မိုးကောင်း မြို့၏ ပထမဆုံးခရီးစဥ်သစ်အဖြစ် လွယ်ဟင်းချယ်တောင် တိမ်ပင်လယ် – ကြာအင်းရွာ – ရွှေဝက်တိုးဘုရားလမ်းကြောင်းကို ဖော်ဆောင်မည်

Travelling journal

ကချင်ပြည်နယ် မိုးကောင်း မြို့၏ အမြင့်ဆုံးတောင်ဖြစ်သည့် လွယ်ဟင်းချယ်တောင် တိမ်ပင်လယ်ကြည့်ရှုပြီး တောင်ခြေရှိ ကြာအင်းရွာ နှင့် ရွှေဝက်တိုး ဘုရား ဖူး လမ်းကြောင်းခရီးစဥ်သစ်ကို ဖော်ဆောင်မည်ဟု မြစ်ကြီးနား အခြေစိုက် နွေဦးခရီးသွားကုမ္ပဏီ မှ ဒါရိုက်တာဒေါ်ရွှေရွှေမြင့်က Travelling journal သို့ ပြောသည်။

မိုးကောင်းမြို့မှကြာအင်းရွာသို့ သွားရောက်ပြီး ကြာအင်းရွာတောင်​ခြေမှ တောင်ပေါ်သို့ တစ်နာရီဝန်းကျင်ခန့် လမ်း​လျှောက်ရမည်ဖြစ်ကာ တိမ်ပင်လယ် ကိုကြည့်ရှုပြီးနောက် ရွှေဝက်တိုးဘုရားကို သွားရောက်ပြီးဖူးမြှော်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မိုးကောင်းမြို့ လွယ်ဟင်း​ချယ်တောင်၏ တိမ်ပင်လယ် သည် နိုဝင်ဘာ လမှ ဖေဖေါ်ဝါရီလအထိ တိမ်ပင်လယ်ကို မြင်တွေ့နိုင်ပြီး တောင်ပေါ်မှ ၃၆၀ ဒီဂရီ ပတ်လည်​မြင်ကွင်းအထိ မြင်တွေ့ခံစားနိုင်ခြင်းက ထူးခြားမှု ဖြစ်
ကြောင်း ကချင်ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဦးခိုင်ဝင်းက Travelling journal သို့ ပြောကြားသည်။

မိုးကောင်းမြို့၏ တိမ်ပင်လယ်ခရီးစဉ်ဒေသသစ်ဖော်ဆောင်နိုင်ရန် အတွက် ဒီဇင်ဘာ လ (၁၉) ရက်တွင် ကချင်ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဦးခိုင်ဝင်းနှင့်အဖွဲ့မှ သွားရောက်လေ့လာ ကွင်းဆင်းခဲ့သည်။

” လွယ်ဟင်းချယ် တောင်ပေါ်ကနေ တောင်ခြေကို ဆင်းလာတဲ့အခါမှာ နောက်ထပ် ၁၀ မိနစ်လောက်ပဲ သွားရင်
ရွှေဝက်တိုးဘုရားကို ရောက်တယ်။ အရင်က နာမည်ကြီးခဲ့တဲ့ဘုရား။ လူတွေက မဖော်ဆောင်မိတော့ တိမ်မြှုပ်နေသလိုဖြစ်သွားတာ”ဟု မိုးကောင်း ဒေသခံ တစ်ဦးက ပြောသည်။

ထို့ပြင် မိုးကောင်းမြို့၏ ကျောက်ဝိုင်းမှာ ယခင်က တည်းက နာမည်ကြီးခဲ့သည့် ကျောက်ဝိုင်းဖြစ်သလို မန္တလေး ကျောက်ဝိုင်း မိုးကုတ်ကျောက်ဝိုင်းထက် ပိုပြီး စောသည့် ကျောက်ဝိုင်းဖြစ်သော်လည်း တိမ်မြှုပ်ခဲ့ခြင်းကြောင့် ပြန်လည် ပေါ်ပေါက်လာရန်အတွက် မိုးကောင်းကျောက်ဝိုင်းကို ပြန်လည် ဖော်ထုတ်သွားရန်ကြိုးစားနေကြောင်းဒေသခံများထံမှ သိရသည်။

ထို့ပြင် မိုးကောင်းမြို့ နန့်ရင်းရပ်ကွက် တွင် ကျောက် သွေးလုပ်ငန်းလုပ်သည့် အိမ်များရှိပြီး အရိုင်းမှ အချောထိ အဆင့်ဆင့်ကျောက်သွေးရသည့် မြင်ကွင်းများကို လေ့လာနိုင်ကြောင်း သိရသည်။

