မန်စီမြို့နှင့် မန္တလေးမြို့ကို တိုက်ရိုက်ပျံသန်းပြေးဆွဲပေး သော Ruili Airlines ပြန် စတင်ပြေးဆွဲ
ခရီးသည် ၂၈ ဦးလိုက်ပါလာ

Travelling Journal

ကိုဗစ်ကပ်ရောဂါကြောင့် ရပ်နားခဲ့ရသည့် တရုတ်နိုင်ငံမန်စီမြို့နှင့် မန္တလေးမြို့ကို တိုက်ရိုက်ပျံသန်းပြေးဆွဲသည့် Ruili Airlines ကို ပြန်လည်စတင်ပြေးဆွဲပေးသည့်နေ့တွင် ခရီးသည် ၂၈ ဦးလိုက်ပါလာခဲ့ကြောင်းသိရသည်။

၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၂၁ ရက်တွင် နိုင်ငံ တကာလေကြောင်း လိုင်းတစ်ခုဖြစ်သည့် Ruili Airlines ကို စတင်ပျံသန်းပြေးဆွဲခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန (မန္တလေးဟိုတယ်/ခရီးတာဝန်ခံ)က Travelling သို့ ပြောသည်။

ပြန်လည်စတင်ပြေးဆွဲသည့်အထိမ်းအမှတ်အနေဖြင့် ဟိုတယ်/ခရီးဝန်ကြီးဌာနမှ ခရီးသွား ဧည့်သည် များကို ကြိုဆိုခဲ့ကြကြောင်းသိရသည်။

“ဇန်နဝါရီ ၂၁ ရက် ညနေ ၄နာရီ ၅၀ လောက်မှာ ဆိုက်ပါတယ်။ တရုတ်ခရီးသည် ၂၆ ဦးနဲ့ မြန်မာ နှစ်ဦး ပါလာတယ်။ အဲဒီနေ့ ညနေ ၅ နာရီ ၄၀ မှာပဲ လေယာဥ် ပြန်ထွက်သွားပါတယ်။ တရုတ် ခရီးသည် ၂၅ ဦးနဲ့ မြန်မာခရီးသည် ခြောက်ဦး ပြန်လည်လိုက်ပါသွားပါတယ်”ဟု ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန (မန္တလေးဟိုတယ်/ခရီးတာဝန်ခံ) က Travelling သို့ ပြောသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ လကုန်ပိုင်းက စတင်ပြေးဆွဲခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ယာယီရပ်နားထားခဲ့ပြီး လက်ရှိတွင် Ruili Airlines မှ မန်စီ-မန္တလေး ပုံမှန်ခရီးစဉ်များကို တစ်ပတ်လျှင် သုံးရက် ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့်စနေနေ့ကို ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်းသိရသည်။

” အခုလိုတိုက်ရိုက်ပျံသန်းပြေးဆွဲပေးတာတော့ခရီးသွားအတွက် ကောင်းပါတယ်။ ပြည်ဝင်ခွင့်ဗီဇာကို နယ်စပ်ဖြတ်ကျော်နဲ့ပေးမလား ။ ပတ်စပို့ အနီနဲ့ပေးမှာလားကလည်း စကားပြောပါတယ်။အရင်က နယ်စပ်ဖြတ်ကျော်ခွင့်နဲ့ မန်စီကိုလည်လို့ရပါတယ်။ တရုတ်ပြည်ရွှေလီကနေ မန်စီကို သုံးနာရီလောက်ကားစီးလိုက်ရင် ရောက်ပါတယ်။ မြန်မာအများစုက Shopping အတွက်ပဲ။ လေကြောင်းလိုင်းကလည်း စျေးသက်သက်သာသာနဲ့ ပြေးဆွဲမယ်ဆိုရင် ခရီးစဥ် အသစ်အနေနဲ့ သွားရောက်လည်ပတ်မယ့်ခရီးသွားတွေများမယ်လို့ ထင်ပါတယ်”ဟု ပြည်တွင်း ခရီးသွား ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦး က သူ၏ အ​​မြင်ကို Travelling သို့ ပြောသည်။

Photo SanYu

သဘာဝ တာတောင်ရှုခင်းများနှင့် တွဲဖက်ထားသည့် အပန်းဖြေစခန်းများကို ဝင်ငွေခွန် စတင် ကောက်

