ပြည်တွင်းဘုရားဖူးအသင်း (DPTOA)မှသုံးပါးရတနာ လူမှုကူညီရေးကော်မတီတို့က ရေဘေးသင့် အိမ်ခြေ (၃၃၀)အတွက်ကျပ်သိန်း (၃၀၀) ကျော် တန်ဖိုးရှိ လူသုံးကုန်ပစ္စည်းများနှင့် ငွေသားများ ထောက်ပံ့လှူဒါန်း

#TravellingJournal

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊လှေခွင်းတောင် အနီးတဝိုက်ရှိ ရေဘေးသင့်ကျေးရွာ ဖြစ်သည့် ချောင်းကမ်းကြီးကျေးရွာ၊စည်ပင်ကြီးကျေးရွာနှင့် ညောင်ပင်ကြီးကျေးရွာရှိ အိမ်ထောင်စု (၃၃၀ )အား ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA)မှ သုံးပါးရတနာ လူမှုကူညီရေးကော်မတီတို့က ကျပ်သိန်း(၃၀၀) ကျော်တန်ဖိုးရှိ လူသုံးကုန်ပစ္စည်းများနှင့် ငွေသားများကို ထောက်ပံ့ပေးခဲ့ကြောင်း ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု အသင်းမှ တွဲဖက်အထွေအထွေအတွင်းရေးမှူး ဦးမျိုးသိန်းကျော်က Travelling ကို ပြောသည်။

အဆိုပါ ရေဘေးသင့်အိမ်ထောင်စုများသို့
ပြည်တွင်းဘုရားဖူးလိုက်ပါသူ ဦးရေ ( ၂၀ )ဝန်းကျင် မှ ကိုယ်တိုင်သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဘေးအလှူအတွက် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA)မှ ကွင်းဆင်း လေ့လာကာ ရေဘေးအလှူခရီးစဥ် ဆွဲပြီး အလှူရံပုံငွေ လက်မှတ်တစ်စောင်ကို တစ်ဦးလျှင် ကျပ် (၃၅,၀၀၀) သတ်မှတ်ထားပြီး ရရှိလာသော ရံပုံငွေအလှူများကို လိုအပ်သော ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်များနှင့်စားသောက်ကုန်များကို ဝယ်ယူခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အသင်းက ယာဉ်ပိုင်ရှင်တွေက ကားကိုအခမဲ့အသုံးပြုခွင့်ပေးတယ်။ ဆီဖိုးပဲစိုက်ရပါတယ်။ လက်မှတ်ရောင်းရတဲ့ငွေကြေးအကုန်ကို ရေဘေးအလှူထဲ ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။ ဒီခရီးစဥ်မှာ လိုက်ပါတဲ့သူတွေကခရီးသွားတွေလည်းဖြစ်သလို သုံးပါးရတနာအဖွဲ့ဝင်တွေဖြစ်ကြပါတယ်။ ပြောရမယ်ဆိုရင် သူတို့ကလည်း DPTOA အသင်းသားတွေပါ”ဟု ဦးမျိုးသိန်းကျော်က Travelling ကို ပြောသည်။

ထို့ပြင် ယင်းခရီးစဥ်အလှူအတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကလည်း​စားသောက်ကုန် များကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့်ကျေးရွာများသို့ Air Con Express မော်တော်ယာဉ်သုံးစီးနှင့် ကားသေး
သုံးစီး စုစုပေါင်း ကားခြောက်စီးဖြင့် ပြီးခဲ့သည့် စက်တင်ဘာ(၂၉ ) က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

Donation

ပုံ-စာ ပြီးခဲ့သည့် စက်တင်ဘာ၂၉ ရက်က ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA)မှ သုံးပါးရတနာ လူမှုကူညီရေးကော်မတီ တို့က လူသုံးကုန်ပစ္စည်းများနှင့် ငွေသားများကို ရေဘေးသင့် ကျေးရွာ ဖြစ်သည့်ချောင်းကမ်းကြီးရှိ ဒေသခံများအား ပေးအပ်လှူဒါန်းနေသည့် မြင်ကွင်းကို တွေ့ရစဥ်။

​ပုန်းအင်းဒေသမှ ရေ​းေဘးသင့် အိမ်ထောင်စုဦးရေ (၁၄၂၆) အတွက် KBZ Bank၊Lwin Oo Htwe Co.,Ltd နှင့် ရှမ်း/တောင်ပရဟိတ အသင်းတို့အပါအဝင် အလှူရှင်များစုပေါင်းပြီး ကျပ်သိန်း(၁၁၀၀) တန်ဖိုးရှိအစားအသောက်များ ထောက်ပံ့ပေးနိုင်ခဲ့

#TravellingJournal

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့၊ ဟိုပုံးမြို့နှင့် ဆီဆိုင်မြို့အကြား ပုန်းအင်းဒေသရှိ ရွာပေါင်း(၂၅) ရွာကျော် ရေနစ်မြုပ်ခဲ့သဖြင့် အိမ်ထောင်စုပေါင်း(၁၄၂၆) အတွက် သိန်း(၁၁၀၀) တန်ဖိုးရှိ အစားအသောက် များကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ပအိုဝ်းဒေသ သဘာဝဘေးနှင့်လူမှုကူညီရေးအသင်း(ဗဟို) တောင်ကြီးမြို့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးခွန်ထွန်းဦးက Travelling သို့ ပြောသည်။

