Featured Articles
Most Read Articles
ဂျင်ဆင်းမြေမှာ ပန်းပိတောက်တွေဝေ
သတိုးလွင် (ပထဝီ၀င်)
`` တယောက်တနေရာစီဝေးရာ ….. ပိတောက်နဲ့ ချယ်ရီမြေမှာ .. သီချင်းစာသားအတိုင်း ပိတောက်မြေ အမိမြန်မာပြည်သို့ ချယ်ရီပန်းများ ပွင့်လန်းရာ အရှေ့ဖျားမှ ခရီးသွားဧည့်သည်များ လာဖို့ရာ မနှစ်ကစ၍ အရှေ့မျှော်ဝါဒ ( Look East Policy) ကျင့်သုံခဲ့သည် မဟုတ်ပေလော) .၂၀၁၈ခုနှစ် သြဂုတ်လအတွင်း ဟိုတယ်နှင့်ခရီးသွာလာရေး၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် မှ ဦးဆောင်ကာ ၂၀၁၈-၂၀၁၉ခုနှစ်အတွင်း ဂျပန်၊ကိုရီးယား၊တရုတ်နှင့် အာဆီယံနိုင်ငံများနှင့် ဥရောပနိုင်ငံများမှ ခရီးသွား ဧည့် သည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်နိုင်စေရေးအတွက် Tourism Promotion များ လုပ်ဆောင်နိုင်ရန်အတွက် ကော်မတီ (၆)ခုဖွဲ့စည်းခဲ့ပါသည်။ စာရေးသူသည်လည်း မြန်မာ-ကိုရီးယားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ ၏ ခေါင်းဆောင် အဖြစ် ဦးဆောင်ရန် တာ၀န်ပေးခြင်းခံရလေသည်။ နိုင်ငံများစွာမဟုတ်ဘဲ ကိုရီးယား တစ်နိုင်ငံ တည်း ကိုသာ တာ၀န်ပေးခြင်း ခံရသဖြင့် အနည်းငယ် စိတ်သက်သာရာ ရခဲ့ပြီး ကိုရီးယား market ကို အဓိက လုပ်ဆောင်နေသည့် ခရီးသွား ကုမ္ပဏီများအဖွဲ့၀င် အဖြစ်ပါ၀င် နေခြင်းကလည်း စာရေးသူအဖို့ အားအင်တစ်ခုဖြစ်ထွန်းစေခဲ့သည်။
ဘူဆန်ခရီးသွားပွဲမှအစ
“Train To Busan “ ဆိုတဲ့ နာမည်ကျော် ကိုရီးယား ရုပ်ရှင် သွေးစုပ်ဖုတ်ကောင် ဇာတ်လမ်းကြည့်ခဲ့ဖူးပါတယ်. ဘူဆန်ကို စာရေးသူ တစ်ခေါက်ရောက်ခဲ့ဘူးပါတယ်. ၂၀၁၆ ခန့်ကဖြစ်ပါတယ်. ဘူဆန် ရုပ်ရှင်ပွဲတော် ကျင်းပရာ ရုပ်ရှင်ထုတ်လုပ်ရာ ကိုရိးယား ဟောလိဝုဒ် လို့ဆိုရင် မမှားနိုင်ပေ။ ယခုတဖန် ဘူဆန်နိုင်ငံတကာခရီးသွားပြပွဲ Busan International Travel Industry Fair သို့ မြန်မာနိုင်ငံပြခန်း ပြသဖို့ အချိန်(၂)ပတ် အလိုမှာ ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာနမှ မိမိအဖွဲ့ထံသို့အကြောင်းကြား ခဲ့ပါတယ်။ ရတဲ့အချိန် … ရနိုင်မဲ့ဘတ်ဂျတ် (US 3000 )နှင့် မြန်မာပြည်မှ တခမ်းတနားဖြင့် ပြသဖို့ရာ မလွယ်ကူ လှပေ။ သို့သော် မိမိကို ယုံကြည်မှုတစ်ခုဖြင့် တာ၀န်ပေးပြီဆိုတော့လည်း ရှိသည့် Resource ဖြင့်ရအောင် ကြိုးပမ်းခဲ့ကြရာ မြန်မာပြခန်းအနေဖြင့် The Best Tourism Publicity Award ဆုရရှိခဲ့ပါသည်။ ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်ပေးခဲ့သော UMTA မှ ကိုစံလှဖုန်း၊ မြန်မာ-ကိုရီးယား ခရီးသွားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ အတွင်းရေးမှုး ကိုသူရိန်စိုးမြင့် တို့နှင့် နောက်တန်းမှ ပံ့ပိုးကူညီခဲ့သူအားလုံး ကို ဂုဏ်ယူစွာ ကျေးဇူးတင်မိခဲ့သည်။
ဗီဇာကင်းလွတ်ခွင့် ကြိုးပမ်းမှု
၂၀၁၈ဘူဆန်ပြပွဲသို့ စာရေးသူ မလိုက်ဖြစ်ကခဲ့ပေ။ ဖီလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပသည့် ACSN ဘုတ်အဖွဲ့ အစည်းအဝေး နှင့် တိုက်ဆိုင်နေ၍ မိမိတို့ အဖွဲ့မှ ကိုယ်စားလှယ်(၂)ဦး ကြိုတင်သွားရောက်ပြသပြီး Tourism Forum ဆက်လက်တက်ရောက် ခဲ့သည်။ ၂၀၁၈ အောက်တိုဘာလ(၁)ရက်နေ့မှ စ၍ Look East Policy အရ ဂျပန်၊ကိုရီးယား၊မကာအို၊ ဟောင်ကောင်တို့ကို ဗီဇာကင်းလွတ်ပေးရန် ကိစ္စ ၊ဘူဆန်ပြပွဲတွင် စတင် အသိပေးကြေငြာနိုင်ခဲ့သည်။ ဒေသခံ ကိုရီးယား ပညာတောင်သင် မြန်မာကျောင်းသား/သူများ ၊ ဘူဆန်ရှိမြန်မာ ဘုန်းကြီးကျောင်းနှင့် ဘူဆန်ရှိ မြန်မာအလုပ်သမားများမှ ပြပွဲတွင် လာရောက် ကူညီခဲ့သဖြင့် ``မြန်မာ‘‘ ဆိုတာပိုသိခဲ့ပြီး သွားချင်ရင် ဗီဇာမလိုဟု ခေါင်းထဲစွဲသွားနိုင်ရန် ကိုရီးယားဘာသာ စကားဖြင့် message ပေးနိုင်ခဲ့သည်။၂၀၁၈ ခုနှစ်၊စက်တင်ဘာ(၁၄ ရက်မှ ၁၉ရက်အထိ )ကျင်းပသော Seoul UNWTO အစည်းအဝေးပွဲအား စာရေးသူနှင့် ဟိုတယ် နှင့်ခရီး သွား လာရေး ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ်ဖြစ်သူ ဦးမြင့်ထွေးတို့ တက်ရောက်ဖြစ်ခဲ့သည်။ ထိုပွဲတွင် Tourism Forum ၌ ခရီးသွားဗီဇာ ကင်းလွတ်ခွင့်ပြုကြောင်း အခါအခွင့်သင့်တုန်း ကြေညာပြောဆိုနိုင်ခဲ့သည်။ အစိုးရဘတ်ဂျတ်ဖြင့် DDG တစ်ဦးတည်းသာ ခွင့်ပြုသဖြင့် ကုန်ကျစရိတ် အားလုံးအိပ်စိုက်ခဲ့ရသည်။ ထိုစဉ်က ၂၀၁၇ ကိုရီးယားခရီးစဉ် ၀င်ရောက်မှု ( ၆၀၀၀၀) မှ ၂၀၁၈တွင် ၉၀% ၊(၇၀၀၀) ကျော် အထိ ထူးခြာစွာ တိုးတက်လာခဲ့သည်။ ၂၀၁၉ နှစ်ဆန်းပိုင်းတွင် ၂၀၁၈ ၀င်ရောက်မှုနှင့် နှိုင်းယှဉ်လျင် မြန်မာနိုင်ငံသို့ ၀င်ရောက်မှု တစစတိုးတက်လာခဲ့သည်။ ပျမ်းမျှလစဉ် ၉၀%ခန့် ၀င်ရောက်မှု တိုးတက်လာခဲ့သည်။ ထို့ အတွက် ရှေ့ဆက်လုပ်ရန် လုပ်ငန်းစဉ်မှာRoad Map ကို နှစ်ဘက်နိုင်ငံ သံတမန်များဖြင့် ပူးပေါင်း ကူ ညီမှုဖြင့် Visa ကင်းလွတ်ခွင့် ပြုသည့်နေ့မှ ကိုရီးယားနေ့ (၉.၃.၂၀၁၉) နှင့် မြန်မာညနေခင်းထိ ဆက်တိုက်ကြိုး ပမ်း ဆောင်ရွက်မှု များမှာ မှတ်တိုင်တစ်ခုပင်တည်း။
အောက်တိုဘာ(၁)ရက်နေ့အမှတ်တရများ
ရန်ကုန်မင်္ဂလာဒုံလေဆိပ်တွင် မနက်မိုးလင်းကတည်းက ပြည်ပဆိုက်ရောက်ခန်မက တစ်ခုလုံးပျားပန်းခပ် လှုပ်ရှားလျှက်ရှိသည်။ ကျောက်ဆည်ဆင် အကအဖွဲ့များ၊ ပန်းကုံးဖြင့် ကြိုမည့် လှပျိုးဖြူများ ၊ ဌာနဆိုင်ရာအသင်းအဖွဲ့များမှ တာ၀န်ရှိပုဂ္ဂိုလ်များနှင့် သံတမန်များ အပါအ၀င် ခရီးသွားလုပ်ငန်းဝိုင်းတော်သားများဖြင့် အထူးစည်ကားလျှက်ရှိသည်။ နံနက်ပိုင်း ၁၀နာရီခန့်တွင် တရုတ်နိုင်ငံမှ လေယာဉ်တစ်စီး စတင်ဆိုက်ရောက်လာပြီး ကြိုဆိုပြီးနောက် ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီး ဦးဆောင်သော တာ၀န်ရှိသူများမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောပြီး ပထမဆုံးလာရောက်သော တရုတ်နိုင်ငံမှ ခရီးသွား ဧည့်သည်များကို စံပယ်ပန်းကုံး၊ မြန်မာ့ရိုးရာစောင်းကောက် လက်ဆောင်ပစ္စည်းများဖြင့် ကြိုဆိုကြသည်။ထိုနေ့ကား ၂၀၁၈ခုနှစ်၊အောက်တိုဘာလ(၁)ရက် ကိုရီးယား၊ဂျပန်၊မကာအို၊ဟောင်ကောင်နိုင်ငံသားများကို ပြည်၀င်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပေးပြီး တရုတ်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသည်များ ဆိုက်ရောက်ဗီဇာ (Visa On Arrival)စတင်ပေးအပ်သော နေ့ဖြစ်လေသည်။
နံနက်ပိုင်း ဖွင့်ပွဲအခမ်းအနားတွင် မမျှော်လင့်သော အဖြစ်အပျက်တခု ကြုံတွေ့ခဲ့သည်မှ လွဲ၍ အဆင်ပြေချောမောခဲ့သည်။ လေဆိပ်ရှိ Aero Drone အဖွဲ့မှလည်း လေဆိပ်စားသောက်ဆိုင်တွင် ဘူဖေးနေ့လည်စာဖြင့် ဧည့်ခံခဲ့သည်။ ညနေ(၃)နာရီတွင် ဂျပန်လေကြောင်း ANA ဆိုက်ရောက်ခဲ့ရာ ဂျပန်ခရီးသည် ၁၀၀ကျော် Visa Free စတင်ပေးခဲ့ပြီး ဂျပန်ဒီဇိုင်းပညာရှင်၏ Myanmar Be Enchanted Mascot ဇီးကွက်ရုပ်ပေးအပ်ခဲ့ပါသည်။ည(၁၀)နာရီခန့်တွင် ကိုရီးယားလေယာဉ် Korea Air ဖြင့် ခရီးသည် ၂၀၀ခန့် ပါ၀င်ပြီး Visa Free ပေးခဲ့သည်။ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးနှင့် ကိုရီးယားသံအမတ်ကြီး တို့ ကိုယ် တိုင် ညဉ့်နက်သည်အထိ လာရောက်အားပေးကြိုဆိုခဲ့သည်။ “အမှတ်တရ October (၁)ရက် “ နေ့ပင်ဖြစ်ပါလေ တကား။
Daisy Park ရဲ့ကိုရီးယားဇာတ်လမ်းတွဲ
စာရေးသူတို့ ၂၀၁၈ စက်တင်ဘာလအတွင်း တောင်ကိုရီးယားနိုင်ငံဆိုးလ် ရောက်ခဲ့စဉ် ကိုရီးယား Travel Blogger / Country Representative တစ်ဦးဖြစ်သူ ကိုရီးယားလှပျိုမေ Daisy Park မှာ ဟိုတယ်သို့ လာရောက်တွေ့ဆုံခဲ့သည်။ ဒုတိယညွှန်ကြား ရေးမှုးချုပ် ဦးမြင့်ထွေးနှင့် အတူ နှစ်နိုင်ငံအပြန်အလှန် ခရီးသွားကဏ္ဍ တိုတက်ရေး ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံသို့ FAM Trip လာရောက်ရန် ဖိတ်ကြားခဲ့သည်။
ဗီဇာကြေးမကင်းလွတ်ခင် စက်တင်ဘာလအတွင်း Travel Reporter တစ်ဦးနှင့်အတူ မြန်မာနိုင်ငံသို့ (၅)ညအိပ် (၄)ရက်ခရီးစဉ် ကို FAM Trip အနေဖြင့် လာရောက်ခဲ့သည်။ ပြည်တွင်းစရိတ်ငြိမ်း ကျခံပေးခဲ့ရသည်။ ဟိုတယ် ၊ စားသောက်ဆိုင် ၊လေယာဉ်၊ကား စသည်ဖြင့် နံပါတ်စဉ်အလိုက် ပံ့ပိုးကူညီမှုပြုခဲ့ရသည်။ Daisy Park သည် အင်ဒိုနီးရှားနိုင်ငံရဲ့ Brand Manager အဖြစ်တာ၀န်ယူ Promote ပေးခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံအပေါ် ကိုရီးယားတွေ လာရောက်စေရေး များစွာအ ထောက်အကူ ဖြစ်စေသည်။ သူမလို Professional မျိုးကို Tourism Brand Promoter အဖြစ်ခန့်အပ်ရန် ကြိုးပမ်းခဲ့သော်လည်း ဌာန၌ ဘတ်ဂျက်ကန့်သတ်ချက် ၊မူဝါဒတချို့ကြောင့် Brand Promoter မခန့်အပ်နိုင်ခဲ့ပေ။ သို့သော် Daisy Park ၏ proposal တွင် ပါ၀င်ခဲ့သည့် လုပ်ငန်းစဉ်များ ၊ ဥမာ - Low Cost Carrier (LCC) လေကြောင်းပြေးဆွဲရေး လုပ်ငန်းစဉ်လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်လျှက် ရှိပါသည်။
