ယဉ်ယဉ်လှ
သုဓနုမင်းသားနဲ့ ဒွေးမယ်နော်တို့ရဲ့ဒဏ္ဍာရီ ပုံပြင်တွေ တည်ရှိခဲ့တဲ့ ကန္တာရဝတီ ငွေတောင်ပြည်မှာ ဂျပန်-မြန်မာ ချစ်ကြည်ရေးသင်္ကေတကို ဖော်ဆောင် ပေးနိုင်တဲ့ ]ချယ်ရီပင်} အပင်ပေါင်းလေးရာကို လွိုင်ကော်မြေမှာ စိုုက်ပျိုးနိုုင်ခဲ့ပါပြီ။ မဝေးလှတဲ့နောင် တစ်ချိန် ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ချယ်ရီ ပင်တွေကို လှိုင်လှိုင်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ဒီချယ်ရီပင်တွေကို ကယားပြည်နယ်ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ ဗုဒ္ဓဥယျာဉ်မှာ ပထမအသုတ်နဲ့ ဒုတိယအသုတ်စိုက်ပျိုးပေးခဲ့တာဖြစ်ပြီး လက်ရှိမှာ အပင်ပေါင်း လေးရာကို စိုက်ပျိုးပေးနိုင်ခဲ့ပြီ ဖြစ်ပါ တယ်။
အခုလိုချယ်ရီပင်စိုက်ပျိုးပွဲတော်ကို ကယား ပြည်နယ်သာမက ခရီးသွားဒေသတွေဖြစ်တဲ့ ချင်း ပြည်နယ်၊ မိုးကုတ်၊ ပြင်ဦးလွင်၊ ကလော၊ အင်းလေး၊ ပင်းတယ၊ တောင်ကြီး၊ ပအိုဝ်းဒေသ၊ ရန်ကုန်၊ နေပြည် တော် စတဲ့ဒေသတွေမှာလည်း စိုက်ပျိုးခဲ့ပြီးဖြစ်ပါတယ်။
တကယ်တော့ ကယားပြည်နယ်ဆိုတာက လည်း ဂျပန်လူမျိုးတွေအတွက် မစိမ်းလှတဲ့ ပြည်နယ် တစ်ခုပဲ ဖြစ်ပါတယ်။ လောပိတရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကို ခရစ်နှစ် ၁၉၅၈ ခုနှစ် ဒုတိယ ကမ္ဘာစစ်အပြီးကာလမှာ ဂျပန်နိုင်ငံကနေ တည် ဆောက်ပေးခဲ့တာဖြစ်ပါတယ်။ လောပိတကနေ လွိုင်ကော်ကိုသွားတဲ့ လမ်းကိုလည်း ဂျပန်တွေက တည်ဆောက်ပေးခဲ့တာပဲဖြစ်ပါတယ်။ အခုချိန်ထိ တောင် ဂျပန်လမ်းလို့ အမည်တွင်နေပါသေးတယ်လို့ ဆိုပါတယ်။ ဒ့ါအပြင် ဂျပန်လူမျိုးတွေ တည်ဆောက် ပေးခဲ့တဲ့ တံတားလည်းရှိသလို ဂျပန်လူမျိုးတွေခေါင်း ချခဲ့တဲ့ နေရာတွေလည်းရှိနေတာမို့ ဂျပန်လူမျိုးတွေနဲ့ မစိမ်းလှတဲ့ ပြည်နယ်တစ်ခုလို့ ဆိုလို့ရပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် ဖြစ်တဲ့ ဦးအယ်လ် ဖောင်း ရှိုကတော့ ချယ်ရီပင်စိုက်ပျိုးတဲ့ ဗုဒ္ဓဥယျာဉ်ဟာ နောင်တချိန်မှာ ခရီးသွားတွေအများဆုံးသွားရောက် လည်ပတ်တဲ့ နေရာတစ်ခုဖြစ်လာစေဖို့ ရည်ရွယ်ထား တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၅)ရက် နေ့က ကယားပြည်နယ်မှာ ကျင်းပခဲ့တဲ့ (၆၈)နှစ် မြောက် ကယားပြည်နယ်နေ့အခမ်းအနားမှာ နိုင်ငံ တော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အထိမ်းအမှတ်ချယ်ရီပင်ကို စိုက်ပျိုးပေး နိုင်ခဲ့ပါတယ်။
မြန်မာ-ဂျပန် ချစ်ကြည်ရေးသင်္ကေတအဖြစ် အုတ်မြစ်ချခဲ့တဲ့ ချယ်ရီပင်စိုက်ပျိုးပွဲတော်ကို မြန်မာ နိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီးဖြစ်သူ H.E Ichiro Mruyama ကိုယ်တိုင်လည်း တက်ရောက်အားပေး ခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံမှ ချယ်ရီသံတမန် ဖြစ်သူ အဆိုတော် Ms Kanta Koori ၊ ဂျပန်ဖောင် ဒေးရှင်းအသင်းဥက္ကဋ္ဌလည်းဖြစ်သလို ဂျပန်အောက် လွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့ H.E Ichiro AISAWA လည်း တက်ရောက်ခဲ့ပါတယ်။
ဒီချယ်ရီပင်တွေကို ဂျပန် တော်ဝင်နန်းတော်ကနေ စီစဉ်ဆောင်ရွက်နေပြီး ကမ္ဘာအနှံ့ ချယ်ရီပင်စိုက်ပျိုးခြင်း စီမံကိန်းတွေကို အကောင်ထည်ဖော် ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ အခုလို ချယ်ရီပင်တွေကို စိုက်ပျိုးရတာကလည်း ချယ်ရီပန်းတွေကို အကြောင်းပြုပြီး ဂျပန်နိုင်ငံကနေ ခရီးသွား ဧည့်သည်တွေ ပိုမိုလာရောက်နိုင်စေဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံအနှံ့ စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနှံ့အပြားက ခရီးစဉ်ဒေသတွေမှာ ချယ်ရီပင်တွေ စိုက်ပျိုးနိုင်အောင် Sakura Festival Myanmar ကနေ စီစဉ်ပေးခဲ့တာဖြစ်ပြီး ပထမဆုံးအနေနဲ့ ကယားပြည်နယ်ကိုု ဂျပန်ခရီးသွားဧည့်သည် (၁၀၀) ကျော်ကိုု ပို့ဆောင်ပေးနိုင်ခဲ့တာကလည်း ကနဦးခြေလှမ်းတစ်ရပ်အနေနဲ့ စတင်နိုင်ခဲ့တာဖြစ်ပါတယ်။
အခုလက်ရှိမှာဆိုရင် ကယားပြည်နယ်ဟာဆိုရင် နိုင်ငံခြားခရီးသွားဧည့်သည်တွေ အနေနဲ့ စိတ်ဝင်တစားနဲ့ လာရောက်လည်ပတ်ကြတဲ့ ပြည်နယ်တစ်ခုဖြစ်လို့နေပါပြီ။ ကယား ပြည်နယ်မှာ မတူညီတဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများ စွာနဲ့ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုး များစွာ ရှိနေပါသေးတယ်။
ဒါ့အပြင် လည်ပတ်စရာ နေရာတွေ များစွာ ရှိတာကြောင့် ဒီလို ပြည်ပခရီးသွားတွေ စိတ်ဝင်တစားလာရောက် လည်ပတ် နေကြတဲ့ ကယားပြည်နယ်မှာ အခုလို ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးတဲ့ လက္ခဏာ လည်း ဖြစ်တဲ့ ချယ်ရီပန်ပင်တွေကို စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာ – ဂျပန် ချစ်ကြည်ရေး သင်္ကေတ တွေအဖြစ် အုတ်မြစ်ချ စိုက်ပျိုးခဲ့တဲ့ ချယ်ရီပင်တွေဟာဆိုရင် နောင်တချိန် ဒွေးမယ်နော်အရပ်လို့ တင်စားရတဲ့ ကယားပြည်နယ်မှာ ချယ်ရီပန်းပင်တွေ လှိုင်လှိုင်ပွင့်နေပြီး ခရီးသွားတွေနဲ့ စည်ကားနေမယ်ဆိုတာကို မြင်ယောင်နေမိပါတော့တယ်။