ပဲခူးတိုင်းအတွင်းရှိ Camp၊ B&B နှင့် CBT လုပ်ငန်းများကို တရားဝင်လိုင်စင်ထုတ်ပေးတော့မည်

#Travelling Journal

ပြည်တွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကိုအထောက်အကူပြုစေရန် ရည်ရွယ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ Camp & Glamping ၊ B&B နှင့် CBT လုပ်ငန်းများကို တရားဝင်လိုင်စင်ထုတ်ပေးတော့မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဟိုတယ်/ခရီးတာဝန်ခံ ဦးလင်းဇော်ထွဋ်က Travelling သို့ ပြောသည်။

ပဲခူတိုင်းဒေသကြီးအတွင်းရှိ Camping Site များတွင် ရွက်ဖျင်တဲများဖြင့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသည့်လုပ်ငန်းရှင်များ ၊ အနည်းဆုံးအခန်း ငါးခန်းဝန်းကျင် ဖြင့် Bed &Breafast ဆောင်ရွက်နေသည့်လုပ်ငန်းရှင်များနှင့် လူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism – CBT) လုပ်ကိုင်ဆောင်ရွက်နေသည့်လုပ်ငန်းရှင်များကို
မကြာခင် တရားဝင် ပြုလုပ်ခွင့်ရရှိနိုင်သည့် လိုင်စင်ထုတ်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း သိရသည်။

“အခုလက်ရှိကတော့ မူကြမ်းရေးဆွဲထားပြီးတဲ့အဆင့်ကို ရောက်ရှိနေပါပြီ။ ဗဟိုကော်မတီကိုဆက်လက်တင်ပြဖို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဌာနဆိုင်ရာတွေနဲ့ ဆွေးနွေးသွားမယ်။ စံနှုန်းသတ်မှတ်ချက်တွေကို ရေးဆွဲနေတုန်းပါ။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် ခရီးသွားတွေအတွက်လည်း ရွေးချယ်လို့ရနိုင်မယ်။ဒါ့ပြင် အသေးစားအလတ်စားလုပ်ငန်းတွေကိုလည်း ဖွံ့ဖြိုးတိုးတက်လာစေပါမယ် “ဟု ပဲခူးတိုင်းဒေသကြီး ဟိုတယ်ခရီးတာဝန်ခံ ဦးလင်းဇော်ထွဋ်က Travelling ကို ပြောသည်။

လက်ရှိတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်မြို့နှင့်တောင်ငူမြို့အပါအဝင် ဖွင့်လှစ် ထားရှိသည့် ဟိုတယ်အလုံးရေ ( ၁၀၂)လုံးရှိကြောင်းသိရသည်။

ကိုဗစ်ကာလအလွန်မှစတင်ပြီး ပဲခူးမြို့အပါအဝင် နယ်မြို့များတွင် Camp & Glamping စသည်များဖြင့် ခရီးသွားဝန်ဆောင်မှုပေးလာကြသည့် လုပ်ငန်းရှင်များ များပြားလာခဲ့ကြောင်း သိရသည်။

#Camping
#Photo ပဲခူးတိုင်းဒေသကြီး၊အလိုင်နီဆည် နားတွင် Tents ပုံစံ ဖြင့် တည်ဆောက်ထားသည့် Home at Alaingni ကို တွေ့ရစဥ်။

ပဲခူးတိုင်းခရီးသွားလုပ်ငန်းဖိုရမ်ကို ကျင်းပမည်

#Travelling Journal

ပဲခူးတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ပဲခူးတိုင်း​ဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ကို မကြာခင်ကျင်းပသွားရန် စီစဥ်နေကြောင်း ပဲခူးတိုင်းဒေသကြီး ဟိုတယ်/ခရီးတာဝန်ခံ ဦးလင်းဇော်ထွဋ်က Travelling သို့ ပြောသည်။

ခရီးသွားဖိုရမ်ကို ယခင်က ယခုနှစ်စက်တင် ဘာ​လထဲတွင် ကျင်းပရန်စီစဥ်ထားသော်လည်း အောက်တိုဘာလမှသာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးလက်အောက်တွင် ပြည်မြို့နှင့်တောင်ငူမြို့တို့ ပါဝင်ပြီး အဆိုပါမြို့များ၏ ခရီးစဥ်သစ်များကို ဖော်ထုတ်သွားရန် စီစဥ်ထားကြောင်း သိရသည်။

ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအခန်း ကဏ္ဍမှပါဝင်ပြီး ခရီးသွားလုပ်ငန်းမှရရှိသည့် အကျိုးသက်ရောက်မှုများမှ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေး၊ ဒေသဖွံ့ ဖြိုးတိုးတက်ရေးနှင့် အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးကို များစွာအထောက်အကူပြုကြောင်း တာဝန်ရှိသူ က Travelling ကိုပြောသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဖော်ထုတ်ပြီးသား ခရီးစဥ်များနှင့် ဖော်ထုတ်ရန် ကျန်ရှိနေသည့် ခရီးစဥ် ဒေသများကို ဆက်လက်ဖော်ထုတ်သွားရန်စီစဥ်ထားပြီး အဆိုပါဖိုရမ်ကို ငါးဖွဲ့ ဖွဲ့ပြီး ကျင်းပသွားရန်စီစဥ်ထားကြောင်းသိရသည်။

လက်ရှိ တွင် ရှမ်းပြည်နယ် ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးတို့တွင် ခရီးသွားဖိုရမ်များကို ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Photo MIHARA Myanmar
ပုံ-စာ ပဲခူးမြို့ရှိ အထင်ကရနေရာများဖြစ်သည့် ကမ္ဘောဇသာဒီရွှေနန်းတော်နှင့်ရွှေမော်‌ဓောဘုရားသို့ သွားရောက် လေ့လာနေကြသည့် ခရီးသွားများကိုတွေ့ရစဥ်။

ပုပ္ပါးတောင်မကြီးအောက်ခြေတွင်ရှိသည့် တောင်ပေါ်ရွာ ခရီးစဥ်ကို ခရီးစဥ်ဒေသအသစ်အဖြစ် စတင်ရောင်းချလာ

