ငွေဆောင်ရှိ At The Sea ဟိုတယ်မှ မနက်စာနှင့်ညစာ အပါ ​တစ်ဦးလျှင် ကျပ် (၅၆၀၀၀) ဖြင့် အခန်းခနှုန်းထားများ လျှော့ချ

#TravellingJournal

အစိမ်းရောင်ကမ်းခြေ (Green Ngwe Saung)ဟု တင်စားခံထားရသည့် ငွေဆောင်ကမ်းခြေရှိ At The Sea ဟိုတယ်မှ နံနက်စာနှင့်ညစာအပါ တစ်ဦးလျှင် ကျပ် (၅၆၀၀၀) ထိ အခန်းခနှုန်းထားများကို မေလတစ်လလုံး လျှော့ချထားကြောင်း ယင်းဟိုတယ်ပိုင်ရှင်က Travelling သို့ပြောသည်။

” ဒီမေလ ကုန်ထိလျော့ချပေးသွားမှာပါ။ မုတ်သုန်ရာသီ ခရီးသွားကာလမှာ ငွေဆောင်ကမ်းခြေကို လာရောက်အပန်း​ဖြေနိုင်စေဖို့ အခုလိုမျိုးနဲ့လျှော့ချပေးထားပါတယ်” ဟု At The Sea ဟိုတယ်ပိုင်ရှင်က Travelling သို့ ပြောသည်။

ယခင်က နှစ်ယောက်အိပ်ခန်းပါဝင်သည့် Sea view Bungalow လုံးချင်း တစ်ညလျှင် ကျပ်နှစ်သိန်းကို လက်ရှိတွင် တစ်သိန်းခြောက်သောင်းဖြင့် လည်ကောင်း၊ Second Sea View Bungalow နှစ်ယောက်အိပ်ခန်းကို ကျပ် တစ်သိန်းရှစ်သောင်း မှ လက်ရှိတွင် ကျပ် တစ်သိန်းလေးသောင်း ဖြင့် လည်ကောင်း၊ Garden View ဘန်ဂလို နှစ်ယောက်အိပ်ခန်းကို ကျပ် တစ်သိန်းငါးသောင်း မှ ကျပ် တစ်သိန်းနှစ်သောင်း ဖြင့် လည်ကောင်း၊ Garden View နှစ်ယောက်အိပ်ခန်းကို ကျပ် တစ်သိန်းလေးသောင်း မှ ကျပ် တစ်သိန်းတစ်သောင်းနှစ်ထောင်ဖြင့်လည်ကောင်း အခန်းခနှုန်းများကို နှစ်ဆယ်ရာခိုင်နှုန်း ထိ လျှော့ချ ပေးထားကြောင်း သိရသည်။

အဆိုပါ ဟိုတယ်သည် ငွေဆောင် -ဆင်မ လမ်းမပေါ်၊ကမ်းခြေ၏ ဟိုတယ်ဇုန်အပိုင်း(၂ )တွင် တည်ရှိပြီးအိပ်ခန်းပေါင်း (၄၆) ခန်း ရှိကာ တသီးတသန့် နှင့် အေးအေးလူလူ အပန်းဖြေချင်သည့် သူများအတွက် အကြိုက်တွေ့စေမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ငွေဆောင်ကမ်းခြေကို ပုသိမ်မြို့မှ လာရောက်မည်ဆိုပါက (၂၉)မိုင် (၄)ဖာလုံခန့်သာ ကွာ ဝေး ပြီး ကမ်းခြေနှင့် ဆက်စပ်ပြီး ၁၉မိုင်ဆင်စခန်း၊ မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ကျွန်းလျားရှည်၊ချစ်သူများကျွန်းနှင့် မိုးမခဆင်စခန်းတို့ကိုလည်း လာရောက်လည်ပတ်နိုင်ကြောင်း သိရသည်။

