မြန်မာနိုင်ငံ၏ အလှပဆုံးရေခဲပြင်ရွာကလေးရှိန်းခေါင်ရွာခရီးစဥ်ကို စတင်လည်ပတ်နိုင်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ထဲမှ ရေခဲပြင်ရွာကလေးဖြစ်သည့် ရှိန်းခေါင်ကျေးရွာခရီးစဥ်ကို သွားရောက်လည်ပတ်နိုင်ပြီဖြစ်ကြောင်း ပူတာအိုအခြေစိုက်ခရီးသွား ကုမ္ပဏီတစ်ခုဖြစ်သည့် Putao Beauty Travels &Tours မှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

အဆိုပါ ရှိန်းခေါင်ရွာသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်အနီးရှိ ရေခဲတောင်ရွာဟု နာမည်ကျော်ကြားပြီး အလှပဆုံးအချိန်မှာ ဆောင်းရာသီအလယ်မှ နွေဦးပေါက်အထိ ရေခဲနေသည့် ကာလဖြစ်ကြောင်းသိရသည်။

” ရှိန်းခေါင်ရွာခရီးစဉ်ရော သွားမဲ့သူတွေရှိရင်ပို့ပေးမှာပါ။ အဲဘက်ကတော့ လက်ရှိအချိန် Safe ဖြစ်ပါတယ်။ လုံခြုံရေးအခြေအနေ အဆင်မပြေရင်တော့ ကြိုတင်အသိပေးပါတယ် ” ဟု ဒေသခံတစ်ဦးဖြစ်သူ K.Sar Ram က Travelling သို့ ပြောသည်။

ရှိန်းခေါင်ရွာသည် တောင်ပတ်လည်ဝန်းရံထားသည့်ကျေးရွာဖြစ်ကာ လမ်းပန်းဆက်သွယ်ရေးမှာလည်း ခက်ခဲနေပြီး လက်ရှိအနေအထားအထိ ခရီးသွားလာမှုမှာ အနည်းအကျဥ်းလောက်သာရှိ သေးကြောင်း သိရသည်။

ပူတာအိုတွင် ကားခ၊ စားသောက်စရိတ်၊ အထမ်းခအပါအဝင် အထွေထွေကုန်ကျစရိတ်များ စျေးတက်ခြင်းကြောင့် လက်ရှိအခြေအနေအရ ဧည့်သည်တစ်ဦးကို ကျပ်သိန်း (၂၀) ကျော် လောက် ကုန်ကျနိုင်မည်ဖြစ်ကြောင်း သိရသည်။

” ဖုန်ကန်ရာဇီ၊ ဖုန်ရင်ရာဇီ၊ ရှိန်းခေါင်ရွာနဲ့ ခေါင်လန်ဖူးဘက် ရေခဲတောင်ခရီးစဉ်အသစ်တွေ ရှိပါတယ် ” ဟု Putao Beauty Travels &Tours မှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

ထို့ပြင် ပူတာအိုမှတစ်ဆင့် ရေခဲတောင်များသို့ တောင်တက်ခရီးသွားများ လာရောက်လည်ပတ်နိုင်ရန် ရေခဲတောင်ခရီးစဉ်များ ဖွင့်လှစ်နေပြီဖြစ်ကြောင်း ပူတာအို အခြေစိုက်
ခရီးသွားကုမ္မဏီများက အသိပေး
ကြော်ငြာနေကြောင်း သိရသည်။

Putao Beauty Travels &Tours အနေဖြင့် ၂၀၁၉ ခုနှစ်မှ စတင်လုပ်ကိုင်လာခဲ့ပြီး
ဒေသတွင်း ဧည့်လမ်းညွှန်သူငယ်ချင်းများ
စုပေါင်းပြီး လုပ်ကိုင်သည့်ခရီးသွားကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။

ရှိန်းခေါင်ရွာခရီးစဥ်တွင် ဒေသခံအိမ်၌သာ
ညအိပ်ရမည်ဖြစ်ပြီး ရေခဲတောင်တက်ဝါသနာပါပါက တောင်တက်ခရီးစဉ်ကိုလည်း စီစဉ်ပေးကြောင်းသိရသည်။

ရေခဲပြင်ရွာ
Photo-K.Sar Ram
ပုံ-စာ ၂၀၂၃ ခုနှစ်က မြင်တွေ့ရသည့် ရှိန်းခေါင်ရွာ ကို တွေ့ရစဥ် ။

နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး ဟိုတယ်ဝန်ဆောင်မှုပေးသည့် ဟိုတယ်အလုံး (၁၀၀) ကျော်ရှိလာ

#TravellingJournal

နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး ဟိုတယ်ဝန်ဆောင်မှုဆောင်ရွက်နေသည့် ဟိုတယ်အလုံး ရေ (၁၀၀ )ကျော် ရှိလာပြီ ဖြစ်ကြောင်း ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက Travelling သို့ ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
ဟိုတယ်(၄၉၁)လုံးမှာလည်း(Running Active) ဖြစ်နေပြီး Solar Hybrid Energy ရရှိရန် ကြိုတင်ဆောင်ရွက်လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရသည်။

