ထိုင်းနိုင်ငံမှ စမ်းသပ်စိုက်ပျိုးသည့် ပင်လောင်းမြို့က လာဗန်ဒါ(Lavender) ပန်းခင်းသို့ ခရီးသွားဧည့်သည် နေ့ဥ်(၃၀၀)ကျော် လာရောက်လည်ပတ်နေ

#TravellingJournal

နတ်ဖွက်ထားသောမြို့လေးအဖြစ် တင်စားခံထားရပြီး အေးချမ်းသာယာလှပသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့၊ နောင်တရားမြို့နယ်၊ ဘုရားဖြူရွာအနီး Photo Sightseeing Tour တစ်ခုဖြစ်လာသည့် လာဗန်ဒါ ပန်းခင်းသို့(Lavender) ခရီးသွားဧည့်သည် နေ့စဥ်( ၃၀၀) ကျော် လာရောက်​လည်ပတ်နေကြောင်း ပင်လောင်းဒေသခံများက Travelling သို့ ပြောသည်။

“ပိတ်ရက်ဆိုရင် တစ်နေ့တည်းကို ဧည့်သည် (၅၀၀)ကျော်နဲ့ ကြားရက်ဆိုရင် ဧည့်သည် (၃၀၀) ဝန်းကျင်လောက်လာတယ်။တောင်ကြီးဘက်က အများဆုံးလာကြတယ်။ ကလောဘက်ကလည်း လာပါတယ်” ဟု ဒေသခံ ဦးခွန်လွန်းစိန်က Travelling သို့ ပြောသည်။

အဆိုပါ လာဗန်ဒါပန်းခင်းသို့ တောင်ကြီးဘက်မှ လာရောက်မည်ဆိုပါက တောင်ကြီး – အောင်ပန်း -နောင်တရားအတိုင်း လာရောက်ပြီး ပင်လောင်းမြို့မဝင်ခင် နောင်တရားမြို့ အကျော် ဥာဏ်ပင်ရွာလမ်းခွဲမှ ဝင်ရောက်ပြီး ထိုမှတဆင့် ဆောင်ဖုဲင်ဒုံရွာကျော်ပါက ဘုရား ဖြူရွာသို့ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ကလောဘက်မှ လာရောက်မည်ဆိုပါက ကလော -တီကျစ် -နောင်တရားအတိုင်း လာရောက်နိုင်ကြောင်း သိရသည်။

အဆိုပါပန်းခင်းကို ထိုင်းနိုင်ငံ မယ်ဖာ့လုံံစီမံချက်မှ စမ်းသပ်စိုက်ပျိုးထားသည့် လာဗန်ဒါ ပန်းခင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မယ်ဖာ့လုံံ စီမံကိန်းကို လွန်ခဲ့သည့် ငါးနှစ်ကျော်လောက်က ပင်လောင်းမြို့၏ မြေ အနေအထား ရာသီဥတုပေါ် မူတည်ပြီး ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ၊ ကော်ဖီနှင့် အခြားသီးနှံများအပြင် မွေးမြူရေးလုပ်ငန်းတွေပါ စမ်းသပ်လုပ်ကိုင်နေသည့် စီမံချက်ဖြစ်ကြောင်း အမေးဇင်းပင်လောင်းခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ ဒေသခံ ဦးခွန်လွန်းစိန်က Travelling သို့ ပြောသည်။

” ဒီ လာဗန်ဒါ ပန်းခင်းက ထိုင်းဘုရင်ရဲ့သမီးတော် ပရော့ဂျက်ဖြစ်တယ်လို့ ကျွန်တော်တို့ သိရတယ်။ဒီနှစ်မိုးတွင်းမှာ စမ်းသပ်စိုက်ပျိုးတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒေသခံတစ်ချို့ကို ထိုင်းကို စေလွှတ်တယ်။ နည်းပညာတွေသင်ပေးတယ်။ ပြီးတော့ ဒီမှာပြန်ပြီးတာဝန်ပေးတယ်။ လက်ရှိ လာဗန်ဒါပန်းခင်းမှာ တာဝန်ကျတာက ဒေသခံ ငါးဦး ရှိပါတယ် ” ဟု ဒေသခံ ဥဦးခွန်လွန်းစိန် က Travelling သို့ပြောသည်။

