ခရီးသွား Tour Site တစ်ခုဖြစ်သည့် လွိုင်မွေတောင်သို့ ဒေသတွင်း ခရီးသွားများ လည်ပတ်မည်ဆိုပါက Quarantine ဝင်ရောက်စရာမလို

#Travelling journal

ပြည်တွင်း ပြည်ပ ခရီးသွား Tour Site တစ်ခုဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံ မြို့၏ တောင်ပေါ် စခန်းမြို့ လွိုင်မွေတောင်သို့ ဒေသတွင်း ခရီးသွား များလာရောက်လည်ပတ်မည်ဆိုပါက Quarantineဝင်ရောက်စရာမလို ကြောင်း ကျိုင်းတုံခရိုင် COVID 19ကာကွယ်တားဆီး ထိန်းချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း က Travelling journal သို့ ပြောသည်။

လက်ရှိ လွိုင်မွေတောင် ပေါ် တွင် ချယ်ရီပန်းများပွင့်နေသည့် ကာလဖြစ်၍ ဒေသတွင်းခရီးသွားများအနေဖြင့် လည်ပတ်နိုင်သော်လည်း ရန်ကုန်မြို့မှ လာရောက် မည်ဆိုပါက Quarantine ဝင်ရောက်ရမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက Travelling journal သို့ ပြောသည်။

အဆိုပါ လွိုင်မွေမြို့သည် တောင်စခန်းမြို့ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၅၅၄၂ ရှိပြီး ကျိုင်းတုံမြို့နှင့် မိုင် (၃၀) ခန့်ကွာဝေး ကြောင်း သိရသည်။

” ရန်ကုန်ကဆို ဝင်ရတယ်။ ပုံမှန်အားဖြင့် ကတော့ ၇ ရက်ပေါ့။ လေယာဥ် ပေါ် စီးလာတဲ့သူတွေထဲက P ဖြစ်ခဲ့ရင် နည်းနည်းထပ်ကြာမယ်။ သုံးရက်တို့ ၁၀ ရက်တို့ ထပ်တိုးမယ်”ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ( ကျိုင်းတုံ) မှ လက်ထောက်ညွန်ကြားရေးမှူးဦးစန်းလှိုင် က Travelling journal သို့ပြောသည်။

ကျိုင်းတုံ မြို့သို့ လာရောက်မည့် ဒေသတွင်း ခရီးသွားများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်ထောက်ခံစာ ပါရှိရမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဟဲဟိုးက လာမည်ဆိုပါက လာရောက်မည့် သူသည် ဒေသခံ ဟုတ်မဟုတ်ကို မသိရှိနိုင်သဖြင့် ရပ်ကွက် သို့မဟုတ် မြို့နယ် ထောက်ခံစာ ပါရှိရမည် ဖြစ် ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှုး ဦးစန်းလှိုင် က Travelling Journal သို့ ပြောသည်။

လာရောက်လည်ပတ်သည့်ဒေသတွင်းခရီးသွားများအနေဖြင့် ကျန်းမာရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက် များကို လိုက်နာပေးရန် လိုအပ်ကြောင်းသိရသည်။

နှစ်စဥ် ဒီဇင်ဘာလမှ ဇန်နဝါရီလ အတွင်း လွိုင်မွေ တောင်ပေါ်တစ်ခုလုံး ချယ်ရီပန်းပွင့်ပြီး ထိုင်းခရီးသွားများ မဖြစ်မနေ လာရောက်လည်ပတ်ကြသော်လည်းကိုဗစ်ကပ်ရောဂါ ကာလတွင် ပြည်ပခရီးသွားများ မလာရောက်နိုင်တော့ကြောင်း သိရသည်။

Photo SaiNge

ငပလီကမ်းခြေအခြေစိုက် ဟိုတယ်နှင့်တည်းခိုရိပ်သာ ငါးလုံး စတင်ဖွင့်လှစ်

Travelling journal

နာမည်ကျော်ကမ်းခြေတစ်ခုဖြစ်သည့် ငပလီကမ်းခြေတွင် ဟိုတယ်နှင့်တည်းခိုရိပ်သာ ငါးလုံးကို ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် ဟိုတယ် ခရီး တာဝန်ခံဦးရဲအောင်မိုးက Travelling journal သို့ပြောသည်။

” လေကြောင်းနဲ့လာတဲ့သူတွေက Q ဝင်စရာမလိုဘူး။ လက်ရှိ ဧည့်သည်ကလည်း ခုချိန်ထိမလာသေးဘူးဆိုတော့ လာရင် ဒေသအာဏာပိုင်တွေနဲ့ပြန်ညှိပေးရမှာဖြစ်ပါတယ်”ဟု ဦးရဲအောင်မိုးက Travelling journal သို့ပြောသည်။

အဆိုပါ ငါးလုံးမှာ ဟိုတယ်နှစ်လုံးနှင့် အဆင့်မြှင့် တည်းခိုရိပ်သာသုံးလုံးကို ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွန်ချက်နှင့်အညီ SOP ဖြင့် ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်း သိရသည် ။

ဖွင့်လှစ်ပေးထားသည့်ဟိုတယ်ငါးလုံးမှာAmazing Ngapali Resort Hotel၊ AZ Family Resort Hotel၊ Royal Linthar Lodge၊ Kyaw Myanmar Lodgeနှင့် Htein Linn Thar Guest House တို့ဖြစ်ကြောင်းသိရသည်။

” ဦးတို့ကတော့ ဖွင့်ချင်တာပေါ့။ စစ်ဖို့ တင်ပြထားပါတယ်။ ခွင့်ပြုချက်ရမှ ဖွင့်လို့ရမှာဖြစ်ပါတယ်။ တကယ် လို့ ပြန်ဖွင့်ရမယ်ဆိုလာရင် ဟိုတယ်ခန်းခနှုန်းထားတွေကိုလည်း လျော့ချပေးသွားဖို့ အစီအစဥ်တွေ ရှိပါတယ်”ဟု ငပလီကမ်းခြေအခြေစိုက် ဟိုတယ်လုပ်ငန်းရှင်တစ်ဦးကလည်း Travelling journal သို့ ပြောသည်။

ထို့ပြင် ငပလီကမ်းခြေအခြေစိုက် ဟိုတယ် ၁၀ လုံး နှင့် အဆင့်မြင့်တည်းခိုရိပ်သာ ၇ လုံးကလည်း ဖွင့်လှစ်ပေးရန် ထပ်မံတင်ပြထား​ကြောင်းသိရသည်။

Photo Amazing Ngapali Resort Hotel FB

ရွာငံတွင် လက်ဖက် နှင့် ကော်ဖီ အခြေခံသည့် ခရီးစဥ်ကို စတင်အကောင်အထည်ဖော်မည်

#Travelling Journal

ရှမ်း​ပြည်နယ်၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရွာငံတွင် လက်ဖက် နှင့် ကော်ဖီ ကို လေ့လာကြည့်ရှု နိုင်မည့်ခရီးစဥ်များကို စတင် ဆောင်ရွက် သွားမည်ဟု ရွာငံခရီးသွားဖွံ့ဖြိုးရေး အဖွဲ့ Ywangan Tourism Organization (YTO)မှတွဲဘက် အတွင်းရေးမှူးဦးကျော်သန်းက Travelling Journal သို့ ပြောသည်။

ယင်းကဲ့သို့ ခရီးစဉ်ဖော်ဆောင်နိုင်ရန် နိုင်ငံတကာ ကုန်သွယ်မှု ဗဟိုဌာန (ITC)နှင့် ပူးပေါင်းပြီး ၂၀၂၀-၂၀၂၂ နှစ်နှစ်အတွင်း အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