” မကွေးမှာဆိုရင် ပုလဲရွှေရည်ဟိုတယ်မှာ တပ်ဆင်ထားတယ်။ ရန်ကုန်မှာကတော့ အလုံးရေ ၁၀၀ ကျော်လောက်ရှိပါမယ်။ ကုန်ကျစရိတ် ကတော့ ကနဦးတပ်ဆင်တဲ့အခါမှာတော့ တပ်ဆင်တဲ့ ဟိုတယ်အကြီးအသေးပေါ် မူတည်ပြီး ဟိုတယ်အလတ်စားဆိုရင် သိန်း (၈၀၀၀) လောက် ကုန်ကျပါတယ်။ ဆိုလာတပ်ဆင်ခြင်းကြောင့် အရင်ကထက် ကုန်ကျစရိတ်ပိုပြီး သက်သာလာတာကို တွေ့ရပါတယ် “ဟု ဟိုတယ် ဆိုင်ရာ လုပ်ငန်း ရှင် အသင်းမှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

ပုလဲရွှေရည်ဟိုတယ်အနေဖြင့် ယခင်က ဆိုလာ စနစ် မတပ်ဆင်ခင်က လျှပ်စစ်ကုန်ကျစရိတ် မှာ (၂၀၂၂) ဇန်နဝါရီလ မှ ဒီဇင်ဘာလ ထိ မီးစက်ဒီဇယ်ဖိုးကုန်ကျစရိတ်မှာ သိန်း ၈၀၀ ကျော် ကုန်ကျခဲ့ကြောင်းသိရသည်။

ဆိုလာစနစ်တပ်ဆင်ခဲ့သည့်အတွက် (၂၀၂၃) ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလ ထိ မီးစက် ဒီဇယ်ဖိုးကုန်ကျစရိတ်မှာ ကျပ်သိန်း (၅၀၀) ကျော်သာ ကျသင့်လာခဲ့ပြီး (၂၀၂၄) ခုနှစ် ဇန်နဝါရီလ မှ စက်တင်ဘာလ ထိ မီးစက် ဒီဇယ်ဖိုးကုန်ကျစရိတ်မှာ သိန်း (၃၀၀) ကျော်ထိ ထပ်မံ လျော့ကျလာခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင် အသင်းဝင်ပေါင်း တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် (၁၈၀၀)ကျော်ရှိပြီး မြန်မာနိုင်ငံဆိုင်ရာဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်၏ မဟာဗျူဟာရည်မှန်းချက် အနေဖြင့် (Green Energy Solution) ဖြစ်သလို စက်သုံးဆီ လျှော့ချသုံးစွဲသွားရန်နှင့် တစ်ဖက်တွင်လည်း နိုင်ငံခြားငွေသုံးစွဲမှု၌ လျှော့ချသွားရန် စသည့် အချက်များကို အကောင်အထည် ဖော်နေကြောင်း သိရသည်။

ထို့ပြင် အသင်းအနေဖြင့် ရေရှည်လက်တွဲသွားမည့် ဆိုလာထုတ်လုပ်သည့်ကုမ္ပဏီများဖြင့် ဆောင်ရွက်သွားရန် တွေ့ဆုံဆွေးနွေးမှုများကိုပြုလုပ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဟိုတယ်လုပ်ငန်းတွင် Green Energy ဖြင့် လျှပ်စစ်ကဏ္ဍ ရယူပြီးဝန်ဆောင်မှုပေးလာမည်ဆိုပါက နိုင်ငံ၏ပုံရိပ်လည်းတိုးတက်ကောင်းမွန်လာမည်ဖြစ်သလို နိုင်ငံတကာများတွင်လည်း ဆိုလာမှ လျှပ်စစ်မီး သုံးစွဲပြီး ဧည့်သည်များအား ဝန်ဆောင်မှုပေးနေကြောင်းကို သိရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်

#TravellingJournal
#News
ပုံ-စာ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးသုံးစွဲထားသည့် ရန်ကုန်အ​​ခြေစိုက်ဟိုတယ်တစ်ခုနှင့် မကွေးအခြေစိုက်ဟိုတယ်တစ်ခုကို တွေ့​ရစဥ် ။

ကလောမြို့ကို ခရီးသွားများ လာရောက်လည်ပတ်စေရန် ပြည်ပသုံးနိုင်ငံတွင် ခရီးသွားမြှင့်တင် မှု ဆောင်ရွက်

#TravellingJournal

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ကို ​ြပည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နိုင်စေရန် ပြည်ပသုံးနိုင်ငံတွင် ခရီးသွားမြှင့်တင်မှုများကို ဆောင်ရွက်နေကြောင်း Kalaw Princess Co.,Ltd မှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

” Asian တွေကိုပဲ အဓိကထားပြီး ခရီးစဥ်တွေကို ရောင်းချမှာပါ။ဒါ့ပြင် သံတမန်မိသားစုတွေနဲ့ ဂျာမန်ခရီးစဥ်စျေးကွက်ကိုလည်း အဓိက ဖောက်နေပါတယ်”ဟု Kalaw Princess Co ltd မှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

လက်ရှိတွင် ခရီးသွားမြှင့်တင်မှုကို ပုဂ္ဂလိက အနေဖြင့် ဆောင်ရွက်နေပြီး ကမ္ဘောဒီးယား၊ လာအိုနှင့် ချင်းမိုင်မြို့၌ ခရီးသွားကုမ္ပဏီ ရုံးခွဲများ ဖွင့်လှစ်ထားရှိပြီး ဆောင်ရွက်နေကြောင်း သိရသည်။