အာဆီယံရိုးရာအစားအစာပွဲတော်
၂၀၁၈ခုနှစ်၊ နို၀င်ဘာလ ၂၈ ရက်နေ့ ၊ကိုရီးယား၌ဆောင်းဦးရွက်ကြွေ နှင်းရနံ့လေးပြေလေအေး တိုက်ခတ်စဉ်ကာလ ဆိုးလ်မြို့သို့ တခေါက်ရောက်ခဲ့ပြန်လေပြီ။ ဒီတခေါက်တော့ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနမှ ပြည်ထောင်စု၀န်ကြီး ဦးအုန်းမောင် အား ASEAN Korea Center ( AKC) ၏ အတွင်းရေးမှုးချုပ်ဖြစ်သူ H.E Lee Hyuk ၏ ဖိတ်ကြားချက်အရ အာဆီယံရိုးရာ အစားအသောက်ပြပွဲ၊ပြိုင်ပွဲသို့ တက်ရောက်ရန် လာခဲ့ခြင်းဖြစ်သည်။ စာရေးသူတို့အဖွဲ့ ဆိုလ်းမြို့ရှိ Lotte Hotel တွင်တည်းခိုပြီး ASEAN Korea Center Culinary Festival ပြခန်း နေရာသို့ ရောက်ရှိခဲ့ပါသည်။ အာဆီယံနိုင်ငံအလိုက် Noodle Base ခေါက်ဆွဲ အခြေခံအစားအစာ၊အချိုပွဲ(ရိုးရာမုန့်)နှင့် မြန်မာ့လက်ဖက်ရည်တို့ဖြင့် ဧည့်ခံခဲ့ပါသည်။
မြန်မာပြခန်းမှာ တော့ ကိုရီးယားနိုင်ငံတွင် ဖွင့်လှစ်ထားသော အင်းဝြမန်မာစာသောက်ဆိုင် ပိုင်ရှင် ဦးဝိုင်းနှင့် ဒေါ်ခင်၀င်းမြင့်တို့ အဖွဲ့မှလည်း နန်းကြီးသုတ်နဲ့ ရွှေကြည် ဆနွင်းမကင်း ချက်ပြုတ်ပြင်ဆင် ကျွေးမွေးခဲ့ပါသည်။ အာဆီယံနိုင်ငံအလိုက် ရိုးရာအကအလှများဖြင့် ဖျော်ဖြေပေမဲ့ မြန်မာနိုင်ငံမှ ရိုးရာအကဆိုတာ စိုးစဉ်းမှ မတွေ့ရပေ။ မလေးရှားနှင့်ကိုရီးယား Chief (၂)ဦး အပြန်အလှန် စကား ပြော ရင်း စင်မြင့်ထက်မှာ ၄င်းတို့နိုင်ငံရဲ့ရိုးရာ အစားအသောက် presentation ကို ဖော်ပြရင်း ခရီးသွားမြင့်တင်ရေးကို ထိ ရောက်စွာပြုလုပ်နိုင်ခဲ့သည်။ ကိုရီးယား K-Pop အက သာမက မြောင်ဒုံးရပ်ကွက်၊ Nanta ဒန်အိုးခွက်ဖြင့် အော်ပရာဖျော်ဖြေ မှုများသည် လည်း ကမ္ဘာကျော်စေခဲ့ပါသည် မဟုတ်ပေလော ။ စာရေးသူတို့အဖွဲ့ ဆိုလ်မြို့ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်သော Korea House ကပွဲပဒေသာ သို့ သွားရောက်ခဲ့ကြပြီး ထိုစဉ်က မြန်မာသံအမတ်ကြီး သူရသက်ဦးမောင်၏ စိတ်စေတနာဖြင့် ကူညီဆောင်ရွက်ပေးမှု ကိုလည်းအထူးကျေးဇူးတင်ရှိအပ်ပါသည်။
ရန်ကုန်ရောက် ကိုရီးယားနေ့
1st Korea Day 2019 ကို ကျင်းပရန်အတွက် ရန်ကုန်မြို့ရှိ ကိုရီးယား သံရုံးနှင့် အခြားကိုရီးယား အဖွဲ့စည်းများနှင့် အကြိမ်ကြိမ် တွေ့ဆုံကာ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များ ဆွေးနွေး ခဲ့ကြရသည်။ မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးတက်လာစေရန်၊ နှစ်နိုင်ငံစီးပွားရေး ရင်းနှီုးမြှပ်နှံမှု အခွင့်အရေးများ ပိုမိုရရှိလာစေရန် ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ၊ ခရီးသွားလုပ်ငန်း သည် ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သော လုပ်ငန်းဖြစ်သည်ကို သိရှိစေရန် ရည်ရွယ်ပြီး 1st Korea Day 2019 ကို ရန်ကုန်မြို့ Lotte Hotel တွင် မတ်လ ၉ရက်နှင့် ၁၀ရက်(၂)ရက်တာ ကျင်းပပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
မြန်မာနိုင်ငံနိုင်ငံဆိုင်ရာ တောင်ကိုရီးယား နိုင်ငံ သံအမတ် ကြီး H.E Lee Sang Hwa နှင့် သာသနာရေး နှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ပြည်ထောင်စု၀န်ကြီး ဦးသူရအောင်ကိုမှ အဖွင့်အမှာ စကား ပြောကြားပြီး မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ရိုးရာစည်တော်များ တီးခတ်ကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။ ကိုရီးယားနိုင်ငံ Cover Dance ပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သော Project K အဖွဲ့မှ အဖွင့်အကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး Ha Ha Travel Tour မှ သမီးငယ်လေးများ၏ ကူညီမှုနှင့်အတူ မိမိတို့ကော်မတီအတွင်းရေးမှုးအဖွဲ့တို့မှလည်း နှစ်နိုင်ငံ ချစ်ကြည်ရေးအကဖြင့်ပူးပေါင်းဖျော်ဖြေတင်ဆက်နိုင်ခဲ့သည်။
လူပေါင်းရာချီလာရောက်ခဲ့ပြီး နှစ်နိုင်ငံအကြောင်းပိုမို သိရှိစေခဲ့သည်။ ထို့အပြင် ကိုရီးယား-မြန်မာ ခရီးစဉ်ဒေသ CBT လုပ်ငန်းစဉ်နှင့် Joint Promotion အလုပ်ရုံ ဆွေးနွေးပွဲကိုလည်း နေ့လည်ပိုင်းတွင် ဆက်လက်ဆွေးနွေး နိုင်ခဲ့သည်။ ထိုသို့ အဖက်ဖက်မှ ဝိုင်း၀န်ကူညီပေးမှုဖြင့် အဆိုပါပွဲသည်လည်း အခက်အခဲများ ကြားမှ အောင်မြင်ခဲ့ လေသတည်း ။ မိမိတို့ ကော်မတီ အနေဖြင့် ပထမဆုံးခြေလှမ်း စတင်နိုင်ခဲ့လေပြီ။
ကိုရီးယားရောက် မြန်မာညနေခင်း
တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့ Coexတွင် ဇွန်လ(၆)ရက်နေ့မှ (၉)ရက်နေ့အထိ KOTFA မှ ကျင်းပပြုလုပ်ခဲ့သော Seoul International Tourism Industry Fair 2019 (SITIF) ပြပွဲသို့ မြန်မာနိုင်ငံမှ စာရေးသူ ဦးဆောင်ပြီး ခရီးသွား လုပ်ငန်း ရှင်(၃)ဦး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ၀န်ထမ်း(၁)ဦးနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းစျေး ကွက်မြှင့်တင်ရေး အသင်းမှ (၁)ဦးဖြင့် သွားရောက်ပြသခဲ့ပါသည်။ အဆိုပါ Seoul International Tourism Industry Fair 2019 ခရီးသွားပြပွဲသို့ နိုင်ငံပေါင်း (၃၅)နိုင်ငံမှ ခရီးသွားဆိုင်ရာပြခန်းပေါင်း(၁၀၀)ကျော်နှင့် တောင်ကိုရီးယားနိုင်ငံပြည်နယ်များ၊ ခရီးသွားဆိုင်ရာပြခန်း (၁၀၀) ကျော်ပါ၀င်ပြသခဲ့သည်။ မြန်မာညနေခင်းအစီအစဉ်ကို (၈.၆.၂၀၁၉)ရက်နေ့၊ စနေနေ့ ညနေ(၄)နာရီမှ (၆)နာရီအထိ COEX ခန်းမရှိ Main Stage စင်မြင့်တွင် ညနေ(၄း၀၀)နာရီမှ (၅း၀၀)နာရီအထိ မြန်မာ့ရိုးရာအက(၄)မျိုးဖြင့် ဖျော်ဖြေ တင်ဆက် ကာ ဖွင့်လှစ်ခဲ့ပြီးတောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်နှင့် တာ၀န်ရှိသူများ၊ ဖိတ်ကြားထားသော ကိုရီး ယား၊ မြန်မာခရီးသွားလုပ်ငန်း ရှင်များ၊သတင်းမီဒီယာနှင့် ကိုရီးယားရောက်မြန်မာမိသားစုများ (၂၀၀)ခန့်တက်ရောက် ခဲ့ ကြပါ သည်။ ညနေ(၀၅း၀၀)နာရီမှ (၀၆း၀၀)နာရီအထိ မြန်မာပြခန်းတွင် ရိုးရာအစားအသောက်များဖြစ်သော အင်းလေးငါးထမင်းနယ် ၊ ရှမ်းတို့ဖူးကြော်၊ မန်းရွှေကြည် ဌက်ပျောသီးဆနွင်းမကင်း၊ မုံရွာမြေပဲကြော်၊ပုဂံမကျည်းတော်ဖီ နှင့် Royal Myanmar Tea Mix ၊မြန်မာဘီယာ တို့ကိုလည်း ကိုရီးယားတို့ အရသာကြိုက်နှစ်သက်ခဲ့ကြသည်။ ထိုသို့တည်ခင်းဧည့်ခံ ကျွေး မွေးခဲ့ပြီး မြန်မာ့တိုင်း ရင်းသားရိုးရာလက်ဆောင်များအား ပေးဝေခဲ့ပါသည်။ မြန်မာညနေခင်းကျင်းပပြီးနောက်တစ်နေ့တွင် ကိုရီးယား ပြည်သူများ အတွက် ၀င်ခွင့်ပေးသော Public Day ဖြစ်သဖြင့် မြန်မာပြခန်းသို့ အုံးအုံးကြွက်ကြွက် လာရောက်မေးမြန်း ကာ သတင်းအချက် အလက်များယူပြီး TV ၊ Media များမှလည်းသတင်းအင်တာဗျူးများရယူကြသည်ကိုတွေ့ရပါသည်။ (၀၉.၀၆.၂၀၁၉)ရက်နေ့ ညနေ(၀၅း၀၀)နာရီတွင် မြန်မာပြခန်းအတွက် အသိအမှတ်ပြုဆုလက်ခံပေးရန် KOTFA Event Organizer Team မှ အကြောင်းကြားလာသဖြင့် ပြခန်းပေါင်း (၁၀၀) ကျော် ရှိပြီး နိုင်ငံပေါင်း (၃၅)မှ ပြခန်းများအပေါ် စိစစ်ရွေး ချယ်ပြီး အကောင်းဆုံးယဉ်ကျေးမှု ဖျော်ဖြေတင်ဆက်မှုဆု (ပထမ၊ ဒုတိယ၊ တတိယ) ဆုပေါင်း (၁၂)ဆုချီးမြှင့်ရာတွင် မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းမှ အကောင်းဆုံးခရီးစဉ်ဒေသမြှင့်တင်နိုင်မှု ပြခန်းဒုတိယကိုရရှိခဲ့ပါသည်။ ပထမဆုအင်ဒိုနီးရှားနိုင်ငံ (ဘာလီကျွန်း) ၊ တတိယဆု ကို တာ့ခ်မင်နစ္စတန် နိုင်ငံမှ ရရှိခဲ့ပါသည်။
ဂျင်းဆင်းမြေမှာ ပန်းပိတောက်တွေဝေ
မြန်မာညနေခင်းကျင်းပရာ မြန်မာပြည်နှင့်သင်္ကြန်အက ဖျော်ဖြေရာတွင် ပန်းပိတောက်များနှင့် တန်ဆာဆင်ခဲ့ရာ ဂျင်ဆင်းမြေမှ ကိုရီးယားတို့အတွက် အထူးတဆန်းဖြစ်စေခဲ့သည်။ မြန်မာရိုးရာ အစားအသောက်များလည်း နှစ်သက်ခဲ့ပြီး ကိုရီးယားနာမည်ကြီး TV များတွင်လည်း မြန်မာအကြောင်း သတင်းမွေးခဲ့သည်။ ယခုအခါ မြန်မာ-ကိုရီးယား ဒရမ်မာ ရုပ်ရှင် ”A Flower Above The Clouds”ကားကို ဒါရိုက်တာ ဇင်ယော်မောင်မောင်မှ ရိုက်ကူးပြီး မြန်မာ - ကိုရီးယား မင်းသား၊မင်းသမီးများလည်း ပါ၀င် သရုပ်ဆောင်ထားကြောင်း သိရှိရသည်။ Korea Day မှ အစပြုပြီး မြန်မာညနေခင်းအထိ `` ဂျင်းဆင်မြေမှာ ပန်းပိတောက်တွေဝေခဲ့လေပြီ။ မကြာခင် ကိုရီးယားမှ ကမ္ဘာလှည့်ခရီးစဉ်များ ၊ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းရှင်များ ၀င်လာမဆဲ တသဲသဲ ရှိလာတော့မည် ဆိုလျှင် စာရေးသူတို့ မြန်မာ-ကိုရီးယားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့၏ ကြိုးပမ်းမှု မှတ်တိုင်တခု အတွက် စိတ်ပင်ပန်း၊လူပင်ပန်း ဖြစ်ရကျိုးနပ်ပေလိမ့်မည် ။