’’ လက်ဖက်နဲ့ ကော်ဖီကိုအခြေခံပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖြစ်ပေါ်လာအောင် ခရီးစဉ်တွေ ရေးဆွဲနေပါတယ်။သင်တန်းတွေပို့ချနေတယ်။ ထုတ်ကုန်တွေကို တန်ဖိုးမြှင့်ထုတ်ကုန်တွေ ဖြစ်လာအောင် သင်တန်းတွေ ပို့ချမယ်။ ခရီးစဉ် ရှာဖွေရေးဆွဲခြင်းတွေကို ITC နဲ့လက်တွဲပြီး ဆောင် ရွက်နေပါတယ်။ လုပ်နေတာက ၆လလောက်ပဲရှိပါသေးတယ်၊ကိုဗစ်ဖြစ်တော့ ခဏရပ်နား ထားပါတယ်’’ဟု ၎င်းက ပြောသည်။

ခရီးစဉ်တိုင်းတွင် လက်ဖက်နှင့်ကော်ဖီကို သွားရောက်လေ့လာသည့်ခရီးစဉ်များကို ထည့်သွင်း ထားသလို ဂူလေ့လာ ရေးခရီးစဥ်နှင့်တွဲဖက်ပြီး နေ့ချင်းပြန်ခရီးစဉ်နှင့် ညအိပ်ခရီးစဉ်များ အမျိုးမျိုးကို ထည့်သွင်း ရေးဆွဲထားပြီးဖြစ်ကြောင်း သိရသည်။

ကော်ဖီထုတ်လုပ်ပုံများကို အနီးကပ်​လေ့လာနိုင်မည့် အပြင်ကော်ဖီခြံများနှင့်လက်ဖက်ခြံများသို့သွားရောက်လည်ပတ်ပြီး ကိုယ်တိုင် လေ့လာကြည့်ရှုနိုင်သလို ရွာငံရှိ View Point များကိုလည်း သွားရောက်လေ့လာခြင်းများ ပါဝင် ကြောင်း သိရသည်။

ယင်းအပြင် ပြဒါးလင်းဂူခရီးစဉ် အတွက်လည်း ITC နှင့် ပူးပေါင်းပြီး ခရီးစဉ်နှစ်ကြောင်း ရေးဆွဲထားပြီး ဖြစ် ကြောင်း သိရသည် ။

“ရွာငံကော်ဖီတိုးကို ကျွန်တော် သုံးလေးတိုးလောက်စလုပ်ကြည့်တယ်။ တော်တော်လေး အဆင်ပြေတယ်ခင်ဗျ။ ကော်ဖီခြံမှာ ကော်ဖီသီးခူးမယ် ။ ဓာတ်ပုံရိုက်လို့ရတယ်။ ကော်ဖီမှည့်တဲ့ အချိန်လာရင် ကိုယ်တိုင်ခူးဆွတ်လို့ရတယ်။ ကော်ဖီစေ့ကို ဘယ်လို လှော်၊ ဘယ်လိုထောင်း၊ ဘယ်လိုကြိတ်မယ်ဆိုတာကို လေ့လာလို့ရတယ်။ ပြီးတော့ ကိုယ်တိုင်ဖျော်သောက်လို့ရတယ်’’ဟုရွာငံအခြေစိုက် Kaung kaung Travel& Tour ပိုင်ရှင် က ပြောသည်။

လက်ရှိ ရွာငံတွင် ရှိသည့် ကော်ဖီစက်ရုံများမှာ ဉာဏ်ကြီးရှင် ကော်ဖီ၊အမရာကော်ဖီ၊ရွှေရွာငံကော်ဖီ၊
ရွှေသိင်္ဂီကော်ဖီမိသားစုလုပ်ငန်း၊ ရွှေတောင်သူ ကော်ဖီလုပ်ငန်း၊ မြစေတီ ကော်ဖီ၊ရနံ့သစ်ကော်ဖီစသည့် လုပ်ငန်းများရှိကြောင်း သိရသည်။

ယင်းအပြင် သြဂဲနစ်လက်ဖက်စို နှင့် လက်ဖက်ခြောက် စက်ရုံများမှာ မြစေတီကျေးရွာတွင် စက်ရုံနှစ်ရုံရှိပြီး ပလိုင်း Green Tea စက်ရုံ ၊ ဓနုမင်းသား လက်ဖက်စို/လက်ဖက် ခြောက်မိသားစု ထုတ်ကုန်လုပ်ငန်း၊ ရှမ်းရွှေတော် Green Tea နှင့် လက်ဖက်စို စက်ရုံ ၊ ရေချမ်းပြင်ကျေးရွာ တွင် ကမ္ဘောဇ ဓနုမြေ သြဂဲနစ် လက် ဖက် စက်ရုံများလည်း ရှိကြောင်း သိရသည်။

လက်ဖက်ခရီးစဉ် လေ့လာသူများအနေဖြင့် မတ်လ မှဒီဇင်ဘာလအထိ လာရောက် လေ့လာနိုင်ပြီး ကော်ဖီလေ့လာရေးအကောင်းဆုံးအချိန်မှာ ကော်ဖီသီးမှည့်သည့် နိုဝင်ဘာလမှ မတ်လအထိ အကောင်းဆုံးအချိန်ဖြစ်ကြောင်း သိရသည်။

Photo Kyaw Than

ငပလီကမ်းခြေကို စင်းလုံးငှား လေယာဥ်ခရီးစဥ် ဖြင့် ပျံသန်းပြီး ဟိုတယ် အနားယူ၊ လျှောက်လည် သည့် Day Trip ပုံစံမျိုး ခရီးစဥ် ဆွဲရန် UMTA မှ တင်ပြ

#Travelling journal

နာမည်ကျော် ကမ်းခြေတစ်ခုဖြစ်သည့် ငပလီကမ်းခြေ ကို စင်းလုံးငှား လေယာဥ်ခရီးစဥ် ဖြင့် ပျံသန်းပြေးဆွဲကာ ဟိုတယ် တွင် အနားယူပြီး လျှောက်လည်သည့် Day Trip ပုံစံမျိုး ခရီးစဥ် ဆွဲရန် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းမှ တင်ပြလာကြောင်း ရခိုင် ပြည်နယ် ဟိုတယ်ခရီးတာဝန်ခံ ဦးရဲအောင်မိုးက Travelling journal သို့ပြောသည်။

” ဒီ နေ့ နေ့လည်က ခရီးသွား လုပ်ငန်း ကော်မတီအစည်းအဝေး လုပ်တယ်။အဲဒီ အစည်းအဝေးမှာ ငပလီကို Day Return Trip ပုံစံမျိုး လေယာဥ် နဲ့လာလည်မယ်။ လျှောက်လည်မယ်။ ပြီး ရင် ဒီလေယာဥ်နဲ့ပြန်မယ်။ အဲဒီလို UMTAဘက်က တင်ပြလာတယ်။ ကျွန်တော်တို့ပြည်နယ်ဝန်ကြီးကလည်း အစီအစဥ် လုပ်တော့မယ်ဆိုရင် ကြိုပြောပေး။ဒီဘက်ကလည်း အားလုံးပါဝင်ဆောင်ရွက် ပေးမယ်လို့​အကြောင်းပြောထားပါတယ်”ဟု ရခိုင်ပြည်နယ် ဟိုတယ်ခရီးတာဝန်ခံ ဦးရဲအောင်မိုးက Travelling journal သို့ပြောသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ လည်း Pilot Project အနေဖြင့် ငပလီသို့ Day Return ပုံစံမျိုးဆွဲသွားရန် တင်ပြထားသည်မှာ မှန်ကန်ကြောင်း UMTAအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က Travelling journal
သို့ပြောသည်။