ခရီးစဥ်များအနေဖြင့် ကျေးရွာများသို့ လည်ပတ်စေနိုင်သည့် Package Tour များကို ရေးဆွဲနေသလို စက်ဘီး Tour နှင့် Local activities များကိုလည်း ရေးဆွဲထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် Kalaw Princess Co ltd လက်အောက်ရှိ ဟိုတယ်များကိုလည်း လာမည့်နှစ်များတွင် ဖွင့်လှစ်သွားရန် စီစဥ်ထားပြီးဖြစ်ကြောင်း သိရသည်။

ဟိုတယ်များ Digital ငွေပေးချေစနစ်​ဖြင့် သုံးစွဲလာနိုင်ရန် Hotel Ecommerce Platform တစ်ခု အကောင် အထည်ဖော်မည်

#TravellingJournal

ဟိုတယ်များအားလုံး Digital ငွေပေးချေစနစ် ဖြင့် သုံးစွဲလာနိုင်ရန် Hotel Ecommerce Platform တစ်ခုကို အကောင်အထည်ဖော်ဆောင်သွားရန် စီစဥ်နေကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဒီဂျစ်တယ်စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းပူးပေါင်းဆောင်ရွက်ရန် ပြီးခဲ့သည့်မေလ(၂၅)ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ရခြင်းကလည်း ဟိုတယ်လုပ်ငန်းရှင်များလိုအပ်နေသည့် ဒစ်ဂျစ်တယ်နည်းပညာအခက်အခဲများကို ပူးပေါင်းဖြေရှင်းရန်အသိပညာများ မျှဝေပေးခြင်း၊အကြံပေးခြင်းနှင့်ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန် အတွက် ရည်ရွယ်၍ အသင်းနှစ်သင်းအကြား နားလည်မှု စာချွန်လွှာကို ရေးထိုးသွားရန် စီစဥ်နေကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

လက်ရှိတွင် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းသို့ အသင်းဝင်ပေါင်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ဆိုပါက အသင်းဝင် ဟိုတယ် (၁၈၀၀)ကျော်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (MHA)အနေဖြင့် ၂၀၂၅ ခုနှစ်တွင် Green energy Solution ဆု ရရှိရန် ဝင်ရောက် ယှဥ်ပြိုင်သွားရန်လည်း စီစဥ်ထားပြီးဖြစ်ကြောင်း သိရသည်။

ပုံ-စာ ငွေဆောင်ကမ်းခြေရှိဟိုတယ်တစ်လုံးကိုတွေ့ရစဥ်
Photo-Internet

ပိတ်ထားသည့် Kalaw Princess Hotel ကိုဂျာမန် အမည်​​ ပြောင်းလဲပြီး ပြန်ဖွင့်လှစ်မည်

#TravellingJournal

ကလောအခြေစိုက် ဟိုတယ်တစ်ခုဖြစ်သည့်
Kalaw Princess Hotel ကို ဂျာမန် ဟိုတယ် အမည်​​ ပြောင်းလဲပြီး မကြာခင် ဟိုတယ်အား ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယင်းဟိုတယ်၏ ပြောရေးဆိုခွင့်ရှိသူက Travelling သို့ပြောသည်။

“ဇန်နဝါရီလကုန်မှာ Brand အသစ်နဲ့ပြန်ဖွင့်ပါမယ်။ လက်ရှိပေးထားတဲ့ Kalaw princess အမည်ကိုပြောင်းလဲပြီး အခြား German name တစ်ခုနဲ့ဟိုတယ်ကို ပြန်ဖွင့်လှစ်ပါမယ် “ဟု Manager ဖြစ်သူက Travelling သို့ ပြောသည်။

ယင်းဟိုတယ်ကို ပြန်လည် ဖွင့်လှစ်ပါက ဟိုတယ်ဝန်ထမ်းများကို ၁၀၀ ရာခိုင်နှုန်း အသစ်ပြန်လည်ခေါ်ယူသွားမည်​ဖြစ်ပြီး လက်ရှိကာလတွင် ယခင်ဖုန်းနံပါတ်များ နှင့် ဆက်သွယ်လုပ်ဆောင်မှုများရှိပါက ဟိုတယ်နှင့် သက်ဆိုင်ခြင်းမရှိကြောင်းနှင့် လက်ရှိ၌ ယင်း ဖုံးနံပတ် တစ်လုံးသာ 09670000124 အမှန်ဖြစ်ကြောင်း ဟိုတယ်၏ ပြောရေးဆိုခွင့်ရှိသူက Travelling သို့ ပြောသည်။

” လက်ရှိမှာတော့ ၂၅ ခန်းရှိပါတယ်။ German နိုင်ငံခြားသားက မန်နေဂျာ လုပ်ကိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ စီမံခန့်ခွဲတဲ့ အပိုင်းကိုတော့ ပိုင်ရှင်ဖြစ်သူ ဒေါ်တင့်တင့်လွင် ကိုယ်တိုင်အုပ်ချုပ်ပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ် “ဟု ယင်းဟိုတယ်၏ Managerဖြစ်သူက Travelling သို့ ပြောသည်။