ငွေဆောင်ကမ်းခြေသည် အစိမ်းရောင်ကမ်းခြေ (Green Ngwe Saung) ဟု တင်စားသလို ပြည်တွင်းခရီးသွား များထက် နိုင်ငံခြားသားဧည့်သည်များ အများဆုံး လာ​ရောက်လည်ပတ်ကြသည့် ကမ်းခြေဖြစ်ကာ လက်ရှိတွင် ငွေဆောင်ကမ်းခြေ ၌ ဟိုတယ်အလုံး (၃၀) ကျော်ရှိကြောင်း သိရသည်။

#TravellingJournal

#News

#Beach Ngwesaung

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အိမ်တစ်လုံး (၅၄ )သိန်းခွဲဖြင့် ရေဘေးသင့်အိမ်(၂၂ ) လုံး ဆောက်လုပ်ပေးပြီး ရွာသားများထံအပ်နှံ

#TravellingJournal

နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ မကျည်းပင်ကျေးရွာအုပ်စုမှ ရေဘေးကြောင့် ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့ရသည့် ညောင်ပင်သာကျေးရွာရှိ နေအိမ်(၂၂ ) လုံးကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အိမ်တစ်လုံးလျှင် (၅၄ )သိန်းခွဲဖြင့် ဆောက်လုပ်လှူဒါန်းပြီး ရွာသားများထံအပ်နှံပေးခဲ့ကြောင်း အဆိုပါအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဦးရန်ဝင်း က Travelling သို့ ပြောသည်။

“အိမ်တစ်လုံးကို ကျပ် (၅၄) သိန်းခွဲ ဝန်းကျင်နဲ့ အိမ် (၂၂) လုံး ဆောက်ပေးခဲ့တာပါ။ Community Center ကတော့ သိန်း(၃၅၀) ကျပါတယ်။ နောက်ထပ်အခုလိုမျိုး ထပ်လှူနိုင်ဖို့လည်းကြိုးစားသွားမှာပါ ” ဟု အဆိုပါအဖွဲ့ချုပ်၏ဥက္ကဋ္ဌ ဦးရန်ဝင်း က Travelling သို့ ပြောသည်။

နေပြည်တော်ရှိ ရေဘေးသင့်ခဲ့သော ကျေးရွာရှိဒေသခံများလက်ဝယ်သို့ ယနေ့ (မေလ ၃ ရက်)တွင် အိမ်များ အပ်နှံပေးခဲ့ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် လက်အောက်ရှိ ဘေးအန္တရာယ်တုံ့ပြန်ရေး လုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Travelling သို့ပြောသည်။

ရေဘေးကြောင့် ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့သည့်ညောင်ပင်သာကျေးရွာသို့ သွားရောက်ကွင်းဆင်းခဲ့ပြီး မိုးတွင်းမရောက်ခင် တည်ဆောက်ပေးခဲ့ကာ ယခုအခါ အိမ်များ အားလုံးပြီးစီးသွားသဖြင့် လက်ဝယ်ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

ရေဘေးဒဏ်သင့်ခဲ့သည့် ညောင်ပင်သာကျေးရွာတွင် Community Centre တစ်ခုနှင့် အိမ်အလုံး(၂၂ ) ဆောက်လုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်လက်အောက်ရှိအသင်းများနှင့်
အသင်းအဖွဲ့များ၊ အလှူရှင်များ၊ ကုမ္ပဏီများမှ ထည့်ဝင်ငွေကြေးများဖြင့် ဆောက်လုပ်လှူဒါန်းပေးနိုင်ခဲ့ကြောင်းသိရသည်။

#TravellingJournal
#News
#Photo MTF

မန္တလေးနှင့် စစ်ကိုင်းရှိ ငလျင်ဒဏ်သင့်ပြည်သူများကို DPTOA အသင်းမှ ကျပ်သိန်း(၄၀၀) ကျော် လှူဒါန်း

#TravellingJournal

မန္တလေးနှင့် စစ်ကိုင်းရှိ ငလျင်ဒဏ်သင့်ပြည်သူများကို ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA)၏ သုံးပါးရတနာလူမှုကူညီရေးကော်မတီမှ ကျပ်သိန်း(၄၀၀) ကျော် သွားရောက်လှူဒါန်း
ပေးခဲ့ကြောင်း သိရသည် ။