Travelling Journal

အညာမြေ၏အိုအေစစ်ဟု တင်စားရသည့် ပုပ္ပါးတောင်မကြီးအောက်ခြေတွင်ရှိသည့် တောင်ပေါ်ရွာခရီးစဥ်ကို ခရီးစဥ်ဒေသ အသစ်တစ်ခုအဖြစ် The Unlock Travels & Tour က ခရီးစဥ်ကို စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ယင်းTour ကုမ္ပဏီမှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

အဆိုပါ တောင်ပေါ်(တောင်)ရွာသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ တောင်ပေါ် (တောင်)ကျေးရွာအုပ်စု၌ တည်ရှိပြီး ဒေသခံများက စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့် ကျေးရွာတစ်ခုဖြစ်ကြောင်းသိရသည်။

“အညာဒေသဆိုပေမယ့် ရှမ်းပြည်ကိုရောက်နေသလိုမျိုးခံစားရစေတယ်။ အရမ်းလှပြီး သာယာတဲ့နေရာလေးဖြစ်တယ်။ ကျွန်တော်တို့ ရဲ့ပုဂံဒေသခံကို ပြည့်စုံကနေ ဒီရွာလေးကို စတင်တွေ့ရှိခဲ့ပါတယ်။ ဒီရွာလေးမှာ Trekking လည်း လုပ်လို့ရပါတယ်။ ဓာတ်ပုံံလှလှလေးတွေရိုက်လို့ရမယ်။ ဒီနေရာလေးက မြူခိုးတွေနဲ့ တိမ်တိုက်တွေနဲ့အရမ်းလှတော့ ဧည့်သည်တွေကိုလည်း သွားလည်စေချင်တဲ့ဆန္ဒနဲ့ရည်ရွယ်ပြီး ခရီးစဥ်ကို စတင်ပြေးဆွဲပေးမှာဖြစ်ပါတယ် “ဟု The Unlock Travels & Tour မှ အရောင်းမန်နေဂျာ ကိုဟိန်းထက်ကိုကိုက Travelling ကို ပြောသည်။

ယခင်က ပုဂံ – ပုပ္ပါး ခရီးစဥ် ကိုသာ ရောင်းချပေးသော်လည်း ယခုခရီးစဥ်သည် ပုပ္ပါးဒေသကို ဦးစားပေးပြီး ပုဂံခရီးစဥ်နှင့်တွဲ ပြီးရောင်းချပေးထားကြောင်းသိရသည်။

ယင်းခရီးစဥ် သုံးညအိပ်လေးရက်ခရီးစဥ်အတွက် တည်းခိုငြိမ်းအပါအပြီးအစီးကို လူတစ်ဦးလျှင် တစ်သိန်း ရှစ်သောင်းကျသင့်မည်ဖြစ်ပြီး မြန်မာဘူဖေး (၇) နပ်စာ ပါဝင်ထားကြောင်း သိရသည်။

Photo The Unlock Travels & Tour / Bagan Lover

နေပြည်တော်ရှိ ရွှေပြည်တော်ဟိုတယ်ကို Jade Garden Hotel အမည်ဖြင့် ပြောင်းလဲဖွင့်လှစ်

#Travelling Journal

နေပြည်တော်အခြေစိုက် ဟိုတယ်ဇုန်(၁)အတွင်းရှိ ရွှေပြည်တော်ဟိုတယ်ကို Jade Garden Hotel အမည်ဖြင့် ပြောင်းလဲဖွင့်လှစ်လိုက်ကြောင်း ယင်းဟိုတယ်၏ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

အဆိုပါဟိုတယ်မှာ မြေဧက (၁၄) ဧကပေါ်တွင် ငါးထပ်အဆောက်အအုံနှင့် Villa များ ပါဝင်ဖွဲ့စည်းတည်ဆောက်ထားကာ အခန်းပေါင်း (၁၀၀) ကျော်ရှိသော်လည်း လက်ရှိတွင် ပြန်လည်ပြင်ဆင်ပြုပြင်ပြောင်းလဲရေးများကို လုပ်ဆောင်နေခြင်းကြောင့် အခန်းပေါင်း( ၃၀) ကျော်ကိုသာ ဖွင့်လှစ်ထားကြောင်း ယင်းဟိုတယ်၏ တာဝန်ရှိသူ က Travelling ကို ပြောသည်။

“အခု SPA လည်း ထည့်ထားပါတယ်။ဖွင့်တာသိပ်မကြာသေးပါဘူး။နာမည်ပြောင်းတာကတော့ လပိုင်းလောက်ပဲရှိပါသေးတယ်။အခုလောလောဆယ်နှစ်လွှာကိုပဲ ဖွင့်ထားပါတယ်။ Villa က ရှစ်လုံးရှိပေမဲ့ နှစ်လုံးလောက်ပဲဖွင့်ထားပါတယ်။ ဒါ့ပြင် အဝိုင်းပုံစံရေကူးကန်ကိုလည်းတည်ဆောက်နေပါတယ်။ အများအားဖြင့် ရေကူးကန်တွေကလေးထောင့်ပုံစံတွေများကြတယ်လေ။ ကျွန်တော်တို့ကတော့ အဝိုင်းပုံစံမျိုးရေကူးကန်ပါ။ ၁၁ လပိုင်းအမှီ ပြီးဖို့မျော်မှန်းထားပါတယ်”ဟု ယင်းဟိုတယ်၏ တာဝန်ရှိသူ က Travelling ကို ပြောသည်။

လက်ရှိတွင် အခန်းခစျေးနှုန်းများအနေဖြင့် Deluxe room တစ်ညလျှင် ကျပ် (၄၈၀၀၀) နှင့် Junior Suite တစ်ညလျှင် ကျပ် (၅၈၀၀၀) သတ်မှတ် ထားသော်လည်း ယခုလအတွင်း တည်းခိုပါက ၁၀ ရာခိုင်နှုန်း ထိ လျှော့ချပေးထားကြောင်းသိရသည်။

