တောင်ခြေမြင်းစာခွန့်က မြင်းချစ်သူ

Inle Horse club ကိုတည်ထောင်သူ မော်ကျွန်းသူ ” မိန်းကလေးဆိုတာ မြင်းစီးလို့ မရဘူးတဲ့၊ သူတို့ မြင်းတွေကရှမ်းမြင်းတွေ ဖြစ်ပြီးတော့ ရှင်လောင်းမြင်းတွေ ဖြစ်တာမို့ ယောကျာ်းလေးတွေကိုပဲ ပေးတက်တာလို ...
Inle Horse club ကိုတည်ထောင်သူ

မော်ကျွန်းသူ

” မိန်းကလေးဆိုတာ မြင်းစီးလို့ မရဘူးတဲ့၊ သူတို့ မြင်းတွေကရှမ်းမြင်းတွေ ဖြစ်ပြီးတော့ ရှင်လောင်းမြင်းတွေ ဖြစ်တာမို့ ယောကျာ်းလေးတွေကိုပဲ ပေးတက်တာလို့ ဒေသခံ မြင်းလှည်းသမားတွေက ပြောလာတဲ့ အခါမှာ သူမဟာ မြင်းကို မစီးရမချင်းဇွဲမလျှော့ပဲ လုပ်ဆောင်ခဲ့တာမို့ မြင်းလည်း နောက်ဆုံးမှာ စီးခဲ့ရသလို အခုလို အောင်မြင်လာတဲ့ Inle Horse Club ကို တည်ထောင်နိုင်ခဲ့တာ” လို့ သူမက ပြောလိုက်ပါတယ်။

အသားဖြူဖြူ ၊ မျက်ခုံးနက်နက် မျက်နှာပေါက် ပုံစံကျကျ ချစ်စဖွယ်ကောင်းတဲ့ ပုံစံအမူရာ ရှိတဲ့ အသက် သုံးဆယ်ကျော် အမျိုးသမီးရဲ့မျက်နှာကို မြင်ရတဲ့အခါမှာ သူမဟာ စိတ်ဓာတ်မာကျောသူ တစ်ဦးဖြစ်ပြီး လုပ်ချင်တာကို ဖြစ်အောင် လုပ်မဲ့သူဆိုတာ ကို သိမြင်နိုင်ခဲ့ပါတယ်။

သူမရဲ့ အခုလို မြင်းစီးကလပ်ကို ဖြစ်လာရတဲ့ အကြောင်းရင်းများစွာလည်း ရှိခဲ့ပါတယ်။ သူမဟာ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ၊ဇီးကုန်းမြို့နယ်မှာ နေထိုင်ခဲ့စဉ်က အဖေဖြစ်သူက မြင်းမွေးတဲ့ သူ တစ်ဦး ဖြစ်ခဲ့ပြီး မြင်းတွေကို ထိန်းကျောင်းခဲ့တဲ့ ဖခင်တစ်ဦးဖြစ်ခဲ့ပါတယ်။

သူမ ရှစ်တန်းလောက် ရောက်တဲ့အချိန်မှာ ပြည်မှာ မြင်းတွေ မရှိတော့ပဲ ခေတ်ရဲ့ ပြောင်းလဲလာမှု နောက်ပိုင်းမှာ မြင်းတွေအစား လူတွေဟာ စက်ဘီးတွေ၊ ဆိုက်ကားတွေနဲ့ ပြောင်းလဲ သုံးစွဲလာတယ်။ အဲဒီလိုနဲ့ မြင်းမွေးမြူရေး လုပ်ငန်းတွေဟာ တစစ နဲ့ ပျောက်ကွယ်သွားခဲ့ပါတယ်။