ပြီးခဲ့သည့် ဧပြီလ (၂၆) ရက်က စစ်ကိုင်းမြို့ရှိ ကျောက်တာကျေးရွာနှင့် မန္တလေးမြို့ရှိ ရွှေတန်းရပ်နှင့်ကုသိုလ်တော်ဘုရားကယ်ဆယ်ရေးစခန်းတို့ရှိ အိမ်ထောင်စုပေါင်း(၃၉၇)စုကို ငွေသားနှင့်စားသောက်ကုန်ပစ္စည်းစုစုပေါင်းတန်ဖိုး(၄၀၀)သိန်းခန့် ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အသင်းကြီးကနေ အခုလိုမျိုး သဘာဝဘေးအန္တရာယ်ဖြစ်ခဲ့တဲ့နေရာဒေသတွေကို သွားလှူဒါန်းခဲ့တာက ငါးကြိမ်မြောက်တော့ရှိပါပြီ။ ရေဘေး ၊ ငလျင်ဘေး ဖြစ်ခဲ့တဲ့ ဧရာဝတီတိုင်း၊ပဲခူး၊နေပြည်တော်၊အင်းလေး၊အခု မန္တလေးနဲ့ စစ်ကိုင်းတို့ကို လှူဒါန်းပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ အသင်းအောက်မှာရှိတဲ့ ခရီးသွား ဝန်ဆောင်မှုလုပ်တဲ့လုပ်ငန်းတွေကတော့ သူတို့ဘာသာသူတို့အစီအစဥ်နဲ့လှူဒါန်းကြတာတွေလည်းအများကြီးရှိပါတယ် “လို့ ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင် မှုအသင်းမှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA) အသင်းကြီးလက်အောက်ရှိ သုံးပါးရတနာ လူမှုကူညီရေးကော်မတီ ကို ဖွဲ့စည်းထားပြီး ယင်းကော်မတီမှ သဘာဝဘေးအန္တရာယ်ဖြစ်ပွား
သည့်ဒေသများကို သွားရောက်လှူဒါန်းထောက်ပံ့နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် DPTOA အသင်း၌ အသင်း၀င် (၆၀၀) ဝန်းကျင်ရှိပြီး အသင်းမ၀င်ရသေးသည့်လုပ်ငန်းများလည်းရှိကြောင်း သိရသည်။

#TravellingJournal
#News
#Donation
#Photo DPTOA

ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ ဝန်ကြီးဌာန အား ကျပ်သိန်း (၁၅၀)၊ ငလျင်ဒဏ်သင့်ဒေသများ အတွက် သိန်း(၇၁၀) နှင့် ပစ္စည်းအပါအဝင် ကာလတန်ဖိုး ကျပ်သိန်း(၁၀၀၀) ဝန်းကျင် လှူဒါန်းခဲ့

#TravellingJournal

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (MHA) မှ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအား ငွေကျပ် သိန်း (၁၅၀)နှင့် ငလျင်ဒဏ်သင့်ဒေသများအတွက် ငွေသားနှင့်ပစ္စည်းများအပါအဝင် ကျပ်သိန်း(၁၀၀၀) ဝန်းကျင်တို့ကို လှူဒါန်းခဲ့ကြောင်း အဆိုပါအသင်း၏ တာဝန်ရှိသူက Travelling သို့ ပြောသည်။

” ကျွန်တော်တို့အသင်းကနေ ငလျင်ဒဏ်ထိခိုက်တဲ့ဒေသတွေကို သွားကြည့်​ခဲ့ပါတယ်။ ဧပြီ(၉) ရက်ကနေ သွားခဲ့တယ်။ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းစတဲ့နေရာတွေသွားခဲ့ပါတယ်။ ရှမ်း/တောင် အင်းလေးကိုတော့ ဧပြီ(၂၈) သွားတယ်။ မေလ (၁) ရက် ပြန်ရောက်တယ်။ ကျွန်တော်တို့သွားရောက်လှူဒါန်းတဲ့ထဲမှာ ငွေသားလည်းပါတယ်။စားအုံးဆီလည်း လှူဒါန်းခဲ့ပါတယ် “လို့ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(MHA ) ၏ အထွေထွေအတွင်းရေးမှူး ဦးနေအောင်ကို က Travelling သို့ ပြောသည်။

