လက်ခုပ်ကုန်းဟိုတယ်အား တိုင်းရင်းသားလုပ်ငန်းရှင်တစ်ဦးမှ နှစ်(၃၀) လုပ်ကိုင်ခွင့်ရရှိ

#Travelling Journal

ရန်ကုန်တိုင်းဒေသကြီး၊ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပိုင် လက်ခုပ်ကုန်းဟိုတယ်အား တိုင်းရင်းသားလုပ်ငန်းရှင်တစ်ဦးမှ ကနဦးနှစ်(၃၀) လုပ်ကိုင်ခွင့်ရရှိထားကြောင်း အဆိုပါဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

လက်ရှိတွင် အဆိုပါဟိုတယ်စီမံကိန်းဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာနမှတဆင့် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်သို့တင်ပြထားကြောင်း ယင်းကော်မရှင် မှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

“လိုအပ်ချက်လေးတွေရှိနေလို့ ပြန်ပို့ပေးထားတယ်။
ကျွန်မတို့ဆီကို နိုင်ငံပိုင်ဟိုတယ်တွေကတော့
လာတင်ပါတယ်။ လက်ခုပ်ကုန်းက နှစ်(၃၀) ရင်းနှီးမြုပ်နှံခွင့်ပါ။ တခြားသီးသန့်အနေနဲ့ကတော့မရှိသေးပါဘူး “ဟု မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် မှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

အဆိုပါငှားရမ်းခအနေဖြင့်နိုင်ငံတော်သို့ လုပ်ငန်းရှင်မှ တစ်နှစ်လျှင် ကျပ်သိန်း(၃၀၀) ပေးဆောင်ရပြီး တစ်နှစ်စာ ကြိုတင်ပေးသွင်းရကြောင်းသိရသည်။

“တိုင်းအစိုးရကလုပ်နေတဲ့ဆယ်အိမ်တန်းကမ်းခြေနဲ့ တဆက်တည်းဖြစ်သွားမှာပါ။ ပင်လယ်ကမ်းခြေခရီးသွားလုပ်ငန်းကိုပြန်လည်ဖွံ့ဖြိုးလာအောင် ဆောင်ရွက် လုပ်ကိုင်တဲ့သဘောပါ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက တင်ဒါစနစ်နဲ့ရရှိထားတာပါ “ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက Travelling သို့ပြောသည်။

မြေဧက ၂၈.၃၂ ဧက ကျယ်ဝန်းရှိသည့် အကျယ်တွင် ဘန်ဂလိုပုံစံ တည်ဆောက်သွားမည်ဖြစ်ပြီး အခန်း(၈၀) နီးပါးပါဝင်ကာ တည်ဆောက်ရေးကာလကို သုံးနှစ်သတ်မှတ်ထားကြောင်းသိရပြီး ရင်းနှီးမြုပ်နှံမှု ကနဦးသန်း (၅၀၀၀) သတ်မှတ်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

#Travelling Journal
#News
#Photo-Internet

ငလျင်ဒဏ်ထိခဲ့သည့် မန္တလေးရှိ Ritz Grand Hotel ကို အင်ဂျင်နီယာလေးဖွဲ့ စစ်ဆေးချက်အရအဓိက Structural members မထိခိုက်ပဲအလှအုတ်နံရံများသာ ထိခိုက်ခဲ့ဟု ဆို

#Travelling Journal

ငလျင်ဒဏ်ထိခဲ့သည့် မန္တလေးရှိ Ritz Grand Hotel ကို အင်ဂျင်နီယာလေးဖွဲ့ မှ လာရောက်စစ်ဆေးခဲ့ပြီး ဟိုတယ်ကို ငလျင်ဒဏ်ခံနိုင်သည့် Special Moment Resisting Frame ဖြင့် တည်ဆောက်ထားသည့်အတွက် အဓိက Structural members မထိခိုက်ပဲအလှအုတ်နံရံများသာ ထိခိုက်ခဲ့ကြောင်း ဟိုတယ်၏တာဝန်ရှိသူက Travelling သို့ပြောသည်။

လက်ရှိစစ်ဆေးချက်များအရ ငလျင်ဒဏ်ထိခဲ့သည့် အဆိုပါဟိုတယ်၏ ဒုတိယထပ် မှ ခြောက်ထပ်အလွှာများရှိ အလှဆင်ကာရံထားသော အုတ်ဖောင်းလိုင်းအစိတ်အပိုင်းအချို့ကွဲအက်ကွာကျခြင်းများနှင့်ရေပိုက်လိုင်းအချို့ပြုတ်ထွက်ခဲ့​ခြင်းသာဖြစ်ခဲ့သည်ဟု အဆိုပါ ဟိုတယ်ကိုငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦဒီဇိုင်းပုံစံထုတ်လုပ်ပေးခဲ့သည့် PE အင်ဂျင်နီယာဦးခင်မောင်ဇော် က Travelling သို့ပြောသည်။

” အဆောက်အဦမှာ Structural members နဲ့ Non Structural members ဆိုပြီး နှစ်ခုခွဲထားပါတယ်။ S.M မှာက အဓိက foundation၊ အဓိကပင်မထုတ်များ၊ စလက်ပြင် တို့က အဓိကကျတဲ့ members တွေပါ။ အဲဒါတွေမဖြစ်ရင် အဆောက်အဦက ပြိုစရာမရှိဘူး။ လူအသက်အန္တရယ်ထိခိုက်တာမရှိဘူး။ စစ်ဆေးခဲ့တော့ Non Structural members တွေဖြစ်တဲ့ အုတ်ရိုးတွေ အလှထုတ်တာတွေကတော့ကွဲတာပဲ့ကျိုးတာအပြင်နံရံတွေထိတာတွေ့ရတယ်။ အခုမြင်တွေ့ရတာတွေက အပြင်ဘက်အလှထုတ်ထားတဲ့ နံရံတွေက ကွဲအက်ပြုတ်ကျတာဖြစ်ပါတယ်။ ပင်မအဆောက်အဦက တိမ်းစောင်းခြင်း ၊
နိမ့်ကျခြင်း မရှိခဲ့ပါဘူး။အဆောက်အဦက မတ်မတ်ပဲရှိတယ် “ဟု ဟိုတယ်အားစစ်ဆေးခဲ့သည့် အင်ဂျင်နီယာ ဦးခင်မောင်ဇော်က Travelling သို့ ပြောသည်။

