ငွေဆောင်တွင် မုတ်သုန်မုန်တိုင်းရေလွှာ လျှောစီးပြိုင်ပွဲ စတင်

Travelling Journal

အစိမ်းရောင်ကမ်းခြေ (Green Ngwe Saung)
ဟု တင်စားခံထားရသည့် ငွေဆောင်ကမ်းခြေ
တွင် မုတ်သုန်မုန်တိုင်းရေလွှာလျှောစီး ပြိုင်ပွဲ ကို ယနေ့ [မေလ(၂၉)]စတင် ယှဥ်ပြိုင်နေကြောင်း Surf Association of Myanmar မှ ဦးအောင်ဇော်လင်း (ခ)ပင်ကီ က Travelling ကို ပြောသည်။

” ဒီနေ့မှာတော့ အမြင့်ပေ ၈ ပေကျော်တဲ့ လှိုင်းလုံးကြီးတွေပေါ်မှာ​ ရေလွှာလျှောစီးပြိုင်ပွဲ​ ကျင်းပနေပါတယ်။ ပြိုင်ပွဲ ဝင် (၁၆) ဦး ပြိုင်နေပါတယ်။ဒီနေ့တစ်ရက်ထဲကျင်းပတာပါ။ အဲဒီထဲမှာ မိန်းကလေးနှစ်ဦး ပါပါတယ်။ကျွန်တော်တို့ ငွေဆောင်ရွက်ကလပ်ရှေ့က ပင်လယ်ပြင်ထဲမှာလှိုင်းစီးမှာပါ “ဟု ဦးအောင်ဇော်လင်း (ခ)ပင်ကီ က Travelling ကို ပြောသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးရေလွှာလျှောစီးအဖွဲ့ကိုတည်ထောင်ထားသည့်အသင်းဖြစ်ပြီး အဆိုပါ အသင်းကို ၂၀၁၇ ၌ စတင်ဖွဲ့စည်းခဲ့ကာ ၂၀၁၈ တွင် ပြိုင်ပွဲကို စတင်ကျင်းပခဲ့သော်လည်း ကြားကာလနှစ်များတွင် ရပ်နားခဲ့ပြီး၂၀၂၂ မှ ပြန်လည် စတင်ကာပြိုင်ပွဲ များကို ကျင်းပခဲဲ့ကြောင်းသိရသည်။

လက်ရှိတွင် ရေလွှာလျှောစီးသူ အသင်းဝင် ၃၀ ဦးဝန်းကျင်ရှိပြီး လှိုင်းလုံးအသေးများနှင့် လေ့ကျင့်လိုပါက At The Sea ဟိုတယ်နှင့် ချစ်သူများကျွန်းတို့ ၌ သွားရောက်လေ့ကျင့်လေ့ရှိကြောင်းသိရသည်။

Surfing စီးမည့် သူကိုယ်တိုင်သည် မိမိစီးမည့် ဘုတ်၏ အစိတ်အပိုင်း‌များကို သိရမည်ဖြစ်ပြီး မိမိစီးမည့်ဘုတ်ကို Handle လုပ်နိုင်ရမည်ဖြစ်သလို လှိုင်းလာပါက ဖမ်းရမည့်သင်ကြားနည်းစနစ်များနှင့်ဘုတ်ပေါ်၌နေရမည့်ပုံစံများကို သင်ကြားပြသပေး​ကြောင်းသိရသည်။

ယနေ့ မေလ ၂၉ ရက် ၌ ကျင်းပသည့်
မုတ်သုန်မုန်တိုင်းရေလွှာလျှောစီး ပြိုင်ပွဲတွင်
ပထမဆုကို ဦးအောင်မင်းပိုင် ၊ ဒုတိယဆုကို
ဦးအောင်မင်းနိုင် အမြွှာညီအစ်ကို တို့မှ ရရှိခဲ့ပြီး တတိယဆုကို ဦးအောင်ဇော်လင်း မှ ရရှိခဲ့​ကြောင်းသိရသည်။