ငလျင်ဘေးဒဏ်သင့်ဒေသများသို့ လိုအပ်သည်များ ကူညီထောက်ပံ့ဆောင်ရွက်နိုင်ရန်အတွက် အသင်းမှ
ကျပ်သိန်း(၃၀၀) မတည်၍ ဇုန်နယ်မြေများနှင့် အလုပ်အမှုဆောင်များမှ ပူးပေါင်းပါဝင်ပြီး
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်)သို့ ကျပ်သိန်း(၅၀)၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းမိသားစုများအတွက် ကျပ်သိန်း (၁၅၀)၊ နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံ ပျဉ်းမနားပေါင်းလောင်း (ယာယီ)ဆေးရုံသို့ ရန်ကုန်ဇုန်အသင်းဝင်ဟိုတယ်များမှ လှူဒါန်းထားသော ခေါင်းအုံးစွပ်၊ Bedsheet ၊ Bath Tower နှင့် အိပ်ရာခင်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်)သို့ ကျပ်သိန်း(၁၀၀)နှင့် စားအုံးဆီဘူး(၅၀၀)၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်းဇုန်)သို့ ကျပ်သိန်း(၁၀၀) နှင့် စားအုန်းဆီဘူး(၅၀၀) နှင့် အင်းလေး ဒေသအတွက် ကျပ်သိန်း (၁၅၀) နှင့်စားအုံးဆီ ဘူးများ လှူဒါန်းခဲ့ကြောင်းသိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၏ လက်အောက်တွင် ဟိုတယ်ဇုန် (၂၁ ) ဇုန် ရှိပြီး ပြည်နယ်နှင့်တိုင်းအားလုံး၌ ဟိုတယ်လုပ်ငန်းရှင် အသင်းဝင်ပေါင်း (၁၈၀၀)ကျော်ရှိကြောင်း သိရသည်။

#TravellingJournal
#News
#Photo MHA

ငလျင်ကြောင့် နေပြည်တော်ရှိ Jade City ဟိုတယ်၊အေးချမ်းသာဟိုတယ်နှင့် ပုလဲသီရိဟိုတယ်တို့ ဖြိုချရမည်ဖြစ်ပြီး ကျန်ဟိုတယ်များ အပျက်စီးများရှိခဲ့

#Travelling Journal

ငလျင်ကြောင့် နေပြည်တော်ရှိ Jade city ဟိုတယ်၊အေးချမ်းသာဟိုတယ်နှင့် ပုလဲသီရိဟိုတယ်တို့ ဖြိုချရမည်ဖြစ်ပြီး ကျန်ဟိုတယ်များလည်း အပျက်စီးများရှိခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန(နေပြည်တော်) မှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

” နေပြည်တော်အခြေစိုက် ဟိုတယ်နဲ့တည်းခိုရိပ်သာပေါင်း (၁၀၂) လုံးထဲမှာ ဟိုတယ်သုံးလုံး ပြိုကျ​ပျက်စီးခဲ့တယ်။ ကျန်တဲ့ ဟိုတယ်နဲ့တည်းခိုရိပ်သာတွေကတော့ အပျက်အစီးတွေတော့ရှိတယ်။ကြီးကြီးမားမားဖြစ်တာကတော့ Jade City ဟိုတယ်
၊ အေးချမ်းသာဟိုတယ် နဲ့ ပုလဲသီရိဟိုတယ်တို့က ပြိုကျပျက်စီးသွားခဲ့ပါတယ်။အခုတော့ အဲဒီဟိုတယ်တွေကို ချက်ချင်း ဖြိုချ ဖျက်ခိုင်းနေပါပြီ “ဟု နေပြည်တော် ဟိုတယ်နှင့်ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူကTravelling သို့ ပြောသည်။

