ဆဒ္ဒန်ဂူထက် ပိုလှပြီး နာမည်မပေးရသေးသည့်အရိုင်းဆန်သော လှိုဏ်ဂူအသစ်ကို တွေ့ရှိ

Travelling Journal

ဂူတွေ၏ မြို့တော်ဟု တင်စားခံရသည့် ဘားအံမြို့တွင် ပြည်တွင်းခရီးသွားဧည့်သည် အများဆုံး သွားရောက်လည်ပတ်ကြသည့် ဆဒ္ဒန်ဂူထက် ပိုလှပြီး ဂူအတွင်းပိုင်း၏ ကျောက်စက် ပန်းဆွဲများနှင့်ကျောက်စက်မိုးမျှော်များမှာ လှပပြီး အရိုင်းဆန်သောလှိုဏ်ဂူအသစ်ကို စတင်တွေ့ရှိ ခဲ့ကြောင်း ဘားအံမြို့က ဒေသခံ ဧည့်လမ်းညွန်တစ်ဦးက Travelling သို့ ပြောသည်။

ယင်းဂူသို့ ခရီးသွားဧည့်သည်များ မရောက်ရှိသေးသလို လူသူအရောက်အပေါက်နည်းပြီး ထိတွေ့မှုနည်းပါးသည့် လှိုဏ်ဂူ အသစ်တစ်ခုဖြစ်နေကြောင်း ယင်းလှိုဏ်ဂူသို့ နယ်ခံအကူအညီဖြင့် ရောက်ရှိခဲ့သည့် အဆိုပါဧည့်လမ်းညွန်က ပြောသည်။

“ကျွန်တော် ဒီဂူကို ရောက်ရှိချိန်မှာ အစပိုင်း ဝင်သွားတုန်းကတော့ သိပ်ပြီးဆွဲဆောင်မှုမရှိပါဘူး။ ပုံမှန်လိုမျိုးပါပဲ။ ဒါပေမဲ့ နောက်ထပ်အပိုင်းတစ်ပိုင်းကို ရောက်သွားချိန်မှာတော့ Discovery ကိုရောက်နေရသလိုမျိုး အံ့ဩရမိပါတယ်။ ဂူက အကန့်နှစ်ကန့်ပုံစံမျိုးတည်ရှိနေပါတယ်။ နာမည်တော့မပေးရသေးပါဘူး။ အများသိသွားရင် လာရောက်လည်ပတ်တဲ့သူများပြီး ပျက်ဆီးသွားမှာစိုးရိမ်လို့ တည်နေရာကိုတော့ မပြောပါရစေနဲ့။လက်ရှိတော့ ဧည့်သည်တွေကိုလည်း မပို့ပေး
​​ေသးဘူး”ဟု သွားရောက်ခဲ့သည့် ဒေသခံ
ဧည့်လမ်းညွှန် က Travelling သို့ပြောသည်။

ယင်းလှိုဏ်ဂူအသစ်သည် ဆဒ္ဒန်ဂူရှိကျောက်စက်ပန်းဆွဲများနှင့်ကျောက်စက်မိုးမျှော်များထက် ပိုလှပပြီး လှိုဏ်ဂူတစ်ခုလုံး အရောင် ဖျိုးဖျိုးဖျတ်ဖျတ်နှင့် တွေ့ရှိရကြောင်း သိရသည်။

” လှိုဏ်ဂူတစ်ခုလုံး မီးရောင်ထိရင် ဖျိုးဖျိုးဖျတ်ဖျက် လက်နေပြီး ကျောက်စက်မိုးမျှော်နဲ့ အရမ်းလှတယ်။ ကျောက်စက်ပန်းဆွဲတွေကလည်း တစ်ဂူလုံးအပြည့်ပါပဲ”ဟု ယင်းဒေသခံက Travelling သို့ပြောသည်။

ယင်းလှိုဏ်ဂူ၏ အဝင်ဝမှာ အနည်းငယ်ကျဉ်းသော်လည်း ဂူထဲရောက်ရှိချိန်တွင် အတော်အသင့်ကျယ်ပြီး တစ်ဖက်ပိတ်လှိုဏ်ဂူအမျိုးအစားဖြစ်ကြောင်းသိရသည်။

ဘားအံမြို့သည် တောင်များ၏ မြို့တော်ဟုခေါ်ဆိုနိုင်သလို ဂူများ၏ မြို့တော်ဟုလည်းခေါ်ဆိုနိုင်ပြီး ဘားအံမြို့၏ အထင်ကရ ဂူများမှာ ကော့ဂွန်းဂူ၊ကျွဲမင်းဂူ၊ရသေ့ပျံဂူ၊သဘာဝရေလှိုဏ်ဂူ၊စပါးဂူ၊အာလဝံဂူ၊သရဲဂူ၊လင်းနိူ့ဂူ (၂) ၊သဘာဝရေလှိုဏ်ဂူ (၂)၊ရွှေကြာပွင့်ဂူ၊ဘုရင်ညီဂူ၊လင်းနို့ဂူ၊ထောင်ဝိဂူ၊နောင်ခရိုင်ရေဂူ၊ပဒုမ္မာဂူ၊ဆဒ္ဒန်ဂူ၊ဆင်ဟိုင်းဂူ၊ကော့ကသောင်ဂူ၊ပတ္တမြားဂူ၊က္ကစ္ဆာသယဂူ၊ဝဲပျံဂူ၊ဖားပျံဂူ၊ပဒုံဂူ၊လွန်းညဂူ၊မိကရင်ဂူ၊ဝေပုလ္လဂူတို့ဖြစ်ပြီး ယင်းဂူများသို့ သွားရောက်လည်ပတ်ရန်မှာ အချိန်အားဖြင့် တစ်ပတ်ခန့် ပေးရကြောင်း သိရသည်။

Photo Thura
ပုံ/စာ မကြာသေးခင်ကသွားရောက်လေ့လာခဲ့သည့် အဆိုပါလှိုဏ်ဂူအသစ်ကို တွေ့ရှိရစဥ်။

ပူတာအိုတွင် CB ဘဏ်အုပ်စုကအဆင့်မြင့် အပန်းဖြေစခန်း ပါဝင်မည့် ဟိုတယ်စီမံကိန်း ဆောင်ရွက်နေ

