လက်ခုပ်ကုန်းဟိုတယ်အား တိုင်းရင်းသားလုပ်ငန်းရှင်တစ်ဦးမှ နှစ်(၃၀) လုပ်ကိုင်ခွင့်ရရှိ

#Travelling Journal

ရန်ကုန်တိုင်းဒေသကြီး၊ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပိုင် လက်ခုပ်ကုန်းဟိုတယ်အား တိုင်းရင်းသားလုပ်ငန်းရှင်တစ်ဦးမှ ကနဦးနှစ်(၃၀) လုပ်ကိုင်ခွင့်ရရှိထားကြောင်း အဆိုပါဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

လက်ရှိတွင် အဆိုပါဟိုတယ်စီမံကိန်းဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာနမှတဆင့် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်သို့တင်ပြထားကြောင်း ယင်းကော်မရှင် မှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

“လိုအပ်ချက်လေးတွေရှိနေလို့ ပြန်ပို့ပေးထားတယ်။
ကျွန်မတို့ဆီကို နိုင်ငံပိုင်ဟိုတယ်တွေကတော့
လာတင်ပါတယ်။ လက်ခုပ်ကုန်းက နှစ်(၃၀) ရင်းနှီးမြုပ်နှံခွင့်ပါ။ တခြားသီးသန့်အနေနဲ့ကတော့မရှိသေးပါဘူး “ဟု မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် မှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

အဆိုပါငှားရမ်းခအနေဖြင့်နိုင်ငံတော်သို့ လုပ်ငန်းရှင်မှ တစ်နှစ်လျှင် ကျပ်သိန်း(၃၀၀) ပေးဆောင်ရပြီး တစ်နှစ်စာ ကြိုတင်ပေးသွင်းရကြောင်းသိရသည်။

“တိုင်းအစိုးရကလုပ်နေတဲ့ဆယ်အိမ်တန်းကမ်းခြေနဲ့ တဆက်တည်းဖြစ်သွားမှာပါ။ ပင်လယ်ကမ်းခြေခရီးသွားလုပ်ငန်းကိုပြန်လည်ဖွံ့ဖြိုးလာအောင် ဆောင်ရွက် လုပ်ကိုင်တဲ့သဘောပါ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက တင်ဒါစနစ်နဲ့ရရှိထားတာပါ “ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက Travelling သို့ပြောသည်။

မြေဧက ၂၈.၃၂ ဧက ကျယ်ဝန်းရှိသည့် အကျယ်တွင် ဘန်ဂလိုပုံစံ တည်ဆောက်သွားမည်ဖြစ်ပြီး အခန်း(၈၀) နီးပါးပါဝင်ကာ တည်ဆောက်ရေးကာလကို သုံးနှစ်သတ်မှတ်ထားကြောင်းသိရပြီး ရင်းနှီးမြုပ်နှံမှု ကနဦးသန်း (၅၀၀၀) သတ်မှတ်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

#Travelling Journal
#News
#Photo-Internet

မီးအာမခံအပြင် ငလျင်အာမခံ ဝယ်ယူခဲ့သည့် Hotel Mandalay ကို မြန်မာ့အာမခံက လျော်ကြေးငွေ ကျပ်သိန်းပေါင်း (၁၇၀၀၀)ကျော် ပေးအပ်ခဲ့

#Travelling Journal

မီးအာမခံအပြင် ငလျင်အာမခံပါ ဝယ်ယူခဲ့သည့် မန္တလေးအခြေစိုက်ဟိုတယ်တစ်ခုဖြစ်သည့် Hotel Mandalay ကို မြန်မာ့အာမခံက လျော်ကြေးငွေ စုစုပေါင်းကျပ်သိန်းပေါင်း (၁၇၀၀၀) ကျော်ပေးအပ်ခဲ့ကြောင်း မြန်မာ့အာမခံမှတာဝန်ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

အဆိုပါဟိုတယ်သည် မီးအာမခံအပြင်အပိုကာကွယ် (၁၁)မျိုးထဲမှ ငလျင်အာမခံ၊လေမုန်တိုင်းအာမခံ နှင့် ရေကြီးရေလျှံအာမခံ သုံးမျိုးကို ထပ်မံဝယ်ယူခဲ့ခြင်းကြောင့် ယခုကဲ့သို့လျော်ကြေး ငွေပေးအပ်ခဲ့ကြောင်း မြန်မာ့အာမခံမှတာဝန်ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

