မျက်နှာမွဲ Tourism SME သမားများ

မော်ကျွန်းသူ ’’SME သမားတွေထက် Tourism SME သမားတွေက သနားဖို့အရမ်းကောင်းပါတယ်။ SMEသမားလို့သာပြောတာ၊ပံ့ပိုးပေးတဲ့သူတွေဟာ SMEလို့သွားပြောရင် နင့်မှာ စက်ပစ္စည်းတွေရှိလား၊ ဘာတွေရှိလဲလို့မေးခံရတယ်။ အ ...

မော်ကျွန်းသူ

’’SME သမားတွေထက် Tourism SME သမားတွေက သနားဖို့အရမ်းကောင်းပါတယ်။ SMEသမားလို့သာပြောတာ၊ပံ့ပိုးပေးတဲ့သူတွေဟာ SMEလို့သွားပြောရင် နင့်မှာ စက်ပစ္စည်းတွေရှိလား၊ ဘာတွေရှိလဲလို့မေးခံရတယ်။ အစ်မတို့က Service လုပ်ငန်းလေ။ ပေါင်စရာ ပြစရာ ဘာမှမရှိဘူးလေ’’ဟုဆိုလာသူက ခရီးသွားလုပ်ငန်းရှင် ဒေါ်သဇင်ဖေချစ် ပင်ဖြစ်သည်။

သူပြောလာသည့် စကားများက ရိုးရှင်းပေမည့် လွယ်မယောင်နှင့် ခက်ဟုဆိုသလိုပင် ဖြစ်နေပါသည်။ထို စကားလုံးများမှာ SME လုပ်ငန်းလုပ်ကိုင်သည့်သူများထံတွင် အများဆုံးကြားရသည့်စကားများပင်ဖြစ်လေသည်။၀န်ဆောင်မှုလုပ်ငန်းများထဲတွင် ခရီးသွားလုပ်ငန်းကိုလုပ်ကိုင်ကြသည့် သူများမှာ အခက်အခဲများစွာဖြင့်ရှင်သန်ရုန်းကန်လာကြလာသည်မှာ ဆယ်စုနှစ်များစွာ ပင် ကျော်လွန်ခဲ့ပြီးဖြစ်သည်။

မရပ်တည်နိုင်သည့် SMEလုပ်ငန်းရှင်များလည်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်ခဲ့ရပြီးဖြစ်သည်။ အကောင်အထည်မပြနိုင်သည့် ၀န်ဆောင်မှုကို ရောင်းစားရသည့် လုပ်ငန်းကို လုပ်ကိုင်ရသည့် သူများအတွက် ခက်ခဲမှုများနှင့် ကြုံတွေ့နေရပြီး ယင်းအခက်အခဲများကို ဖြေရှင်းပေးရန် မူ နိုင်ငံတော်အပိုင်းမှ အကြီးအကဲများနှင့် သက်ဆိုင်ရာနယ်ပယ်မှ လူများ၏ စိတ်၀င်စားမှုမှာနည်းပါးနေ သေးသည်ဟု လုပ်ငန်းရှင်များကဆိုပါသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း လက်အောက်မှ SME ကော်မတီမှ ဦးစီးပြီး Tourism SME Fourm ကို ကျင်းပခဲ့ပြီး လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲများကို ပြောဆိုခဲ့ကြသည်။ လက်ရှိတွင် SME ကော်မတီမှ တာ၀န်ရှိသူများက အသင်းသားများ၏ အခက်အခဲများကိုဖြေရှင်းပေးနိုင်ရန် ဘဏ်များနှင့်တွေ့ဆုံကာ ရနိုင်သည့်နည်းလမ်းများကို ရှာဖွေပြီး ဘ၀တူ လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းလာခဲ့သည်။

