လက်ခုပ်ကုန်းဟိုတယ်အား တိုင်းရင်းသားလုပ်ငန်းရှင်တစ်ဦးမှ နှစ်(၃၀) လုပ်ကိုင်ခွင့်ရရှိ

#Travelling Journal

ရန်ကုန်တိုင်းဒေသကြီး၊ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပိုင် လက်ခုပ်ကုန်းဟိုတယ်အား တိုင်းရင်းသားလုပ်ငန်းရှင်တစ်ဦးမှ ကနဦးနှစ်(၃၀) လုပ်ကိုင်ခွင့်ရရှိထားကြောင်း အဆိုပါဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

လက်ရှိတွင် အဆိုပါဟိုတယ်စီမံကိန်းဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာနမှတဆင့် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်သို့တင်ပြထားကြောင်း ယင်းကော်မရှင် မှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

“လိုအပ်ချက်လေးတွေရှိနေလို့ ပြန်ပို့ပေးထားတယ်။
ကျွန်မတို့ဆီကို နိုင်ငံပိုင်ဟိုတယ်တွေကတော့
လာတင်ပါတယ်။ လက်ခုပ်ကုန်းက နှစ်(၃၀) ရင်းနှီးမြုပ်နှံခွင့်ပါ။ တခြားသီးသန့်အနေနဲ့ကတော့မရှိသေးပါဘူး “ဟု မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် မှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

အဆိုပါငှားရမ်းခအနေဖြင့်နိုင်ငံတော်သို့ လုပ်ငန်းရှင်မှ တစ်နှစ်လျှင် ကျပ်သိန်း(၃၀၀) ပေးဆောင်ရပြီး တစ်နှစ်စာ ကြိုတင်ပေးသွင်းရကြောင်းသိရသည်။

“တိုင်းအစိုးရကလုပ်နေတဲ့ဆယ်အိမ်တန်းကမ်းခြေနဲ့ တဆက်တည်းဖြစ်သွားမှာပါ။ ပင်လယ်ကမ်းခြေခရီးသွားလုပ်ငန်းကိုပြန်လည်ဖွံ့ဖြိုးလာအောင် ဆောင်ရွက် လုပ်ကိုင်တဲ့သဘောပါ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက တင်ဒါစနစ်နဲ့ရရှိထားတာပါ “ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက Travelling သို့ပြောသည်။

မြေဧက ၂၈.၃၂ ဧက ကျယ်ဝန်းရှိသည့် အကျယ်တွင် ဘန်ဂလိုပုံစံ တည်ဆောက်သွားမည်ဖြစ်ပြီး အခန်း(၈၀) နီးပါးပါဝင်ကာ တည်ဆောက်ရေးကာလကို သုံးနှစ်သတ်မှတ်ထားကြောင်းသိရပြီး ရင်းနှီးမြုပ်နှံမှု ကနဦးသန်း (၅၀၀၀) သတ်မှတ်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

#Travelling Journal
#News
#Photo-Internet

ဟောင်ကောင်ကမ္ဘာလှည့် ဆိုက်ရောက်ဗီဇာ ဒုတိယ အကြိမ် သက်တမ်းတိုးမြှင့်

#Travelling Journal

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသောသူများအတွက်ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) အား ၁၁. ၃.၂၀၂၅ မှ ၁၀.၃.၂၀၂၆ ရက်နေ့အထိ သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက Travelling သို့ပြောသည်။

“ဟောင်ကောင်ကတော့ သက်တမ်းတစ်နှစ် ပြည့်လို့ ထပ်ပြီး ဒုတိယအကြိမ် သက်တမ်း တစ်နှစ် ထပ်တိုးတာပါ။ ရုရှားကတော့ နှစ် မပြည့်သေးပါဘူး။ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်ဇန်နဝါရီလကနေ ၂၀၂၄ ဒီဇင်ဘာလအထိ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ နိုင်ငံ ကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ ဧည့်သည်( ၁၇၆၆) ဦး လာရောက်ခဲ့ပါတယ်” လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားများ ပိုမိုလာရောက်လည်ပတ်လာစေရန် ဂျပန်နိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မကာအိုအထူးအုပ်ချုပ်ရေးဒေသမှ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) Tourist Visa On Arrival ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၁ ရက် နေ့မှစတင်၍ စမ်းသပ်ကာလကို (၁)နှစ် ခွင့်ပြုပေးထားကြောင်းလည်းသိရသည်။

#TravellingJournal
#News
#Photo-Internet

ပြည်တွင်းပြည်ပခရီးသွားများ ငလျင်ဘေးသင့်ရာဒေသနှင့်ခရီးစဥ်နေရာများကို ပုံမှန်အတိုင်းသွားရောက်လည်ပတ်နိုင်ဟု ဝန်ကြီး ဌာန ထုတ်ပြန်

#TravellingJournal

ပြည်တွင်းပြည်ပခရီးသွားများ ငလျင်ဘေးသင့်ရာဒေသနှင့်ခရီးစဥ်နေရာများကို ပုံမှန်အတိုင်းသွားရောက် လည်ပတ်နိုင်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ယနေ့ (မေလ ၉ ရက်)တွင် ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာနိုင်ငံ၏ ခရီးစဥ်ဒေသများအနက် ငလျင်ဘေးသင့်ရာဒေသများ၌ ငလျင်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကို ပြည်တွင်းပြည်ပခရီးသည်များက သွားရောက်ကြည့်ရှုကြခြင်းဖြင့် ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်သည့်ဗဟုသုတများရရှိစေနိုင်သည့်အပြင် ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့်ဝင်ငွေများတိုးပွားရရှိနိုင်ကာ ဒေသ၏ lအကျိုးစီးပွားကိုလည်းအထောက်အပံ့ဖြစ်စေနိုင်သည်ဟု ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။

လက်ရှိတွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှူမရှိသော ဟိုတယ်များ၊ ခရီးသွား အေဂျင်စီများ၊ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာအသင်းအဖွဲ့များမှ ပုံမှန်အတိုင်းလုပ်ငန်းများ ပြန်လည် လည်ပတ်ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိတွင် တောင်ကြီး ခရီးစဉ် ၊ ပုဂံ ခရီးစဉ်များကို ထွက်ရှိပေးနေပြီး ခရီးစဥ်အသစ်အနေဖြင့်
ဘားအံခရီးစဥ်ကို မေလ ၂၄ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ပြည်တွင်းခရီးသွားကုမ္ပဏီတစ်ခုဖြစ်သည့် The Unlock Travels & Tourမှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