Travelling Journal

ခရီးသွားမြို့တော်အဖြစ်ကြိုးစားဆောင်ရွက်နေသည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရေခဲတောင်ဒေသတည်ရှိရာ ပူတာအို မြို့တွင် CB ဘဏ်အုပ်စုမှ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုဖြင့် အပန်းဖြေစခန်းများပါ ပါဝင်သည့် ဟိုတယ်စီမံကိန်းကို ဆောင် ရွက်နေကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို ပူတာအိုမြို့၏ အထင်ကရ ကောင်းမှုလုံစေတီ နှင့် ၁၄ ကီလိုမီတာ ကွာဝေးသည့် မျက်နှာချင်းဆိုင် မြစ်တစ်ဖက်ကမ်းတွင် ဆောင်ရွက်နေကြောင်း သိရသည်။

မြေလွတ်မြေရိုင်းဧက (၁၇) ဧကကျော်ကို အခြားနည်းသုံးစွဲခွင့်ဖြင့် ရရှိထားပြီး ယင်းမြေပေါ်တွင် နှစ်ယောက်အိပ်ခန်း ပါဝင် သည့် ဘန်ဂလို (၁၁ ) လုံးလောက်ကို ဆောက်လုပ်သွားမည်ဟု ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာန (ပူတာအို) သို့
အစောပိုင်းကာလက တင်ပြသည့် စာရင်းတွင်ဖော်ပြထားကြောင်းသိရသည်။

“ကျွန်တော်တို့ ဆီ ၂၀၂၀ ဇန်နဝါရီ လောက်က စာတင်ပြထားတာကတော့ ဘန်ဂလို Type အမျိုးအစားလို့ပဲ ဖော်ပြထားပါတယ်။ ကြားရတဲ့ လေးထပ်အဆောက်အအုံဆောက်လုပ်တာကတော့ မကြားမိပါဘူး။ ဟိုရက်ပိုင်းက အဲဒီဘက်ရောက်တော့ လုပ်ငန်းခွင်လုပ်နေတာတော့ တွေ့ရပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းကို ကာရံထားတော့ အပြင်ကနေ ကြည့်ရတာက မမြင်ရပါဘူး “ဟု ပူတာအို ဟိုတယ်ခရီးတာဝန်ခံ က Travelling သို့ ပြောသည် ။

အဆိုပါစီမံကိန်းတွင် စားသောက်ဆိုင်များ၊ စက်လှေဂိတ်များ အပါအဝင် မြေယာရှုခင်းအလှဆင်လုပ်ငန်းများကို အဓိကလုပ် ကိုင်သွားမည်ဖြစ်ကာ လျှောက်လမ်းများတွင် ဒေသထွက်အသီးများ​ဖြစ်သည့် ဂရိတ်ဖုသီးအပင်များကို ထည့်သွင်းစိုက်ပျိိုးသွား မည်ဖြစ်ပြီး လာရောက်တည်းခိုသည့် ဧည့်သည်များ အသင့်ခူးစားနိုင်ရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ဘန်ဂလိုများကို ဒေသကထွက်ရှိသည့် သစ်ထွက်ပစ္စည်းများဖြင့် ဆောက်လုပ်သွားမည်ဖြစ်ပြီး ရိုးရာဓလေ့များ မပျောက်စေရန် တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ပူတာအိုမြို့ပေါ်တွင် ဟိုတယ်/ခရီးလိုင်စင် ရယူထားသည့် ဟိုတယ် ငါး လုံးနှင့် တည်းခိုရိပ်သာ သုံးလုံးရှိကြောင်းသိရသည်။

ကောင်းမူလုံစေတီကိုတွေ့ရစဥ်၊၊

မိုခါမုန်တိုင်းအန္တရာယ် ကြောင့်ချောင်းသာတစ်ရွာလုံး မုန်တိုင်းအန္တရာယ်ကင်းလွတ်မည့် ​နေရာများသို့ တိမ်းရှောင်

Travelling Journal

အနီရောင်အဆင့်ရှိသော “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းအန္တရာယ်ကြောင့် ချောင်းသာ တစ်ရွာလုံးမုန်တိုင်းအန္တရာယ်ကင်းလွတ်မည့် နေရာများသို့ တိမ်းရှောင်ထားပြီး ဖြစ်ကြောင်း (၁) ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးတင်ငြိမ်း က Travelling သို့ပြောသည်။

ကမ်းခြေနှင့်နီးသည့် ရပ်ကွက် (၁) မှ နေထိုင်သူ ဒေသခံ လူဦးရေ (၇၄၈ ) ဦးကို ဒေါနတောင်သို့ လည်ကောင်း၊ ရပ်ကွက်( ၂) မှ နေထိုင်သူ ဒေသခံများကို စကားဝါတောင်သို့ လည်ကောင်း ၊ ရပ်ကွက်( ၃ )မှ ဒေသခံ များကို Shelter တွင်လည်ကောင်း ၊ ရွာမ ဘုန်းတော်ကြီးကျောင်းတွင်လည်ကောင်း ပြောင်းရွေ့တိမ်းရှောင်နေကြောင်းသိရသည်။

“လက်ရှိကတော့ မိုးအုံ့နေတယ်။ လေမတိုက်ဘူး။ လေငြိမ်နေတယ် ။ ဒေသခံ တွေကို နေရာငါးနေရာခွဲ ပြီး ထားရှိပေးထားတယ် ” ဟု ချောင်း သာ အုပ်ချုပ်ရေးမှူး ဦးသီဟ အောင် က Travelling သို့ ပြောသည်။

မုန်တိုင်းတိမ်းရှောင်နေကြ သည့် ဒေသခံများအတွက် သောက်ရေ၊သုံးရေများကို သက်ဆိုင်ရာမှကူညီပံ့ပိုးပေးထားပြီး ဆန်နှင့် ခေါက်ဆွဲခြောက်များကိုလည်း ပံ့ပိုးပေးထားကြောင်းသိရသည်။

အဆိုပါ ဒေသခံများကို မေလ ၁၁ ရက် ၊ မေလ ၁၂ ရက် နေ့များမှစတင်ပြီး ပြောင်းရွေ့ပေးထားကြောင်းသိရသည်။

“ဒေသခံ အကုန်လုံး နီးပါး တိမ်းရှောင်နေရာတွေကို ရောက်နေကြပါပြီ။ လူငယ် လူရွယ် အသက်ငယ်တဲ့သူတွေလောက်သာ မြို့ထဲက ရွာမ ဘုန်းကြီးကျောင်း မှာပြောင်း ရွေ့နေကြပါတယ် “ဟု ချောင်း သာ ၁ ရပ်ကွက် အုပ်ချုပ်ရေးမှုး က Travelling သို့ပြောသည်။