’’ အခုဆို ရိုးမဘဏ်ကနေ အစ်ကိုတို့ SME လုပ်ငန်းရှင်တွေကို အသေးစားချေးငွေ ထုတ်ချေးပေးတာ သန်း ၇၀၀ နီးပါးရှိနေပြီ၊ ဆက်ပြီး သူတို့ က ထပ်ပြီးချေးသွားဖို့လည်းရှိနေပါပြီ ။ ဒါက ကောင်းမွန်တဲ့ ခြေလှမ်းတွေပါ’’ဟု SMEကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးဖြိုးဇော်ဝေ က ဆိုသည်။

လက်ရှိတွင် ရိုးမဘဏ်မှ အွန်လိုင်းနည်းပညာတစ်ရပ်ဖြစ် Smart MPU Debit Card ကဒ်ဖြင့် အနည်းဆုံးသိန်း ၅၀ မှ ရရှိနိုင်သည့် ချေးငွေကို UMTA ၏ အသင်း၀င် မည်သူမဆို ချေးယူနိုင်သည့် အခွင့်အရေးကို ရရှိပြီဖြစ်သည်။

SME လုပ်ငန်းရှင်များ၏ အခက်အခဲများမှာလည်း အပေါင်ပစ္စည်းပြစရာမရှိခြင်းက အဓိက အချက်ပင်ဖြစ်သည်။
သို့သော် တိုက်ခန်း သို့မဟုတ် မြေ အအောက်အအုံ ရှိသည့် လုပ်ငန်းရှင်များသာ ချေးငွေ ယူနိုင်သော်လည်း
တစ်ချို့လုပ်ငန်းရှင် အများစုမှာ ချေးငွေရယူရန် အခက်အခဲရှိခြင်း ကလည်း စိန်ခေါ်မှုအချက်တစ်ချက်ပင်ဖြစ်သည် ။
’’ အခုဆို SME သမားတွေက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားကြတယ်။

ဒီလောကထဲမှာလည်းTourismမဟုတ်တဲ့အကြီးစားလုပ်ငန်းရှင်တွေက ၀င်လာကြပြီးပံ့ပိုးမှုတွေကို ယူကြတယ်။ အစ်မက ဘဏ်တွေကို သွားမေးတယ်။ အများဆုံး ထုတ်ချေးလိုက်တဲ့ငွေတွေဟာ သူတို့ဆီမှာပဲရှိတယ်။ SMEသမားတွေက မရကြဘူး။တကယ့် SME လုပ်ငန်းရှင်တွေက မရကြပဲတကယ့် အကြီးစားသမားတွေက ရသွားကြတယ်။ ဘဏ်ကလည်း ယုံကြည်တယ်လေ။ ဘဏ်တွေကလည်း ကုမ္ပဏီကြီးတဲ့သူဆိုတော ပြန်ပေးမှာပဲ။ လူအယောက် ၁၀၀ ကျော်ကို ချေးတာနဲ့ သူ့တစ်ယောက်ကို ထဲကို ချေးတာ သူက သေချာတယ်။ နာမည်ပျက်တော့ မခံဘူး။ သူ့ပိုင်ဆိုင်မှုတွေရှိတာ သူ့ဟာတွေကို ယူလို့ရတယ်။ အဲဒီလို သဘောမျိုးနဲ့ ချေးကြတော့ အသေးစား SME သမားတွေက ပျောက်ကွယ်သွားကြတာပါပဲ’’ဟု ဒေါ်သဇင်ဖေချစ် က ဆိုသည်။

လက်ရှိတွင် ယင်းကဲ့သို့ အခက်အခဲများကို ကူညီဖြေရှင်းနိုင်ရန် UMTA လက်အောက်ရှိ SME ကော်မတီမှ မကြာသေးခင်က ဖွင့်လိုက်သည့် မြန်မာ့ခရီးသွားဘဏ်မှ တာ၀န်ရှိသူများနှင့် တွေ့ဆုံပြီး မည်ကဲ့သို့ နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်မည်ကို ဆွေးနွေးသွားမည်ဖြစ်သည်။