အဆိုပါဟိုတယ်သို့ PE အင်ဂျင်နီယာဦးခင်မောင်ဇော်အဖွဲ့ ၊ PE အင်ဂျင်နီယာဒေါက်တာလှမျိုးအောင်အဖွဲ့နှင့် ဟိုတယ်ခရီးမှ အင်ဂျင်နီယာအဖွဲ့များအပြင် ဟိုတယ်၏ သက်ဆိုင်ရာအင်ဂျင်နီယာအဖွဲဲ့များမှ လာရောက်စစ်ဆေးခဲ့ပြီး ယင်းအဖွဲ့များ၏ သဘောထားမှတ်ချက်များမှာ အဓိကပင်မတိုင်များ၊ အဓိကပင်မထုတ်များ၊ စလက်ပြင်များထိခိုက်မှုမရှိပဲ Non Structural members ဖြစ်သည့် အလှထုတ်ထားသည့် အုတ်နံရံ အများစုပျက်စီးသာ ပျက်စီးခဲ့ပြီး အလတ်စားပြင်ဆင်မှုပြုလုပ်ပြီးမှ သာ ဆက်လက် အသုံးပြုရန် မှတ်ချက်များ ပေးထားခဲ့ကြောင်း သိရသည်။

ယင်းဟိုတယ်ကို ၂၀၁၅ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ် ခဲ့ပြီးငလျင်ဒဏ် ခံနိုင်အောင် အဆောက်အဦကို တည်ဆောက်ခဲ့ကြောင်း သိရသည်။

#Travelling Journal
#News
ပုံ-စာ ဇွန်လဆန်းပိုင်းက မြင်တွေ့ရသည့် Ritz Grand Hotel Mandalay ဟိုတယ်၏ မြင်ကွင်းကိုတွေ့ရစဥ်။

ငလျင်ဒဏ်ထိဟိုတယ်များကို ချေးငွေပေးရန် စာရင်း​​ကောက်ယူနေ

#Travelling Journal

ပြီးခဲ့သည့် မတ်လ(၂၈) ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့်
ထိခိုက်ပျက်စီးခဲ့ရသည့် ဟိုတယ်များကို ချေးငွေပေးရန် စာရင်းများကောက်ယူနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(MHA ) မှ တာဝန်ရှိသူက Travelling သို့ပြောသည်။

” အခုတော့ ငလျင်ထိတဲ့ ဟိုတယ်တွေကို ချေးငွေပေးဖို့ စာရင်းတွေ ကောက်ယူနေပါပြီ။ တိုင်းဒေသကြီးအလိုက် ချေးငွေပေးမှာဖြစ်ပါတယ်။ ဒါ့ပြင်
ကျွန်တော်တို့ အသင်းကိုလည်းသက်ဆိုင်ရာဇုန်အလိုက်က လာတင်ပြရင်လည်း ထောက်ခံပေးပြီး
ဝန်ကြီးဌာနကို ဆက်လက်တင်ပြပေးသွားပါမယ်။ ဝန် ကြီးဌာနကလည်း သက်ဆိုင်ရာတိုင်းဒေသကြီးဆီ ပို့ပေးသွားမှာပါ”ဟု မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(MHA ) မှအထွေထွေအတွင်းရေးမှူး ဦးနေအောင်ကိုက Travelling သို့ ပြောသည်။

အဆိုပါ ငလျင်ဒဏ်ထိသွားခဲ့သည့် နေပြည်တော်
မန္တလေးနှင် စစ်ကိုင်းမြို့များရှိ ဟိုတယ်ပိုင်ရှင်များမှ မိမိတို့၏ဟိုတယ်များကို ဆောက်လုပ်ပေးထားသည့် အင်ဂျင်နီယာများမှ စစ်ဆေးပေးမှုအပေါ် အရောင်အဆင့်ခွဲခြားပြီး ချေးငွေများကို တိုင်းဒေသကြီးအလိုက် ထုတ်ပေးသွားရန် စီစဥ်ထားကြောင်းသိရသည်။

“တစ်ချို့က ပြန်ဆောက်ဖို့ဘိလပ်မြေ လိုရင်လည်းဘိလပ်​မြေအိတ်ရရှိအောင် ဆောင်ရွက်ပေးရင်
ပိုကောင်းမယ်။ ချေးငွေဆိုလည်း ချေးငွေရအောင် နိုင်ငံ တော်က ထိထိမိမိလေးကူညီပံ့ပိုးပေးရင်ပိုကောင်းတာပေါ့ “ဟု ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက Travelling သို့ပြောသည်။

အဆိုပါချေး​ငွေ၏ အတိုးနှုန်းကို ကိုဗစ်ကာလကထုတ်ချေးပေးခဲ့သည့်အတိုးနှုန်းထက် သိပ်မများလှသည့် အတိုးနှုန်းဖြင့်ချေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မတ် ၂၈ ရက် က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သောကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်တို့တွင် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

#Travelling Journal
#News
#Photo-Internet
ပုံ-စာ ငလျင်ကြောင့်ထိခိုက်ခဲ့ရသည့်ဟိုတယ်တစ်လုံးကိုတွေ့ရစဥ်။

