ကျိုင်းတုံမြို့၏ ဒုတိယမြောက် CBT အဖြစ် ”ဝ” တိုင်းရင်းသားတို့၏ ပင်းဆိုင်းကျေးရွာကို ဖော်ဆောင်မည်

Travelling Journal

ရှမ်းပြည်နယ် အရှေ့ပိုင်းမြို့တော်ဖြစ်သည့် ကျိုင်းတုံမြို့၏ ဒုတိယမြောက် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (CBT) ကျေးရွာကို ”ဝ” တိုင်းရင်းသားတို့၏ ပင်းဆိုင်း ကျေးရွာကို ဖော်ဆောင်ရန် စီစဥ်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန( ကျိုင်းတုံ)မှ တာဝန်ရှိသူ တစ်ဦးက Travelling သို့ ပြောသည်။

အဆိုပါ CBT ကျေးရွာကို ရှမ်းပြည်နယ် အစိုးရ၏ ဘတ်ဂျက်ဖြင့် ဖော်ဆောင်ပြီး ကျေးရွာမြေနေရာကိုသာ ရွေးချယ်ပေးရကြောင်း ပင်းဆိုင်းကျေးရွာဥက္ကဋ္ဌ ဦးညီနပ် က Travelling သို့ ပြောသည်။

” ရွာမြေကို ၂ ဧက ကျော် ပေးထားတယ်။ရွာမြေပေါ်မှာ ဧည့်သည်တွေ နားခိုနိုင်ဖို့ ရှမ်းအစိုးရ ရဲ့ဘတ်ဂျက်နဲ့ အဆောက်အအုံကို ဆောက်ပေးပါတယ်။ ကျွန်တော်တို့ ရွာလေးက ရှုခင်းလှတယ်။ အိမ်ခြေ ၈၀ ကျော် ရှိပါတယ် ။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ပါတယ်။ အာခါ တိုင်းရင်းသား အနည်းငယ် နေထိုင်ပါတယ် “ဟု ကျေးရွာ ဥက္ကဋ္ဌ ဦးညီနပ်က Travelling သို့ ပြောသည်။

လက်ရှိတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာပေးသင်တန်းများကို ပင်းဆိုင်းကျေးရွာတွင် ဖွင့်လှစ်ပြီးဖြစ်ကြောင်း ဒေသခံ ဝ တိုင်းရင်းသား ကိုမျိုးအောင်က Travelling သို့ ပြောသည်။

လက်ရှိတွင် အ​ဆောက်အအုံတည်ဆောက်မှုမှာ ၉၀ ရာခိုင်နှုန်းနီးပါး ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့၏ ပထမဆုံး CBT ကျေးရွာကို အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိသည့် ဟိုကျင်းဒေသ၏ ဟိုကျင်းရွာ ၁၊ ၂ ၊ ၃ ၊ ၄ ရွာကို ပေါင်းထားပြီး ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း CBT ကျေးရွာကို ဖော်ဆောင် ထားပြီးဖြစ်ကြောင်း သိရသည်။

Photo Ko Myo Aung

သုံးနှစ်ကျော် ပိတ်ထားသည့် မိုင်းလားလမ်း ပြန်ဖွင့်လှစ်ပြီး လွယ်တိုင်းရင်းသားများ၏ ရှေးဟောင်းရှားပါး အနုလက်ရာများကို လေ့လာကြည့်ရှုခွင့် ရပြီ

Travelling Journal

သုံးနှစ်ကျော် ပိတ်ထားခဲဲသည့် အထူးဒေသ( ၄) မိုင်းလားလမ်း ပြန်ဖွင့်လှစ်ပြီး လွယ်တိုင်းရင်းသားများ ဆောက်လုပ်ထားသည့် ရှေးဟောင်း ရှားပါးအနုလက်ရာ အဆောက်အအုံများကို ပြည်တွင်းခရီးသွားဧည့်သည်များ လေ့လာကြည့်ရှုနိင်ပြီဖြစ်ကြောင်း သိရသည်။

သုံးနှစ်ကျော်ဝန်းကျင် ခန့် ပိတ်ထားခဲ့သည့် မိုင်းလားလမ်းကို လွန်ခဲ့သည့်တစ်လကျော်လောက်ကပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“နိုင်ငံခြားသားကိုတော့ နေ့ချင်းပြန် လည်ပတ်ခွင့်ပေးပါတယ်။ ဒါပေမဲ့ အခုထိတော့မလာသေးပါဘူး။ ညအိပ်ခွင့်တော့မရပါဘူး။ကျိုင်းတုံကနေ မိုင်းလားကို သွားရင် မိုင်းလားမြိုဝင်ဂိတ်မှာ နှာခေါင်းတို့ဖတ်စစ်ဆေးရပါတယ်။ အဲဒီအတွက်( ၁၀) ယွမ် ပေးရပါတယ်။ Clear ဖြစ်မှသာ မိုင်းလားမြိုထဲကို ဝင်ရပါတယ်” ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန( ကျိုင်းတုံ)မှ တာဝန်ရှိသူ တစ်ဦးက Travelling သို့ ပြောသည်။

ယင်းလမ်းပိုင်းဖွင့်လှစ်ခဲ့ခြင်းကြောင့် မိုင်းလားဒေသအတွင်းရှိ ရှေးကျလှသည့် ရှေးဟောင်းစေတီများနှင့် ရှေးဟောင်းအဆောက်အအုံများကို လေ့လာခွင့်ရကြောင်း၊ သိုသော် နိုင်ငံခြားသား ညအိပ်လည်ပတ်ခွင့်ကို ခွင့်မပြုထားကြောင်း ကျိုင်းတုံ အခြေစိုက်ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက Travelling သို ပြောသည်။

“ရှေးဟောင်းအနုလက်ရာတွေ အများကြီးရှိတာပါ။ မိုင်းလားလမ်းဖွင့်တုန်း ပြည်တွင်းခရီးသွားဧည့်သည်တွေ လာပြီးလည်ပတ်နိုင်ပါတယ်။ ကျိုင်းတုံကနေ ၅၆ မိုင်ပဲ ဝေးပါတယ်။ ကားမောင်းချိန်နဲ့ဆို နှစ်နာရီခွဲလောက်ပဲ ကြာပါတယ်”ဟု ကျိုင်းတုံအခြေ စိုက်ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက Travelling သို ပြောသည်။