” မေလ 24 ရက်နေ့က စပြီး အပတ်စဉ် စနေနေ့တိုင်း ဘားအံပြေးဆွဲမှာ ဖြစ်ပြီး တစ်ဦးကိုကျပ် ၂၆၀၀၀၀ ဖြစ်ပါတယ် “ဟု The Unlock Travels & Tourမှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

#Travelling Journal
#News

ခရီးသွားလုပ်ငန်း အသိုက်အဝန်းမှ အလှူရှင်များစုပေါင်းပြီး အင်းလေး ပေါက်ပါးရွာတွင် ဝါးအိမ်များ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ပေးနေ

#TravellingJournal

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊အင်းလေး ဒေသရှိ ပေါက်ပါးရွာတွင် ငလျင်ဘေးသင့်အိမ်များအတွက် ခရီးသွားလုပ်ငန်းအသိုက်အဝန်းမှ အလှူရှင်များစုပေါင်းပြီး ဝါးအိမ်များကို ကိုယ်ထူကိုယ်ထ ဆောက်လုပ်ပေးနေကြောင်းဦးဆောင်ဆောင်ရွက်လုပ်ကိုင်နေသည့် ဧည့်လမ်းညွှန် ဦးတင်လှိုင်က Travelling သို့ပြောသည်။

” ငလျင်လှုပ်ခါစက အင်းလေးမှာ ပျက်ကျသွားတဲ့ အိမ်တွေကို ဝါးအိမ်လေးတစ်လုံးလောက်ပြန်ဆောက်ပေးချင်လိုက်တာဆိုပြီး ညီမလေးဝါဝါနဲ့ စတင်ခဲ့ပါတယ် ။ အမှန်အတိုင်းပြောရရင် အစပထမမှာ ကျွန်တော်တို့ရော မဝါဝါ ပါ ( Emotion Travel ) နဲ့ ပူးပေါင်းကာ အိမ်တစ်အိမ်လှူနိုင်ဖို့တောင် မဝံ့မရဲခဲ့ပါဘူး။ ဒါပေမဲ့ တဖြည်း ဖြည်းနဲ့ ပြည်တွင်း/ပ က အလှူရှင်တွေ တိုးတိုးလာတာ အခုဆိုရင်( ၅) အိမ်အထိ ဆောက်လုပ်လှူဒါန်းနိုင်ပါပြီ။ အင်းလေးထိ ကိုယ့်စရိတ်နဲ့ကိုယ်လာပြီး ငွေဇင်ယော်ဆေးလိပ်ခုံမှာဘဲ တည်းခိုကာ ကြီးကြပ်ပေးနေပါတယ်။ ဒေါ်တင်မြင့်၊ မသွယ်သွယ်မြင့်တို့က Eyeful Lake Restaurent ၊ အခု ( ၅) အိမ်မြောက် အလှူရှင် Ava Travel က organize လုပ်ပေးထားတယ် “ဟု ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ဦးတင်လှိုင်က Travelling သို့ ပြောသည်။

အင်းလေးရှိ ပေါက်ပါးရွာသည် ရေပေါ်ရွာဖြစ်ပြီး
အိမ်​ခြေ (၂၂၈)လုံး ရှိပြီး ပျက်စီးခဲ့သည့် အိမ်ခြေ (၉၄) လုံးရှိကာ ယိုင်နဲ့ ခဲ့သည့် အိမ်ခြေ (၁၀၈ )အိမ်ရှိကြောင်းသိရသည်။

အဆိုပါ ဝါးအိမ်များတည်ဆောက်ရာတွင် အိမ်တစ်လုံးလျင် ကျပ် (၅၂ )သိန်း ကုန်ကျကြောင်း သိရသည်။

“ကျွန်တော်တို့ အခုလုပ်နေတာက သေသပ်ခိုင်ခန့်ပြီး လက်ရာကောင်းကောင်းနဲ့ပါ။ဝါးဘိုးဝါးမဟုတ်ပါဘူး။ ဝါးကအစ အင်းလေးရေထဲမှာ ကြာကြာခံတဲ့ ဝါးနဲ့ တည်ဆောက်ပေးပါတယ် ” ဟု ဦးတင်လှိုင်က Travelling သို့ ပြောသည်။

#TravellingJournal
#News
#Photo Tin Hlaing

ကျိုင်းတုံမြို့တွင် လွယ်တိုင်းရင်းသားတို့၏ဟိုယန်းကျေးရွာကို တတိယမြောက် CBT ကျေးရွာအဖြစ် ဖော်ဆောင်

#TravellingJournal

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင်
လွယ်တိုင်းရင်းသားများ နေထိုင်ကြသည့် ဟိုယန်းကျေးရွာအား တတိယမြောက် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း(CBT) ကျေးရွာအဖြစ် ဖော်ဆောင်နေကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ကျိုင်းတုံ)မှ တာဝန်ရှိသူ တစ်ဦးက Travelling သို့ ပြောသည်။

ကျိုင်းတုံမြို့ပေါ်မှ မိုင် (၄၀) ခန့်ကွာဝေးပြီး တိုင်းလွယ် တိုင်းရင်းသားများနေထိုင်ကြသည့် ဟိုယန်းကျေးရွာကို (CBT) ကျေးရွာအဖြစ် ဖော်​ဆောင်နေကြောင်း သိရသည်။

” မတ်လ လောက်တော့ ပြီးတော့မှာပါ။ ညအိပ်တည်းခိုနေထိုင်နိုင်ဖို့ ရိုးရာအိမ်ငါးလုံးကို ဆောက်နေပါတယ်။ ဟိုယန်း CBT နဲ့ဆို ကျွန်တော်တို့ ကျိုင်းတုံမြို့မှာ သုံးခုမြောက် ရပ်ရွာအ​ခြေပြုကျေးရွာဖြစ်လာပါပြီ ” ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ကျိုင်းတုံ)မှ တာဝန်ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