မီးအာမခံအပြင် ငလျင်အာမခံ ဝယ်ယူခဲ့သည့် Hotel Mandalay ကို မြန်မာ့အာမခံက လျော်ကြေးငွေ ကျပ်သိန်းပေါင်း (၁၇၀၀၀)ကျော် ပေးအပ်ခဲ့

#Travelling Journal

မီးအာမခံအပြင် ငလျင်အာမခံပါ ဝယ်ယူခဲ့သည့် မန္တလေးအခြေစိုက်ဟိုတယ်တစ်ခုဖြစ်သည့် Hotel Mandalay ကို မြန်မာ့အာမခံက လျော်ကြေးငွေ စုစုပေါင်းကျပ်သိန်းပေါင်း (၁၇၀၀၀) ကျော်ပေးအပ်ခဲ့ကြောင်း မြန်မာ့အာမခံမှတာဝန်ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

အဆိုပါဟိုတယ်သည် မီးအာမခံအပြင်အပိုကာကွယ် (၁၁)မျိုးထဲမှ ငလျင်အာမခံ၊လေမုန်တိုင်းအာမခံ နှင့် ရေကြီးရေလျှံအာမခံ သုံးမျိုးကို ထပ်မံဝယ်ယူခဲ့ခြင်းကြောင့် ယခုကဲ့သို့လျော်ကြေး ငွေပေးအပ်ခဲ့ကြောင်း မြန်မာ့အာမခံမှတာဝန်ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

“ဟိုတယ်မန္တလေးကတော့မြေပိုင်ရှင်ကသပ်သပ်နဲ့အငှားကသပ်သပ်ဖြစ်မယ်။တစ်ဦးချင်းစီကနေ ထားထားတဲ့ အာမခံအတွက် အခုလိုမျိုးလျော်ကြေးပေးအပ်ခဲ့တာ “ဟု မြန်မာ့အာမခံမှတာဝန်ရှိသူတစ်ဦးက Travelling သို့ပြောသည်။

မတ်လ၂၈ ရက်က အင်အားပြင်းထန်သော
မြေငလျင်လှုပ်ခတ်မှုကြောင့် တစ်စိတ်တစ်ဒေသ ပျက်စီးဆုံးရှုံးမှုအတွက် မြန်မာ့အာမခံလုပ်ငန်းတွင် မီးအာမခံနှင့်အတူ မြေငလျင်အကာအကွယ်ယူ၍ အာမခံထားရှိသော ဦးသောင်းထိုက်မင်း (Hotel Mandalay)(ပိုင်)အဆောက်အဦအတွက် လျော်ကြေးငွေ ကျပ် (၂,၃၂၈.၂၄)သိန်း၊ မီးအာမခံနှင့်အတူ မြေငလျင်အကာအကွယ်ယူ၍ အာမခံထားရှိသော AK Construction & Industry Co.,Ltd (ပိုင်) အဆောက်အဦအတွက် တစ်စိတ်တစ်ဒေသ ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးငွေ ကျပ် (၃,၀၉၈.၆၇) သိန်း၊မီးအာမခံနှင့်အတူ မြေငလျင်အကာအကွယ်ယူ၍ အာမခံထားရှိသော ဦးအေးကို၊ ဦးစိုင်းအောင်ကြီး (Hotel Mandalay) (ပိုင်) အဆောက်အဦအတွက် လျော်ကြေးငွေ ကျပ် (၁၂,၄၁၇.၇၆ )သိန်းတို့ကို အသီးသီးလျော်ကြေးငွေကို မေလ ၃၀ ရက်က ပေးအပ်ခဲ့ကြောင်းသိရသည် ။

#Travelling Journal
#News
#Photo-Myanmainsurance-fb

မင်းကျန်စစ်ခရီးသွားကုမ္ပဏီနှင့် မဟာဘောဂငွေကြေးကုမ္ပဏီတို့ ပူးပေါင်းပြီး အရစ်ကျစနစ်ဖြင့် ခရီးသွားနိုင်ရန် စီစဥ်

#Travelling Journal

ပြည်တွင်းအခြေစိုက်ခရီးသွားကုမ္ပဏီတစ်ခုဖြစ်
သည့် မင်းကျန်စစ်ခရီးသွားကုမ္ပဏီနှင့် မဟာဘောဂငွေကြေးကုမ္ပဏီတို့ ပူးပေါင်းပြီး အရစ်ကျစနစ်ဖြင့်ခရီးသွားနိုင်ရန် MOU ရေးထိုးခဲ့ကြောင်း အဆိုပါ ခရီးသွားကုမ္ပဏီမှတာဝန်ရှိသူက Travelling သို့ပြောသည်။

အရစ်ကျစနစ်ဖြင့် ခရီးသွားချင်သူများအတွက်
လိုအပ်ချက်အနေဖြင့် မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူနှင့် အလုပ်အကိုင်ဖော်ပြပေးရမည်ဖြစ်ကြောင်းသိရသည်။

” ခရီးစဥ်တစ်ခုကို သိန်း(၅၀) အထက်ဆိုရင် ပိုင်ဆိုင်မှုပြပေးရမယ်။သိန်း(၅၀)အောက်ဆိုရင်တော့ ပြစရာမလိုဘူး။အစ်မတို့ရဲ့ခရီးစဥ်ပြပေးရမယ်။ ငွေကတော့အစ်မတို့ဘက်ကသွင်းမှာ။ခရီးသွားမဲ့သူကတော့ ငွေကြေးကုမ္ပဏီကို အရစ်ကျသွင်းပေးရမှာဖြစ်ပါတယ်။ အခုလိုစီစဥ်ရတာကလည်း အစ်မတို့ Customer တွေခရီးတွေ သွားနိုင်အောင် စီစဥ်ပေးတာဖြစ်ပါတယ် “ဟု Min Kyan Sit Travel & Tours မှ ဒေါ်ဝါဝါလှမြင့်က Travelling သို့ပြောသည်။