“ ငယ်စဉ်တုန်းကတော့ အစ်မက မတတ်နိုင်ခဲ့ဘူးလေ၊ အဲဒီ့ အခြေအနေကိုပဲ သိလိုက်ရတာ။ အစ်မက ညောင်ရွှေက အမျိုးသားနဲ့ ဖူးစာ ဆုံပြီးတော့ ညောင်ရွှေကို ရောက်လာခဲ့တယ်။ အဲဒီမှာ အစ်မရဲ့ ဗီဇ ပိုးလို့ ခေါ်ရတယ်လို့ဆိုမလား ။ ဒီက မြင်းလှည်းသမားတွေကို တွေ့လိုက်ရတဲ့အခါ မြင်းစီးချင်တဲ့လို့ ပြောလိုက်တဲ့အခါမှာ သူတို့ ပြောလာတဲ့ စကားက မိန်းကလေးဆိုတာ မြင်းစီးလို့မရဘူး၊ ရှမ်းမြင်းတွေ ဖြစ်တာရယ်၊ ရှင်းလောင်မြင်းတွေ ဖြစ်တာမို့ ယောကျာၤးလေးတွေပဲ ပေးတက်တာမို့ ပြောလိုက်တဲ့အခါမှာ အစ်မ ကဇွဲမလျော့ပဲ မိတ်ဆွေ ဖွဲ့ပြီး စီးခွင့်ရခဲ့ပါတယ် ”လို့ သူမက ပြန်ပြောင်း သတိတရနဲ့ ပြော ဆိုခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သူမရဲ့ ကြိုုးစားမှုက အောင်မြင်ခဲ့တာ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သူမ မြင်းပေါ်မှာ စပြီး စီးနင်းခွင့် ရတဲ့အချိန်မှာတော့ မြင်ကွင်းတွေက ရိုးရိုးကြည့်ရတာနဲ့ စာရင် မြင်းစီးရင်း မြင်းပေါ်ကနေ ကြည့်ရတဲ့ ခံစားမျိုးက မတူခဲ့ပါဘူး၊အရမ်းကြည့်လို့ကောင်းခဲ့တာကို ခံစားခဲ့ရတယ်လို့ သူမ က ပြောပြပါတယ်။

အရင်တုန်းက ညောင်ရွှေမှာ မြင်းလှည်း ၁၅ စီးလောက် ရှိနေခဲ့ရာမှ အခုဆိုရင် ၂စီးလောက်သာ ကျန်တော့ တဲ့ အတွက် မြင်းလှည်း သမားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ တဖြည်းဖြည်း နဲ့ နည်းပါးလာခဲ့ပါတယ်။ လူတိုင်းက ဆိုင်ကယ်တွေ စီးလာတဲ့အတွက် ပုံမှန်ဝင်ငွေ မရှိတော့တဲ့အခါမှာ မြင်းတွေကို ချစ်လွန်းလို့သာ မွေးထားကြပေမဲ့ စားဝတ်နေရေးရှိတာကြောင့် မြင်းတွေကို ချစ်လျက်နဲ့ စွန့်လွှတ်လိုက်ရတာတွေလည်း ရှိခဲ့ပါတယ်။

ဒီလို အခြေအနေကို သူမ ငယ်စဉ်က တစ်ကြိမ် ကြုံဖူးခဲ့ပြီးပြီ။ အဲ့ဒီတုန်းကတော့ သူမက ငယ်ရွယ်ခဲ့တဲ့ အချိန်မို့ ဘာမှ မတတ်နိုင်ခဲ့တဲ့ အခြေအနေပါ။ အခုအခြေအနေနဲ့တော့ ကွဲပြားခြားနားခဲ့ပါပြီ။ အဲဒီလို ဖြစ်ရပ်မျိုးတွေကို ကြားလိုက်ရတဲ့အခါမှာ သူမဟာ စိတ်ကူးအကြံဉာဏ်တွေ ရသွားခဲ့ပါတယ်။လူတွေဟာ မြင်းလှည်းစီးတာကို စောင့်နေမဲ့အစား မြင်းပေါ်ကို လူတင်ပြီး သဘာဝတောထဲကို ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှု မျိုး ကို လုပ်လို့ရတဲ့ စိတ်ကူးအကြံဉာဏ်ကို သူမ စတင်ရရှိခဲ့ပါတယ်။

