ခရီးသွား ထုတ်ကုန်သစ်တစ်ခုဖြစ်လာစေရန် ကြိုးစားအကောင်အထည ်ဖော်ဆောင်လာကြပြီဖြစ်သည်။ရှိပြီးသားထုတ်ကုန်တစ်ခုကို ပိုပြီး အကောင်အထည်ဖော်နိုင်ရန်အတွက် Sport Tourism Committee အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့၏ ထူးခြားချက်မှာ အားကစား နှင့်ကျန်းမာရေး ဝန်ကြီးဌာနနှင့် ဟိုတယ်ခရီးဝန်ကြီးဌာန နှစ်ခုကို ပူးပေါင်းပြီး ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းပင်ဖြစ်သည်။ ကော်မတီတွင် ဝန်ကြီးဌာနနှစ်ခု၏ ညွန်ကြားရေးမှူးချုပ်များနှင့် အသင်းအဖွဲ့များဖြစ်ကြသည့် ၊MTF၊ UMTA၊ MHA MTM တို့မှ တာဝန်ရှိသူများနှင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။လက်ရှိမြန်မာနိုင်ငံ၏ခရီးသွားကဏ္ဍတွင် အများစုသည် ယဉ်ကျေးမှုကိုအခြေခံသည့်ခရီးစဉ်များ၊ Lersiure ခရီးစဉ်များကို သာ ရောင်းချနေကြရာ Sport Tourism အပိုင်းကို မေ့လျှော့နေခဲ့ကြသည်။ ’’ မရှိတဲ့ပွဲကို ဖန်တီးပြုလုပ်ပြီး အဲဒါကိုရောင်းတာမျိုးမဟုတ်ပါဘူး၊အခုလက်ရှိရှိနေတဲ့ ပွဲအကြီးကြီးတွေကိုSport Tourism အနေနဲ့ ရောင်းနိုင်မယ်ဆိုရင် ဒါဟာ ထုတ်ကုန ်အသစ်တစ်ခုဖြစ်လာစေဖို့ ရည်ရွယ်ထားတာပါ’’ဟု Sport Tourism Committee ၏ အတွင်းရေးမှူး ဦးမျိုးသွင် က ပြောသည်။ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှ ကျင်းပလျှက်ရှိသည့် အားကစားပွဲများစွာရှိသော်လည်း ယင်းကဏ္ဍနှင့်ပတ်သက်သည့် အပိုင်းများကို ခရီးသွားဘက်မှ သိရှိမှုအပိုင်းမှာ အားနည်းနေသည့် အတွက် ဝန်ကြီးဌာနနှစ်ခုအား ချိတ်ဆက်ပြီး ယခုကဲ့သို့ ကော်မတီ ကို ဖွဲ့စည်းခဲ့ခြင်း က အဓိက ရည်ရွယ်ချက်ဖြစ်သည်။ လက်ရှိ အားကစားဝန်ကြီးဌာနမှ ကျင်းပနေသည့် အားကစားပွဲကျင်းပသည့်ပွဲတော်ပြက္ခဒိန် ကို သာ ရရှိမည်ဆိုပါက ခရီးသွားလုပ်ငန်းဘက်မှ ထုတ်ကုန်တစ်ခုအဖြစ် ရောင်းချနိုင်မည့် အခွင့်အရေးများ စွာ ရရှိလာမည်ဟု လည်း ကော်မတီမှ တာဝန် ်ရှိသူများက ပြောသည်။ ’’ ဒီရက်မှာ ဒီပွဲတော်ရှိတယ်။ ဒါဆိုရင် အကိုတို့က ဟိုဘက်မှာရှိတဲ့ ပြိုင်ပွဲဝင်မယ့် နိုင်ငံက Sporter တွေကို Product တစ်ခုအနေနဲ့ ရောင်းလို့ရမယ် ။ ဒီလိုမျိုးတွေ ချိတ်ဆက်ပြီးလုပ်မယ်ဆိုရင် Sport Tourism ကဏ္ဍ ဟာ ပိုပြီးဖွံ့ဖြိုးလာစေမယ်’’ ဟု ဦးမျိုးသွင် ကပြောသည်။ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် Sea Game ပြိုင်ပွဲတွင် ခရီးသွား ကုမ္ပဏီတစ်ခုမှ ပြင်ဆင်ချိန်မရသည့်အတွက် ခရီးစဉ် ရောင်းချရာ၌ ဧည့်သည် ၁၀၀ ကျော်လောက်သာရရှိခဲ့ကြောင်း၊ သို့သော်ပြ ဿနာအခက် အခဲတစ်ခုအနေဖြင့် ဘောလုံးလာရောက်ကြည့်ရှုသည့် ဧည့်သည်အနေဖြင့် လတ်မှတ်မရရှိသည့် ပြဿနာမှာ အဓိက ဖြစ်ကြောင်းသိရသည်။ ထို့အပြင် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိနေသည့်အင်္ဂလန်နိုင်ငံရှိ စိန့်အင်ဒရူး ဂေါက်ကွင်းနှင့် ပုံစံတူ တည်ဆောက်ထား သည့် သရက်ဂေါက်ကွင်းမှာလည်း မြန်မာနိုင်ငံ၏ မကွေးတိုင်းဒေသကြီး အတွင်းတွင်ရှိနေသည်က Sport Tourism Product တစ်ခုအနေဖြင့် ဆောင်ရွက်နိုင်မည့် အားသာချက်တစ်ခုရှိနေသည်။ ကမ္ဘာ့အစောဆုံး ဂေါက်ကွင်းစာရင်းဝင်သည့် သရက်ဂေါက်ကွင်းကို စီမံချက်များရေးဆွဲပြီးအင်္ဂလန် နိုင်ငံရှိ စိန့်အင်ဒရူး ဂေါက်ကွင်းနှင့်ဆက်စပ်ကာ ဥရောပအဆင့်ပြိုင်ပွဲများကို ကျင်းပနိင်မည်ဆိုပါကSport tourism booming ဖြစ်လာမည်ဟုလည်းမကွေးတိုင်း ဟိုတယ်ခရီးတာဝန်ခံ ဦးမြင့်စိန်က ဆိုသည်။ ခရီးသွားကဏ္ဍတွင်လည်း အားကစားနှင့်ပတ်သက်သည့် Package အနေဖြင့် Golf Tour ခရီးစဉ်တစ်ချို့ကို ရောင်းချနေသည့် ကုမ္ပဏီတစ်ချို့လည်းရှိသော်လည်း အားနည်းနေသေးသည့် အတွက် ထင်သလောက်အောင်မြင်ခြင်း မရှိသေးပေ။ ’’အခုလိုမျိုး ကော်မတီဖွဲ့တဲ့အကျိူးကျေးဇူးက အားကစားကျင်းပတဲ့ ပွဲတော်ရက်တွေကိုသာ ခရီးသွားလုပ်ငန်းရှှင်တွေက သိထားကြမယ်ဆိုရင် Sporter တွေကို စီစဉ်ပေးချင်ကြတဲ့ ခရီးသွားကုမ္ပဏီတွေ လတ်မှတ်ရတာကလည်းလွယ်မယ်၊ အားကစားရုံတွေမှာ လူတွေပြည့်လာမယ်။ ဝင်ငွေကလည်းရရှိစေမယ်၊ ကျွန်တော်တို့ဘက်က ဒါကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ပေးနိုင်ရင် လာကြည့်တဲ့သူများလာမယ်၊ အဲဒီနောက်မှာ စပွန်ဆာတွေ များလာမယ်၊ဒါဆိုရင် အားကစားအဖွဲ့ချုပ်လည်း ဝင်ငွေ တိုးတက်လာမယ်၊ အားကစားကဏ္ဍ ကလည်း အောင်မြင်လာမယ်၊ဒီလိုရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့တာ’’ဟု ဦးမျိုးသွင် က ရှင်းပြသည်။ သို့သော် ကော်မတီအနေဖြင့် Product အနေဖြင့် လုပ်ကိုင် ဆောင်ရွက်လိုသည့် သူများအတွက် အဆင်ပြေစေရန် ကြားခံတစ်ခုအနေဖြင့် ပံ့ပိုး ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း ကော်မတီအနေဖြင့် ဦးဆောင်ပြီး အားကစားပွဲတော်များကို လုပ်ဆောင်သွားမည် မဟုတ်ကြောင်း ကော်မတီ၏ တာဝန်ရှိသူကပြောကြားသည်။ ထို့အပြင် မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင်များ အသင်းမှလည်း မြန်မာနိုင်ငံတွင် Sport Game ပြိုင်ပွဲတစ်ခု ကို အိမ်ရှင်နိုင်ငံအဖြစ် ငွေဆောင်၊ချောင်းသာ၊ငပလီကမ်းခြေတွင် ကျင်း ပနိုင်ရန် ရည်ရွယ်ထားရှိသည့်အတွက် တရုတ်နိုင်ငံ စန်းယာ့မြို့တွင် ကျင်းပ မည့် Sport Game ပြိုင်ပွဲကို သွားရောက် လေ့လာသွား မည်ဟုလည်း အဆိုပါအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် လည်း ကမ်းခြေတစ်ချို့တွင် Cycling Tour များ ပြုလုပ်ခြင်းများလည်းရှိလာပြီဖြစ်သည်။ထို့အပြင် ရှေးဟောင်းယဉ်ကျေးမှုပုဂံ၌မာရသွန်ပြိုင်ပွဲများလည်းပြုလုပ်လာခြင်းတို့မှာ Sport Tourism ကဏ္ဍများပင်ဖြစ်သည် ။ ယင်းကြောင့် ရှိပြီးသား အားကစားပွဲများကို အခြေခံပြီး Tourism Product တစ်ခုအနေ ဖြင့်ထုတ်လုပ်နိုင် လာမည်ဆိုပါက ခရီးသွားကဏ္ဍတွင် Sport Tourism မှာ အရှိန်အဟုန် ကောင်းစွာဖြင့် တိုးတက်လာ စေမှာကတော့ ဧကန်မလွဲပင်ဖြစ်ပါတော့သည်။ Travelling_Journal/Vol_1_Issue_17 Photo_Internet
Contine Reading
By - Admin / 07-11-2019
Tourism Money ဘာလဲ ၊ ဘယ်လဲ

Tourism Money ဘာလဲ ၊ ဘယ်လဲ

သတိုးလွင်(ပထဝီဝင်) အိမ်တစ်အိမ်မှာ … မိသားစု (၇)ယောက်ရှိတယ်…. အဖေလုပ်သူက စစ်မှုထမ်းဘ၀ ပင်ပင်ပန်းပန်းငွေရှာဖွေခဲ့ပြီး အမေလုပ်သူကမိသားစုရပ်တည်ရေးအတွက် ဝင်ငွေနဲ့ မလောက်ရင် ချေးဌားရ၊ပေါင်းနှံရ နှင့် ကလေး(၅)ယောက် ကျန်မာရေး၊ ပညာရေးအတွက်လည်းချိုးခြံချွေတာစားရင်းမုန့်ဖိုးကြည့်ပေးခဲ့ရ၊ ဖတ်ဖတ်မောနေတဲ့အမေတယောက်…`` သားကြီးလုပ်သူက ဘွဲ့ရပြီးအလုပ်ရတယ်။ အဖေ့အတွက်နဲ့ ဓာတ်ဆီဆိုင်မှာ၊ အလုပ်ရတော့ဝင်ငွေကောင်းပြီး မိဘကို ထောက်ပံ့နိုင်ပြီး မျက်နှာ ကောင်း ရလေရဲ့၊ သမီးလတ်က လ.ဝ.က ရုံးမှာ အဝေးသင် တက္ကသိုလ် ကျောင်းတက်ရင်း အလုပ်ဝင် နေတော့ သူ့ဟာနဲ့သူအဆင်ပြေနေလေရဲ့၊ ကျေင်းစရိတ်၊ သွားလာဝတ်စားစရိတ် သူ့ဟာသူရှာဖွေပြီးဖူလုံတဲ့အပြင် မိဘကိုတောင် ဘုရားဖူး ခရီးပို့နိုင်သေးတယ်။ အမေလုပ်သူကသမီးလေးအတွက် အိမ်ထောင်ဖက်မမှားဖို့ လုပ်ငန်းခွင်မှာတွေ့ရတတ်တဲ့ နိုင်ငံခြားသား FRC တွေနဲ့ငြိမှာကိုစိတ်ပူနေလေရဲ့။ သားလတ်ကတချိန်တုန်းကသစ်စက်မှာလုပ်တယ်။ ခိုးသစ်တွေတင်းကြပ်လာတော့ ခါတိုင်း လိုဝင်ငွေမကောင်းတော့ပေ။ စုဆောင်းထားတာတွေလည်းပြောင်ပြီးအရက်လေးတမြမြနဲ့ငယ်ငယ်ရွယ်ရွယ်နဲ့ ဂျိုးသမား ဘဝရောက် မိဘနဲ့တော့သိပ်အဆင်မပြေလှ၊ သမီးထွေးကတော့ ကျောင်းမှာစာတော်သည်။ ၁၀တန်းကို ဂုဏ်ထူး(၃)ဘာသာနှင့် အောင်ပြီးပညာသင်ထောက်ပံ့ကြေးရ၍ မိဘကတောင် သိပ်မထောက်ပံ့ရ။ အမေကတော့ သမီးငယ်ပညာတတ်ကြီးဖြစ်ဖို့အားထားမျှော်လင့်ပြီးမုန့်ဖိုးကြိတ်ပေးတတ်သည်။ သမီးငယ်ကပညာမာနနဲ့မောင်နှမအကြားမာန်တက်နေ၏။ နို့ညှာသားလေးကတေ့ာလူချောလေးမှာဆက်ကျော်သက်ဖြစ်လာထိတိုင် အတန်းပညာအလယ်တန်းနှင့် ကျောင်းထွက်ခဲ့ရ သည်။ လုပ်ဖော် ကိုင်ဖက်မိသားစုမှ ငယ်စဉ်ကတည်းကချစ်၍မွေးစားပြီး စစ်သံတာဝန်ဖြင့် ပြည်ပနိုင်ငံခြားသို့ သွားရာတွင် ပြည်ပနိုင်ငံများကို အခေါက်ခေါက်သွား၍ မိသားစုထဲတွင် နိုင်ငံခြားရောက်ဖူးသူဖြစ်သည်။ သို့သော် ပညာတပိုင်း တစ ဟိုမရောက် သည်မရောက် နှင့် မှတ်ဉာဏ်မမှီ၍လားလို့ မိဘများက ဆရာဝန်နှင့်ပြသစစ်ဆေးကြည့်မှ အော်တစ်နစ်ဆင် (Semi Autism) ရောက်ဂါရှိ နေ၍မိသားစုထဲတွင်ငယ်စဉ်ကရေးပန်းစားခဲ့သော်လည်းအခုကြီးလာတော့ မိဘအပေါ် မကူညီနိုင်သည့်အပြင် နိုင်ငံခြားမှ စရိုက် တွေဝင်ပြီးဆုံးမ၍ မရတော့။နားမဝင်တော့ရပ်ကွက်ထဲမျာစိတ်ထင်တိုင်း လုပ်ချင်ရာလုပ်နေ၍ မိဘကလည်း မုန့်ဖိုးလည်း များများ မပေးတော့။ နိုင်ငံခြားပြန် မောင်လူတွေးဘဝကို ဘယ်လိုမိဘတွေ အထင်အမြင် မှန် လာပြီးဂရုဏာသက်အောင် ဘယ်လို လုပ်ကြမလဲဆိုတာမောင်လေး၊ ညီမလေးတို့ဝိုင်းစဉ်းစားကြပါလေ။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ နိုင်ငံတနိုင်ငံသည် မိသားစုဘဝတစ်ခုပင် နိုင်ငံတနိုင်ငံတွင်လူဦးရေထူထပ်များပြားပြီးသဘာဝအရင်းအမြစ်ချို့တဲ့သော်လည်းကောင်း၊ နိုင်ငံရေး မတည်ငြိမ်လျှင် လည်းကောင်း၊ ရာသီဥတုကြောင့် မိုးခေါင်ပြီးအစာရေစာအတွက် သီးနှံထွက်နှုန်းမကောင်းလျှင် ဆင်းရဲ သည့်နိုင်ငံ (တတိယ ကမ္ဘာစာရင်းဝင်)ဖြစ်သည်။ GDP ဝင်ငွေမကောင်း ပြည်သူထံမှ အခွန်ငွေ TAX