အရစ်ကျအနေဖြင့် ၆ လ မှ ၁၂ လထိ ပေးသွင်းနိုင်ပြီးအတိုးနှုန်း ၃ ရာခိုင်နှုန်း နှင့် ဝန်ဆောင်မှုကြေး ၇ ရာခိုင်နှုန်း​ကောက်ခံသွားမည်ဖြစ်ကာ မည်သည့်နိုင်ငံမဆို Travel loan ချေးငွေရယူနို​င်မည်ဖြစ်ကြောင်းသိရသည်။

“အတိုးနှုန်းကတော့ ၃ ရာခိုင်နှုန်းနဲ့ Service ကြေးကတော့ ၇ ရာခိုင်နှုန်း ကောက်ပါတယ်။ အစ်မတို့ကတော့လစဥ်ခရီးထွက်ပါတယ်။ မိသားစု၊ ဒါမှမဟုတ် မိဘတွေကို ဂါယာဘုရားဖူးပို့ပေးချင်လည်း ချေးငွေစနစ်နဲ့ပို့ပေးလို့ရပါတယ်။ ဂါယာဆိုရင် ၁၀ လပိုင်း ကနေ ၄ လပိုင်းထိ ခရီးစဥ်စပါတယ် “ဟု Min Kyan Sit Travel & Tours မှ ဒေါ်ဝါဝါလှမြင့်က Travelling သို့ ပြောသည်။

အဆိုပါ ခရီးသွားကုမ္ပဏီသည် ၂၀၁၃ ခုနှစ်မှ စတင်တည်ထောင်ပြီး လက်ရှိတွင် (၁၂)နှစ် သက်တမ်းရှိပြီ ဖြစ်ကြောင်းသိရသည်။

#Travelling Journal
#News
#Travel Loan

စစ်ကိုင်းမြို့ရှိ ဟိုတယ်(၁၄ )လုံးအနက်ဟိုတယ်နှစ်လုံးမှာ ငလျင်ဒဏ်နှင့်ပတ်သက်ပြီး ဝန်ကြီးဌာနနှင့် ဆက်သွယ်မှုမရှိ​သေးဟုဆို

#Travelling Journal

အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အခြေစိုက်ဟိုတယ်နှင့်တည်းခိုရိပ်သာ(၁၄)လုံးရှိပြီး ထိခိုက်ပြိုကျပျက်စီးခဲ့ရသည့် ဟိုတယ် စာရင်းများသိရှိရသော်လည်း
ကျန်ဟိုတယ်နှစ်လုံးမှာ ဝန်ကြီးဌာနနှင့်ဆက်သွယ်မှုမရှိခြင်းကြောင့် အခြေအနေကိုမသိရှိရကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး)မှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

“ဟိုတယ်လေးလုံးကတော့ ထိခိုက်ပြီး ဖျက်ရမဲ့စာရင်းထဲပါပါတယ်။ ရွှေကမ္ဘာဟိုတယ်ကတော့
အနီရောင်အဆင့်ဖြစ်လို့ ဖျက်ရမှာပါ။သာရွှေပြည်တည်းခိုရိပ်သာကတော့ တစ်ခြမ်းစောင်းသွားတာကြောင့် ဖျက်ရမှာပါ။ Happy Hotel ကတော့ လိမ္မော်ရောင်အဆင့် အနည်းငယ်စောင်းတယ်။ ပြန်ပြီးအသေးစိတ် စစ်ဆေးရမှာပါ။ ငြိမ်းသီရိဟိုတယ်ကတော့ ဘန်ဂလို(၃၅) ခန်းမှာ ၁၀ခန်းပြိုကျပြီး(၂၅)ခန်းက ပြင်ဆင်ခွင့်ရဖို့တင်ပြထားပါတယ်။ လက်မှတ်ရအင်ဂျင်နီယာများနဲ့ စစ်ဆေးပြီးပါပြီ “ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး) မှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

ထို့ပြင် ပြင်ဆင်ခွင့်တင်ပြထားသည့် ဟိုတယ်စာရင်းများမှာ ဟိုတယ်စစ်ကိုင်း၊ရွှေပြည့်စုံ၊ကောင်းဆက်ပိုင်တည်းခိုရိပ်သာ၊ မြင့်မိုရ်တည်းခိုရိပ်သာ၊ ထီလာဝမ်းတည်းခိုရိပ်သာ၊ စိန်ပန်းမြိုင်တည်းခိုရိပ်သာ
နှင့် ငြိမ်းသီရိဟိုတယ်က (၂၅)ခန်း ပြင်ဆင်ခွင့်တင်ပြထားကြောင်း သိရသည်။

ထို့ပြင် ငလျင်ဒဏ်မထိခိုက်ပဲ ပြန်ဖွင့်ခွင့်ရသည့်
ဟိုတယ်နှစ်လုံးမှာ ရွှေတောင်ရိုးတည်းခိုရိပ်သာနှင့် KFP တည်းခိုရိပ်သာဖြစ်ပြီး Top Royal Hotel နှင့် ဟေဝန်နန်းတည်းခိုရိပ်သာတို့မှာ ငလျင်ဒဏ်ထိခိုက်မှုရှိ/မရှိ အ​ခြေအနေကို ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနသို့ ဆက်သွယ်အသိပေးခြင်းမရှိကြောင်း သိရသည်။