မိုးဇလ၏ ယနေ့ မေလ ၁၃ ရက်နေ့ ၁၂ နာရီတိုင်းထွာချက်အရ “မိုခါ”မုန်တိုင်းသည် မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက် – အနောက်မြောက်ဘက် ရေမိုင် (၂၄၅) မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်ဘက် ရေမိုင် (၂၇၅) မိုင်ခန့်၊ စစ်တွေမြို့၏ တောင် – အနောက်တောင်ဘက် ရေမိုင် ၃၁၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ပို့ပလဲယား၏ အနောက်မြောက်ဘက်ရေမိုင်(၃၂၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၃၅၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ထကြေညာထားချက်များအရသိရသည်။

ဓာတ်ပုံ -ဦးတင်ငြိမ်း /Soe Hlaing Oo

မြောက်ဦးဒေသသို့ ထိုင်းခရီးသွားအဖွဲ့ ပထမဆုံးလာရောက်

Travelling Journal

ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်း မြောက်ဦးဒေသသို့ ထိုင်းခရီးသွားအဖွဲ့ ပထမဆုံးလာရောက်လည်ပတ်ခဲ့ကြောင်း အဆိုပါ ထိုင်းခရီးသွားဧည့်သည်များကို လိုက်လံပို့ဆောင်ပေးခဲ့သည့် ဒေသခံဧည့်လမ်းညွန် က Travelling သို့ပြောသည်။

အဆိုပါ ထိုင်းခရီးသွားအဖွဲ့သည် ဧပြီလ ၃၀ ရက်မှ မေလ ၄ ရက်အထိ မြောက်ဦးမြို့၏ အထင်ကရနေရာများကို ငါးရက်တိုင်တိုင် လေ့လာလည်ပတ်ခဲ့ပြီး စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာ သွားကြောင်း သိရသည်။

မြောက်ဦးဒေသသို့ ယခုကဲ့သို့ ပြည်ပဧည့်သည် လာရောက်ခြင်းမှာ ၂၀၂၃ ခုနှစ် ၏ ပထမဆုံးလာရောက်လည်ပတ်သည့် ပြည်ပခရီးသွားဧည့်သည်များ ဖြစ်ပြီးလက်ရှိကာလများ တွင် ပြည်တွင်းဘုရားဖူးများလည်း လာရောက်လည်ပတ်နေကြကြောင်း ရခိုင်ပြည်နယ် ဟိုတယ်ခရီး တာဝန်ခံက Travelling သို့ ပြောသည်။

ပထဆုံး လာရောက်လည်ပတ်ခဲ့သည့် အဖွဲ့တွင် ထိုင်းအမျိုးသား ၈ ဦး နှင့်ထိုင်းအမျိုးသမီး ၈ ဦး လာရောက်ခဲ့ပြီး အသက်၅၀ ကျော် ထိုင်းဧည့်သည်များနှင့် အသက်၂၀ ဝန်းကျင် အရွယ် ထိုင်းအမျိုးသမီးသုံးဦး လိုကျပါလာပွီး မြောက်ဦး မြို့ရှိအထင်ကရ ဘုရားများ ဖြစ်သည့် ကိုးသောင်းပုထိုးတော်ကြီး၊သျှစ်သောင်းပုထိုးတော်ကြီး၊ ထုက္ကန် သိမ်ပုထိုးတော်ကြီး၊သကျမာရ်အောင်စေတီ၊နန်းတော်ရာဟောင်း၊လက်ဆည် ကန် နှင့် စန္ဒမုနိပေါ်တော်မူ ဆုတောင်းပြည့် မဟာကျန်ဘုရား တို့ကို လည်ပတ်ခဲ့ကြောင်း သိရသည်။

” ကိုဗစ်ပြီးနောက်ပိုင်း ပထမဆုံးပြည်ပဧည့်သည်တွေကို တွေ့ရတာပါ။ အခုလိုလာရောက်လည်ပတ်ဖို့အတွက်လည်း ခွင့်ပြုချက်တွေ တော်တော်လေး ကြိုးစား ခဲ့ရပါတယ်။ ဧည့်သည် တွေလာရောက်လည်ပတ်တဲ့ကာလမှာ သျှစ်သောင်းပုထိုးတော်ကြီးရဲ့ဘုရားပွဲတော်ကို ကျင်းပနေတဲ့ကာလပါ။ သျှစ်သောင်းပုထိုးတော်ကြီးရဲ့ဘုရားပွဲတော်မှာကျင်းပပြုလုပ်တဲ့လှေပြိုင်ပွဲကတော့ အစည်ကားဆုံးလှေပြိုင်ပွဲ ပါ။ ဒီလို ပြိုင်ပွဲတွေကိုပါ မြင်တွေ့ခွင့်ရလို့ဧည်သည်တွေအရမ်းကို ပျော်ရွင်ကျေနပ်ခဲ့ရတယ်လို့” လိုက်ပါပို့ဆောင်ပေးတဲ့ ဒေသခံ ဧည့်လမ်းညွန် က Travelling သို့ ပြောသည်။

မြောက်ဦး မြို့၏ အထင်ကရ ပွဲတော်တစ်ခုဖြစ်သည့်သျှစ်သောင်းပုထိုးတော်ကြီးဘုရားပွဲတော်ကို မေလ ၂ ရက် မှ ၆ ရက်နေ့ထိတိုင် ကျင်းပကြောင်း သိရသည်။

လက်ရှိ တွင် မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် (UNESCO) စာရင်းဝင်ရောက်နိုင် ဖို့ အတွက် အဆိုပြုလွှာမူကြမ်း တင်ထားပြီးဖြစ်ပြီးမြောက်ဦးမြို့ ကို ယူနက်စကိုထိန်းသိမ်းစောင့်ရှောက်ခံဒေသ ဖြစ်စေဖို့ ရိုက်ကူးပြသခဲ့သည့် ကျွန်မရဲ့ပုန်းကွယ်နေသောမြို့ မှတ်တမ်းရုပ်ရှင်ဇာတ်ကားမှာ ပြင်သစ်နိုင်ငံ Nice မြို့ တွင် ကျင်းပပြုလုပ်ခဲ့သည့် ပွဲတော်၌ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဇာတ်ကားတိုဆုကို ရရှိခဲ့ ကြောင်း သိရသည်။

Photo Ma Mon/Travel&Tours

လူသေဆုံးမှု ဖြစ်ခဲ့သည့် ချောင်းသာ Supreme ဟိုတယ်ကို လျှပ်စစ်မီးဖြတ်တောက်ထား၊Cable သွယ်တန်းစနစ် စနစ်မကျခြင်းကြောင့် ဟုဆို

TravellingJournal

ကမ်းခြေမှ ပြန်လာပြီး ရေပန်းအောက် ရေဖွင့်ချိုးခဲ့ရာမှ ခရီးသွားတစ်ဦးသေဆုံးခဲ့ရသည့် ချောင်းသာကမ်းခြေက Supreme ဟိုတယ်ကို လျှပ်စစ်မီးဖြတ်တောက်ထားပြီး သက်ဆိုင်ရာအဖွဲ့များနှင့် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ချောင်းသာကမ်းခြေ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