“ဟိုတယ်မန္တလေးကတော့မြေပိုင်ရှင်ကသပ်သပ်နဲ့အငှားကသပ်သပ်ဖြစ်မယ်။တစ်ဦးချင်းစီကနေ ထားထားတဲ့ အာမခံအတွက် အခုလိုမျိုးလျော်ကြေးပေးအပ်ခဲ့တာ “ဟု မြန်မာ့အာမခံမှတာဝန်ရှိသူတစ်ဦးက Travelling သို့ပြောသည်။

မတ်လ၂၈ ရက်က အင်အားပြင်းထန်သော
မြေငလျင်လှုပ်ခတ်မှုကြောင့် တစ်စိတ်တစ်ဒေသ ပျက်စီးဆုံးရှုံးမှုအတွက် မြန်မာ့အာမခံလုပ်ငန်းတွင် မီးအာမခံနှင့်အတူ မြေငလျင်အကာအကွယ်ယူ၍ အာမခံထားရှိသော ဦးသောင်းထိုက်မင်း (Hotel Mandalay)(ပိုင်)အဆောက်အဦအတွက် လျော်ကြေးငွေ ကျပ် (၂,၃၂၈.၂၄)သိန်း၊ မီးအာမခံနှင့်အတူ မြေငလျင်အကာအကွယ်ယူ၍ အာမခံထားရှိသော AK Construction & Industry Co.,Ltd (ပိုင်) အဆောက်အဦအတွက် တစ်စိတ်တစ်ဒေသ ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးငွေ ကျပ် (၃,၀၉၈.၆၇) သိန်း၊မီးအာမခံနှင့်အတူ မြေငလျင်အကာအကွယ်ယူ၍ အာမခံထားရှိသော ဦးအေးကို၊ ဦးစိုင်းအောင်ကြီး (Hotel Mandalay) (ပိုင်) အဆောက်အဦအတွက် လျော်ကြေးငွေ ကျပ် (၁၂,၄၁၇.၇၆ )သိန်းတို့ကို အသီးသီးလျော်ကြေးငွေကို မေလ ၃၀ ရက်က ပေးအပ်ခဲ့ကြောင်းသိရသည် ။

#Travelling Journal
#News
#Photo-Myanmainsurance-fb

ကလောမြို့၏ အထင်ကရဟိုတယ်တစ်ခုဖြစ်သည့်Kalaw Heritage Hotel မှ စစ်ကိုင်းမြို့သို့ဒုတိယအကြိမ် သွားရောက် လှူဒါန်းမည်

#Travelling Journal

ကလောမြို့၏ အထင်ကရဟိုတယ်တစ်ခုဖြစ်သည့်
Kalaw Heritage Hotel မှ စစ်ကိုင်းမြို့သို့
ဒုတိယအကြိမ် သွားရောက်ပြီး လိုအပ်သည်များကိုထပ်မံလှူဒါန်းသွားမည်ဖြစ်ကြောင်း ယင်းဟိုတယ်၏ တာဝန်ရှိသူက Travelling သို့ပြောသည်။

ယင်းဟိုတယ်အနေဖြင့် ငလျင်လှုပ်ပြီးနောက်
ဧပြီ (၁)ရက်နေ့မှ (၅)ရက်နေ့အထိ စစ်ကိုင်းမြို့တွင်
ရှိသော သင်္ဃာတော်များနှင့် သီလရှင်များ အား
Kalaw Heritage Hotel နှင့် စင်္ကာပူမှသူငယ်ချင်းများ မှ စုပေါင်းပြီး စစ်ကိုင်းမြို့သို့ သွားရောက်ကာ ဆန်၊ ဆီ ၊ ရေသန့် ၊ဆေး၀ါး၊ စားစရာများ၊ ယာယီနေထိုင်ရန် Tent များ နှင့် ငွေသားများကို လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

