Travelling Journal
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ ခိုလမ်မြို့ရှိ ခိုလမ်ရေပြာအိုင်ကို အထင်ကရ လည်ပတ်စရာ ခရီးစဥ်ဒေသတစ်ခုဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခိုလမ်ရေပြာစမ်းကို ဖော်ဆောင်သူ ဦးသားငယ်က Travelling သို့ ပြောသည်။
ခိုလမ် ရေပြာအိုင် နှင့် ဆက်စပ်ပြီး ခိုလမ် ရေပူစမ်း ၊ နမ့်မောင်းချောင်းရေတံခွန် ၊ နမ့်ဟူး ရှေးဟောင်း ဘုရားလှိုဏ်ဂူ တို့ကို ချိတ်ဆက်ကာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရန် ဆောင်ရွက်သွားမည်ဟု အဆုိပါ လုပ်ငန်းရှင်က Travelling သို့ ပြောသည်။
“နောင်မှာ ခရီးသွား အလားအလာကောင်းတဲ့အချက်အချာကျတဲ့ မြို့ဖြစ်လာမှာပါ။ ခိုလမ်က လမ်းဆုံံ ဖြစ်သွားတယ်။ ခိုလမ်ကနေ မြောက်ဖက်ကို နှစ်နာရီလောက်သွားရင် ဟိုက်ပါရေတံခွန်ကို ရောက်မယ်။ တောင်ဘက်ကိုတစ်နာရီလောက်သွားရင် ကျိုင်းတောင်းရေတံခွန်ကို ရောက်ပါတယ်။ ဒါတင်မကသေး ပါဘူး။ ခိုလမ်ကနေ နာရီဝတ်လောက်သွားရင် နောင်ဖာကန်ကိုလည်းရောက်တာမို့ ခရီးသွား အလားအလာကောင်းတဲ့အချက်အချာ ကျနေရာတစ်ခုဖြစ်လာမှာ “ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးထင်အောင်နိုင်က Travelling Journal သို့ ပြောသည်။
အဆိုပါ ရေပြာအိုင်သည် သဘာဝရေထွက်ပေါက်တစ်ခုအနေဖြင့် တည်ရှိနေပြီး အေဒီ ၇၅၄ ခုနှစ်က တည်ထားခဲ့သည့် ရှေးဟောင်းဘုရားရှိရာ နမ့်ဟူးလှိုဏ်ဂူ၏ အောက်ခြေကေန စီးဆင်းလာသည့် ချောင်းနှစ်ချောင်းမှ အောက်ပိုင်းတွင် တစ်ခုတည်းအဖြစ် ပေါင်းစည်းလာခဲ့သော သဘာဝရေထွက် (ရေပြာအိုင်) အဖြစ် ဖြစ်ပေါ်လာခဲ့ကြောင်း ခိုလမ်းရေပြာစမ်းကိုဖော်ဆောင်သည့် လုပ်ငန်းရှင်က Travelling သို့ ပြောသည်။
“နမ့်ဟူး ရှေးဟောင်းဘုရားကို ဝင်ရောက်ဖူးမြှော်နိုင်ပါတယ်။ ဒီဘုရားရဲ့ထူးခြားချက်က လပြည့်လကွယ်နေ့ဆို လှိုဏ်ဂူထဲကနေ မျောက်မြီးရှည် တွေထွက်လာပြီး အစာရှာထွက်တယ်။ အစာရှာထွက်ပြီးအထဲကိုပြန်ဝင်သွားတယ်။ ကျန်တဲ့ရက်ဆို မထွက်ဘူး။ ဒါကတော့ထူးခြားချက်ပါ။ ဒီ နမ့်ဟူးဘုရားကနေ ၁၅ မိနစ်လောက်ပဲ သွားရတယ်။ ရေပြာအိုင်ကိုရောက်ပါတယ်။ရေချိုး နားနေကစားနိုင်ပါတယ် “ဟု ေဖာ်ဆောင်သည့််လုပ် ငန်းရှင်တစ်ဦးက Travelling သို့ ပြောသည်။
လက်ရှိတွင် ခိုလမ်ရေပြာအိုင်သို့ လာရောက်လည်ပတ်သည့် ခရီးသွားများ အဆင်ပြေစေရန်အတွက် ယာဥ်ရပ်နားကွင်းများ၊စားသောက်ဆိုင်များနှင့်အများသုံးသန့်စင်ခန်းများကိုဆောင်ရွက်ပေးထားကြောင်းသိရသည်။
” ထိုင်းခရီးသွားတွေဆိုရင် ဟိုက်ပါရေတံခွန် ကိုသွားချင်တာ။ ဟိုက်ပါရေတံခွန် ကိုသွားဖို့ ဆိုရင် ခိုလမ်မှာ ညအိပ်ရမှာဖြစ်ပါတယ်။ ပြီးရင် ပြန်လာ။ ဒါကြောင့်မို့ ခိုလမ်က အချက်အချာကျ လာတဲ့ မြို့ဖြစ်လာပါတယ် “ဟု ရှမ်းပြည်နယ် ဟိုတယ် နှင့်ခရီးသွားလာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးထင်အောင်နိုင်က Travelling Journal သို့ ပြောသည်။
ယခင်က ခိုလမ်မြို့သည် ရွာအဆင့်သာဖြစ်ခဲ့သော်လည်း လွန်ခဲ့သည့် ၁၀ နှစ်ကျော်မှ မြို့အဆင့်သတ်မှတ်ခဲ့နောက် ဖွံ့ဖြိုးတိုးတက်လာသည့်မြို့တစ်ခုဖြစ်လာပြီးလက်ရှိတွင်ခိုလမ်မြို့ပေါ်တွင် ညောင်စီးလူမျိုး၊ ရှမ်းလူမျိုးနှင့် လားဟူလူမျိုးများနေထိုင်ကြပြီး ရှမ်းစာ ၊တရုတ်စာ၊မြန်မာစကားကိုသာ အသုံးပြုနေကြောင်း သိရသည်။
တောင်ကြီး- ဟိုပုန်း -မိုင်းပွန်- လွယ်လင်- နမ့်စန် –
ခိုလမ် စသည့်ဖြင့် သွားရောက်နိုင်ပြီး တောင်ကြီးမြို့မှ ကား ဖြင့် ငါးနာရီဝန်းကျင်ခန့် သွားရောက်လည်ပတ်နိုင်ကြောင်းသိရသည်။