လက်ခုပ်ကုန်းဟိုတယ်အား တိုင်းရင်းသားလုပ်ငန်းရှင်တစ်ဦးမှ နှစ်(၃၀) လုပ်ကိုင်ခွင့်ရရှိ

#Travelling Journal

ရန်ကုန်တိုင်းဒေသကြီး၊ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပိုင် လက်ခုပ်ကုန်းဟိုတယ်အား တိုင်းရင်းသားလုပ်ငန်းရှင်တစ်ဦးမှ ကနဦးနှစ်(၃၀) လုပ်ကိုင်ခွင့်ရရှိထားကြောင်း အဆိုပါဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

လက်ရှိတွင် အဆိုပါဟိုတယ်စီမံကိန်းဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာနမှတဆင့် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်သို့တင်ပြထားကြောင်း ယင်းကော်မရှင် မှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

“လိုအပ်ချက်လေးတွေရှိနေလို့ ပြန်ပို့ပေးထားတယ်။
ကျွန်မတို့ဆီကို နိုင်ငံပိုင်ဟိုတယ်တွေကတော့
လာတင်ပါတယ်။ လက်ခုပ်ကုန်းက နှစ်(၃၀) ရင်းနှီးမြုပ်နှံခွင့်ပါ။ တခြားသီးသန့်အနေနဲ့ကတော့မရှိသေးပါဘူး “ဟု မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် မှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

အဆိုပါငှားရမ်းခအနေဖြင့်နိုင်ငံတော်သို့ လုပ်ငန်းရှင်မှ တစ်နှစ်လျှင် ကျပ်သိန်း(၃၀၀) ပေးဆောင်ရပြီး တစ်နှစ်စာ ကြိုတင်ပေးသွင်းရကြောင်းသိရသည်။

“တိုင်းအစိုးရကလုပ်နေတဲ့ဆယ်အိမ်တန်းကမ်းခြေနဲ့ တဆက်တည်းဖြစ်သွားမှာပါ။ ပင်လယ်ကမ်းခြေခရီးသွားလုပ်ငန်းကိုပြန်လည်ဖွံ့ဖြိုးလာအောင် ဆောင်ရွက် လုပ်ကိုင်တဲ့သဘောပါ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက တင်ဒါစနစ်နဲ့ရရှိထားတာပါ “ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက Travelling သို့ပြောသည်။

မြေဧက ၂၈.၃၂ ဧက ကျယ်ဝန်းရှိသည့် အကျယ်တွင် ဘန်ဂလိုပုံစံ တည်ဆောက်သွားမည်ဖြစ်ပြီး အခန်း(၈၀) နီးပါးပါဝင်ကာ တည်ဆောက်ရေးကာလကို သုံးနှစ်သတ်မှတ်ထားကြောင်းသိရပြီး ရင်းနှီးမြုပ်နှံမှု ကနဦးသန်း (၅၀၀၀) သတ်မှတ်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

#Travelling Journal
#News
#Photo-Internet

ငလျင်ဒဏ်ထိခဲ့သည့် မန္တလေးရှိ Ritz Grand Hotel ကို အင်ဂျင်နီယာလေးဖွဲ့ စစ်ဆေးချက်အရအဓိက Structural members မထိခိုက်ပဲအလှအုတ်နံရံများသာ ထိခိုက်ခဲ့ဟု ဆို

#Travelling Journal

ငလျင်ဒဏ်ထိခဲ့သည့် မန္တလေးရှိ Ritz Grand Hotel ကို အင်ဂျင်နီယာလေးဖွဲ့ မှ လာရောက်စစ်ဆေးခဲ့ပြီး ဟိုတယ်ကို ငလျင်ဒဏ်ခံနိုင်သည့် Special Moment Resisting Frame ဖြင့် တည်ဆောက်ထားသည့်အတွက် အဓိက Structural members မထိခိုက်ပဲအလှအုတ်နံရံများသာ ထိခိုက်ခဲ့ကြောင်း ဟိုတယ်၏တာဝန်ရှိသူက Travelling သို့ပြောသည်။