” ကျွန်တော်တို့ အိုးအိမ်ဆုံးရှုံးသွားသူတွေနဲ့ဘုန်းကြီး ကျောင်း၊ သီလရှင်ကျောင်းတွေကိုလှူပါတယ်။ အခုလည်းထပ်လှူသွားဖို့ရှိပါတယ်။ ရက်ကိုတော အတိအကျတော့ မလုပ်ရသေးပါဘူး။ တောက်လျှောက်ကတော့ လုပ်နေပါတယ်”ဟု ယင်း ဟိုတယ်၏တာဝန်ရှိသူက Travelling သို့ပြောသည်။

၂၀၂၅ ခုနှစ်မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် စစ်ကိုင်းမြို့၊ မန္တလေးမြို့၊ နေပြည်တော်နှင့် မြန်မာနိုင်ငံမြို့ကြီးတစ်ချို့တွင် ပျက်စီးဆုံးရှုံးမှုအများအပြားဖြစ်ခဲ့ပြီး သေဆုံးမှုလည်းများပြားခဲ့သည်။

#Travelling Journal
#News
#Donation
ပုံ-စာ ပထမအကြိမ်လှူဒါန်းခဲ့သည့်ပုံံရိပ်တချို့ကိုတွေ့ရစဥ်။

ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ ဝန်ကြီးဌာန အား ကျပ်သိန်း (၁၅၀)၊ ငလျင်ဒဏ်သင့်ဒေသများ အတွက် သိန်း(၇၁၀) နှင့် ပစ္စည်းအပါအဝင် ကာလတန်ဖိုး ကျပ်သိန်း(၁၀၀၀) ဝန်းကျင် လှူဒါန်းခဲ့

#TravellingJournal

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (MHA) မှ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအား ငွေကျပ် သိန်း (၁၅၀)နှင့် ငလျင်ဒဏ်သင့်ဒေသများအတွက် ငွေသားနှင့်ပစ္စည်းများအပါအဝင် ကျပ်သိန်း(၁၀၀၀) ဝန်းကျင်တို့ကို လှူဒါန်းခဲ့ကြောင်း အဆိုပါအသင်း၏ တာဝန်ရှိသူက Travelling သို့ ပြောသည်။

” ကျွန်တော်တို့အသင်းကနေ ငလျင်ဒဏ်ထိခိုက်တဲ့ဒေသတွေကို သွားကြည့်​ခဲ့ပါတယ်။ ဧပြီ(၉) ရက်ကနေ သွားခဲ့တယ်။ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းစတဲ့နေရာတွေသွားခဲ့ပါတယ်။ ရှမ်း/တောင် အင်းလေးကိုတော့ ဧပြီ(၂၈) သွားတယ်။ မေလ (၁) ရက် ပြန်ရောက်တယ်။ ကျွန်တော်တို့သွားရောက်လှူဒါန်းတဲ့ထဲမှာ ငွေသားလည်းပါတယ်။စားအုံးဆီလည်း လှူဒါန်းခဲ့ပါတယ် “လို့ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(MHA ) ၏ အထွေထွေအတွင်းရေးမှူး ဦးနေအောင်ကို က Travelling သို့ ပြောသည်။

ငလျင်ဘေးဒဏ်သင့်ဒေသများသို့ လိုအပ်သည်များ ကူညီထောက်ပံ့ဆောင်ရွက်နိုင်ရန်အတွက် အသင်းမှ
ကျပ်သိန်း(၃၀၀) မတည်၍ ဇုန်နယ်မြေများနှင့် အလုပ်အမှုဆောင်များမှ ပူးပေါင်းပါဝင်ပြီး
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်)သို့ ကျပ်သိန်း(၅၀)၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းမိသားစုများအတွက် ကျပ်သိန်း (၁၅၀)၊ နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံ ပျဉ်းမနားပေါင်းလောင်း (ယာယီ)ဆေးရုံသို့ ရန်ကုန်ဇုန်အသင်းဝင်ဟိုတယ်များမှ လှူဒါန်းထားသော ခေါင်းအုံးစွပ်၊ Bedsheet ၊ Bath Tower နှင့် အိပ်ရာခင်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်)သို့ ကျပ်သိန်း(၁၀၀)နှင့် စားအုံးဆီဘူး(၅၀၀)၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်းဇုန်)သို့ ကျပ်သိန်း(၁၀၀) နှင့် စားအုန်းဆီဘူး(၅၀၀) နှင့် အင်းလေး ဒေသအတွက် ကျပ်သိန်း (၁၅၀) နှင့်စားအုံးဆီ ဘူးများ လှူဒါန်းခဲ့ကြောင်းသိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၏ လက်အောက်တွင် ဟိုတယ်ဇုန် (၂၁ ) ဇုန် ရှိပြီး ပြည်နယ်နှင့်တိုင်းအားလုံး၌ ဟိုတယ်လုပ်ငန်းရှင် အသင်းဝင်ပေါင်း (၁၈၀၀)ကျော်ရှိကြောင်း သိရသည်။

