တောင်လှေခါးမြို့တော်ဟု တင်စားသည့်ပြင်ဦးလွင်ရှိ The View Resort တွင်အပျော်တမ်း Zipline Adventure ပြုလုပ်နိုင်တော့မည်

Travelling Journal

တောင်လှေခါးမြို့တော်ဟု တင်စားထားသည့် ပြင်ဦးလွင်မြို့ရှိ The View Resort တွင် စွန့်စားမှုကို အခြေခံထားသည့် အပျော်တမ်း Zipline Adventure ပြုလုပ်နိုင်တော့မည် ဖြစ်ကြောင်း The View Resort မှ တာဝန်ရှိသူက Travelling သို့ပြောသည်။

အဆိုပါ The View Resort သည် ပြင်ဦးလွင်မြို့၏ အထင်ကရရေတံခွန်တစ်ခုဖြစ်သည့် ဓာတ်တော်ချိုင့်ရေတံခွန်ကို မျက်နှာ မူပြီး တည်ဆောက်ထားသည့်အတွက် ဧည့်သည်များအနေဖြင့် ရေတံခွန်၏ အလှအပကို ကြည့်ရှုကာ Zipline ကို စီးနင်းနိုင်မှာ ဖြစ်ကြောင်းသိရသည်။

“ပြင်ဦးလွင်မြို့အဝင် အနီးစခန်းနားမှာရှိပါတယ်။အနီးစခန်းကနေလာမယ်ဆိုရင် မိနစ် ၂၀ လောက်ပဲကြာပါတယ်။ လက်ရှိမှာ တော့ တည်​ဆောက်မှု ကာလက ပြီးပါပြီ။ စမ်းသပ်ပြီးစီးမှုကာလပါ။ သေသေချာချာလေး မဖွင့်ရသေးတာပဲရှိပါတယ် “ဟု The View Resort မှ တာဝန်ရှိသူက Travelling သို့ပြောသည်။

Zipline ကို လာရောက်စီးနင်းမည့် ခရီးသွားများအတွက် Safety အပိုင်းကို အဓိက စီမံထားပြီး တည်ဆောက်ရေးအပိုင်းကို ရန်ကုန်အခြေစိုက် Adventure Centre မှတာဝန်ယူဆောက်လုပ်ပေးထားကာ လက်ရှိတွင် စွန့်စားမှုခရီးစဉ်နယ်ပယ်၌ နှစ်(၃၀)နီးပါး အတွေ့အကြုံရှိသည့် နီပေါလူမျိုး Zipline ပညာရှင်က သင်ကြားပြသပေးလျက်ရှိကာ တွဲဖက်သုံးဦးဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ Zipline ကို The View Resort ၏ စားသောက်ဆိုင်မှ Bamboo အဆောက်အအုံထိ ကို အသွားလိုင်း အနေဖြင့် သတ်မှတ်ထားပြီး အကွာအဝေးအားဖြင့် ပေပေါင်း (၂၆၀) ရှိကာ အမြင့်ပေ ၁၀၀ နှင့် စီးနင်းချိန် ကို ၁၆ စက္ကန့် ​သတ်မှတ်ထားကြောင်းသိရသည်။

ထို့ပြင် အပြန်လိုင်းအနေဖြင့် Bamboo မှ Restaurant အထိ သတ်မှတ်ထားပြီး အကွာအဝေးအားဖြင့် ပေပေါင်း (၃၃၀) အကွာရှိကာ အမြင့်ပေ ၁၂၀ နှင့် စီးနင်းချိန် ကို ၁၄ စက္ကန့် ​သတ်မှတ်ထားကြောင်းသိရသည်။

Zipline စီးနင်းခ အနေဖြင့် တစ်ဦးလျှင် အသွားအပြန် ကျပ်တစ်သောင်းခွဲ သတ်မှတ်ထားပြီး အသွားလိုင်း အပြန်လိုင်းများတွင် ခရီးသည်နှစ်ဦးအထိ တစ်ပြိုင်နက် စီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

The View Resort သည် ဓာတ်တော်ချိုင့်ရေတံခွန်ဗျူးကို မျက်နှာမူ တည်ဆောက်ထားပြီး လက်ရှိတွင် Crest Villa၊ Bungalow နှင့် Bamboo Building အဆောက်အအုံံ သုံးမျိုးရှိကြောင်းသိရသည်။

ဓာတ်တော်ချိုင့် ရေတံခွန်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၇၊ အနီးစခန်းတွင် တည်ရှိပြီး ပြင်ဦးလွင်-မန္တလေး ကားလမ်းမကြားတွင် တည်ရှိကြောင်းသိရသည်။

Photo The View Resort