ရေနစ်မြုပ်ခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း ပုန်းအင်းဒေသရှိ ကျေးရွာပေါင်း(၂၅) ရွာ၊ အိမ်ထောင်စုပေါင်း(၁၄၂၆)အတွက် KBZ Bank ၊ A to Z Group( Lwin Oo Htwe Co.,Ltd) ၊ FVS Group ၊ SSYEA ၊ ရှမ်းတောင်ပရဟိတညီနောင်များကွန်ယက် (SSSPBN ) နှင့် (ပအိုဝ်းဒေသ သဘာဝဘေး နှင့် လူမှုကူညီရေးအသင်း- ဗဟို)တို့ စုပေါင်း၍ ကာလတန်ဖိုး သိန်း (၁၁၀၀ )ဝန်းကျင် ရှိသည့်ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ အစရှိသည့် စားသောက်ကုန်ပစ္စည်းများကို စက်တင်ဘာ(၂၂) ရက်က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ပုန်းအင်းဒေသသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ (တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ် ) အစရှိသည့် မြို့နယ် (၃)ခုဆုံကာ ရှမ်းတိုင်းရင်းသားအများစုနေထိုင်ကြသည့် အရပ်ဒေသတစ်ခုဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးမှာလည်း ခက်ခဲကြောင်း ယခုကဲ့သို့ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းပေးသည့် အလှူရှင်များကိုလည်းကျေးဇူးတင်ရှိကြောင်း ဦးခွန်ထွန်းဦးက Travelling သို့ ပြောသည်။

ရေဘေးသင့်ပြည်သူများ လတ်တလောနေထိုင်ကြသည့် ဆီဆုံကျေးရွာဘုန်းကြီးကျောင်း၊ ကက္ကူဘုန်းကြီးကျောင်းနှင့် ဆိုင်လဲကျေးရွာသို့
သွားရောက်နိုင်ရန်အတွက် ပအိုဝ်းဒေသ သဘာဝဘေးနှင့် လူမှုကူညီရေးအသင်း(ဗဟို) နှင့် ပုန်းအင်းဒေသခံတို့ ပူးပေါင်းပြီး အလှူရှင်များ သွားရောက်လှူဒါန်းနိုင်အောင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ပုန်းအင်းဒေသခံ တစ်ဦးက Travelling သို့ ပြောသည်။

ပုန်းအင်းဒေသသည် ကုန်း(၆)လ ရေ (၆) လနေထိုင်ကြသည့် အေးချမ်းသာယာလှပသည့် ဒေသဖြစ်ပြီး “နောင်မွန်ရှမ်းဆန်” ထွက်ရှိရာဒေသအဖြစ် နာမည်ကျော်ကြားသည့် ဒေသ တစ်ခု ဖြစ်ကြောင်းသိရသည်။

Photo Khun Htun Oo

ရေကြီးမြေပြိုနစ်မြုပ်ခဲ့သည့် ရမည်းသင်းခရိုင် ချောင်းဖျားကျေးရွာသို့ ပြည်သူသို့မျှဝေခြင်းအဖွဲ့နှင့် ဒိဝါတပတိမိသားစုက သွားရောက်လှူဒါန်း

#TravellingJournal

ပြည်သူသို့မျှဝေခြင်း (Contribution to Community C2C )မှ ဦးဆောင်သော အဖွဲ့နှင့် မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ် မှ လုပ်အားပေးအဖွဲ့များသည် ရေကြီးနစ်မြုပ် မြေပြိုခဲ့ကြသည့် ရမည်းသင်းခရိုင်၊ ဝါးဖြူတောင်ကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ ပစ္စည်းများကို စက်တင်ဘာ ၁၈ ရက်က သွားရောက် လှူဒါန်းခဲ့ကြောင်း ပြည်သူသို့မျှဝေခြင်းအဖွဲ့မှ ဒေါက်တာနေစိုးမောင် က Travelling သို့ ပြောသည်။

အဆိုပါကျေးရွာသည် သပြေပင်ကျေးရွာထက်
ပိုဝေးပြီး လူသူအရောက်ပေါက်နည်းသည့်ကျေးရွာဖြစ်သောကြောင့် သွားရောက်လှူဒါန်းခဲ့ကြောင်း ၎င်းက ပြောသည်။

“မြန်မာလူမျိုးတွေက အလှူအတန်းမှာ အရမ်းရက်ရော လှူဒါန်းကြပါတယ်။ ဘယ်နေရာပဲ ဖြစ်ဖြစ် တက်အားသရွေ့ကို လှူကြပါတယ်။ကျွန်တော်တို့သွားလှူတဲ့ချောင်းဖျားရွာက သပြေပင်ရွာကနေထက်ပြီးသွားရသေးတဲ့ရွာပါ။လမ်းခရီးလည်းကြမ်းပေမဲ့ လာလှူကြတဲ့အလှူရှင်အဖွဲ့တွေကိုလည်းတွေ့ရပါတယ် “ဟု ဒေါက်တာနေစိုးမောင် က Travelling သို့ ပြောသည်။

တစ်ရွာလုံးနီးပါးခန့် ရေ ဘေးသင့်ခဲ့ကြသည့်
ချောင်းဖျားကျေးရွာသို့ သွားရောက်ပြီး လိုအပ်
သည့် ထောက်ပံ့ရေးပစ္စည်းများကို လှူဒါန်းခဲ့ကြောင်းသိရသည်။

” ရွာအိမ်ခြေကတော့(၂၅၇) အိမ်ရှိပါတယ်။ လိုအပ်တာတွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ လမ်းခရီးလည်း အလွန် ကြမ်းတမ်းပါတယ် “ဟု အဆိုပါ မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက် အဖွဲ့ချုပ် ရေဘေးကူညီရေး (ပရဟိတ) အဖွဲ့ မှ လိုက်ပါခဲ့သည့်အဖွဲ့ဝင် တစ်ဦးကလည်း Travelling သို့ ပြောသည်။