အဆိုပါ လာဗန်ဒါ ပန်းခင်းတောကို လက်ရှိတွင် စမ်းသပ်စိုက်ပျိုးထားသည့် ဧက( ၇) ခန့်ရှိပြီး လက်ရှိအချိန်ထိဝင်ကြေး သတ်မှတ်ထားခြင်းမရှိသးကြောင်း လာရောက်လည်ပတ်သည့် ဧည့်သည်ကားများ အဆင်ပြေစေရန် ကားပါကင် ပြုလုပ်ပေးထားသလို စျေးဆိုင်သုံးဆိုင်လည်းရှိကြောင်း သိရသည်။

” ပင်လောင်းမြို့မှာ အထူးခြားဆုံးလည်း​ဖြစ်တော့ဒီဇင်ဘာ ၁၆ ရက်က သွားရောက်လည်ပတ်ခဲ့ပါတယ်။ ကျွန်တော်တို့ မြို့မှာ လာဗန်ဒါ ပန်းခင်းတောကို တွေ့ရတဲ့ ခံစားချက်ကတော့ ဝမ်းသာတာပေါ့ဗျာ။ ကျွန်တော်တို့ က ရှုခင်းဓာတ်ပုံရိုက်တဲ့သူတွေဆိုတော့ ဓာတ်ပုံ ရိုက်တဲ့ ခရီးသွားဧည့်သည်တွေအတွက် ပိုပြီး စိတ်ကျေနပ်မှုရစေမှာ​ဖြစ်ပါတယ် ” ဟု ပင်လောင်းဒေသခံ ဦးဟိန်းထက်ကျော် က Travelling သို့ ပြောသည်။

#Photo Heinn Htet Kyaw /Amazing Pinlaung
ပုံ-စာ ဒီဇင်ဘာ ၁၆ ရက်က ပင်လောင်းမြို့၏ လာဗန်ဒါပန်းခင်းသို့ လာရောက်လည်ပတ်နေကြသည့် ခရီးသွားများကို တွေ့ရစဥ်။

တောင်ကြီးမြို့ရှိ အထင်ကရဇော်ဂျီပန်းခြံကို ရောင်းချမည်

#TravellingJournal

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့ရှိ ဓာတ်ပုံရှုခင်းကြည့်ကွက်များဖြင့် ဆွဲဆောင်ဖန်တီးထားသည့် ဇော်ဂျီပန်းခြံကို ရောင်းချတော့မည်ဖြစ်ကြောင်း ဇော်ဂျီပန်းခြံ၏ တာဝန်ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

အဆိုပါပန်းခြံကို ယခင်ကတောင်ကြီးမြို့အမျိုးသားဉယျာဥ် (National Park)အဆင့်မှီ ဖြစ်အောင် အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်သော်လည်း လက်ရှိအခြေအနေများတွင် ပန်းခြံအား ထိန်းသိမ်းရန်ခက်ခဲသလို အိမ်ရာမဲ့သူတစ်ချို့မှလည်း ကျူးကျော်ဝင်ရောက်မှုများရှိလာခြင်းကြောင့် ပြန်လည် ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

” လမ်းလုပ်တဲ့သူ / အိမ်ရာမဲ့ စသဖြင့်ပေါ့။
ပြောလိုက်ရင်တော့ ဖယ်ပေးပါတယ်။ အခုရောင်းမှာကလည်း ပန်းခြံမှာ အမှတ်တရရုပ်ထုရှိနေတဲ့( ၇)ဧကကို ချန်ပြီး ရောင်းမှာပါ ။ အခု ပေါက်စျေးထက် အနည်းငယ်လျှော့ပြီးရောင်းပါမယ်။ လက်ရှိမှာတော့ ပန်းခြံကို ပိတ်ထားပါတယ် “ဟု ဇော်ဂျီပန်းခြံ ၏ တာဝန်ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

