ဇန်နဝါရီ ၁၀ #Travelling journal
ကိုဗစ်ကာလတွင် ခေတ်စားလာခဲ့သည့် ရွက်ဖျဥ်တဲများဖြင့် အပန်းဖြေလာကြသော Camp Sites များကို ခရီး သွား လုပ်ငန်းဆိုင်ရာ အခြားဝန်ဆောင်မှုအမျိုးအစားလုပ်ငန်းတွင် ထည့်သွင်းပြီး ခရီးသွား အပန်းဖြေ လိုင်စင်ထုတ်ပေးနိုင်ရန် စဥ်းစားနေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဒုတိယညွန်ကြားရေးမှုးချုပ်ဦးအောင်အေးဟန် က Travelling journal သို့ပြောသည်။
အဆိုပါ Camp Site များသည် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးနယ်နမိတ် များတွင် အကောင် အထည်ဖော် လာမှုများလာကာ အနည်း ဆုံး Camping Sites အရေအတွက် ၂၀ ဝန်းကျင်ခန့်ရှိလာသည်။
ရန်ကုန်တိုင်းဒေသတွင် သာမက တိုင်းနှင့်ပြည်နယ်အသီးသီးများတွင်လည်း Camp ဖြင့် ညအိပ်သည့် ဝန်ဆောင်မှု ပေးသည့်နေရာများ ရှိလာပြီဖြစ်သည်။
“ခရီးသွားလုပ်ငန်းဆိုင်ရာ အခြားဝန်ဆောင်မှု ခေါင်းစဉ်အောက်မှာ ထည့်လို့ရတယ်။ ဥပမာ အပန်းဖြေ ဥယျာဥ် လိုမျိုးပေါ့။ အစုံလုပ်လို့ရတဲဟာမျိုး။ အဲဒါတွေက ခရီးသွား လုပ်ငန်းတွေပဲလေ။ဒီဟာတွေက လိုင်စင် အမျိုးအစားထဲမှာမပါဘူး။ လိုင်စင်ထုတ်ပေးလို့ရတဲ့အခြေအနေရှိပါတယ်။ ဆက်စပ်ဝန်ကြီးဌာနများရဲ့ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့မဆန့်ကျင်ဘူးဆိုရင်ပေါ့။
ဒါကို သတ်မှတ်ခွင့်ပြုနိုင်ဖို့ဆိုရင် ပတ်သက်ဆက်နွယ်နေတဲ့ ဆက်စပ်ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းပြီးမှသာ ဆောင်ရွက် သွားဖို့ရှိပါတယ်။အထူးသဖြင့် လုပ်ပိုင်ခွင့်ကတော့ ဒေသဆိုင်ရာခရီးသွားကော်မတီ မှာဘဲရှိပါတယ်”ဟု ဒုတိယညွန်ကြားရေးမှုးချုပ် ဦးအောင်အေးဟန် က Travelling journal သို့ ပြောသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း လက်ရှိလုပ်ကိုင်နေသည့် Camping နေရာများသည် ဥယျာဥ်ခြံ မြေအများဆုံး ဖြစ်သည်။ ဥယျာဥ်ခြံ မြေဆိုပါက ယင်းမြေအား အခြားနည်းသုံးစွဲခွင့်ကို တိုင်းဒေသကြီး အဆင့်သို့ တင်ပြလျှောက်ထား ရမည်ဖြစ်သလို လယ်ယာမြေအမျိုးအစားဆိုပါက ဗဟို အထိ တင်ပြလျှောက်ထားရမည် ဖြစ် ကြောင်း သိရသည်။
” အဲဒီလို Camp မျိုး လုပ်တာက လာလျှောက်တာတော့ မရှိဘူး။ CBTလို ဟာမျိုးလာလျှောက်တာပဲရှိပါတယ်။ အများစု အဲဒါတွေက ဥယျာဥ်ခြံ မြေတွေပါ။ ဥယျာဥ် ခြံမြေဆိုရင် တိုင်းဒေသကြီးအဆင့် လျှောက်တာနဲ့ ပြီးတယ်။ လယ်ယာမြေက ခိုင်လုံရင်တော့ လျှောက်လို့ရပါတယ်။ ဒါပေမယ့်ကြာတယ်။ အခြားနည်းသုံးစွဲခွင့်ကို ရမှသာ ဟိုတယ်ခရီးအပိုင်းက အလုပ်လုပ်လို့ရမှာ ဖြစ်ပါတယ်”ဟု ပဲခူးတိုင်းဒေသကြီး ဟိုတယ်/ခရီးတိုင်း တာဝန်ခံ ဦးဟောက်ကျင်မုန်က Travelling journal သို့ ပြောသည်။
သို့သော် ပဲခူးတိုင်းဒေသကြီး တွင် ၂၀၂၀ သြဂုတ်လ၌ ပြဌာန်းထားသည့် ဥပဒေတစ်ရပ်ရှိပြီး ယင်းဥပဒေတွင် အပန်းဖြေစခန်းများ ၊ တိရစ္ဆာန် ဥယျာဥ် ၊ ရုက္ခဗေဒ