#TravellingJournal
#News
#Photo MHA

ဟိုတယ်အသင်း(ဗဟို)ဥက္ကဋ္ဌရာထူးအတွက် ပုဂံဇုန်နှင့်ရန်ကုန်ဇုန်မှ နှစ်ဦးဝင်ရောက် ယှဥ်ပြိုင်ခဲ့ရာ ရန်ကုန်ဇုန်မှ ဥက္ကဋ္ဌ နေရာ ရွေးချယ်ခံရ

#TravellingJournal

နှစ်ပေါင်း (၂၂)နှစ်ကျော် သက်တမ်းကာလရှိသည့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ဗဟို)၏ နဝမ အကြိမ်မြောက်အလုပ်အမှုဆောင်ရွေးချယ်ပွဲတွင် ဟိုတယ်အသင်းဥက္ကဋ္ဌရာထူးအတွက် ပုဂံဇုန်နှင့်ရန်ကုန်ဇုန်မ ဥက္ကဋ္ဌလောင်း နှစ်ဦး ဝင်ရောက်ရွေးချယ် ယှဥ်ပြိုင်ခဲ့ရာ ရန်ကုန်ဇုန်မှ ဥက္ကဋ္ဌနေရာ ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

ဒီဇင်ဘာ (၁၄) ရက်တွင် Novotel ဟိုတယ် ၌
အဆိုပါ အသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် ဦးအောင်မိုးကြည်(ပုဂံဇုန်)နှင့် ဦးသိန်းဝင်း(ရန်ကုန်ဇုန် ) တို့က ဝင်ရောက်ရွေးချယ်ယှဥ်ပြိုင်ခဲ့ရာ
မဲပေးခွင့်ရှိသူ ဇုန်(၂၁) ဇုန်မှ MHA EC များမှ
E-Voting စနစ်ဖြင့် မဲရွေးချယ်ပေးခဲ့ပြီး ရန်ကုန်ဇုန်မှ ဦးသိန်းဝင်းက ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရကြောင်းသိရသည်။

ထို့နောက် ဒု-ဥက္ကဋ္ဌများအဖြစ် ဦးထွန်းလင်းသောင်း ဒု-ဥက္ကဋ္ဌ (၁) ၊ ဒေါက်တာကျော်မင်းထွန်း ဒု-ဥက္ကဋ္ဌ (၂)၊ ဦးမျိုးမင်းဇော် ဒု-ဥက္ကဋ္ဌ (၃)၊ ဦးဇော်ထိုက်အေး ဒု-ဥက္ကဋ္ဌ (၄)၊ ဦးသန်းထွဋ် ဒု-ဥက္ကဋ္ဌ (၅) ၊ ဦးနေအောင်ကို အထွေထွေအတွင်းရေးမှုူး၊ ဦးသိန်း​အုပ်အောင်ပိုင် တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ၊ ဦးကျော်ညီညီလတ် တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ၊ ဦးမျိုးမင်းအောင်ကျော် တွဲဖက်အထွေထွေ အတွင်းရေးမှူး (၃) ၊ ဦးကျော်နန္ဒမောင် တွဲဖက်အထွေထွေ အတွင်းရေးမှူး (၄) ၊ ဦးသီဟအောင် ဘဏ္ဍာရေးမှူး ၊ ဦးအောင်သန်း ဘဏ္ဍာရေးမှူး (၁) ၊ ဒေါ်ယုလဲ့အောင် တွဲဖက် ဘဏ္ဍာရေးမှူး (၂) ၊ ဦး ချမ်းမင်းဦး တွဲဖက် ဘဏ္ဍာရေးမှူး (၃) ၊ ဦးသန်းဦး စာရင်းစစ်၊ ဦးသန်းရွှေ တွဲဖက်စာရင်းစစ် (၁) ၊ ဒေါ်ကေသီနိုင် တွဲဖက်စာရင်းစစ်(၂)၊ ဦးသန့်နိုင်ထွန်း တွဲဖက်စာရင်းစစ် (၃) တို့အား အသီးသီးရွေးချယ် တင်မြှောက်ခဲ့ကြောင်းသိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၌ ပြည်နယ်နှင့်တိုင်း အားလုံးမှ ဟိုတယ်လုပ်ငန်းရှင် အသင်းဝင်ပေါင်း ဟိုတယ်(၁၉၃၅) လုံး ဝင်ရောက်ထားရှိကြောင်း သိရသည်။