ထို့ပြင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှလည်းလက်ရှိတွင် ခရီးသွားလုပ်ငန်း များပြန်လည်စတင်နိုင်ရန်အတွက် ဝန်ကြီးဌာန မှ PR ကမ်ပိန်းများပြု လုပ်နေသလိုSafe Tourism Myanmar Stamp အား မြှင့်တင်ပေးနေ
ကြောင်း ဒုဝန်ကြီး ဦးတင်လတ်က ပြောကြားထားသည်။

ဟိုတယ်နှင့်ခရီးသွားလာ​ရေးဝန် ကြီးဌာနမှ ကနဦး ဆောင်ရွက်သွားမည့်ခရီးစဥ်လေး မျိုးထဲတွင် အပျော်စီးလေယာဉ်ခရီးစဉ်(Non Landing Sightseeing Flights Tour)နှင့် မြစ်တွင်းသင်္ဘောခရီးစဉ်တို့ကို ဆောင်ရွက်ပြီး
ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ငပလီကမ်းခြေ တွင် ကျန်းမာရေး ဝန်ကြီး ဌာန ၏လမ်းညွန်ချက်များနှင့်အတူ ငပလီ အခြေစိုက် ဟိုတယ် ငါးလုံးဖွင့်လှစ်ပေးထားကြောင်းသိရသည်။


လေယာဥ် ခရီးစဥ် ဖြင့်သွားရောက်ရမည့်ခရီးသွားများ မှာ ကိုဗစ် ရောဂါရှိမရှိစစ်ဆေးခြင်းကိုဆောင်ရွက်ပြီး Negative ဖြစ်မှသာ ခရီးသွားလာခွင့်ရှိကြောင်း သိရသည်။

Photo Ko Soe Lin

ရန်ကုန်မြစ်တွင်းညနေခင်း အပျော်စီး သင်္ဘောခရီးစဥ် ပြန် စတင်

Travelling journal

COVID 19 ရိုက်ခတ်မှုကြောင့်မြန်မာ့ခရီးသွားလုပ်ငန်း ရပ်ဆိုင်းခဲ့ပြီးနောက် ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရေးအတွက် ကနဦးခြေလှမ်းအနေဖြင့် ရန်ကုန်မြစ်တွင်းညနေခင်း အပျော်စီး သင်္ဘောခရီးစဥ်ကို ဒီဇင်ဘာ ၂၀ရက်တွင် ပြန်လည်စတင်ခဲ့သည်။

ရန်ကုန်မြစ်တွင်းခရီးစဥ်ဖြစ်သည့် ဗိုလ်တထောင် – ဘုရင့်နောင်-မြစ်သုံးဆိုင် – ဗိုလ်တထောင်ခရီးစဥ်နှင့်ဗိုလ်တထောင် – မြစ်သုံးဆိုင် -ပဲခူးမြစ်- ဗိုလ်တထောင်ခရီးစဥ်တို့ကို ကျောက် တံတားမြို့နယ်ရှိ ကျန်းမာရေး ဆိပ်ကမ်းမှ ညနေ၄နာရီမှ စတင်ထွက်ခွာခဲ့သည်။

ယင်းခရီးစဥ်ဖြစ်မြောက်ရန်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွန်မှုနှင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညှိနှိုင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှအကောင်အထည်ဖော်ခဲ့သည်။

ဟိုတယ်နှင့်ခရီးသွားလာ​ရေးဝန် ကြီးဌာနမှ ကနဦး ဆောင်ရွက်သွားမည့် ခရီးစဉ်များမှာ အပျော်စီးလေယာဉ်ခရီးစဉ်(Non Landing Sightseeing Flights Tour)၊မြစ်တွင်းသင်္ဘောခရီးစဉ်၊ကုန်းတွင်းယာဉ်တန်းနှင့်အဏ္ဏဝါ ခရီးသွားလုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်သည်။

မိုးကောင်း မြို့၏ ပထမဆုံးခရီးစဥ်သစ်အဖြစ် လွယ်ဟင်းချယ်တောင် တိမ်ပင်လယ် – ကြာအင်းရွာ – ရွှေဝက်တိုးဘုရားလမ်းကြောင်းကို ဖော်ဆောင်မည်

Travelling journal

ကချင်ပြည်နယ် မိုးကောင်း မြို့၏ အမြင့်ဆုံးတောင်ဖြစ်သည့် လွယ်ဟင်းချယ်တောင် တိမ်ပင်လယ်ကြည့်ရှုပြီး တောင်ခြေရှိ ကြာအင်းရွာ နှင့် ရွှေဝက်တိုး ဘုရား ဖူး လမ်းကြောင်းခရီးစဥ်သစ်ကို ဖော်ဆောင်မည်ဟု မြစ်ကြီးနား အခြေစိုက် နွေဦးခရီးသွားကုမ္ပဏီ မှ ဒါရိုက်တာဒေါ်ရွှေရွှေမြင့်က Travelling journal သို့ ပြောသည်။

မိုးကောင်းမြို့မှကြာအင်းရွာသို့ သွားရောက်ပြီး ကြာအင်းရွာတောင်​ခြေမှ တောင်ပေါ်သို့ တစ်နာရီဝန်းကျင်ခန့် လမ်း​လျှောက်ရမည်ဖြစ်ကာ တိမ်ပင်လယ် ကိုကြည့်ရှုပြီးနောက် ရွှေဝက်တိုးဘုရားကို သွားရောက်ပြီးဖူးမြှော်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မိုးကောင်းမြို့ လွယ်ဟင်း​ချယ်တောင်၏ တိမ်ပင်လယ် သည် နိုဝင်ဘာ လမှ ဖေဖေါ်ဝါရီလအထိ တိမ်ပင်လယ်ကို မြင်တွေ့နိုင်ပြီး တောင်ပေါ်မှ ၃၆၀ ဒီဂရီ ပတ်လည်​မြင်ကွင်းအထိ မြင်တွေ့ခံစားနိုင်ခြင်းက ထူးခြားမှု ဖြစ်
ကြောင်း ကချင်ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဦးခိုင်ဝင်းက Travelling journal သို့ ပြောကြားသည်။

မိုးကောင်းမြို့၏ တိမ်ပင်လယ်ခရီးစဉ်ဒေသသစ်ဖော်ဆောင်နိုင်ရန် အတွက် ဒီဇင်ဘာ လ (၁၉) ရက်တွင် ကချင်ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဦးခိုင်ဝင်းနှင့်အဖွဲ့မှ သွားရောက်လေ့လာ ကွင်းဆင်းခဲ့သည်။

” လွယ်ဟင်းချယ် တောင်ပေါ်ကနေ တောင်ခြေကို ဆင်းလာတဲ့အခါမှာ နောက်ထပ် ၁၀ မိနစ်လောက်ပဲ သွားရင်
ရွှေဝက်တိုးဘုရားကို ရောက်တယ်။ အရင်က နာမည်ကြီးခဲ့တဲ့ဘုရား။ လူတွေက မဖော်ဆောင်မိတော့ တိမ်မြှုပ်နေသလိုဖြစ်သွားတာ”ဟု မိုးကောင်း ဒေသခံ တစ်ဦးက ပြောသည်။

ထို့ပြင် မိုးကောင်းမြို့၏ ကျောက်ဝိုင်းမှာ ယခင်က တည်းက နာမည်ကြီးခဲ့သည့် ကျောက်ဝိုင်းဖြစ်သလို မန္တလေး ကျောက်ဝိုင်း မိုးကုတ်ကျောက်ဝိုင်းထက် ပိုပြီး စောသည့် ကျောက်ဝိုင်းဖြစ်သော်လည်း တိမ်မြှုပ်ခဲ့ခြင်းကြောင့် ပြန်လည် ပေါ်ပေါက်လာရန်အတွက် မိုးကောင်းကျောက်ဝိုင်းကို ပြန်လည် ဖော်ထုတ်သွားရန်ကြိုးစားနေကြောင်းဒေသခံများထံမှ သိရသည်။