” တောင် ပေါ်ကနေ ဆင်းလာပြီး ရင်ဘုရားကိုသွားမယ်။ ပြီးရင် ကျောက်သွေးတဲ့ အိမ်တစ်အိမ်နှစ်အိမ်ကို ခေါ်သွားပြမယ်။ရန်ကုန် ၊ မန္တလေး ကနေ လာတဲ့ဧည့်သည်ဖြစ်ဖြစ် နယ်စပ်ကလာတဲ့တရုတ်ဧည့်သည်ပဲ ဖြစ်ဖြစ် ကျောက်သွေးလုပ်ငန်းကိုပြမယ်။ဘယ်လိုထွင်းတယ်ဆိုတာကိုပြပေးမယ်။ မိုးကောင်းကို ပြည်တွင်းပြည်ပ ခရီးသွား တွေ လာရောက်စေလိုတာမို့ ကြိုးစားသွားမယ်”ဟု နွေဦးခရီးသွားကုမ္ပဏီ မှ ဒါရိုက်တာ ဒေါ်ရွှေရွှေမြင့်က Travelling journal သို့ ပြောသည်။

ထို့ပြင် ဒေသခံတစ်ဦးဖြစ်သည့် ဦးဝင်းနိုင်က မိုးကောင်း ဒေသထွက်အစားအစာများ မိုးကောင်းဒေသ၏ မိရိုးဖလာကျောက်သွေးလုပ်ငန်းများကိုလည်းလေ့လာနိုင်ကြောင်း ပြောကြား သည်။

မြစ်ကြီးနားလာရောက်သည့် ခရီးသွားအများစုအ​​ဖြင့် မြစ်ဆုံ လည်ပတ်ပြီးပါက ခရီးစဥ် ပြီးဆုံးသွားပြီးလည်ပတ်စရာမရှိတော့သည့်အနေအထားဖြစ်​နေသည့်အတွက် မိုးကောင်းမြို့သို့လာရောက်လည်ပတ်စေလိုပြီး
ခရီးစဥ် ဒေသအဖြစ် ပေါ်ပေါက်လာစေလိုခြင်းဖြစ်​ပြီးမိုးကောင်းမြို့၏ တိမ်ပင်လယ်ခရီးစဉ်ဒေသသစ်ဖော်ဆောင်နိုင်ရေးအတွက် “We Love Mogaung” Group နှင့် နွေဦးခရီးသွားကုမ္ပဏီတို့မှ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လွယ်ဟင်းချယ် တောင်ပေါ်သို့ နေ့စဥ် မြစ်ကြီးနား နှင့် မိုးကောင်းဒေသခံ လူဦးရေ ၁၀၀ ကျော် တက်ရောက်လျက်ရှိကြောင်း သိရသည်။

ကလော – အင်းလေး Trekking လျှောက်ရင်း ပတ္တူပေါက်ကျေးရွာရှိ တိမ်ပင်လယ်ရှုခင်းအလှကို ကြည့်ရှုခံစားနိုင်

Travelling journal

ကလော -အင်းလေး Trekking လမ်းကြောင်းပေါ် ရှိ ခရီးသွားဧည်သည့် အများစု ညအိပ်စခန်းအဖြစ် အခြေ ချသည့် ပတ္တူပေါက်ကျေးရွာတွင် Trekking လျှောက်ရင်း တိမ်ပင်လယ်ရှုခင်းအလှ ကို ခံစားကြည့်ရှုနိုင်ကြောင်း ရွာဒေသခံဧည့်လမ်းပြ ဖြစ်သူ ဦးဝေလျှံဖြိုးက Travelling journal သို့ ပြောသည်။

အဆိုပါကျေးရွာမှာ ကလောမြို့နယ် ငုတ်ကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ပအို့ဝ်းတိုင်းရင်းသားများနေထိုင်ကြသည့်ကျေးရွာဖြစ်ကာ အိမ်ခြေ ၂၅၀ နီးပါးရှိကြောင်းသိရသည်။

’’ကလောက လာတဲ့ ညအိပ်ခရီးသွားတွေဆိုရင်ကျွန်တော် တို့ ရွာမှာပဲ Camp ညအိပ်ကြတယ်။ တခြားပြည်တွင်းခရီးသွားလုပ်တဲ့ သူတွေလည်း Camp နဲ့ အိပ်ကြတာရှိတယ်။ တောင်ပေါ်ကိုတော့ ဘယ်သူမှ တက်မကြည့်ကြဘူး”ဟု ဦးဝေလျှံဖြိုးက Travelling journal သို့ပြောသည်။