ပုံ-စာ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ဗဟို)ဥက္ကဋ္ဌ ရွေးချယ်ပေးနေသည့်မြင်ကွင်းများကို တွေ့ရစဥ်။

တောင်ပေါ်ရွာခရီးစဥ် ထည့်သွင်းမှသာ ပုဂံ ခရီးစဥ်ကို အများဆုံး ရောင်းချရ

#TravellingJournal

ပုပ္ပါးတောင်မကြီးအောက်ခြေတွင် တည်ရှိသည့် တောင်ပေါ်ရွာခရီးစဥ်ကို ထည့်သွင်းမှသာ
ပုဂံခရီးစဥ်များကို အများဆုံး ရောင်းချရသည်ဟု The Unlock Travels & Tour မှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

အဆိုပါ တောင်ပေါ် (တောင်)ရွာသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ တောင်ပေါ် (တောင်)ကျေးရွာအုပ်စု၌ ပါဝင်ကာ ပုပ္ပါးတောင်မကြီး၏ မီးတောင်ချိုင့်ဝှမ်းအတွင်း၌ တည်ရှိနေပြီး ဒေသခံများက စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့် ကျေးရွာတစ်ခုဖြစ်ကြောင်း သိရသည်။

” အခုချိန်ကတော့ ပုဂံဆိုရင် တောင်ပေါ်ရွာခရီးစဥ်ပါလား။ မပါရင် မလိုက်ကြဘူး။ ဧည့်သည်( ၇၀ ) ရာခိုင်နှုန်း လောက်က ဒီခရီးစဥ်ပါမှ လိုက်ကြပါတယ် ” လို့ The Unlock Travels & Tour မှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

သောကြာနေ့တိုင်း အပတ်စဥ်ထွက်ရှိပြီး ကား ( ၅ )စီးမှ အများဆုံး ကား( ၇ )စီးအထိ ပုဂံခရီးစဥ်ကို ပို့ဆောင်နေရကြောင်းသိရသည်။

လက်ရှိအချိန်ကာလတွင် တောင်ပေါ်ရွာသို့
ခရီးသွားများ သွားရောက်လည်ပတ်ရန် အသင့်တော်ဆုံးဖြစ်ပြီး နိုဝင်ဘာလ ၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလထိ တောင်နေကြာစိုက်ခင်းအများအပြားရှိကာ ဆောင်းဝင်ကာလတွင် တိမ်မြူခိုးများရှိခြင်းကြောင့်ခရီးသွားများ၏ စိတ်ဝင်စား ခြင်းခံရသည့်ခရီးစဥ်တစ်ခု ​ဖြစ်ကြောင်း သိရသည်။

“အခုချိန်ကတော့ ပုပ္ပါးဘက်ကို ဘုရားဖူးတွေ
သွားကြပါတယ်ဗျ။ မိုးတွင်းပိုင်းနဲ့ ဆောင်းတွင်းကာလတွေဆို ပုပ္ပါး ကို သွားရောက်လည်ပတ် သင့်တဲ့ကာလပါ။ အဲဒီအချိန် ကအလှပဆုံးအချိန်တွေလို့ ပြောလို့ရပါတယ် “လို့ ပုဂံဒေသခံ Taxi ပြေးဆွဲပေးတဲ့ ကိုထက် (ပုဂံ)က Travelling သို့ ပြောသည်။

ခရီးသွားရာသီကာလ( High Season)တွင် ပြည်တွင်းခရီးသွား အများဆုံးသွားလာကြသည့်ဒေသများမှာ ပုဂံ ၊ ကလော ၊ ဘားအံ ၊ ငွေဆောင်နှင့် ချောင်းသာတို့ကိုသာ သွားရောက် လည်ပတ်နေကြကြောင်း သိရသည်။

