​ပုန်းအင်းဒေသမှ ရေ​းေဘးသင့် အိမ်ထောင်စုဦးရေ (၁၄၂၆) အတွက် KBZ Bank၊Lwin Oo Htwe Co.,Ltd နှင့် ရှမ်း/တောင်ပရဟိတ အသင်းတို့အပါအဝင် အလှူရှင်များစုပေါင်းပြီး ကျပ်သိန်း(၁၁၀၀) တန်ဖိုးရှိအစားအသောက်များ ထောက်ပံ့ပေးနိုင်ခဲ့

#TravellingJournal

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့၊ ဟိုပုံးမြို့နှင့် ဆီဆိုင်မြို့အကြား ပုန်းအင်းဒေသရှိ ရွာပေါင်း(၂၅) ရွာကျော် ရေနစ်မြုပ်ခဲ့သဖြင့် အိမ်ထောင်စုပေါင်း(၁၄၂၆) အတွက် သိန်း(၁၁၀၀) တန်ဖိုးရှိ အစားအသောက် များကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ပအိုဝ်းဒေသ သဘာဝဘေးနှင့်လူမှုကူညီရေးအသင်း(ဗဟို) တောင်ကြီးမြို့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးခွန်ထွန်းဦးက Travelling သို့ ပြောသည်။

ရေနစ်မြုပ်ခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း ပုန်းအင်းဒေသရှိ ကျေးရွာပေါင်း(၂၅) ရွာ၊ အိမ်ထောင်စုပေါင်း(၁၄၂၆)အတွက် KBZ Bank ၊ A to Z Group( Lwin Oo Htwe Co.,Ltd) ၊ FVS Group ၊ SSYEA ၊ ရှမ်းတောင်ပရဟိတညီနောင်များကွန်ယက် (SSSPBN ) နှင့် (ပအိုဝ်းဒေသ သဘာဝဘေး နှင့် လူမှုကူညီရေးအသင်း- ဗဟို)တို့ စုပေါင်း၍ ကာလတန်ဖိုး သိန်း (၁၁၀၀ )ဝန်းကျင် ရှိသည့်ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ အစရှိသည့် စားသောက်ကုန်ပစ္စည်းများကို စက်တင်ဘာ(၂၂) ရက်က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ပုန်းအင်းဒေသသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ (တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ် ) အစရှိသည့် မြို့နယ် (၃)ခုဆုံကာ ရှမ်းတိုင်းရင်းသားအများစုနေထိုင်ကြသည့် အရပ်ဒေသတစ်ခုဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးမှာလည်း ခက်ခဲကြောင်း ယခုကဲ့သို့ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းပေးသည့် အလှူရှင်များကိုလည်းကျေးဇူးတင်ရှိကြောင်း ဦးခွန်ထွန်းဦးက Travelling သို့ ပြောသည်။

ရေဘေးသင့်ပြည်သူများ လတ်တလောနေထိုင်ကြသည့် ဆီဆုံကျေးရွာဘုန်းကြီးကျောင်း၊ ကက္ကူဘုန်းကြီးကျောင်းနှင့် ဆိုင်လဲကျေးရွာသို့
သွားရောက်နိုင်ရန်အတွက် ပအိုဝ်းဒေသ သဘာဝဘေးနှင့် လူမှုကူညီရေးအသင်း(ဗဟို) နှင့် ပုန်းအင်းဒေသခံတို့ ပူးပေါင်းပြီး အလှူရှင်များ သွားရောက်လှူဒါန်းနိုင်အောင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ပုန်းအင်းဒေသခံ တစ်ဦးက Travelling သို့ ပြောသည်။

ပုန်းအင်းဒေသသည် ကုန်း(၆)လ ရေ (၆) လနေထိုင်ကြသည့် အေးချမ်းသာယာလှပသည့် ဒေသဖြစ်ပြီး “နောင်မွန်ရှမ်းဆန်” ထွက်ရှိရာဒေသအဖြစ် နာမည်ကျော်ကြားသည့် ဒေသ တစ်ခု ဖြစ်ကြောင်းသိရသည်။

Photo Khun Htun Oo

အာဆီယံ အသန့်ရှင်းဆုံးခရီးသွားမြို့တော်ဆု မြန်မာနိုင်ငံမှ ကျိုင်းတုံမြို့ ရရှိ

Travelling Journal

အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆုများ ပေးအပ်ရာတွင် မြန်မာနိုင်ငံမှ ခေါင်းစဥ်အလိုက် ဝင်ရောက်ယှဥ်ပြိုင်ရာ ကျိုင်းတုံမြို့မှ အာဆီယံအသန့်ရှင်းဆုံးခရီးသွားမြို့တော်ဆုကို ရရှိခဲ့ကြောင်း ကျိုင်းတုံ ဟိုတယ်နှင့်ခရီးသွားလာရေးညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ ကTravelling ကို ပြောသည်။