အဆိုပါ ဇော်ဂျီပန်းခြံကို သဘာဝတောတောင်ရှုခင်းကြည့်များနှင့်တွဲဖက်ကာ ဓာတ်ပုံရှုခင်းကြည့်ကွက်များဖြင့် ဖန်တီးပုံဖော်ထားပြီး တောင်ကြီးမြို့၏ ဓာတ်ပုံရိုက်ကူးရန် အကောင်းဆုံးနေရာတစ်ခုဖြစ်ကြောင်း အဆိုပါပန်းခြံကို (၃၇)ဧကလုံး ဝယ်မှသာ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ဇော်ဂျီပန်းခြံသို့ တောင်ကြီးမြို့မှ သွားရောက်မည်ဆိုပါက မိနစ်(၂၀ )ခန့်သွားရောက်ရုံမျှဖြင့် ရောက်ရှိနိုင်သလို အဝေရာမီးပုံပျံကွင်းမှ ဆိုပါက( ၁၀ )မိနစ် ဝန်းကျင်ခန့် သွားရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထင်းရှုးပင်အပင်တစ်သိန်းကျော် စိုက်ပျိုးထားသလို စိန်ပန်းနီပင်၊စိန်ပန်းပြာ၊ငုချယ်ရီပင်နှင့် အစိမ်းရောင်ပန်းပင်များအပြင် သစ်ပင် အပင်ကြီးများကိုလည်း စိုက်ပျိုးထားကာ အပင်ပေါင်း (၆) သိန်းကျော် စိုက်ပျိုးထားပြီးဖြစ်ကြောင်းသိရသည်။

Photo-Zawgyi garden

ဟိုတယ်အသင်း(ဗဟို)ဥက္ကဋ္ဌရာထူးအတွက် ပုဂံဇုန်နှင့်ရန်ကုန်ဇုန်မှ နှစ်ဦးဝင်ရောက် ယှဥ်ပြိုင်ခဲ့ရာ ရန်ကုန်ဇုန်မှ ဥက္ကဋ္ဌ နေရာ ရွေးချယ်ခံရ

#TravellingJournal

နှစ်ပေါင်း (၂၂)နှစ်ကျော် သက်တမ်းကာလရှိသည့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ဗဟို)၏ နဝမ အကြိမ်မြောက်အလုပ်အမှုဆောင်ရွေးချယ်ပွဲတွင် ဟိုတယ်အသင်းဥက္ကဋ္ဌရာထူးအတွက် ပုဂံဇုန်နှင့်ရန်ကုန်ဇုန်မ ဥက္ကဋ္ဌလောင်း နှစ်ဦး ဝင်ရောက်ရွေးချယ် ယှဥ်ပြိုင်ခဲ့ရာ ရန်ကုန်ဇုန်မှ ဥက္ကဋ္ဌနေရာ ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

ဒီဇင်ဘာ (၁၄) ရက်တွင် Novotel ဟိုတယ် ၌
အဆိုပါ အသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် ဦးအောင်မိုးကြည်(ပုဂံဇုန်)နှင့် ဦးသိန်းဝင်း(ရန်ကုန်ဇုန် ) တို့က ဝင်ရောက်ရွေးချယ်ယှဥ်ပြိုင်ခဲ့ရာ
မဲပေးခွင့်ရှိသူ ဇုန်(၂၁) ဇုန်မှ MHA EC များမှ
E-Voting စနစ်ဖြင့် မဲရွေးချယ်ပေးခဲ့ပြီး ရန်ကုန်ဇုန်မှ ဦးသိန်းဝင်းက ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရကြောင်းသိရသည်။