အဆိုပါ ဟိုတယ်ကို မြစ်ကြီးနားဒေသခံလုပ်ငန်းရှင်တစ်ဦးက လွန်ခဲ့သည့် နှစ်နှစ်ကျော်က ဝယ်ယူခဲ့ပြီး Jade Garden Hotel အုပ်စု အမည်လက်အောက်တွင် Jade Garden Myitkyina ၊Jade Garden Hotel Naypyitaw တို့ကို ဖွင့်လှစ်ထားရှိပြီး ဖားကန့်တွင်လည်း ဟိုတယ်အသစ်တစ်လုံးကို ထပ်မံဆောက်လုပ်နေကြောင်း သိရသည်။

Naypyithaw
Hotel

စစ်ဘေးရှောင်သူများကို ပုဂံရှိ သီရိဂေဟာ ဟိုတယ်က အနိမ့်ဆုံးတည်းခိုခ တစ်လတစ်သိန်းခွဲဖြင့် ငှားရမ်းပေး

Travelling Journal

စစ်ဘေးရှောင်သူများကို ပုဂံဒေသအခြေစိုက်ဟိုတယ်တစ်ခုဖြစ်သည့် ပုဂံမြို့သစ်ရှိ သီရိဂေဟာဟိုတယ်မှ အနိမ့်ဆုံး တည်းခိုခနှုန်းထား တစ်လလျှင် ကျပ်တစ်သိန်းငါးသောင်းဖြင့် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဟိုတယ်၏ အခန်း၂၉ ခန်းကို မိသားစု (၂၉) စု အား ငှားရမ်းပေးထားပြီး အဆိုပါနှုန်းထားမှာ တစ်ခန်းခနှုန်းထားဖြစ်ကာ တည်းခိုမည့် ဧည့်သည်များအနေဖြင့် ရေ/မီးဖိုးများထပ်ဆောင်းပေးရန် မလိုအပ်​ကြောင်း ယင်းဟိုတယ်၏ ပိုင်ရှင်ဖြစ်သူက Travelling သို့ ပြောသည်။

“စိတ်ကူးပေါ်လာရတဲ့အကြောင်းကတော့ ဒီရက်ထဲမှာ တော်တော်များများပြောင်းရွေ့နေကြရတာတွေ့ရတယ်။ ပုဂံက ပုံမှန်ဆို ခရီးသွားကြတာပဲရှိတာ။အခုကျတော့ အကုန်လုံးက အပျော်ခရီးလာကြတာမဟုတ်ဘူးလေ။အခုလာတဲ့အထဲမှာ ခြေထောက်မှာ စတီးရိုးထည့်ထားတဲ့အဖွားတို့၊လေဖြတ်နေတဲ့အဖွားတို့အဲလိုမျိုးတွေလည်းပါတယ် ။မဖြစ်လို့သာ လာကြတာပေါ့။အဲအချိန်မှာ ပွဲစားတွေနဲ့ အိမ်တွေရှာကြတယ်။ ပွဲခတွေလည်းပေးရတယ်။ အိမ်ဆိုတာကလည်း ၆ လ တစ်နှစ်တို့ အဲလို စာချုပ်တွေ ချုပ်ရတဲ့အခါကျတော့ ခက်ခဲတာပေါ့။ မရှိတဲ့ကြားထဲက ဆိုတော့ ခက်ခဲတာပေါ့။ အဲအတွက်ကြောင့်မို့ မထူးဘူးပေါ့။ ကိုယ့်မှာလည်း ဟိုတယ်လေးရှိနေတဲ့အတွက် လုပ်ပေးလိုက်မယ်ဆိုပြီး လုပ်ဖြစ်သွားတာ။ဒီအခန်းတွေက တစ်ညကို သုံးသောင်းခွဲနဲ့ရောင်းတာပါ။ အနည်းဆုံးဆိုပြီးတော့ ဘာမှထပ်ပေးစရာမလိုတော့ပဲ အပြတ် တစ်သိန်းခွဲနဲ့ပေးလိုက်တာပေါ့။ တစ်လချင်း ပေးလို့လည်း ရတယ်။တစ်ချို့ကျတော့ ကြိုငှားထားကြပြီး အခြေနေကြည့်ပြီးမှလာကြမှာပေါ့ ” ဟု ယင်းဟိုတယ်ပိုင်ရှင်က Travelling ကို ပြောသည်။

လက်ရှိတွင် ပုဂံဒေသသို့ စစ်ဘေးရှောင်သူများသည် အများအားဖြင့် မြင်းခြံ၊မိတ္ထီလာ၊မန္တလေးနှင့်လာရှိုးမှ လာရောက်သူများပြားကြောင်း သိရသည်။

ဧည့်သည်များအနေဖြင့် ကိုယ်တိုင်ချက်ပြုတ်စားသောက်နိုင်ရန်အတွက် ​ဟိုတယ်ရေှ့ရှိဝန်ထမ်းအိမ်ယာခြံဝန်းလေးထဲ၌ အသေးစားချက်ပြုတ်နိုင်ပြီး အဝတ်လှန်းဖို့အတွက်လည်း နေရာများပြုလုပ်ပေးထားကြောင်းသိရသည်။

ပုဂံဒေသသို့ ရွှေ့ပြောင်းစစ်ဘေးရှောင် များ များပြားလာခြင်းကြောင့်ပုဂံဒေသ၏အိမ် ငှားရမ်းခစျေးနှုန်းများ များပြားလာပြီး အိမ်ငှားသည့်အိမ်များပါ မကျန်အောင် ပြည့်သွားသည်အထိ ဖြစ်နေကြောင်း ပုဂံဒေသတစ်ဦးကလည်း Travelling ကို ပြောသည်။

Bagan
Photo သီရိဂေဟာဟိုတယ်

ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံသားများ စုပေါင်းပြီး The Grand Morocc Hotel ကို စတင်ဖွင့်လှစ်


#Travelling Journal

မြန်မာခရီးသွားအများစု သွားရောက်ကြသည့် ထိုင်းနိုင်ငံမြောက်ပိုင်း၊ချင်းမိုင်မြို့ရှိ မယ်ရင်တွင် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များစုပေါင်းပြီး The Grand Morocc Hotel ကို စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းဟိုတယ်၏ တာဝန်ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