ထို့ပြင် မိုးကောင်းမြို့ နန့်ရင်းရပ်ကွက် တွင် ကျောက် သွေးလုပ်ငန်းလုပ်သည့် အိမ်များရှိပြီး အရိုင်းမှ အချောထိ အဆင့်ဆင့်ကျောက်သွေးရသည့် မြင်ကွင်းများကို လေ့လာနိုင်ကြောင်း သိရသည်။

” တောင် ပေါ်ကနေ ဆင်းလာပြီး ရင်ဘုရားကိုသွားမယ်။ ပြီးရင် ကျောက်သွေးတဲ့ အိမ်တစ်အိမ်နှစ်အိမ်ကို ခေါ်သွားပြမယ်။ရန်ကုန် ၊ မန္တလေး ကနေ လာတဲ့ဧည့်သည်ဖြစ်ဖြစ် နယ်စပ်ကလာတဲ့တရုတ်ဧည့်သည်ပဲ ဖြစ်ဖြစ် ကျောက်သွေးလုပ်ငန်းကိုပြမယ်။ဘယ်လိုထွင်းတယ်ဆိုတာကိုပြပေးမယ်။ မိုးကောင်းကို ပြည်တွင်းပြည်ပ ခရီးသွား တွေ လာရောက်စေလိုတာမို့ ကြိုးစားသွားမယ်”ဟု နွေဦးခရီးသွားကုမ္ပဏီ မှ ဒါရိုက်တာ ဒေါ်ရွှေရွှေမြင့်က Travelling journal သို့ ပြောသည်။

ထို့ပြင် ဒေသခံတစ်ဦးဖြစ်သည့် ဦးဝင်းနိုင်က မိုးကောင်း ဒေသထွက်အစားအစာများ မိုးကောင်းဒေသ၏ မိရိုးဖလာကျောက်သွေးလုပ်ငန်းများကိုလည်းလေ့လာနိုင်ကြောင်း ပြောကြား သည်။

မြစ်ကြီးနားလာရောက်သည့် ခရီးသွားအများစုအ​​ဖြင့် မြစ်ဆုံ လည်ပတ်ပြီးပါက ခရီးစဥ် ပြီးဆုံးသွားပြီးလည်ပတ်စရာမရှိတော့သည့်အနေအထားဖြစ်​နေသည့်အတွက် မိုးကောင်းမြို့သို့လာရောက်လည်ပတ်စေလိုပြီး
ခရီးစဥ် ဒေသအဖြစ် ပေါ်ပေါက်လာစေလိုခြင်းဖြစ်​ပြီးမိုးကောင်းမြို့၏ တိမ်ပင်လယ်ခရီးစဉ်ဒေသသစ်ဖော်ဆောင်နိုင်ရေးအတွက် “We Love Mogaung” Group နှင့် နွေဦးခရီးသွားကုမ္ပဏီတို့မှ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လွယ်ဟင်းချယ် တောင်ပေါ်သို့ နေ့စဥ် မြစ်ကြီးနား နှင့် မိုးကောင်းဒေသခံ လူဦးရေ ၁၀၀ ကျော် တက်ရောက်လျက်ရှိကြောင်း သိရသည်။

ကလော – အင်းလေး Trekking လျှောက်ရင်း ပတ္တူပေါက်ကျေးရွာရှိ တိမ်ပင်လယ်ရှုခင်းအလှကို ကြည့်ရှုခံစားနိုင်

Travelling journal

ကလော -အင်းလေး Trekking လမ်းကြောင်းပေါ် ရှိ ခရီးသွားဧည်သည့် အများစု ညအိပ်စခန်းအဖြစ် အခြေ ချသည့် ပတ္တူပေါက်ကျေးရွာတွင် Trekking လျှောက်ရင်း တိမ်ပင်လယ်ရှုခင်းအလှ ကို ခံစားကြည့်ရှုနိုင်ကြောင်း ရွာဒေသခံဧည့်လမ်းပြ ဖြစ်သူ ဦးဝေလျှံဖြိုးက Travelling journal သို့ ပြောသည်။

အဆိုပါကျေးရွာမှာ ကလောမြို့နယ် ငုတ်ကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ပအို့ဝ်းတိုင်းရင်းသားများနေထိုင်ကြသည့်ကျေးရွာဖြစ်ကာ အိမ်ခြေ ၂၅၀ နီးပါးရှိကြောင်းသိရသည်။

’’ကလောက လာတဲ့ ညအိပ်ခရီးသွားတွေဆိုရင်ကျွန်တော် တို့ ရွာမှာပဲ Camp ညအိပ်ကြတယ်။ တခြားပြည်တွင်းခရီးသွားလုပ်တဲ့ သူတွေလည်း Camp နဲ့ အိပ်ကြတာရှိတယ်။ တောင်ပေါ်ကိုတော့ ဘယ်သူမှ တက်မကြည့်ကြဘူး”ဟု ဦးဝေလျှံဖြိုးက Travelling journal သို့ပြောသည်။

တောင်ကြီးမှ လာရောက်မည်ဆိုပါက အောင်ပန်းမြို့သို့ တစ်နာရီ ဝန်းကျင်သွားရပြီး ထိုမှတဆင့် ပတ္တူပေါက် ကျေးရွာသို့ ၄၅ မိနစ် ဝန်းကျင် ခန့်ထပ်မံ သွားရောက်ရမည်ဖြစ်ကာ ကျေးရွာမှ တဆင့် တောင်ပေါ်သို့ နာရီဝတ်ခန့် Trekking လျှောက်ရုံဖြင့် တိမ်ပင်လယ် ကြည့်ရှုနိုင်သည့် တောင်ကုန်းပေါ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အောင်ပန်းမြို့မှလာရောက်မည်ဆိုပါက အင်းတိန် သွားသည့် ကားလမ်းအတိုင်း လာရောက်ပါက မြေခြားရွာသို့ရောက်ရှိမည်ဖြစ်ကာ ထိုမှတဆင့် ငါးမိနစ်ခန့်ကြာပါက ပတ္တူပေါက် ရွာသို့ ရောက်ရှိမည်ဖြစ်ကြောင်း
သိရသည်။

“ပထမဆုံးသွားရောက်လေ့လာခဲ့တာပါ။အခု ဒီ လမ်း ကြောင်း က သွားနေကြ မြင်နေကြ ပုံစံမျိုးမဟုတ်ဘဲ
တမူကွဲထွက်နေတာပေါ့။ ခါတိုင်းသွားနေကျရင်ပင်းတယ-ရွာငံဘက်သွားတဲ့ တွေ့ရတဲ့ပုံစံက ဗျုးအကျယ်ကို တွေ့ရတယ်။ ဒီဘက် ဗျူးကတော့ ဗျူးမကျယ်ဘူး။ တောင်ကုန်းလေးတွေနဲ့ တွေ့ရတဲ့ ဟာလေးတွေက နည်းနည်းအမြင်တမျိုး ဆန်းတာမျိုးဖြစ်တယ်။ နောင်ချိုမှာကျတော့ ဒုဋ္ဌဝတီမြစ်ကနေ တက်လာတဲ့ တိမ်အလှက တစ်မျိုး၊အခု ပတ္တူပေါက်ကျတော့ တိမ်ရဲ့အောက်မှာစိုက်ခင်းတွေ့ရတယ်၊ကျွန်တော်ရောက်သွားတာက မနက် ၇ နာရီလောက်မှ ရွာထဲ ရောက်သွားတာ၊ ရွာထဲမှာ မြူတွေကျနေတာတော့ ကျန်နေသေးတယ်။ ရှိတော့ရှိပါ
မလားဆိုပြီး တောင်ပေါ် ခေါ်တက်သွားတော့ တိမ်ပင်လယ်ကို တွေ့ရတော့ အရမ်းအံ့သြသွားတယ်။
၈ ခွဲလောက် ထိကို ရှိနေသေးတယ်။ဒီနေရာကိုရောက်လာရင် တစ်မျိုးတစ်ဖုံ နေရာတွေဘယ်လောက်ပဲ လည်ခဲ့လည်ခဲ့ ဒီဒေသရဲ့ရသ အသစ်လေးကို ရောက်တဲ့ သူတိုင်းရဲ့ စိတ်ထဲမှာတော့ စွဲကျန်ခဲ့မှာပဲ’’ ဟု သွားရောက် လေ့လာခဲ့သည့် ကိုအောင်မျိုးက ပြောပြသည်။