ယင်း​​ဖြစ်စဥ်ဖြစ်ပွားရခြင်းအကြောင်းရင်းမှာ 200 KVA ထရန်စမာ(မီတအမှတ်-ECA006382) ၏ 400ဗို့ Main Panel မှတဆင့် ဟိုတယ် အတွင်းသို့ သွယ်တန်းထားသော Underground Cable ပေါက်ပြဲရာမှတဆင့် သမံတလင်းကို လျှပ်ကူးနေပြီး ထိုမှတဆင့် လျှပ်စစ်စီးကူး​ နေသည်ကိုမသိ၍ ရေပန်းအားဖွင့်ပြီး ရေချိုးခဲ့ရာမှ ယခုကဲ့သို့ ဓာတ်လိုက်သေဆုံးခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့ မနေ့က သွားစစ်ဆေးခဲ့ပါတယ်။ စစ်ဆေးတဲ့အခါမှာ Cable သွယ်တန်းထားတဲ့ စနစ်မှားယွင်းပြီး တပ်ဆင်ရခြင်းကြောင့်လို့ သုံးသပ်ရပါတယ်။ ကျွန်တော်တို့ လျှပ်စစ်ဌာနပိုင်းဘက်က တာဝန်ယူရတဲ့ အပိုင်းမဟုတ်ပါဘူး။ ဒါကဟိုတယ် အတွင်းပိုင်းဘက်က တပ်ဆင်တဲ့သူတွေသို့မဟုတ် သူတို့ကန်တရိုက်တာ အပ်တဲ့ အဖွဲ့တွေဘက်ကနေ တပ်ဆင်တဲ့စနစ်မှားယွင်းတာကြောင့်ပါ။ တော်တော်များများ က ကျွန်တော်တို့ EPCကြောင့်လို့ ထင်ကြပါတယ်။ အဲဒါက မဟုတ်ပါဘူး။ သေချာတာက ရေရှိတဲ့နေရာနားမှာ လျှပ်စစ်ကြိုး သွယ်တန်းတာမျိုးတွေ တပ်ဆင်လို့မရပါဘူး။ ရေပန်းအောက်တွေမှာ လျှပ်စစ် ကြိုးတွေ မရှိသင့်ပါဘူး။ ဝေးဝေးမှာ တပ်ဆင်ရပါမယ်။ ဒါက ကျွန်တော်တို့ အစောပိုင်းက စစ်ဆေးချက်တွေပါ။ ထပ်ပြီး သက်ဆိုင်ရာအဖွဲ့တွေနဲ့ ထပ်စစ်ဆေးသွားအုံးမှာပါ ။ လက်ရှိမှာတော့ ဟိုတယ်ကို မီးဖြတ်ထားပါတယ်” ဟု ချောင်း သာ ကမ်းခြေ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ တာဝန်ရှိသူ က Travelling သို့ ပြောသည် ။

ယခုဖြစ်စဥ်သည် Do and Don’t များကို လိုက်နာမှုအားနည်းခြင်းကြောင့်ဟုဆိုနိုင်ပြီး ဟိုတယ်များအနေဖြင့် မိမိဟိုတယ်များသို့သွယ်တန်းသည့် ထရန်စဖော်မာ ပေါ်မူတည်ပြီး Cable ကြိုးကို တပ်ဆင်ရသလို 200 KVA ဆိုပါက ၁၈၅ သို့ ၁၅၀ မီလီမီတာ Square ရှိသည့် Cable ကြိုးများကို တပ်ဆင်သင့်ကြောင်း ထို့ပြင်အမြဲမပြတ်စစ်ဆေးဆောင်ရွက်မှူများကိုလည်း ပြုလုပ်သင့်ကြောင်း လျှပ်စစ်ပိုင်းဆိုင်ရာကျွမ်းကျင် သူများက သုံးသပ်ပြောကြားသည်။

” လက်ရှိ ကျွန်တော်တို့ကတော့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ဖို့ ညွန်ကြားထားပါတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီး (ပုသိမ်) မြို့ နယ်အုပ်ချုပ်ရေးမှုး က Travelling သို့ ပြောသည်။

လက်ရှိတွင် ချောင်းသာ ကမ်းခြေအခြေစိုက် ဖွင့်လှစ်ထားသည့် ဟိုတယ်/တည်းခိုရိပ်သာများအနေဖြင့် မိမိတို့ဟိုတယ်များတွင် တပ်ဆင်အသုံးပြုသည့်လျှပ်စစ်ဓာတ်အားပေးစနစ်များကို စနစ်တကျ တပ်ဆင်အသုံးပြုဆောင်ရွက်ရန် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန (ချောင်းသာဌာနခွဲ) မှ ယနေ့ မေလ၁ ရက်နေ့တွင် သက်ဆိုင်ရာဟိုတယ်များသို့ အသိပေးအကြောင်းကြားခဲ့ကြောင်းသိရသည်။

ချောင်းသာကမ်းခြေအခြေစိုက် ဟိုတယ်တစ်ခုတွင်ခရီးသွား ဧည့်သည်တစ်ဦး ရေချိုး Shower မှဓာတ်လိုက်သေဆုံး

Travelling Journal

ချောင်းသာကမ်းခြေ အခြေစိုက် ဟိုတယ်တစ်ခုတွင်ခရီးသွားဧည့်သည် အမျိုးသားတစ်ဦး ယနေ့ နေ့လည် ၁နာရီ ဝန်းကျင်တွင် ရေချိုး Shower မှတဆင့် ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်မှာ ထူးခြားသည့်ဖြစ်စဥ်တစ်ခုဖြစ်ပြီး ၁၀ နှစ်ကျော်ကာလအတွင်း ယခုလိုဖြစ်စဥ်မျိုး မဖြစ်ပေါ်ခဲ့ကြောင်း ယင်းဟိုတယ်က တာဝန်ရှိသူ တစ်ဦးက Travelling journal သို့ ပြောသည်။