လက်ရှိတွင် စစ်ကိုင်းမြို့နှင့်ကလောမြို့ရှိ ဟိုတယ်များကို ပြန်လည်ဖွင့်လှစ်လုပ်ကိုင်သွားမည်ဖြစ်ကာ ခရီးစဥ်များအနေဖြင့် ကျေးရွာများသို့ လည်ပတ်စေနိုင်သည့် Package Tour များကို ရေးဆွဲနေသလို စက်ဘီး Tour နှင့် Local activities များကိုလည်း ရေးဆွဲထားပြီးဖြစ်ကြောင်း သိရသည်။

Photo-Princess Hotel

​MHA အသင်းမှ ၂၀၂၅ ခုနှစ်တွင် Green Energy Solution ဆု ရရှိရန် ဝင်ရောက်ယှဥ်ပြိုင်မည်

#TravellingJournal

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (MHA)မှ၂၀၂၅ ခုနှစ်တွင် Green energy Solution ဆု ရရှိရန် ဝင်ရောက် ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း MHAအသင်းမှ တာဝန်ရှိသူ တစ်ဦးက Travelling သို့ ပြောသည်။

“ကျွန်တော်တို့အသင်းက မြန်မာနိုင်ငံ ကိုယ်စားပြု Green Energy Solution ဆုရဖို့ဝင်ရောက်ယှဥ်ပြိုင်သွားမှာပါ။ ဆုရဖို့လည်း ကျိန်းသေကြိုးစားသွားမှာပါ “ဟု မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း မှ တွဲဖက်အထွေထွေအတွင်းရေးမှူး က Travelling သို့ ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ရှိ ဟိုတယ်များမှလည်း Solar Hybrid Energy ရရှိရန် ကြိုတင် ဆောင်ရွက်လုပ်ကိုင်နေပြီဖြစ်ကြောင်း၄င်းက ပြောသည်။

ထို့ပြင် အသင်းအနေဖြင့်ရေရှည်လက်တွဲသွားမည့် ဆိုလာထုတ်လုပ်သည့်ကုမ္ပဏီများဖြင့် ဆောင်ရွက်သွားရန် တွေ့ဆုံဆွေးနွေးမှုများကိုပြုလုပ်နေကြောင်းသိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဟိုတယ်လုပ်ငန်းတွင် Green Energy ဖြင့် လျှပ်စစ်ကဏ္ဍ ရယူပြီးဝန်ဆောင်မှုပေးလာမည်ဆိုပါက နိုင်ငံ၏ပုံရိပ်လည်းတိုးတက်ကောင်းမွန်လာမည်ဖြစ်သလို နိုင်ငံတကာများ၏ အမြင်၌လည်း ဆိုလာမှ လျှပ်စစ်မီးသုံးစွဲပြီး ဧည့်သည်များအား ဝန်ဆောင်မှုပေးနေကြောင်းကိုသိရှိနိုင်လာမည်ဖြစ်သလို ထိုမှတဆင့် အာဆီယံကလည်း သိရှိသွားမည်ဖြစ်သောကြောင့် အဆိုပါ ဆုကို ရရှိရန် ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

Green Energy Solution

Singapore Airlines မှ ပေးအပ်သည့် Top Passenger Sales Award ဆု မြန်မာခရီးသွားကုမ္ပဏီ (၁၀ ) ကျော် ရရှိ

#TravellingJournal

ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Singapore Airline မှ နှစ်စဥ် ဂုဏ်ပြုချီးမြှင့်သော ” Top Passenger Agents Award ( ၂၀၂၃ – ၂၀၂၄) ကို ပြည်တွင်းအခြေစိုက် ခရီးသွားကုမ္မဏီ( ၁၀) ကျော် ရရှိခဲ့ကြောင်း Than Than Travels မှ တာဝန်ရှိသူ ဦးဇော်မင်းအောင် က Travelling သို့ ပြောသည်။

” ကျွန်တော်တို့က ၁၉၉၂ ခုနှစ်ကတည်းက
စတင် ကုမ္ပဏီတည်ထောင်ခဲ့တာပါ။ PSA အေးဂျင့်ကိုယ်စားလှယ်တွေကို နှစ်တိုင်း ဂုဏ်ပြုပေးတာပါ။နှစ်တိုင်းဆု ရပါတယ်။ သူတို့သတ်မှတ်ထားတဲ့ သတ်မှတ်ချက်ပေါ်မူတည်ပြီး ဆုကိုပေးတာပါ “ဟုThan Than Travels မှ တာဝန်ရှိသူ ကိုဇော်မင်းအောင် က Travelling ကို ပြောသည်။

ပြည်ပ စျေးကွက်တွင် ခရီးသွားဝေစုစျေးကွက်အများဆုံးကိုရောင်းချထားနိုင်သည့်ခရီးသွားကုမ္ပဏီကြီးများဖြစ်ကြသော New Motion Travels & Tours နှင့် Htoo Travels အပါအဝင် ဂုဏ်ပြုဆုများရရှိခဲ့ကြောင်းသိရသည်။

“အစ်မတို့က တော့ ၁၉၉၆ မှာ တည်ထောင်တာပါ။ စင်ကာပူလေကြောင်းလိုင်းနဲ့ က ၁၉၉၉-၂၀၀၀ လောက်မှာ စတင် လက်တွဲ ခဲ့ပါတယ်။ သူတို့ သတ်မှတ်ထားတဲ့သတ်မှတ်ချက်ပြည့်ရင် ဆုပေးတဲ့ သဘောပါ။ အစ်မတို့လည်း နှစ်တိုင်းရပါတယ် “ဟု Htoo Travels မှ တာဝန်ရှိသူ မသဇင်က Travelling ကို ပြောသည်။