ထို့ပြင် ရမည်းသင်းမြို့နယ် ချောင်းဖျားရွာအတွက်လည်း ဒိဝါတပတိမိသားစုက အလှူငွေ (185) သိန်းတိတိကို စက်တင်ဘာ( ၁၇ )ရက် နေ့က သွားရောက်လှူဒါန်းခဲ့ကြောင်း Golden Image မြန်မာပန်းပုပြခန်းပိုင်ရှင်​ ဒေါ်မေဇင်ဦး က Travelling သို့ ပြောသည်။

” ရွာသူကြီးရယ် ရပ်မိရပ်ဖများနဲ့အတူ
သေချာစာရင်းကောက်ပြီးမှ လက်ရောက်
လှူပေးခဲ့တာပါ”ဟု Golden Image မြန်မာပန်းပုပြခန်းပိုင်ရှင်​ ဒေါ်မေဇင်ဦး က Travelling သို့ ပြောသည်။

ရေကြီးမြေပြိုမှုများဖြစ်ခဲ့သော ရမည်းသင်းမြို့နယ်၊ချောင်းဖျားကျေးရွာလေးတွင် အိမ်ခြေ ၇၀၀ အနက် မြေအောက်ရောက်သွားသည့်
အိမ်ခြေ (75) အိမ်အတွက် တစ်အိမ်လျှင် နှစ် သိန်းကျပ် စုစုပေါင်း သိန်း( 150)နှင့် သေဆုံးသူဦးရေ (၈) ဦးအတွက် ကျန်ရစ်သူ မိသားစုအား တစ်ဦးလျှင် ကျပ် ငါးသိန်းတိတိကို ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

Donation
photo Nathan Lin Htut /Golden Image
စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်က ချောင်းဖျားရွာသို့ သွားရောက်လှူဒါန်းခဲ့သည့်မြင်ကွင်းများကို
တွေ့ရစဥ်။

ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(MHA)နှင့် သမ္မတဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ရေဘေးသင့်ပြည်သူများအား သိန်း (၅၀၀ )ဝန်းကျင်ရှိ ထောက်ပံ့ပစ္စည်းများ လှူဒါန်း

#TravellingJournal

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(MHA) နှင့် သမ္မတဖောင်ဒေးရှင်းတို့
ပူးပေါင်းပြီး တောင်ငူမြို့၊ပျဥ်းမနားမြို့နယ်နှင့်
တပ်ကုန်းမြို့နယ်များရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများကို စက်တင်ဘာ(၁၇) ရက်က သွားရောက်လှူဒါန်းခဲ့ကြောင်း ​မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(MHA) မှအထွေထွေ အတွင်းရေးမှူး ဦးနေအောင်ကို က Travelling သို့ ပြောသည်။

“ကျွန်တော်အဖွဲ့ တစ်ဖွဲ့က ( ၁၇ )ရက်က
သွားလှူခဲ့တယ်။အဲဒီမှာ ရေတက်တာနဲ့ တိုးမိ​ပြီး ပိတ်မိနေသေးတယ်။တောင်ငူမှာ လှူနေပါတယ်။ရွာထဲက ကယ်ဆယ်ရေးစခန်းတွေဆီ လှူဒါန်းခဲ့ပါတယ်” ဟု သမ္မတဖောင်ဒေရှင်း မှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

မိသားစု( ၄၀၀ )စာအတွက် မီးခြစ် ၊ဖယောင်းတိုင်၊BPI ဓါတ်စားထုတ်၊ကိတ်ခြောက် သုံးမျိုး၊ခေါက်ဆွဲ ၊ကြာဆံ သုံးမျိုး ၊ဆန်၊ ဆီ ၊ငပိထောင်း ၊ လက်ဖက်ပဲကျော် ၊နှမ်း ၊မြေပဲ၊ ပုစွန်ခြောက် ၊ကာပေါ်လစ်ဆပ်ပြာ ၊ငါးသတ္တာ နှင့် ရေသန့် တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ထို့ပြင်အမျိုးသမီး၊ အမျိုးသား နှင့် ကလေး ငယ်များအတွက် လူဦးရေ (၂၀၀၀ )စာ အဝတ်အစားနှင့်ခြုံစောင်( ၂၀၀) တို့ကို လှူဒါန်းပေးခဲ့​​ကြောင်း သိရသည်။

Donation
Photo U Nay Aung Ko

မြန်မာ့ခရီးသွားဘဏ် မှ နေပြည်တော်ပတ်ဝန်းကျင်ရှိ ရေဘေးသင့်ရွာများသို့ ကျပ်သိန်း(၁၀၀)ကာလ တန်ဖိုးရှိ စားစရာများ လှူဒါန်းမည်

#TravellingJournal

မြန်မာ့ခရီးသွားဘဏ်မှ နေပြည်တော် ပတ်ဝန်းကျင်ရှိ ရေဘေးသင့်ရွာများသို့ ကျပ်သိန်း(၁၀၀) ကာလတန်ဖိုးရှိ စားစရာများ လှူဒါန်းသွားမည်ဖြစ်ကြောင်း မြန်မာ့ခရီးသွားဘဏ် (Myanma Tourism Bank) မှ Executive Director ဖြစ်သူ ဒေါ်သိင်္ဂီလင်းက Travelling သို့ ပြောသည်။

“MTB က အမြန်ဆုံးသွားလှူဖို့ ဒီနေ့ စတင်ပြင်ဆင်နေပါတယ်။ကိုယ့် Team နဲ့ အမြန်ဆုံး ရမည်းသင်း၊ တပ်ကုန်းနေရာတွေ အဆိုးဆုံးဖြစ်မဲ့နေရာတွေကို စားစရာတွေလှူဖို့ ပြင်ဆင်နေပါတယ်။ အဝတ်အထည်တွေလည်း ပါပါမယ်။ဒီနေ့တော့ သိန်း ၁၀၀ ဖိုး စတင်ရည်ရွယ်ထားပါတယ်”ဟု ဒေါ်သိင်္ဂီလင်းက Travelling သို့ ပြောသည်။