ရဖို့မလွယ်လျှင် ရပ်တည်ဖို့အတွက်ကမ္ဘာ့နိုင်ငံများမှချေးငွေထောက်ပံ့ငွေအကူအညီရယူရစမြဲ။ ပထမကမ္ဘာ၊ ဒုတိယကမ္ဘာ စာရင်းဝင်နိုင်ငံများမှာတော့ သဘာဝအရင်းအမြစ် ရှိလင့်ကစားမုဆိုးမစီးပွားရှာသလို စားဝတ်နေရေး အတွက် အိမ်တိုင်ချွတ်မရောင်း ဘဲဦးနှောက်ကိုအသုံးချပြီး ပြည်သူတွေကို ပညာရေးကျန်းမာရေးအလေးပေးသည်။ နိုင်ငံသူနိုင်ငံသား လူငယ်မျိုး ဆက်သစ် တွေ ကျန်းမာ တောင့်တင်း ခေတ် ပညာ တတ် ကြီးတွေ ဖြစ်တော့ ဦးနှောက်ကိုအင်အား အသုံးချပြီး တိုင်းပြည် ချမ်းသာအောင် ဆက်လုပ်နိုင်ကြသည်။ အထူးသဖြင့် ခရီးသွား လုပ်ငန်းကိုအောင်မြင်စွာလုပ်ငန်း နိုင်ငံ GDP ကိုများစွာအ ထောက်အကူဖြစ်အောင် လုပ်နိုင်သည့် နိုင်ငံများ၏ ခေါင်းဆောင်များ သည် အမျှော်အမြင် ကြီးပြီးခေါင်းဆောင်မှုစွမ်း ရည် ပြည့်ဝသူများ ကိုတွေ့ရ သည်။ အတွေ့အကြုံရှိရုံသာမက ခေတ် ပညာတက် အတွေးအခေါ်ရှိသူ တာဝန်ခံရဲသူ၊ တာဝန်ယူရဲသူ၊ တာဝန်ကိုထမ်းဆောင်နိုင်သူ(Capacity)ရှိသူများကို ရဲဝံ့စွာ နေရာပေး ပြီး ဗဟိုချုပ်ကိုင်မှု နည်းစွာဖြင့် ဦးဆောင်စေသည်။ ဘယ်အရာမဆိုအနှိုင်အရှုံးရှိမြဲမအောင်မြင်ခဲ့လျှင်လည်း တာဝန်ရှိသူ အနေဖြင့် သိက္ခာရှိစွာ နှုတ်ထွက်ပြီး တာဝန်ယူနိုင်မည့် သူ ကိုဂုဏ်ယူစွာလွှဲပြောင်းပေးခဲ့သည် အစဉ်အလာများတွေ့ခဲ့ရ၏။ ခရီးသွား လုပ်ငန်း (Tourism Industry) သည် နိုင်ငံတိုင်း အောင်မြင်စွာလုပ်နိုင်ဖို့ မဖြစ်နိုင်ပေ။ နိုင်ငံရေး၊ လုံခြုံရေး၊ စစ်ရေး ရာသီဥတု အခြေအနေများသည်ရေးကြီးသကဲ့သို့ သဘာဝအရင်းအမြစ် ယဉ်ကျေးမှုအမွေအနှစ်၊ လူ့စွမ်းအားအရင်းအမြစ် ဟန်ချက် ညီစွာ အသုံး ချနိုင်သည်။ဦးနှောက်ကောင်းဖြင့် ဦးဆောင်နိုင်သည့် နိုင်ငံများတွင် အောင်မြင်ကြစမြဲ။ ပုံပြင်ထဲက မိသားစု တစုကဲ့သို့ပင် မိဘမှ အရေးကြီး သလို…..သားသမီးများမှ လည်းကြိုးစား အပြန်အလှန်လေးစားနေရာပေးမည်ဆိုလျှင် သာယာ၀ ပြောသော အိမ် ထောင်စုဖြစ်ပေလိမ့်မည် “အိမ်သာမှဧည့်လာမည် မဟုတ်လော့” Tourism Data ပြောင်းပြန်အချိုး (PAX Vs. Revenue) ခရီးသွားသိုင်းလောကသားများဆုံဖြစ်သည်.မနက်. Tourism Sector မှာခရီးသွာဆိုင်ရာData တိကျ မှန်ကန်စေရေး အတွက် ပြည်ထောင်စုဝန်ကြီးဦဆောင်သည်.အစည်းအဝေးဖြစ်၍လူစုံ၏။ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှတရားဝင် ထုတ်ပြန် သည့် Tourism Statistics 2018အရ ၂၀၁၆မှ ၂၀၁၈ထိ Visitor Arrival အပေါင်း လက္ခဏာဖြစ်သော်လည်း၊ ခရီးသွား ပျမ်းမျှ နေထိုင်ရက်၊ တနေ.ကုန်ကျစရိတ်၊ခရီးသွားလုပ်ငန်းမှနိုင်ငံတော်သို.တိုက်ရိုက်ဝင်ငွေ၂.၁ဘီလျံ$မှ၁.၆၅ဘီလျံ$ထိကျ ဆင်းသွားမှု သည် သက်ဆိုင်ရာ သို.မေးခွန်းထုတ်စရာများ ဖြစ်ခဲ.စေသည်။ လူတိုးလာသော်ငြားလည်း၊ စရိတ်ကြီးမား လာ သော်လည်း၊ Direct Contribution& SpendingPower ကျဆင်းခြင်းသည် ပြောင်းပြန် အချိုး ဖြစ်နေ သည် မဟုတ် လော? "Value Tourism မှ Volume Tourism" သို.ဦးတည်နေပြီလော! Tourism Revenue Data အမှန် Vs Taxation သံသရာ 12.6.2018 နေပြည်တော် MICC II တွင်ကျင်းပခဲ.သည်. ပထမဆုံးMyanmar Tourism Conference( MTC )တွင် Tourism Revenue & Taxation Policy ခေါင်းစဉ်ဖြင်.မိမိ တင်ပြဆွေးနွေးခဲ.ဖူးသည်။ငွေအား၊ ဉာဏ်အား၊ လူစွမ်း အားဖြင်.ဆွေးနွေးပြုစုခဲ.သောWhite paperမှာခြင်းတွင်းစာပေဖြစ်သွား လေပြီလား??၁နှစ်ကျော်ကြာမှ PostMTCActionPlanအနေဖြင့်Revenueအမှန်ရစေဖို.R&Dလုပ်ကြစို.နိုးထလာသည်မှာနောက်မကျသေးပေ၊သို.သော်Taxationအရိပ်ကခြောက်လှန့်နေဆဲဖြစ်၍ဘဝသံသရာတံတားဖြတ်သန်းကြရဦးမည်။ R & D ရထားကြီး ဖြတ်ဖို. ဇလီဖားတုံး ရေတွက်နေဆဲ.။ Value Tour R&D အတွက် $ ငွေတွေများစွာရင်းနှီးရမည်ဆိုရာ၌ လက်ရှိရင်းနှီးထားသည့် Degital Platfom အရင်းအနှီးပြုပြီး QR Quote စနစ်သုံးပြီးသက်ဆိုင်ရာဘာသာအလိုက် လိုရင်းတိုရင်းမေးခွန်းများကိုလေဆိပ်ရောက်နေရာ ဍ္ဍ်ပင် အချက်အလက်ရယူနိုင်မည်။ စာရေးသူအနေဖြင့်စားရင်းအင်းပညာရှင်၊ သုတေသနပညာရှင်၊ IT ပညာရှင်မဟုတ်၍ အသေအချာ မပြောနိုင် သော်လည်းနီးစပ်ရာနှင့်တိုင်ပင်ပြီးယခုကဲ့သို့အကြံဉာဏ်ရက်လေးကိုစမ်းသပ်လုပ်ကြည့်လျှင် အတိုင်းအတာတခုထိခရီးစဖို့ခြေတလှမ်း ဖြစ်ပေလိမ့်မည်။ Surrey QNA A4 (၂)မျက်နှာ သာရေးခဲ့သည်မှာခရီးရောက်မဆိုက် ဖြည့်ခိုင်းပြီး အင်္ဂလိပ်ကို ဘာသာဖြေရမည် ဆိုလျှင် မိမိကိုယ်တိုင်ပင် စိတ်မရှည်နိုင်ပေ။ Data အမှန်ရဖို့ဝေးစွ လူ(၁၀၀) ထံမှပင်မေးခွန်ဖြည့်ဖို့ ငွေအား၊စက္ကူများ လူအား၊ အချိန်အားသုံးရန် Sustainable Way နှင့် ဝေးလေစွ ခရီးသွားကုမ္ပဏီ Guide များထံမှ စစ်တမ်းကောက်နိုင်မည် ဆိုလျှင် Package Tour 15% ပင်မပြည့်သည့်ခေတ်တွင် မည့်သို့သော Visitor Arrival ဧည့်သည်အားလုံးထံမှ စစ်တမ်းဖြစ်နိုင်ပေမည် နည်း။ဟိုတယ်များမှ စားရင်းယူလျှင် Arrival တွင် ကောက်ယူသောစာရင်း၊ ရှေ့မှာတည်းခိုခဲ့သောစာရင်းများနှင့် Over Lap ဖြစ်ပေလိမ့်မည်။ ထိုကြောင့် နိုင်ငံခြားသားတက်သိပညာရှင်အဖွဲ့ Tourism / NGO အဖွဲ့များအကူအညီယူပြီး ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီး ဌာနမှ Focal Leader လုပ်ရန်လိုအပ်မည်ဟု အကြံပေးလိုသည်။ ဆက်စပ်ဝန်ကြီးဌာနမှာ အထူးသဖြင့် စီမံဘဏ္ဍာ ဝန်ကြီး ဌာန လက်အောက်ခံ ဗဟိုစာရင်းအင်းအဖွဲ့ (CSO) မှ Data update များ UNWTO / ASEAN နိုင်ငံများ၏ Tourism အဖွဲ့ အစည်း များ၏ ခရီးသွားလုပ်ငန်း သတင်းအချက်အလက်များခေါ် သုံးသပ်ပြီးမှ စစ်တမ်းအစီရင်ခံစာ ကနဦး ထွက်ရှိနိုင်မည်။ အခွန်ဆောင်ဖို့ အခွန်ရှောင်သူများဖြစ်ရသည့်အကြောင်း Arrival Pax ခရီးသည်စာရင်း အမှန်(အနီးစပ်ဆုံး) ရပြီဆိုပါစို့၊ ဝင်ငွေ( Tourism Money) အတွက်ဘယ်လိုတွက်ကြမလဲ ၊ Tourism $ တွေ ဘယ်ကိုစီးဆင်းကြမလဲ၊ Direct Contribution နိုင်ငံတော်သို့ဝင်ငွေ ဗဟိုစာရင်းအင်းအဖွဲ့ CSO မှ ရသည့် စာရင်းနှင့် UNWTO ထုတ်ပြန်ချက်နှုင်းယှဉ်သုံးသပ်လျှင် အနီးစပ်ဆုံးအဖြေတစ်ခု ရနိုင်ကောင်းရမည်။ အသင်းအဖွဲ့များ ၊ပုဂ္ဂလိက လုပ်ငန်းရှင်များထံ စာရင်းတောင်းသည့် လုပ်ငန်းစဉ်သည် ခေတ်မမှီသော Old Fashion ဖြစ်ပြီး စာရင်း အမှန်ရဖို့ မသေချာပါ ။ မုန့်လုံးစက္ကူကပ်သာ ဖြစ်ပေရော့မည်။ အဘယ့်ကြောင့်နည်း။ အောက်ပါအတိုင်းလေ့လာသုံးသပ်ချက်များကို တင်ပြအပ်ပါသည်။ ခရီးသွားလုပ်ငန်းရှိအခွန်ကောက်ခံခြင်းပကတိအခြေအနေ ခရီးသွားလုပ်ငန်းကဏ္ဍရှိစီးပွားရေးလုပ်ငန်းအများစု(၉၀%)အထက်မှာအသေးစားနှင့်အလတ်စားလုပ်ငန်းများဖြစ်နေသဖြင့် စုစုပေါင်း ဝင်ငွေ၏(၅%)အားအခွန်အဖြစ် ပေးဆောင်ရန် သတ်မှတ်ချက်အားလိုက်နာရန် အခက်အခဲရှိနေပြီး ရရှိ ဝင်ငွေအမှန်အား မတင်ပြခြင်း၊ ရရှိဝင်ငွေ သိန်း(၅၀၀)အောက် လုပ်ငန်းများအားအခွန်ကင်းလွတ်ခွင့် ပေးအပ်ထား သော်လည်း အဆိုပါ အခွန်ကောက်ခံနှုန်းကိုကျယ်ပြန့်စွာသိရှိမှုမရှိကြခြင်း ခရီးသွားလုပ်ငန်းကဏ္ဍရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများမှ တင်ပြ သော ဝင်ငွေစားရင်းနှင့် ခရီးသွားဧည့်သည်ဝင်ရောက်မှုစာရင်းအား သက်ဆိုင်ရာ ဌာနမှ စောင့်ကြည့်၍ စာရင်းမှန် ဟုတ်မ ဟုတ် တိုက်ဆိုင်စစ်ဆေးခြင်း ဖော်ပြပါအခြေအနေများကို ဖြေရှင်းနိုင်မည့်နည်းလမ်းများခရီးသွားလုပ်ငန်းမှ စုစုပေါင်းဝင်ငွေသိန်း (၅၀၀)အောက်အား အခွန်ကင်းလွတ်ခွင့်ပေးသည် ဟူသောစကားစုမှ စုစုပေါင်းဝင်ငွေ ဟုဖော်ပြမည့်အစား အသားတင်ကျန်ရှိငွေ (Service Income) ဟုပြင်ဆင်ပြောင်းလဲခြင်း၊ SME များမှ ပေးဆောင်ရန်အခွန်အား ဖြေလျော့မှုပြုလုပ်ပေးခြင်း (သို့) ကင်းလွတ်ခွင့်ပေးခြင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍရှိ စီးပွားရေးလုပ်ငန်းများမှ မိမိဆန္ဒအလျောက် အခွန်ပေးသွင်းလာအောင် ဆွဲဆောင်မှုများ ဖန်တီးပေးခြင်း၊ရလဒ်များထပ်ဆင့်အခွန် Double Taxation များဖြစ်ပေါ်နေသည်ကို သိသာထင်ရှားစွာမြင်နိုင်ခြင်း၊SME များမှ အသားတင်ကျန်ရှိငွေ သိန်း(၅၀၀) အောက် လျော့ကျရရှိပါက အခွန်ကင်းလွတ်ခွင့် ရရှိခြင်း၊ အခွန်လျော့ကျလာခြင်းဖြင့်ကြောင့် ယခင်နိုင်ငံတော်မှ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလျာထားငွေ အမေရိကန်ဒေါ်လာ (၃)သိန်းလျာထားရာမှ ပိုမိုခွင်ြ့ပုနိုင်ဖွယ်ရာရှိခြင်း၊ ၂၀၁၇ ခရီးသွားဧည့်သည်ဝင်ရောက်မှုနှင့် ခန့်မှန်းသုံးစွဲငွေစာရင်း တွက်ချက်မှု စဉ်ဝင်ရောက်မှုအခြေအနေ ဦးရေပျမ်းမျှနေထိုင်ရက်တစ်ရက်ပျမ်းမျှသုံးစွဲငွေ(US$)သုံးစွဲငွေ US$ သန်းပေါင်း၁လေကြောင်းဝင်ရောက်မှု၁၃၁၄၀၆၆၉၁၅၃၁၈၀၉.၄၇၂ရေကြောင်းဝင်ရောက်မှု၆၉၄၀၃၁၄၅၃.၀၂၃စက်တပ်ရွက်လှေများဖြင့် ဝင်ရောက်မှု၃၈၄၈၅၁၈၃၃.၅၂၄နယ်စပ်ဒေသများမှ ဗီဇာဖြင့် ဝင်ရောက်မှု၃၈၀၉၄၉၁၀၀၃၄.၂၈၅နယ်စပ်ဒေသများတွင် ဝင်ရောက်မှု၂၀၈၀၁၈၅၁၅၇၁၁၈.၅၇ စုစုပေါင်း၃၄၄၃၁၃၃၁၉၆၈.