Travelling_Journal/Vol_1_Issue_14
Contine Reading
By - / 06-08-2019
ကမ္ဘာကျော်ကွေးမြစ်ဘေးကဝိညာဉ်တို့လှဲလျောင်းရာနေရာ
ယဉ်ယဉ်လှ
ကြည်လင်ပြီး မိုးသားကောင်းကင်ကလည်းပြာ လဲ့လဲ့အချိန် …၊ စာရေးသူ ရင်ထဲမှာ တုန်ရီလှုပ် ခတ်နေတယ်။ အမျိုးအမည်မသိတဲ့ခံစားမှုကိုလည်း တစ်ပြိုင်နက်တည်း ခံစားရနေသေးတယ်။ ဒီနေရာက တော့ ကမ္ဘာကျော် ကွေးမြစ်နံဘေးက သေမင်းတမန် ရထားသံလမ်းကို ရောက်ရှိနေခဲ့တဲ့အချိန် …။
အိမ်မက်ထဲက ရောက်ဖူးချင်ခဲ့တဲ့နေရာလေး တစ်ခု။ ကျောက်သားနံရံများက တစ်ဖက်မှာ။ တစ်ဖက်ကတော့ ချောက်ကမ်းပါးကြီး။ ကမ်းပါးရဲ့ ဒီဘက်အခြမ်းက ရာဇဝင်ထဲက ကမ္ဘာကျော်ကွေးမြစ်ရဲ့ အလှတရား။ ဒီမြစ်ထဲမှာ တစ်ချို့ကတော့ နိုင်ငံခြားသားတစ်ချို့ လှေစီးနေတာအနည်းငယ်တွေ့ရတယ်။
ကမ္ဘာကျော်မို့ လာရောက်လည်ပတ်ကြတဲ့ ခရီး သွားတွေလည်းများပြားပါ့။ ဒီထဲမှာလည်း စာရေးသူ လည်း အပါအဝင်မို့လေ။ ဒီနေရာကတော့ ထိုင်းနိုင်ငံရဲ့ တတိယမြို့တော်လို့ တင်စားတဲ့ ကန်ချနာ ပူရီမြို့တော် အတွင်းမှာရှိတာပါ။ ကန်ချနာပူရီခရိုင် အတွင်းမှာရှိတဲ့ သေမင်းတမန်ရထားသံလမ်းနေရာ။ ရောက်ဖူးသူတိုင်း ဒီလိုခံစားမှုမျိုးကို ခံစားရစေမှာ အမှန်ပါပဲ။
လူ့အသက်ပေါင်းများစွာရဲ့ အသက်ဝိညာဉ်တွေကို ခြွေယူခဲ့ပြီး ဝိညာဉ်တို့လှဲလျောင်းရာနေရာဖြစ် တာမို့ ကမ္ဘာကျော်ခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေအများဆုံးလာရောက်လေ့လာ ခဲ့ကြတဲ့ နေရာတစ်ခုဖြစ်လို့နေခဲ့တာပါ။ ဒီနေရာကို ရောက်တဲ့သူတိုင်းကတော့ လှပတဲ့ ကွေးမြစ်ဘေးက အလှတရားနဲ့ ဝိညာဉ်တွေလှဲလျောင်းနေခဲ့တဲ့ သေမင်း တမန်ရထားသံလမ်းကို ဖြတ်လျှောက်ပြီး တစ်ချိန် တုန်းက ဒီနေရာမှာ သေဆုံးခဲ့တဲ့သူတွေအတွက်လွမ်းဆွတ်နေမိမှာကတော့ အမှန်ပါပဲ။ ကိုယ့်နိုင်ငံက နိုင်ငံသားတွေ အသက်ပေးခဲ့ကြတဲ့အတွက် သေဆုံး ခဲ့တဲ့သူတွေရဲ့ နိုင်ငံက ခရီးသွားတွေဟာ အများဆုံး လာရောက်လေ့လာခဲ့ကြတာပါပဲ။ သူတို့ရဲ့ နိုင်ငံသား တွေ ဒီနေရာမှာ သေဆုံးခဲ့ရတာ။
အများစု အသက်ဝိညာဉ်တွေပေးခဲ့ရတာက တော့ မြန်မာတွေပါပဲ၊ တစ်ချိန်လုံးက သေမင်းတမန် ရထားသံလမ်းဖောက်ဖို့ ချွေး၊ သွေးများစွာကိုပေးဆပ် ခဲ့ရသလို အနှိပ်စက်ခံ အညှဉ်းဆဲခံ ကိုယ်လုံးတီး အရိုက်ခံရပြီး ရထားသံလမ်းကို နာကျင်ခံခက်ခဲစွာ ဖောက်လုပ်ခဲ့ကြတဲ့ ချွေးတပ်သားအကုန်လုံးကို သနား နေမိ တယ်။ စစ်ရဲ့ဆိုးကျိုးက လောင်မြိုက်နေခဲ့တာကိုး။ အမေရိကန်၊ သြစတြေးလျ၊ မလေး၊ မြန်မာ၊ ဂျပန်၊ ဒက်ချ် ချွေးတပ်သားများရဲ့ ကံကြမ်္မာက ကွေးမြစ်ဘေးမှာ လှဲလှောင်းခဲ့ရတယ်။ ဒါကြောင့်လည်း ကမ္ဘာကျော်ခဲ့ပြီး ဒီနေရာဟာ သမိုင်းဝင်ခဲ့သလို ခရီး သွားတွေ မဖြစ်မနေလာရောက်လေ့လာခဲ့ကြတဲ့ နေရာတစ်ခုဖြစ်လု့ိ နေခဲ့ပါ တယ်။
သိပ်လှတဲ့ အလှတရားတွေကို တွေ့မြင်လိုက် ရတဲ့အတွက် အရမ်းကို လာရကျိုးနပ်ပြီလို့ပြောလိုက် တဲ့ စာရေးဆရာမ ခင်ပန်နှင်းက ပြောလိုက်တာကို လည်း နားထဲမှာအမှတ်မထင်ကြားယောင်နေမိတယ်။ (အခုတော့ဖြင့် စာရေးဆရာမကတော့ ကွယ်လွန်သွား ခဲ့ပါပြီ)ဒီကိုလာရတဲ့သူတွေ အကုန်လုံးရဲ့ စိတ်ထဲမှာ ကိုယ်စီတူညီတာတော့ရှိနေမှာတော့အမှန်ပါဘဲ။စိတ် ဝင်စားဖွယ်ကောင်းတဲ့နေရာတွေကိုရှာဖွေပြီး လိုက်လံ ပြသပေးတတ်တဲ့ သုခမိန်စာပေက ဦးမျိုးကြီးကိုလည်း ကျေးဇူးအထူးတင်မိပါတယ်။
ဒုတိယ ကမ္ဘာစစ်က ဂျပန်စစ်တပ်ရဲ့ထောက်ပံ့ ရေးလမ်းကြောင်းအတွက် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ ကြား မီးရထားကွန်ယက်တည်ဆောက်နိုင်ဖို့ သုံ့ပန်း များကို ကျွန်သဖွယ်စေခိုင်းခဲ့ကြတဲ့နေရာ၊ ၁၉၄၂ ခုနှစ်ကနေ ၁၉၄၃ ခုနစ်အထိဖောက် လုပ်ခဲ့ပြီး အသက်ပေါင်းများစွာသေကြေပျက်စီးခဲ့ရတာပါ။ ချွေးတပ်သားတစ်သိန်းကျော် သေဆုံးခဲ့ကြ တာမို့ ဒီနေရာလေးကို ရောက်ဖူး ချင်ခဲ့တာပါ။
ဒီသေမင်းတမန်ရထားလမ်း ဖောက်လုပ်ခဲ့ချိန်မှာ သေဆုံးခဲ့တဲ့ တစ်ချို့မဟာမိတ်နိုင်ငံတွေရဲ့ အောက် မေ့ဖွယ် အထိမ်းအမှတ်နေရာတွေကို ထားရှိပေးခဲ့ပါတယ်။ ဒါပေမဲ့ အများဆုံးအသက်ပေး ခဲ့ကြတဲ့ မြန်မာတွေရဲ့ အထိမ်းအမှတ်နေရာတွေက တော့ မရှိခဲ့ပါဘူး …။ ရင်နင့်စရာပါပဲ။
ထိုင်းနိုင်ငံ၊ ကန်ချနာပူရီမြို့နယ်အတွင်းက သေမင်းတမန်ရထားပိုင်း အစပိုင်းနဲ့ အဆုံးပိုင်း ရထားလမ်းပိုင်းတွေကို လေ့လာကြည့်ရှုခဲ့ရတယ်။ ရထားလမ်းပေါ်ကို လျှောက်ကြည့်တော့ ရင်ထဲမှာ တလှပ်လှပ်နဲ့၊ နေရောင်ကလည်း ခေါင်မိုးပေါ်မှာတည့် တည့်၊ ရထားလမ်းပိုင်းပေါ်ကို လျှောက်ကြည့်တော့ အစွန်းပိုင်းမှာ အမှတ်တရဓာတ်ပုံရိုက်တော့ အောက် ပြုတ်ကျမလို၊ ရီဝေေ၀နဲ့ မူးနောက်နောက်လည်း ဖြစ်သွားခဲ့ရတယ်။
ဒီနေရာမှာ ချွေးတပ်သားတွေရဲ့ ဝိညာဉ်တွေ လဲှလျောင်းနေခဲ့တာကိုး။ သူတို့တွေ ကိုယ်တွေကို ကြည့်နေမလားလို့ ရုတ်တရက်တွေးမိလိုက်တော့ နှလုံး ရုတ်တရက်အောင့်သွားခဲ့ရတယ်။ ရင်နင့်ခဲ့ရတယ်။ ကိုယ့်ရဲ့ ချစ်ခင်ရတဲ့သူတွေကို ဆုံးရှုံးခဲ့ရသလိုမျိုး ခံစားမှု …။ ဘာကြောင်များ ဒီလောက်ထိ ရက် စက်နိုင်ခဲ့ရတာလဲ၊ လူသားချင်းစာနာမှုတွေ ဘယ် တွေကိုရောက်ခဲ့ကြလဲ၊ အစာရေစာမကျွေးပဲ ညှဉ်း ပန်းနှိပ်စက်ပြီး ရထားသံလမ်းကို ဖောက်လုပ်စေခဲ့တာ။ ပြီးတော့ အရှင်လတ်လတ်မြေ မြှုပ်ခဲ့တာတွေကို ဘယ်လိုနှလုံးသားမျိုးနဲ့ လုပ်ရက် နိုင်ကြသလဲ။ စစ်ရဲ့ ဆိုးကျိုးက နှလုံးသားထဲမှာ မုန်းတီးနေခဲ့မိတယ်။ ဒီလိုသမိုင်းမှာ ဖြောက်ဖျက် ပစ်လို့မရတဲ့ မှတ်တမ်းတွေကြောင့် ကမ္ဘာလည်းကျော် ခဲ့ပါပြီ ကွေးမြစ်ရယ် …။
Travelling_Journal
ခရီးသွားဆောင်းပါး
Vol_1_Issue_7
Photo_YinYinHla
Contine Reading
By - / 08-12-2018
ပင်လယ်ဆိပ်ကမ်းမြို့များပျော်စံရာဟိုင်နန်ပြည်နယ်ဆီ
ယဥ်ယဥ်လှ
တရုတ်ပြည်ရဲ့ အောက်ဘက်အစွန်းပြည် နယ်တစ်ခုဖြစ်ပြီး တသီးတသန့်တည်ရှိနေတဲ့ ဟိုင်နန် ပြည်နယ် ကမ္ဘာကြီးရဲ့အဆုံးနေရာမှာ တည်ရှိနေတာ ကြောင့် အရင်က ဒီပြည်နယ်ကို ရောက်ဖို့ဆိုတာ မလွယ်ကူလှပါဘူး၊ ဒါပေမဲ့ အခုဆိုရင်တော့ နာရီ ပေါင်း ၃ နာရီ၀န်းကျင်စီးရုံဖြင့် ဟိုင်နန်ပြည်နယ်ကို ရောက်ရှိနိုင်ပါပြီ။
တရုတ်ပြည်ရဲ့ စတုတ္ထမြောက်လေကြောင်းလိုင်းဖြစ်သလို 5 Star လေကြောင်းလိုင်း ဖြစ်တဲ့ ဟိုင်နန် လေကြောင်းလိုင်းရဲ့ မန္တလေး - ဟိုင်နန် ကို ဇွန်လ ၂၆ ရက်ကနေ စတင်တိုက်ရိုက်ပျံသန်း ပြေးဆွဲခဲ့တာကြောင့် အခုဆိုရင် တရုတ်ပြည်တောင်ပိုင်း ဟိုင်နန်ပြည်နယ်ကို သွားရောက်လည်ပတ်နိုင်တဲ့ အခွင့်အရေးတွေ ရရှိလာပါပြီ။
တကယ်တော့ ဟိုင်နန်ပြည်နယ်က မြန်မာတွေနဲ့ သိပ်မစိမ်းကားပါဘူး။ မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်တို့ ဟာ ဂျပန်ဆီကနေ စစ်ပညာကို ဒီဟိုင်နန်ပြည်နယ်မှာ သင်ယူခဲ့တာဖြစ်တာမို့ သမိုင်းကြောင်းအရ ဟိုင်နန် ပြည်နယ်က ကြီးမားလှပါတယ်။ အရင်က သွားလာရ ခက်ခဲတာရယ်၊ ထရန်စစ်တွေနဲ့သွားလာမှသာရောက် ရှိနိုင်တဲ့ ဟိုင်နန်ပြည်နယ်ဟာ အခုဆို အချိန်တိုတွင်း မှာရောက်ရှိနိုင်ပါပြီ။ ဟိုင်နန်ကျွန်းဟာ တရုတ်ပြည်ရဲ့ ဒုတိယအကြီးဆုံးကျွန်းဖြစ်သလို ဟိုင်နန်က မြန်မာ ပြည်ရာသီဥတုနဲ့လည်း ဆင်တူတာကြောင့် သစ်ပင်တော တောင်တွေ ၀န်းရံထားတဲ့ ကျွန်းဆိုရင်လည်း မမှား ပါဘူး။ သစ်သီး၀လံပေါများလွန်းတာရယ်၊ အုန်းသီးပင် တွေအများဆုံးရှိတာရယ်၊ ကမ်းခြေများပြားတာမို့ ဟိုင်နန်ကို ကမ်းခြေတွေများစွာရှိတဲ့ကျွန်းလို့ ခေါ်ဆို ကြပါသေးတယ်။
ခေါင်မိုးပေါ်မှာ နာနတ်သီးပုံစံဆောက်လုပ်ထားတဲ့ ဟိုင်နန်ကျွန်းရဲ့ Sanya International Airport သစ်သီး၀လံပေါများတာကို ပြသထား သလို မတူညီတဲ့ တွေးခေါ်စိတ်ကူးမှုတွေနဲ့ တည် ဆောက်ထားတာကို ပြသထားတယ်လို့ စာရေးသူက တော့ မြင်မိပါတယ်။
ဟိုင်နန်ကျွန်းမှာ လည်ပတ်စရာတွေက တော့ များစွာရှိပေမဲ့ Tourism Attraction အနေနဲ့ ကတော့ ၅၀ ကျော် ရှိပါတယ်။ စာရေးသူတို့အဖွဲ့ ကတော့ ဟိုင်နယ်ပြည်နယ်ထဲက စန်းယာ့မြို့နဲ့ ဟိုက်ခို မြို့က အထင်ကရ နေရာ တွေကို ဇွန်လ၂၈ ရက်ကနေ ၃၀ ရက်အထိ လည်ပတ်ခဲ့ကြပါတယ်။
ဟိုင်ခုထဲကအထင်ကရနေရာများ
စာရေးသူတို့(မြန်မာ)အဖွဲ့တွေဟာ ဟိုင်နန် ပြည်နယ်ကို VOA နဲ့ ပထမဆုံးခြေချခဲ့ကြတာဖြစ် ပါတယ်။ ဟိုင်နန်ကျွန်းကို ပြည်ပခရီးသွားတွေ ၀င်ရောက်လာစေဖို့ ပြည်နယ်မှ တာ၀န်ရှိသူတွေက မြန်မာအပါအ၀င် နိုင်ငံပေါင်း (၅၉)နိုင်ငံကို VOA ပေးထားတာပါ။ မြန်မာကတော့ တစ်ဦးချင်း VOA မရသေးပေမဲ့ Group Tour နဲ့ပဲ ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။ဟိုင်ခုမြို့ကို ဇွန်လ ၂၈ ရက်နေ့ ဒေသ စံတော်ချိန် ၁ နာရီကျော်မှာ ရောက်ရှိခဲ့တာပါ။ ဆိုက်ရောက်ဗီဇာကြေးက တစ်ဦးကို ယွမ်(၁၃၀)၀န်း ကျင်သာပေးရတာမို့ ဒေါ်လာ ၂၀ ၀န်းကျင်လောက် ပဲကျသင့်ပါတယ်။ မြန်မာအဖွဲ့အနေနဲ့ ဟိုင်ခုမြို့ကို ပထမဆုံးခြေချသူလည်းဖြစ်သလို အုပ်စုလိုက်လာ ရောက်ကြတာကလည်းဖြစ်ပြန်မို့ ဟိုင်ခုရဲ့ လေဆိပ် လ.၀.ကမှာတော့့ အနည်းငယ်စောင့်ဆိုင်းခဲ့ရပါ တယ်။ ဒေသစံတော်ချိန် နှစ်နာရီနဲ့ မိနစ်လေးဆယ် မှာတော့ လာကြိုပေးတဲ့ ဘတ်စ်ကားပေါ်ရောက်ရှိခဲ့ ပါတယ်။ မြန်မာစံတော်ချိန်နဲ့ဆိုရင်တော့ တစ် နာရီနဲ့ ဆယ့်တစ်မိနစ်လို့ စာရေးသူ မှတ်သားထားမိပါတယ်။စာရေးသူတို့ဟာ China Green Hotel တစ်ခုဖြစ်တဲ့ Shengyi Haikou Mingguang Hotel မှာ တည်းခိုခဲ့ကြပါ တယ်။ အဲဒီနောက်မှာ မနက် ရှစ်နာရီမှာ အိပ်စက်နား ပြီး ဟိုင်ခုမြို့ရဲ့အထင်ကရကမ်းခြေဖြစ်တဲ့ Holiday Beach ကမ်းခြေကို သွားရောက်လေ့လာဖြစ်ခဲ့တယ်။ အုန်းပင်အစီအရီများစွာနဲ့ ကြည်ရအလွန်လှပတဲ့ ကမ်းခြေ တစ်ခု ဖြစ်သလို ခေတ်မီအဆောက်အအုံများစွာနဲ့ ခန့်ညားတည်ရှိနေတဲ့ နေရာတစ်ခုပါ။
အဲဒီနောက်မှာ စာရေးသူတို့ဟာ ကိုလိုနီ အဆောက်အအုံများစွာရှိတဲ့လမ်းကို သွားရောက်လည် ပတ်ခဲ့ကြပါတယ်။ အဲဒီနေရာကိုတော့ Haikou Arcade Old Street လို့ အမည်ပေးထားပါတယ်။ ဒီ လမ်းမှာ ဆွဲဆောင်ထားတာက အဆောက်အအုံတွေ ကိုပြန်လည်တည်ဆောက်တာမျိုးမလုပ်ပဲ ရှေးမူမပျက် လေ့လာနိုင် အောင် ထားပေးထားတယ်။
နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိတဲ့ အဆောက်အအုံတွေတည်ရှိရာ နေရာတစ်ခုပါ။ ဟိုင်နန်ကို လာရောက်လည်ပတ်ကြတဲ့ ပြည်ပခရီးသွား တွေအတွက်တော့ တခုတ်တရလာရောက်လည်ပတ် ကြတာပါပဲ။ ဒီလမ်းမှာ ဓာတ်ပုံရိုက်ဖို့ကတော့ အချိန်ပေးရတာပါပဲ။ အလုအယက်မြန်မြန်ရိုက်နိုင်အောင် ကြိုးစားရသေးတယ်။ ခရီးသွားတွေကို ဆွဲဆောင်ထား နိုင်တဲ့နေရာဖြစ်တာရယ် မြန်မာပြည်ရဲ့ အလံကိုလည်း တွေ့မြင်နိုင်ပါ သေးတယ်။ ဒါဟာ ခရီးသွားတွေကို ဆွဲဆောင်ထားတဲ့ နေရာတစ်ခုဖြစ်နေတာပါ။ ကိုယ့် နိုင်ငံရဲ့ အထိမ်းအမှတ် အလံကို အခုလို ရေခြားမြေ ခြားနေရာမှာ တွေ့ရှိရတာဟာ ပြည်ပခရီးသွားတွေကို ဆွဲဆောင်ဖမ်းစားထားတဲ့ အချက်ပါပဲ။ ထူးခြားချက်က ဒီလမ်းမှာရှိတဲ့ စာကြည့်တိုက်က ခန့်ညားလွန်းလှ ပါတယ်။ အေးအေး လူလူ စာဖတ်နေတဲ့ သူတွေရှိသလို ကော်ဖီသောက်ရင်းလည်း စာဖတ်နိုင်အောင် ပြုလုပ် ပေးထားတာမို့ ကိုယ့်နိုင်ငံရဲ့ စာကြည့်တိုက်တွေကို အားမလိုအားမရဖြစ်မိတာပါပဲ။
အဲဒီနောက်မှာ စာရေးသူတို့ဟာ စျေး၀ယ် ထွက်ဖို့ ဧည့်လမ်းညွှန်က မကြာခင်က ဖွင့်လှစ်ထားတဲ့ Mission Hills Centre Ville စင်တာကို လိုက်လံ ပို့ဆောင်ပေးပါတယ်။ အဆောက်အအုံတည်ဆောက်မှုပုံစံက ခမ်းနား ထည်ဝါပြီး ဗိသုကာလက်ရာတွေက တော့ ခေတ်မီဆန်းပြားတာကို မြင်တွေ့ခဲ့ရတယ်။သစ်ပင်ပုံစံဖန်တီးထားတဲ့ လက်ရာတချို့ကိုလည်းတွေ့ မြင်ခဲ့ရပြန်တယ်။ နေ့လယ်စာစားပြီး စာရေးသူတို့ အဖွဲ့ဟာ ဟိုင်နန်- မြန်မာ ခရီးသွား မြှင့်တင်ရေး အစည်းအဝေးကို တက်ရောက်ခဲ့ကြပါတယ်။ ဟိုင်နန် ပြည်နယ်ရဲ့ခရီးသွားယဉ်ကျေးမှု ရေဒီယိုနှင့် အားကစားဌာနမှ တာ၀န်ရှိသူ Ms.Yang Liming က မိတ်ဆက်စကားပြောကြားခဲ့ပါတယ်။
အရင်ကဆို တိုက်ရိုက်လာဖို့ဆိုတာ ခက်ခဲ ခဲ့ပေမဲ့ အခုဆိုရင် ဟိုင်နန်လေကြောင်းလိုင်းဟာ နှစ် နိုင်ငံခရီးသွားလုပ်ငန်းကို မြှင့်တင်စေရန်အတွက် တိုက် ရိုက်ပျံသန်းလာပါပြီ။ ဒါဟာ မြန်မာနဲ့ ဟိုင်နန်ကို ကောင်း ကင် ဘုံကနေဆက်သွယ်ပေးထားတဲ့ ရထားတစ်စင်းလို့လည်း သူမက တင်စားပြီး ဆိုခဲ့ပါတယ်။ ဒါဟာ နှစ်နိုင်ငံခရီးသွားလုပ်ငန်းကို တိုးတတ်ပြောင်း လဲလာမယ်ဆိုတာအသေချာပါပဲ။
မြန်မာ-တရုတ်ခရီးသွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအဖွဲ့မှ တွဲဘက်အတွင်းရေးမှူးဒေါ်ဖြူဖြူမာ ကလည်း မြန်မာပြည်ကို တရုတ်ခရီးသွားတွေ လာ လည်ဖို့ မြန်မာပြည်က ခရီးသွားတွေလည်း ဟိုင်နန်ကို လာလည်စေပြီး နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းဆောင် ရွက်သွားမယ်လို့ ပြောကြားခဲ့ပါသေးတယ်။
အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ အများစု သွားရောက်လည်ပတ်နေကြတဲ့ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ စင်ကာပူ စတဲ့နိုင်ငံတွေကို မြန်မာအများစု သွားရောက်လည်ပတ်နေကြဆဲပါပဲ။ တရုတ်ပြည်ကို လည်ပတ်တာ ကတော့ နည်းပါးနေသေးတာကို တွေ့ မြင်ရပါသေးတယ်။ အခုလို တိုက်ရိုက်လေကြောင်း လိုင်းရှိတာကြောင့် မြန်မာတွေ တရုတ်ကို စျေးသက် သက်သာသာနဲ့ သွားရောက်လည်ပတ်နိုင်တဲ့ အခွင့် အရေးတွေ ရရှိပါပြီပဲဖြစ်ပါတယ်။
ချုံးဟိုင်မြို့ထဲကအထင်ကရများ
စာရေးသူတို့ဟာ ဟိုင်နန်ပြည်နယ်ထဲက မြို့တစ်မြို့ဖြစ်တဲ့ ချုံးဟိုင်ပြည်နယ်ထဲက အထင်ကရ နေရာတွေကို ဇွန်လ ၂၉ ရက်နေ့မှာ လည်ပတ်ခဲ့ကြ ပါတယ်။ ချုံးဟိုင်မြို့မှာ ထူးခြားချက်ကတော့ အုန်းပင် ပေါများလွန်းတာကို သတိထားမိပါတယ်။ အုန်းသီးကို အခြေခံပြီး ဆွဲဆောင်ထားတဲ့ Coconut Processing Sightseeting Base နေရာကို သွားရောက်လည် ပတ်ခဲ့ပါတယ်။ ဒီနေရာမှာ အုန်းသီးကို အခြေခံပြီး အစားအစာအမျိုးပေါင်း ရာကျော်အောင်ထုတ်လုပ် ထားတဲ့ အစားအသောက်တွေကို တစ်နေရာတည်းမှာ ၀ယ်ယူရနိုင်အောင် ဖန်တီး ပေးထားပါတယ်။ နည်း ပညာကို အသုံးချပြီး အလေအလွင့်မရှိအောင်အသုံး ချထားမှုကို တွေ့ရှိရပါတယ်။
ဒီစင်တာထဲကို မ၀င်ခင် ခရီးသွားတွေကို ကတ်ပြားနဲ့စျေး၀ယ်ဖို့ တစ်ခါတည်း ပလတ်စတစ် အိတ်တွေကိုပါပေးထားတာကို တွေ့ရတာမို့ စျေးကွက် နည်းဗျူဟာကို သတိထားမိစေပါတယ်။ အနည်းဆုံး တော့ မဖြစ်မနေ၀ယ်အောင် ဆွဲဆောင်ထားစေတာ ပါပဲ။ ဒီစင်တာတွေထဲမှာ ၀ယ်ယူခဲ့တဲ့ ဘောင်ချာ တွေကို စင်တာကအထွက်မှာ ပြန်လည်ပေးရင်း မွေးပုလဲမုတ်ကောင်ကနေ ပုလဲထုတ်ယူပြီး ဖန်စီဆွဲကြိုး တစ်ခါတည်း လုပ်ပေးတဲ့ ၀န်ဆောင်မှုကိုလည်း ပေး ထားတာမို့ သူတို့ရဲ့ စျေးရောင်းခြင်းအတတ်ပညာကို ချီးကျူးမိလေရဲ့။ ဒီ Coconut Processing Sightseeting Base လိုမျိုး မြန်မာပြည်မှာလည်း လုပ်နိုင်ပါတယ်။ အုန်းသီး အရမ်းပေါတဲ့ ဒေသများစွာ ရှိပါတယ်။ တကယ်တော့ နည်းပညာပိုင်းအားနည်း တာရယ်၊ ရင်းနှီးမြှုပ်နှံမှုလည်း လိုတာကြောင့် စာရေးသူတို့ဆီမှာ မလုပ်နိုင်သေးတာပါ။ ဒါမျိုးတွေကို လေ့လာပြီး စာရေးသူတို့ရဲ့ နိုင်ငံ မှာလည်း Tour Attraction အဖြစ် ဆွဲဆောင်ထားနိုင်အောင် လုပ်လို့ရပါတယ်။ သက်ဆိုင်ရာ တာ၀န်ရှိသူ တွေ Developer တွေကသာလုပ်နိုင်ရင် တိုင်းပြည်အတွက် အကျိုးရှိစေမယ့်အပြင် လူ့စွမ်းအားအရင်းအမြစ်တွေ ဖွံ့ဖြိုး လာပြီး ဒေသ၀င်ငွေလည်းရရှိ၊ ဒေသခံတွေလည်း အလုပ်အကိုင်အခွင့်အလမ်းတွေရရှိစေမှာမို့ အတုယူ စရာကောင်းမွန်တဲ့ အချက်တစ်ခုဆိုတာပါပဲ။
အဲဒီနောက်မှာ စာရေးသူတို့ဟာ Tourist Attraction တစ်ခုဖြစ်တဲ့ BOAO Forum For Asia စင်တာကို သွားရောက် လေ့လာခဲ့ပါတယ်။ ဒီ စင်တာအတွင်းထဲကိုတော့ စာရေးသူတို့မလည်ပတ် ခဲ့ရပါဘူး၊ အစည်းအဝေး တစ်ခုလုပ်နေတာနဲ့ တိုက်ဆိုင်နေတာကြောင့် စင်တာအတွင်းထဲကို မလေ့လာခဲ့ ရပေမဲ့ စင်တာကို ၀င်ရောက်တဲ့ ၀င်ကြေးထဲမှာ စက်လှေနဲ့ကျွန်းကို သွားရောက်လည်ပတ်နိုင်တဲ့ ခရီးစဉ် ကို ထည့်သွင်းပေးတာမို့ စာရေး သူတို့ဟာ သုံးလွီ တောင်အမည်ရှိတဲ့ ကျွန်းကို သွားရောက်လည်ပတ် ခဲ့ပါတယ်။ မြစ်ရယ်၊ ပင်လယ်ကို ခြားနား ထားတဲ့ ကမ်းခြေတစ်ခုပါ။ စာရေးသူတို့ ရောက်သွားတဲ့အချိန် ကလည်း နေပူလွန်းတဲ့ အချိန်ကောင်း ဖြစ်နေတာမို့ မှတ်တမ်းပုံမြန်မြန်ရိုက်ကြပြီး အပြန်စက်လှေကို စောင့် ဆိုင်းနေကြသလို လာရောက်လည်ပတ် နေတဲ့ တရုတ် ဧည့်သည်တွေလည်း အများကြီးတွေ့ခဲ့ရပါတယ်။
အဲဒီစင်တာကနေအပြန်မှာတော့ နေ့လယ် စာကို ကမ်းခြေတစ်ခုက စားသောက်ဆိုင်မှာစားသောက် ပြီး စန်းယာ့မြို့ကို ဆက်လက်ခရီးထွက်ခဲ့ပါတယ်။
စန်းယာ့မြို့ထဲကအထင်ကရနေရာများ