အဆိုပါ The Grand Morocc ကို မော်ရိုကိုစတိုင်တည်ဆောက်ထားသည့် သုံးထပ်အဆောက်အအုံ ဟိုတယ်ကို နှစ်ရှည်ငှားရမ်းပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းဟိုတယ်၏ တာဝန်ရှိသူတစ်ဦးက Travelling ကို ပြောသည်။

The Grand Morocc Hotel ကို ဩဂုတ်လ ၇ ရက်တွင်စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ဩဂုတ်လ အတွင်းလာရောက်တည်းခိုပါက
အခန်းခနှုန်းထားများကို ၅၀ ရာခိုင်နှုန်းထိ လျော့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဟိုတယ်တွင် စုစုပေါင်းတည်းခိုနိုင်သည့်အခန်းပေါင်း ၃၆ ခန်း ရှိပြီး နှစ်ယောက်အိပ်ခန်း ၁၈ ခန်း၊Family Suite Room အခန်း ၈ ခန်း နှင့် Grand Family Suite အခန်း၈ ခန်း ရှိပြီး အခန်းခနှုန်းထားများကို ထိုင်ဘတ်ငွေ (၁၈၀၀) ဘတ် မှစတင်ကာ သတ်မှတ်ထားကြောင်း သိရသည်။

“ချင်းမိုင်ကို ရွေးချယ်ရတာကလည်း ဘန်ကောက်လိုမြို့ကြီးလိုမဟုတ်သလို Night Life လည်းအများကြီးမရှိဘူး။ အေးအေးချမ်းချမ်းနားလို့လည်းရသလို ချင်းမိုင်ကနေတစ်ခြားမြို့တွေကို ထပ်ပြီးသွားလို့ရသေးတယ်။ချင်းမိုင်က ဆုံမှတ်တစ်ခုလိုဖြစ်လာတာမို့ ချင်းမိုင်မြို့မှာ ဟိုတယ်ဖွင့်ဖို့ရွေးချယ်ဖြစ်သွားခဲ့ပါတယ်။ ဒါ့ပြင် ဖွင့်ပွဲနေ့မှာ Moroccan Dress နဲ့အခမဲ့ဓာတ်ပုံရိုက်လို့ရအောင်စီစဥ်ပေးထားပါတယ်”ဟု ယင်းဟိုတယ်၏ တာဝန်ရှိသူတစ်ဦးက Travelling သို့ပြောသည်။

လက်ရှိ ချင်းမိုင်မြို့တွင် ယခုဖွင့်မည့်ဟိုတယ်အပါအဝင် ဟိုတယ်သုံးလုံးဖွင့်လှစ်ပြီးဖြစ်ကာ နောက်ထပ် တစ်ခြားနေရာများတွင်လည်း ဟိုတယ်များထပ်မံဖွင့်လှစ်သွားရန်စီစဥ်ထားကြောင်းသိရသည်။

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့သည် တောင်တန်းများဝန်းရံပြီး ရှေးဟောင်းဗုဒ္ဓဘုရားကျောင်းများ ၊ လည်ပတ်ချင်စရာများစွာရှိကာ ကျုံးပတ်လည်ဝန်းရံထားသည့် နန်းမြို့ရိုးများနှင့် ခရီးသွားများကို ဆွဲဆောင်ထားသည့် မြို့တစ်မြို့ဖြစ်သည့်အပြင် ချင်းမိုင်မြို့မှတဆင့် ချင်းရိုင်၊ မယ်ကဘောင် စသည့် နေရာများကိုလည်း သွားရောက်လည်ပတ်နိုင်သေးကြောင်းသိရသည်။

#Thainland
#ChiangMai

ရန်ကုန်တိုင်းအတွင်းရှိ Tourist Spot များဖော်ဆောင်ရန် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ကျင်းပ

Travelling Journal

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးစဥ်ဒေသများရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆွဲဆောင်မှုနေရာအသစ်များ ဖော်ထုတ်ရေးအတွက်ရန်ကုန်တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ကျင်းပခဲ့​ကြောင်းသိရသည်။

အဆုိပါခရီးသွားဖိုရမ်ကို ယနေ့(ဇူလိုင်လ ၁၅ ရက်) နံနက်ပိုင်းက Wyndham Grand Hotel၌ ကျင်းပခဲ့ကြောင်းသိရသည်။

“ရှိပြီးသားခရီးစဥ်တွေကို ထိန်းသိမ်းပြီးအသစ်အသစ်တွေကို ဖော်ထုတ်ပေးနိုင်ရင်ပိုပြီးကောင်းပါတယ် “ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးကျော်မင်းလှိုင် က Travelling ကို ပြောသည်။

အဆိုပါဖိုရမ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လည်ပတ်စရာနေရာများဖြစ်သည့် တိုင်းရင်းသားကျေးရွာ နှင့် ဗိုလ်တထောင် ဘုရားညစျေးတန်းတို့ကို ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့်ပတ်သက်၍အကြုံပြုတင်ပြကြခဲ့ကြောင်းသိရသည်။

ထို့ပြင် အင်းလျားကန်နှင့်ကန်တော်ကြီးတွင် လှေလှော်ပြိုင်ပွဲများကျင်းပနိုင်ရန်နှင့် မြင်းစီးပြိုင်ပွဲများကိုလည်းကျင်းပခြင်း၊ ငမိုးရိပ် ချောင်းအတွင်း ခရီးစဥ်ဖော်ဆောင်ခြင်း၊ Golt Tour နှင့် လှည်းကူး စိန်တောင်ခရီးစဥ်များကို Acivity များအနေဖြင့်ဆောင်ရွက်နိုင်ရန် နှင့် Tourist Spot များကို ဖော်ဆောင်သွားရန်
ဖိုရမ်တက်ရောက်လာသူများက ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်တွင် လှည်းကူး ၊ သန်လျင် ၊တွံတေး မြို့ဟောင်းများကိုလည်း ခရီးစဥ်အဖြစ် ဖော်ထုတ်ရန် တင်ပြဆွေးနွေးမှုများရှိခဲ့ပြီး ယင်းကဲ့သို့ခရီးသွားဖိုရမ်များကို ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်
ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Activity
Photo – ရန်ကုန်တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်သို့ တက်ရောက်လာသူများကို တွေ့ရစဥ်။