အဆိုပါကျေးရွာသို့ပြည်တွင်းခရီးသွားများပိုပြီး လာရောက်စေချင်ကြောင်း မနက်စောစော တိမ်ပင်လယ်ကြည့် ပြီး ရွာထဲလေ့လာလည်ပတ်ကာ ဝါးရက်လုပ်သည့် မြင်ကွင်းများကိုလေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။

Photo Sai Aung Myoe

သနတ္တန်း ၊ ဇုတ်သုတ်၊ကေလာသ၊မုသင်နှင့် ဒရယ် ရွာ တို့ကို ခရီးစဥ်ဒေသသစ်အဖြစ် အကောင် အထည်ဖော်မည်

Travelling Journal

ပဲခူးတိုင်းဒေသကြီး သနပ္ပင်မြို့နယ်ရှိ သနတ္တန်းကျေးရွာ၊ မွန်ပြည်နယ်ဘီးလင်းမြို့နယ်ထဲရှိ ဇုတ်သုတ်ကျေးရွာ၊ ကေလာသတောင် ၊မုသင်ကျေးရွာ၊ ချောင်းဆုံ မြို့နယ်ရှိ ဒရယ်ကျေးရွာတို့ကို ခရီးသွားဒေသ အားကောင်းလာမည့် ခရီးစဥ် သစ်အဖြစ် အကောင်အထည်ဖော်သွားမည်ဟု HELVETAS Myanmar ၏ အကြံပေးတစ်ဦးဖြစ်သူ ဒေါ်နီလာထွန်းက Travelling journal သို့ ပြောသည်။

HELVETAS Myanmar၏ မိတ်ဖက်နိုင်ငံတကာ ဆိုင်ရာခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သည့် Alsharq မှ၂၀၂၀ ခုနှစ်အစောပိုင်းက မုတ္တမပင်လယ်ကွေ့ ဒေသအတွင်းရှိ ခရီးသွားလုပ်ငန်းအလားအလာရှိသော နေရာများကို လေ့လာစမ်းစစ် မှုများ ပြုလုပ်ခဲ့ပြီး ခရီးသွားလုပ်ငန်းအတွက် အလားအလာကောင်း သည့် ယင်းနေရာသုံးခုကို တွေ့ရှိခဲ့ခြင်းဖြစ် သည်။

ထို့ပြင် အဆိုပါကျေးရွာများတွင် လူထုအခြေပြုခရီးသွားလုပ်ငန်း လုပ်ကိုင်မည့် ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များကို HELVETAS Myanmar မှ ဖိတ်ခေါ်သွားမည်ဟု ယင်းအဖွဲ့မှ အကြံပေးအဖွဲ့ဝင်တစ်ဦးက Travelling Journalသို့ ပြောသည်။

’’နောက်လ ၇ ရက်နေ့မှာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုထပ်ရှိပါမယ်။ အဲဒီမှာ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေကို သီးသန့် ထပ်ပြီး အလုပ်ရုံဆွေးနွေးပွဲထပ်လုပ်သွားဖို့ရှိပါတယ်။ အဲဒါပြီးမှသာ ဘယ်တော့လောက် အကောင်အထည်ဖော်မယ်ဆိုတာကို သိရမှာပါ”ဟု ၄င်းက ပြောသည်။

သနတ္တန်းကျေးရွာသည် ဝေါမြို့အထွက် ပဲခူးတိုင်း ဒေသကြီးအတွင်းတည်ရှိပြီး ခရီးစဉ်သစ် ဖော်ဆောင်နိုင်ကြောင်း ထို့ပြင် ရန်ကုန်မှ ကျိုက်ထီးရိုး၊ရန်ကုန် -မော်လမြိုင် သွားရောက်မည့် ခရီးသွားများအတွက် One Stop နေရာတစ်ခုအနေဖြင့် လည်ပတ်နိုင်သည့် နေရာတစ်ခုဖြစ် ကြောင်း သိရသည်။

နောက်ထပ်ဖော်ဆောင်နိုင်သည့် ခရီးစဉ်တစ်ခုမှာ ကျိုက်ထိုနှင့်ပတ်ဝန်းကျင်တွင် ရှိသည့်အတွက် ဇုတ်သုတ်၊
မုသင်၊ ကေလာသကိုလည်း ခရီးစဉ်တို့ကို ခရီးစဉ်တစ်ခုအနေနှင့် ပေါင်းပြီး ဖော်ဆောင် နိုင်ကြောင်း သိရသည်။ ထို့ပြင် ချောင်းဆုံမြို့ ရွာလွတ်ရွာမှ ၄၅မိနစ်ခန့်သွားရောက်ပါက ရောက်ရှိသည့် ဒရယ်ကျေးရွာကိုလည်း CIT ဖော်ဆောင်နိုင်ကြောင်း သိရသည်။

’’ဒရယ်ဘက်ကတော့ နေ့ချင်းပြန်လည်းရတယ်၊CITလည်းလုပ်လို့ရပါတယ်၊ မုသင်ရွာကျတော့ CIT
မလုပ်တာက သူက ကျိုက်ထိုနဲ့လည်းနီးတယ်။ မြို့ပေါ်အိပ်လို့ရတယ်။ ကျန်နှစ်ခုကို လုပ်ပါမယ်။ မုသင်မှာလည်း စားသောက် ဆိုင်ပုံစံမျိုုး၊ နားနေတဲလိုမျိုးတွေလည်း ဖော်ဆောင်လို့ရတဲ့ အနေအထားတွေလည်း ရှိပါတယ်’’ဟု အကြံပေး ဖြစ်သူ မနီလာထွန်းကTravelling Journal သို့ ပြောသည်။

မုတ္တမပင်လယ်ကွေ့ဒေသအတွင်း ရေရှည်တည်တံ့ ခိုင်မြဲသော သဘာဝအရင်းအမြစ်များစီမံခန့်ခွဲရန်နှင့် မိသားစုဝင်များ အတွက် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်းများ မြှင့်တင်ပေးရန်ရည်ရွယ်ပြီး
ယင်းစီမံကိန်း များ အောင်မြင် စေရန်အတွက်
Network Activities Group( NAG)နှင့် International Union for The Conservation of Nature (IUCN)တို့ မှ ပူးပေါင်းပါဝင်မှုဖြင့် HELVETAS Myanmar မှ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာပေါင်း ၆၀ အိမ်ထောင်စု ၁၆၀၀၀ ဝန်းကျင် ခန့်အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Photo Nilar/Travelling journal

ရှမ်းပြည်နယ်၏ ပြည်နယ်ဘတ်ဂျက် တစ် ဘီလီယံဖြင့် Tourism village ၁၀ ရွာကို ဖော်ဆောင်မည်