“လာအိုမှာ ပေးတာပါ။ ဆုကတော့ တောင်ကြီး ကိုရောက်နေပြီလို့ ကြားပါတယ်။အခမ်းအနားနဲ့ပေးမယ်လို့သိရပါတယ် ” ဟု ကျိုင်းတုံ ဟိုတယ်နှင့်ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ ကTravelling ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ဗီယင်ကျန်းမြို့ရှိ Landmark Mekong Riverside Hotel တွင် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်- ၂၀၂၄ ကို ကျင်းပခဲ့ပြီး ယင်းဖိုရမ်တွင် မြန်မာ နိုင်ငံအတွက် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆုများပေးအပ်ရာတွင် မြန်မာနိုင်ငံမှ ASEAN Green Hotel Award (၅)ဆု၊ ASEAN MICE Venue Standard Award (Category: Meeting Room) (၃)ဆု၊ ASEAN MICE Venue Standard Award(Category: Exhibition Venue) (၂)ဆု၊ ASEAN MICE Venue Standard Award(Category: Event Venue) (၃)ဆု၊ ASEAN Sustainable Tourism Award (၁)ဆု နှင့် ကျိုင်းတုံမြို့နှင့် ပုသိမ်မြို့တို့မှ ASEAN Clean Tourist City Award တို့ကို အသီးသီးရရှိခဲ့ကြောင်း သိရသည်။

” နှစ်နှစ်တစ်ကြိမ် ပေးတာပါ။ ကျွန်တော်တို့ ကျိုင်းတုံမြို့က Clean Tourist City ကို ဝင်ပြိုင်ခဲ့တာပါ။ကျန်းမာရေး ၊ စည်ပင်၊ထွေအုပ်၊ ဟိုတယ်ခရီး ကနေ စံနှုန်းသတ်မှတ်ချက်တွေကို အဖွဲ့လိုက်စစ်ဆေးပြီး ဝင်ရောက် ယှဥ်ပြိုင်ခဲ့တာဖြစ်ပါတယ် “ဟု ကျိုင်းတုံ ဟိုတယ်နှင့်ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ ကTravelling ကို ပြောသည်။

မြန်မာနိုင်ငံမှ ကလောမြို့ နှင့် ပုဂံမြို့မှ အာဆီယံ အသန့်ရှင်းဆုံးခရီးသွားမြို့တော်ဆုကိုရရှိခဲ့ပြီး လက်ရှိတွင်ကျိုင်းတုံမြို့သို့ တာချီလိတ် နယ်စပ်ဝင်ပေါက်မှ ထိုင်းလူမျိုးများ ဝင်ရောက်လည်ပတ်နေကြောင်း သိရသည်။

Photo Ko Kyi Shein

ခိုလမ်မြို့၏လည်ပတ်စရာခရီးစဥ်တစ်ခုဖြစ်လာမည့် ခိုလမ်ရေပြာအိုင်

Travelling Journal

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ ခိုလမ်မြို့ရှိ ခိုလမ်ရေပြာအိုင်ကို အထင်ကရ လည်ပတ်စရာ ခရီးစဥ်​ဒေသတစ်ခုဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခိုလမ်ရေပြာစမ်းကို ဖော်ဆောင်သူ ဦးသားငယ်က Travelling သို့ ပြောသည်။

ခိုလမ် ရေပြာအိုင် နှင့် ဆက်စပ်ပြီး ခိုလမ် ရေပူစမ်း ၊ နမ့်မောင်းချောင်းရေတံခွန် ၊ နမ့်ဟူး ရှေးဟောင်း ဘုရားလှိုဏ်ဂူ တို့ကို ချိတ်ဆက်ကာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရန် ဆောင်ရွက်သွားမည်ဟု အဆုိပါ လုပ်ငန်းရှင်က Travelling သို့ ပြောသည်။

“နောင်မှာ ခရီးသွား အလားအလာကောင်းတဲ့အချက်အချာကျတဲ့ မြို့ဖြစ်လာမှာပါ။ ခိုလမ်က လမ်းဆုံံ ဖြစ်သွားတယ်။ ခိုလမ်ကနေ ​မြောက်ဖက်ကို နှစ်နာရီလောက်သွားရင် ဟိုက်ပါရေတံခွန်ကို ရောက်မယ်။ တောင်ဘက်ကိုတစ်နာရီလောက်သွားရင် ကျိုင်းတောင်းရေတံခွန်ကို ရောက်ပါတယ်။ ဒါတင်မကသေး ပါဘူး။ ခိုလမ်ကနေ နာရီဝတ်လောက်သွားရင် နောင်ဖာကန်ကိုလည်းရောက်တာမို့ ခရီးသွား အလားအလာကောင်းတဲ့အချက်အချာ ကျနေရာတစ်ခုဖြစ်လာမှာ “ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးထင်အောင်နိုင်က Travelling Journal သို့ ပြောသည်။