ထိုင်းနိုင်ငံ ဘန်ကောက်တွင် ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့မှ မြန်မာရုပ်သေးပွဲ ကပြမည်

Travelling Journal

ထိုင်းနိုင်ငံအခြေစိုက် Semathai Marionette Foundation နှင့် ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့ တို့ ပူးပေါင်းပြီး မြန်မာ့ရိုးရာ ရုပ်သေးအကမျိုးစုံကို ဖျော်ဖြေပြသသွားမည်ဖြစ်ကြောင်း ထွေးဦးမြန်မာရုပ်သေးအဖွဲ့ တည်ထောင်သူနှင့် အနုပညာဒါရိုက်တာဖြစ်သူ ဦးခင်မောင်ထွေး က Travelling ကို ပြောသည်။

အဆိုပါ ပြပွဲကို ထိုင်းနိုင်ငံအခြေစိုက် Sema Thai ရုပ်သေးရုံ ၌ ယခုလ ၂၀ ရက် နေ့လယ် ၂ နာရီတွင် Semathai Foundation, 16/225 Soi Vibhavadi 58, Talad Bang Khen, Laksi ၌ ပြသ သွားမည်ဖြစ်ပြီး လူဦးရေ ၃၀ ဦးကိုသာ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

Semathai Marionette Foundation မှ၂၀၁၃ တွင် ပြည်တွင်းပွဲတော်များကို စတင်ခဲ့ပြီး ၂၀၁၄မှ စ၍ နှစ်နှစ်တစ်ကြိမ် အပြည်ပြည်ဆိုင်ရာရုပ်သေးပွဲတော်ကို ကျင်းပခဲ့ကြောင်းသိရသည်။

၂၀၁၄ ခုနှစ်တွင် ဟာမိုနီကမ္ဘာ့ရုပ်သေးပွဲတော်ကို ကျင်းပခဲ့ ရာ ယင်းပွဲတော်တွင် ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့မှ တက်ရောက်ခဲ့ပြီး အကောင်းဆုံး သက်ဝင်လှုပ်ရှားမှုဆုကို မြန်မာပြည်ကိုယ်စားပြုရရှိခဲ့ကြောင်း ထွေးဦးမြန်မာရုပ်သေးအဖွဲ့ တည်ထောင်သူနှင့် အနုပညာဒါရိုက်တာဖြစ်သူ ဦးခင်မောင်ထွေး က Travelling ကို ပြောသည်။

” ဦးထွေးတို့ ဘန်ကောက်မှာ ဘာတွေပြမလဲဆိုတော့မြန်မာ့ရုပ်သေးသမိုင်းကြောင်းကို ရှင်းပြမယ်။ ညလုံးပေါက်ရုပ်သေးပွဲမှာပြတဲ့အတိုင်း ပြသပေးမယ်။ ကောက်နှုတ်ချက်မျိုးသဘောမျိုး ကပြမှာပါ။ ၃၇ မင်းနတ် နဲ့ ဇတ်တော်ကြီးတွေကိုအရှည်ကပြလို့ မရတော့ မြန်မာ့ရုပ်သေးဆိုတာဘယ်လိုရှိတယ်ဆိုတာကို တစ်နာရီအတွင်းမှာ ကပြပေးသွားမှာဖြစ်ပါတယ်”ဟု ထွေးဦးမြန်မာရုပ်သေးအဖွဲ့ တည်ထောင်သူနှင့် အနုပညာဒါရိုက်တာဖြစ်သူ ဦးခင်မောင်ထွေး က Travelling ကို ပြောသည်။

ထိုင်းနိုင်ငံ၏ ကမ္ဘာ့ရုပ်သေးအဖွဲ့ချုပ် Unima သည် The Puppet in Education Design Lab Residency Program 2024 ပရောဂျက်တွင်
Sai Sema Puppet Foundation for Society နှင့် ပူးပေါင်းထားပြီး ရက်တိုပွဲတော်ပရောဂျက်မဟုတ်ဘဲ ရက်ရှည်ပွဲတော်ကို ကျင်းပသွားရန်စီစဥ်ထားပြီး ယင်းအစီအစဥ်တွင် မြန်မာနိုင်ငံမှ ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့ကို ပါဝင်ရန် ဖိတ်ခေါ်ထားသောကြောင့် ယခုကဲ့သို့ ပါဝင်ခဲ့ကြောင်းသိရသည်။

“ဦးထွေးတို့ ကိုရတ်မြို့ကိုသွားခဲ့တယ်။ တစ်ယောက် နဲ့တစ်ယောက် ရုပ်သေးနဲ့ပတ်သက်တဲ့ပညာတွေ ဖလှယ်ကြတယ်။ ပညာရှင် တွေ တွေ့ဆုံခဲ့ကြတယ်”ဟု ဦးခင်မောင်ထွေး က Travelling ကို ပြောသည်။

ထွေးဦးမြန်မာရုပ်သေးအဖွဲ့ ကို ၂၀၀၆ ခုနှစ်တွင် စတင်တည်ထောင်ပြီး ၂၀၀၈ မှ၂၀၂၀ ခုနှစ်အတွင်းပြည်ပနိုင်ငံများ ဖြစ်သည့် အမေရိကန်၊ ပြင်သစ် ၊နယ်သာလန်၊ဂျာမနီ ၊သြစတြီးယား ၊ဆွီဒင်၊UAE ၊ဒူဘိုင်း နှင့် အာဆီယံနိုင်ငံ များသို့ အခေါက်ပေါင်း ၅၀ ကျော် သွားရော​က်ကပြခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