ကျိုင်းတုံမြို့၏ ပထမဆုံး CBT ကျေးရွာကို အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိသည့် အာခါတိုင်းရင်းသား များနေထိုင်ကြသည့် ဟိုကျင်းအာခါရွာ ၁၊ ၂ ၊ ၃ ၊ ၄ ရွာကို ပေါင်းထားပြီး ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း CBT ကျေးရွာကို ဖော်ဆောင်ထားကာ ဒုတိယမြောက် CBT ကျေးရွာအား ဝ တိုင်းရင်းသား များနေထိုင်သည့် ပင်းဆိုင်းကျေးရွာကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့ပေါ်၌ ရှေးဟောင်းယဉ်ကျေးမှုလက်ရာများကို တစုတဝေးမြင်တွေ့ရပြီး ရှေးဟောင်းအဆောက်အအုံများစွာ တည်ရှိသည့်အပြင် ရှမ်း၊အာခါ၊လားဟူ၊လွယ် စသည့်တိုင်းရင်းသားများနေထိုင်ကြသည့် ခရီးသွားမြို့တော်တစ်ခုဖြစ်ကြောင်း သိရသည်။

Photo Daw Win Ei Phyo
ပုံ-စာ လွယ်တိုင်းရင်းသားတို့၏ ဟိုယန်း CBT ကျေးရွာ အိမ်ဆောက်လုပ်နေသည့်မြင်ကွင်းကိုတွေ့ရစဥ်။

လွိုင်မွေချယ်ရီပန်းပွဲတော်သို့ ရှမ်း/ရှေ့ ဒေသခံ(၇၀၀၀၀) ကျော် လာရောက်လည်ပတ်ခဲ့

#TravellingJournal

နှစ်စဥ် ဇန်နဝါရီလတွင် ကျင်းပလေ့ရှိသည့်ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်
လွိုင်မွေဒေသရှိ ချယ်ရီပန်းပွဲတော်သို့ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ဒေသခံ ခုနှစ်သောင်း(၇၀၀၀၀)ကျော် လာရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန(ကျိုင်းတုံ)မှ တာဝန်ရှိသူကTravelling သို့ ပြောသည်။

“ရှမ်းအရှေ့ပိုင်းက ဒေသခံတွေ အများဆုံးလာကြတယ်။ မိုင်းခတ်၊ မိုင်းယန်း ၊မိုင်းလား၊ တာချီလိတ် အဲဒီဘက်တွေက ရိုးရာဝတ်စုံတွေနဲ့ အုပ်စုလိုက်လာရောက် လည်ပတ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆို လူဦးရေ ကိုးသောင်းကျော် လောက်လာလည်တယ်။ဒီနှစ်ကတော့ လူဦးရေ (၇၅၀၀၀ )လောက်ပဲ လာကြတယ် “ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန(ကျိုင်းတုံ)မှ တာဝန်ရှိသူကTravelling သို့ ပြောသည်။

အဆိုပါ ချယ်ရီပန်းပွဲတော်ကို ဇန်နဝါရီ (၁)ရက်မှ (၅)ရက်နေ့အထိ ကျင်းပခဲ့ပြီး ယခုကျင်းပသည့်
ပန်းပွဲတော်မှာ လေးကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

” ထိုင်းလူမျိုးတွေက ပန်းပွဲတော်ကို လာလည်ချင်ကြတယ်။ အခုက ဗီဇာနဲ့ရော တံတားကလည်းဖြတ်လို့မရဘူး။ တတိယနိုင်ငံသားတွေလည်းလာလို့မရဘူး။ အဲဒါကြောင့်အခုတော့​ ဖြေလျော့ပေးဖို့တော့တင်ပြထားပါတယ် “ဟု ဟိုတယ်/ခရီး(ကျိူင်းတုံ)မှ တာဝန်ရှိသူကTravelling သို့ ပြောသည်။

ထို့ပြင် ယင်းပွဲတော်တွင် အသေးစား၊ အငယ်စား၊ အလတ်စား MSME ထုတ်ကုန် ဆိုင်ခန်းပေါင်း (၁၀) ခန်း လည်း ပါဝင်ရောင်းချခဲ့ပြီး ထူးခြားချက်အနေဖြင့် ယခု နှစ်တွင်ချယ်ရီပန်းပင်ကိုင်းများအား ဒေသခံများမှ ချိုးယူခြင်းများကို မပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်တွင် ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာန နှင့် ဟိုတယ်/ခရီးဌာနတို့ပူးပေါင်းပြီး ချယ်ရီပင် (၂၇၀၀) ကို အသစ် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

လွိုင်မွေမြို့၏ LandMark တစ်ခုဖြစ်သည့်ချယ်ရီပန်း သည် လွိုင်မွေ၏ အမွေအနှစ် တစ်ခုဖြစ်ပြီး သဘာဝအတိုင်းခေတ်အဆက်ဆက်တိုင် ချယ်ရီပင်များစွာကို တစ်စုတစ်စည်းထဲတွေ့မြင်ရသည့် တောင်ပေါ်စခန်းမြို့လည်းဖြစ်ကြောင်း သိရသည်။

Photo Daw Win Ei Phyo
ပုံ-စာ ဇန်နဝါရီ ၁ ရက်နေ့က ကျင်းပ ခဲ့သည့် လွိုင်မွေချယ်ရီပန်းပွဲတော် သို့ လာရောက် လည်ပတ် နေသူများကို တွေ့ရ
စဥ်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယန်းမြို့ကရိုးရာကျွဲခတ်ပွဲ

#TravellingJournal

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယန်းမြို့က
ရိုးရာကျွဲ ခတ်ပွဲကို နှစ်စဥ်ကျင်းပပြုလေ့ရှိကြသည်။

အဆိုပါကျွဲခတ်ပွဲကို မိုင်းလွေကျေးရွာမှ စတင်ကျင်းပလာပြီး မိုင်းယန်းနှင့် မိုင်ကွယ် ကျေးရွာတို့တွင်လည်း ကျင်းပလာသည်မှာ နှစ်ပေါင်း မရေတွက်နိုင်အောင် ရှိလာခဲ့ပြီ ဖြစ်သည်။

