ယဉ်ယဉ်လှ
အင်းသားတို့ရဲ့ အထင်ကရအမှတ်အသား တစ်ခုဖြစ်တဲ့ အင်းရေပေါ်ဈေးကို ပြန်လည် အသက်သွင်းဖို့ အင်းလေးအခြေစိုက်လူမှုအဖွဲ့ အစည်းတွေက ကြိုးစားနေကြပါပြီ။
Save The Inle Lake မှ ကိုခင်မောင် လတ်ကတော့ ဒီအင်းလေးရေပေါ်ဈေးကို ပြန်ဖော်ထုတ်ဖု့ိ အချိန်အခါ ကောင်းတစ်ခုလို့ ဆိုပါတယ်။ ရေပေါ်ဈေးဆိုတာ ရေပေါ်မှာသာဈေး လုပ်ရတာမို့ ရေရှိမှလည်း ဖော်ထုတ်နိုင် မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
အရင်ကတော့ ရေပေါ်ဈေးဆိုတာက အများသိကြတဲ့ ဟဲယာရွာမဆိုရင် ရေပေါ်ဈေးရှိခဲ့တဲ့ရွာကြီးပဲလု့ိ ဆိုတာပါ။ ဒါပေမဲ့ အခုကတော့ ဟဲယာရွာမဆိုတာ ရေခန်းခြောက်ပြီး ရေမရှိတော့တဲ့ အတွက် ရေပေါ်ကနေ ကုန်းပေါ် ဈေးဖြစ်နေပြီး လက်ရှိဖြစ်နေတဲ့ အနေအထားတွေပါလို့ အင်းလေးအခြေစိုက် ဟိုတယ်လုပ်ငန်းရှင်တွေက ပြောပြ ပါတယ်။
ရေထုပမာဏ နည်းပါးလာခဲ့တဲ့အတွက် ဟဲယာရွာမမှာတော့ ရေပေါ်ဈေးကိုပြန်လည်ဖော် ထုတ်လို့မရနိုင် တော့တဲ့ အနေအထားရှိနေတယ်လို့ ကိုခင်မောင်လတ်က ဆိုပါတယ်။
ရေမရှိတဲ့အတွက် ဟဲယာရွာမမှာတော့ ရေပေါ်ဈေးမရတော့ဘူးပေါ့၊ ဒါပေမဲ့ ရေပေါ်ဈေး လုပ်မယ်ဆိုရင် တစ်ခြားမှာလုပ်လို့ရတဲ့ ရေပေါ်ဈေးလုပ်မယ်ဆိုရင် လုပ်လို့ရတဲ့ရွာတွေတော့ ကျန်ပါသေးတယ်။ အဲဒီမှာ လုပ်မယ်ဆိုရင် ရနိုင်ပါတယ်လို့ Save The Inle Lake မှ ကို ခင်မောင်လတ်က ပြောပါတယ်။ ရေပေါ်ဈေးကို ကြေးစားကွင်း၊ နန့်ပန်ရွာ၊ မိုင်းပျိုး၊ ကေလာရွာ စတဲ့ရွာတွေမှာရေပေါ်ဈေးကို ပြန်လည်ဖော်ထုတ် နိုင်တဲ့ အခွင့်အရေးတွေရှိပါသေးတယ်။
ကမ္ဘာပေါ်မှာ နံပတ်တစ်ဖြစ်ခဲ့ပြီး ကျော်ကြားခဲ့တဲ့ ရေပေါ်ဈေးကို အတုလုပ်တဲ့သူက ထိုင်းနိုင်ငံက နာမည်ကြီး နေတာပါလို့ အင်းလေးမှာ နှစ် ပေါင်း(၄၀)ကျော်နေထိုင်လာခဲ့တဲ့ လုပ်ငန်းရှင် တစ်ဦးက ပြောပြပါတယ်။