ထို့နောက် ဒု-ဥက္ကဋ္ဌများအဖြစ် ဦးထွန်းလင်းသောင်း ဒု-ဥက္ကဋ္ဌ (၁) ၊ ဒေါက်တာကျော်မင်းထွန်း ဒု-ဥက္ကဋ္ဌ (၂)၊ ဦးမျိုးမင်းဇော် ဒု-ဥက္ကဋ္ဌ (၃)၊ ဦးဇော်ထိုက်အေး ဒု-ဥက္ကဋ္ဌ (၄)၊ ဦးသန်းထွဋ် ဒု-ဥက္ကဋ္ဌ (၅) ၊ ဦးနေအောင်ကို အထွေထွေအတွင်းရေးမှုူး၊ ဦးသိန်း​အုပ်အောင်ပိုင် တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ၊ ဦးကျော်ညီညီလတ် တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ၊ ဦးမျိုးမင်းအောင်ကျော် တွဲဖက်အထွေထွေ အတွင်းရေးမှူး (၃) ၊ ဦးကျော်နန္ဒမောင် တွဲဖက်အထွေထွေ အတွင်းရေးမှူး (၄) ၊ ဦးသီဟအောင် ဘဏ္ဍာရေးမှူး ၊ ဦးအောင်သန်း ဘဏ္ဍာရေးမှူး (၁) ၊ ဒေါ်ယုလဲ့အောင် တွဲဖက် ဘဏ္ဍာရေးမှူး (၂) ၊ ဦး ချမ်းမင်းဦး တွဲဖက် ဘဏ္ဍာရေးမှူး (၃) ၊ ဦးသန်းဦး စာရင်းစစ်၊ ဦးသန်းရွှေ တွဲဖက်စာရင်းစစ် (၁) ၊ ဒေါ်ကေသီနိုင် တွဲဖက်စာရင်းစစ်(၂)၊ ဦးသန့်နိုင်ထွန်း တွဲဖက်စာရင်းစစ် (၃) တို့အား အသီးသီးရွေးချယ် တင်မြှောက်ခဲ့ကြောင်းသိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၌ ပြည်နယ်နှင့်တိုင်း အားလုံးမှ ဟိုတယ်လုပ်ငန်းရှင် အသင်းဝင်ပေါင်း ဟိုတယ်(၁၉၃၅) လုံး ဝင်ရောက်ထားရှိကြောင်း သိရသည်။

ပုံ-စာ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ဗဟို)ဥက္ကဋ္ဌ ရွေးချယ်ပေးနေသည့်မြင်ကွင်းများကို တွေ့ရစဥ်။

ကျိုင်းတုံမြို့ရှိ ဝေးလံခက်ခဲလွန်းသည့်အဲန်တိုင်းရင်းသားများရွာသို့ (၁၁ )ကြိမ်မြောက်ပရဟိတအလှူလုပ်အားပေး သွားရောက်မည်

#TravellingJournal

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကျိုင်းတုံမြို့ရှိ ဝေးလံခက်ခဲလွန်းသည့် အဲန်တိုင်းရင်းသားများ နေထိုင်ကြသည့် ဝမ်နောင်၊ တင်ထပ်၊ ဝမ်ခါး ရွာသုံးရွာသို့ (၁၁ )ကြိမ်မြောက် ကွင်းဆင်းပြီး ပရဟိတအလှူလုပ်အားပေး သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ယခင်က ဒီဇင်ဘာ (၇) ရက်နှင့် (၈) ရက်တွင် သွားရောက်ရန် စီစဥ်ထားသော်လည်း မိုးရွာနေသောကြောင့် လာမည့်ဇန်နဝါရီလ ပထမပတ်အတွင်းသွားရောက်ရန် စီစဥ်ထားကြောင်း အဆိုပါရွာများသို့ ပရဟိတသွားရောက်လုပ်အားပေးနေသည့် ကျိုင်းတုံဒေသခံ ဒေါက်တာနန်းမားလားဝမ်းက Travelling သို့ ပြောသည်။

” အခု ရွာတွေက (၁၁) ကြိမ်မြောက်သွားရောက်မှာဖြစ်ပါတယ်။ အဲန်တိုင်းရင်းသားတို့ရဲ့ ဌာနေ တကယ့်ကို Hard to Reach တောင်ပေါ်ဒေသ တွေဆီကိုသွားရောက်မှာဖြစ်ပါတယ်။ ဆေးကုသပေးမယ်။ ကလေးတွေကို သန်ချဆေးတိုက်မယ်။စားသောက်ကုန်တွေ လှူပေးမယ်။ဆေးဝါးတွေပေးမယ်။ သူတို့ဝတ်ဖို့အတွက် အမဲရောင် အနွေးထည်လည်း လှူပေးဖို့ စီစဥ်ထားတယ် ” ဟု ကျိုင်းတုံဒေသခံ ဒေါက်တာနန်းမားလားဝမ်းက Travelling သို့ ပြောသည်။