နှစ်စဉ် ကျွဲခတ်ပွဲများ မကျင်းပဖြစ်ခဲ့ပါက
ဒေသအပေါ် ရောဂါကပ်ဆိုးများ ကျရောက်တတ်သည်ဟု ဒေသခံများက အယူရှိသောကြောင့် ပွဲတော်ကို ကျင်းပလေ့ရှိသည်။

နှစ်စဉ်ကျင်းပပြုလုပ်ပါက ကျွဲများအနာရောဂါ ကင်းဝေးကာ စိုက်ပျိုးထား‌သည့် သီးနှံများ ဖြစ်ထွန်းကြောင်း၊ အန္တရာယ်ဘေးရောဂါကပ်ဆိုးများဘေးမှ ကင်းဝေးကြောင်း ဒေသခံများက ယုံကြည်လျက် နှစ်စဉ်နှစ်တိုင်း ကျွဲခတ်ပွဲကို ကျင်းပပြုလုပ်လျက်ရှိသည်။

ကိုဗစ်နောက်ပိုင်း ၂၀၂၃၊ ဇန်နဝါရီလတွင် ပထမအကြိမ် ပြန်လည်ကျင်းပခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၂၁) ရက်က ဒုတိယအကြိမ် မြောက် ကျင်းပခဲ့ခြင်းဖြစ်သည်။

ကျိုင်းတုံမြို့မှ ကားဖြင့် သုံးနာရီ
လောက်သွားရပြီး မိုင်းယန်းမြို့တွင် ရှမ်း၊ အာခါ၊ လားဟူ၊ ဝ အစရှိသည့် တိုင်းရင်းသားလူမျိုးများနေထိုင်ကြသည်။

ကျွဲခတ်ပွဲ၏ အစသည် မိုင်းလွေမြို့ ဖြစ်ပြီး
နှစ်စဥ် ဒီဇင်ဘာလတွင် နေရာတစ်ခုလျှင် ငါးရက်ခန့် ကျွဲခတ်ပွဲကျင်းပပြီး အချို့နှစ်များ၌ ဇန်နဝါရီလထိတိုင်အောင် ကျင်းပလေ့ရှိကြောင်းသိရသည်။

မိုင်းလွေသည် စီးပွားရေးကောင်းသည့် ရွာကြီးတစ်ရွာဖြစ်ပြီး ဒေသခံရှမ်းတို့၏ ပါးစပ်ရာဇဝင်အရ ယင်းအရပ်၌ အင်အားကြီးမားသည့် ကျွဲမောင်နှံရှိခဲ့ပြီး အဆိုပါကျွဲ မောင်နှံမှ မွေးဖွား လာသည့် ကျွဲထီးများကို သတ်ပစ်သဖြင့်မိခင်ကျွဲမကြီးက ဂူတစ်ခုတွင် လျှို့ဝှက်စွာ ကျွဲထီးလေးတစ်ကောင်ကို မွေး၍ ကျွေးမွေးကာ ကြီးပြင်းစေခဲ့သည်။ ဖခင်၏ခြေရာကို ကျွဲငယ်အားပြ၍ တထပ်တည်းကျချိန် ရောက်မှ တိုက်ခိုက်စေခဲ့၏။ သားဖြစ်သူ ကျွဲထီးလေး အနိုင်ရရှိချိန်တွင်မူ ဖခင်ကျွဲထီးကြီး ကွယ်လွန်သောကြောင့် မိခင်ကျွဲမကြီးမှာ ရင်ကွဲနာကျ၍ သေခဲ့ပြီး ထိုရာဇဝင်တွင်ပါသော ကျွဲမင်းဂူသည်လည်း မိုင်းလွေဒေသတွင် ရှိခဲ့သလို ပါးစပ်ရာဇဝင်တွင်ပါသော ရှမ်းအမည်နှင့်
ရွာများ ယခုတိုင်ရှိသည်ဟု ကျိုင်းတုံ ဒေသခံ ဟိုတယ်လုပ်ငန်း ရှင်တစ်ဦးဖြစ်သူ ဦးရဲ မြင့်အောင်က Travelling သို့ပြောသည်။

တစ်ကြိမ်တစ်ခါက မိုင်းယန်းကျွဲခတ်ပွဲနေရာသည် ခေတ်အခြေအနေအရ ကျဉ်းမြောင်းသည်ဟု ဆိုကာ အခြားနေရာသို့ ပြောင်းလဲ ကျင်းပခဲ့ရာမီးအကြီးအကျယ်လောင်၍ မြို့တဝက်ခန့် ပျက် ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရှေးထုံးအယူများကို မပယ်ရှားဝံ့ကြပဲ ခေတ်အဆက်ဆက် ကျွဲခတ်ပွဲများကို နေရာ သုံးနေရာ၌ ဆက်လက်ကျင်းပလာခဲ့သော်လည်းကိုဗစ်ကာလများတွင်မူ မကျင်းပနိုင်ခဲ့‌ကြောင်း သိရသည်။

ကျွဲခတ်ပွဲကျင်းပသည့်နေရာတွင် တိုင်းရင်းသားရိုးရာ အင်္ကျီအဝတ်အစားဆိုင်များ ၊ အစားအသောက်ရောင်းသည့် ဆိုင်လေးများဖြင့် စည်ကားနေပြီး ပွဲကြည့်ပရိသတ်များဖြင့်စည်ကားလျက် ရှိသည်။

ယနေ့ထက်တိုင် မိုင်းယန်းမြို့နယ် မိုင်းလွေ ဝမ်တောင်းရွာအနီး၌ ကျွဲမင်းဂူရှိပြီး ခရီးသွားများက အမှတ်တရဓာတ်ပုံ သွားရောက်ရိုက်ကူးလေ့ရှိကြသည်။

ထို့ပြင် မိုင်းယန်းမြို့၏ အထင်ကရနာမည်ကျော် ပိတောက်နက်ပင်ကြီးလည်း
ဘုန်းကြီးကျောင်းဝင်းအတွင်း တည်ရှိနေကာ ခရီးသွားများကို ဆွဲဆောင်သည့်နေရာတစ်ခု ဖြစ်လာသည်။