စန်းယာ့မြို့ဟာဆိုရင် ဟိုင်နန်ပြည်နယ်ရဲ့ ခေတ်မီတိုးတတ်တဲ့မြို့ဆိုရင်မမှားပါဘူး။ ကြည့် လေရာတိုင်းမှာ အထပ်မြင့်အဆောက်အအုံများစွာ ရယ်။ ဒီဇိုင်းဆန်းပြားလှတဲ့ တည်ဆောက်ပုံတွေကြောင့် စန်းယာ့ကိုတော့ ခေတ်ရှေ့ပြေးနေတဲ့ မြို့တော်အဖြစ် မြင်တွေ့ရသလို ကမ်းရိုးတန်းတလျှောက်မှာ တည်ရှိ တာမို့ ကမ်းခြေမြို့အဖြစ် ရေပန်းစားစေခဲ့တာပါ။ စန်းယာ့မြို့ကို အများစုလာရောက်လည်ပတ်ကြတဲ့သူ တွေထဲမှာ ရုရှားလူမျိုးတွေများစွာ လာရောက်လည် ပတ်တာကိုတော့ သတိထားမိစေပါတယ်။ နိုင်ငံတကာ အဆင့်မီ Resort တွေ များစွာရှိပါတယ်။ 5Stars ဟိုတယ်တွေကတော့ Yalong Bay ၊ Haitang Bay၊ Sanya Bay စတဲ့နေရာတွေမှာ တည်ရှိနေတာကို တွေ့မြင်ခဲ့ရပါတယ်။
စာရေးသူတို့အဖွဲ့ဟာ Sanya Nansshan Cultural Tourism Zone ကို သွားရောက် လေ့လာခဲ့ပါတယ်။ ဒီနေရာ ကတော့ မဖြစ်မနေလည်ပတ်ရမယ့် နေရာတစ်ခုပါ။ ပင်လယ်ကမ်းစပ်မှာ တည်ဆောက် ထားတဲ့ ၁၀၈ မီတာ အမြင့်ရှိတဲ့ ကွမ်ရင်မယ်တော် ရုပ်ထုရှိနေရာရယ်၊ ပြီးပြည့်စုံအောင်ဖန်တီးပေးထား တဲ့ Tourist Attraction အဖြစ် တည်ရှိနေတာပါ။ Cultural Zone ထဲမှာ တည်ရှိပြီး ကျယ်၀န်းလွန်းလှ တဲ့ နေရာတစ်ခုပါ။ ဒီထဲမှာ တည်းခိုနိုင်တဲ့ Resort တွေရှိတယ်။ အများစုကတော့ Prewedding ရိုက် တဲ့ နေရာတစ်ခုဖြစ်နေတာကို သတိထားမိစေပါတယ်။ ဒီနေရာကို အချိန်ပေးပြီးလည်ပတ်မှသာ ပြီးပြည့်စုံစေ မှာပါ။ စာရေးသူတို့ကတော့ တတ်နိုင်သမျှအချိန်ရသလောက် တော်တော်လေးကို လည်ပတ်ခဲ့ကြပါတယ်။အဲဒီနောက်မှာ စာရေးသူတို့ တည်းခိုမယ့် Hampton By Hiton ဟိုတယ်ဆီကို ရောက်ရှိခဲ့ ပါတယ်။ စာရေး သူတို့အဖွဲ့ဟာ Check in ၀င်ပြီး အ၀တ်အစားမြန်မြန်လဲကာ ဟိုတယ်ထဲက ပင်လယ် စာဆိုင်မှာပဲ ပင်လယ်စာ ဘူဖေးကို မြန်မြန်စားသောက် ပြီး Show ပွဲကြည့်ဖို့ချီတက်ခဲ့ရပါတယ်။ ရှိူးပွဲတင် ဆက်မှုက ပျင်းရိစရာမရှိပဲ စိတ်၀င်တစား တစ်ခန်းပြီး တစ်ခန်းတင်ဆက်ပြသတာမို့ အတုယူစရာချည်းပါပဲ။
ဇွန် ၃၀ ရက် မနက်ပိုင်းမှာတော့ ဝါးကနေ အခြေခံပြီးထုတ်လုပ်ထားတဲ့ နေရာကို သွားရောက် လေ့လာ ခဲ့ကြပါတယ်။ ဝါးပင်က အဆီကို ထုတ်လုပ်ပြီး အမျိုးသမီး၀တ် အသုံးအဆောင်၊ အမျိုးသား၀တ် အသုံးအဆောင် တွေ၊ ကျန်းမာရေးသုံးပစ္စည်းတွေကို ထုတ်လုပ်ရောင်းချပေးတဲ့နေရာပါ။ ဒီနေရာကို လာ ရောက်လေ့လာကြတဲ့ ရုရှားခရီးသွားဧည့်သည်များစွာ ကို တွေ့မြင်ရပါတယ်။
အဲဒီနောက်မှာ နောက်ထပ်လည်ပတ်စရာ တစ်ခုဖြစ်တဲ့ Li People s Dream ဆီကို ရောက်ရှိခဲ့ ပါတယ်။ တရုတ်ပြည်ရဲ့ A ငါးလုံးအဆင့်ရှိတဲ့ နေရာ တစ်ခုပါ။ ထူးခြားချက်က သဘာဝတောတောင်ကို အခြေခံထားပြီး ရိုးရာအိမ်တွေကို ဖန်တီးပြုလုပ်ထား တဲ့ နေရာတစ်ခုလို့ စာရေးသူက ဆိုချင်ပါတယ်။ သဘာ၀ပတ်၀န်းကျင် တောတောင်ရေမြေကို အသုံး ချပြီး ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားတဲ့ နေရာတစ်ခုအဖြစ်ရှိတာကို တွေ့မြင်ရပါတယ်။ ဒီ နေရာမှာ လီမျိုးနွယ်စုနေထိုင်ရာ ရိုးရာအိမ်တွေထား ရှိပေးထားသလို လီမျိုးနွယ်စုရဲ့ အသက်မွေး၀မ်း ကျောင်းပုံ၊ လီမျိုးနွယ်စုရဲ့ ကိုးကွယ်မှု၊ ယဉ်ကျေးမှု ဓလေ့ စတာတွေကို တစ်နေရာတည်းမှာ လေ့လာနိုင် အောင် ထားရှိပေးထားတာကို တွေ့မြင်ရပါတယ်။ မျိုးနွယ်စုတွေထဲမှာ လီမျိုးနွယ်စုက အများဆုံးဖြစ်ပြီး မြောင်လူမျိုးနွယ်စုကတော့ ဒုတိယအများဆုံးလို့သိရ ပါတယ်။ အဲဒီနောက်မှာ လီမျိုးနွယ်စုရဲ့ Culture Show ကို ကြည့်ခဲ့ရပါတယ်။ တစ်နာရီနီးပါးကြာ မြင့်တဲ့ ပြပွဲမှာ ပြကွက်က ၁၀ ကွက် မကျော်ပါဘူး။ ရိုးရာတေးဂီတကိုပဲ မြူးကြွတဲ့ တင်ဆက်မှုနဲ့ ဖျော်ဖြေ ပြသထားမှုပါပဲ။ တင်ဆက်မှုတိုင်းမှာ သဘာ၀အတိုင်း ကို ခံစားမိစေရအောင် ဖန်တီးပေးထားတာကို သတိ ထားမိစေပါတယ်။ ကျေးငှက်သံတွေကြားရစေတာ ရယ်က စိတ်ကိုသက်သာစေအောင် ဆွဲဆောင်ထားရှိ စေတာပါ။ စာရေးသူတို့နိုင်ငံမှာ လူမျိုးပေါင်းစုံနေ ထိုင်ကြတာရယ်၊ သဘာဝတောတောင်များစွာတည်ရှိ နေတာက ဘုရားပေးတဲ့ ဆုလာဘ်အဖြစ် တည်ရှိနေတာပါ။ ဒါကိုကောင်းမွန်စွာအသုံးချပြီး ခရီးသွား လုပ်ငန်းတိုးတတ်လာအောင် ဆွဲဆောင်ဖန်တီးနိုင်တဲ့ အခွင့်အရေး များစွာ ရှိပါတယ်။ စာရေးသူတို့ အတုယူ လေ့လာရမယ့် အချက်တွေပါပဲ။ အဲဒီနောက်မှာ လီမျိုး နွယ်စုရဲ့ ရိုးရာ ထမင်းဆိုင်မှာ နေ့လယ်စာသုံးဆောင် ခဲ့ကြပြီးနောက် ပြန်လည်ထွက်ခွာလာခဲ့ပါတယ်။
ဟိုက်ခိုမြို့ထဲက ရုပ်ရှင်ရိုက်ကူးတဲ့ Movie Town ဆီ
ဒီနေရာကတော့ ဟိုင်နန်ရဲ့ မြို့တော်တစ်ခု ဖြစ်တဲ့ ဟိုက်ခိုမြို့ထဲက Tourist Attraction တစ်ခုပါ ပဲ။ ဧကပေါင်း(၁၄၀၀)ကျော်ရှိတဲ့ မြေပေါ်မှာ ရှန်ဟိုင်း၊ ချန်ကျင်း၊ နန်ကျင်း၊ ဝူဟန်မြို့တွေရဲ့ ၁၉၃၀- ၁၉၄၀ ကြားကရှိခဲ့တဲ့ အထင်ကရအဆောက်အအုံတွေ၊ လမ်း ပုံစံတွေ၊ စားသောက်ဆိုင်ပုံစံတွေကို Insprie ဆောက် လုပ်ပြီး ရုပ်ရှင်ဇတ်ကားတွေ ရိုက်ကူးဖို့ ပြုလုပ်ထားတဲ့ နေရာဖြစ်ပါတယ်။
Movie Town မှာ အဓိကလည်ပတ်စရာ တွေက 1942 street ၊ Nanyang Street ၊Traditional Beijing Street တွေပါပဲ။ ဒါ့အပြင် နောက် ထပ်လည်စရာပတ်စရာတွေလည်းများစွာရှိသေးသလို ထပ်မံဆောက်လုပ် နေတဲ့ အဆောက်အအုံတွေလည်း ရှိတာကိုတွေ့ခဲ့ရပါတယ်။ ဒီရုပ်ရှင်မြို့တော်ဟာ ဟိုက်ခို ရဲ့ အထင်ကရ နေရာပါ။ နိုင်ငံခြား၀င်ငွေများစွာရရှိစေပြီး မဖြစ်မနေလည်ပတ်သင့်တဲ့နေရာဖြစ်အောင် ဖန်တီးဆွဲဆောင်ပြုလုပ် ပေးထားခြင်းကလည်း အတု ယူစရာကောင်းလှပါတယ်။
ဟိုင်နန်ပြည်ကို ဒေါ်လာ ၅၀၀ ၀န်းကျင်နဲ့လည်ပတ်နိုင်ပါပြီ
အိမ်နီးချင်းနိုင်ငံတွေကို အသွားများလာကြ တဲ့ မြန်မာခရီးသွားဧည့်သည်တွေအတွက် တကယ့်ကို အံ့သြသင့်စေမယ့်စျေးနှုန်းနဲ့ ပို့ဆောင်ပေးဖို့ နွေဦးခရီး သွားကုမ်္ပဏီကနေ စတင်လိုက်ပါပြီ။ လက်ရှိအိမ်နီး ချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ကမေ်္ဘာဒီးယား၊ ဗီယက်နမ်၊ လာအိုနဲ့ စင်ကာပူ စတဲ့နိုင်ငံတွေကို သွားရောက်လည် ပတ်တဲ့ ကုန်ကျစရိတ်နီးပါး၀န်းကျင်နဲ့ ရရှိနိုင်အောင် ဆောင်ရွက်ပေးတော့မှာဖြစ်ပါတယ်။ တရုတ်ပြည်မှာ လည်စရာပတ်စရာတွေ စိတ်၀င်စားစရာနေရာတွေ များစွာရှိတာမို့ မြန်မာဧည့်သည်တွေအတွက် သွား ရောက်လေ့လာသင့်တဲ့ နိုင်ငံတစ်ခုလို့ ညွှန်းချင်ပါ တယ်။ ဒေါ်လာ ၅၀၀ ၀န်းကျင်နဲ့ လေးညအိပ် ငါးရက် ခရီးဖြင့် ၀န်ဆောင်မှုပေးမှာဖြစ်သလို အသွားအပြန် လေယာဉ်လတ်မှတ်ခ၊ ဟိုတယ်တည်းခိုခ၊ စားသောက် စရိတ်အပြီးအစီးနဲ့ ၀င်ကြေးအပြီးကို ဒီစျေးနှုန်းနဲ့ ဆောင်ရွက်ပေးဖို့ လက်ရှိမှာဟိုင်နန်လေကြောင်းလိုင်း နဲ့ ချိတ်ဆက်ဆောင်ရွက်နေပါပြီလို့ နွေဦး ခရီးသွား ကုမ်္ပဏီက မကြူကြူလင်းက ဆိုပါတယ်။
သုံးရက်တာ လည်ပတ်ခဲ့တယ်
စာရေးသူတို့မြန်မာအဖွဲ့ဟာ သီးခြားကမ္ဘာ တစ်ခုလို ဖြစ်တည်နေတဲ့ တရုတ်ပြည်တောင်ပိုင်း ဟိုင်နန်ကျွန်းဆီကို သုံးရက်တာ လေ့လာရေးခရီးစဉ် ပြီးနောက် ဇွန်လ ၃၀ ရက်မှာ ပြန်လည်ထွက်ခွာလာ ခဲ့ပါတော့တယ်။ တိုးတက်မှုအရှိန်အဟုန်များစွာနဲ့ လုပ်ဆောင်လာကြတဲ့ တစ်ချိန်တုန်းကမထင်မရှားပြည်နယ် တစ်ခုဟာ အခုဆိုရင် ကမ္ဘာ့အရှေ့ကိုရောက်ရှိဖို့ ကြိုးစားနေကြပါပြီ။ ဒီလိုအတုယူစရာ၊ ချီးကျူးစရာ၊ လည် ပတ်စရာတွေ များစွာဖန်တီးထားတဲ့ ဟိုင်နန်ပြည်နယ် ကိုသွားရောက်လည်ပတ်ခဲ့တဲ့ စာရေးသူအဖို့တစ်သက်တာ အမြဲအမှတ်ရမိနေစေတော့မှာပဲဖြစ်ပါတော့တယ်။
Travelling_Journal/Vol_1_Issue_14
Photo - TravellingJournal
Contine Reading
By - / 19-08-2019
All Articles
ပုဂံဆည်းဆာအလှမျက်ကွယ်ပြုခံရတော့မှာလား
မော်ကျွန်းသူ
ကမ္ဘာမှာ အလှတရားတွေကို ရှာဖွေနေကြတဲ့အချိန်မှာ မြန်မာတို့ရဲ့ တန်ဖိုးဖြတ်လို့မရတဲ့ အလှတရားတစ်ခုကို မျက်ကွယ်ပြုခံနေရပါပြီ။ ပုဂံဒေသ ရဲ့ ညနေဆည်းဆာအလှတရားဟာ ကမ္ဘာ့နိုင်ငံတွေကြားမှာသာမက မြန်မာတို့ရဲ့ကြားမှာပါ ဆွဲဆောင်နိုင်တဲ့ အလှတရားတစ်ခုပါပဲ။
လက်ရှိမှာ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ဆောင်ရွက်နေပြီး တောင်ကုန်းနေရာများကို ဖန်တီးဖို့ကိုလည်း ယူနက်စကိုနဲ့ သဘောတူညီမှု တွေရရှိထားပြီး ပုဂံဒေသအလှအပကို ခံစားနိုင်ကာ ကမ္ဘာလှည့်ခရီးသွားတွေ ဆွဲဆောင်နိုင်စေဖို့ အခုလို တောင်ကုန်းငယ်တွေကို ဆောင်ရွက်နေခဲ့တာကြာခဲ့ပါပြီ။ ဒါပေမဲ့ ဒီလိုလူလုပ်တဲ့ ရှုခင်းကြည့်တောင်ကုန်းငယ်တွေကနေတက်ရောက် ကြည့်တာက ဆွဲဆောင်မှု သိပ်မရှိဘူးလို့ ဝေဖန်လာတာကိုလည်းတွေ့ရ ပါတယ်။အခုလို ရှေးဟောင်းဘုရားတွေပေါ်ကနေတက်ရောက်ဖူးမြှော်ခွင့် ပိတ်လိုက်တာကလည်း ခရီးသွားလုပ်ငန်းကို ထိခိုက်စေနိုင်တယ်လို့ ပုဂံဧည့်လမ်းညွှန်အသင်း နာယက ဦးဇော်ဝင်းချိုက ဆိုပါတယ်။