Ngwe saung beach
Photo-Surf Association of Myanmar

အာဆီယံ အသန့်ရှင်းဆုံးခရီးသွားမြို့တော်ဆု မြန်မာနိုင်ငံမှ ကျိုင်းတုံမြို့ ရရှိ

Travelling Journal

အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆုများ ပေးအပ်ရာတွင် မြန်မာနိုင်ငံမှ ခေါင်းစဥ်အလိုက် ဝင်ရောက်ယှဥ်ပြိုင်ရာ ကျိုင်းတုံမြို့မှ အာဆီယံအသန့်ရှင်းဆုံးခရီးသွားမြို့တော်ဆုကို ရရှိခဲ့ကြောင်း ကျိုင်းတုံ ဟိုတယ်နှင့်ခရီးသွားလာရေးညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ ကTravelling ကို ပြောသည်။

“လာအိုမှာ ပေးတာပါ။ ဆုကတော့ တောင်ကြီး ကိုရောက်နေပြီလို့ ကြားပါတယ်။အခမ်းအနားနဲ့ပေးမယ်လို့သိရပါတယ် ” ဟု ကျိုင်းတုံ ဟိုတယ်နှင့်ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ ကTravelling ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ဗီယင်ကျန်းမြို့ရှိ Landmark Mekong Riverside Hotel တွင် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်- ၂၀၂၄ ကို ကျင်းပခဲ့ပြီး ယင်းဖိုရမ်တွင် မြန်မာ နိုင်ငံအတွက် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆုများပေးအပ်ရာတွင် မြန်မာနိုင်ငံမှ ASEAN Green Hotel Award (၅)ဆု၊ ASEAN MICE Venue Standard Award (Category: Meeting Room) (၃)ဆု၊ ASEAN MICE Venue Standard Award(Category: Exhibition Venue) (၂)ဆု၊ ASEAN MICE Venue Standard Award(Category: Event Venue) (၃)ဆု၊ ASEAN Sustainable Tourism Award (၁)ဆု နှင့် ကျိုင်းတုံမြို့နှင့် ပုသိမ်မြို့တို့မှ ASEAN Clean Tourist City Award တို့ကို အသီးသီးရရှိခဲ့ကြောင်း သိရသည်။

” နှစ်နှစ်တစ်ကြိမ် ပေးတာပါ။ ကျွန်တော်တို့ ကျိုင်းတုံမြို့က Clean Tourist City ကို ဝင်ပြိုင်ခဲ့တာပါ။ကျန်းမာရေး ၊ စည်ပင်၊ထွေအုပ်၊ ဟိုတယ်ခရီး ကနေ စံနှုန်းသတ်မှတ်ချက်တွေကို အဖွဲ့လိုက်စစ်ဆေးပြီး ဝင်ရောက် ယှဥ်ပြိုင်ခဲ့တာဖြစ်ပါတယ် “ဟု ကျိုင်းတုံ ဟိုတယ်နှင့်ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ ကTravelling ကို ပြောသည်။

မြန်မာနိုင်ငံမှ ကလောမြို့ နှင့် ပုဂံမြို့မှ အာဆီယံ အသန့်ရှင်းဆုံးခရီးသွားမြို့တော်ဆုကိုရရှိခဲ့ပြီး လက်ရှိတွင်ကျိုင်းတုံမြို့သို့ တာချီလိတ် နယ်စပ်ဝင်ပေါက်မှ ထိုင်းလူမျိုးများ ဝင်ရောက်လည်ပတ်နေကြောင်း သိရသည်။

Photo Ko Kyi Shein

တောင်လှေခါးမြို့တော်ဟု တင်စားသည့်ပြင်ဦးလွင်ရှိ The View Resort တွင်အပျော်တမ်း Zipline Adventure ပြုလုပ်နိုင်တော့မည်

Travelling Journal

တောင်လှေခါးမြို့တော်ဟု တင်စားထားသည့် ပြင်ဦးလွင်မြို့ရှိ The View Resort တွင် စွန့်စားမှုကို အခြေခံထားသည့် အပျော်တမ်း Zipline Adventure ပြုလုပ်နိုင်တော့မည် ဖြစ်ကြောင်း The View Resort မှ တာဝန်ရှိသူက Travelling သို့ပြောသည်။