လက်ရှိတွင် ကျိုင်းတုံမြို့ရှိ အဲန်တိုင်းရင်းသား များနေထိုင်သည့်ရွာ(၁၁)ရွာ ရှိပြီး ယင်း (၁၁) ရွာစလုံးသို့ သွားရောက်ကာ ကွင်းဆင်းကုသပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

“ကျိုင်းတုံမြို့နယ်ထဲမှာ အဲန်ရွာ က (၁၁ )ရွာရှိတယ်။(၁၁) ရွာလုံး ကျွန်မရောက်ဖူးတယ်။မိုင်းခတ်မြို့မှာလည်း အဲန်ရွာ က (၁၇) ရွာ နဲ့ မိုင်းဖြတ်မြို့နယ်မှာ အဲန်ရွာ က (၁၅)ရွာရှိတယ်။ လူဦးရေ များပြားပါတယ်။ ကလေးတွေက ရာနဲ့ချီရှိတယ်။ တစ်ဝတ်လောက်က တောင်ပေါ်မှာနေကြတယ်။တချို့က တောင်ခြေမှာနေကြတယ်။ဖွံ့ဖြိုးတိုးတက်တဲ့ရွာတွေကို မသွားပါဘူး။ ဝေးလံပြီး မဖွံ့ဖြိုးသေးတဲ့ရွာတွေဆီကိုပဲ သွားရောက်ပါတယ် ” ” ဟု ဒေါက်တာ နန်းမားလားဝမ်းက Travelling သို့ ပြောသည်။

ထို့ပြင် အဲန်ရွာအပြင် လားဟူရွာများသို့လည်း သွားရောက်ကုသပေးကြောင်း သိရသည်။

အဆိုပါ အဲန်ရွာကို ကျိုင်းတုံ မြို့ပေါ်မှ ဆိုင် ကယ်ဖြင့် သုံးနာရီလောက် သွားရပြီး လမ်းအကွေ့အကောက် အတက်အဆင်းများကြောင်း သိရသည်။

Photo Nang mar lar wan
အဲန် တိုင်းရင်းသားများကို တွေ့ရစဥ်။

တောင်ငူသမိုင်းနှင့် ဆက်စပ်နေသည့် ဆုပန်ကလျာမင်းသမီးအကြောင်း ဆွေးနွေးပွဲ ထိုင်းနိုင်ငံ၏ ရှေးဟောင်းမြို့ပိစနိုးလော့(Phitsanulok)မြို့တွင် ပြုလုပ်မည်

#TravellingJournal

တောင်ငူသမိုင်းနှင့် ဆက်စပ်နေသည့် ဆုပန်ကလျာမင်းသမီးအကြောင်း ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၏ ရှေးဟောင်းမြို့ ဖြစ်သည့် ပိစနိုးလော့ (Phitsanulok)မြို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ပိစနိုးလော့ (Phitsanulok)မှ ဘုရင်
ဗြမဟာဓမ္မရာဇာမင်းက တောင်ငူဘုရင် ဘုရင့်နောင်မင်းတရားကြီးကို ဆက်သသည့် သမီးတော်ဆုပန်ကလျာမင်းသမီးအကြောင်း ဆွေးနွေးပွဲကိုပိစနိုးလော့ (Phitsanulok)မြို့၌ ဒီဇင်ဘာ(၂၁) ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဘက်မှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညိုမြင့်ထွန်း ၊ ပဲခူးတိုင်းဒေသကြီး Archeoloy နှင့် ယဉ်ကျေးမှုပြန်လည်ထူထောင်ရေးအဖွဲ့ဝင် တောင်ငူသမိုင်းသုတေသီ ဒေါက်တာမြသောင်း ၊ (SEAMEO SPAFA )မှ အကြီးတန်းသုတေသနအရာရှိ ဒေါ်ဥမ္မာမျိုး​ နှင့် တောင်ငူ သမိုင်းကြောင်းကို ဖော်ထုတ်နေသည့် ပညာရှင် ဦးသန်းဝင်းတို့က ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