လက်ရှိစစ်ဆေးချက်များအရ ငလျင်ဒဏ်ထိခဲ့သည့် အဆိုပါဟိုတယ်၏ ဒုတိယထပ် မှ ခြောက်ထပ်အလွှာများရှိ အလှဆင်ကာရံထားသော အုတ်ဖောင်းလိုင်းအစိတ်အပိုင်းအချို့ကွဲအက်ကွာကျခြင်းများနှင့်ရေပိုက်လိုင်းအချို့ပြုတ်ထွက်ခဲ့​ခြင်းသာဖြစ်ခဲ့သည်ဟု အဆိုပါ ဟိုတယ်ကိုငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦဒီဇိုင်းပုံစံထုတ်လုပ်ပေးခဲ့သည့် PE အင်ဂျင်နီယာဦးခင်မောင်ဇော် က Travelling သို့ပြောသည်။

” အဆောက်အဦမှာ Structural members နဲ့ Non Structural members ဆိုပြီး နှစ်ခုခွဲထားပါတယ်။ S.M မှာက အဓိက foundation၊ အဓိကပင်မထုတ်များ၊ စလက်ပြင် တို့က အဓိကကျတဲ့ members တွေပါ။ အဲဒါတွေမဖြစ်ရင် အဆောက်အဦက ပြိုစရာမရှိဘူး။ လူအသက်အန္တရယ်ထိခိုက်တာမရှိဘူး။ စစ်ဆေးခဲ့တော့ Non Structural members တွေဖြစ်တဲ့ အုတ်ရိုးတွေ အလှထုတ်တာတွေကတော့ကွဲတာပဲ့ကျိုးတာအပြင်နံရံတွေထိတာတွေ့ရတယ်။ အခုမြင်တွေ့ရတာတွေက အပြင်ဘက်အလှထုတ်ထားတဲ့ နံရံတွေက ကွဲအက်ပြုတ်ကျတာဖြစ်ပါတယ်။ ပင်မအဆောက်အဦက တိမ်းစောင်းခြင်း ၊
နိမ့်ကျခြင်း မရှိခဲ့ပါဘူး။အဆောက်အဦက မတ်မတ်ပဲရှိတယ် “ဟု ဟိုတယ်အားစစ်ဆေးခဲ့သည့် အင်ဂျင်နီယာ ဦးခင်မောင်ဇော်က Travelling သို့ ပြောသည်။

အဆိုပါဟိုတယ်သို့ PE အင်ဂျင်နီယာဦးခင်မောင်ဇော်အဖွဲ့ ၊ PE အင်ဂျင်နီယာဒေါက်တာလှမျိုးအောင်အဖွဲ့နှင့် ဟိုတယ်ခရီးမှ အင်ဂျင်နီယာအဖွဲ့များအပြင် ဟိုတယ်၏ သက်ဆိုင်ရာအင်ဂျင်နီယာအဖွဲဲ့များမှ လာရောက်စစ်ဆေးခဲ့ပြီး ယင်းအဖွဲ့များ၏ သဘောထားမှတ်ချက်များမှာ အဓိကပင်မတိုင်များ၊ အဓိကပင်မထုတ်များ၊ စလက်ပြင်များထိခိုက်မှုမရှိပဲ Non Structural members ဖြစ်သည့် အလှထုတ်ထားသည့် အုတ်နံရံ အများစုပျက်စီးသာ ပျက်စီးခဲ့ပြီး အလတ်စားပြင်ဆင်မှုပြုလုပ်ပြီးမှ သာ ဆက်လက် အသုံးပြုရန် မှတ်ချက်များ ပေးထားခဲ့ကြောင်း သိရသည်။