အဆိုပါ The View Resort သည် ပြင်ဦးလွင်မြို့၏ အထင်ကရရေတံခွန်တစ်ခုဖြစ်သည့် ဓာတ်တော်ချိုင့်ရေတံခွန်ကို မျက်နှာ မူပြီး တည်ဆောက်ထားသည့်အတွက် ဧည့်သည်များအနေဖြင့် ရေတံခွန်၏ အလှအပကို ကြည့်ရှုကာ Zipline ကို စီးနင်းနိုင်မှာ ဖြစ်ကြောင်းသိရသည်။

“ပြင်ဦးလွင်မြို့အဝင် အနီးစခန်းနားမှာရှိပါတယ်။အနီးစခန်းကနေလာမယ်ဆိုရင် မိနစ် ၂၀ လောက်ပဲကြာပါတယ်။ လက်ရှိမှာ တော့ တည်​ဆောက်မှု ကာလက ပြီးပါပြီ။ စမ်းသပ်ပြီးစီးမှုကာလပါ။ သေသေချာချာလေး မဖွင့်ရသေးတာပဲရှိပါတယ် “ဟု The View Resort မှ တာဝန်ရှိသူက Travelling သို့ပြောသည်။

Zipline ကို လာရောက်စီးနင်းမည့် ခရီးသွားများအတွက် Safety အပိုင်းကို အဓိက စီမံထားပြီး တည်ဆောက်ရေးအပိုင်းကို ရန်ကုန်အခြေစိုက် Adventure Centre မှတာဝန်ယူဆောက်လုပ်ပေးထားကာ လက်ရှိတွင် စွန့်စားမှုခရီးစဉ်နယ်ပယ်၌ နှစ်(၃၀)နီးပါး အတွေ့အကြုံရှိသည့် နီပေါလူမျိုး Zipline ပညာရှင်က သင်ကြားပြသပေးလျက်ရှိကာ တွဲဖက်သုံးဦးဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ Zipline ကို The View Resort ၏ စားသောက်ဆိုင်မှ Bamboo အဆောက်အအုံထိ ကို အသွားလိုင်း အနေဖြင့် သတ်မှတ်ထားပြီး အကွာအဝေးအားဖြင့် ပေပေါင်း (၂၆၀) ရှိကာ အမြင့်ပေ ၁၀၀ နှင့် စီးနင်းချိန် ကို ၁၆ စက္ကန့် ​သတ်မှတ်ထားကြောင်းသိရသည်။

ထို့ပြင် အပြန်လိုင်းအနေဖြင့် Bamboo မှ Restaurant အထိ သတ်မှတ်ထားပြီး အကွာအဝေးအားဖြင့် ပေပေါင်း (၃၃၀) အကွာရှိကာ အမြင့်ပေ ၁၂၀ နှင့် စီးနင်းချိန် ကို ၁၄ စက္ကန့် ​သတ်မှတ်ထားကြောင်းသိရသည်။

Zipline စီးနင်းခ အနေဖြင့် တစ်ဦးလျှင် အသွားအပြန် ကျပ်တစ်သောင်းခွဲ သတ်မှတ်ထားပြီး အသွားလိုင်း အပြန်လိုင်းများတွင် ခရီးသည်နှစ်ဦးအထိ တစ်ပြိုင်နက် စီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

The View Resort သည် ဓာတ်တော်ချိုင့်ရေတံခွန်ဗျူးကို မျက်နှာမူ တည်ဆောက်ထားပြီး လက်ရှိတွင် Crest Villa၊ Bungalow နှင့် Bamboo Building အဆောက်အအုံံ သုံးမျိုးရှိကြောင်းသိရသည်။

ဓာတ်တော်ချိုင့် ရေတံခွန်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၇၊ အနီးစခန်းတွင် တည်ရှိပြီး ပြင်ဦးလွင်-မန္တလေး ကားလမ်းမကြားတွင် တည်ရှိကြောင်းသိရသည်။