“ ထိုင်းနိုင်ငံက ရေပေါ်ဈေးကို ရေပေါ်ဈေးနဲ့တူအောင်လုပ်ထားတာကိုး၊ ကိုယ့်နိုင်ငံမှာရှိတဲ့ဟာ တွေကျတော့ ဒါကိုမလုပ်နိုင်ကြဘူး။ တင်ပြခဲ့တာလည်း အတွင်းရေးမှူးဘဝမှာ အကြိမ်ကြိမ်ပါပဲ၊ ရေပေါ်ဈေးကို အသက်ဝင်ဖို့ ကြိမ်ဖန်များစွာပြော ဆိုခဲ့သော်လည်း ထူးမခြားနားပါဘူး။ ဖိုရမ်တွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ခဲ့တာလည်း အကြိမ်ကြိမ်ပဲ၊ အစိုးရဌာနကလည်းလုပ်တာပဲ။ ဒါလည်း တက်ပြောသေးတယ်၊ ရေပေါ်ဈေးကိစ္စတွေ၊ အင်း လေးကန် ကိစ္စတွေကို တက်ပြောခဲ့သေးတယ်။ အကြံပြုခဲ့တယ်။ ပြောခဲ့တယ် ။ ကိုယ်တိုင် လည်းလုပ်ခဲ့တယ်၊ ဒါပေမဲ့ ဖိုရမ်တို့ အလုပ်ရုံ ဆွေးနွေးပွဲတွေကပြောပြီး ပြီးရော၊ ပျောက်ထွက် သွားရော” လို့ ပြောလာသူက အင်းလေးအခြေစိုက် လုပ်ငန်းရှင်တစ်ဦးပဲဖြစ်ပါတယ်။
ရေပေါ်ဈေးဘာကြောင့်ပျက်ခဲ့ရတာလဲ
တချိန်တုန်းက အင်းလေးရေပေါ်ဈေးလို့ လူသိများခဲ့တဲ့ ဟဲယာရွာမရေပေါ်ဈေးက လွန်ခဲ့တဲ့ နှစ်တစ်ရာခန့် ဝန်းကျင်ကတည်းက ရွာလယ်ရပ်၊ ရွာလည်ချောင်းနှင့် မြောက်ဘက်ရေပြင်မှာ ခင်းကျင်းရောင်းချခဲ့ကြတာလို့ လေ့လာမှတ်သားရပါ တယ်။
အဲဒီလို ခင်းကျင်းရောင်းချလာရာကနေ ရွာလယ်အောက်ဈေးညနေမှာ ရောင်းဝယ်စည်ကားတတ်သဖြင့် “ညခင်းဈေး”ဟု ခေါ်ဆိုခဲ့ကြပြီး (၁၉၇၀) ခုနှစ်မှာ ““အင်းလေးရေပေါ်ဈေး”” ဟု ခေါ်ဝေါ်သုံးစွဲ ခဲ့လာခြင်း ဖြစ်တယ်ဟု မှတ်တမ်း များမှာဖော်ပြထားပါတယ်။ လက်ရှိမှာတော့ အင်း လေးရေပေါ်ဈေးဆိုပြီးမရှိတော့ပါဘူး၊
ယခင်က ဟဲယာရွာမမှာရှိခဲ့တဲ့ အင်းလေးရေပေါ်ဈေးက ဘာကြောင့် မရှိခဲ့ရတာလဲဆိုတာကိုလည်း မေ့မထား သင့်ပါဘူး။ ဟဲယာရွာမမှာ ရေမရှိတော့ပေမယ့် ကုန်းပေါ်ဈေးဆိုပြီးလုပ်ဆောင် နေပေမယ့် အတိုင်းအတာ တစ်ခုထိမအောင်မြင် ပါဘူး။ ရေပေါ်ဈေးပြန်လုပ်ဖို့ အစိုးရအဖွဲ့ကနေ ဘတ်ဂျတ်တွေနဲ့ ဆောင်ရွက်နေပေမယ့် တကယ့် အကျိုးထိရောက်မှုကတော့ မရှိသေးတာကိုတွေ့ နေရတယ်လို့ အင်းလေးမှာနေထိုင်သူူတွေက ဆို ပါတယ်။