ယင်းဟိုတယ်ကို ၂၀၁၅ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ် ခဲ့ပြီးငလျင်ဒဏ် ခံနိုင်အောင် အဆောက်အဦကို တည်ဆောက်ခဲ့ကြောင်း သိရသည်။

#Travelling Journal
#News
ပုံ-စာ ဇွန်လဆန်းပိုင်းက မြင်တွေ့ရသည့် Ritz Grand Hotel Mandalay ဟိုတယ်၏ မြင်ကွင်းကိုတွေ့ရစဥ်။

ငလျင်ဒဏ်ထိဟိုတယ်များကို ချေးငွေပေးရန် စာရင်း​​ကောက်ယူနေ

#Travelling Journal

ပြီးခဲ့သည့် မတ်လ(၂၈) ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့်
ထိခိုက်ပျက်စီးခဲ့ရသည့် ဟိုတယ်များကို ချေးငွေပေးရန် စာရင်းများကောက်ယူနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(MHA ) မှ တာဝန်ရှိသူက Travelling သို့ပြောသည်။

” အခုတော့ ငလျင်ထိတဲ့ ဟိုတယ်တွေကို ချေးငွေပေးဖို့ စာရင်းတွေ ကောက်ယူနေပါပြီ။ တိုင်းဒေသကြီးအလိုက် ချေးငွေပေးမှာဖြစ်ပါတယ်။ ဒါ့ပြင်
ကျွန်တော်တို့ အသင်းကိုလည်းသက်ဆိုင်ရာဇုန်အလိုက်က လာတင်ပြရင်လည်း ထောက်ခံပေးပြီး
ဝန်ကြီးဌာနကို ဆက်လက်တင်ပြပေးသွားပါမယ်။ ဝန် ကြီးဌာနကလည်း သက်ဆိုင်ရာတိုင်းဒေသကြီးဆီ ပို့ပေးသွားမှာပါ”ဟု မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(MHA ) မှအထွေထွေအတွင်းရေးမှူး ဦးနေအောင်ကိုက Travelling သို့ ပြောသည်။

အဆိုပါ ငလျင်ဒဏ်ထိသွားခဲ့သည့် နေပြည်တော်
မန္တလေးနှင် စစ်ကိုင်းမြို့များရှိ ဟိုတယ်ပိုင်ရှင်များမှ မိမိတို့၏ဟိုတယ်များကို ဆောက်လုပ်ပေးထားသည့် အင်ဂျင်နီယာများမှ စစ်ဆေးပေးမှုအပေါ် အရောင်အဆင့်ခွဲခြားပြီး ချေးငွေများကို တိုင်းဒေသကြီးအလိုက် ထုတ်ပေးသွားရန် စီစဥ်ထားကြောင်းသိရသည်။

“တစ်ချို့က ပြန်ဆောက်ဖို့ဘိလပ်မြေ လိုရင်လည်းဘိလပ်​မြေအိတ်ရရှိအောင် ဆောင်ရွက်ပေးရင်
ပိုကောင်းမယ်။ ချေးငွေဆိုလည်း ချေးငွေရအောင် နိုင်ငံ တော်က ထိထိမိမိလေးကူညီပံ့ပိုးပေးရင်ပိုကောင်းတာပေါ့ “ဟု ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက Travelling သို့ပြောသည်။

အဆိုပါချေး​ငွေ၏ အတိုးနှုန်းကို ကိုဗစ်ကာလကထုတ်ချေးပေးခဲ့သည့်အတိုးနှုန်းထက် သိပ်မများလှသည့် အတိုးနှုန်းဖြင့်ချေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မတ် ၂၈ ရက် က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သောကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်တို့တွင် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

#Travelling Journal
#News
#Photo-Internet
ပုံ-စာ ငလျင်ကြောင့်ထိခိုက်ခဲ့ရသည့်ဟိုတယ်တစ်လုံးကိုတွေ့ရစဥ်။