နေပြည်တော်ပတ်ဝန်းကျင်တွင် ရွာကြီးရွာငယ်ပေါင်း(၈)ရွာ ဝန်းကျင်ရှိပြီး အိမ်​ခြေပေါင်း ၂၅၀၀ ဝန်းကျင်ရှိကာ လူဦးရေပေါင်းတစ်သောင်းကျော်၏ နေအိမ်တော်တော်များများ ရေမြုပ်နေသဖြင့် စားသောက်ရန် အခက်အခဲဖြစ်နေသောကြောင့် အစားအသောက်များ လှူဒါန်းနိုင်ရန် သဗ္ဗသုခနာရေးကူညီမှုအသင်း မှ တာဝန်ခံတစ်ဦးဖြစ်သူ ဒေါ်ညိုက Travelling သို့ ပြောသည်။

ထို့ပြင်တပ်ကုန်းမြို့နယ်၊မန်ကျည်းပင်၊မြောက်ရွေးစုရွာ၊ဆင်သေရွာ၊ ဝက်ကုန်းရွာတို့မှာ ရေကြီးမှုဒဏ်အဆိုးဆုံးကို ခံစားရသည့် ကျေးရွာများဖြစ်ကြောင်း ၄င်းက Travelling သို့ ပြောသည်။

“ကျေးရွာတော်တော်များများ ရေကြီးပါတယ်။ ပျဥ်းမနား(သကြားစက်)ဖက်ဆို ရေတော်တော်ကြီးပါတယ်။ တစ်ချို့ရွာတွေက ရေကျသွားပါပြီ။ တစ်ချို့ရွာတွေကတော့ မကျသေးပါဘူး။ ဇီးကုန်းရွာဆို ရေကျသွားပေ မယ့် တင်ကျန်ခဲ့တဲ့နှုန်းတွေက ပေါင်လောက်ထိရှိပါတယ်။ ကျွန်မတို့ ဒီနေ့မှတော့ ထမင်းဗူး( ၇၀၀) နဲ့ ရေသန့်ဗူးတစ်လီတာ ဗူး (၁၀၀၀)ကို သွားရောက်လှူဒါန်းခဲ့ပါတယ် “ဟု သဗ္ဗသုခ နာရေးကူညီမှုအသင်း မှ တာဝန်ခံတစ်ဦးဖြစ်သူ ဒေါ်ညိုက Travelling သို့ပြောသည်။

ထို့ပြင် နေပြည်တော်အခြေစိုက်Jade Garden Hotel( Nay Pyi Taw )မှ စက်တင်ဘာ ၁၂ ရက် တွင် လယ်ဝေးမြို့နယ်၊ကွမ်းခြံကျေးရွာရှိ ရေဘေးသင့် ကျေးရွာသူကျေးရွာသားများ အား ကြာဆံကြော်နှင့်ရေသန့်များကို သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံခရီးသွားအဖွဲ့ချုပ်နှင့် Myanmar Tourism Marketing Association ( MTM) တို့ကလည်း ရေဘေးသင့်ဒေသများကို လှူဒါန်း သွားမည်ဖြစ်ကြောင်းသိရသည်။

Donation
Photo သဗ္ဗသုခ နာရေးကူညီမှုအသင်း/JadeGardenhotel

ပုံ-စာ စက်တင်ဘာ (၁၁)နှင့် (၁၂) ရက်များတွင်ရေဘေးသင့်ဒေသများနှင့်လှူဒါန်မှုများကိုတွေ့ရစဥ်။

ရန်ကုန်နှင့်ဧရာဝတီက မြို့လေးမြို့သို့ နေ့ချင်းပြန်ဘုရားဖူးခရီးစဥ်ကို DPTOA အသင်းမှ စတင်ဖော်ဆောင်

Travelling Journal

ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့များြဖစ်ကြသည့် တွံတေး-ဒေးဒရဲ-ဖျာပုံ-ကျိုက်လတ်မြို့များသို့ နေ့ချင်းြပန် ဘုရားဖူးနှင့်လေ့လာရေးခရီးစဉ်ကို ြပည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်း(DPTOA) မှ ဦးဆောင်ကာ သွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့လေးမြို့ဘုရားဖူးခရီးစဉ်ကို ပြီးခဲ့သည့် စက်တင်ဘာ (၈) ရက်က သွားရောက်ခဲ့ပြီး ခရီးသည်ပေါင်း (၁၇၀) ကျော်လိုက်ပါခဲ့ကြောင်း ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်း(DPTOA)မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသိန်းကျော်က Travelling သို့ ပြောသည်။

“ကျွန်တော်တို့အသင်းကနေ ဒါက ပထမဆုံး လေ့လာရေးခရီးစဥ်အနေနဲ့သွားရောက်ခဲ့တာဖြစ်ပါတယ်။ (၃၃) ယောက်စီး ကားငါး စီးနဲ့ ကားသေးတစ်စီးအပါအဝင် ခရီးသည်ပေါင်း (၁၇၀)ကျော် လိုက်ပါခဲ့ပါတယ်။ နေ့ချင်းပြန်သွားလို့ရတဲ့ခရီးစဥ်လမ်းကြောင်းလေးတွေနဲ့ နီးနေပေမဲ့လည်းမရောက်ဖြစ်ကြသေးတဲ့ ဘုရားဖူးနေရာတွေကို သွားရောက်ခဲ့ကြပါတယ်။ ဒီလိုမျိုးခရီးစဥ်တွေကို သုံးလတစ်ကြိမ်လောက်ဖော်ဆောင်သွားဖို့ရှိပါတယ် “ဟု ဦးမျိုးသိန်းကျော်က Travelling သို့ ပြောသည်။