လက်ရှိမှာတော့ အင်းတိုင်းရင်းသားဝန်ကြီးကတော့ ဟဲယာရွာမမှာလုပ်နေပေမယ့် ဖြစ်မလာသေးပါဘူး။ အရင်က တည်ရှိခဲ့တဲ့ ဟဲယာရွာမမှာ ဆိုပေမယ့် လက်ရှိမှာ ရေမရှိတဲ့အကြောင်းကြောင့် ဖော်ထုတ်လို့ အဆင်မပြေဘူးလို့ သုံးသပ်ပြော ကြားပါတယ်။ “နံပတ်တစ်ပြောချင်တာက ဟိုး အရင်က ရေပေါ်ဈေးဆိုတာ ရှိခဲ့တယ်။ ရေပေါ်ဈေးရှိခဲ့တုန်းက ဘယ်သူတွေဖျက်တာလဲဆိုတာ က အင်းသားတွေပဲဖြစ်တယ်။
အင်းသားတွေပဲပြန်ဖျက်တာ၊ ဘယ်လိုလူလဲဆိုတော့ အမှတ်တရပစ်္စည်းတွေရောင်းချတာ၊ လှေပေါ်မှာ ရှေးဟောင်း ပစ္စည်းရောင်းတဲ့အခါ နိုင်ငံခြားသားတွေက ရေပေါ်ဈေးကို ကြည့်ချင်လို့ ဈေးလာတယ်၊ လာလည် တယ် …၊ လှေတစ်စီးဝင်လာ ရင် လှေတစ်စီးဘေးနားမှာရောင်းတဲ့လှေတွေက လိုက်ပြီးကပ်လိုက်ကာ ရောင်းကြဝယ်ကြတယ်၊ အရောင်းဝယ်လုပ်ကြတာ၊ ရှေးဟောင်းရောင်းတဲ့ လှေတွေက တောက်လျှောက် လိုက်တာ၊ စက်လှေ နားကနေလိုက်တာဖြစ်တယ်။ ဝင်လု့ိထွက်လို့ အဆင်မပြေတော့ဘူး။ တဖြေးဖြေးနဲ့ အဆင် မပြေတော့ဘူး။ ရောင်းတဲ့သူတွေကိုလည်းအပြစ် မတင်ပါဘူး။ ရောင်းလိုက်ရရင် တော်တော်ကိုရ လိုက်တာကိုး၊ တစ်သောင်းတန်ဆိုပေမယ့် တစ်သိန်းလောက်နဲ့ရသွားတော့ တစ်ရွာလုံးက ဒီပုံစံပဲ ဖြစ်လာတယ်။ ဒီဟာရောင်းရင် အဆင်ပြေတယ်၊ တဖြေးဖြေးနဲ့ ဟင်းသီးဟင်းရွက်ရောင်းတဲ့သူတွေ ကနောက်ကို ရောက်သွား ကြတယ်၊ ဒီလှေတွေပဲ ဝင်နေတော့ ရေပေါ်ဈေးကနေ တဖြေးဖြေးနဲ့ပျက် ကုန်ကော” လို့ ရေပေါ်ဈေး ပျောက်ကွယ်သွားခဲ့တဲ့ အကြောင်းရင်းတွေကို ပြောပြပါတယ်။
ရေခမ်းခြောက်ခြင်းကလည်းအဓိကအချက်
အင်းလေးကန်ထဲကို စီးဝင်လာတဲ့ ရေတွေနဲ့ အတူ နှုံးတွေကြောင့်လည်း ရေထွက်ဧရိယာတွေ ဟာ ကျဉ်းမြောင်း လာခဲ့တယ်။ ရေပေါ်ဈေးလုပ်တဲ့ နေရာကိုလည်း နုန်းတွေတက်လာပြီး ပြီးခဲ့တဲ့ (၂၀၀၈)ခုနှစ်ကနေ (၂၀၁၀)ခုနှစ် အတွင်းမှာ အင်းလေးကန် ရေခန်းခြောက်သွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ကြုံခဲ့ရတယ်။
အဲဒီနားအနီးတဝိုက်လည်း ပက်ကြားအက်တွေ ဖြစ်ကုန်ကြတယ်။ ရေခမ်းသွားတော့ ရေပေါ်ဈေးကလည်း ရေပေါ်ဈေးက မဖြစ်နိုင်တော့ခဲ့ ရတာကလည်း အကြောင်းရင်းတစ်ခုပါပဲ။
