Singapore Airlines မှ ပေးအပ်သည့် Top Passenger Sales Award ဆု မြန်မာခရီးသွားကုမ္ပဏီ (၁၀ ) ကျော် ရရှိ

#TravellingJournal

ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Singapore Airline မှ နှစ်စဥ် ဂုဏ်ပြုချီးမြှင့်သော ” Top Passenger Agents Award ( ၂၀၂၃ – ၂၀၂၄) ကို ပြည်တွင်းအခြေစိုက် ခရီးသွားကုမ္မဏီ( ၁၀) ကျော် ရရှိခဲ့ကြောင်း Than Than Travels မှ တာဝန်ရှိသူ ဦးဇော်မင်းအောင် က Travelling သို့ ပြောသည်။

” ကျွန်တော်တို့က ၁၉၉၂ ခုနှစ်ကတည်းက
စတင် ကုမ္ပဏီတည်ထောင်ခဲ့တာပါ။ PSA အေးဂျင့်ကိုယ်စားလှယ်တွေကို နှစ်တိုင်း ဂုဏ်ပြုပေးတာပါ။နှစ်တိုင်းဆု ရပါတယ်။ သူတို့သတ်မှတ်ထားတဲ့ သတ်မှတ်ချက်ပေါ်မူတည်ပြီး ဆုကိုပေးတာပါ “ဟုThan Than Travels မှ တာဝန်ရှိသူ ကိုဇော်မင်းအောင် က Travelling ကို ပြောသည်။

ပြည်ပ စျေးကွက်တွင် ခရီးသွားဝေစုစျေးကွက်အများဆုံးကိုရောင်းချထားနိုင်သည့်ခရီးသွားကုမ္ပဏီကြီးများဖြစ်ကြသော New Motion Travels & Tours နှင့် Htoo Travels အပါအဝင် ဂုဏ်ပြုဆုများရရှိခဲ့ကြောင်းသိရသည်။

“အစ်မတို့က တော့ ၁၉၉၆ မှာ တည်ထောင်တာပါ။ စင်ကာပူလေကြောင်းလိုင်းနဲ့ က ၁၉၉၉-၂၀၀၀ လောက်မှာ စတင် လက်တွဲ ခဲ့ပါတယ်။ သူတို့ သတ်မှတ်ထားတဲ့သတ်မှတ်ချက်ပြည့်ရင် ဆုပေးတဲ့ သဘောပါ။ အစ်မတို့လည်း နှစ်တိုင်းရပါတယ် “ဟု Htoo Travels မှ တာဝန်ရှိသူ မသဇင်က Travelling ကို ပြောသည်။

စင်ကာပူလေကြောင်းလိုင်းအနေဖြင့် မြန်မာ နိုင်ငံရှိခရီးသွားကုမ္ပဏီ( ၁၃) ဝန်းကျင်ခန့် ကိုPSA အရောင်း ကိုယ်စားလှယ် များ ထားရှိကာသတ်မှတ် ထားသည့်စံနှုန်းများအပေါ် အဆိုပါဆုများကို ချီးမြှင့်လေ့ရှိကြောင်း New Motion Travels & Tours မှ တာဝန်ရှိသူ ဦးထိုက်လွန်းမောင်က Travelling သို့ပြောသည်။

Singapore Airline
Photo Htoo Travels

ယခုနှစ် (၇) လအတွင်း ပုဂံဒေသသို့ လာရောက်ခဲ့သည့် နိုင်ငံခြားသားဧည့်သည်တစ်ထောင်ကျော်ထံမှ ဇုန်ဝင်ကြေး ကျပ်သိန်း (၅၀၀) ကျော် ရရှိ

#Travelling Journal

ပုဂံရှေးဟောင်းယဥ်ကျေးမှုဒေသသို့ ယခုနှစ် ၇ လတာ ကာလအတွင်း လာရောက်လည်ပတ်ခဲ့သည့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၁၇၇၄)ဦးထံမှ ပုဂံဇုန်ဝင်ကြေး ကျပ်သိန်း (၅၀၀) ကျော် ရရှိခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

ယခုနှစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (၇) လတာ ကာလအတွင်း ဇုန်ဝင်ကြေး ကောက်ခံရရှိခဲ့သည့် ဝင်ကြေးငွေ ဖြစ်ကြောင်းသိရသည်။