ယင်းအခက်အခဲများတွင် တရား၀င် လုပ်ကိုင်သည့် SME သမားများနှင့် တရားမ၀င် လုပ်ကိုင်နေသည့်သူများလည်း ရှိနေပြီး စိစစ်ရန်မှာ ခက်ခဲနေသေးသည်။

” အားလုံးကတော့ ကောင်းတယ်ဆိုပေမယ့် အားလုံးက တစ်နှစ်ဖြစ်နေကြတာများတယ်။ SMEက အနည်းဆုံး ၂နှစ်ရှိရမယ်။ သို့သော်လည်း ဘဏ်နဲ့ညှိပြီးဒါကို ဖြေလျော့ပေးပါတယ်။SMEကနေ ချေးငွေထောက်ခံစာ သတ်မှတ်တဲ့ နည်းလမ်းအတိုင်းသွားရတာပေါ့။လိုင်စင်အခွန်တွေရှိရမယ်။စာရင်းရှင်းတမ်းတွေရှိရမယ်။system က ကောင်းတယ်ဗျ။ဒါပေမယ့် အခု လုပ်နေတဲ့ လူ ၉၀ လောက်က ဒါတွေမရှိကြဘူးဖြစ်နေတာ။ ဒါကို ဘဏ်က သိတယ်။ အားလုံး စနစ်ပြောင်းမှကို ရမှာ။အစိုးရက SMEသမားတွေကို အခွန်တော့ဆောင်ရမှာပေါ့။နားလည်မှုနဲ့ အခွန်ဆောင်စေချင်တယ်။ လုပ်ငန်းကောင်းရင်ကောင်းသလို အခွန်ဆောင်စေဖို့။သို့သော်လည်း လူတွေရဲ့စိတ်ထဲမှာအခွန်ကိုကြောက်နေကြတယ်” ဟု DPTOAအသင်းမှ အထွေထွေအတွင်းရေးမှုး ဦးကျော်မင်းလှိုင် က ဆိုသည်။

DPTOAအသင်းတွင်ကုမ္ပဏီဖြင့်လုပ်ထားသည့်ခရီးသွားကုမ္ပဏီရှိသလို အသင်း၏အသိအမှတ်ပြု လုပ်ငန်းလိုင်စင်လည်းရှိတယ့််လုပ်ငန်းများလည်းရှိတယ်၊အသ်ိအမှတ်ပြု လုပ်ငန်းလိုင်စင်ရှိတဲ့့်သူတွေလည်း SMEကဒ်လျှောက်လို့ရတဲ့သူများလည်းရှိတယ်။လက်ရှိ မှာ SMEကတ်ရထားသူ ၁၅၀နီးပါးရှိနေပြီဟု အသင်းမှ အထွေထွေအတွင်းရေးမှုး ဦးကျော်မင်းလှိုင်က ဆိုသည်။

” အခု ကျွန်တော်တို့လည်း MABနဲ့ လုပ်နေတာ ရပါပြီ။ရိုးမလည်း ရပါပြီ။ ဒါပေမယ့် ရိုးမနဲ့က ဘာဖြစ်သလဲဆိုရင် ကျွန်တော်တို့က သဘောတူညီချက် ထိုးထားတာက ခရီးသွားလုပ်ငန်းကော်မတီ အားလုံးကို UMTA ကပဲ တာဝန်ခံပြီး လုပ်မယ်လို့ပြောထားတာ ။ရိုးမကလည်း ခရီးသွား Industry အားလုံးကို မားကတ်တင်း မဆင်းတော့ဘူး။UMTAအသင်းသားအားလုံးကို ပေးတယ်။