ရေပေါ်ဈေးကိုနီးစပ်တဲ့ ဘုရားကုန်းပေါ်နားကို ကပ်ရွေ့လိုက်တယ်။ ကုန်းပေါ်ဈေးလုပ်ပစ်လိုက်တယ်၊ ဟင်းသီးဟင်းရွက် ရောင်းတဲ့သူ တွေက ကုန်းပေါ်တက်ရောင်း၊ လည်ချင်ရင် ကုန်းပေါ်တက်လည်းဆိုတော့ ရေပေါ်ဈေးက ပျောက်သွားကုန်ဖြစ်သွားတယ်လု့ိ အင်းလေး ဒေသခံတွေက ပြောပါတယ်။
နုန်းတွေပြန်ဆယ်ကြမယ်
အင်းလေးကန်အတွင်းမှာ ပိတ်ဆို့နေတဲ့နုန်းတွေကြောင့် ကုန်းပေါ်ဈေးဖြစ်ခဲ့ရတဲ့ ရေပေါ်ဈေးကို ပြန်ဖော်ထုတ် ချင်တယ်ဆိုရင် ပွဲတွေ အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်မယ့်ကုန်ကျစရိတ်ကို နုန်းဆယ်ယူတဲ့နေရာတွေမှာ အသုံးချလိုက်ဟာ အင်းသားတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ လည်းရရှိစေပါမယ်။ ဒါ့အပြင် နုန်းတွေကို ဆယ် ပါကစက်ယန္တရားတွေကို မသုံးဘူးပဲ စက်ယန္တရား ကုန်ကျမယ့်စရိတ်ကို ကမ်းပေါ်အရောက် နုန်းတစ် ပိဿာသတ်မှတ်ကာ ဆောင်ရွက်ခြင်းဖြင့် ယူလိုက်မယ်ဆိုရင် အင်းလေးကန်ထဲက လူတွေလည်းအလုပ်အကိုင် အခွင့်အလန်းတွေရလာမှာ ဖြစ်တယ်။ ကန်အတွင်းက နုန်းတွေကလည်း ကမ်းစပ်ကို လာပို့ချင်းအားဖြင့် အင်းထဲက နုန်းတွေဟာ အပြင်ဘက်ကိုထွက်သွားခြင်းကြောင့် အင်းလေး ကန်ရဲ့ ရေဝပ်ဧရိယာက ပိုကျယ် လာပါမယ်၊ အဲဒီလိုစက်ကြီးတွေကို သိန်းပေါင်းသောင်း ချီပြီးဝယ်နေလည်း လက်ရှိမှာတော့ ဒီစက်ယန္တရားတွေနဲ့ ဆောင်ရွက်တာတွေကို တစ်ကြိမ်မှတောင် မလုပ်နိုင်သေးခဲ့ပါဘူး။ အခုလိုနည်းလမ်းတွေနဲ့ ဆောင်ရွက်မယ် ဆိုရင် အောင်မြင်သွားနိုင်ပါမယ် လို့ အင်းထဲမှာ နေထိုင်ခဲ့ကြတဲ့ ဒေသခံတွေက ပြောဆိုပါတယ်။
ဟဲယာရွာမမှာရေပေါ်ဈေးကိုဖက်မတွယ်ထားသင့်
အင်းလေးရေပေါ်ဈေးကို ပြန်လည်ဖော်ထုတ် စေချင်ရင်တော့ လက်ရှိကုန်းပေါ်ဈေးလုပ်နေတဲ့ ဟဲယာရွာမမှာ ဖက်မတွယ်ထားသင့်ဘူးလို့ ဒေသခံတွေကအကြံပြုလာပါတယ်။