Photo The Unlock Travels & Tour

ပုပ္ပါးတောင်မကြီးအောက်ခြေတွင်ရှိသည့် တောင်ပေါ်ရွာ ခရီးစဥ်ကို ခရီးစဥ်ဒေသအသစ်အဖြစ် စတင်ရောင်းချလာ

Travelling Journal

အညာမြေ၏အိုအေစစ်ဟု တင်စားရသည့် ပုပ္ပါးတောင်မကြီးအောက်ခြေတွင်ရှိသည့် တောင်ပေါ်ရွာခရီးစဥ်ကို ခရီးစဥ်ဒေသ အသစ်တစ်ခုအဖြစ် The Unlock Travels & Tour က ခရီးစဥ်ကို စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ယင်းTour ကုမ္ပဏီမှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

အဆိုပါ တောင်ပေါ်(တောင်)ရွာသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ တောင်ပေါ် (တောင်)ကျေးရွာအုပ်စု၌ တည်ရှိပြီး ဒေသခံများက စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့် ကျေးရွာတစ်ခုဖြစ်ကြောင်းသိရသည်။

“အညာဒေသဆိုပေမယ့် ရှမ်းပြည်ကိုရောက်နေသလိုမျိုးခံစားရစေတယ်။ အရမ်းလှပြီး သာယာတဲ့နေရာလေးဖြစ်တယ်။ ကျွန်တော်တို့ ရဲ့ပုဂံဒေသခံကို ပြည့်စုံကနေ ဒီရွာလေးကို စတင်တွေ့ရှိခဲ့ပါတယ်။ ဒီရွာလေးမှာ Trekking လည်း လုပ်လို့ရပါတယ်။ ဓာတ်ပုံံလှလှလေးတွေရိုက်လို့ရမယ်။ ဒီနေရာလေးက မြူခိုးတွေနဲ့ တိမ်တိုက်တွေနဲ့အရမ်းလှတော့ ဧည့်သည်တွေကိုလည်း သွားလည်စေချင်တဲ့ဆန္ဒနဲ့ရည်ရွယ်ပြီး ခရီးစဥ်ကို စတင်ပြေးဆွဲပေးမှာဖြစ်ပါတယ် “ဟု The Unlock Travels & Tour မှ အရောင်းမန်နေဂျာ ကိုဟိန်းထက်ကိုကိုက Travelling ကို ပြောသည်။

ယခင်က ပုဂံ – ပုပ္ပါး ခရီးစဥ် ကိုသာ ရောင်းချပေးသော်လည်း ယခုခရီးစဥ်သည် ပုပ္ပါးဒေသကို ဦးစားပေးပြီး ပုဂံခရီးစဥ်နှင့်တွဲ ပြီးရောင်းချပေးထားကြောင်းသိရသည်။

ယင်းခရီးစဥ် သုံးညအိပ်လေးရက်ခရီးစဥ်အတွက် တည်းခိုငြိမ်းအပါအပြီးအစီးကို လူတစ်ဦးလျှင် တစ်သိန်း ရှစ်သောင်းကျသင့်မည်ဖြစ်ပြီး မြန်မာဘူဖေး (၇) နပ်စာ ပါဝင်ထားကြောင်း သိရသည်။

Photo The Unlock Travels & Tour / Bagan Lover

စစ်ဘေးရှောင်သူများကို ပုဂံရှိ သီရိဂေဟာ ဟိုတယ်က အနိမ့်ဆုံးတည်းခိုခ တစ်လတစ်သိန်းခွဲဖြင့် ငှားရမ်းပေး

Travelling Journal

စစ်ဘေးရှောင်သူများကို ပုဂံဒေသအခြေစိုက်ဟိုတယ်တစ်ခုဖြစ်သည့် ပုဂံမြို့သစ်ရှိ သီရိဂေဟာဟိုတယ်မှ အနိမ့်ဆုံး တည်းခိုခနှုန်းထား တစ်လလျှင် ကျပ်တစ်သိန်းငါးသောင်းဖြင့် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဟိုတယ်၏ အခန်း၂၉ ခန်းကို မိသားစု (၂၉) စု အား ငှားရမ်းပေးထားပြီး အဆိုပါနှုန်းထားမှာ တစ်ခန်းခနှုန်းထားဖြစ်ကာ တည်းခိုမည့် ဧည့်သည်များအနေဖြင့် ရေ/မီးဖိုးများထပ်ဆောင်းပေးရန် မလိုအပ်​ကြောင်း ယင်းဟိုတယ်၏ ပိုင်ရှင်ဖြစ်သူက Travelling သို့ ပြောသည်။