တောင်ကြီးမှ လာရောက်မည်ဆိုပါက အောင်ပန်းမြို့သို့ တစ်နာရီ ဝန်းကျင်သွားရပြီး ထိုမှတဆင့် ပတ္တူပေါက် ကျေးရွာသို့ ၄၅ မိနစ် ဝန်းကျင် ခန့်ထပ်မံ သွားရောက်ရမည်ဖြစ်ကာ ကျေးရွာမှ တဆင့် တောင်ပေါ်သို့ နာရီဝတ်ခန့် Trekking လျှောက်ရုံဖြင့် တိမ်ပင်လယ် ကြည့်ရှုနိုင်သည့် တောင်ကုန်းပေါ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အောင်ပန်းမြို့မှလာရောက်မည်ဆိုပါက အင်းတိန် သွားသည့် ကားလမ်းအတိုင်း လာရောက်ပါက မြေခြားရွာသို့ရောက်ရှိမည်ဖြစ်ကာ ထိုမှတဆင့် ငါးမိနစ်ခန့်ကြာပါက ပတ္တူပေါက် ရွာသို့ ရောက်ရှိမည်ဖြစ်ကြောင်း
သိရသည်။

“ပထမဆုံးသွားရောက်လေ့လာခဲ့တာပါ။အခု ဒီ လမ်း ကြောင်း က သွားနေကြ မြင်နေကြ ပုံစံမျိုးမဟုတ်ဘဲ
တမူကွဲထွက်နေတာပေါ့။ ခါတိုင်းသွားနေကျရင်ပင်းတယ-ရွာငံဘက်သွားတဲ့ တွေ့ရတဲ့ပုံစံက ဗျုးအကျယ်ကို တွေ့ရတယ်။ ဒီဘက် ဗျူးကတော့ ဗျူးမကျယ်ဘူး။ တောင်ကုန်းလေးတွေနဲ့ တွေ့ရတဲ့ ဟာလေးတွေက နည်းနည်းအမြင်တမျိုး ဆန်းတာမျိုးဖြစ်တယ်။ နောင်ချိုမှာကျတော့ ဒုဋ္ဌဝတီမြစ်ကနေ တက်လာတဲ့ တိမ်အလှက တစ်မျိုး၊အခု ပတ္တူပေါက်ကျတော့ တိမ်ရဲ့အောက်မှာစိုက်ခင်းတွေ့ရတယ်၊ကျွန်တော်ရောက်သွားတာက မနက် ၇ နာရီလောက်မှ ရွာထဲ ရောက်သွားတာ၊ ရွာထဲမှာ မြူတွေကျနေတာတော့ ကျန်နေသေးတယ်။ ရှိတော့ရှိပါ
မလားဆိုပြီး တောင်ပေါ် ခေါ်တက်သွားတော့ တိမ်ပင်လယ်ကို တွေ့ရတော့ အရမ်းအံ့သြသွားတယ်။
၈ ခွဲလောက် ထိကို ရှိနေသေးတယ်။ဒီနေရာကိုရောက်လာရင် တစ်မျိုးတစ်ဖုံ နေရာတွေဘယ်လောက်ပဲ လည်ခဲ့လည်ခဲ့ ဒီဒေသရဲ့ရသ အသစ်လေးကို ရောက်တဲ့ သူတိုင်းရဲ့ စိတ်ထဲမှာတော့ စွဲကျန်ခဲ့မှာပဲ’’ ဟု သွားရောက် လေ့လာခဲ့သည့် ကိုအောင်မျိုးက ပြောပြသည်။

အဆိုပါကျေးရွာသို့ပြည်တွင်းခရီးသွားများပိုပြီး လာရောက်စေချင်ကြောင်း မနက်စောစော တိမ်ပင်လယ်ကြည့် ပြီး ရွာထဲလေ့လာလည်ပတ်ကာ ဝါးရက်လုပ်သည့် မြင်ကွင်းများကိုလေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။

Photo Sai Aung Myoe

သနတ္တန်း ၊ ဇုတ်သုတ်၊ကေလာသ၊မုသင်နှင့် ဒရယ် ရွာ တို့ကို ခရီးစဥ်ဒေသသစ်အဖြစ် အကောင် အထည်ဖော်မည်

Travelling Journal

ပဲခူးတိုင်းဒေသကြီး သနပ္ပင်မြို့နယ်ရှိ သနတ္တန်းကျေးရွာ၊ မွန်ပြည်နယ်ဘီးလင်းမြို့နယ်ထဲရှိ ဇုတ်သုတ်ကျေးရွာ၊ ကေလာသတောင် ၊မုသင်ကျေးရွာ၊ ချောင်းဆုံ မြို့နယ်ရှိ ဒရယ်ကျေးရွာတို့ကို ခရီးသွားဒေသ အားကောင်းလာမည့် ခရီးစဥ် သစ်အဖြစ် အကောင်အထည်ဖော်သွားမည်ဟု HELVETAS Myanmar ၏ အကြံပေးတစ်ဦးဖြစ်သူ ဒေါ်နီလာထွန်းက Travelling journal သို့ ပြောသည်။