Photo The View Resort

ခိုလမ်မြို့၏လည်ပတ်စရာခရီးစဥ်တစ်ခုဖြစ်လာမည့် ခိုလမ်ရေပြာအိုင်

Travelling Journal

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ ခိုလမ်မြို့ရှိ ခိုလမ်ရေပြာအိုင်ကို အထင်ကရ လည်ပတ်စရာ ခရီးစဥ်​ဒေသတစ်ခုဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခိုလမ်ရေပြာစမ်းကို ဖော်ဆောင်သူ ဦးသားငယ်က Travelling သို့ ပြောသည်။

ခိုလမ် ရေပြာအိုင် နှင့် ဆက်စပ်ပြီး ခိုလမ် ရေပူစမ်း ၊ နမ့်မောင်းချောင်းရေတံခွန် ၊ နမ့်ဟူး ရှေးဟောင်း ဘုရားလှိုဏ်ဂူ တို့ကို ချိတ်ဆက်ကာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရန် ဆောင်ရွက်သွားမည်ဟု အဆုိပါ လုပ်ငန်းရှင်က Travelling သို့ ပြောသည်။

“နောင်မှာ ခရီးသွား အလားအလာကောင်းတဲ့အချက်အချာကျတဲ့ မြို့ဖြစ်လာမှာပါ။ ခိုလမ်က လမ်းဆုံံ ဖြစ်သွားတယ်။ ခိုလမ်ကနေ ​မြောက်ဖက်ကို နှစ်နာရီလောက်သွားရင် ဟိုက်ပါရေတံခွန်ကို ရောက်မယ်။ တောင်ဘက်ကိုတစ်နာရီလောက်သွားရင် ကျိုင်းတောင်းရေတံခွန်ကို ရောက်ပါတယ်။ ဒါတင်မကသေး ပါဘူး။ ခိုလမ်ကနေ နာရီဝတ်လောက်သွားရင် နောင်ဖာကန်ကိုလည်းရောက်တာမို့ ခရီးသွား အလားအလာကောင်းတဲ့အချက်အချာ ကျနေရာတစ်ခုဖြစ်လာမှာ “ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးထင်အောင်နိုင်က Travelling Journal သို့ ပြောသည်။

အဆိုပါ ရေပြာအိုင်သည် သဘာဝရေထွက်ပေါက်တစ်ခုအနေဖြင့် တည်ရှိနေပြီး အေဒီ ၇၅၄ ခုနှစ်က တည်ထားခဲ့သည့် ရှေးဟောင်းဘုရားရှိရာ​ နမ့်ဟူးလှိုဏ်ဂူ၏ အောက်ခြေက​ေန စီးဆင်းလာသည့် ချောင်းနှစ်ချောင်းမှ အောက်ပိုင်းတွင် တစ်ခုတည်းအဖြစ် ပေါင်းစည်းလာခဲ့သော သဘာဝရေထွက် (ရေပြာအိုင်) အဖြစ် ဖြစ်ပေါ်လာခဲ့ကြောင်း ခိုလမ်းရေပြာစမ်းကိုဖော်ဆောင်သည့် လုပ်ငန်းရှင်က Travelling သို့ ပြောသည်။

“နမ့်ဟူး ရှေးဟောင်းဘုရားကို ဝင်ရောက်ဖူးမြှော်နိုင်ပါတယ်။ ဒီဘုရားရဲ့ထူးခြားချက်က လပြည့်လကွယ်နေ့ဆို လှိုဏ်ဂူထဲကနေ မျောက်မြီးရှည် တွေထွက်လာပြီး အစာရှာထွက်တယ်။ အစာရှာထွက်ပြီးအထဲကိုပြန်ဝင်သွားတယ်။ ကျန်တဲ့ရက်ဆို မထွက်ဘူး။ ဒါကတော့ထူးခြားချက်ပါ။ ဒီ နမ့်ဟူးဘုရားကနေ ၁၅ မိနစ်လောက်ပဲ သွားရတယ်။ ရေပြာအိုင်ကိုရောက်ပါတယ်။ရေချိုး နားနေကစားနိုင်ပါတယ် “ဟု ​​​ေဖာ်ဆောင်သည့််လုပ် ငန်းရှင်တစ်ဦးက Travelling သို့ ပြောသည်။