၈၆ ပြည်တွင်းနိုင်ငံခြားသားခရီးသွား ဧည့်သည်များ ( Inbound foreign Visitors ) ဝင်ရောက်ခြင်းဖြင့် အောက်ပါအစိုးရဌာနများ ၊ အဖွဲ့အစည်းများ ၊ ခရီးသွားဆိုင်ရာပုဂ္ဂလိကလုပ်ငန်းများ (Tourism Private Interprise ) သို့ နိုင်ငံခြားငွေများစီးဆင်း စေကြောင်းလေ့လောတွေ့ရှိရပါသည်။ (၁) ဇုန်ဝင်ကြေးရွှေတိဂုံစေတီတော်၊ မြန်မာနိုင်ငံရှိ ဘုရားဂေါပကအဖွဲ့များ၊ ယဉ်ကျေးမှုဝန်ကြီးဌာန ၊ရှေးဟောင်း သုတေသနညွှွန်ကြားမှု ဦးစီးဌာန ၊ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန (ဥမမာ -မြိတ်ကျွန်းစု )၊ ဒေသအဖွဲ့အစည်းများ (ဥပမာ - ကတ္ထူ) (၂) ဗီဇာကြေး (လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန ဗီဇာအမျိုးမျိုး၊ နိုင်ငံခြားရေးသံရုံးများ ) (၃) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး (ပြည်တွင်းရေကြောင်း၊လေကြောင်းလိုင်းများ ၊လေကြောင်းဦးစီး၊ မီးရထား၊ ဆိပ်ကမ်း၊ ဆက်သွယ်ရေး၊ဒေသတွင်း သယ်ယူပို့ဆောင်ရေး များ (မြင်း၊လှည်း၊ ဆိုက်ကား၊လှေ) (၄) စီမံရေးနှင့် ဘဏ္ဍာရေး (ပြည်တွင်းပြည်ပဘဏ်များ ၊ပြည်တွင်းပြည်ပအာမခံကုမ္ပဏီများ၊) (၅) စွမ်းအင် (ရေနံရောင်းဝယ်ရေး ၊လျှပ်စစ်) (၆) စည်ပင်သာယာရေး ( YCDC, MCDC ) နယ်စပ်စည်ပင် (၇)အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများ (Hotel, Tourism ,Companies ,Entertainment and Other Services) ခရီးသွားအခွန်ကောက်ခံခြင်းနှင့် ခရီးသွားရန်ပုံငွေ တိုးမြှင့်ရေး အကြံပြုတင်ပြချက်များ စုစုပေါင်းဝင်ငွေနှင့် အသားတင်ကျန်ရှိငွေ ကွာခြားချက်အား ရှင်းလင်းစွာ သိရှိနားလည်နိုင်ရန်စုစုပေါင်းဝင်ငွေ အစား အသားတင် ကျန်ရှိငွေ ဟုပြောင်းလဲသတ်မှတ်ပေးရန်၊ လေးကြောင်လိုင်း၊ဟိုတယ်နှင့်စာသောက်ဆိုင်များတွင် ထပ်ဆင့်အခွန် ( Double Taxation )ဖြစ်စေနိုင်သဖြင့် ပိုမိုရှင်းလင်းစွာ သတ်မှတ်ပြဌာန်းပေးရန်၊ အသားတင်ကျန်ရှိငွေ သိန်း(၅၀၀)ထက် လျော့နည်း ရရှိသည့်ခရီးသွားလုပ်ငန်းများ၊ အခွန်ကင်းလွတ်ခွင့်ရရှိပြီးဖြစ်ကြောင်း၊ SME လုပ်ငန်းရှင်များအား ကျယ်ပြန့်စွာပညာပေးခြင်း၊ သတင်းအချက်အလက်ဖြန့်ချီပေးခြင်းများလုပ်ဆောင်ရန် ။ Internet မှ ခရီးသွားဝန်ဆောင်မှုများ ရောင်းချသည့် Online travel agents များ၏ အခွန်တိမ်းရှောင်မှုကို နည်းပညာအကူအညီရယူ၍ ထိန်းသိမ်းကြပ်မတ်ရန်၊ နိုင်ငံသားပိုင် ပြည်တွင်းခရီးသွား ကုမ္ပဏီများအား အချိန်ကာလ အတိုင်းအတာတစ်ခုအထိ အခွန်ကင်းလွတ်ခွင့်ပေးရေး၊ လွှတ်တော်များသို့တင်ပြဆွေးနွေးရန်၊ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ပြည်ပတွင် နိုင်ငံပုံရိပ်မြင့်တင်ရေး Brand Promotion နှင့် ခရီးသွားပြပွဲများ ကျင်းပရေးသာမက ပြည်တွင်း၌ လူ့စွမ်းအားမြင့်တင်မှု Soft Skill Development နှင့် ခရီးသွားအခြေခံအဆောက်အဦး ဖြည့်တင်းမှု ၊Tourism Infrastructure အတွက် ငွေကြေးရံပုံငွေလိုအပ်နေပါသည်။ နိုင်ငံတော်ဘတ်ဂျတ်တစ်ခုတည်း အားထား၍ မရနိုင်သဖြင့် ဇုံအလိုက် ခရီးစဉ်ဒေသ၊ပြည်နယ်၊ တိုင်းအလိုက်ဝင်ကြေး၊ဇုံကြေးများမှ အချိုးကျ ရန်ပုံငွေ ထားရှိမှုစနစ်၊ အချို့သော နိုင်ငံများတွင် ကျင့်သုံးသည့် ဧည့်သည်များထံမှ ရာခိုင်နှုန်းဖြင့် တည်းခိုသည့်ညအလိုက်၊လူဦးရေ အလိုက် သင့်တင့်သည့် နှုန်းထားဖြင့် ရန်ပုံငွေကောက်ခံသည့် စနစ်များကို DMO များမှတဆင့် စီမံခန့်ခွဲနိုင်လျှင် ခရီးသွားရန်ပုံငွေများကို တဖက်တလမ်းမှ ပံ့ပိုးနိုင်မည်ဖြစ်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။ Travelling_Journal/Vol_1_Issue_17 Photo_သတိုးလွင်ပေးပို့သည်
Contine Reading
By - Admin / 06-11-2019
Tourism Award ဆိုတာ …

Tourism Award ဆိုတာ …

စည်သူကျော် အခုတလော လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်အတွက်အကောင်းဆုံးခရီးစဉ်ဒေသဆုချီးမြှင့်မယ့်ကိစ္စကတော်တော်လေးလှုပ်လှုပ်ခတ်ခတ်ဖြစ် နေသဗျ။ ဆုချီးမြှင့်မယ့်အဖွဲ့အစည်းကလည်း ဥရောပသမဂ္ဂအမည်ခံအဖွဲ့အစည်းတစ်ခု ဖြစ်နေလေတော့ အာရုံစိုက်စရာဖြစ်နေသပေါ့ဗျာ။ ဆုဆိုတာမျိုးကလည်း ကလေးသူငယ်၊ လူရွယ်လူကြီး အရွယ်သုံးပါးမက်မောတဲ့အရာ မဟုတ်လားဗျာ။ ကျွန်တော်များငယ်ငယ်တုန်းကလည်းသေးသေးမွှားမွှားဆုကလေးများရရင်တောင် ဤဇမ္ဗူ ငါလိုလူရှိသေးရဲ့လား ရယ်လို့ ဝမ်းသာလုံးဆို့မတတ်ဖြစ်မိသေးတာပ။ အခုလိုမျိုး မြန်မာ့ခရီးသွားလုပ်ငန်း နိမ့်တုံ မြင့်တုံ ဖြစ်နေတဲ့အချိန်မျိုးမှာ EU နာမည် နဲ့အဖွဲ့အစည်းတစ်ခုက အကောင်းဆုံးခရီးစဉ်ဒေသဆု ချီးမြှင့်တာခံရမယ်ဆိုတော့ ဂုဏ်ယူ ဝမ်းမြောက်မိပေမပေါ့ဗျာ။ မြန်မာကို ကမ္ဘာကသိမယ့်အခွင့်အရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်တပ်တစ်အားပေါ့ဗျာ။ သို့သော်ငြားလည်းပေါ့လေ ချီးမြှင့် မယ့်အဖွဲ့အစည်းရဲ့ ခိုင်မာမှုနဲ့ ဂုဏ်သိက္ခာပိုင်းက မေးခွန်းထုတ်စရာဖြစ်နေလေတော့ နှမ လက်လျှော့နေလေတော့ကိန်းဆိုက်ရပြီပေါ့ခင်ဗျာ။ကမ္ဘာပေါ်မှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆုတွေကို အသီးသီးအပြိုင်အဆိုင်ချီးမြှင့် နေကြတာအားလုံးအသိပါပဲဗျ။ အဲဒီလိုပါပဲ ခရီးသွားလုပ်ငန်းကဏ္ဍမှာလဲ ချီးမြှင့်တဲ့ဆုတွေရှိ ပါတယ်ခင်ဗျ။ ဒီအထဲမှာ ဂုဏ်သိက္ခာကြီးမားတဲ့ဆုတွေရှိသလို အပြန်အလှန်ထောပနာပြု ကြတဲ့ဆုတွေလည်းရှိပါတယ်။ ဂုဏ်သိက္ခာကြီးမားတယ်လို့ဆိုတဲ့နေရာမှာ ဆုချီးမြှင့်တဲ့အဖွဲ့အစည်းရဲ့ ခိုင်မာမှုနဲ့ အဲ့ဒီအဖွဲ့အစည်းရဲ့ ရပ်တည်ချက်၊ ခရီးသွားလုပ်ငန်း ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအပေါ် ထည့်ဝင်ဆောင်ရွက်ချက်တွေက အဓိကကျသဗျ။ ဒီဆောင်းပါးမှာ ဒီလိုဆုများ ချီးမြှင့်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းကြီး (၂)ခုကို တင်ပြချင်ပါတယ်။ ပထမအဖွဲ့အစည်းကတော့ ကုလသမဂ္ဂလက်အောက်ခံ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ကြီး United Nations World Tourism Organization (UNWTO) ပဲ ဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံပေါင်း (၁၅၈) နိုင်ငံ၊ ဟောင်ကောင်၊ မကာအိုတို့လို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနယ်မြေ (၆)ခုနဲ့ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ ပညာရေးအသင်း အဖွဲ့များကိုကိုယ်စားပြုထားတဲ့အဖွဲ့ကြီးဟာကမ္ဘာ့ခရီးသွားလုပ်ငန်းနယ်ပယ်မှာ သြဇာ တိက္ကမကြီးမားတဲ့အဖွဲ့အစည်းကြီးတစ်ခုပဲဖြစ်ပါတယ်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်း အမှတ်အခမ်းအနားကိုလည်း အဖွဲ့ကြီးက နှစ်စဉ်ချမှတ်ပေးတဲ့ ဆောင်ပုဒ်များနဲ့ ကျင်းပကြပါတယ်။ ခရီးသွား လုပ်ငန်းနယ်ပယ်က တတ်သိပညာရှင် စကော် လာများဆိုရင် လည်း ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ကြီးက ထုတ်ပြန်တဲ့ စာရင်းဇယားတွေ၊ စာတမ်းတွေ၊ သုတေ သနပြုချက်တွေကို အကိုး အကားပြုသုံးစွဲကြပါတယ်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ကြီးက ချီးမြှင့်တဲ့ ယူလီဆီးဆု (UNWTO Ulysses Prize) ဆိုလို့ရှိရင် ခရီးသွားလုပ်ငန်းမှာ လိုက်နာရမယ့်ကျင့်ဝတ်များ (Global Code of Ethics) နဲ့ ကုလသမဂ္ဂရဲ့ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက် (Sustainable Development Goals)ကို ထင်ဟပ်စေ ပါတယ်။ တစ်နည်းပြောရရင် အောင်မြင်စွာ လိုက်နာကျင့်သုံးတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို ချီးမြှင့် ခြင်းဖြစ်ပါတယ်ခင်ဗျ။ ဒီယူလီဆီးဆုကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ကြီးက ကဏ္ဍလေးခုကို ပေးအပ်ရာမှာ (၁) မူဝါဒနှင့် အုပ်ချုပ်မှု (၂) စီးပွားရေးလုပ်ငန်းစုများ (၃) အစိုးရမဟုတ် သော အဖွဲ့အစည်းများ (၄) သုတေသနနှင့်နည်း ပညာတို့ပဲ ဖြစ်ပါတယ်။ ဒီကဏ္ဍတွေကနေ ခရီးသွားလုပ်ငန်း ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးအတွက်တစ်တပ်တစ်အား ထည့်ဝင်ဆောင်ရွက် တဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို ချီးမြှင့်ပါတယ်ခင်ဗျာ။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ကြီးလိုပဲထင်ရှားတဲ့အဖွဲ့အစည်းတစ်ခုကတော့ World Travel and Tourism Council (WTTC) ပဲ ဖြစ်ပါတယ်။ သို့ပေမယ့် UNWTO နဲ့ WTTC ကတော့ ဖွဲ့စည်းမှု သဘောသဘာဝခြင်း ကွာခြားပါတယ်ခင်ဗျ။ WTTC ကတော့ ကမ္ဘာ တစ်လွှား မှာရှိတဲ့ပုဂ္ဂလိကခရီးသွားလုပ်ငန်းတွေနဲ့ ကိုယ်စားပြုဖွဲ့စည်း ထားတာပဲ ဖြစ်ပါ တယ်။ အဖွဲ့ဝင်တွေကတော့ကမ္ဘာတစ်လွှားကခရီးသွားလုပ်ငန်းကုမ္ပဏီတွေရဲ့ အမှုဆောင် အရာ ရှိကြီးတွေ၊ အကြီးအကဲတွေပဲဖြစ်ပါတယ်။ ယေဘုယျပြောရမယ်ဆိုရင် WTTC ဟာ ပုဂ္ဂလိကကဏ္ဍ ကိုယ်စားပြုအသင်းကြီးတစ်သင်းပဲဖြစ်ပါတယ်။ WTTC သည်လည်း ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ စာရင်းဇယားကိန်းဂဏန်းအချက် အလက်တွေ၊ သုတေသန စာတမ်းတွေနဲ့ အခြားခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေကိုလည်း ထုတ်ဝေပါတယ်။ UNWTO က ချီးမြှင့်တဲ့ ဆုအမည်က လှပသလို WTTC က ချီးမြှင့်တဲ့ ဆုအမည်ကလည်း လေးနက်ပြီး အဓိပ္ပါယ်ပြည့်ဝလှပါတယ်။ ဆုအမည်က Tourism for Tomorrow Awards ပါတဲ့။ ဆု အမည်ကြားရုံနဲ့ ပေးအပ်တဲ့ဆုတွေဟာ ဘယ်လိုဆုမျိုး တွေဆိုတာ သိသာပါတယ်။ WTTC သည်လည်း Sustainable Development Goals- SDGs (၁၇)ချက်ကို အခြေခံချီးမြှင့်တာ ဖြစ်ပြီး Sustainable Development Goals တွေကို တက်ကြွစွာ လိုက်ပါဆောင်ရွက်တဲ့လုပ်ငန်းတွေကို အဓိက ထားချီးမြှင့်ပေးအပ်တာဖြစ်ပါတယ်။ ဆုတွေကိုပေး အပ်ရာမှာ ခရီးစဉ်ဒေသများ၊ ဟိုတယ်များ၊ အပန်းဖြေစခန်းများ၊ လေကြောင်းလိုင်းများအပါအဝင်ခရီးသွားလုပ်ငန်းကုမ္ပဏီတွေပါဝင်ပါတယ်။ ဆုအမျိုးအစား တွေကတော့ (၁) လူမှုပတ်ဝန်းကျင်ဆိုင်ရာဆု (၂) ခရီးစဉ်ဒေသထိန်းသိမ်းစောင့်ရှောက် ရေးဆိုင်ရာဆု (၃) ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာဆု (၄) လူသားအရင်း အမြစ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆု (၅) အပြောင်းအလဲဖော်ဆောင်ပေး နိုင်မှုဆိုင်ရာဆု တို့ပဲဖြစ် ပါတယ်။ ဆုတွေကို ချီးမြှင့်တဲ့နေရာမှာလည်း စာရွက်ပေါ်မှာတင် စိစစ်တာမျိုးမဟုတ်ပဲ နောက်ဆုံးဆန်ခါတင်ရွေးချယ်ခံရသူတွေကို အဖွဲ့နဲ့ မြေပြင်ကွင်းဆင်းစိစစ်တာမျိုးတွေကိုပါ ဆောင်ရွက်ပါတယ်။ ပြောရရင်တော့ဗျာ ဆယ်စုနှစ်တစ်စုကျော်ကြာ ချီးမြှင့်ခဲ့တဲ့ ဆုတွေဟာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခု အကျိုးအတွက် မဟုတ်ဘဲ ကမ္ဘာ့ခရီးသွား လုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချီးမြှင့်တာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပတဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားမှာ (အဓိကအနေနဲ့) ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍအကောင်းဆုံးစွမ်းဆောင်ရည်ဆု (Best Performance Awards) တွေကို ချီးမြှင့်တာတွေ့ရပါတယ်။ ယခု ၂၀၁၉ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်း အနားမှာဆိုရင်အကောင်းဆုံးဝန်ဆောင်မှုစွမ်းရည်ဆိုင်ရာဟိုတယ်ဆုများ၊ ခရီးသွားလုပ်ငန်း ကုမ္ပဏီဆုများ ပေးအပ်တာတွေ့ရပါတယ်။ ဒါ့အပြင် စာစီစာကုံး၊ ကျပန်းစကားပြောနှင့် ဓါတ်ပုံဆု စတာတွေကို ချီးမြှင့်တာလည်း တွေ့ရသဗျ။ မြန်မာနိုင်ငံကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့မှာ အခြေခံပညာအဆင့် အဆင့်မြင့် ပညာ အဆင့်စာစီစာကုံးပြိုင်ပွဲများ ထည့်သွင်းကျင်းပ ပေးခြင်းဟာ ကျောင်းသူကျောင်းသားများနှင့် မိဘဆရာအသိုက် အဝန်းအတွင်း ခရီးသွားလုပ်ငန်းရဲ့ သဘောသဘာဝနဲ့ အကျိုးကျေးဇူး တွေကို အထိုက်အလျောက် ပြန့်ပွားစေတာဖြစ်လို့ ကောင်းမွန်တဲ့ အစီအစဉ်တစ်ခုပဲ ဖြစ်ပါ တယ်။ အလားတူပဲ အခြားဆုများကိုလည်း ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်းကသာမက အများပြည်သူများ အတွင်းကပါ ဖိတ်ခေါ်ကျင်းပပေးနိုင်ရင် ပိုမိုကောင်းမွန်မယ်လို့ ယူဆမိပါ တယ်။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကနယ်ပယ်အတွင်းမှာဆိုရင် Myanmar Responsible Tourism Institute (MRTI) အဖွဲ့အစည်းက Myanmar Responsible Tourism Awards(MRTA)ဆုကိုနှစ်စဉ်ပေးအပ်နေတာတွေ့ရပါတယ်။ MRTA ဟာဆိုရင်လည်း ရည်ရွယ်ချက် အားဖြင့် ကောင်းမွန်ပြီး အမည်နာမနဲ့ လိုက်လျောညီထွေစွာ တာဝန်သိခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ဆုတွေဖြစ်တာကို တွေ့ရပါတယ်။ ယခု ၂၀၁၉ ခုနှစ် MRTA မှာ ယခင်နှစ်များက မပါဝင်တဲ့ Best Practice in Child Safe Tourism Award နဲ့ Best Practice in Carbon Foot print Reduction ဆုတွေ ပါဝင်လာတာကို တွေ့ရပါတယ်။ အချုပ်အားဖြင့် ပြောရရင် ဆုချီးမြှင့်ပေးအပ်ခြင်းဟာ သာမန်မှတ်တမ်းတင်ဂုဏ်ပြုရုံ လောက်ဆိုရင် ပြည်သူများအကြား သတင်းစကားကြားနာသိရှိရုံသာဖြစ်ပြီး၊ ကိုယ့်နယ်ပယ် ထဲမှာသာအတိုင်းအတာတစ်ခုအထိ အသိအမှတ်ပြုခံရတာဖြစ်ပါ တယ်ခင်ဗျ။ ဆုချီးမြှင့်ခြင်း ကနေ ကိုယ့်လုပ်ငန်းကဏ္ဍအကြောင်းကို ပြည်သူများအကြား (ပုဂ္ဂလိကနဲ့ အစိုးရအဖွဲ့ အစည်းတွေလည်း ပါသပေါ့) ပိုမိုကျယ်ပြန့်စွာ သိရှိစေဖို့ဆိုရင်တော့ (တနည်းဆိုရရင်တော့ မားကတ်တင်း Marketing ပေါ့ဗျာ) ဆုအမျိုးအစား၊ ပေးအပ်တဲ့ရည်ရွယ်ချက်၊ ဆုရွေးချယ် သတ်မှတ်တဲ့စံနှုန်းများ၊ ဆုကို အကဲဖြတ်ရွေးချယ်တဲ့ပုဂ္ဂိုလ်များဆိုပြီး အကျယ်တဝင့်ချပြ ကြေညာသင့်ပါကြောင်းပါခင်ဗျား။ Travelling_Journal/Vol_1_Issue_17 Photo_WTTC/UNWTO (စည်သူကျော်ပေးပို့သည်)
Contine Reading
By - Admin / 04-11-2019
ခရီးသွား ဆုံမှတ် ဖြစ်လာတော့မည့် အနာဂတ် ကက္ကူဒေသ

ခရီးသွား ဆုံမှတ် ဖြစ်လာတော့မည့် အနာဂတ် ကက္ကူဒေသ