“ ရေပေါ်ဈေးကိုလုပ်ချင်ရင်ရေနက်တဲ့အပိုင်းကို ရွေ့ရတော့မှာ၊ ဒေသခံတွေက ဖက်တွယ်ပြီးမထားသင့်ဘူး။ ရွာမကိုပဲ ငါတို့ရွာမပဲလို့ ဖက်တွယ်ပြီး မထားသင့်ဘူး၊ ရေပေါ်ဈေးကို ရွာမမှာကိုမထား သင့်တော့တာ။ ရွာမရဲ့ အရှေ့ဘက်မှာရှိတဲ့ ကေ လာရွာရှိတယ်၊ အဲဒီကေလာရွာက အင်းလယ် ခေါင်မှာရှိတယ်။ တော်တေ်ာများများက ရေနက် ပိုင်းမှာရှိတာပေါ့၊ ရေနက်ပိုင်းဘက်ကို ရွေ့ပြီး နေရာကျယ်ကျယ်လေးနဲ့ လုပ်မယ်ဆိုရင် ရေပေါ် ဈေးက ပြန်ပြီးဖြစ်လာနိုင်တယ် ”လို့ ဒေသခံတွေ က အကြံပြုပြောလာပါတယ်။
အဲဒီလို ပြန်လည်ဖော်ထုတ်ပြီး ဆိုင်ခန်းတွေကိုလည်း သူ့နေရာနဲ့သူ ရောင်းချနိုင်အောင် ဖန်တီးသတ်မှတ် ပေးမယ်ဆိုရင် ရေပေါ်ဈေးဟာ ပြန်ပြီး ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။
ကေလာရွာမှာရေပေါ်ဈေးကိုပြန်လည်ဖော်ထုတ်သင့်
အင်းလေးရေပေါ်ဈေးကို ပြန်လည်ဖော်ထုတ်ချင်တယ်ဆိုရင် ဟဲယာရွာမရဲ့ အရှေ့ဘက်မှာ ကေလာရွာ ရှိပါတယ်။ ကေလာရွာနား တစ်ဝိုက်မှာလုပ်ရင် အကောင်းဆုံးဖြစ်မယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ ကေလာနဲ့ ဇရပ်ကြီးနားမှာလုပ်ရင် အကောင်းဆုံးဖြစ်တယ်။ အကောင်းဆုံးနေရာပါပဲ လု့ိ အင်းထဲမှာ အနှစ်လေးဆယ်ကျော် နေထိုင်လာခဲ့တဲ့ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဘယ်လိုကူညီပံ့ပိုးမလဲ
ရေပေါ်ဈေးကို ပြန်လည်ဖော်ထုတ်ဖို့ဆိုရင် ဒေသခံအင်းသားတို့ကလည်း ပြန်လည် စိတ်ပါ ဝင်စားဖို့ ရှမ်းပြည်နယ် အစိုးရ၊ အရပ်ဖက်အဖွဲ့ အစည်းတွေက ပံ့ပိုးကူညီပေးဖို့ လိုအပ်ပါတယ်။
ရေပေါ်ဈေးပြန်လည်ရောင်းချဖို့ဆိုရင် ဒေသ ခံတွေအတွက် အဓိက ကတော့ လှေဖြစ်ပါတယ်။ လှေတစ်စီးကို ငါးသိန်း ဝန်းကျင်ရှိတာမို့ ရေပေါ်ဈေးမှာ ပြန်ရောင်းချမယ့် ဒေသခံတွေအတွက် ပံ့ပိုးပေးဖို့ နည်းလမ်းတွေကို စဉ်းစားပေးသင့်တယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဆိုပါတယ်။
ပြန်လည်ဆွဲဆောင်စေနိုင်