အဆိုပါ ရိုးရာကျွဲခတ်ပွဲ ကို ရွှေတြွိဂံဟိုတယ်ဇုန် (ကျိုင်းတုံ)မှ ဦးရဲမြင့်အောင်(နာယက) ၊ ဦးစိုင်းလိုင်းတစ် (ဒုဥက္ကဋ္ဌ) ၊ ဦးစိုင်းဝန်းရှဲန် (အတွင်းရေးမှူး) ၊ ဦးမျိုးမြင့်လွင် (တွဲဖက်အတွင်းရေးမှူး) အဖွဲ့တို့မှ သွားရောက် လေ့လာခဲ့ကြသည်။

Photo Essays
Photo Ye Myint Aung
ပုံစာ ဒီဇင်ဘာ ၂၁ ရက်က မိုင်းယန်မြို့ က ရိုးရာ ကျွဲခတ်ပွဲ ကျင်းပ နေသည်ကို တွေ့ရစဥ်။

ထိုင်းနိုင်ငံမှ စမ်းသပ်စိုက်ပျိုးသည့် ပင်လောင်းမြို့က လာဗန်ဒါ(Lavender) ပန်းခင်းသို့ ခရီးသွားဧည့်သည် နေ့ဥ်(၃၀၀)ကျော် လာရောက်လည်ပတ်နေ

#TravellingJournal

နတ်ဖွက်ထားသောမြို့လေးအဖြစ် တင်စားခံထားရပြီး အေးချမ်းသာယာလှပသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့၊ နောင်တရားမြို့နယ်၊ ဘုရားဖြူရွာအနီး Photo Sightseeing Tour တစ်ခုဖြစ်လာသည့် လာဗန်ဒါ ပန်းခင်းသို့(Lavender) ခရီးသွားဧည့်သည် နေ့စဥ်( ၃၀၀) ကျော် လာရောက်​လည်ပတ်နေကြောင်း ပင်လောင်းဒေသခံများက Travelling သို့ ပြောသည်။

“ပိတ်ရက်ဆိုရင် တစ်နေ့တည်းကို ဧည့်သည် (၅၀၀)ကျော်နဲ့ ကြားရက်ဆိုရင် ဧည့်သည် (၃၀၀) ဝန်းကျင်လောက်လာတယ်။တောင်ကြီးဘက်က အများဆုံးလာကြတယ်။ ကလောဘက်ကလည်း လာပါတယ်” ဟု ဒေသခံ ဦးခွန်လွန်းစိန်က Travelling သို့ ပြောသည်။

အဆိုပါ လာဗန်ဒါပန်းခင်းသို့ တောင်ကြီးဘက်မှ လာရောက်မည်ဆိုပါက တောင်ကြီး – အောင်ပန်း -နောင်တရားအတိုင်း လာရောက်ပြီး ပင်လောင်းမြို့မဝင်ခင် နောင်တရားမြို့ အကျော် ဥာဏ်ပင်ရွာလမ်းခွဲမှ ဝင်ရောက်ပြီး ထိုမှတဆင့် ဆောင်ဖုဲင်ဒုံရွာကျော်ပါက ဘုရား ဖြူရွာသို့ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ကလောဘက်မှ လာရောက်မည်ဆိုပါက ကလော -တီကျစ် -နောင်တရားအတိုင်း လာရောက်နိုင်ကြောင်း သိရသည်။

အဆိုပါပန်းခင်းကို ထိုင်းနိုင်ငံ မယ်ဖာ့လုံံစီမံချက်မှ စမ်းသပ်စိုက်ပျိုးထားသည့် လာဗန်ဒါ ပန်းခင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မယ်ဖာ့လုံံ စီမံကိန်းကို လွန်ခဲ့သည့် ငါးနှစ်ကျော်လောက်က ပင်လောင်းမြို့၏ မြေ အနေအထား ရာသီဥတုပေါ် မူတည်ပြီး ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ၊ ကော်ဖီနှင့် အခြားသီးနှံများအပြင် မွေးမြူရေးလုပ်ငန်းတွေပါ စမ်းသပ်လုပ်ကိုင်နေသည့် စီမံချက်ဖြစ်ကြောင်း အမေးဇင်းပင်လောင်းခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ ဒေသခံ ဦးခွန်လွန်းစိန်က Travelling သို့ ပြောသည်။

” ဒီ လာဗန်ဒါ ပန်းခင်းက ထိုင်းဘုရင်ရဲ့သမီးတော် ပရော့ဂျက်ဖြစ်တယ်လို့ ကျွန်တော်တို့ သိရတယ်။ဒီနှစ်မိုးတွင်းမှာ စမ်းသပ်စိုက်ပျိုးတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒေသခံတစ်ချို့ကို ထိုင်းကို စေလွှတ်တယ်။ နည်းပညာတွေသင်ပေးတယ်။ ပြီးတော့ ဒီမှာပြန်ပြီးတာဝန်ပေးတယ်။ လက်ရှိ လာဗန်ဒါပန်းခင်းမှာ တာဝန်ကျတာက ဒေသခံ ငါးဦး ရှိပါတယ် ” ဟု ဒေသခံ ဥဦးခွန်လွန်းစိန် က Travelling သို့ပြောသည်။

အဆိုပါ လာဗန်ဒါ ပန်းခင်းတောကို လက်ရှိတွင် စမ်းသပ်စိုက်ပျိုးထားသည့် ဧက( ၇) ခန့်ရှိပြီး လက်ရှိအချိန်ထိဝင်ကြေး သတ်မှတ်ထားခြင်းမရှိသးကြောင်း လာရောက်လည်ပတ်သည့် ဧည့်သည်ကားများ အဆင်ပြေစေရန် ကားပါကင် ပြုလုပ်ပေးထားသလို စျေးဆိုင်သုံးဆိုင်လည်းရှိကြောင်း သိရသည်။