ယဉ်ယဉ်လှ ရှမ်းပြည်နယ်တောင်ပိုင်း ရှေးဟောင်းအမွှေအနှစ် မွှေတော်ကက္ကူ ဘုရားတည်ရှှိရာ ဒေသသည် ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်လာ ရောက်မှုရှိနေသော်လည်း ယင်းဒေသရှိ တိုင်းရင်းသားများမှာ ခရီးသွားလုပ်ငန်းမှ အကျိုးခံစားခွင့်ကို ရရှိသင့်သလောက် မရရှိသေးပေ။ ထို့ကြောင့် မွှေတော်ကက္ကူဘုရားကို အခြေပြုပြီး ဒေသပတ်ဝန်း ကျင်ဖွံ့ဖြိုးတိုးတက်စေရန် GIC အုပ်စုမှ ပြင်ဆင်လာကြပြီဟု ဦးခွန်ထွန်းဦး က ဆိုသည်။ လက်ရှိတွင် လိုအပ်ချက်များ ရှိနေသေးသော်လည်း GIC နှင့် ITC အဖွဲ့တို့ ပူးပေါင်းကာကက္ကူဒေသခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် စတင် ဆောင်ရွက်နေပြီဖြစ်သည်။ ကက္ကူဒေသအား ခရီးသွားမြှင့်တင်နိုင်ရန်အတွက် ကြော်ငြာသွား မည်ဖြစ် သလို ယင်းဒေသတွင် နေထိုင်ကြသည့် သူများအနေဖြင့် ခရီးသွားလုပ်ငန်းမှ အကျိုးအမြတ် များ ရရှိစေအောင် လည်း ကူညီ ဆောင်ရွက် သွားမည်ဖြစ်ပြီး ကက္ကူဒေသကို အခြေပြုုကာ ခရီးသွားလုပ်ငန်းကို တိုးတက်လာစေရန် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သည့် ITC နှင့်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။ ’’ လက်ရှိမှာက ဒီဒေသရဲ့ ထွက်ကုန်တွေကိုတော ရောင်းတော့ရောင်းနေရပါတယ်၊ ဒါပေမယ့် ကိုယ့်ဒေသရဲ့ ပစ္စည်းတွေကို တန်ဖိုးမြင့်ထွက်ကုန် အနေနဲ့ဘယ်လိုရောင်းချမလဲဆိုတဲ့အပိုင်းကတော့ အားနည်းနေသေးတာပေါ့’’ဟု ဦးခွန်ထွန်းဦးက ပြောသည်။ လက်ရှိတွင် ကက္ကူဒေသ ဝင်ကြေး အနေဖြင့် ပြည်နိုင်ငံခြား သားတစ်ဦးလျှင် သုံးဒေါ်လာ ကောက်ခံကြောင်းနှင့် ပြည်တွင်း ဧည့်သည်များကိုတော့ မကောက်ခံကြောင်း သိရသည်။ ဝင်ကြေးကောက်ခံခြင်းကို ဘုရားဂေါပကအဖွဲ့မှတာဝန်ယူကာကောက ်ခံနေပြီး ယင်းဒေသသို့ သွားရောက် လာရောက် လည်ပတ်ခွင့် ကိုလည်း အစိုးရက တရားဝင် ခွင့်ပြုပေးခဲ့ပြီး ဖြစ်သည်။ ကက္ကူဒေသတွင်ဟိုတယ်စတင်ရင်းနှီးမြှုပ်နှံ လက်ရှိတွင် ကက္ကူဒေသ၌ ဟိုတယ်တစ်ခုကို စတင်ဖွင့်လှစ်နိုင်ရန် တည်ဆောက်နေပြီဖြစ်သည်။ အခန်း၂၄ ခန်းပါဝင်မည့် လိုင်ကွန်း ဟိုတယ်ကို မြေဧက ၃ ဧက ပေါ်တွင် တည်ဆောက်နေပြီ ဖြစ်ကာ နိုဝင်ဘာ ပထမပတ်တွင် ဖွင့်လှစ်နိုင်အောင် ပြင်ဆင်နေပြီဖြစ်သည်။ ယခင်က ဒီမြေပေါ်တွင် CBT အနေဖြင့် အကောင်အထည် ဖော်ဆောင် ထားသော်လည်း အဆင်မပြေသည့်အတွက် ယင်းနေ ရာအား ဂရန် မြေရအောင် ဆောင်ရွက်ပြီးမှ လိုင်ကွန်းဟိုတယ်အနေဖြင့် ပြန်လည်ပုံဖော်ခဲ့ခြင်းဖြစ်သည်။ ယင်းဒေသတွင် ညအိပ်ဧည့်သည်ရှိပြီဆိုပါက ဒေသရှိ ပတ်ဝန်းကျင်တွင် လမ်းလျှောက်ချင်သည့် သူများ၊ ရွာထဲတွင် သွားရောက်လည်ပတ်မည့်သူများရှိလာတော့မည်ဟု ဦးခွန်ထွန်းဦးက မျော်လင့်ချက် များစွာဖြင့် ပြောသည်။ ’’ ရွာထဲတ ကလေးတွေ ၁၀ တန်းအောင်ပြီဆိုရင် ခရီးသွားလုပ်ငန်းမှာ စိတ်ဝင်စားတဲ့ သူတွေကို ခေါ်စုပြီး သင်တန်းတွေပေးမယ်၊ သူတို့ကို Guide ပုံစံမျိုး ပြန်ဖန်တီးပေးဖို့ လည်းရှိပါတယ်။ အဲဒါလည်း ITCနဲ့ ညှိနှိုင်းထားပါတယ်’’ဟု ၎င်းက ဆိုသည်။ မွှေတော်ကက္ကူဒေသသည် ရှိပြီးသားခရီးစဉ်ဒေသဖြစ်သော်လည်း ပိုပြီးကောင်းမွန်လာသည့် ဒေသတစ်ခုဖြစ်ရန်မှာ လိုအပ်နေသေးသည်။ ယင်းကြောင့် အခြေခံအဆောက်အအုံများ မပြည့်စုံသေးသည့်အတွက် ကက္ကူဒေသ၏ ထုတ်ကုန်များကို အများကြီးထုတ်လုပ်ရန် အဆင်သင့်မဖြစ်သေးချေ။ ’’ ရှိတော့ရှိတယ်။ ပုန်းဟင်း ဘက်ကို စက်လှေနဲ့ သွားလည်တဲ့ခရီးစဉ်တွေရှိတယ်။ ကက္ကူ ပတ်ဝန်းကျင် မှာလည်း စက်လှေနဲ့ သွားလည်တဲ့ခရီးစဉ်တွေရှိတယ်။ လမ်းလျှောက်တာတို့၊ စက်ဘီးစီးတာတို့၊ အဲဒီလို Package တွေလည်းရှိပါတယ်။ITC အဖွဲ့သည် ရှမ်းတောင် ခရီးသွားလုပ်ငန်းတိုးတက်စေရန် ဆောင်ရွက်နေသည့် စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းချိတ်ဆက်ဆောင်ရွက်သည့် ခရီးသွားလုပ်ငန်း အမျိုးအစားကို လုပ်ကိုင်သည့်အဖွဲ့တစ်ခုဖြစ်သည်။ ယင်းအဖွဲ့နှင့် ပြီးခဲ့သည့် သြဂုတ်လ လောက်မှ စတင်ကာ GIC မှ တရားဝင် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မွှေတော်ကက္ကူ ဘုရားကို အခြေခံပြီး ပတ်ဝန်းကျင် Community များကို ဖွံ့ဖြိုးတိုးတက်စေအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေး များစွာ လိုအပ်ချက်ရှိနေသေးသည့် ဒေသတစ်ခုဖြစ်နေသေးသည်။ လက်ရှိတွင်လမ်းပန်းဆက်သွယ်ရေးမှာကောင်းမွန်လာပြီဖြစ်သည့်အတွက် နောင်တစ်ချိန်ကာလတွင် ကက္ကူဒေသမှာ ဆုံမှတ်လမ်း ကြောင်းပေါ်သို့ ရောက်ရှိလာမည်ဖြစ်သည်။ ကက္ကူဒေသမှ တဆင့် တောင်ကြီး၊ အင်းလေး၊ လွိုင်ကော်အထိ သွားရောက်နိုင်သည့် ခရီးသွားဆုံမှတ်တစ်ခု ဖြစ်လာတော့ မည်ဖြစ်သည်။ ယင်းကြောင့် မွှေတော်ကက္ကူဒေသ ဖွံ့ဖြိုးဖို့အတွက် ဘုရားဖူးရုံသပ်သပ် တစ်ခုတည်းဖြင့် မဟုတ်တော့ပဲ Activity များကို တွဲဖက်ဆောင်ရွက် သွားနိုင်မှသာ ဒေသ၏ ခရီးသွားလုပ်ငန်းမှာ အရှိန် အဟုန်ဖြင့်တိုးတက် လာမည်ကတော့ အမှန်ပင်ဖြစ်ပါတော့သည်။ Travelling_Journal/Vol_1_Issue_17 Photo_GIC
Contine Reading
By - Admin / 28-10-2019