၂၀၁၉ ခုနှစ်ရဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်စေနိုင်တယ်လို့ ဝါရင့် ဧည့်လမ်းညွန်တွေက ဆိုကြပါတယ်။ရှေးဟောင်းသုတေသနဦးစီးဌာန၊ ပုဂံဌာနကတော့ ပုဂံရှေး ဟောင်းဒေသ ဘုရားများပေါ်ကနေ ဘုရာဖူးဧည့်သည်တွေကို ဘုရားပေါ်သို့ တက်ရောက်ဖူးမြှော်ခွင့်နဲ့ နေဝင် ဆည်းဆာအလှကို မကြည့်ဖို့ ဇန်နဝါရီ ၁ ရက် ကနေ စတင်ကြေညာ ခဲ့ပါတယ်။ ဒီ အတွက်ကြောင့် ခရီးသွားဝင်ရောက်မှုမှာ သိသိသာသာကို လျော့ နည်းခဲ့ရတဲ့အတွက် ခရီးသွားကဏ္ဍကို မထိခိုက်စေဖို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းကနေလည်း မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံကို ဖေဖော်ဝါရီလအတွင်းက စာတင် ထားခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်ထိတော့ ထူးခြားမှုမရှိသေးပါဘူး။အခု ဆိုရင် နေဝင်ဆည်းဆာအလှတွေကို ကြည့်ရှု့ခွင့်ရဖို့ နေရာတွေမရှိတော့ပါဘူး၊ အရင်ကတော့ ပုဂံရဲ့ နေဝင်ဆည်းဆာအလှကို ကြည့်ချင်ရင် ရွှေဆံတော် ဘုရား ပေါ်ကနေ ကြည့်ရတဲ့ နေဝင်ဆည်းဆာအလှဟာဘာနဲ့မှ မလဲနိုင်တဲ့ ရသတစ်မျိုးကိုပေးစွမ်း ခံစားစေရပါ တယ်။ ဒါကြောင့်လည်း ကမ္ဘာလှည့်နိုင်ငံခြားသားတွေဟာ ပုဂံကို တစ်ခုတ်တရနဲ့ လာရောက်ကြ တာဖြစ်ပါတယ်။
အခုလို ပုဂံဘုရားတွေပေါ်တတ်ရောက်ခွင့်ကို ပိတ်ပင်လိုက် ခြင်းဟာ ပုဂံဒေသရဲ့ ခရီးသွားပုံရိပ်ကိုပါ ထိခိုက်စေလာနိုင်ပါတယ်။ လာမယ့်ပွင့်လင်းရာသီမှာဆိုရင် ပုဂံဒေသကို အာရှနိုင်ငံသားတွေ အများဆုံး လာရောက် လည်ပတ်မယ်လို့ မှန်းထားပေမယ့် အခုလို ဘုရား ပေါ်တွေကနေ နေဝင်ဆည်းဆာအလှကို ကြည့်ရှုဖို့မရတော့ ဘူးဆိုရင် နိုင်ငံခြားသားတွေရဲ့ စိတ်ဝင်စားမှုမှာ လျော့နည်းစေလာ တော့မှာဖြစ်ပါတယ်။
ဟိုတလောကတော့ ရွှေဂူကြီးဘုရားပေါ်က နေဝင်ဆည်းဆာ အလှကိုကြည့်လို့ရသေးတယ်လို့ ဒေသခံဧည့်လမ်းညွန်တစ်ယောက် က ပြောပြတယ်၊ တစ်ရက်အကြာပဲ ရှိသေးတယ် အဲဒီဘုရားပေါ်က နေ တက်ကြည့်ခွင့်ကို ပိတ်သွားပြန်ပါပြီ၊ ဒီလိုတွေသာ လုပ်နေရင်တော့ ပုဂံရဲ့ ပုံရိပ်က အလားအလာမကောင်း ဖြစ်လာလိမ့်မယ်လို့ ဝါရင့်ဧည့်လမ်းညွှန်တစ်ဦးက ဆိုပါတယ်။
အခုနိုင်ငံခြားသားတွေက အိမ်နီးချင်း ထိုင်းကိုပဲ သွား လာကြတော့မယ်။ တစ်ချို့ကဆို “ မင်းတို့ ပုဂံကိုမသွားနဲ့ သွားလည်း ဘာမှမထူးဖူး၊ နေဝင်ဆည်းဆာအလှကို မကြည့်ရတော့ဘူးလု့ိ ↔ပြောလာခဲ့ရင် မြန်မာ့ခရီးသွားလုပ်ငန်းကို ထိခိုက်စေနိုင်ပါတယ်၊ မြန်မာ့ခရီးသွားကဏ္ဍ ထိလွယ်ရှလွယ်လုပ်ငန်းဖြစ်တာမို့ အရမ်း နုနယ်လှတဲ့ လုပ်ငန်း တစ်ခုဖြစ်ပါတယ်လို့ ဧည့်လမ်းညွန် တစ်ဦးဖြစ် သူ ဦးဇော်ဝင်းချိုက ဆိုပါတယ်။
ပုဂံကို ရောက်ပြီဆိုရင်အများစုဟာ နေဝင်ဆည်းဆာအလှကို တစ်ခုပ်တရကို သွားရောက်ကြည့်ခဲ့ရတာဟာ ပုဂံရဲ့ဆွဲဆောင်မှု တစ်ခုပါပဲ။ အများအားဖြင့်ကတော့ ရွှေဆံတော်ဘုရားကနေ နေဝင် ဆည်းဆာအလှကို သွားမကြည့်ဖြစ်လိုက်ဖူးဆိုရင် ပုဂံကိုရောက်တာ ရောက်ရကျိုးမနပ်ဘူးလို့ ဆိုကြပါတယ်။ ရွှေဆံတော်ဘုရားကို သွားတဲ့လမ်းကတော့ ဘယ်တော့မှမပြောင်းလဲပါဘူး။
ဖုန်တစ်ထောင်းထောင်းနဲ့ ကားတွေ၊ ဆိုင်ကယ်တွေ တစ်စီတစ် တန်းကြီးရှိတယ်၊ ဈေးဆိုင်တန်းတွေကလည်း အများကြီးရှိတယ်။ ဈေးလိုက်ရောင်းနေတဲ့ ကလေးတွေကလည်း အလုအယက်ရောင်း ချနေကြတဲ့ မြင်ကွင်း တွေ့ရင် ဒါဟာ ရွှေဆံတော်ဘုရား ဖြစ်တယ်။
ဒီနေရာကို ဧည့်သည်အများစုလာကြတာဟာ ပုဂံရဲ့ နေဝင် ဆည်းဆာအလှ။ ပြောရမယ်ဆိုရင် ဘယ်နေရာမှ မမြင်ရနိုင်တဲ့ အလှပန်းချီကားတစ်ချပ်ကို မြင်တွေ့စေရလို့ပါပဲ။နိုင်ငံစုံက ခရီးသွားဧည့်သည်တွေကို တစ်နေရာတည်းမှာလည်း မြင်တွေ့ရပါတယ်။ လှေကားထစ်လေးတွေကို တဖြည်းဖြည်းချင်း တဖြည်းဖြည်းချင်းတက်တဲ့သူတွေ၊ မတက်နိုင်တော့ဘူး၊ ကြောက်တယ်လို့ပြောတဲ့ ခရီးသွားဧည့်သည်တွေနဲ့ ဘုရားပေါ် ရောက်ရင် ဆယ်လ်ဖီဆွဲတဲ့သူတွေကော အများကြီးကို တွေ့ရပါတယ်။ ဒါတွေက အမြဲမပြောင်းလဲခဲ့တဲ့ အရာတွေထဲက တစ်ခုပေါ့။
နောက်ပိုင်း နေဝင်ဆည်းဆာအလှတွေကို သီးသန့်ကြည့်ရတော့မယ့် နေရာတွေကို ညောင်ဦး ထွေအုပ်ချုပ်ရေးမှူးရုံးကနေဦးစီးပြီး မြေနေရာရှာဖွေကာ ဆည်းဆာကြည့်ဖို့ဆောင်ရွက် နေတာကလည်း အောင်မြင်သင့်သလောက် မအောင်မြင်ပါဘူး။ညောင်လက်ဖက်ကန်ကနေ နေဝင်ဆည်းဆာကြည့်ဖို့ လုပ်ထားတဲ့ နေရာက သပ်ရပ်လွန်းလှပါတယ်။ သံဘောင်တန်းတွေကို စနစ်တကျနဲ့ လုပ်ထားတာမို့ ကြည့်ရတာအတွက်လည်း အဆင် ပြေစေပါတယ်။ ဒါပေမဲ့ ဘုရားပေါ်ကနေ ကြည့်ရတဲ့ နေဝင် ဆည်းဆာအလှကိုတော့ ဘယ်လိုမှ မမှီနိုင်ပါဘူး။
ပုဂံကို သွားရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည် တော် တော်များများကတော့ ပုဂံနေထွက်ချိန် နေဝင်ချိန်ကို စေတီပုထိုး များပေါ်ကနေ ခံစားကြည့်ရှုချင်တဲ့အတွက် ပုဂံကို သွားရောက်လည် ပတ်ကြတာ ဖြစ်တယ်။အဲဒီလိုပဲ ကမ္ဘာလှည့်နိုင်ငံခြားသားတွေကလည်း ဒီလို ရည်ရွယ်ချက် တွေကြောင့် ပုဂံမြေကို လာကြတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အသားကျနေတဲ့ ပုဂံဘုရားပေါ်ကနေ နေဝင် အလှကြည့်ရှုခြင်းကို ယခုနှစ်ကာလမှသာ အလွယ်တကူ ပယ်ဖျောက်ရပစ်ရတေ့ာမည်ဆိုသည်မှာ သဘာဝသိပ်မကျလှပါဘူး။ ဒီလိုသာ သဘာဝက ဖန်ဆင်းပေးထားတဲ့ ပုဂံရဲ့နေဝင်ဆည်းဆာ အလှတရားကို အလွယ်တကူ မျက်ကွယ်ပြုခံရတော့မယ့် အခြေ အနေရောက်ရှိလာတာကို စိုးရွံ့လို့ လာမိပါတော့တယ်။
Travelling_Journalo/Vol 1 Issue 1
Contine Reading
By - / 20-06-2018
ကန္တာရထဲက အိုအေစစ်ဆီသို့ အလည်တစ်ခေါက်……
ရတီမာန်
မန္တလေးမြို့ကို အညာဒေသရဲ့ နှလုံးသားလို့ တင်စားခေါ်ဝေါ်ခဲ့တာ အစက သေချာအဓိပ်္ပာယ် ကို နားမလည်ခဲ့ပါဘူး … မွန်းကျပ်တဲ့ မြို့ပြ ခြင်းအတူတူ မန်္တလေးမြို့ဆိုတာနဲ့ အရင်ဆုံး စစိတ် ထဲဝင်လာတာက နိုင်ငံစုံက ဝင်ရောက်လာတဲ့ အမျိုးအစားစုံ ဆိုင်ကယ်တွေရယ် ..ဖုန်ထူတာ ရယ် နေပူကျဲကျဲရယ် ခြင်တွေကိုက်တာရယ်ကိုပါပဲ … ။
“မန္တလေးမှာ ကားမမောင်းရဲဘူးဗျာ” ဆိုကာ လမ်းပြောင်းပြန်မောင်းလာသော ဆိုင်ကယ်များ နှင့် ယာဉ်စည်းကမ်း နားမလည်သော သုံးဘီး (တုတ်တုတ်)တွေ, လမ်းဖြတ်ကူးသူတွေကို မေးငေါ့ ပြလာတဲ့ ဒါရိုက်ဘာ ရန်ကုန်သားက နဖူးကြောရှုံ့ ရင်း ပြောလာတာလည်း အလွန်မဟုတ် …။
“ဒါမှ တကယ့် Adventure ဗျ …၊ ဆိုင် ကယ်တွေ ဟိုကထွက်လာလိုက် ဒီကထွက်လာ လိုက်နဲ့ ဂိမ်းကစားနေရသလိုပဲ” လို့ အားပေးရင်း တစ်ခါလောက်တော့ ရောက်ဖူးချင်ခဲ့တဲ့ အိုအေ စစ်မြို့လေးကို ဦးတည်လိုက်မိပါတယ်..မန္တလေးမြို့ပြင် တံခွန်တိုင်အဝိုင်းကနေ ရန်ကုန်- မန္တလေး အဝေးပြေးလမ်းမကြီးအတိုင်း ခပ်မှန်မှန်မောင်းလာပြီး BOC ဆီဆိုင်ဘေးက လမ်းလေးထဲကို ချိုးဝင်လာခဲ့တော့ မြို့ပြနဲ့ တဖြေးဖြေး ခြားနားလာတာကို သိသိသာသာ တွေ့လာရပါတယ်..လမ်းအနည်းငယ်ကျဉ်းသွားပေမယ့် ကားနှစ် စီးရှောင်သာရုံလွတ်အောင် မောင်းလို့ရပြီး လမ်း ဘေးဝဲယာမှာ အညာဒေသပြရုပ်တစ်ခုဖြစ်တဲ့ ထနောင်းပင်တွေက ကားလမ်းကို အစိမ်းရောင် သစ်ခက်တွေနဲ့ အုပ်မိုးပေးထားတာကို ကားရှေ့ ခန်းထဲကနေ ဓာတ်ပုံရိုက်ရင်း ကြည်နူးနေရတာက ပြောပြလို့ထက် ကိုယ်တိုင်မြင်ရရင် ပိုသိသာခံစား မိမှာအမှန်ပါ …။
ခေတ်လူငယ်တွေပီပီ Social network Facebook စာမျက်နှာပေါ် ခုရိုက်ခုတင် ထနောင်း ပင်တန်းနဲ့အုပ်မိုးထားတဲ့ လမ်းပုံလေးကို “ ဒီ ထနောင်းပင်တန်းလေးတွေ အုပ်မိုးထားတဲ့ လမ်း လေးကို ဖြတ်သွားရင်း လမ်းဘေးတစ်ဖက်ဆီက ထနောင်းပင်လေးတွေ အသက်ရှည်ပါစေလို့ ဆု တောင်းမိတယ် ”လို့ ခေါင်းစဉ်ပေးထားလိုက်တာ …သိတဲ့သူတွေထဲက Friend ဖြစ်နေသူရဲ့ Comment လေးက ပြုံးချင်စရာ …
“ကျွန်တော်တို့မြို့က ထနောင်းပင်တန်းလေး တွေကို အစ်မ သဘောကျတယ်ဆိုလို့ ကျေးဇူးပါ ခင်ဗျ …”တဲ့လေ။လမ်းတွေရှည်သလောက် သဘာဝအခင်း အကျင်းတွေနဲ့ စိမ်းစိုလှပနေတဲ့ လယ်ကွင်းတွေ, နေကြာခင်းတွေ, ဂေါ်ဖီခင်း၊ ကုလားပဲခင်း၊ ပြောင်းဖူးခင်း တွေက ကျေးလက်အငွေ့အသက် အပြည့်နဲ့ ကြည့်လို့မြင်သမျှ စိတ်ကြည်နူးစရာ အပြည့်နဲ့ပါ …။
မြို့ပြနဲ့ဝေးကွာချိန်ကြာရှည်ခဲ့ပြီး လမ်းပန်း ဆက်သွယ်ရေးခက်ခဲနေခဲ့တာကြာပြီးမှ လမ်းတွေ ကောင်းလာ စည်ကားလာတဲ့ နေရာတွေမို့ အရင် ကလို သူခိုး၊ဓားပြရန်လည်း မရှိတော့ပဲ အေးအေး လူလူဈေးရောင်းနေတဲ့ မိန်းမကြီးငယ်တွေကို ကလေးငယ်တွေခါးထစ်ခွင်ရင်း ကားလမ်းဘေး နားမှာ ဒေသထွက်ကုန်သီးနှံတွေကို အောက်ခံ အခင်းပေါ်မှာ ဒီအတိုင်း ပုံချထားပြီး ဒစ်ဂျစ်တယ် ကတ္တားအသေးစားလေးတွေ ကိုယ်စီနဲ့မြင်ရတော့ အံ့သြမိတယ် …။
တောနယ်ဆန်တဲ့ ဈေးသည်လေးတွေနဲ့ ဈေး ဆိုင်တန်းတွေကိုမြင်တာနဲ့ ကျွန်မတို့တွေက “ဟာ … ပဲမြစ်တွေ …ကန်စွန်းဥတွေ ရောပဲ .. ထန်းပင်မြစ်တွေလည်း ပေါချက်၊ ဒါဆို အပြန်သယ်မယ် …မြို့သာဈေးရောက်ပြီ …” လို့ ကားပေါ်ပါသူငယ်ချင်းတတွေက ဝမ်းသာ ရွှင်ပြစွာ အော်ဟစ်ကြတယ်..