” ပင်လောင်းမြို့မှာ အထူးခြားဆုံးလည်း​ဖြစ်တော့ဒီဇင်ဘာ ၁၆ ရက်က သွားရောက်လည်ပတ်ခဲ့ပါတယ်။ ကျွန်တော်တို့ မြို့မှာ လာဗန်ဒါ ပန်းခင်းတောကို တွေ့ရတဲ့ ခံစားချက်ကတော့ ဝမ်းသာတာပေါ့ဗျာ။ ကျွန်တော်တို့ က ရှုခင်းဓာတ်ပုံရိုက်တဲ့သူတွေဆိုတော့ ဓာတ်ပုံ ရိုက်တဲ့ ခရီးသွားဧည့်သည်တွေအတွက် ပိုပြီး စိတ်ကျေနပ်မှုရစေမှာ​ဖြစ်ပါတယ် ” ဟု ပင်လောင်းဒေသခံ ဦးဟိန်းထက်ကျော် က Travelling သို့ ပြောသည်။

#Photo Heinn Htet Kyaw /Amazing Pinlaung
ပုံ-စာ ဒီဇင်ဘာ ၁၆ ရက်က ပင်လောင်းမြို့၏ လာဗန်ဒါပန်းခင်းသို့ လာရောက်လည်ပတ်နေကြသည့် ခရီးသွားများကို တွေ့ရစဥ်။

ကျိုင်းတုံမြို့ရှိ ဝေးလံခက်ခဲလွန်းသည့်အဲန်တိုင်းရင်းသားများရွာသို့ (၁၁ )ကြိမ်မြောက်ပရဟိတအလှူလုပ်အားပေး သွားရောက်မည်

#TravellingJournal

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကျိုင်းတုံမြို့ရှိ ဝေးလံခက်ခဲလွန်းသည့် အဲန်တိုင်းရင်းသားများ နေထိုင်ကြသည့် ဝမ်နောင်၊ တင်ထပ်၊ ဝမ်ခါး ရွာသုံးရွာသို့ (၁၁ )ကြိမ်မြောက် ကွင်းဆင်းပြီး ပရဟိတအလှူလုပ်အားပေး သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ယခင်က ဒီဇင်ဘာ (၇) ရက်နှင့် (၈) ရက်တွင် သွားရောက်ရန် စီစဥ်ထားသော်လည်း မိုးရွာနေသောကြောင့် လာမည့်ဇန်နဝါရီလ ပထမပတ်အတွင်းသွားရောက်ရန် စီစဥ်ထားကြောင်း အဆိုပါရွာများသို့ ပရဟိတသွားရောက်လုပ်အားပေးနေသည့် ကျိုင်းတုံဒေသခံ ဒေါက်တာနန်းမားလားဝမ်းက Travelling သို့ ပြောသည်။

” အခု ရွာတွေက (၁၁) ကြိမ်မြောက်သွားရောက်မှာဖြစ်ပါတယ်။ အဲန်တိုင်းရင်းသားတို့ရဲ့ ဌာနေ တကယ့်ကို Hard to Reach တောင်ပေါ်ဒေသ တွေဆီကိုသွားရောက်မှာဖြစ်ပါတယ်။ ဆေးကုသပေးမယ်။ ကလေးတွေကို သန်ချဆေးတိုက်မယ်။စားသောက်ကုန်တွေ လှူပေးမယ်။ဆေးဝါးတွေပေးမယ်။ သူတို့ဝတ်ဖို့အတွက် အမဲရောင် အနွေးထည်လည်း လှူပေးဖို့ စီစဥ်ထားတယ် ” ဟု ကျိုင်းတုံဒေသခံ ဒေါက်တာနန်းမားလားဝမ်းက Travelling သို့ ပြောသည်။

လက်ရှိတွင် ကျိုင်းတုံမြို့ရှိ အဲန်တိုင်းရင်းသား များနေထိုင်သည့်ရွာ(၁၁)ရွာ ရှိပြီး ယင်း (၁၁) ရွာစလုံးသို့ သွားရောက်ကာ ကွင်းဆင်းကုသပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

“ကျိုင်းတုံမြို့နယ်ထဲမှာ အဲန်ရွာ က (၁၁ )ရွာရှိတယ်။(၁၁) ရွာလုံး ကျွန်မရောက်ဖူးတယ်။မိုင်းခတ်မြို့မှာလည်း အဲန်ရွာ က (၁၇) ရွာ နဲ့ မိုင်းဖြတ်မြို့နယ်မှာ အဲန်ရွာ က (၁၅)ရွာရှိတယ်။ လူဦးရေ များပြားပါတယ်။ ကလေးတွေက ရာနဲ့ချီရှိတယ်။ တစ်ဝတ်လောက်က တောင်ပေါ်မှာနေကြတယ်။တချို့က တောင်ခြေမှာနေကြတယ်။ဖွံ့ဖြိုးတိုးတက်တဲ့ရွာတွေကို မသွားပါဘူး။ ဝေးလံပြီး မဖွံ့ဖြိုးသေးတဲ့ရွာတွေဆီကိုပဲ သွားရောက်ပါတယ် ” ” ဟု ဒေါက်တာ နန်းမားလားဝမ်းက Travelling သို့ ပြောသည်။

ထို့ပြင် အဲန်ရွာအပြင် လားဟူရွာများသို့လည်း သွားရောက်ကုသပေးကြောင်း သိရသည်။

အဆိုပါ အဲန်ရွာကို ကျိုင်းတုံ မြို့ပေါ်မှ ဆိုင် ကယ်ဖြင့် သုံးနာရီလောက် သွားရပြီး လမ်းအကွေ့အကောက် အတက်အဆင်းများကြောင်း သိရသည်။

Photo Nang mar lar wan
အဲန် တိုင်းရင်းသားများကို တွေ့ရစဥ်။

ကျိုင်းတုံဟော်နန်းကို ရှမ်း(သျှမ်း)နှစ်သစ်ကူးအထိမ်းအမှတ်အနေဖြင့် လေးရက် ဖွင့်လှစ်ထား

#TravellingJournal

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ ကျိုင်းတုံဟော်နန်းကို ရှမ်း(သျှမ်း)နှစ်သစ်ကူးအထိမ်းအမှတ်ကာလအနေဖြင့် လေးရက် တိုင်တိုင် ဖွင့်လှစ်ပေးထားကြောင်း အဆိုပါ ဟော်နန်း အား ပြန်လည်ခင်းကျင်းရေးအပိုင်းကို တာဝန်ယူဆောင်ရွက်နေသည့် အဖွဲ့ဝင်တစ်ဦးက Travelling သို့ ပြောသည်။