မိုင်းလားတွင် ထင်ရှားသည့်နေရာများမှာ မိုင်းလားမြို မူကန်းအုပ်စု၊ မွန်းကဲလွယ်ဘုန်းကြီးကျောင်း၊ မိုင်းလားလမ်း ဝမ်ညှပ်ရွာ+ ဘုန်းကြီးကျောင်း၊ ဝမ်ရှဲန်ရွာဘုန်းကြီးကျောင်း၊ ဝပ်နောင်လုံ ဘုန်းကြီးကျောင်း၊ ဆီလူးလမ်းဘက်က ဝပ်ယန်းငင်း ၊ မွန်းကဲလွယ်ရွာဘုန်းကြီးကျောင်း တိုဖြစ်ကြောင်း သိရသည် ။

မိုင်းလားဒေသတွင် ရှမ်း တိုင်းရင်းသား။ အာခါတိုင်းရင်းသားနှင့် လွယ် တိုင်းရင်းသားများ နေထိုင်ကြောင်း သိရသည်။

မိုင်းလားမြို့ရှိထင်ရှားသော ရှေးဟောင်းလက်ရာအဆောက်အဦးများကို တွေ့ရစဥ္။

Photo ကိုကျော်ရဲမြင့်အောင် / စိုင်းခမ်းရှဲန်

Coral(သန္တာကျောက်တန်း)များကို ခွာယူရောင်းချပါက ထောင်ဒဏ် ၁၀ နှစ် နှင့် ငွေဒဏ်သုံးသိန်း ကျခံရမည်

TravellingJournal

ဧရာဝတီတိုင်း ဒေသကြီး ငွေဆောင်ကမ်းခြေတွင် Coral(သန္တာကျောက်တန်း)များ ခွာယူရောင်းချခြင်းကို တားမြစ်ထားပြီး Coral များကို ခွာယူရောင်းချပါက ထောင်ဒဏ် ၁၀ နှစ် နှင့် ငွေဒဏ်ကျပ်သုံးသိန်း နှစ်ခုစလုံး ကျခံနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ချောင်းသာ၊ ရွှေသောင်ယံ နှင့် ငွေဆောင် ကမ်းခြေ ဒေသတို့ကို ကိုင်တွယ်ရသည့် တာဝန်ခံက Travelling သို့ ပြောသည်။

“အရင်က ချောင်းသာမှာ ပညာပေးအစီအစဥ်လုပ်ဖူးတယ်။ သန္တာကျောက်တွေကို တူးဖော်ယူတဲ့ ဒေသခံတွေကို ပညာပေးတယ်။ ဒုတိယအကြိမ်တွေ့ရင် ခံဝန်ထိုးခိုင်းတယ် ၊ ပစ္စည်းသိမ်းတယ်။ တူးဖော်တဲ့ဒေသခံမှ မဟုတ်ပါဘူး။ ရောင်းချတဲ့ ဆိုင်ကိုလည်း ခံဝန်ကတိထိုးခိုင်းပါတယ်။ ဥပဒေမှာတော့ Coral တွေကို ခွာယူရောင်းချရင် ထောင်ဒဏ် ၁၀ နှစ် နဲ့ ငွေဒဏ် သုံးသိန်း နှစ်ခုစလုံး ကျခံရမယ်လို့ပါပြီးသားပါ။ ငွေဆောင်ကိုလည်း မကြာခင်သွားရောက် ပညာ ပေးသွားမှာဖြစ်တယ် “ဟု ဧရာဝတီတိုင်း ဒေသကြီး၊ ငါး လုပ်ငန်းဦးစီးဌာန မှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

သဘာဝအတိုင်းတည်ရှိသည့် သန္တာကျောက်တန်းများ မပျက်စီးစေရေးအတွက် သန္တာကျောက်များကို ချိုးဖဲ့ဖျက်ဆီးခြင်း၊ ယူဆောင်ခြင်း၊ တက်နင်းခြင်း မပြုလုပ်ကြရန် ခရီးသွားများအနေဖြင့်လိုက်နာပေးရန် လိုအပ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ငွေဆောင်ကမ်း ခြေရှိ coral(သန္တာကျောက်တန်း)များကို ခွါယူရောင်းချနေသူများမှာ ယခင်ကာလများကတည်းက ခွာယူရောင်းချနေခြင်းဖြစ်ပြီး ယခုအခါမှာ ပိုမိုဆိုးရွားလာခြင်းကြောင့် သန္တာကျောက်တန်းများ ပြုန်းတီးမည့်အန္တရယ်များဖြစ်ပေါ်သဖြင့်ခရီးသွားဧည့်သည်များ အနေဖြင့်လည်း သန္တာကျောက်ပွင့်/ကျောက်ပန်းခက်များကို မဝယ်ယူခြင်း ၊မသယ်ဆောင်ခြင်းများဖြင့် ကူညီပေးစေလိုကြောင်း Ngwe Saung Princess Boat Trip မှ တာဝန်ရှိသူ က ပြောသည်။

Photo Ngwe Saung Princess Boat Trip
ငွေဆောင်ကမ်းခြေ ရေအောက်က သန္တာကျောက်တန်းများအား တွေ့ရစဉ်။

ဘားအံမြို့ အာလဝံအင်းထဲတွင် ပထမဆုံး Bamboo Rafting Activity ဖော်ဆောင်မည်

Travelling Journal

မိုးရာသီကာလ တွင် ဘားအံမြို့ ရသေ့ပျံဂူ အနောက်ရှိ အာလဝံအင်းထဲ၌ ပထမဆုံး Bamboo Rafting Activity ကို ဖော်ဆောင်ရန်စီစဥ်နေကြောင်း ဘားအံ ဒေသခံ ဧည့်လမ်းညွန် တစ်ဦးက Travelling journal သို့ ပြောကြားသည်။