အဆိုပါ ရေပြာအိုင်သည် သဘာဝရေထွက်ပေါက်တစ်ခုအနေဖြင့် တည်ရှိနေပြီး အေဒီ ၇၅၄ ခုနှစ်က တည်ထားခဲ့သည့် ရှေးဟောင်းဘုရားရှိရာ​ နမ့်ဟူးလှိုဏ်ဂူ၏ အောက်ခြေက​ေန စီးဆင်းလာသည့် ချောင်းနှစ်ချောင်းမှ အောက်ပိုင်းတွင် တစ်ခုတည်းအဖြစ် ပေါင်းစည်းလာခဲ့သော သဘာဝရေထွက် (ရေပြာအိုင်) အဖြစ် ဖြစ်ပေါ်လာခဲ့ကြောင်း ခိုလမ်းရေပြာစမ်းကိုဖော်ဆောင်သည့် လုပ်ငန်းရှင်က Travelling သို့ ပြောသည်။

“နမ့်ဟူး ရှေးဟောင်းဘုရားကို ဝင်ရောက်ဖူးမြှော်နိုင်ပါတယ်။ ဒီဘုရားရဲ့ထူးခြားချက်က လပြည့်လကွယ်နေ့ဆို လှိုဏ်ဂူထဲကနေ မျောက်မြီးရှည် တွေထွက်လာပြီး အစာရှာထွက်တယ်။ အစာရှာထွက်ပြီးအထဲကိုပြန်ဝင်သွားတယ်။ ကျန်တဲ့ရက်ဆို မထွက်ဘူး။ ဒါကတော့ထူးခြားချက်ပါ။ ဒီ နမ့်ဟူးဘုရားကနေ ၁၅ မိနစ်လောက်ပဲ သွားရတယ်။ ရေပြာအိုင်ကိုရောက်ပါတယ်။ရေချိုး နားနေကစားနိုင်ပါတယ် “ဟု ​​​ေဖာ်ဆောင်သည့််လုပ် ငန်းရှင်တစ်ဦးက Travelling သို့ ပြောသည်။

လက်ရှိတွင် ခိုလမ်ရေပြာအိုင်သို့ လာရောက်လည်ပတ်သည့် ခရီးသွားများ အဆင်ပြေစေရန်အတွက် ယာဥ်ရပ်နားကွင်းများ၊စားသောက်ဆိုင်များနှင့်အများသုံးသန့်စင်ခန်းများကိုဆောင်ရွက်ပေးထားကြောင်းသိရသည်။

” ထိုင်းခရီးသွားတွေဆိုရင် ဟိုက်ပါရေတံခွန် ကိုသွားချင်တာ။ ဟိုက်ပါရေတံခွန် ကိုသွားဖို့ ဆိုရင် ခိုလမ်မှာ ညအိပ်ရမှာဖြစ်ပါတယ်။ ပြီးရင် ပြန်လာ။ ဒါကြောင့်မို့ ခိုလမ်က အချက်အချာကျ လာတဲ့ မြို့ဖြစ်လာပါတယ် “ဟု ရှမ်းပြည်နယ် ဟိုတယ် နှင့်ခရီးသွားလာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးထင်အောင်နိုင်က Travelling Journal သို့ ပြောသည်။

ယခင်က ခိုလမ်မြို့သည် ရွာအဆင့်သာဖြစ်ခဲ့သော်လည်း လွန်ခဲ့သည့် ၁၀ နှစ်ကျော်မှ မြို့အဆင့်သတ်မှတ်ခဲ့နောက် ဖွံ့ဖြိုးတိုးတက်လာသည့်မြို့တစ်ခုဖြစ်လာပြီးလက်ရှိတွင်ခိုလမ်မြို့ပေါ်တွင် ညောင်စီးလူမျိုး၊ ရှမ်းလူမျိုးနှင့် လားဟူလူမျိုးများနေထိုင်ကြပြီး ရှမ်းစာ ၊တရုတ်စာ၊မြန်မာစကားကိုသာ အသုံးပြုနေကြောင်း သိရသည်။

တောင်ကြီး- ဟိုပုန်း -မိုင်းပွန်- လွယ်လင်- နမ့်စန် –
ခိုလမ် စသည့်ဖြင့် သွားရောက်နိုင်ပြီး တောင်ကြီးမြို့မှ ကား ဖြင့် ငါးနာရီဝန်းကျင်ခန့် သွားရောက်လည်ပတ်နိုင်ကြောင်းသိရသည်။

photo Thar Nge / Cherry phoo