HELVETAS Myanmar၏ မိတ်ဖက်နိုင်ငံတကာ ဆိုင်ရာခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သည့် Alsharq မှ၂၀၂၀ ခုနှစ်အစောပိုင်းက မုတ္တမပင်လယ်ကွေ့ ဒေသအတွင်းရှိ ခရီးသွားလုပ်ငန်းအလားအလာရှိသော နေရာများကို လေ့လာစမ်းစစ် မှုများ ပြုလုပ်ခဲ့ပြီး ခရီးသွားလုပ်ငန်းအတွက် အလားအလာကောင်း သည့် ယင်းနေရာသုံးခုကို တွေ့ရှိခဲ့ခြင်းဖြစ် သည်။

ထို့ပြင် အဆိုပါကျေးရွာများတွင် လူထုအခြေပြုခရီးသွားလုပ်ငန်း လုပ်ကိုင်မည့် ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များကို HELVETAS Myanmar မှ ဖိတ်ခေါ်သွားမည်ဟု ယင်းအဖွဲ့မှ အကြံပေးအဖွဲ့ဝင်တစ်ဦးက Travelling Journalသို့ ပြောသည်။

’’နောက်လ ၇ ရက်နေ့မှာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုထပ်ရှိပါမယ်။ အဲဒီမှာ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေကို သီးသန့် ထပ်ပြီး အလုပ်ရုံဆွေးနွေးပွဲထပ်လုပ်သွားဖို့ရှိပါတယ်။ အဲဒါပြီးမှသာ ဘယ်တော့လောက် အကောင်အထည်ဖော်မယ်ဆိုတာကို သိရမှာပါ”ဟု ၄င်းက ပြောသည်။

သနတ္တန်းကျေးရွာသည် ဝေါမြို့အထွက် ပဲခူးတိုင်း ဒေသကြီးအတွင်းတည်ရှိပြီး ခရီးစဉ်သစ် ဖော်ဆောင်နိုင်ကြောင်း ထို့ပြင် ရန်ကုန်မှ ကျိုက်ထီးရိုး၊ရန်ကုန် -မော်လမြိုင် သွားရောက်မည့် ခရီးသွားများအတွက် One Stop နေရာတစ်ခုအနေဖြင့် လည်ပတ်နိုင်သည့် နေရာတစ်ခုဖြစ် ကြောင်း သိရသည်။

နောက်ထပ်ဖော်ဆောင်နိုင်သည့် ခရီးစဉ်တစ်ခုမှာ ကျိုက်ထိုနှင့်ပတ်ဝန်းကျင်တွင် ရှိသည့်အတွက် ဇုတ်သုတ်၊
မုသင်၊ ကေလာသကိုလည်း ခရီးစဉ်တို့ကို ခရီးစဉ်တစ်ခုအနေနှင့် ပေါင်းပြီး ဖော်ဆောင် နိုင်ကြောင်း သိရသည်။ ထို့ပြင် ချောင်းဆုံမြို့ ရွာလွတ်ရွာမှ ၄၅မိနစ်ခန့်သွားရောက်ပါက ရောက်ရှိသည့် ဒရယ်ကျေးရွာကိုလည်း CIT ဖော်ဆောင်နိုင်ကြောင်း သိရသည်။

’’ဒရယ်ဘက်ကတော့ နေ့ချင်းပြန်လည်းရတယ်၊CITလည်းလုပ်လို့ရပါတယ်၊ မုသင်ရွာကျတော့ CIT
မလုပ်တာက သူက ကျိုက်ထိုနဲ့လည်းနီးတယ်။ မြို့ပေါ်အိပ်လို့ရတယ်။ ကျန်နှစ်ခုကို လုပ်ပါမယ်။ မုသင်မှာလည်း စားသောက် ဆိုင်ပုံစံမျိုုး၊ နားနေတဲလိုမျိုးတွေလည်း ဖော်ဆောင်လို့ရတဲ့ အနေအထားတွေလည်း ရှိပါတယ်’’ဟု အကြံပေး ဖြစ်သူ မနီလာထွန်းကTravelling Journal သို့ ပြောသည်။

မုတ္တမပင်လယ်ကွေ့ဒေသအတွင်း ရေရှည်တည်တံ့ ခိုင်မြဲသော သဘာဝအရင်းအမြစ်များစီမံခန့်ခွဲရန်နှင့် မိသားစုဝင်များ အတွက် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်းများ မြှင့်တင်ပေးရန်ရည်ရွယ်ပြီး
ယင်းစီမံကိန်း များ အောင်မြင် စေရန်အတွက်
Network Activities Group( NAG)နှင့် International Union for The Conservation of Nature (IUCN)တို့ မှ ပူးပေါင်းပါဝင်မှုဖြင့် HELVETAS Myanmar မှ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာပေါင်း ၆၀ အိမ်ထောင်စု ၁၆၀၀၀ ဝန်းကျင် ခန့်အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Photo Nilar/Travelling journal