သဘောကောင်းတဲ့ ကားဆရာက လမ်းဘေး ချရပ်ပေးပြီး “ဘုရားဖူးဦးမလား” လို့ မေးပါတယ်။ အချိန်လင့်လို့မဖြစ်တာကြောင့် ကားပေါ်ကပဲ ဖူး မယ်ပေါ့ …၊ ဒါပေမဲ့ မြို့သာရှေးဟောင်းဘုရား တွေကို ရွှေရောင်ဝင်းပစွာနဲ့ ဖူးမြင်လိုက်ရတဲ့ ခဏမှာ အချိန်မရတာကိုလည်း မေ့သွားပါတယ်။ ရုတ်တရက် ကားသမားက ကားကို နေရာရွှေ့ လိုက်ပြီး အောက်ဆင်းကာ ဘုရားရှေ့က ညောင် ပင်ကြီးအောက်မှာ ဖွင့်ထားတဲ့ ကွမ်းယာဆိုင်လေး ထဲ ပြေးဝင်ကာ ကွမ်းဝယ်တာမြင်လိုက်တော့ …“တံတားဦးက ကွမ်းနုဝါလေးတွေနဲ့ ယာ ထားတာ စားကောင်းတယ်ခင်ဗျ ” လို့ မျက်နှာ အပြည့်အပြုံးကြီးဆင်ပြီး ကွမ်းတွေအပြည့်ဝါး နေရင်း အားပါးတရပြောပြနေတဲ့ ကွမ်းယာသည် ကို ပြုံးပြရင်း ဘုရားရင်ပြင်တော်ပေါ်ပြေးတက်ပြီး ဘုရားဖူးရတာ ပျော်စရာကောင်းလိုက်တာလေ … ပြီးတာနဲ့ ခပ်မြန်မြန်ဆက်သွားကြတော့ .. ကွမ်းတွေအထုပ်လိုက်နဲ့ ကားဆရာက ဂီယာချိန်း ရင်း ဂရုတစိုက်မောင်းလာကာ ကွမ်းဝါးရင်း နာရီ ကိုတစ်ချက်ကြည့်တော့ နောက်ထပ်နာရီဝက်ဆို မြို့သာစက်မှုဇုန်အဝင်ဂိတ်ဝကို ရောက်ပြီတဲ့ …။
စိတ်လှုပ်ရှားမှုက မြှင့်တက်လာသလို .. စက်မှုမြို့တော်အဝင်ဝကနေ ယာဉ်ဖြတ်သန်းခ ပေးစရာမလိုဟု သိရတော့ ဝမ်းသာမိတယ် …၊ ပေးရမယ်ထင်နေတာဆိုတော့လေ … ။
အဝင်လမ်းမကြီးကနေ ဘေးတစ်ဖက်တစ် ချက်က မြင်ကွင်းတွေက အားလုံး ခေါင်မိုးအပြာ စက်ရုံကြီးတွေ Phase (1)A ဆိုတဲ့ဆိုင်းဘုတ်နား က လမ်းဘေးတစ်ဖက်မှာ လှပတဲ့ ဆိုင်ခန်းတွေနဲ့ ကြော်ငြာဘုတ်တွေကလည်း ကိုယ့်နိုင်ငံမှ ဟုတ်ရဲ့ လားလို့ ထင်မှတ်ရသည်အထိ အရာရာ နေရောင် အောက်မှာ နေသားတကျ လှပလွန်းနေတာတွေ့ ရတယ် …။
မန္တလေး-မြင်းခြံကားလမ်းဘေးက JAPFA တိရိစ်္ဆာန်အစာစပ်စက်ရုံကြီးကိုလည်း နေရောင် အောက်မှာ လှမ်းမြင်နေရတာပဲ …၊ လမ်းမီး တိုင်တွေ အများအပြားစိုက်ထူထားပြီး တချို့မီး တိုင်တွေကို မီးကြိုးသွယ်ထားတာလည်း တွေ့ရ တော့ စက်မှုမြို့ပြအသစ်က တော်တော်တောင် အသက်ဝင်ပြီးစီးနေပြီပဲလို့တွေးရင်းငေးနေမိသည်။
လုံးချင်းအိမ်တွေကို ကားလမ်းဘေးနားမှာ ချစ်စရာ နေချင်စဖွယ် ဆောက်ထားတာမြင်တာနဲ့ ..ဒီမှာ အိမ်တစ်လုံးလောက်ရှိချင်လိုက်တာလို့ တွေးမိတဲ့ထိ သားရည်ကျမိတဲ့အထိပါပဲ ..မြို့သာစက်မှုဥယျာဉ် ဂိတ်ဝကနေ ဝင်လာခဲ့ တဲ့ ကွန်ကရစ်လမ်းမကြီးတွေအဆုံးမှာ အဝိုင်း ပတ်တစ်ခုကို စိမ်းစိုလန်းဆန်းသော မြက်အပြည့် နှင့်တွေ့လိုက်ရသည်။ မြင်မြင်သမျှက စောစော က လမ်းတလျှောက်ဖြတ်သန်းလာခဲ့တဲ့ တောနယ် ဒေသလေးကနေ ရုတ်တရက် နိုင်ငံအသစ်တစ်ခု စီ အလည်လာမိသလို .. မြင်ကွင်းအားလုံးက ချက်ချင်းပြောင်းလဲသွားတာ သိသိသာသာမို့ ကား ခဏရပ်ပြီး selfie ရိုက်ကြ Group ပုံတွေရိုက်ပြီး Location ကို Check in ဝင်ကြည့်ကြနဲ့ အလုပ် များသွားကြတာပါပဲ..
အဝိုင်းပတ်အနီးက လမ်းညွှန်ဆိုင်းဘုတ်ကို ခဏရပ်ကြည့်ပြီး" Myothar National Golf Course ” သို့လို့ ရေးထားတဲ့ စာအတိုင်း မောင်း ဝင်ခဲ့ရာ မိနစ်နှစ်ဆယ်ခန့်လောက်တွင် မြင်ကွင်း အသစ် .. ခံစားမှုအသစ်တွေက ထပ်မံကြိုဆို လိုက်ပါတယ်..
ကြည့်လေမြင်လေသမျှ တမျှော်မဆုံး စိမ်း လန်းလှပသော မြက်ခင်းပြင်များ ရေကန်ကြီးတွေ အလည်မှာ သေချာဒီဇိုင်းဆွဲထားသော ဂေါက် ကွင်းတည်ခုံ, အလံတိုင်တွေ, ဂေါက်ကွင်းသုံး ဘက်ဂီကားလေးတွေကလည်း စနစ်တကျစီတန်း လျှက်..
နေ့ခင်းဖက်ရောက်ပြီမို့ ဂေါက်ကွင်းအတွင်း က မြက်ခင်းပြင်တွေမှာ ရေပန်းတွေနဲ့ ရေဖြန်း နေတာလည်း မြင်ရသည်။“ဒီနေရာမှာ အရင်က အပင်တောင်မပေါက် ဘူး။ ကျုပ်တို့ နွားတွေလည်း စားစရာမရှိဘူး .. ရေအရမ်းရှားတယ် …။ အလုပ်လက်မဲ့များ တော့ ခိုးတဲ့သူလည်းပေါတယ်”ဆိုပြီး မြက်ခင်းတွေကို လှပအောင်မြက်ဖြတ် စက်ကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနေရာက ထမင်းစားနားဟန်တူတဲ့ ဒေသခံဦးလေးကြီးက သူ့အတွက်ယူလာတဲ့ ထမင်းချိုင့်ကိုဖွင့်ရင်း ကျွန်မ တို့တွေကို ရှင်းပြလာတော့ အံ့သြမိနေတာကို မအောင့်နိုင်ပဲ မေးမိသည်..
“ဒီမြက်ဖြတ်စက်ကို ဘယ်တုန်းကတည်းက မောင်းတတ်ခဲ့တာလဲ ဦးလေး” ဆိုတော့ ထမင်းတွေကို ခရမ်းချဉ်သီးနိုင်းချင်း နဲ့ ချက်ထားသော ငါးခြောက်ဖတ်တွေနဲ့ ရောနယ် ရင်း အနားက လွယ်အိတ်လေးထဲက အရွက်တွေ ကို ထည့်မြုပ်ကာ ပလုပ်ပလောင်း စားရင်း ပြန် ဖြေတာက
“ ဘယ် … ကျုပ်တို့တောမယ် နွားလှည်း လောက်မောင်းတတ်ထာဥစ်္စာ …၊ ဒီကွင်းထဲက ဆရာတွေသင်ပေးတာပဲ .. အခုက ကျုပ်တို့ တစ် အိမ်လုံး ဒီမှာလာအလုပ်လုပ်တယ် …။ ကျုပ် သမီးရော သားရောပါတယ် … ဟိုဖက်ကွင်းထဲ မယ် မြက်စိုက်နေကြတယ် …၊ အိမ်မတော့ အဘွား ကြီးတစ်ယောက်ကျန်တာပဲ .. ထမင်း ဟင်းချက်ပေါ့ …” လို့ ပြောပြောစားစားနဲ့ ရှင်း ပြပါတယ်..။
အရင်ကကြားဖူးခဲ့သလို နိုင်ငံတကာအဆင့် မီ(၁၈)ကျင်းဂေါက်ကွင်းကြီးကို မျက်မြင်တွေ့နေရ တော့ ဒီဒေသကြီးက မြန်မာပြည်အလယ်ပိုင်း (အပူဆုံးအပိုင်း) ကန်္တာရမြေ, ဖုန်းဆိုးမြေ …၊ သူခိုးဓားပြပေါပြီး လူအရောက်အပေါက်နည်း တယ်ဆိုတဲ့ စကားတွေက ယုံတမ်းစကားတွေ အဖြစ် တဖြေးဖြေးပြောင်းသွားတာပါပဲလား … လို့ စဉ်းစားနေမိတာပါပဲ“ဘယ်တော့လောက် ဒီဂေါက်ကွင်းကြီးက ပြီးမယ်တဲ့လဲဗျ ဦးလေး” လို့ မေးကြည့်တော့ …“ပြောတတ်ဘူးဗျ .. ကျုပ်တို့တော့ ပြော သံကြားတာ အခါမတိုင်မီဆိုလားပဲ .. အတိကျ သိချင်သပဆို တာဝန်ခံမေးပါဗျား …”” လို့ ပလုပ်ပလောင်းသံကြီးနဲ့ ဖြေပါတယ်။
ကိုယ်တိုင်ရော မိသားစုဝင် သူငယ်ချင်းတွေ ပါ မြို့သာစက်မှုဥယျာဉ်စီမံကိန်းရဲ့ Shareရှင် တွေဖြစ်နေတော့ ဒီနေရာ ဒီဒေသကြီးကို အမြဲ လည်းမရောက်နိုင်တာကတစ်ကြောင်း …၊ လုပ်ငန်းရှင်လောကမှာ အမည်ကောင်းနဲ့ သိကျွမ်း ရင်းနှီးခဲ့ရသူ …၊ အမြဲအားကျအတုယူလေးစား ရသူ Developer အဖြစ်ပုံဖော်ထုဆစ်မယ့် မြို့ ပြအသစ်စီမံကိန်းမို့ ယုံကြည်စွာပူးပေါင်းခဲ့ကြတာ လည်းဖြစ်သလို နှစ်တိုင်း ရှယ်ရာရှင်အစည်း အဝေးကို တက်ဖြစ်အောင်လည်းတက်နေကျပါပဲ .. ဒါနဲ့ ရန်ကုန်က အသိမိတ်ဆွေတချို့ကလည်း ဆန်္ဒရှိနေတာရယ် မိသားစုဝင်တွေနဲ့အတူ ရောက် ဖူးချင်တာရယ်ကြောင့် “မြို့သာဂေါက်ကွင်း အသစ်ကြီးထဲ သွားလည်ရအောင်”ဆိုတာနဲ့ စိတ် ဝင်စားတက်ကြွပြီး အမျိုးတွေ အသိမိတ်ဆွေတွေ အတူစုပြီး Side Seen ထွက်လာခဲ့ကြတာ ခုတော့ ထင်ထားတာထက်ပိုတဲ့ မြင်ကွင်းတွေက ကြိုဆို နေတာများ စိတ်ထဲ ဝမ်းမြောက်မဆုံးဖြစ်ကြရ တယ် …။
ဂေါက်ကွင်းတာဝန်ခံက ကူညီပေးလို့ (၁၈) ကျင်းဂေါက်ကွင်းအကုန်လုံးကို ဘက်ဂီကားလေး တွေစီးပြီး သေချာလေ့လာခွင့်ရကြတယ်..ကျင်းနံပါတ်(၁)ကနေ (၁၈) အထိ ထူးခြား ချက်က ဘေးဝဲယာရှုခင်းတွေအလွန်လှပြီး အရိုင်း ဆန်သလို လေထု .. မြေသင်းနံ့ .. ရေတွေ မြစ်နှစ်စင်းစာ စီမံပြုလုပ်ထားတာ .. တံတား လေးတွေ စံနစ်တကျရှိပြီး … တစ်နေရာတစ်မျိုး သဘာဝအပင်တွေရဲ့ အလှက နွေပန်းချီကားလို .. ရှုမောမဆုံး ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်ရင်း စကားတွေဖောင်ဖွဲ့နေကျ သူတွေစုလာတာမဟုတ် တော့သလို ကိုယ့်စိတ်နဲ့ကိုယ် သဘာဝတရားနဲ့ လူ တီထွင်ပေါင်းစပ်မှုမှာမြောပါနေကြတော့တာပါပဲ။ဂေါက်ကွင်းကြီးထဲက မြက်ခင်းပြင်မှာ ခြေ ဗလာနဲ့ ပြေးရတာ စိတ်ပင်ပန်းမှု Stress တွေ အကုန်ပြေသွားပြီး လိုက်မလာရလို့ ငိုကျန်ခဲ့တဲ့ အိမ် က တူတော်မောင်လေးမျက်နှာကို မြင်ယောင်မိ တယ် …။
“နောက်ခါလာရင် ကလေးတွေပါခေါ်လာ ရအောင် …၊ ဒီမှာ ဆော့ခိုင်းမယ် ပျော်နေကြ မှာပဲ …” ဆိုတော့ တိုင်ပင်မထားပါပဲ ပြိုင်တူအော် လိုက်ကြတာက-“ဂေါက်ကွင်း ဖွင့်ပွဲကျရင် လာကြမယ်ဟေး” တဲ့လေ..။ကန္တာရထဲက အိုအေစစ်လေးလို နိုင်ငံတကာ က ပညာရှင်တွေကို ငှားရမ်းပြီး စံနစ်တကျ စီမံ တည်ဆောက်နေတဲ့ " Myothar National Golf Course ” ဖွင့်ပွဲအခမ်းအနားကို လာမယ့် ဧပရယ်လနောက်ဆုံးပတ်အတွင်း နိုင်ငံတကာက ဂေါက်သီးအားကစားသမားတွေကို ဖိတ်ခေါ်ပြီး ပြိုင်ပွဲပြုလုပ်ကာ ဖွင့်လှစ်သွားမယ်လို့ သိရပြီးတဲ့ နောက်.. အချိန်သေချာထပ်ယူပြီး ခရီးစဉ်ကို သေချာဆွဲမယ် …။ အသစ်တည်ဆောက်ပြီးစီး နေပြီဖြစ်တဲ့ ဆီမီးခုံဆိပ်ကမ်းက တန်(၅၀)ကရိန်း တပ်ထားတဲ့ Pontoon Crane ကြီးရှိတဲ့ ဧရာဝတီ မြစ်ပြင်ပေါ်က သဘောၤကြီးကိုသွားကြည့်မယ် .. ကွန်တိန်နာတွေအသယ်အချလုပ်နေပြီတဲ့ …။
မြန်မာပြည်ရဲ့တစ်စင်းထဲသော တန်ဖိုးမဖြတ် နိုင်တဲ့ မြစ်မင်းဧရာတစ်ကြောက မြစ်ပုဇွန်, မြစ် ငါးကြင်းတွေကို ခရမ်းချဉ်သီးနိုင်နိုင်နဲ့ချက်ထား တာကို သွားစားဦးမယ်.. လို့အားခဲရင်း အပြန် လမ်းတစ်လျှောက် စက်မှုဥယျာဉ်ထဲက နေဝင်ချိန် ရူခင်းကိုငေးရင်း နာမည်ကြီး မြို့သာထန်းရေနဲ့ ငါးလေးကြော် .. ဖရဲသီး ,သခွားမွှေးစုံအောင်စား ရတာ စိတ်ချမ်းသာစရာ.. လတ်ဆတ်တဲ့အသီး အရွက်စုံသုပ်ထားတဲ့ ဒေသလက်ရာ မြူရွက်သုပ်, ညောင်ဖူးသုပ်, ဘယာကြော်သုပ်တွေကလည်း စား လို့မြိန်လိုက်တာ … ဆွေမျိုးမေ့ ဆိုတာတကယ် အမှန်.. အားလုံးရင်ထဲမှာတော့ နောက်တစ် ခေါက် …နောက်တစ်ခေါက် … ဆိုတဲ့စကား သံတစ်ခုက ပဲ့တင်ထပ်လျှက်ပါ… ။