Travelling Journal

သဘာဝ တောတောင်ရှုခင်းကြည့်များနှင့် တွဲဖက်ကာ ဓာတ်ပုံရှုခင်း ကြည့်ကွက်များဖြင့် ဖန်တီးထားသောရှမ်းပြည်နယ် အတွင်းရှိ အပန်းဖြေစခန်း တစ်ချို့ကို ဝင်ငွေခွန် စတင်ကောက်ခံနေကြောင်း သိရသည်။

အဆုိပါ အပန်းဖြေစခန်းအများစုမှာ ရှမ်းပြည်နယ်တွင် အများဆုံးရှိပြီး အထင်ကရ နေရာများဖြစ်သည့် ဓာတ်ပုံရှူခင်းများကို ဖန်တီးဆွဲဆောင်နိုင်သော ကလောမြို့၊ ရွာငံမြို့ နှင့် ရှမ်းရှေ့၊ ရှမ်းမြောက် တို့တွင် အများဆုံး ရှိကြောင်းသိရသည်။

ကလောမြို့အနီး ရေယောင်းမရွာကို အခြေပြုပြီးဖွင့်လှစ်ထားသည့် သီရိစန္ဒာ ဓာတ်ပုံ ရှူခင်း အပန်းဖြေစခန်းကလည်း ယခုနှစ် ၂၀၂၂ -၂၀၂၃ ခုနှစ် အပန်းဖြေစခန်း၏ ဝင်ငွေခွန်ကို စတင် ပေးဆောင်ခဲ့ရကြောင်းသိရသည်။

“ကျွန်တော်တို့ကိုလည်း နို့တစ်စာပို့လာတယ်။ ကျွန်တော်တို့ဆီ ပို့လာတာက တခြားအပန်းဖြေစခန်းတွေထက် အကြောင်းအရာချင်း ကောက်ခံပုံခြင်းမတူဘူး။ များနေတယ်။ အခုတော့ မဆောင်ရသေးပါဘူး။ ကျွန်တော်တို့ရဲ့ရှယ်ယာရှင်တွေကိုတော့ ပြောထားပါတယ်”ဟု ရှန်ဘာလာ ကလော ရေယောင်းမ View Point မှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

ရွာငံမြို့ ရှိ မြင်းမူကုန်း View Point တာဝန်ရှိသူကလည်း ယခုနှစ်တွင် ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ နည်းပါးသွားပြီး ယခုကဲ့သို့ ဝင်ငွေခွန်ကောက်ခံခြင်းစာလည်း မရောက်လာခဲ့ကြောင်း ဆိုသည်။

“နိုင်ငံရေးအခြေအနေ ပေါ်မူတည်ပြီး သိပ်မလာတော့ဘူး။ လူကလည်း သိပ်မရတော့ ဒီတိုင်းပဲထားထားရတယ် “ဟု မြင်းမူကုန်း View Point မှ တာဝန်ရှိသူက Travelling သို့ပြောသည်။

အပန်းဖြေစခန်းများ၏ ဝင်ကြေးမှာ တစ်ဦးလျှင် ကျပ်တစ်ထောင်နှင့် တစ်ထောင်​ကျော်ဝန်းကျင်ဖြစ်ပြီး နေ့စဥ်လာရောက်မှုမှာ နည်းပါးလေ့ရှိကာ ပွဲတော်ရက် ကာလများတွင်သာ လူဥ​ီးရေ( ၅၀၀) မှ (၁၀၀၀)ကြားလောက်ထိသာ လာရောက်ကြကြောင်းသိရသည်။

Photo ရှမ်းပြည်နယ်အတွင်းရှိ Viewpoint တချို့ကိုတွေ့ရစဥ်။Credit

ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်ကို( ၁၅) ရက်တိုင်တိုင် ကျင်းပမည်

Travelling Journal

ပြည်တွင်းခရီးသွားများ သွားရောက်လည်ပတ်လေ့ရှိပြီး အထင်ကရ ဘုရားပွဲတော်တစ်ခုဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း​က ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်ကို ယခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှ စပြီး ၁၅ ရက်တိုင်တိုင် ကျင်းပ ပြုလုပ်မည်ဖြစ် ကြောင်း မြတ်မော်တင်စွန်း ဆရာတော်က Travelling သို့ မိန့်ကြားသည်။