ဝါးဖောင်စီးခြင်းသည် အာရှနိုင်ငံ တော်တော်များတွင် အောင်မြင်နေသည့် Activity တစ်ခုဖြစ်သောကြောင့် ဘားအံမြို့တွင် ခရီးစဥ် သစ်အနေဖြင့် ဝါးဖောင်စီးခြင်းကို ရသေ့ပျံဆရာတော်က ဖော်ထုတ်ရန် စီစဥ်ထားကြောင်း ဝါးဖောင်ဖြစ်မြောက်ရန် ကူညီပေးသည့် ဒေသခံဧည့်လမ်းညွန် ကိုသူရဦးက Travelling သို့ ပြောသည်။

ယင်းခရီးစဥ်မှာ သဘာဝကို ချစ်မြတ်နိုးသူ၊ သဘောကျသူများအတွက် စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ခရီးစဥ် တစ်ခုဖြစ်နိုင်ကြောင်း သိရသည်။

” ရသေ့ပျံဆရာတော်က သူ့ ရွာပတ်ဝန်းကျင်ကို တိုးတက်စေချင်တယ်၊ Tourism အမြင်လည်း ဆရာတော်က ရှိတော့ လျှောက်တင်ရတာ အဆင်ပြေတယ်။ မိုးတွင်းမှာ ဝါးဖောင်နှစ်စီးနဲ့အရင်စမယ်။ ဒီခရီးစဥ်ဟာ ဇီဝမျိုးကွဲ၊ မျိုးစိတ်များနဲ့ သဘာဝပတ်ဝန်း ကျင် အလှကို ထိတွေခံစားစေတဲ့ ခရီးစဥ်တစ်ခုလည်းဖြစ်ပါတယ်”ဟု ဒေသခံ ဧည့်လမ်းညွန် ကိုသူရဦးက Travelling သို့ ပြောသည်။

အဆိုပါ ဝါးဖောင်စီးခြင်းကို ရသေ့ပျံဂူ အနောက်ရှိ အာလဝံအင်းထဲတွင် စမ်းသပ်မည်ဖြစ်ပြီး အောင်မြင်ပါက ဒုံသမိချောင်း နှင့် ဆဒ္ဒန်ဂူ ထဲတွင်လည်း ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ဝါးဖောင်တစ်စီးကို လူနှစ်ယောက် ပဲ စီးနိုင်မည်ဖြစ်ပြီး အကြမ်းဖျဥ်းအားဖြင့် ကျပ်တစ်သောင်း သတ်မှတ်ထားကြောင်းသိရသည်။

အဆိုပါ ဝါးဖောင်ကို တရုတ်ပြည်က ဝါးဖောင်ပုံစံမျိုးကို ပြုလုပ်မည်ဖြစ်ပြီး ယင်းကဲ့သို့ပြုလုပ်ရခြင်းမှာ တရုတ်ပြည်က ဝါးဖောင်များသည် ဝါးဖောင်၏ ဦးပိုင်းကို ကော့ထားခြင်းဖြစ်ပြီး ဘားအံဒေသ၏ အင်းအိုင်ချောင်းများတွင် ဗေဒါနှင့် ဒိုက်များ ရှိခြင်းကြောင့်ထိပ်ဦးပိုင်းကို မကော့ထားပါက ဒိုက်ပင်များနှင့် ညှိနိုင်ခြင်းကြောင့် ဘားအံဒေသနှင့်လည်း အဆင်ပြေ ခြင်း ကြောင့် ယင်းပုံစံမျိုးကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Photo ThuyaOo/Internet

မန်စီမြို့နှင့် မန္တလေးမြို့ကို တိုက်ရိုက်ပျံသန်းပြေးဆွဲပေး သော Ruili Airlines ပြန် စတင်ပြေးဆွဲ
ခရီးသည် ၂၈ ဦးလိုက်ပါလာ

Travelling Journal

ကိုဗစ်ကပ်ရောဂါကြောင့် ရပ်နားခဲ့ရသည့် တရုတ်နိုင်ငံမန်စီမြို့နှင့် မန္တလေးမြို့ကို တိုက်ရိုက်ပျံသန်းပြေးဆွဲသည့် Ruili Airlines ကို ပြန်လည်စတင်ပြေးဆွဲပေးသည့်နေ့တွင် ခရီးသည် ၂၈ ဦးလိုက်ပါလာခဲ့ကြောင်းသိရသည်။

၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၂၁ ရက်တွင် နိုင်ငံ တကာလေကြောင်း လိုင်းတစ်ခုဖြစ်သည့် Ruili Airlines ကို စတင်ပျံသန်းပြေးဆွဲခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန (မန္တလေးဟိုတယ်/ခရီးတာဝန်ခံ)က Travelling သို့ ပြောသည်။

ပြန်လည်စတင်ပြေးဆွဲသည့်အထိမ်းအမှတ်အနေဖြင့် ဟိုတယ်/ခရီးဝန်ကြီးဌာနမှ ခရီးသွား ဧည့်သည် များကို ကြိုဆိုခဲ့ကြကြောင်းသိရသည်။

“ဇန်နဝါရီ ၂၁ ရက် ညနေ ၄နာရီ ၅၀ လောက်မှာ ဆိုက်ပါတယ်။ တရုတ်ခရီးသည် ၂၆ ဦးနဲ့ မြန်မာ နှစ်ဦး ပါလာတယ်။ အဲဒီနေ့ ညနေ ၅ နာရီ ၄၀ မှာပဲ လေယာဥ် ပြန်ထွက်သွားပါတယ်။ တရုတ် ခရီးသည် ၂၅ ဦးနဲ့ မြန်မာခရီးသည် ခြောက်ဦး ပြန်လည်လိုက်ပါသွားပါတယ်”ဟု ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန (မန္တလေးဟိုတယ်/ခရီးတာဝန်ခံ) က Travelling သို့ ပြောသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ လကုန်ပိုင်းက စတင်ပြေးဆွဲခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ယာယီရပ်နားထားခဲ့ပြီး လက်ရှိတွင် Ruili Airlines မှ မန်စီ-မန္တလေး ပုံမှန်ခရီးစဉ်များကို တစ်ပတ်လျှင် သုံးရက် ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့်စနေနေ့ကို ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်းသိရသည်။