ဧပြီလပိုင်းမှ စတင်ဝင်ရောက်ခဲ့သည့်စာရင်းအရ ဧပြီလတွင် (၁၂၉) ဦး ၊ မေလတွင် (၄၅၂) ဦး ၊ဇွန်လတွင် (၂၃၃) ဦး ၊ဇူလိုင်လတွင် (၂၂၆) ဦး ၊ဩဂုတ်လတွင် (၂၀၈) ဦး ၊စက်တင်ဘာလတွင် (၁၃၇) ဦး ၊အောက်တိုဘာ ၂၇ ရက်ထိ (၃၈၉) ဦး စုစုပေါင်း (၁၇၇၄) ဦး ပုဂံဒေသသို့လာရောက်လည်ပတ်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ တာဝန်ရှိသူ က Travelling ကို ပြောသည်။

ပုဂံဇုန်ဝင်ကြေးအနေဖြင့် နိုင်ငံခြားသားဧည့်သည်တစ်ဦးကို မြန်မာငွေကျပ် သုံးသောင်း ​ကောက်ခံထားပြီး လက်ရှိတွင် ဇုန်ဝင်ကြေးကောက်ခံသည့် အဖွဲ့(၄ ) ဖွဲ့ကိုသာ ထားရှိပေးထားနိုင်ကြောင်း သိရသည်။

“အရင်ကတော့ ပုဂ္ဂလိကကို တင်ဒါပေးပြီး
လုပ်ကိုင်ခွင့် ပေးပါတယ်။ နောက်ဆုံးလုပ်ကိုင်ခဲ့တဲ့တင်ဒါအောင်ခဲ့သူက ကိုဗစ်ကာလ အတွင်းမှာ ပြန်အပ်ခဲ့ပါတယ်။ အဲဒီကတည်းက ဆရာတို့ကပဲ ကောက်ခံ တာလုပ်ခဲ့တာပါ။ လက်ရှိ ကတော့ဧည့်သည်အဝင်နည်းတာမို့ တင်ဒါခေါ်ဖို့အစီအစဥ်မရှိသေးပါဘူး။ ခေါ်ရင်လည်း ကုမ္ပဏီတွေအနေနဲ့ လုပ်နိုင်မယ်မထင်ပါဘူး။ ဘာလို့ဆို ဧည့်သည် နည်းတာကြောင့်ပါ “ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ တာဝန်ရှိသူ က Travelling ကို ပြောသည်။

ထို့ပြင် ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ တနင်္လာနေ့နှင့် အများပြည်သူ ရုံးပိတ်ရက်များ မှအပ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ထားပြီး ပြတိုက်ဝင်ကြေးအနေဖြင့် ပြည်တွင်း ခရီးသွားတစ်ဦးလျှင် ၁၀၀၀ ကျပ်နှုန်း သတ်မှတ်ထားပြီး နိုင်ငံခြားသားတစ်ဦးလျှင် ဝင်ကြေး ၁၀၀၀၀ ကျပ်ကို ထပ်မံ ကောက်ခံကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် မတ်လကုန်အထိ ပုဂံရှေးဟောင်း သုတေသနပြတိုက်သို့ ပြည်တွင်း ခရီးသွားဦးရေ ကိုးသောင်းကျော်ဝင်ရောက် လေ့လာလည်ပတ်ခဲ့ကြောင်း သိရသည်။

နန်းမြင့်​​​မျှော်စင် ရောင်းချမည့် သတင်း မဟုတ်မှန်ကြောင်း လက်ဝယ်ပိုင်ဆိုင်ထားသည့် ရှင်သန်သူ ကုမ္ပဏီမှ ပြောကြား၊လွန်ခဲ့သည့် ငါးနှစ်ကတည်းက ထူးအုပ်စုကရောင်းချထားပြီးဖြစ်နေ