#Travelling Journal
#News
#Photo internet
ပုံ-စာ ပြင်ဆင်ခွင့်တင်ပြထားသည့်ဟိုတယ်စာရင်းတွင်ပါဝင်သည့်ဟိုတယ်တစ်ခုကို(ငလျင်မဖြစ်မီ)တွေ့ရစဥ်။

Tour Package ဖြင့် လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားများ၏ ခရီးစဥ်အစအဆုံး မှတ်တမ်းများကို ဝန်ကြီးဌာနသို့ပေးပို့ရမည်

#Travelling Journal

လိုင်စင်ရခရီးသွားကုမ္ပဏီများမှ Tour Package
ဖြင့်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည်များ၏ ခရီးစဥ် အစအဆုံးမှတ်တမ်းများကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့ ပေးပို့ရမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါဝန်ကြီးဌာနမှ မေလ(၁၆)ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားပြီး ထုတ်ပြန်ချက်တွင် မတ်လ(၂၈) ရက် မန္တလေးငလျင်ကြီးဖြစ်ပွားပြီးနောက် လိုင်စင်ရခရီးသွားကုမ္ပဏီများ၏အစီအစဥ်ဖြင့် ခရီးစဥ် ဒေသများသို့ လာရောက်လည်ပတ်ခဲ့သော ကမ္ဘာလှည့်ခရီးသည်များနှင့် မြိတ်ကျွန်းစုသို့စက်တပ်ရွက်လှေများဖြင့် လာရောက်လည်ပတ်ခဲ့သော ကမ္ဘာလှည့်ခရီးသည်များ၏ ခရီးစဥ်များကိုတင်ပြခဲ့ရာ ခရီးသွားကုမ္ပဏီများ၏ အစီအစဥ်ဖြင့်လာရောက်သော ခရီးစဥ်များတွင် ခရီးသည်များ၏ ဓာတ်ပုံ၊ဗွီဒီယိုများရိုက်ကူးထားရှိပြီး ဌာနသို့ ပေးပို့ရန်နှင့် ဌာန၏ Website နှင့် Social Media များတွင်ဖော်ပြရန်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားကြောင်းသိရသည်။

“အခု မြိတ်ကျွန်းစုဘက်က ဒီရာသီက ခရီးသွားရာသီနားထားတယ်။ နိုဝင်ဘာကျမှ မြိတ်ကျွန်းစုခရီးသွားကာလက ပြန်လည်ဖွင့်တာ။ တခါတလေတော့ခရီးသွားလာတာမျိုးရှိပါတယ်။ အဲဒီအချိန်ကျရင်တော့တင်ပြရမှာပေါ့ “ဟု ဟိုတယ်နှင့်ခရီးသွားလာရေးညွန်ကြားမှု ဦးစီးဌာန ( ကော့သောင်းရုံးခွဲ) မှ တာဝန်ရှိသူက Travelling သို့ပြောသည်။

လိုင်စင်ရခရီးသွားကုမ္ပဏီများအနေဖြင့် ဝန်ဆောင်မှူပေးခဲ့သော ခရီးစဥ်များတွင် ပါရှိသည့်ခရီးသွားများ စတင်ရောက်ရှိလာရာမှစတင်ပြီး ခရီးစဥ်လည်ပတ်ကြည့်ရှုနေမှုများနှင့် လမ်းခရီးတစ်လျှောက်လှုပ်ရှားမှုများကို ဓာတ်ပုံ ဗွီဒီယိုများဖြင့် မှတ်တမ်းတင်ရိုက်ကူးပြီး ခရီးစဥ် ပြီးဆုံးသည့်နေ့မှ (၁၀) ရက်အတွင်း ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဟို တယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးဌာနခွဲ Email (trd.trd2021@gmail. com) သို့လိပ်မူ၍ မပျက်မကွက်ပေးပို့ရန် ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်းသိရသည်။

#Travelling Journal
#News
#Photo Tourism Tanintharyi

ကလောမှ အောင်းပန်းသို့ ကားရထား ခေါက်ရေ (၃၀) ကျော်ပြေးဆွဲခဲ့ပြီး စီးနင်းသူအများစုမှာ အလှဓာတ်ပုံရိုက်ကူးရန်ဟုဆို

#Travelling Journal

ထင်းရှုးမြို့တော်ဖြစ်သည့် ကလောမြို့မှ အောင်ပန်းမြို့သို့ ပြေးဆွဲလျက်ရှိသည့် ကားရထားကို ဧပြီလအတွင်း ခေါက်ရေ (၃၀) ကျော်ပြေးဆွဲနိုင်ခဲ့ပြီး စီးနင်းသူခရီးသွားအများစုမှာ အလှဓာတ်ပုံံရိုက်ကူးရန်ဖြစ်ကြောင်း ကလောမီးရထားဘူတာရုံံပိုင်ကြီးမှ Travelling သို့ပြောသည်။

” ကလောကနေ အောင်ပန်းအထိ စင်းလုံးဌား တစ်ခေါက်ကို တစ်သိန်းနှစ်သောင်း ယူပါတယ်။(၁၅)ယောက် စီးလို့ရတယ်။ တကယ်လို့လူနည်းနည်းပဲစီးချင်လည်း ဒီနှုန်းထားပါပဲ။ ကြိုငှားလို့လည်းရသလို တကယ်လို့ ချက်ချင်းစီးချင်ရင်တော့ အချိန်တော့စောင့်ဆိုင်းပေးရမှာပါ။ အသွားအပြန်ကို တစ်နာရီခွဲလောက်ကြာပါတယ်။ ဧပြီလအတွင်းမှာတော့ခေါက်ရေ (၃၀)ကျော်ပြေးဆွဲနိုင်ခဲ့တယ်။ဒီလကတော့ အနည်းဆုံးပုံမှန်တစ်ခေါက်ပြေးဆွဲပေးနေရတယ်” ကလောမီးရထားဘူတာ ရုံံပိုင်ကြီး မှ Travelling သို့ ပြောသည်။