လက်ရှိတွင် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော် တိုးချဲ့ခြင်းများကို ပွဲတော်ရက်မတိုင်ခင် ပြီးစီးရန် ပြုလုပ်နေကြောင်း သိရသည်။

“ဖေဖော်ဝါရီ ၁၉ ရက် မှာ ဘုရား ပွဲ ကျင်းပမှာမို့ပြီးရမယ့် အပိုင်းတွေကို ပြီးစီးအောင် လုပ်သွားမယ်။အရင်ထက်ကို ရင်ပြင်တော်က တော်တော်လေး ကို ကျယ်သွားပါပြီ” ဟု မြတ်မော်တင်စွန်း ဆရာတော်က Travelling သို့ မိန့်ကြားသည်။

ရင်ပြင်တော်တိုးချဲ့ခြင်းများကို မှော်ဘီသဲဖြူဆရာတော်ကြီးမှ ဦးဆောင်ပြီး ဆောင်ရွက် လျက်ရှိကာ လက်ရှိတွင် ဘုရားရင်ပြင်တိုးချဲ့ခြင်းလုပ်ငန်းများကို ဆောင်ရွက် နေသည်မှာ ငွေကျပ် သိန်း သောင်းကျော် ကုန်ကျပြီဖြစ်ကြောင်း သိရသည်။

Photo Myat Mawtin Pagoda
Photo ဘုရားဖူးများကြည်ညို သဒ္ဒါတရားများဖြင့် ဖူးမြှော်မြင်တွေ့ရမည့် ဆံ​တော်ရှင် မြတ်မော်တင်စွန်း စေတီတော် မြတ်ကြီး၏ မကြာခင် ပြီးစီးတော့မည့် ရင်ပြင်တော် ဒီဇိုင်းများကို တွေ့ရစဥ်။

ရုရှား Blogger အမျိုးသမီး ပုဂံရှေးဟောင်းဒေသ၊ အင်းလေး၊ ငပလီ နှင့် မြို့ကြီးသုံးမြို့သို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့

Travelling Journal

ပြည်ပခရီးသွား ဧည့်သည်များ မဖြစ်မနေ လေ့လာလည်ပတ်ကြသည့် အင်းလေးဒေသသို့ရုရှားBlogger အမျိုးသမီးတစ်ဦး ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရုရှားဘလော့ဂါ အမျိုးသမီး တစ်ဦး သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်သူတစ်ဦးဖြစ်ပြီး Tourist Attraction များဖြစ်ကြသည့် ပုဂံရှေးဟောင်း ယဥ်ကျေးမှု ဒေသ ၊ အင်း​လေးဒေသ ၊ ပဲခူးမြို့ သို့ သွားရောက် လေ့လာလည်ပတ်ခဲ့ကြောင်းသိရသည်။

” ကျွန်တော် တို့ဆီကိုတော့ ကြိုတင် Booking လုပ်ပြီး လာရောက်တည်းခိုခဲ့တာပါ”ဟု မိုင်းသောက်ရှိ ကြယ်ငါးပွင့် အဆင့်မီ VILLA INLE BOUTIQUE RESORT က တာဝန်ရှိသူက Travelling သို့ ပြောသည်။

မြန်မာ နိုင်ငံသို့ ပထမဆုံး လာရောက်လည်ပတ်ခဲ့တာဖြစ်ပြီး ၁၀ ရက်တာ ကာလအတွင်း ငပလီ၊ပုဂံ ၊ မန္တလေး ၊ အင်းလေး ၊ ပဲခူးနဲ့ရန်ကုန်ကို လည်ပတ်ခဲ့သည်။

“သွားလည်ပတ်တဲ့ကာလအတွင်း Safe ဖြစ်ခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ နေရာတွေ လည်း ဖြစ်ပါတယ်။ အရင်နေရာတွေနဲ့ အရမ်းကွာခြားတဲ့ မြို့လို့ ခံစားရပါတယ်။ ခရီးစဥ် ကာလအတွင်း အဆင်ပြေခဲ့ပါတယ်။ မိခင်နိုင်ငံကို ပြန်သွားရင်လည်း recommend ပေးသွားပါမယ်။ မြန်မာပြည်အတွက်လည်း အမြန်ဆုံး ခရီးသွားလုပ်ငန်း ပြန်လည် ဖွံ့ဖြိုးတိုးတတ်လာပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ် “ဟု ရုရှားဘလော့ဂါ Olya Lukyanova က Travelling ၏ မေးမြန်းချက်ကို ပြန်လည် ဖြေ ကြားပေးခဲ့သည်။