လက်ရှိအင်းလေးဒေသကို လာရောက်ကြတဲ့ ခရီးသွားဧည့်သည်တွေရဲ့ စိတ်ဝင်စားမှုနှုန်းက လျော့မကျ သေးပါဘူး။ သဘာဝအလှတရားတွေ၊ ရှုခင်းတွေကြောင့် အင်းလေးကို လာရောက်လည်ပတ် နေကြတာ ဖြစ်ပါတယ်။ အရင်ကထက်စာရင် ဧည့်သည်လာတာ နည်းလာတာမှန်ပေမယ့် စိတ်ဝင်စားမှုအပိုင်းမှာတော့ လျော့မနည်းသေးပါဘူး၊
ရေပေါ်ဈေးဟာ ဒေသခံတွေအတွက် ရှိခြင်း၊ မရှိခြင်းဟာ သိပ်မထူးပေမယ့် ခရီးသွားတွေကို ဆွဲဆောင်စရာ အဖြစ် ပြန်လည်လုပ်သင့်တဲ့ အရာ တစ်ခုလို့ ကိုခင်မောင်လတ်က ပြောပါတယ်။
“ ရှိသင့်တဲ့ အရာတစ်ခုဖြစ်တာမို့ ခရီးသွားတွေအတွက် လည်ပတ်စေနိုင်မယ့် နေရာတစ်ခုဖြစ် စေလာမှာ ဖြစ်တယ်။ ဒါကြောင့် ရေပေါ်ဈေးကို ဖော်ထုတ်ဖို့လိုအပ်ပါတယ်” ဟု ကိုခင်မောင်လတ် က အကြံပြုတယ်။
ဧည့်လမ်းညွန်အသင်းဥက္ကဋ္ဌဖြစ်သူ ဦးအောင်ထွန်းလင်းကတော့ ရေပေါ်ဈေးကို ပြန်လည်ဖော် ထုတ်ဖိုလိုပါတယ်လို့ ပြောပါတယ်။
“ဧည့်သည်တွေကို ဆွဲဆောင်စေမယ့် အရာတစ်ခုပါ။ တကယ့်ကို လိုအပ်နေပါတယ်။ ဒီလိုပြန် ဖော်ထုတ် နိုင်မယ်ဆိုရင် အင်းသားတို့ရဲ့ ဓလေ့ ဓရိုက်တွေ၊ ရိုးရာယဉ်ကျေးမှုတွေကို ပြန်လည်ရှင် သန်လာစေပါမယ်” လို့ ဆိုပါတယ်။
အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ မရှိတဲ့ ရေပေါ်ဈေးကို ပုံစံတူဖန်တီးပြီး နိုင်ငံခြားသားတွေကို ဆွဲဆောင်စရာအဖြစ် ဖန်တီးကာ ဒေါ်လာတွေကို ယူနေကြတာပါ။ ပုံစံတူကူးယူပြီး လက်ရှိမှာတော့ အောင်မြင်နေတဲ့ အိမ်နီးချင်း နိုင်ငံကို ပြန်လည်အတုယူနေရတဲ့အနေအထား တွေတောင် ရှိနေပါပြီ။
ထိုင်းရေပေါ်ဈေး၊ ပတ္တရားရေပေါ်ဈေးတု့ိကို နိုင်ငံခြားသားတွေကော ပြည်တွင်းက မြန်မာခရီးသွားတွေကပါ သွားလာလည်ပတ်နေကြတာပါ။ ရေပေါ်ဈေးနေရာကို သီးသန့်လုပ်ပြီး ဆိုင်ခန်းနဲ့ ရောင်းချနေတဲ့သူတွေက စီစီရီရီနဲ့ ရောင်းချနေ တာကို တွေ့မြင်ရမှာဖြစ်ပါတယ်၊
ဒါကြောင့် ကမ္ဘာမှာ နံပတ်၁ ဖြစ်ခဲ့ဖူးတဲ့ အင်းလေးရေပေါ်ဈေး၊ မပြုမပြင်ပဲရှိနေခဲ့ တဲ့ အင်းလေးရေပေါ်ဈေးကို ပြန်လည်ဖော်ထုတ်ဖို့ မလိုတော့ဘူးလားလို့ မေးလိုက်ချင်ပါတော့တယ်။