လက်ရှိတွင် ကားရထားတွဲဆိုင်းတစ်တွဲဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပြီး ဧည့်သည် (၁၅) ဦးလိုက်ပါစီးနင်းနိုင်ကာလူတစ်ဦးလျှင် ကျပ် (၈၀၀၀) ဝန်းကျင်ခန့် ကျသင့်ကြောင်းသိရသည်။

ကားရထားစီးသူအများစုသည် ကလောမြို့သို့
လာရောက်ကြသည့်ခရီးသွားများအပြင် တောင်ကြီး -အောင်ပန်း -ကလောမှ ဒေသခံတစ်ချို့လည်း စီးနင်းမှုများလည်းရှိကြောင်းသိရသည်။

“စီးတဲ့ခရီးသွားတွေကတော့ အများစုက ဓာတ်ပုံရိုက်ကြတာ။ရှုခင်းအရမ်းလှတယ်လေ။ ဗျိုက်တောင်နားမှာ ဓာတ်ပုံရိုက်လို့ရအောင်( ၁၅ )မိနစ်ခန့် ရပ်ပေးတယ်။ ပြီးတော့ မြင်းဒိုက်နားက ကျောက်ဂူလေးမှာလည်းရပ်ပေးပါတယ် “ဟု ကလောရုံံပိုင်ကြီးက Travelling သို့ ပြောသည်။

ထို့ပြင် ကလောမြို့သို့ လာရောက်လည်ပတ်သည့် ဧည့်သည်များအတွက် ရထားစီးလည်ပတ်နိုင်ရန် ရေနွေးငွေ့ စက်ခေါင်းနှင့်တွဲဆိုင်းများ ကလောဘူတာသို့ ထပ်မံရောက်ရှိလာပြီး လက်ရှိ၌အောင်ပန်းတွင်ထားရှိကာ အဆင့်မြှင့်ပြင်ဆင်နေကြောင်း သိရသည်။

Travelling Journal
News
Photo Tin Soe Aung (Kalaw)

ဟောင်ကောင်ကမ္ဘာလှည့် ဆိုက်ရောက်ဗီဇာ ဒုတိယ အကြိမ် သက်တမ်းတိုးမြှင့်

#Travelling Journal

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသောသူများအတွက်ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) အား ၁၁. ၃.၂၀၂၅ မှ ၁၀.၃.၂၀၂၆ ရက်နေ့အထိ သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက Travelling သို့ပြောသည်။

“ဟောင်ကောင်ကတော့ သက်တမ်းတစ်နှစ် ပြည့်လို့ ထပ်ပြီး ဒုတိယအကြိမ် သက်တမ်း တစ်နှစ် ထပ်တိုးတာပါ။ ရုရှားကတော့ နှစ် မပြည့်သေးပါဘူး။ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်ဇန်နဝါရီလကနေ ၂၀၂၄ ဒီဇင်ဘာလအထိ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ နိုင်ငံ ကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ ဧည့်သည်( ၁၇၆၆) ဦး လာရောက်ခဲ့ပါတယ်” လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားများ ပိုမိုလာရောက်လည်ပတ်လာစေရန် ဂျပန်နိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မကာအိုအထူးအုပ်ချုပ်ရေးဒေသမှ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) Tourist Visa On Arrival ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၁ ရက် နေ့မှစတင်၍ စမ်းသပ်ကာလကို (၁)နှစ် ခွင့်ပြုပေးထားကြောင်းလည်းသိရသည်။

#TravellingJournal
#News
#Photo-Internet

Page အတုများဖြင့် လိမ်လည်ရောင်းချမှုများကြောင့် Online မှ လေယာဥ်လက်မှတ်ဝယ်သူများ အထူးဂရုပြုသင့်ဟု ခရီးသွားကုမ္ပဏီတချို့ပြော

#Travelling Journal

Page အတုများဖြင့် လိမ်လည်ရောင်းချမှုများရှိနေခြင်းကြောင့် Online မှ လေယာဥ်လက်မှတ်ဝယ်မည့် ခရီးသွားများအနေဖြင့် အထူးဂရုပြုသင့်ဟု ခရီးသွားကုမ္ပဏီတချို့က တိုက်တွန်းပြောကြားထားကြောင်းသိရသည်။

” လူလိမ် Page တွေ အရမ်းများနေလို့ ။ကျွန်တော်တို့ဆီကို လာလာပြီး ပြောတာ သုံးလေးကြိမ်ရှိတယ်။
အထူးသတိထားစေချင်ပါတယ်။ ပေါက်စျေးထက်ငါးသောင်းကျော် ခြောက်သောင်းကွာရင် သတိ
ပြုသင့်ပါတယ်”ဟု ရန်ကုန်အခြေစိုက် ပြည်တွင်းပြည်ပ လေယာဥ်လက်မှတ်ရောင်းချပေးသည့် Than Than Travel မှ တာဝန်ရှိသူက Travelling သို့ပြောသည်။

လက်ရှိတွင် အွန်လိုင်းပေါ်၌ အလွယ်တကူပေ့ချ်(Page)များ ဖွင့်လှစ်ပြီး လေယာဥ်လက်မှတ်များ နှင့်ခရီးစဥ်များကို ပုံမှန်စျေးထက်စျေးသက်သာပြီး ရောင်းချနေခြင်းကြောင့် ယခုလိုမျိုး ဖြစ်စဥ်များ များပြားလာခဲ့ကြောင်း လက်မှတ်ဝယ်ယူခဲ့ဖူးသည့်ခရီးသွားပြည်သူတစ်ဦးကလည်း Travelling သို့ပြောသည်။