စင်ကာပူလေကြောင်းလိုင်းအနေဖြင့် မြန်မာ နိုင်ငံရှိခရီးသွားကုမ္ပဏီ( ၁၃) ဝန်းကျင်ခန့် ကိုPSA အရောင်း ကိုယ်စားလှယ် များ ထားရှိကာသတ်မှတ် ထားသည့်စံနှုန်းများအပေါ် အဆိုပါဆုများကို ချီးမြှင့်လေ့ရှိကြောင်း New Motion Travels & Tours မှ တာဝန်ရှိသူ ဦးထိုက်လွန်းမောင်က Travelling သို့ပြောသည်။

Singapore Airline
Photo Htoo Travels

ယခုနှစ် (၇) လအတွင်း ပုဂံဒေသသို့ လာရောက်ခဲ့သည့် နိုင်ငံခြားသားဧည့်သည်တစ်ထောင်ကျော်ထံမှ ဇုန်ဝင်ကြေး ကျပ်သိန်း (၅၀၀) ကျော် ရရှိ

#Travelling Journal

ပုဂံရှေးဟောင်းယဥ်ကျေးမှုဒေသသို့ ယခုနှစ် ၇ လတာ ကာလအတွင်း လာရောက်လည်ပတ်ခဲ့သည့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၁၇၇၄)ဦးထံမှ ပုဂံဇုန်ဝင်ကြေး ကျပ်သိန်း (၅၀၀) ကျော် ရရှိခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

ယခုနှစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (၇) လတာ ကာလအတွင်း ဇုန်ဝင်ကြေး ကောက်ခံရရှိခဲ့သည့် ဝင်ကြေးငွေ ဖြစ်ကြောင်းသိရသည်။

ဧပြီလပိုင်းမှ စတင်ဝင်ရောက်ခဲ့သည့်စာရင်းအရ ဧပြီလတွင် (၁၂၉) ဦး ၊ မေလတွင် (၄၅၂) ဦး ၊ဇွန်လတွင် (၂၃၃) ဦး ၊ဇူလိုင်လတွင် (၂၂၆) ဦး ၊ဩဂုတ်လတွင် (၂၀၈) ဦး ၊စက်တင်ဘာလတွင် (၁၃၇) ဦး ၊အောက်တိုဘာ ၂၇ ရက်ထိ (၃၈၉) ဦး စုစုပေါင်း (၁၇၇၄) ဦး ပုဂံဒေသသို့လာရောက်လည်ပတ်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ တာဝန်ရှိသူ က Travelling ကို ပြောသည်။

ပုဂံဇုန်ဝင်ကြေးအနေဖြင့် နိုင်ငံခြားသားဧည့်သည်တစ်ဦးကို မြန်မာငွေကျပ် သုံးသောင်း ​ကောက်ခံထားပြီး လက်ရှိတွင် ဇုန်ဝင်ကြေးကောက်ခံသည့် အဖွဲ့(၄ ) ဖွဲ့ကိုသာ ထားရှိပေးထားနိုင်ကြောင်း သိရသည်။

“အရင်ကတော့ ပုဂ္ဂလိကကို တင်ဒါပေးပြီး
လုပ်ကိုင်ခွင့် ပေးပါတယ်။ နောက်ဆုံးလုပ်ကိုင်ခဲ့တဲ့တင်ဒါအောင်ခဲ့သူက ကိုဗစ်ကာလ အတွင်းမှာ ပြန်အပ်ခဲ့ပါတယ်။ အဲဒီကတည်းက ဆရာတို့ကပဲ ကောက်ခံ တာလုပ်ခဲ့တာပါ။ လက်ရှိ ကတော့ဧည့်သည်အဝင်နည်းတာမို့ တင်ဒါခေါ်ဖို့အစီအစဥ်မရှိသေးပါဘူး။ ခေါ်ရင်လည်း ကုမ္ပဏီတွေအနေနဲ့ လုပ်နိုင်မယ်မထင်ပါဘူး။ ဘာလို့ဆို ဧည့်သည် နည်းတာကြောင့်ပါ “ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ တာဝန်ရှိသူ က Travelling ကို ပြောသည်။

ထို့ပြင် ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ တနင်္လာနေ့နှင့် အများပြည်သူ ရုံးပိတ်ရက်များ မှအပ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ထားပြီး ပြတိုက်ဝင်ကြေးအနေဖြင့် ပြည်တွင်း ခရီးသွားတစ်ဦးလျှင် ၁၀၀၀ ကျပ်နှုန်း သတ်မှတ်ထားပြီး နိုင်ငံခြားသားတစ်ဦးလျှင် ဝင်ကြေး ၁၀၀၀၀ ကျပ်ကို ထပ်မံ ကောက်ခံကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် မတ်လကုန်အထိ ပုဂံရှေးဟောင်း သုတေသနပြတိုက်သို့ ပြည်တွင်း ခရီးသွားဦးရေ ကိုးသောင်းကျော်ဝင်ရောက် လေ့လာလည်ပတ်ခဲ့ကြောင်း သိရသည်။