ခရီးစဉ်တွင် ပထမဆုံးအနေဖြင့် တွံတေးမြို့မှ တဖုဿ နှင့် ဘလ္လိကကုန်သည် ညီနောင်နှစ်ဦး၏ မွေးဖွားရာ ဇာတိမြေ၌တည်ထားကိုးကွယ်ထားသော ရွှေဆံတော်ဘုရားကြီး၊ကျိုက်ဖူး – ကျိုက်ပါစေတီ နှင့် ဗုဒ္ဓတစ်ထောင်ဘုရားများ၊ ရှေ့ခေတ်ဘုရင်များကိုယ်တိုင် ဆုတောင်းအဓိဌာန်ပြုသည့်မောင်းတီးစေတီနှင့် ဗောင်းတော်ချုပ်စေတီသတ္တဌာနတို့ကို သွားရောက်ဖူးမြှော်ခဲ့ကြကြောင်းသိရသည်။

ထို့နောက် ဒေးဒရဲမြို့မှ ထင်ရှားကျော်ကြားသည့် ကျိုက်ဒေးယုံဘုရားကြီး၊ ဖျာပုံမြို့ရှိပြည်လုံးချမ်းသာ( သာစည်) ဘုရားကြီးနှင့် ကျိုက်လတ်မြို့ ရှိ မဟာအတုလမြတ်မုနိရပ်တော်မူဘုရား၊ ဥယျာဥ်ဝပေါ်တော်မူဘုရားတို့ကို သွားရောက်လေ့လာဖူးမြှော်ခဲ့ကြောင်း သိရသည်။

အဆိုပါဘုရားဖူးနှင့်လေ့လာရေးခရီးစဥ်ကို ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်း(DPTOA) လက်အောက်ရှိ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် သန်းဌေးနှင့်ရောင်းရင်းများ၊စေတနာရှင်၊GoldenLight၊ ဇော်ရဲနိုင် ၊ရွှေလမ်းခရီး၊ကိုကျော်နှင့်ရောင်းရင်းများ၊ချယ်ရီလွင်၊သုံးရာသီ၊ KaungKaungFamily နှင့် လပြည့်ဝန်း စသည့် ခရီးသွားဝန်ဆောင်မှု ( ၁၀) သင်းမှ စုပေါင်းပြီးလေ့လာရေးခရီးစဥ် ကိုသွားရောက်ခဲ့​ကြောင်း သိရသည်။

Photo Travelling Journal

ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်ရှိမြန်မာ့ရွှေသမင်ခြံသို့ ခရီးသွားများ လာရောက်လေ့လာနိုင်

#Travelling Journal

မြန်မာနိုင်ငံ၏ ပထမဦးဆုံးဘူမိဥယျာဉ်တစ်ခု ဖြစ်သည့် ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် နယ်မြေထဲရှိ မြန်မာ့ရွှေသမင်ခြံသို့ ခရီးသွားဧည့်သည်များ လာရောက်လေ့လာနိုင်ကြောင်း ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်၏ တာဝန်ရှိသူ ကTravelling Journal သို့ ပြောသည်။

အဆိုပါ ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် ကို ၂၀၂၄ ခုနှစ်၊မတ်လ (၂၀) ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီးဘူမိနယ်မြေ (Geosite) ပေါင်း (၁၅)ခု နှင့်ဖွဲ့စည်းတည်ထောင်ထားကာအကျယ်အဝန်း ဧက (၅၀၀၀၀) ကျော်ရှိကြောင်းသိရသည်။

ယင်း ဘူမိနယ်မြေများတွင် လက်ရှိလူမှုကွန်ယက်စာမျက်နှာပေါ်၌ ရေပန်းစားနေသည့် တောင်ပေါ်တောင်ရွာလည်း ပါဝင်ကြောင်း သိရသည်။

“ အခုကတော့ အမျိုးသားဘူမိဥယျာဉ်အနေနဲ့
ဖွင့်လှစ်ထားပြီး အဲ့ဒီကနေ ကမ္ဘာ့အသိ အမှတ်ပြု UNESCO Geopark အဆင့်အထိ ရောက်ရှိအောင် ကြိုးစားသွားမယ်”ဟု ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ် ၏ တာဝန်ရှိသူ ကTravelling Journal ကို ပြောသည်။

မြန်မာ့ရွှေသမင်ခြံ၏ အကျယ်အဝန်းမှာ (၁၇) ဧက ရှိပြီး မြန်မာ့မျိုးရင်းရွှေသမင် နှင့်
ဆတ်တို့ကို မွေးမြူထားသည့်အပြင် စန္ဒကူးပင်များကိုလည်း အိန္ဒိယနိုင်ငံ၊ မိုက်ဆိုးပြည်နယ်မှယူဆောင်လာပြီး စိုက်ပျိုးထိန်းသိမ်းထားကြောင်း သိရသည်။

Popa Mountain Resort နှင့် သိပ်မဝေးလှသည့်ဘူမိနယ်​ ​မြေ ၇ အဖြစ်သတ်မှတ်ထားသည့် စန္ဒကူးခင်း နှင့် (မြန်မာ့ရွှေသမင်ခြံ) ကို ခရီးသွားဧည့်သည်များ လာရောက်လေ့လာနိုင်ကြောင်းသိရသည်။