Myanmar Traditional Puppet Show
Photo khin maung htwe

၂၀၁၄ ခုနှစ်တွင် ဟာမိုနီကမ္ဘာ့ရုပ်သေးပွဲတော်ကို ကျင်းပခဲ့ ရာ ယင်းပွဲတော်တွင် ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့မှ တက်ရောက်ခဲ့ပြီး အကောင်းဆုံး သက်ဝင်လှုပ်ရှားမှုဆုကို ရရှိခဲ့သည့်မြင်ကွင်း။

ပြည်တွင်းပြည်ပခရီးစဥ်များကို သုံးလအရစ်ကျစနစ်ဖြင့် ခရီးသွားနိုင်ရန် Tour ကုမ္ပဏီတစ်ခုစီစဥ်

Travelling Journal

ပြည်တွင်းပြည်ပ ခရီးစဥ်များကို သုံးလ အရစ်ကျစနစ်ဖြင့် ခရီးသွားရောက်လည်ပတ်နိုင်ရန် ခရီးသွားကုမ္ပဏီတစ်ခုမှစီစဥ်နေကြောင်း ယင်း ကုမ္ပဏီ ၏ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

ကနဦးအနေဖြင့် ရှမ်းပြည်နယ် ကလောခရီးစဥ်နှင့်ပုဂံခရီးစဥ် နှစ်ခုကို စတင်အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း သိရသည်။

ပထမဦးဆုံး ပြည်တွင်းခရီးစဥ်ကို ဇူလိုင်လ (၁၈) ရက်တွင်စတင်မည်​ဖြစ်ပြီး ဇူလိုင်လမှ စတင်ကာ စက်တင်ဘာကာလအတွင်း မိုးရာသီ ကာလအတွင်း အရစ်ကျစနစ်ဖြင့် သွားရောက်လည်ပတ်ရန် စီစဥ်ပေးထားကြောင်း သိရသည်။

“အခုကတော့ ပုဂံ-ညောင်ဦး-ပြည့် (၉) ပြည့် ခရီးစဥ်ရယ် ။ ကလော -အင်းလေး ခရီးစဥ်ကို ခရီးသွားချင်သူတွေအတွက် အရစ်ကျ စနစ်နဲ့ပေးလို့ရအောင်အကောင်အထည်ဖော်ပေးခဲ့ပါတယ်။ ပြည်ပ ခရီးစဥ်ကိုတော့ အောက်တိုဘာ လမှစတင်ပါမယ်။ ဒီလိုကာလမှာခရီးသွားချင်တဲ့သူတွေအတွက်ဝန်ထုတ်ဝန်ပိုးလည်းမဖြစ်အောင် ခရီးလည်း လည်ပတ်နိုင်စေဖို့ ရည်ရွယ်ပြီး စီစဥ်ပေးဖြစ်ခဲ့တာပါ။ အရစ်ကျ ခွဲပေးရတော့ သူတို့အတွက်လည်း အဆင်ပြေ စေပါတယ် “ဟု Let´sTravelEasilyTour ခရီးသွား ကုမ္ပဏီ မှ တာဝန် ရှိသူက Travelling ကို ပြောသည်။

ပုဂံ – ညောင်ဦးခရီးစဥ် သုံးညအိပ်လေးရက်အတွက် စားရိတ်ငြိမ်းအပြီးအစီးကို လူတစ်ဦးလျှင် ကျပ်နှစ်သိန်း ကျသင့်မည် ဖြစ်ကာ ပထမဆုံးလကို ကျပ်တစ်သိန်း ပေးသွင်းရမည်ဖြစ်ပြီး ကျန်ငွေအား ဒုတိယအရစ်တွင် ကျပ် (၅၅၀၀၀) ကျပ် နှင့် တတိယအရစ် တွင် ကျပ် (၅၅၀၀၀) ကို ပေးသွင်းရမည်ဖြ​​စ်ကြောင်း သိရသည်။

အရစ်ကျ စနစ်ဖြင့် ခရီးသွားချင်သူများအတွက် လိုအပ်ချက်အနေဖြင့် မှတ်ပုံတင် မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ ၊ ရပ်ကွက် (သို့) မြို့နယ်နေထိုင်ကြောင်း မူရင်း၊ HR ၏ အလုပ်လုပ်ကြောင်းထောက်ခံစာမူရင်း နှင့် LTE Tour က သတ်မှတ်ထားသည့် Form တွင် ဖြည့်ပေးရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကလော -အင်းလေး သုံးညအိပ် လေးရက် ခရီးစဥ်ကိုအရစ်ကျ စနစ် ဖြင့် ခရီးသွားချင်သူများအတွက် ပထမအရစ် တွင် ကျပ် ၁၂၅၀၀၀ ကို ကနဦးပေးသွင်းရမည်ဖြစ်ပြီး ကျန်ငွေအား ဒုတိယအရစ် တွင် ကျပ် ၆၅၀၀၀ နှင့် တတိယ အရစ်တွင် ကျပ် ၆၅၀၀၀ ကို ပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင်လက်ရှိတွင် မြန်မာ့ခရီးသွားဘဏ်မှဝိုင်းကြီးချုပ်စနစ်ဖြင့် အာမခံပြီး Travel Loan များကို ဆောင်ရွက် ပေးနေသည့် အပြင်
Corporate travel loan များနှင့် Travel Agent များ၏ Packge ခရီးစဥ်အလိုက် ခရီးသွားရောက်မည့်သူများအတွက် Travel Loan များကို ဆောင်ရွက်ပေးနေကြောင်း မြန်မာ့ခရီးသွားဘဏ်မှ တာဝန်ရှိသူက Travelling သို့ပြောသည်။

Credit Travel Loan
Photo LTETour

ကလောအခြေစိုက်ဖွင့်လှစ်ထားသည့်လုံးချင်းအိမ် (Home Stay) များကို တရားဝင်လုပ်ငန်းအဖြစ် လိုင်စင် စတင် ထုတ်ပေး

Travelling Journal

ကလောအခြေစိုက် ဖွင့်လှစ်ထားသည့် လုံးချင်းအိမ် (Home stay )များကို တရားဝင်လုပ်ငန်းအဖြစ် လိုင်စင်ထုတ်ပေးနေပြီဖြစ်ကြောင်း ကလောမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်း က Travelling သို့ ပြောသည်။