ဥယျာဥ် ဥပဒေ ဆိုပြီး ပြဌာန်းထားသည့် ဥပဒေရှိသည်။ ယင်းကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များက ပြဌာန်းထားသည့်ဥပဒေများဖြင့်လည်းလုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ဥယျာဥ်ခြံ မြေများနှင့်လယ်မြေများတွင် စီးပွားရေး လုပ်ကိုင်ပါက မြေအား အခြားနည်းသုံးစွဲခွင့်ကို ပြုလုပ်ရမည် ဖြစ်ပြီး ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့မှ
စပြီး မြို့နယ် /ခရိုင်/ တိုင်းဒေသကြီး စသည့်တို့ထိ အ
ဆင့်ဆင့် တင်ပြပြီး မြေအသုံးချခွင့်ရရှိပြီးမှသာ ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြရမည်ဖြစ်သည်။
လက်ရှိ ရန်ကုန်တိုင်းဧရိယာ နယ်နိမိတ်အတွင်းရှိ Camp Site များမှာ တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာန သို့ တရားဝင် လာရောက်လျှောက်ထားမှုများ မရှိသေး ကြောင်း ဒုတိယ ညွန်ကြားရေးမှူးဦးမင်းမောင်စိုး က Travelling journal သို့ ပြောသည် ။
” ကျွန်တော်တို့ ဆီကို အခုလို လုပ်ကိုင်ခွင့်တင်ပြတာတစ်ဦးမျှ မရှိပါဘူး။ ကျွန်တော်တို့ဆီမှာတော့ဟိုတယ်ခရီးက ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ လိုင်စင်တွေ ထုတ်ပေးတာရှိတယ်။ ဘယ်လိုဟာမျိုးကို ပေးလဲဆိုတော့ မြေအသုံးပြုခွင့် ခိုင်မာဖို့ လိုတယ်။ တစ်ချို့က လယ်မြေ တို့ ဥယျာဥ်ခြံ မြေတို့ ဖြစ်နေတယ်။အဲဒါက လယ်ဆည် ဝန်ကြီးဌာနရဲ့ဥပဒေနဲ့လည်း ငြိစွန်းတာ ရှိနိုင်တယ်။ စီးပွားရေး လုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင် စီးပွားရေး လုပ်တဲ့မြေ ဖြစ်ရမယ်။ မြင်ရသလောက်ကတော့ ဒါတွေက လယ်မြေတွေ ဥယျာဥ်ခြံ မြေတွေပါပဲ”ဟု ဒုတိယ ညွန်ကြားရေးမှူး ဦးမင်းမောင်စိုး က Travelling journal သို့ ပြောသည် ။
ထို့ပြင် ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သည့် ဒေသ ဆိုင်ရာခရီးသွားကော်မတီ အစည်းအဝေး ၄/၂၀၂၀ တွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး နော်ပန်းသဥ္စာမျိုးက Agri Tourism နှင့်ပတ်သက်ပြီး တင်ပြခဲ့ကာသက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ပူးပေါင်းဆောင်ရွက် လမ်းညွန်ပေးရန် တင်ပြထားသော်လည်း ပြန်လည်ညွန်ကြား လာခြင်းမရှိသေးကြောင်း သိရသည်။
လက်ရှိ ခေတ်စားလာကြသည့် ရွက်ဖျဥ်တဲများ ဖြင့် Camp pound များသည် ပြီးခဲ့သည့် သုံးလေးနှစ် ကတည်းက Camp နှင့် Farm ဆက်စပ်နေသည့် လုပ်ငန်းများကို လုပ်ငန်းရှင်များက ဟိုတယ်လုပ်ငန်းများနှင့် တွဲဖက်လုပ်ကိုင်လာကြကြောင်း သိရသည်။
“ကိုယ့်ရဲ့ဝင်းထဲမှာ စိတ်ဝင်စား စရာ လှည့်ပတ်ကြည့်ရှုလို့ရမယ့် Site တွေကို ထည့်လာကြတယ်။ ကိုယ့်ရဲ့ဟိုတယ် ကို လူတွေ အပန်းဖြေလာအောင် ပို စိတ်ဝင်စားလာ အောင် လုပ်လာကြပါတယ်။ ဒါတွေက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့နဲ့လည်းမဆက်စပ်ဘူးလား။စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ သစ်တော အကုန် ဆက်စပ်နေတယ်။ ဒါက ဝန်ကြီးဌာန တစ်ခုတည်းနဲ့မပြီးဘူး။ အခု နံပတ် ၁ စဥ်းစားနေတာက ကျန်းမာရေး ဘေးကင်းဆိုင်ရာလုံခြုံမှု သတ်မှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ ရှိအောင် လမ်းကြောင်းတည့်အောင်ကြိုတင်ပြင်ဆင်ဆောင်ရွက်နေပါတယ် ။ထုတ်ပြန် ကြေညာလို့မရနိုင်သေးဘူး။ ဆရာတို့က ကိုဗစ်ကိုပဲ ဦးစားပေးလုပ်နေတာမို့ ကိုဗစ်အလွန်မှာလုပ်ရမှာတွေကို ဦးစားပေးနေပါတယ်” ဟု ဦးအောင်အေးဟန် က Travelling journal ကို ပြောသည်။