Travelling journal

ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ပြည်နယ်ဘတ်ဂျက်တစ်ဘီလီယံ ဖြင့် Tourism village ၁၀ ရွာကို ဖော်ဆောင် သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးညွှန့်လွင် က Travelling journal သို့ ပြောသည်။

“Tourism village လုပ်ဖို့ ၁ ဘီလီယံ လျာထားတယ်။ အစကတော့ ရွာ၂၀ လုပ်ဖို့ပါ။ ဒါပေမဲ့ အကျိုးသိပ်မရှိမှာစိုးလို့ ၁၀ ရွာကိုပဲ လုပ်လိုက်မယ်။ နောက်မှ ထပ်တိုးမယ်။အခု ဒီနှစ်အတွက် ၁၀ ရွာ။ နောင်နှစ်လည်း ဘတ်ဂျက်ထပ် လျာသွားပြီး ထပ်တိုးလုပ်ဆောင်သွားမယ်”ဟု ၄င်းက ပြောသည်။

Tourism Village ဖော်ဆောင်ရခြင်းမှာ မြို့ပြ ရှိ ဟိုတယ်များတွင် တည်းခိုခြင်းထက် ရွာများတွင် ညအိပ်ည​နေ
တည်းခိုမှုများလာစေရန်ရည်ရွယ်ပြီး ယင်းကဲ့သို့ ဖော်ဆောင်နိုင်ပါက ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်သလိုအလွှာ အသီးသီးမှ ဝင်ငွေရရှိစေမည့်အပြင် ဒေသ ထွက်ကုန်များကိုလည်းတိုက်ရိုက်ဝယ်ယူရရှိနိုင်မည့်အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Tourism Village ဖော်ဆောင်နိုင်မည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကျေးရွာ များကို ဖော်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည် ။

“ရှမ်းပြည်နယ် အတွင်းက ကျေးရွာ ၁၀ ရွာကို လုပ်သွားမှာပါ။ အခုကတော့ ကွင်းဆင်းလေ့လာစစ်ဆေးနေပါတယ်။ရှမ်း/ရှေ့နဲ့ ရှမ်း/မြောက် နှစ်ခုစလုံးလဲ ပါပါမယ်”ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှူး
ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က Travelling journal သို့ ပြောသည်။

အဆိုပါ ၁၀ရွာမှာ ရှမ်း/မြောက်ရှိ ကျောက်တော ရွာ၊ ရှမ်း/ရှေ့ရှိ ကျိုင်းတုံ တွင် တစ်ရွာဖော်ဆောင်မည်ဖြစ်သလို ရှမ်း/အရှေ့ပိုင်းက ငြိမ်းချမ်းသည့်အတွက် သုံးရွာဖော်ဆောင်ရန်မှန်းထားပြီး ရှမ်း/တောင်တွင် ၆ ရွာဖော်ဆောင်ရန် မျှော်မှန်းထားကြောင်းသိရသည်။

၂၀၂၀-၂၁ ပြည်နယ် ဘတ်ဂျက်ကျလာသည့်အတွက် ယခုကဲ့သို့ အကောင်အထည်ဖော်ခြင်းဖြစ်ပြီးရှမ်းပြည် နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဘတ်ဂျက်ဖြင့် Tourism Village ကို အကောင်ထည်​ဖော်သည့် ပထမဆုံး ပြည်နယ်အစိုးရအဖွဲ့ဖြစ်ကြောင်းသိရသည်။

Photo U Soe Nyunt Lwin FB

ဓာတ်ပုံရှုခင်းကြည့်ကွက်များဖြင့် ဖန်တီး ထား သည့် တောင်ကြီးမြို့ရှိ ဇော်ဂျီ ပန်းခြံ ကို National Park အဆင့်မီ​ဖြစ်အောင် အကောင် အထည် ဖော်မည်

Travelling journal

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ရှိ ဓာတ်ပုံရှုခင်းကြည့်ကွက်များ ဖြင့် ဆွဲဆောင်ဖန်တီးထားသည့် ဇော်ဂျီ ပန်းခြံ ကို အမျိုးသားဉယျာဥ် (National Park)အဆင့်မီဖြစ်အောင် အကောင်အထည် ဖော်ဆောင် သွားမည်ဖြစ်ကြောင်း ဇော်ဂျီပန်းခြံ ၏ CEO ဖြစ်သူ ဒေါ်မိုးသချေၤ က Travelling journal သို့ ပြောကြားသည်။

အဆိုပါ ဇော်ဂျီပန်းခြံ ကို သဘာဝ တောတောင်ရှုခင်းကြည့် များနှင့်တွဲဖက်ကာ ဓာတ်ပုံရှုခင်းကြည့်ကွက်များဖြင့် ဖန်တီးပုံဖော်ထားပြီး ဓာတ်ပုံ ရိုက်ကူးရန် အကောင်းဆုံးနေရာတစ်ခုဖြစ်သည်။

“တောင်ငါးလုံးကြားထဲမှာ View ကြည့်လို့ရနိုင်တဲ့နေရာလေးမှာ ဇော်ဂျီ ပန်းခြံကို တည်ထားတာပါ။ လက်ရှိ ၁၀ ဧက ကိုသာ ဆောင်ရွက်ထားပြီး ပန်းခြံ ရယ် ရေကန် ရယ်ထည့်သွင်းထားတယ်။ Sunset ကြည့်တဲ့ ​နေရာတွေ ဖန်တီးထားတယ်။ ရှုခင်းကြည့်ပြကွက် ငါးနေရာ ဖန်တီးထားတယ်”ဟု ဒေါ်မိုးသချေၤ က Travelling journal သို့ ပြောကြားသည်။

အဆိုပါနေရာသို့ တောင်ကြီးမြို့မှ သွားရောက်မည်ဆိုပါက မိနစ်၂၀ ခန့်သွားရောက်ရုံမျှဖြင့် ရောက်ရှိနိုင်သည့်နေရာဖြစ်သလို အဝေရာ မီးပုံပျံကွင်း မှ ဆိုပါက ၁၀မိနစ်ဝန်းကျင်ခန့် သွားရမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော် တို့အစိုးရအ​နေနဲ့များစွာအား​ပေးပါတယ်။ Happy city ​ဖော်​ဆောင်ရာမှာ​တော့ ပုဂ္ဂလိက အခန်းကဏ္ဍက အ​ရေးကြီးပါတယ်။ နောင် Smart & Happy city ​ဖော်​ဆောင်ပြီးရင်​တော့ အင်း​​လေးနဲ့ တာချီလိတ် ကျိုင်းတုံ လာလည်တဲ့ ခရီးသည်​တွေအတွက်​ တောင်ကြီးမြို့ရဲ့ခရီးစဥ်အသစ်ဖြစ်လာနိုင်လိမ်မယ်လို့​ မျှော်လင့်ပါတယ်”ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင် က Travelling journal သို့ ပြောသည်။

ဇော်ဂျီပန်းခြံ မှာ ဧကအကျယ် ၅၅ ဧက ရှိပြီးလက်ရှိတွင် ထင်းရှုးပင် အပင်တစ်သိန်းကျော် စိုက်ပျိုးထားသလို စိန်ပန်းနီပင်၊စိန်ပန်းပြာ၊ငုချယ်ရီပင်နှင့် အစိမ်းရောင်ပန်းပင်များအပြင် သစ်ပင် အပင်ကြီးများကိုလည်း စိုက်ပျိုးထားကြောင်း သိရသည်။

လက်ရှိ အပင်ပေါင်း ၆ သိန်းကျော် စိုက်ပျိုးထားပြီးလွန်ခဲ့သည့် သုံးနှစ်ကတည်းက အပင်ကြီးပင်များကို စိုက်ပျိုးထားခြင်းဖြစ် သည်။