“စိတ်ကူးပေါ်လာရတဲ့အကြောင်းကတော့ ဒီရက်ထဲမှာ တော်တော်များများပြောင်းရွေ့နေကြရတာတွေ့ရတယ်။ ပုဂံက ပုံမှန်ဆို ခရီးသွားကြတာပဲရှိတာ။အခုကျတော့ အကုန်လုံးက အပျော်ခရီးလာကြတာမဟုတ်ဘူးလေ။အခုလာတဲ့အထဲမှာ ခြေထောက်မှာ စတီးရိုးထည့်ထားတဲ့အဖွားတို့၊လေဖြတ်နေတဲ့အဖွားတို့အဲလိုမျိုးတွေလည်းပါတယ် ။မဖြစ်လို့သာ လာကြတာပေါ့။အဲအချိန်မှာ ပွဲစားတွေနဲ့ အိမ်တွေရှာကြတယ်။ ပွဲခတွေလည်းပေးရတယ်။ အိမ်ဆိုတာကလည်း ၆ လ တစ်နှစ်တို့ အဲလို စာချုပ်တွေ ချုပ်ရတဲ့အခါကျတော့ ခက်ခဲတာပေါ့။ မရှိတဲ့ကြားထဲက ဆိုတော့ ခက်ခဲတာပေါ့။ အဲအတွက်ကြောင့်မို့ မထူးဘူးပေါ့။ ကိုယ့်မှာလည်း ဟိုတယ်လေးရှိနေတဲ့အတွက် လုပ်ပေးလိုက်မယ်ဆိုပြီး လုပ်ဖြစ်သွားတာ။ဒီအခန်းတွေက တစ်ညကို သုံးသောင်းခွဲနဲ့ရောင်းတာပါ။ အနည်းဆုံးဆိုပြီးတော့ ဘာမှထပ်ပေးစရာမလိုတော့ပဲ အပြတ် တစ်သိန်းခွဲနဲ့ပေးလိုက်တာပေါ့။ တစ်လချင်း ပေးလို့လည်း ရတယ်။တစ်ချို့ကျတော့ ကြိုငှားထားကြပြီး အခြေနေကြည့်ပြီးမှလာကြမှာပေါ့ ” ဟု ယင်းဟိုတယ်ပိုင်ရှင်က Travelling ကို ပြောသည်။

လက်ရှိတွင် ပုဂံဒေသသို့ စစ်ဘေးရှောင်သူများသည် အများအားဖြင့် မြင်းခြံ၊မိတ္ထီလာ၊မန္တလေးနှင့်လာရှိုးမှ လာရောက်သူများပြားကြောင်း သိရသည်။

ဧည့်သည်များအနေဖြင့် ကိုယ်တိုင်ချက်ပြုတ်စားသောက်နိုင်ရန်အတွက် ​ဟိုတယ်ရေှ့ရှိဝန်ထမ်းအိမ်ယာခြံဝန်းလေးထဲ၌ အသေးစားချက်ပြုတ်နိုင်ပြီး အဝတ်လှန်းဖို့အတွက်လည်း နေရာများပြုလုပ်ပေးထားကြောင်းသိရသည်။

ပုဂံဒေသသို့ ရွှေ့ပြောင်းစစ်ဘေးရှောင် များ များပြားလာခြင်းကြောင့်ပုဂံဒေသ၏အိမ် ငှားရမ်းခစျေးနှုန်းများ များပြားလာပြီး အိမ်ငှားသည့်အိမ်များပါ မကျန်အောင် ပြည့်သွားသည်အထိ ဖြစ်နေကြောင်း ပုဂံဒေသတစ်ဦးကလည်း Travelling ကို ပြောသည်။

Bagan
Photo သီရိဂေဟာဟိုတယ်