“ကျွန်တော် ဒီဟိုတယ်မှာအလုပ်လုပ်တာ ဆယ်စုနှစ်ကြာပါပြီ။ အခုလိုဖြစ်စဥ်က မရှိခဲ့ပါဘူး။ဟိုတယ်ရဲ့အပြင်ဘက်မှာ ထားပေးတဲ့ ရေချိုး Shower pump မှာ ရေချိုးရင်းနဲ့ ဖြစ်သွားတာပါ။ ဧည့်သည်က ကမ်းခြေ ကနေ ရေချိုးပြီးအဖော်တွေနဲ့ပြန်လာတယ်။သူတို့ ရေချိုးရင်းပါလာတဲ့ သဲတွေ ဆားငန်ရေတွေကို အရင်ဆေးတဲ့နေရာပါ။ အဲဒီနေရာကနေ ဓာတ်လိုက်ပြီး သေဆုံးခဲ့တာပါ။ ကျန်တဲ့နှစ်ယောက်ကတော့ ဘာမှမဖြစ်ခဲ့ပါဘူး။ကျွန်တော်တို့လည်း ဘာကြောင့်ဒီလိုဖြစ်ရတာကို အဖြေရှာပြီး ပြင်ဆင်ပြုပြင်ဆောင်ရွက်ပြီးဖြစ်ပါတယ်။ အခုတော့ သေဆုံးတဲ့သူ အမျိုးသားရဲ့ Dead Body ကို ရန်ကုန်ကို ပြန်သယ်သွားပါပြီ “ဟု Travelling သို့ ပြောသည်။

လက်ရှိတွင် ဟိုတယ်ဘက်မှတာဝန်ရှိသူနှင့် တည်းခိုသည့်ခရီးသွားဧည့်သည်အကြား အဆင်ပြေအောင် တာဝန်ယူဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း ယင်းဟိုတယ်က တာဝန် ရှိသူက Travelling သို့ ပြောသည်။

” ဟိုတယ်အခန်းအပြင်ဘက်မှာထားပေးတဲ့ ရေချိုး Shower ကနေ ဖြစ်တာဆိုတော့ တကယ့်ကို မကြားဖူးခဲ့တာပါ။ သူများတကာတွေကြားရင်လည်း အံ့ဩစရာဖြစ်ရပ်ပါ။ အခုတော့ ဟိုတယ်ရဲ့တာဝန်ရှိသူတွေက ညှိနှိုင်းပြီးပါပြီ “ဟု ချောင်း သာဟိုတယ်တာဝန်ခံက Travelling သို့ ပြောသည်။

လက်ရှိကာလတွင် ရာသီဥတု အပူရှိန်မြင့်မားနေသည့်ကာလဖြစ်သောကြောင့် သတိပြုဆင်ခြင်နေထိုင်ရမည်ဖြစ်ပြီး ယင်းကဲ့သို့ ဖြစ်စဥ်က ထူးခြားသလို ခရီးသွားဧည့်သည်များအနေဖြင့်လည်း ယခုဖြစ်စဥ်ကနေ သတိပြု ဆင်ခြင်သင့်ကြောင်း ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပခရီးသွားပြည်သူအများဆုံး လာရောက် အပန်းဖြေလည်ပတ်ကြသည့်ကမ်းခြေ ဖြစ်ပြီး ချောင်းသာကမ်းခြေတွင်ဟိုတယ် ၃၉ လုံးနှင့် တည်ခိုခန်း ၅၉ လုံးရှိကြောင်းသိရသည်။

ကျိုင်းတုံမြို့၏ ဒုတိယမြောက် CBT အဖြစ် ”ဝ” တိုင်းရင်းသားတို့၏ ပင်းဆိုင်းကျေးရွာကို ဖော်ဆောင်မည်

Travelling Journal

ရှမ်းပြည်နယ် အရှေ့ပိုင်းမြို့တော်ဖြစ်သည့် ကျိုင်းတုံမြို့၏ ဒုတိယမြောက် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (CBT) ကျေးရွာကို ”ဝ” တိုင်းရင်းသားတို့၏ ပင်းဆိုင်း ကျေးရွာကို ဖော်ဆောင်ရန် စီစဥ်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန( ကျိုင်းတုံ)မှ တာဝန်ရှိသူ တစ်ဦးက Travelling သို့ ပြောသည်။

အဆိုပါ CBT ကျေးရွာကို ရှမ်းပြည်နယ် အစိုးရ၏ ဘတ်ဂျက်ဖြင့် ဖော်ဆောင်ပြီး ကျေးရွာမြေနေရာကိုသာ ရွေးချယ်ပေးရကြောင်း ပင်းဆိုင်းကျေးရွာဥက္ကဋ္ဌ ဦးညီနပ် က Travelling သို့ ပြောသည်။

” ရွာမြေကို ၂ ဧက ကျော် ပေးထားတယ်။ရွာမြေပေါ်မှာ ဧည့်သည်တွေ နားခိုနိုင်ဖို့ ရှမ်းအစိုးရ ရဲ့ဘတ်ဂျက်နဲ့ အဆောက်အအုံကို ဆောက်ပေးပါတယ်။ ကျွန်တော်တို့ ရွာလေးက ရှုခင်းလှတယ်။ အိမ်ခြေ ၈၀ ကျော် ရှိပါတယ် ။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ပါတယ်။ အာခါ တိုင်းရင်းသား အနည်းငယ် နေထိုင်ပါတယ် “ဟု ကျေးရွာ ဥက္ကဋ္ဌ ဦးညီနပ်က Travelling သို့ ပြောသည်။

လက်ရှိတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာပေးသင်တန်းများကို ပင်းဆိုင်းကျေးရွာတွင် ဖွင့်လှစ်ပြီးဖြစ်ကြောင်း ဒေသခံ ဝ တိုင်းရင်းသား ကိုမျိုးအောင်က Travelling သို့ ပြောသည်။

လက်ရှိတွင် အ​ဆောက်အအုံတည်ဆောက်မှုမှာ ၉၀ ရာခိုင်နှုန်းနီးပါး ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့၏ ပထမဆုံး CBT ကျေးရွာကို အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိသည့် ဟိုကျင်းဒေသ၏ ဟိုကျင်းရွာ ၁၊ ၂ ၊ ၃ ၊ ၄ ရွာကို ပေါင်းထားပြီး ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း CBT ကျေးရွာကို ဖော်ဆောင် ထားပြီးဖြစ်ကြောင်း သိရသည်။

Photo Ko Myo Aung

သုံးနှစ်ကျော် ပိတ်ထားသည့် မိုင်းလားလမ်း ပြန်ဖွင့်လှစ်ပြီး လွယ်တိုင်းရင်းသားများ၏ ရှေးဟောင်းရှားပါး အနုလက်ရာများကို လေ့လာကြည့်ရှုခွင့် ရပြီ