#TravellingJournal

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ၏ အမြင့်ဆုံး ဘုရားဖြစ်သည့် သဗ္ဗေညုဘုရား ဥာဏ်တော် ထက် သုံးပေ နိမ့်သည့် ပုဂံဒေသတစ်ခုလုံးအား အပေါ်စီးမှ မြင်တွေ့နိုင်သော နန်းမြင့်​​​မျှော်စင် အား စျေးကွက်အတွင်းရောင်းချမည်ဟု ထွက်ပေါ်လာသည့် ကောလာဟလမှာ မှားယွင်းကြောင်း လက်ရှိနန်းမြင့်မျှော်စင်ကို ပိုင်ဆိုင်ထားသည့် ရှင်သန်သူကုမ္ပဏီမှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

အဆိုပါ နန်းမြင့်​​​မျှော်စင်ကို လွန်ခဲ့သည့် ငါးနှစ်ဝန်းကျင်ခန့်ကတည်းက နာမည်ကျော် သူဌေးကြီး တစ်ဦးဖြစ်သူဦးတေဇ၏ ထူးလုပ်ငန်းစု စီမံခန့်ခွဲအောက်၌ မရှိတော့ပဲ ရှင်သန်သူကုမ္ပဏီသို့ လက်ပြောင်းထားခဲ့ပြီးဖြစ်ကြောင်း ထူး ဟိုတယ်လုပ်ငန်းစုမှ ပြောရေးဆိုခွင့်ရှိသူက Travelling သို့ ပြောသည်။

“လူမှုကွန်ယက်မှာတွေ့ပါတယ်။ မရောင်းပါဘူး။ ကျွန်တော်တို့လက်ထဲမှာ ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေ ရှိပါတယ်။ ကျွန်တော်တို့ မရောင်းပါဘူး “ဟု ရှင်သန်သူကုမ္ပဏီမှ တာဝန်ရှိသူက Travelling ကို ပြောသည်။

လက်ရှိတွင် နန်းမြင့်​​​ မျှော်စင်သို့ လာရောက်လည်ပတ်သည့် ပြည်တွင်းခရီးသွားတစ်ဦးလျှင် ကျပ် ၃၀၀၀ နှင့် နိုင်ငံခြားသားဧည့်သည်ဆိုပါကတစ်ဦးလျှင် ၅ ဒေါ်လာ ဝင်ကြေးကောက်ခံကြောင်း သိရသည်။

#Bagan

#Photo-နန်းမြင့်မျှော်စင်

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပုသိမ်လေဆိပ်သို့ (၇) နှစ်ကျော်ရပ်နားထားသည့် လေကြောင်းခရီးစဥ်ကို ပြန်လည်ပြေးဆွဲ

#TravellingJournal

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်လေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) အနေဖြင့် (၇) နှစ်ကျော်ကြာ ပြေးဆွဲမှုရပ်နားထားပြီး ယခုအခါ ပုသိမ်လေဆိပ်သို့လေကြောင်းလိုင်းခရီးစဥ်ကို ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက Travelling သို့ပြောသည်။

“ကျွန်တော်တို့က ၂၀၁၆ -၂၀၁၇ မှာရပ်နားခဲ့တာ။ ၇ နှစ်ကျော်တော့ရှိပြီ။ အရင်ကဆွဲခဲ့တာကလည်း စင်းလုံးငှားလေယာဥ်ခရီးစဥ်အနေနဲ့ဆွဲခဲ့တာပါ။ အခုကတော့ပုံမှန်ခရီးစဥ်အနေနဲ့ပျံသန်းပြေးဆွဲတာပါ “ဟု မြန်မာအမျိုးသားလေကြောင်း လိုင်းမှ တာဝန် ရှိသူက Travelling သို့ပြောသည်။

အောက်တိုဘာ္(၁၃) ရက်မှစတင်ကာ မြန်မာအမျိုးသားလေကြောင်း (MNA) မှ တနဂ်နွေ နှင့် တနလာ်နေ့များတွင် ရန်ကုန် -ပုသိမ်-ညောင်ဦး -မန္တလေး ခရီးစဥ်အနေဖြင့်ပြေးဆွဲပေးပြီး
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MNA / မဂ်လာလေကြောင်း)မှ ကြာသပတေးနှင့်သောကြာနေ့များတွင် ရန်ကုန်-ပုသိမ်-ညောင်ဦး -မန္တလေး-မန္တလေး-ညောင်ဦး -ပုသိမ်-ရန်ကုန် ခရီးစဥ်အနေဖြင့် ပြေးဆွဲပေးမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Photo-MNA/ဟိုတယ်/ခရီး