မီးအာမခံအပြင် ငလျင်အာမခံ ဝယ်ယူခဲ့သည့် Hotel Mandalay ကို မြန်မာ့အာမခံက လျော်ကြေးငွေ ကျပ်သိန်းပေါင်း (၁၇၀၀၀)ကျော် ပေးအပ်ခဲ့

#Travelling Journal

မီးအာမခံအပြင် ငလျင်အာမခံပါ ဝယ်ယူခဲ့သည့် မန္တလေးအခြေစိုက်ဟိုတယ်တစ်ခုဖြစ်သည့် Hotel Mandalay ကို မြန်မာ့အာမခံက လျော်ကြေးငွေ စုစုပေါင်းကျပ်သိန်းပေါင်း (၁၇၀၀၀) ကျော်ပေးအပ်ခဲ့ကြောင်း မြန်မာ့အာမခံမှတာဝန်ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

အဆိုပါဟိုတယ်သည် မီးအာမခံအပြင်အပိုကာကွယ် (၁၁)မျိုးထဲမှ ငလျင်အာမခံ၊လေမုန်တိုင်းအာမခံ နှင့် ရေကြီးရေလျှံအာမခံ သုံးမျိုးကို ထပ်မံဝယ်ယူခဲ့ခြင်းကြောင့် ယခုကဲ့သို့လျော်ကြေး ငွေပေးအပ်ခဲ့ကြောင်း မြန်မာ့အာမခံမှတာဝန်ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

“ဟိုတယ်မန္တလေးကတော့မြေပိုင်ရှင်ကသပ်သပ်နဲ့အငှားကသပ်သပ်ဖြစ်မယ်။တစ်ဦးချင်းစီကနေ ထားထားတဲ့ အာမခံအတွက် အခုလိုမျိုးလျော်ကြေးပေးအပ်ခဲ့တာ “ဟု မြန်မာ့အာမခံမှတာဝန်ရှိသူတစ်ဦးက Travelling သို့ပြောသည်။

မတ်လ၂၈ ရက်က အင်အားပြင်းထန်သော
မြေငလျင်လှုပ်ခတ်မှုကြောင့် တစ်စိတ်တစ်ဒေသ ပျက်စီးဆုံးရှုံးမှုအတွက် မြန်မာ့အာမခံလုပ်ငန်းတွင် မီးအာမခံနှင့်အတူ မြေငလျင်အကာအကွယ်ယူ၍ အာမခံထားရှိသော ဦးသောင်းထိုက်မင်း (Hotel Mandalay)(ပိုင်)အဆောက်အဦအတွက် လျော်ကြေးငွေ ကျပ် (၂,၃၂၈.၂၄)သိန်း၊ မီးအာမခံနှင့်အတူ မြေငလျင်အကာအကွယ်ယူ၍ အာမခံထားရှိသော AK Construction & Industry Co.,Ltd (ပိုင်) အဆောက်အဦအတွက် တစ်စိတ်တစ်ဒေသ ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးငွေ ကျပ် (၃,၀၉၈.၆၇) သိန်း၊မီးအာမခံနှင့်အတူ မြေငလျင်အကာအကွယ်ယူ၍ အာမခံထားရှိသော ဦးအေးကို၊ ဦးစိုင်းအောင်ကြီး (Hotel Mandalay) (ပိုင်) အဆောက်အဦအတွက် လျော်ကြေးငွေ ကျပ် (၁၂,၄၁၇.၇၆ )သိန်းတို့ကို အသီးသီးလျော်ကြေးငွေကို မေလ ၃၀ ရက်က ပေးအပ်ခဲ့ကြောင်းသိရသည် ။

#Travelling Journal
#News
#Photo-Myanmainsurance-fb

မင်းကျန်စစ်ခရီးသွားကုမ္ပဏီနှင့် မဟာဘောဂငွေကြေးကုမ္ပဏီတို့ ပူးပေါင်းပြီး အရစ်ကျစနစ်ဖြင့် ခရီးသွားနိုင်ရန် စီစဥ်