” အခုလိုတိုက်ရိုက်ပျံသန်းပြေးဆွဲပေးတာတော့ခရီးသွားအတွက် ကောင်းပါတယ်။ ပြည်ဝင်ခွင့်ဗီဇာကို နယ်စပ်ဖြတ်ကျော်နဲ့ပေးမလား ။ ပတ်စပို့ အနီနဲ့ပေးမှာလားကလည်း စကားပြောပါတယ်။အရင်က နယ်စပ်ဖြတ်ကျော်ခွင့်နဲ့ မန်စီကိုလည်လို့ရပါတယ်။ တရုတ်ပြည်ရွှေလီကနေ မန်စီကို သုံးနာရီလောက်ကားစီးလိုက်ရင် ရောက်ပါတယ်။ မြန်မာအများစုက Shopping အတွက်ပဲ။ လေကြောင်းလိုင်းကလည်း စျေးသက်သက်သာသာနဲ့ ပြေးဆွဲမယ်ဆိုရင် ခရီးစဥ် အသစ်အနေနဲ့ သွားရောက်လည်ပတ်မယ့်ခရီးသွားတွေများမယ်လို့ ထင်ပါတယ်”ဟု ပြည်တွင်း ခရီးသွား ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦး က သူ၏ အ​​မြင်ကို Travelling သို့ ပြောသည်။

Photo SanYu

သဘာဝ တာတောင်ရှုခင်းများနှင့် တွဲဖက်ထားသည့် အပန်းဖြေစခန်းများကို ဝင်ငွေခွန် စတင် ကောက်

Travelling Journal

သဘာဝ တောတောင်ရှုခင်းကြည့်များနှင့် တွဲဖက်ကာ ဓာတ်ပုံရှုခင်း ကြည့်ကွက်များဖြင့် ဖန်တီးထားသောရှမ်းပြည်နယ် အတွင်းရှိ အပန်းဖြေစခန်း တစ်ချို့ကို ဝင်ငွေခွန် စတင်ကောက်ခံနေကြောင်း သိရသည်။

အဆုိပါ အပန်းဖြေစခန်းအများစုမှာ ရှမ်းပြည်နယ်တွင် အများဆုံးရှိပြီး အထင်ကရ နေရာများဖြစ်သည့် ဓာတ်ပုံရှူခင်းများကို ဖန်တီးဆွဲဆောင်နိုင်သော ကလောမြို့၊ ရွာငံမြို့ နှင့် ရှမ်းရှေ့၊ ရှမ်းမြောက် တို့တွင် အများဆုံး ရှိကြောင်းသိရသည်။

ကလောမြို့အနီး ရေယောင်းမရွာကို အခြေပြုပြီးဖွင့်လှစ်ထားသည့် သီရိစန္ဒာ ဓာတ်ပုံ ရှူခင်း အပန်းဖြေစခန်းကလည်း ယခုနှစ် ၂၀၂၂ -၂၀၂၃ ခုနှစ် အပန်းဖြေစခန်း၏ ဝင်ငွေခွန်ကို စတင် ပေးဆောင်ခဲ့ရကြောင်းသိရသည်။

“ကျွန်တော်တို့ကိုလည်း နို့တစ်စာပို့လာတယ်။ ကျွန်တော်တို့ဆီ ပို့လာတာက တခြားအပန်းဖြေစခန်းတွေထက် အကြောင်းအရာချင်း ကောက်ခံပုံခြင်းမတူဘူး။ များနေတယ်။ အခုတော့ မဆောင်ရသေးပါဘူး။ ကျွန်တော်တို့ရဲ့ရှယ်ယာရှင်တွေကိုတော့ ပြောထားပါတယ်”ဟု ရှန်ဘာလာ ကလော ရေယောင်းမ View Point မှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

ရွာငံမြို့ ရှိ မြင်းမူကုန်း View Point တာဝန်ရှိသူကလည်း ယခုနှစ်တွင် ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ နည်းပါးသွားပြီး ယခုကဲ့သို့ ဝင်ငွေခွန်ကောက်ခံခြင်းစာလည်း မရောက်လာခဲ့ကြောင်း ဆိုသည်။

“နိုင်ငံရေးအခြေအနေ ပေါ်မူတည်ပြီး သိပ်မလာတော့ဘူး။ လူကလည်း သိပ်မရတော့ ဒီတိုင်းပဲထားထားရတယ် “ဟု မြင်းမူကုန်း View Point မှ တာဝန်ရှိသူက Travelling သို့ပြောသည်။

အပန်းဖြေစခန်းများ၏ ဝင်ကြေးမှာ တစ်ဦးလျှင် ကျပ်တစ်ထောင်နှင့် တစ်ထောင်​ကျော်ဝန်းကျင်ဖြစ်ပြီး နေ့စဥ်လာရောက်မှုမှာ နည်းပါးလေ့ရှိကာ ပွဲတော်ရက် ကာလများတွင်သာ လူဥ​ီးရေ( ၅၀၀) မှ (၁၀၀၀)ကြားလောက်ထိသာ လာရောက်ကြကြောင်းသိရသည်။

Photo ရှမ်းပြည်နယ်အတွင်းရှိ Viewpoint တချို့ကိုတွေ့ရစဥ်။Credit

ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်ကို( ၁၅) ရက်တိုင်တိုင် ကျင်းပမည်

Travelling Journal

ပြည်တွင်းခရီးသွားများ သွားရောက်လည်ပတ်လေ့ရှိပြီး အထင်ကရ ဘုရားပွဲတော်တစ်ခုဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း​က ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်ကို ယခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှ စပြီး ၁၅ ရက်တိုင်တိုင် ကျင်းပ ပြုလုပ်မည်ဖြစ် ကြောင်း မြတ်မော်တင်စွန်း ဆရာတော်က Travelling သို့ မိန့်ကြားသည်။

လက်ရှိတွင် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော် တိုးချဲ့ခြင်းများကို ပွဲတော်ရက်မတိုင်ခင် ပြီးစီးရန် ပြုလုပ်နေကြောင်း သိရသည်။

“ဖေဖော်ဝါရီ ၁၉ ရက် မှာ ဘုရား ပွဲ ကျင်းပမှာမို့ပြီးရမယ့် အပိုင်းတွေကို ပြီးစီးအောင် လုပ်သွားမယ်။အရင်ထက်ကို ရင်ပြင်တော်က တော်တော်လေး ကို ကျယ်သွားပါပြီ” ဟု မြတ်မော်တင်စွန်း ဆရာတော်က Travelling သို့ မိန့်ကြားသည်။

ရင်ပြင်တော်တိုးချဲ့ခြင်းများကို မှော်ဘီသဲဖြူဆရာတော်ကြီးမှ ဦးဆောင်ပြီး ဆောင်ရွက် လျက်ရှိကာ လက်ရှိတွင် ဘုရားရင်ပြင်တိုးချဲ့ခြင်းလုပ်ငန်းများကို ဆောင်ရွက် နေသည်မှာ ငွေကျပ် သိန်း သောင်းကျော် ကုန်ကျပြီဖြစ်ကြောင်း သိရသည်။

Photo Myat Mawtin Pagoda
Photo ဘုရားဖူးများကြည်ညို သဒ္ဒါတရားများဖြင့် ဖူးမြှော်မြင်တွေ့ရမည့် ဆံ​တော်ရှင် မြတ်မော်တင်စွန်း စေတီတော် မြတ်ကြီး၏ မကြာခင် ပြီးစီးတော့မည့် ရင်ပြင်တော် ဒီဇိုင်းများကို တွေ့ရစဥ်။

ရုရှား Blogger အမျိုးသမီး ပုဂံရှေးဟောင်းဒေသ၊ အင်းလေး၊ ငပလီ နှင့် မြို့ကြီးသုံးမြို့သို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့

Travelling Journal

ပြည်ပခရီးသွား ဧည့်သည်များ မဖြစ်မနေ လေ့လာလည်ပတ်ကြသည့် အင်းလေးဒေသသို့ရုရှားBlogger အမျိုးသမီးတစ်ဦး ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရုရှားဘလော့ဂါ အမျိုးသမီး တစ်ဦး သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်သူတစ်ဦးဖြစ်ပြီး Tourist Attraction များဖြစ်ကြသည့် ပုဂံရှေးဟောင်း ယဥ်ကျေးမှု ဒေသ ၊ အင်း​လေးဒေသ ၊ ပဲခူးမြို့ သို့ သွားရောက် လေ့လာလည်ပတ်ခဲ့ကြောင်းသိရသည်။

” ကျွန်တော် တို့ဆီကိုတော့ ကြိုတင် Booking လုပ်ပြီး လာရောက်တည်းခိုခဲ့တာပါ”ဟု မိုင်းသောက်ရှိ ကြယ်ငါးပွင့် အဆင့်မီ VILLA INLE BOUTIQUE RESORT က တာဝန်ရှိသူက Travelling သို့ ပြောသည်။

မြန်မာ နိုင်ငံသို့ ပထမဆုံး လာရောက်လည်ပတ်ခဲ့တာဖြစ်ပြီး ၁၀ ရက်တာ ကာလအတွင်း ငပလီ၊ပုဂံ ၊ မန္တလေး ၊ အင်းလေး ၊ ပဲခူးနဲ့ရန်ကုန်ကို လည်ပတ်ခဲ့သည်။

“သွားလည်ပတ်တဲ့ကာလအတွင်း Safe ဖြစ်ခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ နေရာတွေ လည်း ဖြစ်ပါတယ်။ အရင်နေရာတွေနဲ့ အရမ်းကွာခြားတဲ့ မြို့လို့ ခံစားရပါတယ်။ ခရီးစဥ် ကာလအတွင်း အဆင်ပြေခဲ့ပါတယ်။ မိခင်နိုင်ငံကို ပြန်သွားရင်လည်း recommend ပေးသွားပါမယ်။ မြန်မာပြည်အတွက်လည်း အမြန်ဆုံး ခရီးသွားလုပ်ငန်း ပြန်လည် ဖွံ့ဖြိုးတိုးတတ်လာပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ် “ဟု ရုရှားဘလော့ဂါ Olya Lukyanova က Travelling ၏ မေးမြန်းချက်ကို ပြန်လည် ဖြေ ကြားပေးခဲ့သည်။

ရုရှားဘလော့ဂါ Olya Lukyanova သည် Teen Daily မီဒီယာ၏ တွဲဖက်တည်ထောင်သူတစ်ဦးဖြစ်ပြီး အင်စတာဂရမ်တွင် Teen Daily ၏ Follow မှာ တစ်သန်းရှိကြောင်း သိရသည်။

Photo Credit – Olysi

ကလောမြို့၏ အထင်ကရ ဟိုတယ်တစ်ခု တောင်ပေါ်ရှုခင်းသာဟိုတယ်ကို ရောင်းချ

Travelling Journal

ထင်းရှုးမြို့တော်ဟု တင်စားခံထားရသည့် ကလောမြို့၏ အထင်ကရ ဟိုတယ် တစ်ခုဖြစ်ပြီး ရှုခင်းအလှဆုံး View Point တစ်ခု ဖြစ်သည့် Hill Top Villa Hotel (တောင်ပေါ်ရှုခင်းသာဟိုတယ်) ကို ပြန်လည် ရောင်းချ​တော့မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိကာလတွင် ခရီးသွား လုပ်ငန်း ကောင်း မွန်နေသည်ဟု မဆိုနိုင်သော်လည်း ပြီးခဲ့သည့် သုံးနှစ်ကျော် ကာလအတွင်း ၌ ခရီးသွား လုပ်ငန်းကြောင့် Tourism Industry တစ်ခုလုံး ယိုင်နဲ့ခဲ့ရပြီး ဟိုတယ်အများစုမှာ ဘဏ်တိုးများကြောင့် ဟိုတယ်တစ်ချို့ ဘဏ်များကို ရောင်း ချခဲ့သည့် ဖြစ်စဥ်များလည်း ရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ကတော့ အဲလိုမဟုတ်ပါဘူး။ ပိုင်ရှင်သဘောအရ ပြန်ရောင်းချတာပါ။ အခုတော့ နီးနီးစပ်စပ် Offer ထွက်ထားတာလည်း ရှိပါတယ်။ နိုင်ငံခြားသားလည်း ဝယ်လို့ရပါတယ်။ သိန်းကြီး ၂ သိန်း နဲ့ ရောင်းချမှာ ဖြစ်ပါတယ် “ဟု ယင်းဟိုတယ်မှ တာဝန် ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