ဒီနည်းလမ်းက လည်း ဝင်ငွေရနိုင်တဲ့ နည်းလမ်းတစ်မျိုးပါပဲ၊ ဒီလို အခွင့်အရေးကို ဖန်တီးရမယ်လို့ သူမက မြင်းလှည်းသမားတွေကို ပြောပေမဲ့လည်း ဒေသခံ မြင်းလှည်းသမားတွေ အနေနဲ့ သူမရဲ့ ဆိုလိုတဲ့ အဓိပ္ပာယ်ကို နားမလည်ခဲ့ကြပါဘူး။ သူတို့ ကြောက်နေတယ်လို့ထင်တာပဲ၊ မကြောက်နဲ့လို့ သူမ ပြောခဲ့ပါတယ်။ ဒီပုံစံက ရှင်လောင်း လှည့်တဲ့ ပုံစံတစ်မျိုးပါပဲ လို့ သေသေချာချာ ရှင်းပြခဲ့ပေမဲ့ သူမ ဆိုလိုရင်းကို နားမလည်ခဲ့ကြပါဘူး။

စိတ်မြန် လက်မြန် ရှိတဲ့ သူမကတော့ သူမ ပြောဆိုခဲ့တဲ့ စိတ်ကူးအကောင်ထည် ကို ဖော်မယ်ဆိုပြီးတော့ မြင်းချစ်တဲ့သူတွေကို စု၊ မြင်းလှည်းသမားတွေကို စိတ်ခွန်အားတွေပေးပြီး အခုလို မြင်းစီးကလပ် ကို စတင်အကောင်ထည် ဖော်ခဲ့ပါတယ်။

တစ်နှစ်လောက် အကြာမှာ အင်္ဂလန်နိုင်ငံက ပေးတဲ့ စွန့်ဦး တီထွင်တဲ့ ဆု ကို သူမ ရရှိခဲ့ပါတယ်။ သူမ ရရှိခဲ့တဲ့ ဆုကတော့ နယ်မြေဒေသ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ ဆုဖြစ်ပြီး ဆုကြေးအနေနဲ့ စတာလင်ပေါင် (၂) သောင်းရရှိခဲ့ပါတယ်။

အဲဒီလိုနဲ့ မြင်းစီးကလပ်ကို သူမ စတင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ မြင်းစီးကလပ် စတင်ဖို့အတွက် မြေဧက ၁၆ ဧက ဝယ်ထားခဲ့ပေမယ့် မြင်းစီးကလပ်အတွက် ငါး ဧက သာကို လက်ရှိမှာ ဖော်ဆောင်ထားပါတယ်။ မြင်းစီးကလပ်ကို စတင်ခဲ့တဲ့ အချိန်တုန်းက မြင်းသုံးကောင်းကနေ စတင်ခဲ့ပြီး ခုချိန်မှာတော့ မြင်း (၁၁) ကောင်ထိ ရှိနေခဲ့ပါပြီ။

သူမရဲ့ မြင်းစီးကလပ်မှာ ဝန်ဆောင်မှု နှစ်မျိုး ပေးထားပြီး မြင်းမစီးတတ်သေးတဲ့ သူတွေ အတွက် ဘေးနားကနေ Trainer လိုက်ပေးပြီး ဓာတ်ပုံရိုက်ပေးတဲ့ ပုံစံမျိုးရယ်။ စီးတတ်တဲ့ ဧည့်သည်တွေအတွက်ကျတော့ အရှေ့ကနေ မြင်းတစ်ကောင်နဲ့ ဦးဆောင်ပြီး သွားတဲ့ ဝန်ဆောင်မှုမျိုးကို ဆောင်ရွက်ပေးထားးပါတယ်။ သူမရဲ့ ကြိုးစားမှုကြောင့် ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ဆု ထပ်မံရရှိခဲ့ပါသေးတယ်။ ဒေသခံ အမျိုးသမီးတွေကို အလုပ်အကိုင် ဖော်ဆောင်ပေးနိုင်ခဲ့အတွက် ခုဆိုရင် ဧည့်သည်တွေဟာ ညောင်ရွှေမှာ ပိုပြီး ရက်ကြာကြာနေနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ မြင်းစီးကလပ်မှာ ဆိုလာစွမ်းအင်နဲ့ မီးအသုံးပြုတဲ့အတွက် ဒိန်းမတ်က ပေးတဲ့ဆုကိုုလည်း ရရှိခဲ့သူဖြစ်ပါတယ်။