“ကျွန်တော် AirTicket ဝယ်မယ်ပေါ့။ အမြဲအားပေးနေတဲ့ Agent က စျေးများတယ်လို့ ခံစားမိလို့ ဒါနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဆက်ဆံဖူးတဲ့ (ရွှေလူငယ်)ကို ခေါ်တော့ Return Ticket( ၅)သိန်းခွဲတဲ့။ ခုနက Agent ထက် (၁၄၀၀၀၀) ပိုသက်သာတယ်။ ပျော်သွားတယ် ဝယ်မယ်ပေါ့။ လိပ်စာက အရင်အောင်မဂ်လာ အဝေးပြေးဂိတ်မှာ မဟုတ်တော့ဘဲ International Airport Terminal အပေါ်ထပ်မှာတဲ့။ အိမ်နဲ့မဝေးတော့ ပိုက်ဆံပေးပြီး လက်မှတ်တခါတည်း လာယူမယ်ပြောတော့
အထဲကို ဝင်မရဘူးလို့ ပြောတယ်။ အမျိုးသမီးက ငွေလွှဲဖို့ အကုန်ပြင်ပြီးသား။ ဒါဆိုလည်း လေဆိပ်မှာ သူငယ်ချင်း Chief Engineer ရှိတယ်။ မင်းတို့
ရုံးကို လွှတ်လိုက်မယ်။ သူနဲ့ရှင်းလိုက် ပြောတော့ ရုံးပိတ်ခါနီး လာလို့မရဘူးတဲ့။ ငွေတဝက်လွှဲရင် Return Ticket ထုတ်ပေးမယ်။ ကျန်တာနောက်မှ လွှဲပါတဲ့။ ကိုယ်လည်း မနက်ဖြန်မှ ဆက်လုပ်မယ် ပြောလိုက်တယ်။ ၅ သောင်းဘဲ လွှဲပေးပါ။ ကျန်တာ အဆင်ပြေအောင် လုပ်ပေးထားမယ်။ မနက်ဖြန် လက်မှတ်ယူပြီး လက်ကျန်ငွေရှင်းပါတဲ့။ သံသယက တ​ဖြည်းဖြည်း မြင့်လာပြီ။ ပို့ထားတဲ့ ကိုယ့် PP Photo ကိုလည်း Delete ပြန်လုပ်လိုက်တယ်။ အိမ်မှာ ရွှေလူငယ် Visiting Card ပြန်ရှာတယ်… စနစ်တကျ သိမ်းထားတော့ ချက်ခြင်းတွေ့တယ်။ Page ထဲက ဖုန်းနဲ့မတူဘူး။ လိပ်စာလည်း အောင်မဂ်လာမှာပဲ။ ရွှေလူငယ်ကို ရောက်တော့
သူတို့နာမည်တင်မက၊တခြား Tour Agent နာမည််တူတွေနဲ့ဗြောင်ပတ်လိမ်စားနေတဲ့သူ တပုံကြီးတဲ့ဗျာ” ဟု လတ်မှတ်ဝယ်ယူခဲ့ဖူးသည့် ခရီးသွားပြည်သူတစ်ဦးက Travelling သို့ ပြောသည်။

ပုံမှန်စျေးထက်ပိုသက်သာနေပါက သတိပြုရမည်ဖြစ်ပြီး စိတ်ချယုံကြည်ရသည့်ခရီးသွားကုမ္ပဏီများထံမှ ဝယ်ယူသင့်ကြောင်း Than Than Travel မှ သူ၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း ရေးသားဖော်ပြထားသည်။

ထို့ပြင် ခရီးသွားများအနေဖြင့် မိမိနှင့်ဆက်သွယ်ပြောသည့် ပေ့ချ်ကိုလေ့လာပြီး အသုံးပြုထားသည့် လိပ်စာ၊ဖုန်းနံပါတ်များကို သေချာစစ်ဆေးရန်လိုကြောင်းနှင့် ချက်ချင်းငွေလွှဲပြီး အယုံမလွယ်ရန် ဂရုပြုဆောင်ရွက်သင့်ကြောင်း ခရီးသွားကုမ္ပဏီတစ်ချို့က အကြံပြုပြောကြားထားကြောင်းသိရသည်။

#TravellingJournal
#News

ပုံ-စာ Pageအတုတစ်ခုနှင့်လက်မှတ်ဝယ်သူကြားဆက်သွယ်ထားတဲ့ Chat list တစ်ခုကိုတွေရစဥ်

ကလောမြို့သို့ ဇန်နဝါရီ မှ မေ ၉ ရက်အထိ ခရီးသွားဧည့်သည် (၃၁၀၀၀) ကျော် ဝင်ရောက်ခဲ့ပြီး တစ်ရက်လျှင် ပျမ်းမျှ ဧည့်သည် (၂၀၀ )ကျော်သာ လာရောက်

#Travelling Journal

ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်အများဆုံးသွားရောက်လည်ပတ်ကြသည့် ရှမ်းပြည်နယ်တောင်ပိုင်း၏ Trekking မြို့တော်ဟု တင်စားရသည့် ကလောမြို့သို့ ယခုနှစ် ဇန်နဝါရီလ မှ မေလ ၉ ရက်အထိ ပြည်တွင်း/ပ ခရီးသွားဧည့်သည်ဦးရေ (၃၁၉၇၂ ) သာ လာရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ် နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန (တောင်ကြီးရုံးခွဲ)စာရင်းအရ သိရသည်။