” နိုင်ငံခြားသားတည်းခွင့်မရဘူး။နိုင်ငံခြားသား တည်းခွင့်ရတာက ဟိုတယ်ခရီးလက်အောက်ကနေလိုင်စင်ယူထားတဲ့ ဟိုတယ်၊မိုတယ်တွေမှာပဲနိုင်ငံခြားသားတည်းလို့ရပါတယ်။စည်ပင်သာယာကနေ လိုင်စင်ကြီးကြပ်နေတဲ့Home Stay တွေမှာတော့ ပြည်တွင်းခရီးသွားတွေ အတွက်ပဲရည်ရွယ်တယ်”ဟု ကလောမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်း က Travelling သို့ ပြောသည်။

လက်ရှိတွင် ကလောအခြေစိုက် Home Stay လုပ်ကိုင်နေသော စာရင်းကောက်ယူထားသည့် စာရင်းအရ ၂၂ လုံးရှိပြီး လက်ရှိအချိန်ထိအခွန် စည်းကြပ် ပြီးစီးထားသည့် Home Stay ၁၂ လုံးသာရှိသေးကြောင်းသိရသည်။

ထို့ပြင် ကျန်ရှိနေသေးသည့် အခွန်မစည်းကြပ်ရသေးသည့် Home Stay များကို ကောက်ယူနေပြီး ဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။

” ဌာနတစ်ခုကနေ လုပ်ငန်းလိုင်စင် လုပ်ပေးနိုင်ရင်လုပ်ငန်းရှင်အတွက်လည်း လုပ်ငန်းလုပ်ရတာကောင်းတယ်။နိုင်ငံတော်အခွန်အခလည်းရမယ်။ဘယ်ဌာနမှလိုင်စင်မပေးဘူးဆိုရင် လုပ်ငန်းရှင်တွေဘက်ကလည်း တရားမဝင်လုပ်သလိုဖြစ်နေမယ်။နိုင်ငံတော်အခွန်အခလည်းစည်းကြပ်လို့မရဘူး။ဒါ့ပြင် ခရီးသွားအရေ အတွက် ကောက်တဲ့အခါမှာလည်း လွတ်နေတယ်။Home Stay တွေမှာဝင်သွားတဲ့ ဧည့်သည်ကမနည်းဘူး။စည်ပင်က နေပေးလာရင် ဧည့်စာရင်းတိုင်ကြားလာတဲ့အခါခရီးသွားအရေ အတွက်တစ်ခုတော့ ထပ်ပိုလာမယ့်သဘောရှိပါတယ်”ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထင် အောင်နိုင် က Travelling Journal သို​့ပြောသည်။

ထို့ပြင် ကလောအခြေစိုက်နှင့် အောင်ပန်း ၊ဟဲဟိုး မြို့တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းလိုင်စင်ဖြင့် လုပ်ငန်းလုပ်ကိုင်သည့် ဟိုတယ် အလုံးရေ ၈၀ ကျော်ရှိကြောင်း သိရသည်။

” ဟိုတယ်နဲ့မတူပဲ ကိုယ့်အိမ်လိုမျိုး ခံစားရစေတဲ့ရည်ရွယ်ချက်ရယ်။ မိသားစုလိုက်အေးအေး ဆေးဆေးနားချင်တဲ့သူတွေအတွက်ရည်ရွယ်ပြီး အခုလိုမျိုး Treasure Htoo ကို ဖွင့်ခဲ့တာဖြစ်ပါတယ်” ဟု ပိုင်ရှင်ဖြစ်သူက Travelling သို့ ပြောသည်။

ပုံ-စာ ကလောမြို့နယ်အခြေစိုက်ဖွင့်လှစ်ထားသည့်Treasure Htoo အမည်ရှိ လုံးချင်းအိမ်ကိုတွေ့ရစဥ်။

Kalaw Home Stay
Photo kalaw nice dream Motel

ပုဂံဒေသရှိ အထင်ကရ ဟိုတယ် တစ်ခုဖြစ်သော ဘောဂသိဒ္ဓိဟိုတယ်မှ မိုးရာသီကာလ အခန်းခနှုန်းထားကို ၃၀ ရာခိုင်နှုန်း လျှော့ချ

Travelling Journal

မြန်မာခရီးသွားဘုရားဖူးများ အများဆုံးသွားရောက် လည်ပတ်ကြသည့် ပုဂံရှေးဟောင်း ယဥ်ကျေးမှုဒေသရှိ အထင်ကရဟိုတယ်တစ်ခုဖြစ်သော ဘောဂသိဒ္ဓိဟိုတယ်မှ မိုးရာသီကာလတွင် ဟိုတယ်အခန်းခနှုန်းထားများကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးထားကြောင်း ယင်းဟိုတယ်၏ တာဝန်ရှိသူ က Travelling ကို ပြောသည်။

ပုဂံ​ဒေသရှိ ဘောဂသိဒ္ဓိဟိုတယ်သည် 3 Star အဆင့်ရှိ​ပြီး မြေ ၅ ဧက ဝန်းကျင်ပေါ်တွင် Resort Type Hotel ပုံစံ တည်ဆောက်ထားကာ အခန်းပေါင်း (၆၀) ရှိသည့် ဟိုတယ်တစ်ခုဖြစ်သည်။

” ဟိုတယ်အနေနဲ့ ဓာတ်ပုံရိုက်ကူးလို့ ကောင်းတဲ့နေရာတွေ များစွာ ရှိပါတယ်။ အစ်မတို့ ဟိုတယ်က ဟိုတယ်ဇုန်ထဲလည်းဖြစ်တယ်။ မြေဧက ကျယ်တော့ ဥယျာဥ်ကို စိတ်သက်သောင့်သက်သာဖြစ်အောင် တည်​ဆောက်ထားတာ ဖြစ်ပါတယ်။ အေးအေးဆေးဆေး အနားယူလို့ ကောင်းပါတယ်။ ရေကူးကန်က တခြားထက် ပိုပြီးကြီးပါ​ေတာ ့ရေကူးကန် ကျယ်ကျယ်ကြိုက်တဲ့သူတွေအတွက် အကောင်းဆုံးပါ”ဟု ယင်းဟိုတယ်၏ တာဝန်ရှိသူ က Travelling ကို ပြောသည်။