ပြည်တွင်းဘုရားဖူးအသင်း (DPTOA)မှသုံးပါးရတနာ လူမှုကူညီရေးကော်မတီတို့က ရေဘေးသင့် အိမ်ခြေ (၃၃၀)အတွက်ကျပ်သိန်း (၃၀၀) ကျော် တန်ဖိုးရှိ လူသုံးကုန်ပစ္စည်းများနှင့် ငွေသားများ ထောက်ပံ့လှူဒါန်း

#TravellingJournal

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊လှေခွင်းတောင် အနီးတဝိုက်ရှိ ရေဘေးသင့်ကျေးရွာ ဖြစ်သည့် ချောင်းကမ်းကြီးကျေးရွာ၊စည်ပင်ကြီးကျေးရွာနှင့် ညောင်ပင်ကြီးကျေးရွာရှိ အိမ်ထောင်စု (၃၃၀ )အား ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA)မှ သုံးပါးရတနာ လူမှုကူညီရေးကော်မတီတို့က ကျပ်သိန်း(၃၀၀) ကျော်တန်ဖိုးရှိ လူသုံးကုန်ပစ္စည်းများနှင့် ငွေသားများကို ထောက်ပံ့ပေးခဲ့ကြောင်း ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု အသင်းမှ တွဲဖက်အထွေအထွေအတွင်းရေးမှူး ဦးမျိုးသိန်းကျော်က Travelling ကို ပြောသည်။

အဆိုပါ ရေဘေးသင့်အိမ်ထောင်စုများသို့
ပြည်တွင်းဘုရားဖူးလိုက်ပါသူ ဦးရေ ( ၂၀ )ဝန်းကျင် မှ ကိုယ်တိုင်သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဘေးအလှူအတွက် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA)မှ ကွင်းဆင်း လေ့လာကာ ရေဘေးအလှူခရီးစဥ် ဆွဲပြီး အလှူရံပုံငွေ လက်မှတ်တစ်စောင်ကို တစ်ဦးလျှင် ကျပ် (၃၅,၀၀၀) သတ်မှတ်ထားပြီး ရရှိလာသော ရံပုံငွေအလှူများကို လိုအပ်သော ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်များနှင့်စားသောက်ကုန်များကို ဝယ်ယူခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အသင်းက ယာဉ်ပိုင်ရှင်တွေက ကားကိုအခမဲ့အသုံးပြုခွင့်ပေးတယ်။ ဆီဖိုးပဲစိုက်ရပါတယ်။ လက်မှတ်ရောင်းရတဲ့ငွေကြေးအကုန်ကို ရေဘေးအလှူထဲ ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။ ဒီခရီးစဥ်မှာ လိုက်ပါတဲ့သူတွေကခရီးသွားတွေလည်းဖြစ်သလို သုံးပါးရတနာအဖွဲ့ဝင်တွေဖြစ်ကြပါတယ်။ ပြောရမယ်ဆိုရင် သူတို့ကလည်း DPTOA အသင်းသားတွေပါ”ဟု ဦးမျိုးသိန်းကျော်က Travelling ကို ပြောသည်။

ထို့ပြင် ယင်းခရီးစဥ်အလှူအတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကလည်း​စားသောက်ကုန် များကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့်ကျေးရွာများသို့ Air Con Express မော်တော်ယာဉ်သုံးစီးနှင့် ကားသေး
သုံးစီး စုစုပေါင်း ကားခြောက်စီးဖြင့် ပြီးခဲ့သည့် စက်တင်ဘာ(၂၉ ) က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

Donation

ပုံ-စာ ပြီးခဲ့သည့် စက်တင်ဘာ၂၉ ရက်က ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA)မှ သုံးပါးရတနာ လူမှုကူညီရေးကော်မတီ တို့က လူသုံးကုန်ပစ္စည်းများနှင့် ငွေသားများကို ရေဘေးသင့် ကျေးရွာ ဖြစ်သည့်ချောင်းကမ်းကြီးရှိ ဒေသခံများအား ပေးအပ်လှူဒါန်းနေသည့် မြင်ကွင်းကို တွေ့ရစဥ်။