နန်းမြင့်​​​မျှော်စင် ရောင်းချမည့် သတင်း မဟုတ်မှန်ကြောင်း လက်ဝယ်ပိုင်ဆိုင်ထားသည့် ရှင်သန်သူ ကုမ္ပဏီမှ ပြောကြား၊လွန်ခဲ့သည့် ငါးနှစ်ကတည်းက ထူးအုပ်စုကရောင်းချထားပြီးဖြစ်နေ

#TravellingJournal

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ၏ အမြင့်ဆုံး ဘုရားဖြစ်သည့် သဗ္ဗေညုဘုရား ဥာဏ်တော် ထက် သုံးပေ နိမ့်သည့် ပုဂံဒေသတစ်ခုလုံးအား အပေါ်စီးမှ မြင်တွေ့နိုင်သော နန်းမြင့်​​​မျှော်စင် အား စျေးကွက်အတွင်းရောင်းချမည်ဟု ထွက်ပေါ်လာသည့် ကောလာဟလမှာ မှားယွင်းကြောင်း လက်ရှိနန်းမြင့်မျှော်စင်ကို ပိုင်ဆိုင်ထားသည့် ရှင်သန်သူကုမ္ပဏီမှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

အဆိုပါ နန်းမြင့်​​​မျှော်စင်ကို လွန်ခဲ့သည့် ငါးနှစ်ဝန်းကျင်ခန့်ကတည်းက နာမည်ကျော် သူဌေးကြီး တစ်ဦးဖြစ်သူဦးတေဇ၏ ထူးလုပ်ငန်းစု စီမံခန့်ခွဲအောက်၌ မရှိတော့ပဲ ရှင်သန်သူကုမ္ပဏီသို့ လက်ပြောင်းထားခဲ့ပြီးဖြစ်ကြောင်း ထူး ဟိုတယ်လုပ်ငန်းစုမှ ပြောရေးဆိုခွင့်ရှိသူက Travelling သို့ ပြောသည်။

“လူမှုကွန်ယက်မှာတွေ့ပါတယ်။ မရောင်းပါဘူး။ ကျွန်တော်တို့လက်ထဲမှာ ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေ ရှိပါတယ်။ ကျွန်တော်တို့ မရောင်းပါဘူး “ဟု ရှင်သန်သူကုမ္ပဏီမှ တာဝန်ရှိသူက Travelling ကို ပြောသည်။

လက်ရှိတွင် နန်းမြင့်​​​ မျှော်စင်သို့ လာရောက်လည်ပတ်သည့် ပြည်တွင်းခရီးသွားတစ်ဦးလျှင် ကျပ် ၃၀၀၀ နှင့် နိုင်ငံခြားသားဧည့်သည်ဆိုပါကတစ်ဦးလျှင် ၅ ဒေါ်လာ ဝင်ကြေးကောက်ခံကြောင်း သိရသည်။

#Bagan

#Photo-နန်းမြင့်မျှော်စင်

ပြည်တွင်းဘုရားဖူးအသင်း (DPTOA)မှသုံးပါးရတနာ လူမှုကူညီရေးကော်မတီတို့က ရေဘေးသင့် အိမ်ခြေ (၃၃၀)အတွက်ကျပ်သိန်း (၃၀၀) ကျော် တန်ဖိုးရှိ လူသုံးကုန်ပစ္စည်းများနှင့် ငွေသားများ ထောက်ပံ့လှူဒါန်း

#TravellingJournal

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊လှေခွင်းတောင် အနီးတဝိုက်ရှိ ရေဘေးသင့်ကျေးရွာ ဖြစ်သည့် ချောင်းကမ်းကြီးကျေးရွာ၊စည်ပင်ကြီးကျေးရွာနှင့် ညောင်ပင်ကြီးကျေးရွာရှိ အိမ်ထောင်စု (၃၃၀ )အား ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA)မှ သုံးပါးရတနာ လူမှုကူညီရေးကော်မတီတို့က ကျပ်သိန်း(၃၀၀) ကျော်တန်ဖိုးရှိ လူသုံးကုန်ပစ္စည်းများနှင့် ငွေသားများကို ထောက်ပံ့ပေးခဲ့ကြောင်း ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု အသင်းမှ တွဲဖက်အထွေအထွေအတွင်းရေးမှူး ဦးမျိုးသိန်းကျော်က Travelling ကို ပြောသည်။

အဆိုပါ ရေဘေးသင့်အိမ်ထောင်စုများသို့
ပြည်တွင်းဘုရားဖူးလိုက်ပါသူ ဦးရေ ( ၂၀ )ဝန်းကျင် မှ ကိုယ်တိုင်သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဘေးအလှူအတွက် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA)မှ ကွင်းဆင်း လေ့လာကာ ရေဘေးအလှူခရီးစဥ် ဆွဲပြီး အလှူရံပုံငွေ လက်မှတ်တစ်စောင်ကို တစ်ဦးလျှင် ကျပ် (၃၅,၀၀၀) သတ်မှတ်ထားပြီး ရရှိလာသော ရံပုံငွေအလှူများကို လိုအပ်သော ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်များနှင့်စားသောက်ကုန်များကို ဝယ်ယူခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အသင်းက ယာဉ်ပိုင်ရှင်တွေက ကားကိုအခမဲ့အသုံးပြုခွင့်ပေးတယ်။ ဆီဖိုးပဲစိုက်ရပါတယ်။ လက်မှတ်ရောင်းရတဲ့ငွေကြေးအကုန်ကို ရေဘေးအလှူထဲ ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။ ဒီခရီးစဥ်မှာ လိုက်ပါတဲ့သူတွေကခရီးသွားတွေလည်းဖြစ်သလို သုံးပါးရတနာအဖွဲ့ဝင်တွေဖြစ်ကြပါတယ်။ ပြောရမယ်ဆိုရင် သူတို့ကလည်း DPTOA အသင်းသားတွေပါ”ဟု ဦးမျိုးသိန်းကျော်က Travelling ကို ပြောသည်။