ယင်းဟိုတယ်သည် ဓာတ်ပုံ ရိုက်ရန် အကောင်းဆုံး နေရာတစ်ခုဖြစ်ကာ ခရီးသွား အများစု မှာ ယင်းနေရာသို့ မဖြစ်မနေ သွားရောက်လည်ပတ်ကြလေ့ရှိကြောင်းသိရသည်။

“အခု ပြန်ရောင်းချမယ်လို့တော့ကြားတယ်။ လက်ရှိ က ဝင်​ကြေး ဘာညာတော့မပေးရပါဘူး။ နောက် ပိုင်ရှင် အသစ် ဖြစ်ရင်တော့ ဝင်ကြေး ကောက်မလား တော့ မသိဘူး။ အဲလိုကောက်မယ်ဆိုရင်တော့လည်း တနည်းတဖုံ စဥ်းစားရမယ် “ဟု ကလောအခြေစိုက် ခရီးသွား လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက Travelling သို့ ပြောသည်။

ကိုဗစ် ကာလအတောအတွင်းနှင့် နိုင်ငံရေးအခြေအနေ များကြားကာလတွင် နေပြည်တော် ၊ ပုဂံ၊ အင်းလေး၊ ကလော ၊ ချောင်းသာ ၊ ငွေဆောင် ၊ ငပလီ နှင့် ရန်ကုန် မြို့ရှိ ဟိုတယ် အလုံးရေ( ၁၀၀) ဝန်းကျင်ခန့်ကို ပိုင်ရှင်များက ပြန်ရောင်းချနေကြောင်း ဟိုတယ်လုပ်ငန်းအသိုင်းအဝန်းမှ သိရသည်။

Photo Hillto

အစိမ်းရောင်ကမ်းခြေဟု တင်စားခံထားရသည့် ငွေဆောင်ကမ်း​ခြေတွင် Luxury ဆန်ဆန် Ngwe saung Villa ကို စတင် ဖွင့်လှစ်

Travelling Journal

အစိမ်းရောင်ကမ်းခြေ (Green Ngwe Saung)ဟု တင်စားခံထားရသည့် ငွေဆောင် ကမ်းခြေ
တွင် Luxury ဆန်ဆန် Ngwe saung Villa ကို ခရစ္စမတ်အမှီ စတင် ဖွင့်လှစ်ထားပြီဖြစ်ကြောင်း Ngwe saung Villas ၏ ဒါရိုက်တာမှ Travelling သို့ ပြောသည်။

အဆုိပါ Ngwesaung Villa ကို မြေဧက ၁၆၀ ကျော်တွင် ရင်းနှီးမြှုပ်နှံထားပြီး လက်ရှိ ဆောက်လုပ်ပြီး Villas အလုံးရေ ၃၀ ကျော် ရ​ှိ​​ကြောင်း သိရသည်။

အသစ်စတင်ဖွင့်လှစ်လိုက်သည့် Phase 1 တွင် Holiday Villas နှင့် Delux Villas ကို ဖွင့်လှစ် ထားရှိပြီး Phase 2 တွင် Sweet Dream villas ဟု အမည်ပေးထားသည့် ပရောဂျက်ကိုလည်း ထပ်မံတည်ဆောက်သွားမည် ဖြစ်ကာ Hotel နှင့်မတူသည့် ခံစားချက်မျိုး ရရှိအောင် ထည့်သွင်း သွားမည် ဖြစ်​ကြောင်း သိရသည်။

“ကျွန်တော်တို့က Villas တွေကို ရောင်းချပေးပါတယ်။ beach မှာ ကိုယ်ပိုင် အိမ် တစ်လုံး ပိုင်ဆိုင် နိုင်တဲ့ အခွင့်အရေးလည်း ရနိုင်သလို လာရောက်မနေသေးနိုင်တဲ့ကာလတွေမှာလည်း ငှါးရမ်းထားလို့ ရတော့ ဝင်ငွေ ကို လည်း ရရှိစေနိုင်အောင် စီစဥ်ပေးပါတယ်။ ကမ်းခြေအရသာရော ၊ ပန်းခြံတွေနဲ့ Villas အရသာရော တစ်ခါတည်း ရရှိခံစားနိုင်အောင် ရည်ရွယ်ပြီးတော့ ဆောက်လုပ်ထားတာဖြစ်ပါတယ် “ဟု Ngwesaung Villas ၏ တာဝန် ရှိ သူ က Travelling သို့ ပြောသည်။

လက်ရှိအသစ်ဖွင့်လှစ်လိုက်သည့် Ngwesaung Villas တွင် လူဦးရေ( ၁၅) ဦးထိ တည်းခိုနေနိုင်ပြီး Villas တစ်လုံး ကို ငှားရမ်းမည်ဆိုပါက တစ်ညလျှင် ကျပ် ငါးသိန်း ကျသင့်မည် ဖြစ်ကြောင်း သိရသည်။

Villas ၏ ထူးခြားချက်မှာ Private ဆန်ဆန် မိသားစု တစုတဝေးနေထိုင်နိုင်ခြင်း ၊ မိတ်ဆွေ အပေါင်းအသင်းများနှင့် နေထိုင်နိုင်ခြင်း ၊ ကိုယ်ပိုင်ရေကူးကန် နှင့်အပန်းဖြေ နိုင်ကြောင်း သိရသည်။