” မြန်မာပြည်ကို ရောက်ရင် ရှမ်းပြည်က ဒီနေရာကို မဖြစ်မနေလာရောက်လည်ပတ်ရမယ့် National Park ပုံစံမျိုးအဖြစ် ပုံဖော်သွားမှာ။ ပန်းခြံထက် သဘာဝအတိုင်းခံစားလို့ရနိုင်တဲ့ ခံစားမှုကို ရရှိအောင် လုပ်သွားမှာပါ။ အခု
ဒီနှစ်ကို ရောင်စုံပန်းပင်တွေ ပိုစိုက်ဖို့လုပ်ထားတယ်။ မြို့ပြလူနေ မှုကို မွန်းကြပ်လာတော့ ရှမ်းပြည်ဘက်ကိုလာရင် အမရဲ့ဒီဇော်ဂျီပန်းခြံကို လာပြီး ဒီနေရာမှာ လေး​ရက်လောက် အနားယူနိုင်အောင် လုပ်သွားမယ်၊ နောက်ပိုင်း ရီဆော့တွေကို လည်း ထည့်သွင်းဆောက်သွားမယ်။ စိတ်ကို ကျန်းမာအောင်လုပ်ပြီး ပြန်တာမျိုး ဖြစ်တဲ့အထိ လုပ်ဆောင်သွားမယ်။ သဘာဝနဲ့ကိုက်ညီတဲ့ Activity တွေကို ထည့်သွင်းသွားမယ်။ ဒီလိုသဘာဝ တရားကို ချစ်တတ်လာအောင် သစ်ပင်တွေကို ချစ်မြတ် နိုးတတ်လာအောင် အမကို ငယ်ငယ်ကတည်းက အဖေနဲ့အမေက ပုံသွင်းပေးခဲ့တာ”ဟု ဒေါ်မိုးသချေၤ က ပြောသည်။

ယင်းကဲ့သို့ ဖော်ဆောင် နိုင်ပြီဆိုပါက မြန်မာ နိုင်ငံ၏ ပုဂ္ဂလိက ပထမဆုံး အမျိုးသား ဥယျာဉ် တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

ဇော်ဂျီပန်းခြံတွင် လက်ရှိ လူကြိုက်များလှသည့်Package အမျိုးအစား သုံးမျိုးရှိပြီး တနင်္လာ​နေ့ည​နေတိုင်း အီတလီဝိုင်​လေး​သောက်ရင်း ပန်းချီဆွဲသည့် Wine & Paint Package ကို တစ်ဦးလျှင် ​ကျပ် လေးသောင်း၊ Picnic Package နှင့် Breakfast Packageစသည့် ဝန်ဆောင်မှု သုံးခုကို ဆောင်ရွက် ပေးထားပြီး ပန်းခြံကို နံနက် ၁၀နာရီမှ ညနေ ၇နာရီထိ ဖွင့်လှစ်ထားကာ ဝင်ကြေးအနေဖြင့် တစ်ဦးလျှင် ကျပ်သုံးထောင် ပေးရကြောင်း သိရသည်။

ထို့ပြင် ဇော်ဂျီဖောင်ဒေးရှင်းကိုလည်းတည်ထောင်ထားပြီး ပန်းခြံမှ ရရှိသည့် ဝင်ငွေ ၏ အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းကို တောင်ကြီး မြို့စည်ပင်သာယာရေးအတွက် ပြန်လည်လှူဒါန်းပြီး ရှမ်းပြည်နယ် တိုးတက်ရေး အတွက် အဓိက လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

National ParkSmart & Happy city

စင်းလုံးဌား Sightseeing Flights Tour ကို မြန်မာ အမျိုးသား လေကြောင်းလိုင်းနှင့် စတင် အသုံးပြုမည်

Travelling journal

ဝေဟင် ရှုခင်းကြည့် စင်းလုံးဌား Sightseeing Flights Tour ကို မြန်မာ အမျိုးသားလေကြောင်းလိုင်း( MNA )နှင့် စတင်အသုံးပြုသွားမည်ဟု ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးတင်လတ်က Travelling journal သို့ ပြောသည်။

လက်ရှိတွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှစင်းလုံးဌားရမ်းခစျေးနှုန်းများကို တောင်းယူထားပြီး စျေးနှုန်းတွက်ချက်ပြီးပါက ယင်းခရီးစဥ်ကို အကောင် အထည် ဖော်သွားမည်ဖြစ်ကြောင်းသိရသည်။

“အဲဒါနဲ့ပတ်သက်ပြီး Official ပြောလို့မရသေးပါဘူး။ ညှိတာပဲရှိသေးတယ်။ ဘာမှတရားဝင်ပြောလို့မရသေးပါဘူး”ဟု မြန်မာ အမျိုးသားလေကြောင်းလိုင်းမှ အရောင်းပိုင်းတာဝန်ယူထားသည့် တစ်ဦးက Travelling journal သို့ပြောသည်။

ထို့ပြင် ပြည်တွင်း ပုဂ္ဂလိက လေကြောင်းလိုင်း တစ်ခုဖြစ်သည့် ကမ္ဘောဇ လေကြောင်းလိုင်းနှင့်လည်း ညှိနေကြောင်းရှိသော်လည်း အတိအကျ မပြောသေးကြောင်း လတ်မှတ် အရောင်းကိုယ်စားလှယ်တစ်ဦးကလည်း Travelling journal သို့ပြောသည်။

“ဟိုတယ်ခရီး ကိုစာတင်ထားတယ်။ညှိပေးမယ်လို့ပြောတယ်။ UMTAနဲ့ MTMတို့ နှစ်ခု ပူးပေါင်းပြီး လုပ်ရမယ့်သဘောရှိပါတယ်။PR ပုံစံမျိုးဖြစ်အောင် လုပ်ဆောင်သွားမှာပါ။ကျွန်တော်တို့ခရီးသွား ကုမ္ပဏီ ဘက်ကလည်း ဝိုင်းရောင်းပေးကြမယ်။စျေးနှုန်းကတော့ရပြီ။ ဒိထက်များသက်သာပြီး ပေးနိုင်မလား။ဘယ်လိုပုံစံမျိုးနဲ့ပေးမလဲဆိုတာကို။ ဒီစျေး ဒီစျေးနဲ့ပဲ အကြမ်းဖျဉ်း လျော့ပေးမယ်ဆိုတာပဲ ရထားတာ။ ဝန်ကြီး ဌာနက စီစဥ်တယ်ဆိုရင်လည်း ဝန်ကြီး ဌာန ဌားရမ်းတာဖြစ်ပြီး ကျွန်တော် တို့က ဝိုင်းရောင်းပေးလည်းရတယ်။အဓိက ပြည်သူတွေ သိသွားဖို့ပဲ လိုတာ”ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က Travelling journal သို့ ပြောသည်။

အဆိုပါ ဝေဟင် ရှုခင်းကြည့် Sightseeing Flights Tour ခရီးစဥ် ကို ရန်ကုန်မှ တက်ပြီး ရန်ကုန်တွင်ပြန်လည်ဆင်းသက်ရန် ရည်ရွယ်ထားကာ ရှုခင်းနှင့် ဘုရားစေတီများကို အပေါ် စီးမှ ကြည့်ရှုနိုင်သည့် ခရီးစဥ် ကို ဆောင်ရွက် ထားခြင်းဖြစ်ကြောင်းသိရသည်။