ပုဂံ ဒေသ၏ မိုးဦးကာလတွင် မြေသင်းရံနံ့များ
ဖြင့် ထုံမွမ်းနေပြီး ယင်းကာလ၌ ဘုရားဖူးဧည့်သည် အများစုမှာ ပုဂံဒေသသို့ လာရောက်လည်ပတ်ကြသည့်အတွက် ထိုကာလများတွင် မိုးရာသီအထူးအစီအစဥ်များအနေဖြင့် ဟိုတယ်များမှ အခန်းခနှုန်းထားများကို ​ေလျှာ့ချပေးကြောင်း သိရသည်။

ပုဂံဒေသရှိ ဘောဂသိဒ္ဓိ ဟိုတယ်၏ Superior အခန်း တစ်ညလျှင် (၆၅၀၀၀) ကျပ် ကို ကျပ် (၄၅၀၀၀) ဖြင့် လည်ကောင်း၊ ဘန်ဂလိုလုံးချင်းတည်းခိုပါက တစ်ညလျှင် ကျပ် (၈၅၀၀၀) ကို ကျပ် (၇၅၀၀၀) ထိ လျှော့ချပေးထားကြောင်း သိရသည်။

လက်ရှိတွင် ဘောဂသိဒ္ဓိကုမ္ပဏီလိမိတက်လက်အောက် ၌ ဟိုတယ် ၃ လုံးရှိပြီး ငပလီ နှင့် ကျိုက်ထီးရိုးတို့တွင် ဟိုတယ် တစ်လုံးစီ ရှိကာ နေပြည်တော်တွင် ဘောဂသိဒ္ဓိ အမည်ရှိ ဆေးရုံ
တို့ကို လုပ်ကိုင်ဆောင်ရွက်ကြောင်း သိရသည်။

BawgaTheiddhiHotel

ငွေဆောင်တွင် မုတ်သုန်မုန်တိုင်းရေလွှာ လျှောစီးပြိုင်ပွဲ စတင်

Travelling Journal

အစိမ်းရောင်ကမ်းခြေ (Green Ngwe Saung)
ဟု တင်စားခံထားရသည့် ငွေဆောင်ကမ်းခြေ
တွင် မုတ်သုန်မုန်တိုင်းရေလွှာလျှောစီး ပြိုင်ပွဲ ကို ယနေ့ [မေလ(၂၉)]စတင် ယှဥ်ပြိုင်နေကြောင်း Surf Association of Myanmar မှ ဦးအောင်ဇော်လင်း (ခ)ပင်ကီ က Travelling ကို ပြောသည်။

” ဒီနေ့မှာတော့ အမြင့်ပေ ၈ ပေကျော်တဲ့ လှိုင်းလုံးကြီးတွေပေါ်မှာ​ ရေလွှာလျှောစီးပြိုင်ပွဲ​ ကျင်းပနေပါတယ်။ ပြိုင်ပွဲ ဝင် (၁၆) ဦး ပြိုင်နေပါတယ်။ဒီနေ့တစ်ရက်ထဲကျင်းပတာပါ။ အဲဒီထဲမှာ မိန်းကလေးနှစ်ဦး ပါပါတယ်။ကျွန်တော်တို့ ငွေဆောင်ရွက်ကလပ်ရှေ့က ပင်လယ်ပြင်ထဲမှာလှိုင်းစီးမှာပါ “ဟု ဦးအောင်ဇော်လင်း (ခ)ပင်ကီ က Travelling ကို ပြောသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးရေလွှာလျှောစီးအဖွဲ့ကိုတည်ထောင်ထားသည့်အသင်းဖြစ်ပြီး အဆိုပါ အသင်းကို ၂၀၁၇ ၌ စတင်ဖွဲ့စည်းခဲ့ကာ ၂၀၁၈ တွင် ပြိုင်ပွဲကို စတင်ကျင်းပခဲ့သော်လည်း ကြားကာလနှစ်များတွင် ရပ်နားခဲ့ပြီး၂၀၂၂ မှ ပြန်လည် စတင်ကာပြိုင်ပွဲ များကို ကျင်းပခဲဲ့ကြောင်းသိရသည်။

လက်ရှိတွင် ရေလွှာလျှောစီးသူ အသင်းဝင် ၃၀ ဦးဝန်းကျင်ရှိပြီး လှိုင်းလုံးအသေးများနှင့် လေ့ကျင့်လိုပါက At The Sea ဟိုတယ်နှင့် ချစ်သူများကျွန်းတို့ ၌ သွားရောက်လေ့ကျင့်လေ့ရှိကြောင်းသိရသည်။

Surfing စီးမည့် သူကိုယ်တိုင်သည် မိမိစီးမည့် ဘုတ်၏ အစိတ်အပိုင်း‌များကို သိရမည်ဖြစ်ပြီး မိမိစီးမည့်ဘုတ်ကို Handle လုပ်နိုင်ရမည်ဖြစ်သလို လှိုင်းလာပါက ဖမ်းရမည့်သင်ကြားနည်းစနစ်များနှင့်ဘုတ်ပေါ်၌နေရမည့်ပုံစံများကို သင်ကြားပြသပေး​ကြောင်းသိရသည်။

ယနေ့ မေလ ၂၉ ရက် ၌ ကျင်းပသည့်
မုတ်သုန်မုန်တိုင်းရေလွှာလျှောစီး ပြိုင်ပွဲတွင်
ပထမဆုကို ဦးအောင်မင်းပိုင် ၊ ဒုတိယဆုကို
ဦးအောင်မင်းနိုင် အမြွှာညီအစ်ကို တို့မှ ရရှိခဲ့ပြီး တတိယဆုကို ဦးအောင်ဇော်လင်း မှ ရရှိခဲ့​ကြောင်းသိရသည်။

Ngwe saung beach
Photo-Surf Association of Myanmar