ထို့ပြင် Camping Site များကို ရာသီ ဥတု ကောင်းမွန်ပြီး သဘာဝရှုခင်းကြည့်ကွက်များစွာ ပေါများသည့် ရှမ်းပြည်နယ်တွင်လည်း တွေ့မြင်နိုင်သေးသည်။
” အခုနောက်ဆုံးထုတ်ပြန်တဲ့ ခရီးသွားဥပဒေမှာ Other License တစ်ခုပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး တော့ ဘာကိုလုပ်ပေးရမလဲဆိုတာကို တိတိကျကျ မလာသေးဘူး ။ကျွန်တော်တို့ကတော့ Other License ထဲမှာ ခရီးသွား ကို အထောက်အကူပြုတဲ့ Camping နေရာတွေ တီကျစ်နားမှာဆို ကနူးကယက်လှော်တာရှိတယ်။နောင်ချိုတိမ်ပင်လယ်ကတော့လွန်ခဲ့တဲ့နှစ်နှစ်လောက်က စတင်ခဲ့တာ။ ကျွန်တော် တို့က Camping တွေနဲ့ပတ်သက်လို့ ဘယ်လိုခွင့်ပြုမလဲ ။ဒါမှလည်း လုပ်ကိုင်စားရတာ ကျောအေးမယ်။ သက်ဆိုင်ရာခရီးသွားကော်မတီရဲ့လက် မှတ်ရှိရင် လုပ်ရကိုင်ရတာ အဆင်ပြေ မယ်။ ပြီးတော့နိုင်ငံတော်အတွက်လည်းအခွန်အခ ရမယ်။ ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားကော်မတီကိုတော့ ဒီကိစ္စကို တင်ပြသွားဖို့စီစဥ်ထားတယ်။ Others license လေးနဲ့ပေးဖို့တော့ရှိပါတယ်”ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန မှ ညွန်ကြားရေးမှုး ဦးထင်အောင်နိုင်က ရှမ်းပြည်နယ် အတွင်း Camping Sites များနှင့် ပတ်သက်ပြီး Travelling journal သို့ ပြောသည်။
ခရီးသွားအများစု သွားလေ့ရှိသည့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကလော၊ အောင်ပန်း ၊ ပင်းတယ၊ရွာငံ စသည့်မြို့များတွင် တိမ်ပင်လယ်များ ရောင်စုံစိုက်ခင်းများနှင့် ရှုခင်းလှပသည့်ကျေးရွာများလည်းရှိသလို လှေခါးထစ်စိုက်ခင်းများရှိသည့်အတွက် လာရောက်လည်ပတ်ကြသူများပြားသည်။
ကိုဗစ်ကာလလွန်များတွင် ယင်းဒေသများဆီလာရောက် လေ့လာနိုင်ပြီး သဘာဝကိုအခြေခံသည့် Tent stay & Hiking Tours များမှာ မြို့ပြတွင် နေထိုင်ကြ သည့် ခရီးသွား လူငယ်များအတွက် ငွေကုန်ကြေးကျသက်သာပြီး ကျန်းမာရေးနှင့်လည်း ညီညွတ်သဖြင့် အစိုးရကပိုပြီး အားပေးသင့်ကြောင်း ကလောအခြေစိုက် ဟိုတယ်လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဒေါ်ကလျာမိုးက Travelling journal သို့ ပြောသည်။
” အရေးကြီးတာက သဘာဝအလှတရားရှိတဲ့တောတောင် နေရာတွေကိုတော့ ခိုင်ခန့်တဲ့ဟိုတယ်လိုအဆောက်အဦမျိုးတွေ မဆောက်စေပဲ Mobile Camping ( Tents ) ထိုးပြီး ရက်တိုနေထိုင်လည်ပတ်စေခြင်းက ပိုကောင်းပါလိမ့်မယ် ။လမ်းလေးကောင်းမွန်ဖို့သာ ပံ့ပိုးပေးနိုင်ခဲ့ရင် အနီးဝန်းကျင်က ရွာတွေအတွက်လည်း အကျိုးရှိလာမယ်”ဟု ဒေါ်ကလျာမိုးက ပြောသည်။
မည်သို့ပင်ဆိုစေ ကိုဗစ်ကာလတွင် ခရီးသွား၏ခရီးသွား ဟန် စတိုင်များမှာ ပြောင်းလဲလာကြပြီး သဘာဝတရားနှင့်ထိတွေ့ရခြင်းများကို ခရီးသွားများ နှစ်ခြိုက်လာကြကာ တောတောင်ရှုခင်း သဘာဝရှုခင်းကြည့်ကွက်များဆီကိုဗစ်အလွန်တွင် သွားရောက်တော့မည်မှာ အမှန်ပင်ဖြစ်နေပေတော့သည်။