Sightseeing Flights Tourအား အချိန်တစ်နာရီဝန်းကျင် စီစဥ်ထားပြီး ရန်ကုန်နှင့်အနီးဆုံး ဘားအံ သို့မဟုတ် ကျိုက်ထီးရိုး ဘက်သို့ ဆွဲရန်စီစဥ် ထားပြီး ရှုခင်းကြည့်အတွက် အမြင့်ပေ ပျံသန်းနိုင်မည့်အနေအထားကိုလည်း မေးမြန်းထားဆဲရှိကြောင်းသိရသည်။

ယင်းကဲ့သို့ စီစဥ်ရခြင်းမှာ Sightseeing Flights Tour ဖော်ဆောင်ခြင်းက ခရီးသွား လုပ်ငန်း တိုးမြှင့်ရန် သက်သက် မဟုတ်ဘဲ Myanmar is safe to travel ဆိုသော Message ကို Promote လုပ်ရန် ကမ်ပိန်း ပြု လုပ်ခြင်းသာ ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားထားပြီးဖြစ်သည်။

Photo MNA Fb

နေပြည်တော် ပတ်ဝန်းကျင် တိမ်ပင်လယ်ရှုခင်းများကြည့်ရှုနိုင်သည့် ​ပြဒါးချောင်းနှင့် မြသီတာကျေးရွာကိုCBT ဖော်ဆောင်သွားရန် စီစဥ်

Travelling journal

နေပြည်တော် ပတ်ဝန်းကျင်ဒေသ တိမ်ပင်လယ်ရှုခင်းများကြည့်ရှုနိုင်သည့် ပြဒါးချောင်းနှင့် မြသီတာကျေးရွာကို ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ((CBT) ဖော်ဆောင် သွားရန် စီစဥ် နေကြောင်း နေပြည်တော်ရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသန်းဇော် က Travelling journal သို့ ပြောသည်။

နေပြည်တော် မှ နှစ်နာရီခန့်သွားရောက်နိုင်သည့်ပြဒါးချောင်းနှင့် မြသီတာကျေးရွာတို့ကို CBT ကျေးရွာ အဖြစ် ဖော်ဆောင်နိုင်ရန်အတွက် နိုဝင်ဘာ၃၀ ရက်က ဟိုတယ်ခရီးဝန်ကြီးဌာနမှ မှ တာဝန်ရှိသူများမှ သွားရောက် ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရသည်။

“ပြဒါးချောင်းနဲ့ မြသီတာကျေးရွာကတော့ CBT ကျေးရွာ ဖော်ဆောင်ဖို့ဖြစ်နိုင်ချေ ရှိပါတယ်။ နေပြည်တော် နဲ့အနီးဆုံး မှာ တိမ်ပင်လယ် ကိုလည်း ကြည့်လို့ ရနိုင်ပါတယ်”ဟု ၄င်းက ပြောသည်။

နေပြည်တော် အ​ရှေ့ဖက်ခြမ်းတွင်တည်ရှိသည့်တောင်တန်းများတွင် နေထိုင်ကြသည့်တိုင်းရင်းသားများ၏ကျေးရွာများဖြစ်ပြီး ကရင်၊ပအိုဝ်း တိုင်းရင်းသားများနေထိုင်ကြပြီး လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက အခြေ ချနေထိုင်လာခဲ့သည့် တိုင်းရင်းသားများဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူ က Travelling journal သို့ ပြောသည်။

“ဒီဒေသက နေပြည်တော် အရှေ့ခြမ်း ပျဥ်းမနားမြို့နယ်လို့ခေါ်တာပေါ့။တောင်ပေါ်တောင်တန်းတွေက တဆက်တည်းလည်းရှိကြတယ်။ ဒီ နေရာမှာ ရှေးနှစ်ပေါင်းများစွာကတည်းကအခြေ ချနေထိုင်ခဲ့ကြတဲ့ မူလဒေသက တိုင်းရင်းသားတွေပါ။ကယန်း၊ ကရင်၊ ပအိုဝ်း ၊ ကရင်ဖြူ စတဲ့တိုင်းရင်းသားတွေ နေထိုင်ကြပြီး ဒီလိုနေရာမှာ
တိုင်းရင်းသားတွေနေထိုင်တယ်ဆိုတာသိသူနည်းပါးတယ်။အရင်ကတော့လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ငြိမ်းချမ်းရေးကလည်းသိပ်မရှိခဲ့ရတဲ့ဒေသဖြစ်ခဲ့ပါတယ်။ ရာစုနှစ်နှစ်စုကျော် လမ်းတွေဖောက်တဲ့အချိန်မှာ ပြဒါးချောင်းကျေးရွာအပါအဝင် တောင်ပေါ် ဒေသလမ်းကြောင်းကြီးက ပေါ်ပေါက်လာ ခဲ့တယ်။ တောင်ပေါ်မြေပြန့်လေးနည်းနည်းဆန်တော့ ဝေသာလီရယ် ၊ ပြဒါးချောင်းရယ် ၊ မြသီတာရွာတွေဟာ တောင်ပေါ်စခန်းမြို့လေးလိုမျိုးရှိနေပါတယ်။ ခရီးသွား အတွက် ဆွဲဆောင်စရာလည်း ရှိနေတယ်။ ဒီလိုနေရာမျိုးကို ဆောင်ရွက်ပေးမယ်ဆိုရင် ဒေသအကျိုးတွေအများကြီးရရှိနိုင်ပါမယ်”ဟု ၄င်းက ပြောသည်။

နေပြည်တော် အခြေစိုက်ဒေသခံများအနေဖြင့်တိမ်ပင်လယ်ကို သွားရောက်ကြည့်ရှု့မည်ဆိုပါက တိမ်ပင်လယ် ကြည့်ရှုရန်ကောင်းသည့်မနက် ၅နာရီမှ ၇ နာရီအတွင်း အရောက်သွားနိုင်ပါက တိမ်ပင်လယ်ကို ကောင်းစွာမြင်ရမည်ဖြစ်ကြောင်းသိရသည်။

နေပြည်တော် မှသွားရောက်မည်ဆိုပါက ပျဥ်းမနား -ရေနီလမ်းဆုံ မှ သွားရောက်နိုင်ပြီး တောင်ဖီလာ ဘိလပ်မြေ စက်ရုံ ဖက်သို့ သွားရောက်သည့်လမ်းမကြီးအတိုင်းတောက်လျောက် သွားမည်ဆိုပါက ယင်းကျေးရွာများသို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

” ဝေသာလီကျေးရွာရောက်တာနဲ့ တိမ်ပင်လယ်ကို လှမ်းတွေ့ရနိုင်ပါပြီ။ ပြဒါးချောင်းရွာကနေကြည့်ရင် အနီးဆုံးမြင်တွေ့ရပါတယ်။ ဒီကျေးရွာသုံးရွာကလည်း ကပ်လျက်ရှိနေတဲ့ရွာတွေပါ။ ရွာထဲမှာ စားသောက်နားပြီး မြသီတာ ကျေးရွာ မှာရှိတဲ့ ခုနှစ်ဆင့်ရေတံခွန်မှာ ရေကစားနိုင်ပါတယ်”ဟု နေပြည်တော်တာဝန်ခံ ဒေါက်တာ သန်းဇော် က ပြောသည်။

ကရင်တိုင်းရင်းသားအများစု နေထိုင်သော ဝေသာလီ ကျေးရွာ၊ပအိုဝ်း တိုင်းရင်းသားများနေထိုင်ရာ ပြဒါးချောင်းကျေးရွာနှင့် ကရင်တိုင်းရင်းသားများနေထိုင်ရာ မြသီတာကျေးရွာ တို့ ကို CBT ဖော်ဆောင်မည်ဆိုပါက နေပြည်တော် တွင်ပထမဆုံး ရပ်ရွာ အခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism)ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Photo Ko Min Thu Fb