ရှမ်းပြည်နယ်၏ ပြည်နယ်ဘတ်ဂျက် တစ် ဘီလီယံဖြင့် Tourism village ၁၀ ရွာကို ဖော်ဆောင်မည်

Travelling journal

ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ပြည်နယ်ဘတ်ဂျက်တစ်ဘီလီယံ ဖြင့် Tourism village ၁၀ ရွာကို ဖော်ဆောင် သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးညွှန့်လွင် က Travelling journal သို့ ပြောသည်။

“Tourism village လုပ်ဖို့ ၁ ဘီလီယံ လျာထားတယ်။ အစကတော့ ရွာ၂၀ လုပ်ဖို့ပါ။ ဒါပေမဲ့ အကျိုးသိပ်မရှိမှာစိုးလို့ ၁၀ ရွာကိုပဲ လုပ်လိုက်မယ်။ နောက်မှ ထပ်တိုးမယ်။အခု ဒီနှစ်အတွက် ၁၀ ရွာ။ နောင်နှစ်လည်း ဘတ်ဂျက်ထပ် လျာသွားပြီး ထပ်တိုးလုပ်ဆောင်သွားမယ်”ဟု ၄င်းက ပြောသည်။

Tourism Village ဖော်ဆောင်ရခြင်းမှာ မြို့ပြ ရှိ ဟိုတယ်များတွင် တည်းခိုခြင်းထက် ရွာများတွင် ညအိပ်ည​နေ
တည်းခိုမှုများလာစေရန်ရည်ရွယ်ပြီး ယင်းကဲ့သို့ ဖော်ဆောင်နိုင်ပါက ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်သလိုအလွှာ အသီးသီးမှ ဝင်ငွေရရှိစေမည့်အပြင် ဒေသ ထွက်ကုန်များကိုလည်းတိုက်ရိုက်ဝယ်ယူရရှိနိုင်မည့်အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Tourism Village ဖော်ဆောင်နိုင်မည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကျေးရွာ များကို ဖော်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည် ။

“ရှမ်းပြည်နယ် အတွင်းက ကျေးရွာ ၁၀ ရွာကို လုပ်သွားမှာပါ။ အခုကတော့ ကွင်းဆင်းလေ့လာစစ်ဆေးနေပါတယ်။ရှမ်း/ရှေ့နဲ့ ရှမ်း/မြောက် နှစ်ခုစလုံးလဲ ပါပါမယ်”ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှူး
ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က Travelling journal သို့ ပြောသည်။

အဆိုပါ ၁၀ရွာမှာ ရှမ်း/မြောက်ရှိ ကျောက်တော ရွာ၊ ရှမ်း/ရှေ့ရှိ ကျိုင်းတုံ တွင် တစ်ရွာဖော်ဆောင်မည်ဖြစ်သလို ရှမ်း/အရှေ့ပိုင်းက ငြိမ်းချမ်းသည့်အတွက် သုံးရွာဖော်ဆောင်ရန်မှန်းထားပြီး ရှမ်း/တောင်တွင် ၆ ရွာဖော်ဆောင်ရန် မျှော်မှန်းထားကြောင်းသိရသည်။

၂၀၂၀-၂၁ ပြည်နယ် ဘတ်ဂျက်ကျလာသည့်အတွက် ယခုကဲ့သို့ အကောင်အထည်ဖော်ခြင်းဖြစ်ပြီးရှမ်းပြည် နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဘတ်ဂျက်ဖြင့် Tourism Village ကို အကောင်ထည်​ဖော်သည့် ပထမဆုံး ပြည်နယ်အစိုးရအဖွဲ့ဖြစ်ကြောင်းသိရသည်။

Photo U Soe Nyunt Lwin FB

ဓာတ်ပုံရှုခင်းကြည့်ကွက်များဖြင့် ဖန်တီး ထား သည့် တောင်ကြီးမြို့ရှိ ဇော်ဂျီ ပန်းခြံ ကို National Park အဆင့်မီ​ဖြစ်အောင် အကောင် အထည် ဖော်မည်

Travelling journal

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ရှိ ဓာတ်ပုံရှုခင်းကြည့်ကွက်များ ဖြင့် ဆွဲဆောင်ဖန်တီးထားသည့် ဇော်ဂျီ ပန်းခြံ ကို အမျိုးသားဉယျာဥ် (National Park)အဆင့်မီဖြစ်အောင် အကောင်အထည် ဖော်ဆောင် သွားမည်ဖြစ်ကြောင်း ဇော်ဂျီပန်းခြံ ၏ CEO ဖြစ်သူ ဒေါ်မိုးသချေၤ က Travelling journal သို့ ပြောကြားသည်။