လက်ရှိတွင် ခိုလမ်ရေပြာအိုင်သို့ လာရောက်လည်ပတ်သည့် ခရီးသွားများ အဆင်ပြေစေရန်အတွက် ယာဥ်ရပ်နားကွင်းများ၊စားသောက်ဆိုင်များနှင့်အများသုံးသန့်စင်ခန်းများကိုဆောင်ရွက်ပေးထားကြောင်းသိရသည်။

” ထိုင်းခရီးသွားတွေဆိုရင် ဟိုက်ပါရေတံခွန် ကိုသွားချင်တာ။ ဟိုက်ပါရေတံခွန် ကိုသွားဖို့ ဆိုရင် ခိုလမ်မှာ ညအိပ်ရမှာဖြစ်ပါတယ်။ ပြီးရင် ပြန်လာ။ ဒါကြောင့်မို့ ခိုလမ်က အချက်အချာကျ လာတဲ့ မြို့ဖြစ်လာပါတယ် “ဟု ရှမ်းပြည်နယ် ဟိုတယ် နှင့်ခရီးသွားလာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးထင်အောင်နိုင်က Travelling Journal သို့ ပြောသည်။

ယခင်က ခိုလမ်မြို့သည် ရွာအဆင့်သာဖြစ်ခဲ့သော်လည်း လွန်ခဲ့သည့် ၁၀ နှစ်ကျော်မှ မြို့အဆင့်သတ်မှတ်ခဲ့နောက် ဖွံ့ဖြိုးတိုးတက်လာသည့်မြို့တစ်ခုဖြစ်လာပြီးလက်ရှိတွင်ခိုလမ်မြို့ပေါ်တွင် ညောင်စီးလူမျိုး၊ ရှမ်းလူမျိုးနှင့် လားဟူလူမျိုးများနေထိုင်ကြပြီး ရှမ်းစာ ၊တရုတ်စာ၊မြန်မာစကားကိုသာ အသုံးပြုနေကြောင်း သိရသည်။

တောင်ကြီး- ဟိုပုန်း -မိုင်းပွန်- လွယ်လင်- နမ့်စန် –
ခိုလမ် စသည့်ဖြင့် သွားရောက်နိုင်ပြီး တောင်ကြီးမြို့မှ ကား ဖြင့် ငါးနာရီဝန်းကျင်ခန့် သွားရောက်လည်ပတ်နိုင်ကြောင်းသိရသည်။

photo Thar Nge / Cherry phoo

လေပြင်းတိုက်ခတ်မှုကြောင့် သမိုင်းဝင်မွေတော်ကက္ကူဘုရား အရံစေတီ ငါးဆူ ထီးတော်မြေခခဲ့

Travelling Journal

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ရှိသည့် သမိုင်းဝင်မွေတော်ကက္ကူဘုရားဝန်းရှိ အရံစေတီ ငါးဆူ မှာလေပြင်းတိုက်ခတ်မှုကြောင့် ထီးတော်​ မြေခ ခဲ့ကြောင်း မွေတော်ကက္ကူ ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ဆန်း က Travelling သို့ပြောသည်။

ပြီးခဲ့သည့် မေလ (၂) ရက် ညပိုင်းတွင်လေပြင်း တိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဆိုပါအရံစေတီငါးဆူ၏ ထီးတော်မြေခခဲ့ရကြောင်း သိရသည်။

“မေလ ၂ ရက် ည၇ နာရီ ခွဲခန့်က ဖြစ်ခဲ့တာပါ။ စေတီတစ်ဆူလုံးမဟုတ်ပါဘူး။ အရံစေတီ ငါးဆူ ရဲ့ထီးတော်ပဲ ​မြေခ ခဲ့တာ “ဟု ဦးကျော်ဆန်း က Travelling သို့ ပြောသည်။

ယင်းကဲ့သို့ ဖြစ်စဥ်မျိုးလည်း ၂၀၁၆ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ကလည်း မွေတော်ကက္ကူဘုရားဝန်းအတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် အရံစေတီ( ၁၀၃၈ )ဆူ မှာ ပျက်စီးခဲ့ရကြောင်းသိရသည်။