“အများပြည်သူ လာရောက်လေ့လာတဲ့အခါမှာစိတ်ဝင်စားဖွယ်ရာဖြစ်အောင် ပြင်ဆင်စုဆောင်းပြသဖို့အတွက် ဆောင်ရွက်နေပါတယ်။ ပစ္စည်းတွေကတော့ စုဆောင်းနေဆဲကာလဖြစ်ပါတယ်။လက်ရှိမှာတော့ အပေါ် ထပ်လေးခန်းနဲ့အောက်ထပ်မှာ လေးခန်းရှိပါတယ်။ ဟော်နန်းပြတိုက်ကို ဘယ်ရက် ဖွင့်မလဲဆိုတာတော့ အတိအကျမသိရသေးပါဘူး။ အခုကတော့ ဒီလေးရက်ကိုပဲ ဖွင့်လှစ်ပေးထားတာပါ “ဟု ကျိုင်းတုံမြို့ယဥ်ကျေးမှုပြတိုက်မှ လက်ထောက်ညွှန်ကြားရေးမှူး က Travelling သို့ ပြောသည်။

ယခင် ကျိုင်းတုံဟော်နန်းကို ၁၉၀၆ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ယိုယွင်းပျက်စီးမှုများကြောင့် လက်ရှိဟော်နန်းအဆောက်အအုံကို ၂၀၂၂ ခုနှစ်တွင် ပြန်လည်အသစ်တည်ဆောက်ခဲ့ကြောင်းသိရသည်။

လက်ရှိတွင် ရှမ်းနှစ်သစ်ကူးပွဲတော်ကို နိုဝင်ဘာ ၂၆ ရက်မှ စတင်ပြီးနိုဝင်ဘာ ၃၀ ရက်ထိ ကျင်းပနေကြောင်း ကျိုင်းတုံ ဒေသခံတစ်ဦးက Travelling သို့ ပြောသည်။

ယင်းကာလတွင် ကျိုင်းတုံ ဟော်နန်းကို နံနက် ၉ နာရီ မှ ညနေ ၄ နာရီထိ အများပြည်သူ ဝင်ရောက်ကြည့်ရှုလေ့လာရန် ဖွင့်လှစ်ထားရှိပြီး တစ်ဦး လျှင် ကျပ် ( ၁၀၀၀ ) ဝင်ကြေး ပေးရကြောင်း သိရသည်။

ထို့ပြင် ကျိုင်းတုံ မြို့အတွင်း အထင်ကရနေရာများဖြစ်သည့် မဟာမြတ်မုနိဘုရားကြီး၊ စွမ်ခမ်း စေတီတော်၊ ရှေးဟောင်းဝပ်အင်းဘုန်းကြီးကျောင်း၊ဗုဒ္ဓဥယျာဉ်၊ ကျိုင်းတုံရေတံခွန်၊ ဟိုကျင်းအာခါကျေးရွာ၊ ဟိုလန်း အားခီးရွာ၊ကမ္ဘာအေးစေတီနှင့် ကိုရင်လေးကျောင်း၊ ယန်းလောဘုန်းကြီးကျောင်း၊ မြရွှေရည်ရေပူစမ်း၊ နောင်တုံကန်၊ လွယ်ပီးကော်လာ တောင်တန်းရှုခင်း၊ ထပ်စွမ်မော့တိမ်ပင်လယ် တို့မှာပြည်တွင်းခရီးသွားများ အများဆုံးသွားရောက်လည်ပတ်ကြသည့် Tourist Attraction နေရာများဖြစ်ကြောင်း သိရသည် ။

#Photo Tai Keng Tung

Kalaw Villa(မြင်းက) တွင် Vacation Home အသစ်တစ်ခု ထပ်မံဖွင့်လှစ်

#TravellingJournal

ခရီးသွားမြို့တော်ဖြစ်သည့် ကလောမြို့ရှိ
Kalaw Villa( မြင်းက )တွင် မိသားစုနှင့်အုပ်စုဖွဲ့နားနေတည်းခိုနိုင်ရန် ရည်ရွယ်ပြီး Vacation Home အသစ်တစ်ခုကို ဖွင့်လှစ်ခဲ့ကြောင်း ပိုင်ရှင် ဖြစ်သူက Travelling သို့ ပြောသည်။

လေပြေဧ အမည်ရှိသည့် Vacation Home ကို
ယခုလ နိုဝင်ဘာ(၉) ရက်၌ စတင်ဖွင့်လှစ်ခဲ့ပြီး
မျက်နှာစာ (၅၃)ပေ အနောက် (၈၀) ပေအကျယ်ရှိသည့် မြေပေါ်တွင် နှစ်ထပ်လုံးချင်း တိုက်အိမ်လေးကို ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

” ခြံဝန်းအကျယ်ကြီးနဲ့ တည်းခိုနေချင်တဲ့သူတွေအတွက် ရည်ရွယ်ပြီး ကိုယ်အိမ်ပုံစံလေး လို နေလို့ရတဲ့ခံစားမှုလေးလည်း ရစေချင်လို့ အိမ်ကိုစိတ်တိုင်းကျ အလှဆင်ပေးထားပါတယ်။ ဒါ့ပြင် Mini ဂေါက်ကွင်းလေးလည်း ထည့်ထားပေးထားပါတယ် “လို့ လေပြေဧ Vacation Home ပိုင်ရှင် ဒေါ်အေးသီရိအောင် က Travelling သို့ ပြောသည်။

အဆိုပါ နှစ်ထပ်လုံးချင်းတိုက်အိမ်တွင် အခန်းသုံးခန်းထည့်သွင်းထားပြီး လူသုံးဦး တည်းခိုသည့်အခန်းတစ်ခန်းနှင့် လူနှစ်ဦးတည်းခိုအိပ်ခန်း နှစ်ခန်းပါရှိကြောင်းသိရသည်။