” ဆုပန်ကလျာအကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့သူ့အပေါ်အမြင်နဲ့ပတ်သက်ပြီး ဒီ ဆွေးနွေးပွဲမှာ ပြောသွားမှာဖြစ်ပါတယ် ဒါ့ပြင် ICH အကြောင်းပါ ထည့်ပြောသွားရမှာပါ “ဟု (SEAMEO SPAFA )မှ အကြီးတန်းသုတေသနအရာရှိ ဒေါ်ဥမ္မာမျိုး​က Travelling သို့ ပြောသည်။

ဆုပန်ကလျာမင်းသမီးသည် ထိုင်းနိုင်ငံ ပိစနိုးလော့ (Phitsanulok)မှ ဘုရင် ဗြမဟာဓမ္မရာဇာမင်း ၏ သမီးတော် ဖြစ်ပြီး တောင်ငူဘုရင် ဘုရင့်နောင်မင်းတရားကြီးကို ဆက်သသည့် သမီးတော်တစ်ပါးဖြစ်ခဲ့ကြောင်း မြန်မာ့ရာဇဝင်သမိုင်းထဲတွင် အချက်အလက်အနည်းငယ်ဖြင့် ဖော်ပြပါရှိခဲ့ကြောင်း တောင်ငူသမိုင်း သုတေသီ ဒေါက်တာမြသောင်း က Travelling သို့ ပြောသည်။

” မြန်မာ့သမိုင်းမှာတော့ရှိခဲ့တယ်။ဆုပန်ကလျာအကြောင်းအများကြီးမ​ဖော်ပြခဲ့ပေမယ့် အချက်အလက် အနည်းငယ် လောက်တော့ ပါတာကိုတွေ့ရပါတယ်။ အများအားဖြင့် ဆုပန်ကလျာအကြောင်းက ထိုင်းဘက်ကနေပဲ အများဆုံးလာကြပါတယ် ” ဟု တောင်ငူသမိုင်း သုတေသီ ဒေါက်တာမြသောင်း က Travelling သို့ ပြောသည်။

ထိုင်းနိုင်ငံဘက်မှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ လေ့လာသူများ တက်ရောက်မည်ဖြစ်ပြီးအင်ဒိုချိုင်းနားလမ်းဆုံ ဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒေါက်တာ သီရိသီဝဖန်၊ Asst. Pibulsongkram Rajabhat University
ဥက္က ဋ္ဌ ပါမောက္ခ ဒေါက်တာ Chumpol Semakan ၊Asst. ပါမောက္ခ ဒေါက်တာ Pathompong Suklek (ကထိက၊ သမိုင်းပညာရှင်၊ Pibulsongkram Rajabhat University) ၊ Assoc. Pibulsongkram Rajabhat University အနုပညာနှင့် ယဉ်ကျေးမှုရုံး ညွှန်ကြားရေးမှူး ပါမောက္ခ ဒေါက်တာ Kwanchanok Naicharoen၊ Assoc. ပါမောက္ခဒေါက်တာဝါစင် ပညဏဝတ္တကူ၊ ကထိက၊ သမိုင်းပညာရှင်၊ Naresuan University၊ ပါမောက္ခ ဒေါက်တာ Jiravat Phirasant (ဗိသုကာ၊ အနုပညာနှင့် ဒီဇိုင်းဌာန) ၊Naresuan University Phra Suphan Kanlaya သမိုင်းသုတေသီ ပါမောက္ခ Thanwadi တို့မှ တက်ရောက်မည်ဖြစ်ပြီး Phitsanulok ပြည်နယ် ယဥ်ကျေးမှု ရုံးမှ တာဝန်ရှိသူများ နှင့် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ (Phitsanulok ) မှ တာဝန်ရှိသူ များ အပါအဝင် ပန်းချီဆရာများနှင့် Phra Suphan Kanlaya သမိုင်းကို စိတ်ဝင်စားသူများ မှ တက်ရောက် ကြမည်ဖြစ်ကြောင်း သိရသည်။