“အခုချိန်ကတော့ပုပ္ပါးဘက်ကို ဘုရားဖူးတွေ
သွားကြပါတယ်။မိုးရာသီလည်းဖြစ် အသီးနှံလေးတွေလည်းအစုံပေါတော့ ခရီးသွားအလာများပါတယ်။ တောင်ပေါ်ရွာလေးဆီတော့ အသွားများကြပါတယ်။ မိုးတွင်းပိုင်းနဲ့ ဆောင်းတွင်းကာလတွေဆိုပုပ္ပါးကို သွားရောက်လည်ပတ်သင့်တဲ့ကာလပါ။အဲဒီအချိန် ကအလှပဆုံးအချိန်တွေလို့ ပြောလို့ရပါတယ် “ဟု ပုဂံဒေသခံ Taxi ပြေးဆွဲပေးတဲ့ ကိုထက် (ပုဂံ)က Travelling သို့ ပြောသည်။

ပုပ္ပားဒေသသည် ဒေသခံများ၏ ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု‌၊ ထုံးတမ်းအစဉ်အလာများ အစရှိသည့် သမိုင်းဆိုင်ရာ ယဥ်ကျေးမှုအမွေအနှစ်များ တည်ရှိရာ နေရာတစ်ခု အဖြစ် ပြည်တွင်းခရီးသွားဧည့်သည်များကြား ၌ ထင်ရှားသည့်ခရီးစဥ်ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

Popamountainpark
Photo KoHtetBaganTaxi

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏လစ်လပ်နေသည့် ဒု-ဥက္ကဋ္ဌ နှစ်နေရာအတွက် ဦးအောင်မိုးကြည် နှင့် ဦးသက်လွင်တိုး ပြန်ရွေးခံရ

#TravellingJournal

ပုဂ္ဂလိကခရီးသွားလုပ်ငန်းကဏ္ဍကို ကိုယ်စားပြုပြီးဖွဲ့စည်းထားသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF)၏ လစ်လပ်နေသည့် ဒုတိယဥက္ကဋ္ဌနှစ်နေရာအတွက် ဦးအောင်မိုးကြည် နှင့် ဦးသက်လွင်တိုး တို့က ပြန်လည်ရွေးချယ်ခံခဲ့ရကြောင်းသိရသည်။

ဩဂုတ်လ (၃၁) ရက် နေ့လည် ၁ နာရီ က ကျင်းပပြုလုပ်ခဲ့သည့် လစ်လပ်ခဲ့သည့် ဒုဥက္ကဋ္ဌ နှစ်နေရာအတွက် အဆိုပြုလွာ ပြုကာ ရွေးချယ်ခဲ့ကြောင်းသိရသည်။

လက်ရှိတွင် ဦးအောင်မိုးကြည်သည် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၏ ဒုဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်ပြီး ဦးသက်လွင်တိုးသည် ယခင်က မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ခဲ့ကာ ယခုအခါ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌများ ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏၂၀၂၃ -၂၀၂၆ ခုနှစ်သက်တမ်းအတွက် ဥက္ကဋ္ဌအဖြစ် ဦးရန်ဝင်း ဖြစ်ပြီး ဒုဥက္ကဋ္ဌ ခြောက်ဦး ၊အထွေထွေ အတွင်းရေးမှူးတစ်ဦးနှင့် တွဲဖက်အထွေထွေ အတွင်းရေးမှူး ခြောက်ဦး၊ဘဏ္ဍာရေးမှူး တစ်ဦး၊ တွဲဖက် ဘဏ္ဍာရေးမှူး နှစ်ဦး ၊ စာရင်းစစ်တစ်ဦး ၊ တွဲဖက်စာရင်းစစ်နှစ်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်သုံးဦး အပြင် အလုပ်အမှု ဆောင် ၂၆ ဦးဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။

Social Acivity
MTF Ellection
ပုံစာ – ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၄ ရက် က အင်းယားလိတ် ဟိုတယ် ၌ (၂၀၂၃-၂၀၂၆ ) ခုနှစ် သက်တမ်းအတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ၏ အလုပ် အမှုဆောင်များပြန်ရွေးချယ်ခဲ့သည့် မြင်ကွင်းကို တွေ့ရစဥ်။

မြန်မာတစ်နိုင်ငံလုံးတွင် (၁၂)ကြိမ်မြောက်ဆင်အမွှာပူးကို ဝင်္ဂ​ဘော်ဆင်စခန်း၌ မွေးဖွား

#TravellingJournal

ပဲခူးတိုင်းဒေသကြီး၊ဘုရားကြီးမြို့ရှိ ဝင်္ဂ​ဘော်ဆင်စခန်း၌ ပထမဆုံးဆင်အမွှာလေး မွေးဖွားခဲ့ကြောင်း အဆိုပါဆင်စခန်းမှ လက်ထောက်မန်နေဂျာ ဦးဖြိုးကျော်ဆင့် က Travelling ကို ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက် နံနက် ပိုင်းကအသက်(၂၁ )နှစ်အရွယ် မိခင်ဆင်မလေးပုလဲစန္ဒာမှ ဆင်အမွှာက​လေး နှစ်ကောင်​ကိုမွေးဖွားခဲ့ကြောင်း သိရသည်။

“မိခင်ဆင်မလေးရဲ့နာမည်ပါအောင် အကြီးဖြစ်သူ ဆင်မကလေးကို ပုလဲဆင့် လို့ပေးပါတယ်။ အငယ်ဖြစ်သူ ဆင်ထီးကလေးကိုတော့ ကျော်ပုလဲ လို့အမည်ပေးထားပါတယ်။ ကျွန်တော်တို့ဆင်စခန်းရဲ့ပထမဆုံးဆင်အမွှာလေးမွေးတာဖြစ်ပြီး တစ်နိုင်ငံလုံးအနေနဲ့ပြောရင်( ၁၂) ကြိမ်မြောက် ဆင်အမွှာလေး မွေးဖွား တာဖြစ်ပါတယ်”ဟု မန်နေဂျာ ဦးဖြိုးကျော်ဆင့် က Travelling သို့ ပြောသည်။