Ngwe saung Villa ကို ချစ်သူများကျွန်းနှင့်မနီးမဝေးတွင် တည်ဆောက် ထားပြီး တောင်ပေါ်မြို့လေးတစ်မြို့ပေါ်တွင် နေထိုင်သည့် ခံစားမှု နှင့် ပင်လယ်ကမ်းခြေ၏ ခံစားမှု အရသာကိုလည်းပါဝင်စေနိုင်သလို သီးသန့် ကမ်း​ခြေ ဧရိယာတွင် အပန်းဖြေ အနားယူနိုင်သည့်ခံစားမှုများရရှိနိုင်ရန် နိုင်ငံ တကာအဆင့်မှီဥယျာဥ် တည်ဆောက် မှု နည်းပညာဖြင့် ဒီဇိုင်းရေးဆွဲထားပြီးတည်ဆောက်ထားခြင်း ဖြစ် ကြောင်း သိရသည်။

Photo -Ngwe saung Villa

ပျဥ်းမနားတွင် ရောင်စုံပန်းခင်းတောနှင့် ဓာတ်ပုံရိုက်ကူးပြီး Acivity များကို တစ်နေရာတည်းတွင် ပြုလုပ်နိုင်သည့် Sport Farm တစ်ခု ပေါ်ထွက်လာ

Travelling Journal

ပျဥ်းမနားမြို့တွင် လည်ပတ်စရာနေရာတစ်ခု အဖြစ် ရောင်စုံပန်းခင်း တောနှင့် ဓာတ်ပုံ ရိုက်ကူးပြီး Sport Acivity များကို တစ်နေရာတည်းတွင် ပြုလုပ်နိုင်သည့် Pnpt Sport Farm ကို ဖွင့်လှစ် ထားကြောင်း တည်ထောင်သူ က Travelling Journal သို့ ပြောသည်။

အဆိုပါ Pnpt Sport Farm ကို နေပြည်တော်ပျဥ်းမနားမြို့နယ် ၊ဘောဂသီရိရပ်ကွက် ရှိ မြေဧက ၁၀ ဧက ပေါ် ၌ ဖော်ဆောင် ထားကြောင်း သိရသည်။

Sport Farm အတွင်း ပေ၄၀ ×ပေ ၁၅၀ ကျယ်ဝန်းသည့် ဝါးအဆောက် အအုံကို တည်ဆောက်ထားပြီး ယင်း အတွင်း Waterboom ၊ မြင်းစီးခြင်း ၊ စွန်လွှတ်ခြင်း ၊သီချင်းသီဆိုခြင်း ၊ ရေကူးခြင်း ၊ စက်ဘီးစီးခြင်း ၊လမ်းလျှောက်ခြင်း စသည့် Activity များကို ပြုလုပ်နိုင်သည့် နေရာများကို ဖန်တီးပေးထားကြောင်း သိရသည်။

ထို့ပြင် ဒန့်သလွန် စိုက်ခင်းနှင့် သံပုယိုစိုက်ခင်းများအပါအဝင် ဟင်းသီးဟင်းရွက် စိုက်ခင်း များလည်းစိုက်ပျိုးပေးထားကြောင်းသိရသည်။

” ပန်းခင်းတွေ စိုက်ပျိုးပေးထားပါတယ်။ နေကြာပန်းခင်းတွေ ရယ် ၊ မေမြို့ ရောင်စုံပန်းခင်းတွေပါ စိုက်ပျိုးပေးထားတယ်။ ​ပျဥ်းမနားကိုရောက်တဲ့အခါ လည်ပတ်စရာ က နည်းတော့ အခုလိုမျိုး အားကစားကို အခြေ ခံပြီး ခရီးသွား များအပန်းဖြေလည်ပတ်လို့ ရမယ့် နားနေရာ တစ်ခုကို ဖော်ဆောင် ပေးချင်တဲ့ ရည်ရွယ် ချက်နဲ့ Sport Farm ကို တည်ထောင်ခဲ့တာပါ ။ ကျွန်တော်က စိုက်ပျိုးရေးကျောင်းဆင်းဖြစ်တဲ့အတွက် စိုက်ပျိုးရေးကိုအခြေခံပြီး ခရီးသွားလုပ်ငန်းကို ဦးတည် တဲ့ အများပြည်သူလေ့လာ အပန်းဖြေ လည်ပတ်စရာ နေရာတစ်ခုဖြစ်အောင် ဖော်ဆောငိသွားမှာပါ ” ဟု ခရီးသွားလုပ်ငန်း တည်ထောင်သူ က Travelling သို့ ပြောသည်။

လက်ရှိ တွင် ဝင်ကြေးအနေဖြင့် လူကြီးတစ်ဦးလျှင် ကျပ် ၁၀၀၀​ နှင့် ကလေးတစ်ဦးလျှင် ကျပ် ၅၀၀ သတ်မှတ်ထား ကြောင်း သိရသည် ။

Photo – Sport Farm

ကိုဗစ်ကာလအတွင်း ဖျက်သိမ်းခဲ့ရသည့် ခရီးစဥ်များကို ပြည်ပ​ လေကြောင်းလိုင်းတချို့ မှ ဗဟိုဘဏ် ပေါက်စျေးဖြင့် Refund ပြန်ပေးခြင်းကြောင့် ခရီးသွားကုမ္ပဏီတချို့ ခရီးသွားများနှင့် အခက်တွေ့

Travelling Journal

ကိုဗစ်ကာလ ကပ်ရောဂါ ဖြစ်ပွားခဲ့သည့် ကာလအတွင်း ဖျက်သိမ်းခဲ့ရသည့် ခရီးစဥ်များကို ပြပြည်ပလေကြောင်းလိုင်းတချို့မှ ဗဟိုဘဏ်ပေါက်စျေးဖြင့် Refund ပြန်ပေးခြင်းကြောင့် ခရီးသွားကုမ္ပဏီတချို့ ခရီးသွားဧည့်သည်များ နှင့် အခက်တွေ့ခဲ့ပြီး ခရီးသွားများ မကျေနပ်ဖြစ်နေသည့်အပေါ် ပြည်တွင်း ခရီးသွား ကုမ္ပဏီ တစ်ခုဖြစ်သည့် Tango Travel & Tour က လူမှုကွန်ယက်စာမျက်နှာတွင် တောင်းပန်ထားသည်ကို တွေ့ရသည်။