“ပြီးခဲ့တဲ့ ရှစ်နှစ်တုန်းက အရံစေတီ တစ်ထောင်ကျော်ပျက်စီးခဲ့ပါတယ်။ အခုကတော့ ငါးဆူ ဆိုတော့မကြာခင် ပြန်လည်ပြုပြင်သွားဖို့စီစဥ်နေပါပြီ”ဟု အတွင်းရေးမှူးဦးကျော်ဆန်း က Travelling သို့ ပြောသည်။

ထို့ပြင် လေပြင်းတိုက်ခတ်၍မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကက္ကူကျေးရွာရှိ လူနေအိမ်တစ်ချို့လည်းခေါင်မိုးသွပ်များပျက်စီးမှုများရှိခဲ့ကြောင်းသိရသည်။

Photo နွိုး ဟွမ်

စီးပွားရေးမြို့တော်ဖြစ်သည့် မန္တလေးမြို့တွင် ကြယ်လေးပွင့်အဆင့် ဟိုတယ်ကို တည်ဆောက်နေ

Travelling Journal

စီးပွားရေးမြို့တော်ဖြစ်သည့် မန္တလေးမြို့တွင် ကြယ်လေးပွင့်အဆင့် ဟိုတယ်ကိုတည်ဆောက် နေကြောင်း Y Mandalay Hotel အုပ်စု၏ တာဝန်ရှိသူက Travelling သို့ပြောသည်။

ယင်းဟိုတယ်ကို ၂၀၂၃ ခုနှစ်မှ စတင်ကာ 4 Stars အဆင့်မီ ဆောက်လုပ်နေပြီး မြေဧက အကျယ် ၁.၆၅ ဧက ပေါ်တွင် ဆောက်လုပ်နေကြောင်းသိရသည်။

“အဆောက်အအုံကတော့ ၇ ထပ် ပါ။ လောလောဆယ် တစ်လွှာပဲ ပြီးပါသေးတယ်”ဟု ယင်းဟိုတယ်၏ တာဝန်ရှိသူက Travelling သို့ပြောသည်။

လက်ရှိတွင် ပထမထပ်ရှိအခန်း၂၀ ကို သာ စတင်ဖွင့်လှစ်ထားပြီး ဟိုတယ်၏ စုစုပေါင်း အခန်းအရေအတွက်ကို ၁၀၅ ခန်းထိ ထည့်သွင်းသွားမည် ​ဖြစ်ကြောင်း သိရသည်။

ဟိုတယ်တွင် အခန်းအမျိုးအစားနှစ်မျိုးရှိပြီး
Deluxe အခန်းကို တစ်ညလျှင် ကျပ်တစ်သိန်းနှစ်သောင်း(120,000/-)ဖြစ်ပြီး Suite အခန်းကို တစ်ညလျှင် ကျပ်တစ်သိန်းခြောက်သောင်း (160,000/-) သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် နေရာတစ်နေရာမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်ရသည့်လုပ်ငန်းစုတစ်ခုအနေဖြင့် ရပ်တည်လိုခြင်းနှင့် Hotel ကို လာရောက်တည်းခိုသည့် ဧည့်သည်များ အပေါ် Professional ကျကျ service ပေးနိုင်သည့် Hotel တစ်လုံး ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် ဟိုတယ်ကိုဆောက်လုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ တွင် Y Mandalay Hotel အုပ်စု အောက်တွင် ဟိုတယ်နှစ်လုံးရှိပြီး အောင်မြင်ခြင်း Triumph Hotel နှင့် Y Mandalay Hotel တို့ကို ဆောက်လုပ်​​ခဲ့ပြီးဖြစ်ကာ တခြား ပြည်နယ်နှင့်တိုင်းတို့တွင်လည်း ဟိုတယ်များကို ထပ်မံဆောက်လုပ်သွားရန် စီစဥ်ထားကြောင်း သိရသည်။

Photo Y Mandalay Hotel