အဆိုပါ ဇော်ဂျီပန်းခြံ ကို သဘာဝ တောတောင်ရှုခင်းကြည့် များနှင့်တွဲဖက်ကာ ဓာတ်ပုံရှုခင်းကြည့်ကွက်များဖြင့် ဖန်တီးပုံဖော်ထားပြီး ဓာတ်ပုံ ရိုက်ကူးရန် အကောင်းဆုံးနေရာတစ်ခုဖြစ်သည်။

“တောင်ငါးလုံးကြားထဲမှာ View ကြည့်လို့ရနိုင်တဲ့နေရာလေးမှာ ဇော်ဂျီ ပန်းခြံကို တည်ထားတာပါ။ လက်ရှိ ၁၀ ဧက ကိုသာ ဆောင်ရွက်ထားပြီး ပန်းခြံ ရယ် ရေကန် ရယ်ထည့်သွင်းထားတယ်။ Sunset ကြည့်တဲ့ ​နေရာတွေ ဖန်တီးထားတယ်။ ရှုခင်းကြည့်ပြကွက် ငါးနေရာ ဖန်တီးထားတယ်”ဟု ဒေါ်မိုးသချေၤ က Travelling journal သို့ ပြောကြားသည်။

အဆိုပါနေရာသို့ တောင်ကြီးမြို့မှ သွားရောက်မည်ဆိုပါက မိနစ်၂၀ ခန့်သွားရောက်ရုံမျှဖြင့် ရောက်ရှိနိုင်သည့်နေရာဖြစ်သလို အဝေရာ မီးပုံပျံကွင်း မှ ဆိုပါက ၁၀မိနစ်ဝန်းကျင်ခန့် သွားရမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော် တို့အစိုးရအ​နေနဲ့များစွာအား​ပေးပါတယ်။ Happy city ​ဖော်​ဆောင်ရာမှာ​တော့ ပုဂ္ဂလိက အခန်းကဏ္ဍက အ​ရေးကြီးပါတယ်။ နောင် Smart & Happy city ​ဖော်​ဆောင်ပြီးရင်​တော့ အင်း​​လေးနဲ့ တာချီလိတ် ကျိုင်းတုံ လာလည်တဲ့ ခရီးသည်​တွေအတွက်​ တောင်ကြီးမြို့ရဲ့ခရီးစဥ်အသစ်ဖြစ်လာနိုင်လိမ်မယ်လို့​ မျှော်လင့်ပါတယ်”ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင် က Travelling journal သို့ ပြောသည်။

ဇော်ဂျီပန်းခြံ မှာ ဧကအကျယ် ၅၅ ဧက ရှိပြီးလက်ရှိတွင် ထင်းရှုးပင် အပင်တစ်သိန်းကျော် စိုက်ပျိုးထားသလို စိန်ပန်းနီပင်၊စိန်ပန်းပြာ၊ငုချယ်ရီပင်နှင့် အစိမ်းရောင်ပန်းပင်များအပြင် သစ်ပင် အပင်ကြီးများကိုလည်း စိုက်ပျိုးထားကြောင်း သိရသည်။

လက်ရှိ အပင်ပေါင်း ၆ သိန်းကျော် စိုက်ပျိုးထားပြီးလွန်ခဲ့သည့် သုံးနှစ်ကတည်းက အပင်ကြီးပင်များကို စိုက်ပျိုးထားခြင်းဖြစ် သည်။

” မြန်မာပြည်ကို ရောက်ရင် ရှမ်းပြည်က ဒီနေရာကို မဖြစ်မနေလာရောက်လည်ပတ်ရမယ့် National Park ပုံစံမျိုးအဖြစ် ပုံဖော်သွားမှာ။ ပန်းခြံထက် သဘာဝအတိုင်းခံစားလို့ရနိုင်တဲ့ ခံစားမှုကို ရရှိအောင် လုပ်သွားမှာပါ။ အခု
ဒီနှစ်ကို ရောင်စုံပန်းပင်တွေ ပိုစိုက်ဖို့လုပ်ထားတယ်။ မြို့ပြလူနေ မှုကို မွန်းကြပ်လာတော့ ရှမ်းပြည်ဘက်ကိုလာရင် အမရဲ့ဒီဇော်ဂျီပန်းခြံကို လာပြီး ဒီနေရာမှာ လေး​ရက်လောက် အနားယူနိုင်အောင် လုပ်သွားမယ်၊ နောက်ပိုင်း ရီဆော့တွေကို လည်း ထည့်သွင်းဆောက်သွားမယ်။ စိတ်ကို ကျန်းမာအောင်လုပ်ပြီး ပြန်တာမျိုး ဖြစ်တဲ့အထိ လုပ်ဆောင်သွားမယ်။ သဘာဝနဲ့ကိုက်ညီတဲ့ Activity တွေကို ထည့်သွင်းသွားမယ်။ ဒီလိုသဘာဝ တရားကို ချစ်တတ်လာအောင် သစ်ပင်တွေကို ချစ်မြတ် နိုးတတ်လာအောင် အမကို ငယ်ငယ်ကတည်းက အဖေနဲ့အမေက ပုံသွင်းပေးခဲ့တာ”ဟု ဒေါ်မိုးသချေၤ က ပြောသည်။