ထို့ပြင် ယင်းခရီးစဥ်အလှူအတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကလည်း​စားသောက်ကုန် များကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့်ကျေးရွာများသို့ Air Con Express မော်တော်ယာဉ်သုံးစီးနှင့် ကားသေး
သုံးစီး စုစုပေါင်း ကားခြောက်စီးဖြင့် ပြီးခဲ့သည့် စက်တင်ဘာ(၂၉ ) က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

Donation

ပုံ-စာ ပြီးခဲ့သည့် စက်တင်ဘာ၂၉ ရက်က ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA)မှ သုံးပါးရတနာ လူမှုကူညီရေးကော်မတီ တို့က လူသုံးကုန်ပစ္စည်းများနှင့် ငွေသားများကို ရေဘေးသင့် ကျေးရွာ ဖြစ်သည့်ချောင်းကမ်းကြီးရှိ ဒေသခံများအား ပေးအပ်လှူဒါန်းနေသည့် မြင်ကွင်းကို တွေ့ရစဥ်။

​ပုန်းအင်းဒေသမှ ရေ​းေဘးသင့် အိမ်ထောင်စုဦးရေ (၁၄၂၆) အတွက် KBZ Bank၊Lwin Oo Htwe Co.,Ltd နှင့် ရှမ်း/တောင်ပရဟိတ အသင်းတို့အပါအဝင် အလှူရှင်များစုပေါင်းပြီး ကျပ်သိန်း(၁၁၀၀) တန်ဖိုးရှိအစားအသောက်များ ထောက်ပံ့ပေးနိုင်ခဲ့

#TravellingJournal

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့၊ ဟိုပုံးမြို့နှင့် ဆီဆိုင်မြို့အကြား ပုန်းအင်းဒေသရှိ ရွာပေါင်း(၂၅) ရွာကျော် ရေနစ်မြုပ်ခဲ့သဖြင့် အိမ်ထောင်စုပေါင်း(၁၄၂၆) အတွက် သိန်း(၁၁၀၀) တန်ဖိုးရှိ အစားအသောက် များကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ပအိုဝ်းဒေသ သဘာဝဘေးနှင့်လူမှုကူညီရေးအသင်း(ဗဟို) တောင်ကြီးမြို့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးခွန်ထွန်းဦးက Travelling သို့ ပြောသည်။

ရေနစ်မြုပ်ခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း ပုန်းအင်းဒေသရှိ ကျေးရွာပေါင်း(၂၅) ရွာ၊ အိမ်ထောင်စုပေါင်း(၁၄၂၆)အတွက် KBZ Bank ၊ A to Z Group( Lwin Oo Htwe Co.,Ltd) ၊ FVS Group ၊ SSYEA ၊ ရှမ်းတောင်ပရဟိတညီနောင်များကွန်ယက် (SSSPBN ) နှင့် (ပအိုဝ်းဒေသ သဘာဝဘေး နှင့် လူမှုကူညီရေးအသင်း- ဗဟို)တို့ စုပေါင်း၍ ကာလတန်ဖိုး သိန်း (၁၁၀၀ )ဝန်းကျင် ရှိသည့်ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ အစရှိသည့် စားသောက်ကုန်ပစ္စည်းများကို စက်တင်ဘာ(၂၂) ရက်က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ပုန်းအင်းဒေသသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ (တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ် ) အစရှိသည့် မြို့နယ် (၃)ခုဆုံကာ ရှမ်းတိုင်းရင်းသားအများစုနေထိုင်ကြသည့် အရပ်ဒေသတစ်ခုဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးမှာလည်း ခက်ခဲကြောင်း ယခုကဲ့သို့ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းပေးသည့် အလှူရှင်များကိုလည်းကျေးဇူးတင်ရှိကြောင်း ဦးခွန်ထွန်းဦးက Travelling သို့ ပြောသည်။

ရေဘေးသင့်ပြည်သူများ လတ်တလောနေထိုင်ကြသည့် ဆီဆုံကျေးရွာဘုန်းကြီးကျောင်း၊ ကက္ကူဘုန်းကြီးကျောင်းနှင့် ဆိုင်လဲကျေးရွာသို့
သွားရောက်နိုင်ရန်အတွက် ပအိုဝ်းဒေသ သဘာဝဘေးနှင့် လူမှုကူညီရေးအသင်း(ဗဟို) နှင့် ပုန်းအင်းဒေသခံတို့ ပူးပေါင်းပြီး အလှူရှင်များ သွားရောက်လှူဒါန်းနိုင်အောင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ပုန်းအင်းဒေသခံ တစ်ဦးက Travelling သို့ ပြောသည်။