Travelling_Journal
Contine Reading
By - / 17-06-2018
အရိုင်းဆန်ကျွန်းလေးဆီသို့
တိုးဝင်းလွင်
မြန်မာနိုင်ငံမြေပုံ၏အောက် ဘက်အစွန်ဆုံးမှာရှိတဲ့မြို့လေး တစ်မြို့ဆီသို့ အလုပ်ကိစ္စတစ်ခု နဲ့ ရောက်ဖြစ်ခဲ့ပါတယ်။ဒီ မြို့ လေးဆီကိုသွားချင်ခဲ့တာကြာမြင့်ခဲ့ ပါပြီ။ သွားလာရ အလှမ်းဝေးသည် က တစ်ကြောင်း၊အကြောင်း မတိုက်ဆိုင်သည်က တစ်ဖုံနှင့် မရောက်ဖြစ်ခဲ့မိပါဘူး။ ဒီတစ်ခါ တော့ အကျိုးအကြောင်းတိုက်ဆိုင်မိတာနဲ့ ရောက်ဖြစ်ခဲ့ပါပြီ။
အဲဒီနေရာလေးကတော့ လှပတဲ့ကျွန်းစုတွေကို ပိုင်ဆိုင် ထားတဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်းထဲကကော့သောင်းမြို့လေးပါပဲ။ မြို့ လေးကိုရောက်ဖို့ ရန်ကုန်ကနေ တစ်ရက်ကျော်ကြာတဲ့အထိ မုန်း အောင် ကားစီးရတာကတော့ ပထမဆုံးအမှတ်ရစရာပင်ဖြစ် သည်။
ဒီလိုနဲ့ ကော့သောင်းမြို့ လေးကို ရောက်ပြီဆိုရင်ပဲစောင့် ကြိုနေတဲ့ Andaman ပင်လယ် ကြီးကို အဖွေးသားမြင်ရတော့တာပါပဲ။ နောက်ပြီး ပင်လယ်ကြီး မှာ သွားလာနေတဲ့ ရှပ်ပြေးရေ ယာဉ်တွေ၊ ထိုင်းနိုင်ငံနယ်စပ် မြို့ဖြစ်တဲ့ ရနောင်းဘက်ကို ကူး မယ့် သမ္မာန်ငယ်လေးတွေက အဖန်ဖန်သွားနေကြတာ မသိရင်ပန်းချီကားတစ်ချပ်ကိုကြည့်နေရသလိုပါပဲ။
ပင်လယ်ကြီးကိုဖြတ်ပြီး တိုက် ခတ်လာတဲ့ လေပြေလေညင်း လေးတွေကတော့ အထူးတလည် ပြောစရာမလိုလောက်အောင်ကို လတ်ဆတ်နေတာအမှန်ပါပဲ။ စာရေးသူက ရန်ကုန်သားမို့လား မသိဘူး၊ လေကောင်းလေသန့် ကို ကောင်းကောင်းခံစားမိလိုက် ပါတယ်။
ရန်ကုန်မှာ ရှိနေစဉ်တုန်း ကတော့ ဒီကျွန်းလေးတွေကို ရောက်ရင် ဘယ်တွေကို သွားရ မလဲဆိုပြီး ခရီးသွားကုမ္ပဏီတွေ က ကမ်းတဲ့ လက်ကမ်းစာစောင် တွေကြည့်ပြီး သိမ်းထားရတာ လည်း များနေပြီလေ။ဘယ် ကျွန်းက လှတယ်။ ဘယ်ရောက် ရင် ဘာလုပ်မယ်ပေါ့။ အဓိက ကိုယ့်စိတ်ကူးက ရေငုပ်ပြီးရေ အောက်က သန္တာကျောက်တန်း တွေကိုကြည့်ချင်ခဲ့တာပါပဲ။
ခုတော့စိတ်ကူးထဲက အတိုင်း တကယ်ရောက်ဖြစ်တော့လည်း ဘယ်ကစရမှန်းမသိဖြစ်နေပြီလေ။ကျွန်းပတ်ခရီးစဉ်အဖြစ် အလုပ် ကိစ္စတစ်ခုနဲ့လိုက်ဖြစ်ခဲ့တယ်။ အဆုံးအစမရှိတဲ့ပင်လယ်ပြင််ကြီးထဲမှာ ရေယာဉ်စီးရတာတော့ ဘယ်ဘက်ကိုကြည့်ကြည့် ကမ်းမတွေ့ဆိုတော့ ကမ်းမမြင်လမ်း မမြင်ဆိုတဲ့စကားအတိုင်းပဲ ခုမှ တကယ်ကြုံလိုက်ရတယ်။
တစ် နာရီကို မိုင်လေးဆယ်နှုန်း လောက်မောင်းတဲ့ရှပ်ပြေးရေ ယာဉ်နဲ့ နှစ်နာရီနီးပါး စီးပြီးသွား တဲ့နောက်မှာ ကျွန်းဖီလာကျွန်း ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက် ခဲ့ပါပြီ။ကျွန်းကို မရောက်ခင် မလှမ်းတစ်လှမ်းက လှမ်းမြင်နေ ရတာ အရိုင်းဆန်လွန်းတဲ့ တော အုပ်ကြီးတစ်ခုကို တွေ့ရသလိုပါ ပဲ။ ကျွန်းပေါ်ရောက်ပြီး သေချာ ခံစားကြည့်တော့မှ ပကာသနတစ်ခုမှ လွှမ်းမိုးမှုမခံရသေးတဲ့အရိုင်းပန်းလေးတစ်ပွင့်ကို မြင် တွေ့လိုက်ရသလိုကြည်နူးလှပ လွန်းတဲ့ ခံစားမှုမျိုးကို ချက်ချင်း ပြောင်းလဲသွားတဲ့စိတ်ကို အလွန် အံ့သြမိပါတယ်။
ကြည့်ရတာတွေက အရာရာမှာ သဘာဝအတိုင်းပဲမြင်တွေ့နေရတာပါ။အောက်ကြမ်းပြင်ကို အထင်သားတွေ့မြင်နေရတဲ့ ပြာလဲ့လဲ့ ရေပြင်ကြီးက ကိုယ့်ကို ဒိုင်ပင်ထိုးခုန်ချလိုက်ချင်စိတ်ဖြစ် အောင် နှိုးဆွနေတာကတော့ အသေအချာပင်။ အလုပ်ကိစ္စနဲ့ မို့သာ စိတ်ကို ထိန်းထားရသည် မှာပင်ပန်းလှပါတယ်။ ရေယာဉ် ကပ်သည့်ဆိပ်ခံတံတားကနေ ကမ်းခြေကို ဖိနပ်ချွတ်ပြီးတံတား လျောက်လမ်းအတိုင်းလှမ်းလာ ခဲ့မိပါတယ်။
ကမ်းခြေသဲပြင်ကို ခြေချမိရုံဆိုရင်ပဲ ခြေထောက် ကိုဆတ်ခနဲ ပြန်ရုတ်လိုက်မိပါ တော့တယ်။ အကြောင်းကတော့ ကိုယ်နင်းထားတဲ့ သဲပြင်က သဲ ပြင်နဲ့မတူပဲနုညက်လွန်းလှတဲ့ အတွက် သတိလက်လွတ်ဖြစ်သွားမိခဲ့ခြင်းဖြစ်ပါတယ်။ အမှန်ပင် သဲသောင်ပြင်မှာတစ်ခြားကမ်း ခြေများရှိ သဲများကဲ့သို့ ကြမ်း မနေပဲပေါင်ဒါမှုန့်ကဲ့သို့ နုညက် လွန်းလှခြင်းပင်ဖြစ်တယ်။
ပြောမယုံ ကြုံဖူးမှသိ ဆိုသလိုပဲ အမှန်တကယ်ခံစားကြည့်ချင်တယ်ဆိုရင် အရောက် သွားဖြစ်ဖို့ တိုက်တွန်းချင်ပါ တယ်။ ကိုယ့်မတွေ့ဖူးလို့လား မသိ ကိုယ့်အတွက်တေ့ာ အထူး အဆန်းပင်။ ကမ်းခြေတစ်လျောက်ဘာဆိုဘာမှ ပြုပြင်ထားခြင်းမရှိ သလို အသစ်ထပ်မံဖြည့်စွက် ထားခြင်းလည်း ဘာဆိုဘာမှမရှိသေးပေ။ အတွင်းပိုင်းတောအုပ် တွေကြားမှာတော့ ဟိုတယ်လုပ်ငန်း တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြင်ဆင်နေမှုမျိုး သာ ရှိနေသေးသည်။
ထိုမျှ လှပမှုများနှင့် ပြည့်စုံနေတဲ့ ကျွန်းဖီလာကျွန်းက တနင်္သာရီတိုင်းဒေသကြီး၊ ကော့ သောင်းခရိုင်အတွင်းမှာ တည်ရှိ ပါတယ်။ ယင်းကျွန်းကို ဆွီဒင် အခြေစိုက်ကုမ်္ပဏီနှင့် FMI ကုမ္ပဏီတို့က ပူးပေါင်းပြီး ကန်ဒေါ်လာ (၁၀၅) သန်း ရင်းနှီး မြုပ်နှံကာ ဟိုတယ်စီမံကိန်းကိုဖော်ဆောင်နေခြင်းပင်ဖြစ်သည်။
စီမံကိန်းကို ဖော်ဆောင်ဖို့ အတွက် ဆွီဒင်အခြေစိုက်ကုမ္မဏီ ဖြစ်တဲ့ Mokan International Co.,ltdအနေဖြင့် လုပ်ပိုင်ခွင့် ကို ၂၀၁၃ နှစ်ကတည်းကပင်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော် မရှင်ကနေ ခွင့်ပြုပေးထားပြီး ယခုတွင် ပြည်တွင်းကုမ်္ပဏီတစ်ခု ဖြစ်တဲ့ FMI နှင့် ပူးပေါင်းကာ ရင်းနှီးမြှုပ်နှံမှုကိုထပ်မံတိုး၍ လုပ်ငန်းဖော်ဆောင်နေခြင်းပင် ဖြစ်သည်။
အဆိုပါကျွန်းကို Mokan International Co.,Ltd အနေဖြင့် ၂၀၁၃ ခုနှစ်တွင် ရင်း နှီးမြှုပ်နှံမှုပမာဏကန်ဒေါ်လာ (၄ ဒသမ ၅) သန်းဖြင့် ရင်းနှီး မြှုပ်နှံရန် MIC က ခွင့်ပြုခဲ့ပြီး နောက် FMI ကုမ္ပဏီနှင့် ပူး ပေါင်းကာ ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ (၁၀၅)သန်း ထိ ထပ်မံတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဟိုတယ်စီမံကိန်း ကို ကျွန်းဖီလာကျွန်းအတွင်းမြေဧက(၆၀၀၀)ပေါ်တွင်ဆောင် ရွက်သွားမည်ဖြစ်ပြီး လုပ်ပိုင်ခွင့် အနေဖြင့် MIC မှ နှစ်(၅၀)ခွင့် ပြုထားသော်လည်း ထပ်မံ၍ နှစ် ၂၀(၁၀+၁၀)တိုးကာစုစုပေါင်းနှစ် ၇၀ လုပ်ပိုင်ခွင့်ရရှိထားပါတယ်။
ယခုအချိန်မှာတော့ ကျွန်း မှာ သဘာဝအလှတရားများနှင့် အရိုင်းဆန် ဆန်လှပနေသော်လည်း ယင်းကဲ့သို့ ဟိုတယ်စီမံကိန်းများ ဖော်ဆောင်ပြီးပါက လာရောက် သူများနှင့် စည်ကားနေမည်ဆို လျှင် အရိုင်းပန်းလေးမှာ အရောင် အသွေးစုံလင်စွာဖြင့် တစ်မျိုး လှပလာမည်မှာတော့ အမှန်ပင်ဖြစ်ပါသည်။
စာရေးသူ၏ တစ်ဦးတည်း ခံစားချက်ကို ပြောပြရမည်ဆို လျှင် သဘာဝအလှအပများကို ကြိုက်နှစ်သက်သူဖြစ်သည့် အတွက် ကျွန်းကလေးကို အရိုင်းဆန်ဆန် လှပနေသည်ကိုသာမြင်တွေ့ ချင်မိသော်လည်း တစ်ဖက်တွင် မူ နိုင်ငံ၏စီးပွား ရေးတိုးတက် လာမှုအတွက် ရင်းနှီးမြှပ်နှံမှုများဝင်ရောက်လာဖို့လိုအပ်ပေသည် မှာ အမှန်ပင်ဖြစ် သည်။
ထို့အပြင် မြန်မာနိုင်ငံမှာ တကယ်တမ်း ခရီးသွားနယ်ပယ် ကို ပြန်ကြည့်လိုက်မယ်ဆိုရင် လည်း Tourism Industry ရဲ့ ၇၅ ရာခိုင်နှုန်းလောက် က အဏ္ဏဝါအခြေပြု ခရီးသွားလုပ်ငန်း ဖြစ်တယ်ဟု ခရီးသွားလောကမှ ပုဂ္ဂိုလ်များက ဆိုကြသည်။
တနင်္သာရီတိုင်းအတွင်းမှာ ကျွန်းပေါင်း ရှစ်ရာကျော်ရှိနေ ပြီး သိပ်မဝေးလှသည့် ဒီလို နေရာမျိုးမှာသာ ဒီလိုအလှအပ တွေရှိနေပြီဆိုလျှင် ဝေးလံခေါင်း ပါးလွန်းလှသည့် အဆုံးအစမရှိ တဲ့ ပင်လယ်ပြင်ကြီးထဲတွင် ဘယ်လောက်တောင် သာယာလှပ နေတဲ့ အရိုင်းဆန်သော ကျွန်း လေးတွေ ရှိနေဦးမည်မှာ မြေ ကြီးလက်ခတ်ဧကန်မလွဲပင်။
တကယ်တမ်းဆိုရင် ဒါတွေဟာ မြန်မာနိုင်ငံအတွက်တန်ဖိုးကြီး မားလှတဲ့ သဘာဝလက်ဆောင် မွန်ပင်ဖြစ်သည်။မည်သို့ပင်ဆိုစေကာမူ တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိ သွားဖြစ်ခဲ့တဲ့ ကျွန်းဖီလာကျွန်း လေးပေါ်မှာ ခဏတာအပန်းဖြေ ခဲ့ရသော်လည်း အချိန်ကုန်ရကျိုး နပ်လောက်အောင် သဘာ၀ တရားများကို ခံစားလိုက်ရတာ ကလည်း အမြတ်ပင်ဖြစ်ခဲ့လေ သည်။
စာရေးသူရဲ့ စိတ်ကူး တစ်ခုဖြစ်တဲ့ ကျွန်းတွေဆီကိုရောက် ရင် ရေငုပ်ပြီး ရေအောက်အလှ အပများကို ခံစားမယ်ဆိုတဲ့ စိတ်ကူးလေး အထမမြောက်ခဲ့ သည်မှာ စိတ်မကောင်းစရာပင်။ ဒီအရိုင်းဆန်ကျွန်းလေးကို ပကာ သနအရောင်တွေ လိမ်းခြယ်ထား ခြင်းမရှိသေးခင် အချိန်အတွင်း နောက်ထပ်တစ်ကြိမ် အခွင့်ကြုံ လို့ ရောက်ခဲ့မယ်ဆိုရင် မဖြစ်ဖြစ် အောင် ရေထဲ ဒိုင်ပင်ထိုးပြီး ကူး ခဲ့မိမှာ အမှန်ပင်ဖြစ်ပါတော့ တယ်။
Travelling_Journal/Vol - 1 Issue 1
Contine Reading
By - / 13-06-2018