ယင်းကဲ့သို့ ဖော်ဆောင် နိုင်ပြီဆိုပါက မြန်မာ နိုင်ငံ၏ ပုဂ္ဂလိက ပထမဆုံး အမျိုးသား ဥယျာဉ် တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

ဇော်ဂျီပန်းခြံတွင် လက်ရှိ လူကြိုက်များလှသည့်Package အမျိုးအစား သုံးမျိုးရှိပြီး တနင်္လာ​နေ့ည​နေတိုင်း အီတလီဝိုင်​လေး​သောက်ရင်း ပန်းချီဆွဲသည့် Wine & Paint Package ကို တစ်ဦးလျှင် ​ကျပ် လေးသောင်း၊ Picnic Package နှင့် Breakfast Packageစသည့် ဝန်ဆောင်မှု သုံးခုကို ဆောင်ရွက် ပေးထားပြီး ပန်းခြံကို နံနက် ၁၀နာရီမှ ညနေ ၇နာရီထိ ဖွင့်လှစ်ထားကာ ဝင်ကြေးအနေဖြင့် တစ်ဦးလျှင် ကျပ်သုံးထောင် ပေးရကြောင်း သိရသည်။

ထို့ပြင် ဇော်ဂျီဖောင်ဒေးရှင်းကိုလည်းတည်ထောင်ထားပြီး ပန်းခြံမှ ရရှိသည့် ဝင်ငွေ ၏ အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းကို တောင်ကြီး မြို့စည်ပင်သာယာရေးအတွက် ပြန်လည်လှူဒါန်းပြီး ရှမ်းပြည်နယ် တိုးတက်ရေး အတွက် အဓိက လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

National ParkSmart & Happy city

စင်းလုံးဌား Sightseeing Flights Tour ကို မြန်မာ အမျိုးသား လေကြောင်းလိုင်းနှင့် စတင် အသုံးပြုမည်

Travelling journal

ဝေဟင် ရှုခင်းကြည့် စင်းလုံးဌား Sightseeing Flights Tour ကို မြန်မာ အမျိုးသားလေကြောင်းလိုင်း( MNA )နှင့် စတင်အသုံးပြုသွားမည်ဟု ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးတင်လတ်က Travelling journal သို့ ပြောသည်။

လက်ရှိတွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှစင်းလုံးဌားရမ်းခစျေးနှုန်းများကို တောင်းယူထားပြီး စျေးနှုန်းတွက်ချက်ပြီးပါက ယင်းခရီးစဥ်ကို အကောင် အထည် ဖော်သွားမည်ဖြစ်ကြောင်းသိရသည်။

“အဲဒါနဲ့ပတ်သက်ပြီး Official ပြောလို့မရသေးပါဘူး။ ညှိတာပဲရှိသေးတယ်။ ဘာမှတရားဝင်ပြောလို့မရသေးပါဘူး”ဟု မြန်မာ အမျိုးသားလေကြောင်းလိုင်းမှ အရောင်းပိုင်းတာဝန်ယူထားသည့် တစ်ဦးက Travelling journal သို့ပြောသည်။

ထို့ပြင် ပြည်တွင်း ပုဂ္ဂလိက လေကြောင်းလိုင်း တစ်ခုဖြစ်သည့် ကမ္ဘောဇ လေကြောင်းလိုင်းနှင့်လည်း ညှိနေကြောင်းရှိသော်လည်း အတိအကျ မပြောသေးကြောင်း လတ်မှတ် အရောင်းကိုယ်စားလှယ်တစ်ဦးကလည်း Travelling journal သို့ပြောသည်။