“ ညောင်ရွှေမှာ အရင်တုန်းကဆို အင်းလေးကန်ကြီးရှိလို့ လှေစီးရတာလို့ပဲ ထင်ခဲ့ကြပေမဲ့ ခုနောက်ပိုင်းမှာဆိုရင် activity တွေ အများကြီးရှိလာတာမို့ ရက်ကြာကြာနေထိုင်လာကြပါတယ်။ အဲဒီလို ပိုကြာကြာနေလေ ဒေသအတွက် အကျိုး ပိုရှိ လေ ပါပဲ ” ဟု သူမက ဆိုပါတယ်။

သူမရဲ့ မြင်းစီးကလပ်မှာ ဒေသရဲ့ မြင်းမျိုးစိတ်တွေကိုပဲ မပျောက်ကွယ်သွားအောင် မွေးမြူထားပြီး သူမရဲ့ မြင်းတွေကို ချမ်းသာ၊ ကင်းစတား၊ ကြာဖြူ၊ သစ္စာ ၊ ရွှေမင်းသမီး၊ ဒေဝီ ၊ လုလု စတဲ့ နာမည်တွေကိုု ပေးထားပြီး သူမရဲ့ မြင်းတွေကို ဧည့်သည်တွေနဲ့ အကျွမ်းတဝင်ဖြစ်အောင် လေ့ကျင့်သင်ကြားထိန်းကျောင်းပေးခဲ့သူလည်း ဖြစ်ပါတယ်။

သူမရဲ့ မြင်းစီးကလပ်မှာ နာမည်အကြီးဆုံးကတော့ တောင်တန်းနောက်ခံတွေနဲ့ ဓာတ်ပုံရိုက်ကောင်းတဲ့နေရာဖြစ်တဲ့ အင်းလေးကန်ကြည့် တောင်ကုန်း ပဲဖြစ်ပါတယ်။ မြင်းစီးကလပ်ကနေ ဝိုင်ခြံနဲ့ စပျစ်ခင်းတွေ ၊Coffee House တွေ ကို သွားတဲ့ လမ်းကြောင်းတွေက အထင်ကရ လမ်းကြောင်းတွေပဲ ဖြစ်ပါတယ်။ သူမရဲ့ မြင်းစီးကလပ် ဖော်ဆောင်တဲ့နေရာက တောင်ခြေ မြင်းစာခွန့် ကျေးရွာ ဖြစ်ပြီး အရင်တုန်းက ရှမ်းစော်ဘွားတွေ အတွက် မြင်းတွေ ထိန်းကျောင်း အစာကျွေးရတဲ့ ဒေသတစ်ခုပဲ ဖြစ်ပါတယ်။