” ပြီးခဲ့တဲ့နှစ်တုန်းကလည်း ကျွန်တော်တစ်ယောက်ထဲ ဆွေးနွေးခဲ့ရတယ်။ ထိုင်းလူမျိုးတွေက သေသေချာချာကို ခရေတွင်းစေ့ မေးကြတယ်။ ဒီနှစ်ကတော့ မြန်မာဘက်ကနေ ပညာရှင်တွေ အများကြီးပါလာတယ် ” ဟု တောင်ငူသမိုင်းကြောင်းကိုဖော်ထုတ်နေသည့် ပညာရှင်တစ်ဦးဖြစ်သူ ဦးသန်းဝင်း က Travelling သို့ ပြောသည်။

မြန်မာသမိုင်းတွင် ပိတ်သနုလောက်မြို့ ဟုရေးထားသားပြီး ထိုင်းအခေါ်အဝေါ် ပိစနိုးလော့(Phitsanulok )သည် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ Phitsanulok ပြည်နယ်၏မြို့တော်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ ဒသမမြောက်အကြီးဆုံးမြို့ဖြစ်ပြီး ဘန်ကောက်မြို့၏မြောက်ဘက် 360 ကီလိုမီတာ (223.69 မိုင်) အကွာတွင်ရှိပြီး 2021 ခုနှစ်စာရင်းအရ လူဦးရေ 281,929 ဦးရှိကြောင်း အဆိုပါမြို့ကို Song Khwae ဟူသောအမည်ဖြင့် 13 ရာစုတွင် စတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံ၏ ရှေးအကျဆုံးမြို့များထဲမှ တစ်ခုဖြစ်သည်ဟု Wikipedia တွင်
ဖော်ပြထားသည်။

Photo Phitsanulok ပြည်နယ်တွင် ကိုးကွယ်ထားသည့် ဆုပန်ကလျာမင်းသမီးရုပ်ထုကို တွေ့ရစဥ် ။

ပြင်ဦးလွင်ပန်းပွဲတော်ကို မြင်ကွင်းကျယ်ပန်းပြကွက် ဒီဇိုင်း (၇ )ဇုန်ဖြင့် ကျင်းပသွားမည်

#TravellingJournal

အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် (၁၇)ကြိမ်မြောက်ပန်းပွဲတော် (Floral Fantasia)ကို မြင်ကွင်းကျယ် ပန်းပြကွက် ဒီဇိုင်း (၇)ဇုန်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါအမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)မှ တာဝန်ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

” ဒီပန်းပွဲတော်မှာ နှင်းဆီပြကွက်တွေရယ်၊ ပြင်ဦးလွင်​ဒေသမျိုးစိတ်ပန်းပြကွက်တွေရယ်နဲ့ မြန်မာတစ်နိုင်ငံလုံးက ပန်းမျိုးစိတ်​ တွေနဲ့ဖန်တီးပြီး ပန်းပြကွက် (၇) ဇုန်ကို ဖော်ဆောင်ပြသသွားပါမယ်။ နောက်(၁) ဇုန်ကတော့ ဖျော်​ဖြေရေးဇုန်အနေနဲ့ သတ်မှတ်ထားပါတယ်။ ဝင်ကြေးကတော့ အခုလောလောဆယ်မှာ မသတ်မှတ်ရသေးပါဘူး “ဟု အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)မှ တာဝန် ရှိသူ တစ်ဦးက Travelling သို့ ပြောသည်။

အဆိုပါ (၁၇)ကြိမ်မြောက် ပန်းပွဲတော်ကို ၂၀၂၄ ဒီဇင်ဘာလ(၁၄)ရက် မှ လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၂)ရက် အထိ တစ်လ တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကျင်းပမည့် (၁၇)ကြိမ်မြောက်ပန်းပွဲတော် (Floral Fantasia) ကို ယခင်နှစ်များနှင့်မတူ တစ်မူထူးခြားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Photo NationalKandawgyiGardens FB
ပုံ-စာ ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သည့် ပန်းပွဲတော်မြင်ကွင်းကိုတွေ့ရစဥ်။