SME ကတ်ရှိရင် ရပါတယ်။ လုပ်ငန်းပေါ်မူတည်ပြီးပိုက်ဆံအနည်းအများကတော့ ကွာသွားပါတယ်။မကြာခင်မှာလည်း အသင်းဝင်တွေကို ရိုးမSMARTကတ် ထုတ်ပေးဖို့ ကိုဖြိုးကလည်း DPTOAအသင်းကို လုပ်ခွင့်ပြုပါတယ်ဆိုရင် ရိုးမကလည်း တန်းပြီးလုပ်ပေးပါ တယ်” ဟု ဦးကျော်မင်းလှိုင်က ဆိုသည်။

လက်ရှိတွင် CBဘဏ်မှလည်း credit card များကို အသင်းမှ အသင်းဝင်များကိုလည်း လုပ်ဆောင်ပေးလာကြသည်။
ယင်းကဲ့သို့ဆောင်ရွက်ပေးလာခြင်းကြောင့် ပိုင်ဆိုင်မှုပြစရာမလိုပဲ အသေးစားချေးငွေများရရှိလာခြင်းကြောင့်အသက်ရှုအနည်းငယ်ရရှိနိုင်သည်ဟုဆိုနိုင်ပါသည်။

အပြိုင်အဆိုင် ဘဏ်များ၏ ဆွဲဆောင်မှုများကြောင့်အခွင့် အရေးများ လည်း ရရှိလာသည့်အတွက်လည ကောင်းမွန်သည့် လမ်းကြောင်း ပေါ်သို့အရွေ့တစ်ခု ရောက်ရှိလာပြီဟုပင် ဆိုနိုင်ပါသည်။

” ပရိုဆီဂျာအရတော့ SMEကတ်ရှိမှ ချေးပေးတာ။အခု ကျွန်တော်တို့ကတော့ CBဘဏ်နဲ့လည်း လုပ်ထားတယ်။ ကျွန်တော်တို့အသင်းက တာဝန်ရှိသူတွေနဲ့ CB ဘဏ်က တာဝန်ရှိသူတွေတွေ့ထားပါပြီ။ CBဘဏ်ကလည်းပေးဖို့အဆင်သင့်ပဲ။ ကျွန်တော်တို့ကSMEရုံးမှာချေးငွေထောက်ခံစာယူဖို့အတွက်ပဲလိုနေတာ။ CB ဘဏ်က Loan ကို ပေးတာဖြစ်တယ်။ အခုဆို CB ဘဏ် ခရက်ဒစ် ကတ်ရဖို့ လုပ်ဆောင်ပေးနေပါတယ်။ဝိုင်းကြီးချုပ် ထောက်ခံပေးနေပါတယ်”ဟု ဦးကျော်မင်းလှိုင် က ဆိုသည်။

ဝန်ဆောင်မှုကို ရောင်းစားရသည့် ခရီးသွားလုပ်ငန်းဖြစ်ရာ ယခုလို အသင်းများမှ ကြိုးစားချိတ်ဆက်ဆောင်ရွက်လာသလို ဘဏ်များမှလည်း လုပ်ဆောင်ပေးလာခြင်းကြောင့် အခွင့်အရေးများ ရရှိလာပါသည်။ သက်ဆိုင်ရာ နယ်ပယ်များမှ စိတ်ဝင်တစားဖြင့် နည်းလမ်းများ ကူညီပံ့ပိုးပေးနိုင်မည်ဆိုပါက Tourism SME သမားများအနေဖြင့် ပိုပြီး ကောင်းမွန်သည့် အနေအထားများကိုရောက်ရှိလာမည်ဖြစ်ပါသည်။

” ဒီလောကကြီးထဲကနေ ပျောက်ကွယ်သွားကြတဲ့သူတွေထဲမှာ Tourism SME က အဆိုးဆုံးပဲ။ ဘာပြမှာလဲကနေစတာပါပဲ။ မပြနိုင်လို့ ချေးကြတာလေ” ဟု ဒေါ်သဇင်ဖေချစ် က ခပ်ညည်းညည်းလေး ဆိုလိုက်ပါတော့သည်။

Travelling_Journal/Vol_1_Issue_13