ပုန်းအင်းဒေသသည် ကုန်း(၆)လ ရေ (၆) လနေထိုင်ကြသည့် အေးချမ်းသာယာလှပသည့် ဒေသဖြစ်ပြီး “နောင်မွန်ရှမ်းဆန်” ထွက်ရှိရာဒေသအဖြစ် နာမည်ကျော်ကြားသည့် ဒေသ တစ်ခု ဖြစ်ကြောင်းသိရသည်။

Photo Khun Htun Oo

ရေကြီးမြေပြိုနစ်မြုပ်ခဲ့သည့် ရမည်းသင်းခရိုင် ချောင်းဖျားကျေးရွာသို့ ပြည်သူသို့မျှဝေခြင်းအဖွဲ့နှင့် ဒိဝါတပတိမိသားစုက သွားရောက်လှူဒါန်း

#TravellingJournal

ပြည်သူသို့မျှဝေခြင်း (Contribution to Community C2C )မှ ဦးဆောင်သော အဖွဲ့နှင့် မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ် မှ လုပ်အားပေးအဖွဲ့များသည် ရေကြီးနစ်မြုပ် မြေပြိုခဲ့ကြသည့် ရမည်းသင်းခရိုင်၊ ဝါးဖြူတောင်ကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ ပစ္စည်းများကို စက်တင်ဘာ ၁၈ ရက်က သွားရောက် လှူဒါန်းခဲ့ကြောင်း ပြည်သူသို့မျှဝေခြင်းအဖွဲ့မှ ဒေါက်တာနေစိုးမောင် က Travelling သို့ ပြောသည်။

အဆိုပါကျေးရွာသည် သပြေပင်ကျေးရွာထက်
ပိုဝေးပြီး လူသူအရောက်ပေါက်နည်းသည့်ကျေးရွာဖြစ်သောကြောင့် သွားရောက်လှူဒါန်းခဲ့ကြောင်း ၎င်းက ပြောသည်။

“မြန်မာလူမျိုးတွေက အလှူအတန်းမှာ အရမ်းရက်ရော လှူဒါန်းကြပါတယ်။ ဘယ်နေရာပဲ ဖြစ်ဖြစ် တက်အားသရွေ့ကို လှူကြပါတယ်။ကျွန်တော်တို့သွားလှူတဲ့ချောင်းဖျားရွာက သပြေပင်ရွာကနေထက်ပြီးသွားရသေးတဲ့ရွာပါ။လမ်းခရီးလည်းကြမ်းပေမဲ့ လာလှူကြတဲ့အလှူရှင်အဖွဲ့တွေကိုလည်းတွေ့ရပါတယ် “ဟု ဒေါက်တာနေစိုးမောင် က Travelling သို့ ပြောသည်။

တစ်ရွာလုံးနီးပါးခန့် ရေ ဘေးသင့်ခဲ့ကြသည့်
ချောင်းဖျားကျေးရွာသို့ သွားရောက်ပြီး လိုအပ်
သည့် ထောက်ပံ့ရေးပစ္စည်းများကို လှူဒါန်းခဲ့ကြောင်းသိရသည်။

” ရွာအိမ်ခြေကတော့(၂၅၇) အိမ်ရှိပါတယ်။ လိုအပ်တာတွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ လမ်းခရီးလည်း အလွန် ကြမ်းတမ်းပါတယ် “ဟု အဆိုပါ မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက် အဖွဲ့ချုပ် ရေဘေးကူညီရေး (ပရဟိတ) အဖွဲ့ မှ လိုက်ပါခဲ့သည့်အဖွဲ့ဝင် တစ်ဦးကလည်း Travelling သို့ ပြောသည်။

ထို့ပြင် ရမည်းသင်းမြို့နယ် ချောင်းဖျားရွာအတွက်လည်း ဒိဝါတပတိမိသားစုက အလှူငွေ (185) သိန်းတိတိကို စက်တင်ဘာ( ၁၇ )ရက် နေ့က သွားရောက်လှူဒါန်းခဲ့ကြောင်း Golden Image မြန်မာပန်းပုပြခန်းပိုင်ရှင်​ ဒေါ်မေဇင်ဦး က Travelling သို့ ပြောသည်။

” ရွာသူကြီးရယ် ရပ်မိရပ်ဖများနဲ့အတူ
သေချာစာရင်းကောက်ပြီးမှ လက်ရောက်
လှူပေးခဲ့တာပါ”ဟု Golden Image မြန်မာပန်းပုပြခန်းပိုင်ရှင်​ ဒေါ်မေဇင်ဦး က Travelling သို့ ပြောသည်။

ရေကြီးမြေပြိုမှုများဖြစ်ခဲ့သော ရမည်းသင်းမြို့နယ်၊ချောင်းဖျားကျေးရွာလေးတွင် အိမ်ခြေ ၇၀၀ အနက် မြေအောက်ရောက်သွားသည့်
အိမ်ခြေ (75) အိမ်အတွက် တစ်အိမ်လျှင် နှစ် သိန်းကျပ် စုစုပေါင်း သိန်း( 150)နှင့် သေဆုံးသူဦးရေ (၈) ဦးအတွက် ကျန်ရစ်သူ မိသားစုအား တစ်ဦးလျှင် ကျပ် ငါးသိန်းတိတိကို ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

Donation
photo Nathan Lin Htut /Golden Image
စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်က ချောင်းဖျားရွာသို့ သွားရောက်လှူဒါန်းခဲ့သည့်မြင်ကွင်းများကို
တွေ့ရစဥ်။