Travelling Journal

သုံးနှစ်ကျော် ပိတ်ထားခဲဲသည့် အထူးဒေသ( ၄) မိုင်းလားလမ်း ပြန်ဖွင့်လှစ်ပြီး လွယ်တိုင်းရင်းသားများ ဆောက်လုပ်ထားသည့် ရှေးဟောင်း ရှားပါးအနုလက်ရာ အဆောက်အအုံများကို ပြည်တွင်းခရီးသွားဧည့်သည်များ လေ့လာကြည့်ရှုနိင်ပြီဖြစ်ကြောင်း သိရသည်။

သုံးနှစ်ကျော်ဝန်းကျင် ခန့် ပိတ်ထားခဲ့သည့် မိုင်းလားလမ်းကို လွန်ခဲ့သည့်တစ်လကျော်လောက်ကပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“နိုင်ငံခြားသားကိုတော့ နေ့ချင်းပြန် လည်ပတ်ခွင့်ပေးပါတယ်။ ဒါပေမဲ့ အခုထိတော့မလာသေးပါဘူး။ ညအိပ်ခွင့်တော့မရပါဘူး။ကျိုင်းတုံကနေ မိုင်းလားကို သွားရင် မိုင်းလားမြိုဝင်ဂိတ်မှာ နှာခေါင်းတို့ဖတ်စစ်ဆေးရပါတယ်။ အဲဒီအတွက်( ၁၀) ယွမ် ပေးရပါတယ်။ Clear ဖြစ်မှသာ မိုင်းလားမြိုထဲကို ဝင်ရပါတယ်” ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန( ကျိုင်းတုံ)မှ တာဝန်ရှိသူ တစ်ဦးက Travelling သို့ ပြောသည်။

ယင်းလမ်းပိုင်းဖွင့်လှစ်ခဲ့ခြင်းကြောင့် မိုင်းလားဒေသအတွင်းရှိ ရှေးကျလှသည့် ရှေးဟောင်းစေတီများနှင့် ရှေးဟောင်းအဆောက်အအုံများကို လေ့လာခွင့်ရကြောင်း၊ သိုသော် နိုင်ငံခြားသား ညအိပ်လည်ပတ်ခွင့်ကို ခွင့်မပြုထားကြောင်း ကျိုင်းတုံ အခြေစိုက်ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက Travelling သို ပြောသည်။

“ရှေးဟောင်းအနုလက်ရာတွေ အများကြီးရှိတာပါ။ မိုင်းလားလမ်းဖွင့်တုန်း ပြည်တွင်းခရီးသွားဧည့်သည်တွေ လာပြီးလည်ပတ်နိုင်ပါတယ်။ ကျိုင်းတုံကနေ ၅၆ မိုင်ပဲ ဝေးပါတယ်။ ကားမောင်းချိန်နဲ့ဆို နှစ်နာရီခွဲလောက်ပဲ ကြာပါတယ်”ဟု ကျိုင်းတုံအခြေ စိုက်ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက Travelling သို ပြောသည်။

မိုင်းလားတွင် ထင်ရှားသည့်နေရာများမှာ မိုင်းလားမြို မူကန်းအုပ်စု၊ မွန်းကဲလွယ်ဘုန်းကြီးကျောင်း၊ မိုင်းလားလမ်း ဝမ်ညှပ်ရွာ+ ဘုန်းကြီးကျောင်း၊ ဝမ်ရှဲန်ရွာဘုန်းကြီးကျောင်း၊ ဝပ်နောင်လုံ ဘုန်းကြီးကျောင်း၊ ဆီလူးလမ်းဘက်က ဝပ်ယန်းငင်း ၊ မွန်းကဲလွယ်ရွာဘုန်းကြီးကျောင်း တိုဖြစ်ကြောင်း သိရသည် ။

မိုင်းလားဒေသတွင် ရှမ်း တိုင်းရင်းသား။ အာခါတိုင်းရင်းသားနှင့် လွယ် တိုင်းရင်းသားများ နေထိုင်ကြောင်း သိရသည်။

မိုင်းလားမြို့ရှိထင်ရှားသော ရှေးဟောင်းလက်ရာအဆောက်အဦးများကို တွေ့ရစဥ္။

Photo ကိုကျော်ရဲမြင့်အောင် / စိုင်းခမ်းရှဲန်

Coral(သန္တာကျောက်တန်း)များကို ခွာယူရောင်းချပါက ထောင်ဒဏ် ၁၀ နှစ် နှင့် ငွေဒဏ်သုံးသိန်း ကျခံရမည်

TravellingJournal

ဧရာဝတီတိုင်း ဒေသကြီး ငွေဆောင်ကမ်းခြေတွင် Coral(သန္တာကျောက်တန်း)များ ခွာယူရောင်းချခြင်းကို တားမြစ်ထားပြီး Coral များကို ခွာယူရောင်းချပါက ထောင်ဒဏ် ၁၀ နှစ် နှင့် ငွေဒဏ်ကျပ်သုံးသိန်း နှစ်ခုစလုံး ကျခံနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ချောင်းသာ၊ ရွှေသောင်ယံ နှင့် ငွေဆောင် ကမ်းခြေ ဒေသတို့ကို ကိုင်တွယ်ရသည့် တာဝန်ခံက Travelling သို့ ပြောသည်။

“အရင်က ချောင်းသာမှာ ပညာပေးအစီအစဥ်လုပ်ဖူးတယ်။ သန္တာကျောက်တွေကို တူးဖော်ယူတဲ့ ဒေသခံတွေကို ပညာပေးတယ်။ ဒုတိယအကြိမ်တွေ့ရင် ခံဝန်ထိုးခိုင်းတယ် ၊ ပစ္စည်းသိမ်းတယ်။ တူးဖော်တဲ့ဒေသခံမှ မဟုတ်ပါဘူး။ ရောင်းချတဲ့ ဆိုင်ကိုလည်း ခံဝန်ကတိထိုးခိုင်းပါတယ်။ ဥပဒေမှာတော့ Coral တွေကို ခွာယူရောင်းချရင် ထောင်ဒဏ် ၁၀ နှစ် နဲ့ ငွေဒဏ် သုံးသိန်း နှစ်ခုစလုံး ကျခံရမယ်လို့ပါပြီးသားပါ။ ငွေဆောင်ကိုလည်း မကြာခင်သွားရောက် ပညာ ပေးသွားမှာဖြစ်တယ် “ဟု ဧရာဝတီတိုင်း ဒေသကြီး၊ ငါး လုပ်ငန်းဦးစီးဌာန မှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