အဆိုပါ ဆင်စခန်ုကို ပဲခူးမြို့ဘုရားကြီးလမ်းမှလာရောက်နိုင်သလို အမြန်လမ်း ၃၉ မှ တစ်ဆင့်လည်း ဆင်စခန်းဆီသို့ လာရောက်လည်ပတ်နိုင်ကြောင်းသိရသည်။

“ကျွန်တော်တို့ဝင်္ဂ​ဘော်ဆင်စခန်းကို တစ်ချို့က ပိတ်ထားတယ်လို့ပဲ ထင်ကြတယ်။ ဒါပေမဲ့မပိတ်ထားပါဘူး။ ပိတ်ရက်မရှိ မနက်၆ နာရီကနေ ညနေ၆ နာရီထိဖွင့်လှစ်ပေးထားပါတယ် “ဟု တာဝန်ရှိသူက ပြောသည်။

ဆင်စခန်းဝင်ကြေးအဖြစ် ပြည်တွင်းခရီးသွားတစ်ဦးကို တစ်ထောင်ကျပ်နှင့် ပြည်ပခရီးသွားဧည့်သည် ဆိုပါက တစ်သောင်းကျပ် ကောက်ခံ​ပြီး ဆင်စီးမည်ဆိုပါက ပြည်တွင်းတစ်ဦးကို ငါးထောင်ကျပ်နှင့်ပြည်ပခရီးသွားဧည့်သည်ပါက နှစ်သောင်း ကျပ် သတ်မှတ်ထားကာ လက်ရှိတွင် ဆင်ဘူဖေးကျွေးမွေးလိုပါက တစ်သိန်းကျပ် သတ်မှတ်ထားကြောင်းသိရသည်။

လက်ရှိ တွင် အဆိုပါဆင်စခန်း၌ ဆင်အမွှာကလေးအပါအဝင် ဆင်(၉)ကောင် ရှိပြီး ပွင့်လင်းရာသီကာလများတွင် ဆင်စခန်းသို့ တစ်လလျှင် ဧည့်သည် (၁၀၀၀)ဝန်းကျင်ခန့် လာရောက်လည်ပတ် ကြောင်းသိရသည်။

Photo ဝင်္ဂ​ဘော် ဆင်စခန်း

ပဲခူးတိုင်းအတွင်းရှိ Camp၊ B&B နှင့် CBT လုပ်ငန်းများကို တရားဝင်လိုင်စင်ထုတ်ပေးတော့မည်

#Travelling Journal

ပြည်တွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကိုအထောက်အကူပြုစေရန် ရည်ရွယ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ Camp & Glamping ၊ B&B နှင့် CBT လုပ်ငန်းများကို တရားဝင်လိုင်စင်ထုတ်ပေးတော့မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဟိုတယ်/ခရီးတာဝန်ခံ ဦးလင်းဇော်ထွဋ်က Travelling သို့ ပြောသည်။

ပဲခူတိုင်းဒေသကြီးအတွင်းရှိ Camping Site များတွင် ရွက်ဖျင်တဲများဖြင့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသည့်လုပ်ငန်းရှင်များ ၊ အနည်းဆုံးအခန်း ငါးခန်းဝန်းကျင် ဖြင့် Bed &Breafast ဆောင်ရွက်နေသည့်လုပ်ငန်းရှင်များနှင့် လူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism – CBT) လုပ်ကိုင်ဆောင်ရွက်နေသည့်လုပ်ငန်းရှင်များကို
မကြာခင် တရားဝင် ပြုလုပ်ခွင့်ရရှိနိုင်သည့် လိုင်စင်ထုတ်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း သိရသည်။

“အခုလက်ရှိကတော့ မူကြမ်းရေးဆွဲထားပြီးတဲ့အဆင့်ကို ရောက်ရှိနေပါပြီ။ ဗဟိုကော်မတီကိုဆက်လက်တင်ပြဖို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဌာနဆိုင်ရာတွေနဲ့ ဆွေးနွေးသွားမယ်။ စံနှုန်းသတ်မှတ်ချက်တွေကို ရေးဆွဲနေတုန်းပါ။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် ခရီးသွားတွေအတွက်လည်း ရွေးချယ်လို့ရနိုင်မယ်။ဒါ့ပြင် အသေးစားအလတ်စားလုပ်ငန်းတွေကိုလည်း ဖွံ့ဖြိုးတိုးတက်လာစေပါမယ် “ဟု ပဲခူးတိုင်းဒေသကြီး ဟိုတယ်ခရီးတာဝန်ခံ ဦးလင်းဇော်ထွဋ်က Travelling ကို ပြောသည်။

လက်ရှိတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်မြို့နှင့်တောင်ငူမြို့အပါအဝင် ဖွင့်လှစ် ထားရှိသည့် ဟိုတယ်အလုံးရေ ( ၁၀၂)လုံးရှိကြောင်းသိရသည်။

ကိုဗစ်ကာလအလွန်မှစတင်ပြီး ပဲခူးမြို့အပါအဝင် နယ်မြို့များတွင် Camp & Glamping စသည်များဖြင့် ခရီးသွားဝန်ဆောင်မှုပေးလာကြသည့် လုပ်ငန်းရှင်များ များပြားလာခဲ့ကြောင်း သိရသည်။

#Camping
#Photo ပဲခူးတိုင်းဒေသကြီး၊အလိုင်နီဆည် နားတွင် Tents ပုံစံ ဖြင့် တည်ဆောက်ထားသည့် Home at Alaingni ကို တွေ့ရစဥ်။