ခရီးသွားဧည့်သည်များ အနေဖြင့် ဟိုတယ်၊ မိုတယ်၊ Home Stay နှင့်Camp များ ဖြင့် စိတ်တိုင်းကျ ရွေးချယ်တည်းခိုနိုင်သည့် အားသာချက်များရှိသော်လည်း ကလောရေကြီးမှုဖြစ်ပွားပြီးနောက်ပိုင်း ကလောမြို့သို့ ဧည့်သည်ဝင်ရောက်မှုမှာ အလွန်နည်းသွားကြောင်း ကလောအခြေစိုက် ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက Travelling သို့ ပြောသည်။

“ကလောမှ မဟုတ်ဘူး။ ​ကလော -တောင်ကြီး-အင်းလေး -ရွာငံ -ပင်းတယ အဲဒီခရီးစဥ်တွေလည်း
ဧည့်သည်နည်းပါးတယ် “ဟု တောင်ကြီးအခြေစိုက်ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက Travelling သို့ပြောသည်။

ဟိုတယ်နှင့်ခရီးသွားလာမှုညွှန်ကြားမှူဦးဌာန၏ စာရင်းအရ ၂၀၂၅ခုနှစ် ဇန်နဝါရီလ တွင် ပြည်တွင်း( ၉၄၇၄ )ဦးနှင့် ပြည်ပ(၁၁၁ )ဦး စုစုပေါင်း ( ၉၅၈၅ )ဦး၊ ဖေဖော်ဝါရီလတွင် ပြည်တွင်း (၆၀၀၂ )ဦးနှင့် ပြည်ပ (၄၅)ဦး စုစုပေါင်း (၆၀၄၇)ဦး၊မတ်လ တွင် ပြည်တွင်း (၇၁၉၂)ဦး နှင့်ပြည်ပ (၆၉ )ဦး စုစုပေါင်း (၇၂၆၁)ဦး ၊
ဧပြီလတွင်ပြည်တွင်း (၆၁၃၀ )ဦး နှင့်ပြည်ပ( ၅၀)ဦး စုစုပေါင်း (၆၁၈၀)ဦး နှင့်မေလ ၉ ရက်နေ့ထိ ပြည်တွင်း (၂၈၆၆) ဦးနှင့်ပြည်ပ (၃၃) ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်းသိရသည်။

ကလောမြို့၏ အထင်ကရ လည်ပတ်စရာများစွာ
ရှိသော်လည်း ရှန်ဘာလာ View Point ၊City View၊
သိမ်တောင်၊ ရေယောင်းမ View Piont များ၊ Hill top Villa၊မနောလှ၊ Kalaw View point၊Kalaw Cafeyard၊အိုးစည်တောင်၊ဗျိုက်တောင်၊ပင်းဒယ၊ရွာငံအသွားလမ်း၊မြင်းမူကုန်းနှင့် အလွမ်းတောင် စသည့်နေရာများကိုသာ ပြည်တွင်းခရီးသွားဧည့်သည်များ အများဆုံးသွားရောက်လည်ပတ်ကြောင်း သိရသည်။

လက်ရှိကလောမြို့တွင် ဟိုတယ်နှင့်ခရီးသွားလိုင်စင်ရယူထားပြီး လုပ်ကိုင်ဆောင်ရွက်နေသည့် ဟိုတယ်(၆၇) လုံးသာရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန (တောင်ကြီး )မှ သိရသည်။

#Travelling Journal
#News
#Photo Kalaw Travelling /Tin Soe Aung

ပြည်တွင်းပြည်ပခရီးသွားများ ငလျင်ဘေးသင့်ရာဒေသနှင့်ခရီးစဥ်နေရာများကို ပုံမှန်အတိုင်းသွားရောက်လည်ပတ်နိုင်ဟု ဝန်ကြီး ဌာန ထုတ်ပြန်

#TravellingJournal

ပြည်တွင်းပြည်ပခရီးသွားများ ငလျင်ဘေးသင့်ရာဒေသနှင့်ခရီးစဥ်နေရာများကို ပုံမှန်အတိုင်းသွားရောက် လည်ပတ်နိုင်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ယနေ့ (မေလ ၉ ရက်)တွင် ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာနိုင်ငံ၏ ခရီးစဥ်ဒေသများအနက် ငလျင်ဘေးသင့်ရာဒေသများ၌ ငလျင်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကို ပြည်တွင်းပြည်ပခရီးသည်များက သွားရောက်ကြည့်ရှုကြခြင်းဖြင့် ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်သည့်ဗဟုသုတများရရှိစေနိုင်သည့်အပြင် ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့်ဝင်ငွေများတိုးပွားရရှိနိုင်ကာ ဒေသ၏ lအကျိုးစီးပွားကိုလည်းအထောက်အပံ့ဖြစ်စေနိုင်သည်ဟု ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။

လက်ရှိတွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှူမရှိသော ဟိုတယ်များ၊ ခရီးသွား အေဂျင်စီများ၊ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာအသင်းအဖွဲ့များမှ ပုံမှန်အတိုင်းလုပ်ငန်းများ ပြန်လည် လည်ပတ်ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိတွင် တောင်ကြီး ခရီးစဉ် ၊ ပုဂံ ခရီးစဉ်များကို ထွက်ရှိပေးနေပြီး ခရီးစဥ်အသစ်အနေဖြင့်
ဘားအံခရီးစဥ်ကို မေလ ၂၄ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ပြည်တွင်းခရီးသွားကုမ္ပဏီတစ်ခုဖြစ်သည့် The Unlock Travels & Tourမှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

” မေလ 24 ရက်နေ့က စပြီး အပတ်စဉ် စနေနေ့တိုင်း ဘားအံပြေးဆွဲမှာ ဖြစ်ပြီး တစ်ဦးကိုကျပ် ၂၆၀၀၀၀ ဖြစ်ပါတယ် “ဟု The Unlock Travels & Tourမှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

#Travelling Journal
#News