ငလျင်ဒဏ်ကြောင့် Jade City ဟိုတယ်၏ ရှစ်ထပ်အထပ်မြင့်အ​ဆောက်အအုံ နှစ်လုံး၊လေးထပ်အထပ်မြင့်အဆောက်အအုံတစ်လုံးနှင့် သုံးထပ်အထပ်မြင့်အဆောက်အအုံတစ်လုံး တို့မှာ ပြိုကျပျက်စီးခဲ့ပြီး လက်ရှိတွင် ဟိုတယ်အား
ဖြိုချရန်အတွက်မူ အခက်အခဲများဖြစ်ပေါ်နေကြောင်း ယင်းဟိုတယ်ပိုင်ရှင်က Travelling သို့ ပြောသည်။

“ဖြိုချခိုင်းတာကတော့ မှန်ပေမဲ့ ဒီဟိုတယ်ထဲက ပစ္စည်းတွေ ထုတ်ဖို့နဲ့သိမ်းဖို့နေရာအတွက်ကို တော်တော်လေးခက်ခဲနေတာပါ။ အခုတောင် ညညဆို သူခိုးရန်ကလည်းရှိသေးတယ်။အဲကွန်းတွေလာဖြုတ်ခိုးကျလို့။ ငလျင်ကလည်း ခဏခဏထပ်ထပ်လှုပ်လို့ နိုင်ငံခြားသားကယ်ဆယ်ရေးတွေလာတုန်းကလည်း ထိခိုက်တာတောင်ရှိခဲ့သေးတယ်။ အဆောက်အအုံတွေကပျက်စီးသွားပေမဲ့ အထဲကပစ္စည်းတွေကကောင်းနေတာမို့ ရွေ့ဖို့အတွက်ကိုတောင် ဘယ်လိုလုပ်ရမလဲဆိုတာ
မသိတော့ပါဘူး ” ဟု Jade City ဟိုတယ်ပိုင်ရှင်က Travelling သို့ ပြောသည်။

အဆိုပါ Jade City ဟိုတယ်ကို ဒေါ်လာ (၁၅ )သန်းအကုန်အကျခံအောင် ဆောက်လုပ်ခဲ့ပြီး ယခုငလျင်ဒဏ်ကြောင့် သိန်းကြီး ခြောက်သိန်း(ကျပ်)ခန့် ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

” ငလျင်ဒဏ်ထိခဲ့တဲ့ နေပြည်တော်က ဟိုတယ်/ မိုတယ်တွေတချို့ကို လိုင်စင်ရ Engineer Team တွေနဲ့ လိုက်လံစစ်ဆေးပေးခဲ့ပါတယ်။ကျွန်တော်တို့အသင်းကတော့ ဟိုတယ်/ခရီးကစစ်ဆေးခိုင်းတဲ့ဟိုတယ် မိုတယ်တွေကို စစ်ဆေးပေးရတာပါ။ စစ်ပြီးတဲ့ အလုံး( ၁၅ )လုံးတော့ရှိတယ်။ ထပ်စစ်ပေးရမဲ့ ဟိုတယ်အလုံးတွေလည်းကျန်ရှိပါသေးတယ် “ဟု နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက Travelling သို့ပြောသည်။

ထို့ပြင် အေးချမ်းသာဟိုတယ်ကလည်း သန့်ရှင်းရေးအပိုင်းလောက်သာပြီးစီးသေးကြောင်းသိရသည်။

နေပြည်တော်ဟိုတယ်အများစုမှာ အားကစားပွဲတော်နှင့်ကျောက်မျက်ပြပွဲရာသီကာလများတွင်သာ
ဧည့်သည်ပြည့်ကြပြီး ကျန်ရာသီများ၌ ဧည့်သည် ဝင်ရောက်မှုနည်းပါးကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက် က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သောကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့်နေပြည်တော်တို့တွင် ထိခိုက်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

#Travelling journal
#News
#Photo Zayyar Lin