သူမရဲ့ ခံယူချက်က လူတိုင်း မြင်းစီးရင်း ရတဲ့ ခံစားမှုကို ပေးချင်တာဖြစ်ပြီး မြင်းပေါ်ရောက်တဲ့ ခံစားမှုရယ်၊ ဒါ့အပြင် မိန်းကလေးတွေ မြင်းစီးလို့ရတယ်ဆိုတဲ့ စိတ်ခံစားမှုရယ် ၊ဒီလိုမြင်းစီးကလပ် တည်ထောင်ပေးလိုက်ခြင်းအားဖြင့် ဒေသခံဝင်ငွေ ပိုမို ရရှိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို တည်တောင်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ သူမရဲ့ လက်ဦးဆရာကတော့ အင်တာနက်ဖြစ်ပြီး မြင်းတွေ ဘယ်လိုထိန်းကျောင်းရမလဲ၊ ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ တွေကို လေ့လာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သူမရဲ့ ဘဝမှာ ဘယ်သောအခါမှ မမေ့နိုင်တဲ့ စိတ်ခွန်အားဖြစ်စေခဲ့တဲ့ ဖြစ်ရပ်တစ်ခုလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ မြင်းစီးကလပ် လုပ်ဖို့အတွက် နည်းပညာပိုင်းနဲ့ အကြံဉာဏ်တွေ ယူဖို့အတွက် မြင်းနဲ့ပတ်သက်တဲ့ အဖွဲ့အစည်း တစ်ခုကို အကြံဉာဏ် သွားတောင်းခဲ့စဉ်က မြင်းနဲ့ ပိုက်ဆံ ရှာဖို့ဆိုတာ မလွယ်ကူပါဘူး။ သူတို့တောင် နှစ် လေးဆယ်လောက်ရှိပြီ မဖြစ်နိုင်ဘူး၊ မြင်းထဲကို ပိုက်ဆံ ထည့်ရတာပဲ ရှိတယ်။ မြင်းတစ်ကောင်လောက် မွေးကြည့်လိုက်ပါ လို့ ပြောလိုက်တဲ့ ဒီစကားတခွန်းက Inle Horse Club ဖြစ်လာဖို့ စိတ်ခွန်အားတွေ ပေးခဲ့တာပဲ ဖြစ်ပါတယ်။

“ သူတို့ ပြောတဲ့စကားတစ်ခွန်းအတွက်လည်း ကျေးဇူးတင်မိတယ်။ ကိုယ့်အတွက် အမြဲတမ်း ခွန်အားဖြစ်ခဲ့တယ်။ ကိုယ်လုပ်နိုင်ခဲ့တယ်ဆိုပြီး အမြဲတမ်းလည်း ဂုဏ်ယူမိခဲ့ပါတယ် ” လို့ သူမက ကျေနပ်ဂုဏ်ယူနေတဲ့ လေသံလေးနဲ့ ဆိုပါတယ်။

သူမဟာ မြင်းတွေကို ချစ်တဲ့သူတစ်ယောက်ဖြစ်ပြီး အမျိုးသမီးတိုင်း မြင်းစီးလို့ ရနိုင်တယ်ဆိုတဲ့ Massage တစ်ခုပေးချင်တဲ့ဆန္ဒ၊ ဒေသခံ ဝင်ငွေ ရရှိအောင် ဖန်တီးပေးချင်တဲ့ ဆန္ဒ၊ ဒေသ မြင်းမျိုးရင်းတွေကို မပျောက်ကွယ်သွားအောင် ထိန်းသိမ်းပေးချင်တဲ့ ဆန္ဒ၊ သဘာဝ ပတ်ဝန်းကျင် ကို ချစ်မြတ်နိုးပြီး လိုက်လျော ညီထွေစွာ နေထိုင်လိုချင်တဲ့ ဆန္ဒ၊ Inle Horse club ကြီးကို ပို ခိုင်မာပြီး တစ်ဆင့်နဲ့တစ်ဆင့် တိုးတက်အောင် လုပ်ဆောင်သွားချင်တဲ့ စိတ်ဆန္ဒတွေနဲ့ သူမရဲ့ ရှေ့လာမဲ့ အနာဂတ်မှာ တဖြည်းဖြည်း အကောင်ထည် ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။ သူမရဲ့ စိတ်ကူးကို သူမ ရအောင် ဖော်ဆောင်ခဲ့တဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပြီး ဘဝမှာ ဘယ်လောက် ပဲ ခက်ခဲ နေပါစေ အောင်မြင်တဲ့သူဖြစ်အောင် မခံချင်စိတ်နဲ့ကြိုးစားရင်း အခုလိုInle Horse Club ကို တည်ထောင်နိုင်ခဲ့တဲ့တစ်ဦးဖြစ်လာခဲ့ပါတယ်။

Vol_1_Issue_20

Photo_ သူရ(မဇ္ဇိမ) | ကိုရေအေး