ရုရှားဘလော့ဂါ Olya Lukyanova သည် Teen Daily မီဒီယာ၏ တွဲဖက်တည်ထောင်သူတစ်ဦးဖြစ်ပြီး အင်စတာဂရမ်တွင် Teen Daily ၏ Follow မှာ တစ်သန်းရှိကြောင်း သိရသည်။

Photo Credit – Olysi

ကလောမြို့၏ အထင်ကရ ဟိုတယ်တစ်ခု တောင်ပေါ်ရှုခင်းသာဟိုတယ်ကို ရောင်းချ

Travelling Journal

ထင်းရှုးမြို့တော်ဟု တင်စားခံထားရသည့် ကလောမြို့၏ အထင်ကရ ဟိုတယ် တစ်ခုဖြစ်ပြီး ရှုခင်းအလှဆုံး View Point တစ်ခု ဖြစ်သည့် Hill Top Villa Hotel (တောင်ပေါ်ရှုခင်းသာဟိုတယ်) ကို ပြန်လည် ရောင်းချ​တော့မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိကာလတွင် ခရီးသွား လုပ်ငန်း ကောင်း မွန်နေသည်ဟု မဆိုနိုင်သော်လည်း ပြီးခဲ့သည့် သုံးနှစ်ကျော် ကာလအတွင်း ၌ ခရီးသွား လုပ်ငန်းကြောင့် Tourism Industry တစ်ခုလုံး ယိုင်နဲ့ခဲ့ရပြီး ဟိုတယ်အများစုမှာ ဘဏ်တိုးများကြောင့် ဟိုတယ်တစ်ချို့ ဘဏ်များကို ရောင်း ချခဲ့သည့် ဖြစ်စဥ်များလည်း ရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ကတော့ အဲလိုမဟုတ်ပါဘူး။ ပိုင်ရှင်သဘောအရ ပြန်ရောင်းချတာပါ။ အခုတော့ နီးနီးစပ်စပ် Offer ထွက်ထားတာလည်း ရှိပါတယ်။ နိုင်ငံခြားသားလည်း ဝယ်လို့ရပါတယ်။ သိန်းကြီး ၂ သိန်း နဲ့ ရောင်းချမှာ ဖြစ်ပါတယ် “ဟု ယင်းဟိုတယ်မှ တာဝန် ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

ယင်းဟိုတယ်သည် ဓာတ်ပုံ ရိုက်ရန် အကောင်းဆုံး နေရာတစ်ခုဖြစ်ကာ ခရီးသွား အများစု မှာ ယင်းနေရာသို့ မဖြစ်မနေ သွားရောက်လည်ပတ်ကြလေ့ရှိကြောင်းသိရသည်။

“အခု ပြန်ရောင်းချမယ်လို့တော့ကြားတယ်။ လက်ရှိ က ဝင်​ကြေး ဘာညာတော့မပေးရပါဘူး။ နောက် ပိုင်ရှင် အသစ် ဖြစ်ရင်တော့ ဝင်ကြေး ကောက်မလား တော့ မသိဘူး။ အဲလိုကောက်မယ်ဆိုရင်တော့လည်း တနည်းတဖုံ စဥ်းစားရမယ် “ဟု ကလောအခြေစိုက် ခရီးသွား လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက Travelling သို့ ပြောသည်။

ကိုဗစ် ကာလအတောအတွင်းနှင့် နိုင်ငံရေးအခြေအနေ များကြားကာလတွင် နေပြည်တော် ၊ ပုဂံ၊ အင်းလေး၊ ကလော ၊ ချောင်းသာ ၊ ငွေဆောင် ၊ ငပလီ နှင့် ရန်ကုန် မြို့ရှိ ဟိုတယ် အလုံးရေ( ၁၀၀) ဝန်းကျင်ခန့်ကို ပိုင်ရှင်များက ပြန်ရောင်းချနေကြောင်း ဟိုတယ်လုပ်ငန်းအသိုင်းအဝန်းမှ သိရသည်။

Photo Hillto