#Travelling Journal

ပြည်တွင်းအခြေစိုက်ခရီးသွားကုမ္ပဏီတစ်ခုဖြစ်
သည့် မင်းကျန်စစ်ခရီးသွားကုမ္ပဏီနှင့် မဟာဘောဂငွေကြေးကုမ္ပဏီတို့ ပူးပေါင်းပြီး အရစ်ကျစနစ်ဖြင့်ခရီးသွားနိုင်ရန် MOU ရေးထိုးခဲ့ကြောင်း အဆိုပါ ခရီးသွားကုမ္ပဏီမှတာဝန်ရှိသူက Travelling သို့ပြောသည်။

အရစ်ကျစနစ်ဖြင့် ခရီးသွားချင်သူများအတွက်
လိုအပ်ချက်အနေဖြင့် မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူနှင့် အလုပ်အကိုင်ဖော်ပြပေးရမည်ဖြစ်ကြောင်းသိရသည်။

” ခရီးစဥ်တစ်ခုကို သိန်း(၅၀) အထက်ဆိုရင် ပိုင်ဆိုင်မှုပြပေးရမယ်။သိန်း(၅၀)အောက်ဆိုရင်တော့ ပြစရာမလိုဘူး။အစ်မတို့ရဲ့ခရီးစဥ်ပြပေးရမယ်။ ငွေကတော့အစ်မတို့ဘက်ကသွင်းမှာ။ခရီးသွားမဲ့သူကတော့ ငွေကြေးကုမ္ပဏီကို အရစ်ကျသွင်းပေးရမှာဖြစ်ပါတယ်။ အခုလိုစီစဥ်ရတာကလည်း အစ်မတို့ Customer တွေခရီးတွေ သွားနိုင်အောင် စီစဥ်ပေးတာဖြစ်ပါတယ် “ဟု Min Kyan Sit Travel & Tours မှ ဒေါ်ဝါဝါလှမြင့်က Travelling သို့ပြောသည်။

အရစ်ကျအနေဖြင့် ၆ လ မှ ၁၂ လထိ ပေးသွင်းနိုင်ပြီးအတိုးနှုန်း ၃ ရာခိုင်နှုန်း နှင့် ဝန်ဆောင်မှုကြေး ၇ ရာခိုင်နှုန်း​ကောက်ခံသွားမည်ဖြစ်ကာ မည်သည့်နိုင်ငံမဆို Travel loan ချေးငွေရယူနို​င်မည်ဖြစ်ကြောင်းသိရသည်။

“အတိုးနှုန်းကတော့ ၃ ရာခိုင်နှုန်းနဲ့ Service ကြေးကတော့ ၇ ရာခိုင်နှုန်း ကောက်ပါတယ်။ အစ်မတို့ကတော့လစဥ်ခရီးထွက်ပါတယ်။ မိသားစု၊ ဒါမှမဟုတ် မိဘတွေကို ဂါယာဘုရားဖူးပို့ပေးချင်လည်း ချေးငွေစနစ်နဲ့ပို့ပေးလို့ရပါတယ်။ ဂါယာဆိုရင် ၁၀ လပိုင်း ကနေ ၄ လပိုင်းထိ ခရီးစဥ်စပါတယ် “ဟု Min Kyan Sit Travel & Tours မှ ဒေါ်ဝါဝါလှမြင့်က Travelling သို့ ပြောသည်။

အဆိုပါ ခရီးသွားကုမ္ပဏီသည် ၂၀၁၃ ခုနှစ်မှ စတင်တည်ထောင်ပြီး လက်ရှိတွင် (၁၂)နှစ် သက်တမ်းရှိပြီ ဖြစ်ကြောင်းသိရသည်။

#Travelling Journal
#News
#Travel Loan