သဘာဝအတိုင်းတည်ရှိသည့် သန္တာကျောက်တန်းများ မပျက်စီးစေရေးအတွက် သန္တာကျောက်များကို ချိုးဖဲ့ဖျက်ဆီးခြင်း၊ ယူဆောင်ခြင်း၊ တက်နင်းခြင်း မပြုလုပ်ကြရန် ခရီးသွားများအနေဖြင့်လိုက်နာပေးရန် လိုအပ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ငွေဆောင်ကမ်း ခြေရှိ coral(သန္တာကျောက်တန်း)များကို ခွါယူရောင်းချနေသူများမှာ ယခင်ကာလများကတည်းက ခွာယူရောင်းချနေခြင်းဖြစ်ပြီး ယခုအခါမှာ ပိုမိုဆိုးရွားလာခြင်းကြောင့် သန္တာကျောက်တန်းများ ပြုန်းတီးမည့်အန္တရယ်များဖြစ်ပေါ်သဖြင့်ခရီးသွားဧည့်သည်များ အနေဖြင့်လည်း သန္တာကျောက်ပွင့်/ကျောက်ပန်းခက်များကို မဝယ်ယူခြင်း ၊မသယ်ဆောင်ခြင်းများဖြင့် ကူညီပေးစေလိုကြောင်း Ngwe Saung Princess Boat Trip မှ တာဝန်ရှိသူ က ပြောသည်။

Photo Ngwe Saung Princess Boat Trip
ငွေဆောင်ကမ်းခြေ ရေအောက်က သန္တာကျောက်တန်းများအား တွေ့ရစဉ်။

ဘားအံမြို့ အာလဝံအင်းထဲတွင် ပထမဆုံး Bamboo Rafting Activity ဖော်ဆောင်မည်

Travelling Journal

မိုးရာသီကာလ တွင် ဘားအံမြို့ ရသေ့ပျံဂူ အနောက်ရှိ အာလဝံအင်းထဲ၌ ပထမဆုံး Bamboo Rafting Activity ကို ဖော်ဆောင်ရန်စီစဥ်နေကြောင်း ဘားအံ ဒေသခံ ဧည့်လမ်းညွန် တစ်ဦးက Travelling journal သို့ ပြောကြားသည်။

ဝါးဖောင်စီးခြင်းသည် အာရှနိုင်ငံ တော်တော်များတွင် အောင်မြင်နေသည့် Activity တစ်ခုဖြစ်သောကြောင့် ဘားအံမြို့တွင် ခရီးစဥ် သစ်အနေဖြင့် ဝါးဖောင်စီးခြင်းကို ရသေ့ပျံဆရာတော်က ဖော်ထုတ်ရန် စီစဥ်ထားကြောင်း ဝါးဖောင်ဖြစ်မြောက်ရန် ကူညီပေးသည့် ဒေသခံဧည့်လမ်းညွန် ကိုသူရဦးက Travelling သို့ ပြောသည်။

ယင်းခရီးစဥ်မှာ သဘာဝကို ချစ်မြတ်နိုးသူ၊ သဘောကျသူများအတွက် စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ခရီးစဥ် တစ်ခုဖြစ်နိုင်ကြောင်း သိရသည်။

” ရသေ့ပျံဆရာတော်က သူ့ ရွာပတ်ဝန်းကျင်ကို တိုးတက်စေချင်တယ်၊ Tourism အမြင်လည်း ဆရာတော်က ရှိတော့ လျှောက်တင်ရတာ အဆင်ပြေတယ်။ မိုးတွင်းမှာ ဝါးဖောင်နှစ်စီးနဲ့အရင်စမယ်။ ဒီခရီးစဥ်ဟာ ဇီဝမျိုးကွဲ၊ မျိုးစိတ်များနဲ့ သဘာဝပတ်ဝန်း ကျင် အလှကို ထိတွေခံစားစေတဲ့ ခရီးစဥ်တစ်ခုလည်းဖြစ်ပါတယ်”ဟု ဒေသခံ ဧည့်လမ်းညွန် ကိုသူရဦးက Travelling သို့ ပြောသည်။

အဆိုပါ ဝါးဖောင်စီးခြင်းကို ရသေ့ပျံဂူ အနောက်ရှိ အာလဝံအင်းထဲတွင် စမ်းသပ်မည်ဖြစ်ပြီး အောင်မြင်ပါက ဒုံသမိချောင်း နှင့် ဆဒ္ဒန်ဂူ ထဲတွင်လည်း ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ဝါးဖောင်တစ်စီးကို လူနှစ်ယောက် ပဲ စီးနိုင်မည်ဖြစ်ပြီး အကြမ်းဖျဥ်းအားဖြင့် ကျပ်တစ်သောင်း သတ်မှတ်ထားကြောင်းသိရသည်။

အဆိုပါ ဝါးဖောင်ကို တရုတ်ပြည်က ဝါးဖောင်ပုံစံမျိုးကို ပြုလုပ်မည်ဖြစ်ပြီး ယင်းကဲ့သို့ပြုလုပ်ရခြင်းမှာ တရုတ်ပြည်က ဝါးဖောင်များသည် ဝါးဖောင်၏ ဦးပိုင်းကို ကော့ထားခြင်းဖြစ်ပြီး ဘားအံဒေသ၏ အင်းအိုင်ချောင်းများတွင် ဗေဒါနှင့် ဒိုက်များ ရှိခြင်းကြောင့်ထိပ်ဦးပိုင်းကို မကော့ထားပါက ဒိုက်ပင်များနှင့် ညှိနိုင်ခြင်းကြောင့် ဘားအံဒေသနှင့်လည်း အဆင်ပြေ ခြင်း ကြောင့် ယင်းပုံစံမျိုးကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Photo ThuyaOo/Internet

မန်စီမြို့နှင့် မန္တလေးမြို့ကို တိုက်ရိုက်ပျံသန်းပြေးဆွဲပေး သော Ruili Airlines ပြန် စတင်ပြေးဆွဲ
ခရီးသည် ၂၈ ဦးလိုက်ပါလာ

Travelling Journal

ကိုဗစ်ကပ်ရောဂါကြောင့် ရပ်နားခဲ့ရသည့် တရုတ်နိုင်ငံမန်စီမြို့နှင့် မန္တလေးမြို့ကို တိုက်ရိုက်ပျံသန်းပြေးဆွဲသည့် Ruili Airlines ကို ပြန်လည်စတင်ပြေးဆွဲပေးသည့်နေ့တွင် ခရီးသည် ၂၈ ဦးလိုက်ပါလာခဲ့ကြောင်းသိရသည်။

၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၂၁ ရက်တွင် နိုင်ငံ တကာလေကြောင်း လိုင်းတစ်ခုဖြစ်သည့် Ruili Airlines ကို စတင်ပျံသန်းပြေးဆွဲခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန (မန္တလေးဟိုတယ်/ခရီးတာဝန်ခံ)က Travelling သို့ ပြောသည်။