” လုံးချင်းအိမ်ကတော့ အနည်းဆုံး (၇ ) ဦး တည်းလို့ရပါတယ်။ အိုးစည်တောင်နဲ့နီးပါတယ်။ အခုနိုဝင်ဘာလထဲမှာတော့ တစ်ညကို တစ်သိန်းရှစ်သောင်း ထားပေးထားပါတယ်။ ဒီဇင်ဘာကျရင်တော့ စျေးနည်းနည်းတက်ပါမယ် “လို့ ပိုင်ရှင်ဖြစ်သူ က Travelling သို့ ပြောသည်။

လက်ရှိ တွင် ခေါက်ဆွဲခြောက်နှင့်ကြက်ဥများထားရှိပေးထားပြီး နောက်ပိုင်းတွင် ဒေသထွက် ရွာငံကော်ဖီကို ထားရှိပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကလောမြို့သို့ ပြည်တွင်းခရီးသွားဧည့်သည်များ လာရောက်လည်ပတ်သူများပြားလာသည်နှင့်အတူ အသစ်ဆောက်လုပ်လာကြသည့် Vacation Home များ များပြားလာခဲ့ကြောင်း သိရသည်။

Photo Tin Soe Aung

ကလောမြို့၏အထင်ကရ မနောလှတောင် ခြေ တွင် ဓာတ်ပုံအသားပေးရိုက်ကူးနိုင်သည့်အဖေ့သိုးခြံကို ထပ်မံဖွင့်လှစ်

#TravellingJournal

ထင်းရှုးမြို့တော်အဖြစ် နာမည်ကျော်ကြားသည့် ကလောမြို့၏အထင်ကရ မနောလှတောင် ခြေတွင် ဓာတ်ပုံအသားပေးရိုက်ကူးနိုင်သည့် အဖေ့သိုးခြံကို ယနေ့ နိုဝင်ဘာ (၁၅) ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါခြံပိုင်ရှင်က Travelling သို့ ပြောသည်။

အဖေ့သိုးခြံကို မနောလှတောင်ခြေတွင်
ကနဦးဖွင့်လှစ်ထားသည့် အဖေခြံနှင့်ပန်းပျိုး
ဥယျာဥ်မှ (၁၀) မိနစ်ခန့် လမ်းလျှောက်ရံ​ုဖြင့် ရောက်ရှိနိုင်ကြောင်း သိရသည်။

အဆိုပါသိုးခြံကို ဝင်ကြေးအနေဖြင့် တစ်ဦးလျှင် ကျပ် နှစ်ထောင် ကောက်ခံပြီး ဓာတ်ပုံအလှရိုက်ကူးနိုင်ခြင်းနှင့် ညအိပ်တည်းခိုပါက
ရွက်ဖျင်တဲဖြင့် ညအိပ်နိုင်ကြောင်း သိရသည်။

“လက်ရှိ အဖေ့သိုးခြံမှာ နိုင်ငံခြားမျိုးသိုး (၁၀) ကောင်ကို မွေးမြူထားပါတယ်။ အဖေ့သိုးခြံ ကနေ ကြည့်ရင် မြင်းမထိဘက်၊မြင်းက ဘက် ကို မြင်ရတယ်။ ဒီကနေကြည့်ရင် ရှုခင်းအရမ်းလှတယ်”ဟု သိုးခြံပိုင်ရှင်က Travelling သို့ ပြောသည်။

အဖေခြံနှင့်ပန်းပျိုးဥယျာဥ်ကို သစ်တောမြေဧက (၃၀) ပေါ်တွင် ဖော်ဆောင်ထားပြီး ကော်ဖီ စိုက်ခင်း နှင့် စားသောက်ဆိုင်အပြင် ပြည်တွင်းပြည်ပပန်းမျိုးစိတ်ပေါင်း( ၁၀၀) ကျော်ကို စိုက်ပျိုးထားရှိကာ ထပ်မံ၍ အဖေ့သိုးခြံအမည်ရှိ Photo Site တစ်ခုကိုလည်း ထပ်မံဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဖေခြံနှင့်ပန်းပျိုးဥယျာဥ်နှင့် အဖေ့သိုးခြံကို သုမောင်ထမင်းဆိုင် ဘေးနားရှိ သိမ်တောင်ဘုန်းကြီးကျောင်းမှတဆင့် လာရောက် နိုင်သလို အိုးစည်တောင် အနောက်ဖက် ကားလမ်းကြောင်းမှတဆင့် လာရောက်နိုင်ကြောင်း သိရသည်။

“ကလောမှာဆိုရင် မနောလှတောင်ကနာမည်ကြီးပြီးသား။ မသိတဲ့သူ မရှိသလောက်ပါပဲ။ဒီနေရာလေးက သွားလာရတာအချက်အချာလည်းကျတယ်။ အိုးစည်တောင် အနောက်ဘက်လမ်းကနေ လာရင် အဖေခြံကိုရောက်တယ်။ အိုးစည်တောင်ပေါ်ကနေလည်းကြည့်လို့မြင်ရတယ်။ အားသာချက်က ကလောမြို့မှာ စတော်ဘယ်ရီခြံမရှိဘူး။ ဒီထဲမှာ
စတော်ဘယ်ရီစိုက်ခင်းအများကြီး။ ပြီးတော့အသီးအနှံအကုန်လုံးက အော်ဂဲနစ်တွေ။ ဆောင်းတွင်းနဲ့နွေရာသီဆို အဖေ့ခြံက ပိုပြီးလှတယ်။ ကားကြီးကားသေးကောလာလို့ရတာမို့ အားသာချက်တွေများတယ် “လို့ ကလောဒေသခံ ဦးတင်စိုးအောင်က Travelling သို့ ၎င်း၏အမြင်ကို ပြောသည်။

လက်ရှိတွင် ကလောမြို့တွင် Sun rise နှင့် Sunset ကြည့်လို့ရသည့် ဓာတ်ပုံရှုခင်းအသားပေးနေရာများကို ဖော်ဆောင်ထားသည့် နေရာ (၂၀ )ကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။

Kalaw
Photo Tin Soe Aung
ပုံ-စာ ယနေ့ (နိုဝင်ဘာ ၁၅ ရက်)တွင် စတင် ဖွင့်လှစ်ထားသည့် အဖေ့သိုးခြံ ကိုနံနက်ခင်းအလှနှင့် အတူတွေ့မြင်ရစဥ်။