၂၀၂၂ ခုနှစ်၊ မတ်လ နှင့် ဧပြီလ အတွင်း သွားရောက် ရန် စီစဥ်ထားသည့် Kashmir ခရီးစဉ်အား Covid ကြောင့် ပိတ်သွားခဲ့သည့် အတွက် ခရီးစဉ်အားလုံး ဖျက်သိမ်းခဲ့ရပြီး နှစ်နှစ်ကျော်ကာလအထိ လေကြောင်း လိုင်းမှ Refund မအမ်းသေးပဲ စောင့်ဆိုင်းနေရပြီးနောက် ယခုအခါ Refund အား မြန်မာငွေ – ဗဟိုဘဏ်ပေါက်စျေး 2100 MMK နှင့် ခရီးသွား ကုမ္ပဏီ အားရှင်းပေးခြင်း ကြောင့် ခရီးစဉ် တွင်လိုက်ပါရန်စီစဥ်ထားသည့် ခရီးသွားတစ်ချို့ မကျေနပ်မှု ဖြစ်ပေါ်နေခြင်းကို ယင်း ခရီးသွား ကုမ္ပဏီ က ဖြေရှင်း တောင်းပန် ထားခြင်းဖြစ်ကြောင်းသိရသည်။

” ၂ နှစ်ကျော်ကြာတဲ့အထိ အကြောင်း အမျိုးမျိုးနဲ့ Airline က ပြန်မအမ်းသေးလို့ စောင့်နေခဲ့ရတဲ့ ကျွန်မတို့ရဲ့ clients အားလုံးကိုလဲ အရမ်းကိုအားနာရပါတယ် ။ အားလုံး ခက်ခဲနေချိန်မှာ အချိန် အကြာကြီး စောင့်နေခဲ့ရတာ။ တချို့ဆို အိမ်က မသိအောင် မုန့်ဖိုးလေးတွေ စုပြီး ဒီခရီးစဉ် လိုက်ချင်လွန်းလို့ deposit လာသွင်းထားကြတဲ့ ကလေးတွေလဲ ပါပါတယ် ။ တကယ်က Group က လူများပြီး amount အရမ်းများလို့ ကျွန်မလဲ စိုက်ဖို့ မရှိလို့သာ အဲလိုင်းက ပြန်အမ်းတဲ့ထိ စောင့်နေခဲ့ရတာ ။ amount သိပ်မများရင် အရင်ထဲက တခြား group တွေလိုပဲ စိုက်ရှင်းပေးခဲ့တယ် ။ တနေ့ တနေ့ Airline Refund ဘယ်တော့ ပြန်ပေးမှာလဲ။ပေးရော ပေးပါတော့မလား ဆိုပြီး ၂ နှစ်ကျော် စိတ်တွေလဲ ဖိစီးခဲ့ရတာပါ။ အခု အဲလိုင်း ဘက်က refund ကို မြန်မာငွေ – ဗဟိုဘဏ်ပေါက်စျေး 2100 MMK နဲ့ ရှင်းပေးတော့ တချို့ ဧည့်သည်တွေက အပြင်ပေါက်စျေး သို့ USD အရွက်တွေ ပြန်အမ်းပေးတာ လိုချင်ကြတာပေါ့။ဒီလိုပေးတာ မယူချင်ကြဘူး။ ကျွန်မလဲ သူတို့ နေရာဆို အဲလိုပဲနေမှာပါ ။ ဒါပေမယ့် Airline ဘက်က ဒီလိုပဲ လုပ်ပေးတာမို့ နားလည်ပေးဖို့ လက်ခံပေးဖို့ပဲ Request လုပ်ပါတယ် နော်”ဟု လူမှုကွန်ယက်စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ထို့ပြင် အဆိုပါ Airline က ပို့ပေးသည့် အီးမေးများကိုလည်း တင်ပြဖော်ပြထားခြင်းကို တွေ့ရှိရသည်။

လေကြောင်း လိုင်းဘက်မှ Refund ပြန်အမ်းပေးခြင်းနှင့် ပတ်သက်ပြီး တာဝန်ယူထားသည့် AVAREPS Myanmar ကုမ္ပဏီ ဘက်သို့ Travelling မှ ဆက်သွယ်မေးမြန်းရာတွင် မီဒီယာသို့ ဖြေ ခွင့်မရှိ​​ ကြောင်းနှင့် Travel Agent များကိုသာ ဖြေပေးမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“တစ်ချို့အဲလိုင်းတွေ က ပြန်မအမ်းသေးတာတွေရှိတယ်။ ဒါမယ့်အမတို့ ကုမ္ပဏီ ကတော့ လေ ကြောင်းလိုင်းဘက်က ပေးမလားဆိုပြီး အဲဒီတုန်းက ၆လ လောက် စောင့်ခဲ့သေးတယ်။ မပေးလာတဲ့အဆုံး ကျွန်မ တို့ စိုက်ပြီး ပြန်အမ်းပေးခဲ့ပါတယ်။ တစ်ချို့ လေ ​ကြောင်းလိုင်း က ပြန်မအမ်းပေးသေးဘူး။ ဒါပေမဲ့ Ticket အစားထိုးပြန်လုပ်ပေးမယ်ပြောပါတယ်။ အခုထိ မပေးသေးတဲ့ လေ ကြောင်းလိုင်းတွေလည်း ရှိပါတယ်” ဟု OutBound Tour လုပ်ကိုင်နေသည့် ပြည်တွင်းခရီးသွားကုမ္ပဏီတစ်ခုက တာဝန်ရှိသူ ကလည်း Travelling သို့ ပြောသည်။