ပြန်လည်စတင်ပြေးဆွဲသည့်အထိမ်းအမှတ်အနေဖြင့် ဟိုတယ်/ခရီးဝန်ကြီးဌာနမှ ခရီးသွား ဧည့်သည် များကို ကြိုဆိုခဲ့ကြကြောင်းသိရသည်။

“ဇန်နဝါရီ ၂၁ ရက် ညနေ ၄နာရီ ၅၀ လောက်မှာ ဆိုက်ပါတယ်။ တရုတ်ခရီးသည် ၂၆ ဦးနဲ့ မြန်မာ နှစ်ဦး ပါလာတယ်။ အဲဒီနေ့ ညနေ ၅ နာရီ ၄၀ မှာပဲ လေယာဥ် ပြန်ထွက်သွားပါတယ်။ တရုတ် ခရီးသည် ၂၅ ဦးနဲ့ မြန်မာခရီးသည် ခြောက်ဦး ပြန်လည်လိုက်ပါသွားပါတယ်”ဟု ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန (မန္တလေးဟိုတယ်/ခရီးတာဝန်ခံ) က Travelling သို့ ပြောသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ လကုန်ပိုင်းက စတင်ပြေးဆွဲခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ယာယီရပ်နားထားခဲ့ပြီး လက်ရှိတွင် Ruili Airlines မှ မန်စီ-မန္တလေး ပုံမှန်ခရီးစဉ်များကို တစ်ပတ်လျှင် သုံးရက် ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့်စနေနေ့ကို ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်းသိရသည်။

” အခုလိုတိုက်ရိုက်ပျံသန်းပြေးဆွဲပေးတာတော့ခရီးသွားအတွက် ကောင်းပါတယ်။ ပြည်ဝင်ခွင့်ဗီဇာကို နယ်စပ်ဖြတ်ကျော်နဲ့ပေးမလား ။ ပတ်စပို့ အနီနဲ့ပေးမှာလားကလည်း စကားပြောပါတယ်။အရင်က နယ်စပ်ဖြတ်ကျော်ခွင့်နဲ့ မန်စီကိုလည်လို့ရပါတယ်။ တရုတ်ပြည်ရွှေလီကနေ မန်စီကို သုံးနာရီလောက်ကားစီးလိုက်ရင် ရောက်ပါတယ်။ မြန်မာအများစုက Shopping အတွက်ပဲ။ လေကြောင်းလိုင်းကလည်း စျေးသက်သက်သာသာနဲ့ ပြေးဆွဲမယ်ဆိုရင် ခရီးစဥ် အသစ်အနေနဲ့ သွားရောက်လည်ပတ်မယ့်ခရီးသွားတွေများမယ်လို့ ထင်ပါတယ်”ဟု ပြည်တွင်း ခရီးသွား ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦး က သူ၏ အ​​မြင်ကို Travelling သို့ ပြောသည်။

Photo SanYu

သဘာဝ တာတောင်ရှုခင်းများနှင့် တွဲဖက်ထားသည့် အပန်းဖြေစခန်းများကို ဝင်ငွေခွန် စတင် ကောက်

Travelling Journal

သဘာဝ တောတောင်ရှုခင်းကြည့်များနှင့် တွဲဖက်ကာ ဓာတ်ပုံရှုခင်း ကြည့်ကွက်များဖြင့် ဖန်တီးထားသောရှမ်းပြည်နယ် အတွင်းရှိ အပန်းဖြေစခန်း တစ်ချို့ကို ဝင်ငွေခွန် စတင်ကောက်ခံနေကြောင်း သိရသည်။

အဆုိပါ အပန်းဖြေစခန်းအများစုမှာ ရှမ်းပြည်နယ်တွင် အများဆုံးရှိပြီး အထင်ကရ နေရာများဖြစ်သည့် ဓာတ်ပုံရှူခင်းများကို ဖန်တီးဆွဲဆောင်နိုင်သော ကလောမြို့၊ ရွာငံမြို့ နှင့် ရှမ်းရှေ့၊ ရှမ်းမြောက် တို့တွင် အများဆုံး ရှိကြောင်းသိရသည်။

ကလောမြို့အနီး ရေယောင်းမရွာကို အခြေပြုပြီးဖွင့်လှစ်ထားသည့် သီရိစန္ဒာ ဓာတ်ပုံ ရှူခင်း အပန်းဖြေစခန်းကလည်း ယခုနှစ် ၂၀၂၂ -၂၀၂၃ ခုနှစ် အပန်းဖြေစခန်း၏ ဝင်ငွေခွန်ကို စတင် ပေးဆောင်ခဲ့ရကြောင်းသိရသည်။

“ကျွန်တော်တို့ကိုလည်း နို့တစ်စာပို့လာတယ်။ ကျွန်တော်တို့ဆီ ပို့လာတာက တခြားအပန်းဖြေစခန်းတွေထက် အကြောင်းအရာချင်း ကောက်ခံပုံခြင်းမတူဘူး။ များနေတယ်။ အခုတော့ မဆောင်ရသေးပါဘူး။ ကျွန်တော်တို့ရဲ့ရှယ်ယာရှင်တွေကိုတော့ ပြောထားပါတယ်”ဟု ရှန်ဘာလာ ကလော ရေယောင်းမ View Point မှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

ရွာငံမြို့ ရှိ မြင်းမူကုန်း View Point တာဝန်ရှိသူကလည်း ယခုနှစ်တွင် ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ နည်းပါးသွားပြီး ယခုကဲ့သို့ ဝင်ငွေခွန်ကောက်ခံခြင်းစာလည်း မရောက်လာခဲ့ကြောင်း ဆိုသည်။

“နိုင်ငံရေးအခြေအနေ ပေါ်မူတည်ပြီး သိပ်မလာတော့ဘူး။ လူကလည်း သိပ်မရတော့ ဒီတိုင်းပဲထားထားရတယ် “ဟု မြင်းမူကုန်း View Point မှ တာဝန်ရှိသူက Travelling သို့ပြောသည်။

အပန်းဖြေစခန်းများ၏ ဝင်ကြေးမှာ တစ်ဦးလျှင် ကျပ်တစ်ထောင်နှင့် တစ်ထောင်​ကျော်ဝန်းကျင်ဖြစ်ပြီး နေ့စဥ်လာရောက်မှုမှာ နည်းပါးလေ့ရှိကာ ပွဲတော်ရက် ကာလများတွင်သာ လူဥ​ီးရေ( ၅၀၀) မှ (၁၀၀၀)ကြားလောက်ထိသာ လာရောက်ကြကြောင်းသိရသည်။

Photo ရှမ်းပြည်နယ်အတွင်းရှိ Viewpoint တချို့ကိုတွေ့ရစဥ်။Credit