ပဲခူးတိုင်းခရီးသွားလုပ်ငန်းဖိုရမ်ကို ကျင်းပမည်

#Travelling Journal

ပဲခူးတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ပဲခူးတိုင်း​ဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ကို မကြာခင်ကျင်းပသွားရန် စီစဥ်နေကြောင်း ပဲခူးတိုင်းဒေသကြီး ဟိုတယ်/ခရီးတာဝန်ခံ ဦးလင်းဇော်ထွဋ်က Travelling သို့ ပြောသည်။

ခရီးသွားဖိုရမ်ကို ယခင်က ယခုနှစ်စက်တင် ဘာ​လထဲတွင် ကျင်းပရန်စီစဥ်ထားသော်လည်း အောက်တိုဘာလမှသာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးလက်အောက်တွင် ပြည်မြို့နှင့်တောင်ငူမြို့တို့ ပါဝင်ပြီး အဆိုပါမြို့များ၏ ခရီးစဥ်သစ်များကို ဖော်ထုတ်သွားရန် စီစဥ်ထားကြောင်း သိရသည်။

ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအခန်း ကဏ္ဍမှပါဝင်ပြီး ခရီးသွားလုပ်ငန်းမှရရှိသည့် အကျိုးသက်ရောက်မှုများမှ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေး၊ ဒေသဖွံ့ ဖြိုးတိုးတက်ရေးနှင့် အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးကို များစွာအထောက်အကူပြုကြောင်း တာဝန်ရှိသူ က Travelling ကိုပြောသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဖော်ထုတ်ပြီးသား ခရီးစဥ်များနှင့် ဖော်ထုတ်ရန် ကျန်ရှိနေသည့် ခရီးစဥ် ဒေသများကို ဆက်လက်ဖော်ထုတ်သွားရန်စီစဥ်ထားပြီး အဆိုပါဖိုရမ်ကို ငါးဖွဲ့ ဖွဲ့ပြီး ကျင်းပသွားရန်စီစဥ်ထားကြောင်းသိရသည်။

လက်ရှိ တွင် ရှမ်းပြည်နယ် ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးတို့တွင် ခရီးသွားဖိုရမ်များကို ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Photo MIHARA Myanmar
ပုံ-စာ ပဲခူးမြို့ရှိ အထင်ကရနေရာများဖြစ်သည့် ကမ္ဘောဇသာဒီရွှေနန်းတော်နှင့်ရွှေမော်‌ဓောဘုရားသို့ သွားရောက် လေ့လာနေကြသည့် ခရီးသွားများကိုတွေ့ရစဥ်။

ပုပ္ပါးတောင်မကြီးအောက်ခြေတွင်ရှိသည့် တောင်ပေါ်ရွာ ခရီးစဥ်ကို ခရီးစဥ်ဒေသအသစ်အဖြစ် စတင်ရောင်းချလာ

Travelling Journal

အညာမြေ၏အိုအေစစ်ဟု တင်စားရသည့် ပုပ္ပါးတောင်မကြီးအောက်ခြေတွင်ရှိသည့် တောင်ပေါ်ရွာခရီးစဥ်ကို ခရီးစဥ်ဒေသ အသစ်တစ်ခုအဖြစ် The Unlock Travels & Tour က ခရီးစဥ်ကို စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ယင်းTour ကုမ္ပဏီမှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

အဆိုပါ တောင်ပေါ်(တောင်)ရွာသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ တောင်ပေါ် (တောင်)ကျေးရွာအုပ်စု၌ တည်ရှိပြီး ဒေသခံများက စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့် ကျေးရွာတစ်ခုဖြစ်ကြောင်းသိရသည်။

“အညာဒေသဆိုပေမယ့် ရှမ်းပြည်ကိုရောက်နေသလိုမျိုးခံစားရစေတယ်။ အရမ်းလှပြီး သာယာတဲ့နေရာလေးဖြစ်တယ်။ ကျွန်တော်တို့ ရဲ့ပုဂံဒေသခံကို ပြည့်စုံကနေ ဒီရွာလေးကို စတင်တွေ့ရှိခဲ့ပါတယ်။ ဒီရွာလေးမှာ Trekking လည်း လုပ်လို့ရပါတယ်။ ဓာတ်ပုံံလှလှလေးတွေရိုက်လို့ရမယ်။ ဒီနေရာလေးက မြူခိုးတွေနဲ့ တိမ်တိုက်တွေနဲ့အရမ်းလှတော့ ဧည့်သည်တွေကိုလည်း သွားလည်စေချင်တဲ့ဆန္ဒနဲ့ရည်ရွယ်ပြီး ခရီးစဥ်ကို စတင်ပြေးဆွဲပေးမှာဖြစ်ပါတယ် “ဟု The Unlock Travels & Tour မှ အရောင်းမန်နေဂျာ ကိုဟိန်းထက်ကိုကိုက Travelling ကို ပြောသည်။

ယခင်က ပုဂံ – ပုပ္ပါး ခရီးစဥ် ကိုသာ ရောင်းချပေးသော်လည်း ယခုခရီးစဥ်သည် ပုပ္ပါးဒေသကို ဦးစားပေးပြီး ပုဂံခရီးစဥ်နှင့်တွဲ ပြီးရောင်းချပေးထားကြောင်းသိရသည်။

ယင်းခရီးစဥ် သုံးညအိပ်လေးရက်ခရီးစဥ်အတွက် တည်းခိုငြိမ်းအပါအပြီးအစီးကို လူတစ်ဦးလျှင် တစ်သိန်း ရှစ်သောင်းကျသင့်မည်ဖြစ်ပြီး မြန်မာဘူဖေး (၇) နပ်စာ ပါဝင်ထားကြောင်း သိရသည်။

Photo The Unlock Travels & Tour / Bagan Lover