“ဟိုတယ်ခရီး ကိုစာတင်ထားတယ်။ညှိပေးမယ်လို့ပြောတယ်။ UMTAနဲ့ MTMတို့ နှစ်ခု ပူးပေါင်းပြီး လုပ်ရမယ့်သဘောရှိပါတယ်။PR ပုံစံမျိုးဖြစ်အောင် လုပ်ဆောင်သွားမှာပါ။ကျွန်တော်တို့ခရီးသွား ကုမ္ပဏီ ဘက်ကလည်း ဝိုင်းရောင်းပေးကြမယ်။စျေးနှုန်းကတော့ရပြီ။ ဒိထက်များသက်သာပြီး ပေးနိုင်မလား။ဘယ်လိုပုံစံမျိုးနဲ့ပေးမလဲဆိုတာကို။ ဒီစျေး ဒီစျေးနဲ့ပဲ အကြမ်းဖျဉ်း လျော့ပေးမယ်ဆိုတာပဲ ရထားတာ။ ဝန်ကြီး ဌာနက စီစဥ်တယ်ဆိုရင်လည်း ဝန်ကြီး ဌာန ဌားရမ်းတာဖြစ်ပြီး ကျွန်တော် တို့က ဝိုင်းရောင်းပေးလည်းရတယ်။အဓိက ပြည်သူတွေ သိသွားဖို့ပဲ လိုတာ”ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က Travelling journal သို့ ပြောသည်။

အဆိုပါ ဝေဟင် ရှုခင်းကြည့် Sightseeing Flights Tour ခရီးစဥ် ကို ရန်ကုန်မှ တက်ပြီး ရန်ကုန်တွင်ပြန်လည်ဆင်းသက်ရန် ရည်ရွယ်ထားကာ ရှုခင်းနှင့် ဘုရားစေတီများကို အပေါ် စီးမှ ကြည့်ရှုနိုင်သည့် ခရီးစဥ် ကို ဆောင်ရွက် ထားခြင်းဖြစ်ကြောင်းသိရသည်။

Sightseeing Flights Tourအား အချိန်တစ်နာရီဝန်းကျင် စီစဥ်ထားပြီး ရန်ကုန်နှင့်အနီးဆုံး ဘားအံ သို့မဟုတ် ကျိုက်ထီးရိုး ဘက်သို့ ဆွဲရန်စီစဥ် ထားပြီး ရှုခင်းကြည့်အတွက် အမြင့်ပေ ပျံသန်းနိုင်မည့်အနေအထားကိုလည်း မေးမြန်းထားဆဲရှိကြောင်းသိရသည်။

ယင်းကဲ့သို့ စီစဥ်ရခြင်းမှာ Sightseeing Flights Tour ဖော်ဆောင်ခြင်းက ခရီးသွား လုပ်ငန်း တိုးမြှင့်ရန် သက်သက် မဟုတ်ဘဲ Myanmar is safe to travel ဆိုသော Message ကို Promote လုပ်ရန် ကမ်ပိန်း ပြု လုပ်ခြင်းသာ ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားထားပြီးဖြစ်သည်။

Photo MNA Fb

နေပြည်တော် ပတ်ဝန်းကျင် တိမ်ပင်လယ်ရှုခင်းများကြည့်ရှုနိုင်သည့် ​ပြဒါးချောင်းနှင့် မြသီတာကျေးရွာကိုCBT ဖော်ဆောင်သွားရန် စီစဥ်

Travelling journal

နေပြည်တော် ပတ်ဝန်းကျင်ဒေသ တိမ်ပင်လယ်ရှုခင်းများကြည့်ရှုနိုင်သည့် ပြဒါးချောင်းနှင့် မြသီတာကျေးရွာကို ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ((CBT) ဖော်ဆောင် သွားရန် စီစဥ် နေကြောင်း နေပြည်တော်ရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသန်းဇော် က Travelling journal သို့ ပြောသည်။

နေပြည်တော် မှ နှစ်နာရီခန့်သွားရောက်နိုင်သည့်ပြဒါးချောင်းနှင့် မြသီတာကျေးရွာတို့ကို CBT ကျေးရွာ အဖြစ် ဖော်ဆောင်နိုင်ရန်အတွက် နိုဝင်ဘာ၃၀ ရက်က ဟိုတယ်ခရီးဝန်ကြီးဌာနမှ မှ တာဝန်ရှိသူများမှ သွားရောက် ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရသည်။

“ပြဒါးချောင်းနဲ့ မြသီတာကျေးရွာကတော့ CBT ကျေးရွာ ဖော်ဆောင်ဖို့ဖြစ်နိုင်ချေ ရှိပါတယ်။ နေပြည်တော် နဲ့အနီးဆုံး မှာ တိမ်ပင်လယ် ကိုလည်း ကြည့်လို့ ရနိုင်ပါတယ်”ဟု ၄င်းက ပြောသည်။

နေပြည်တော် အ​ရှေ့ဖက်ခြမ်းတွင်တည်ရှိသည့်တောင်တန်းများတွင် နေထိုင်ကြသည့်တိုင်းရင်းသားများ၏ကျေးရွာများဖြစ်ပြီး ကရင်၊ပအိုဝ်း တိုင်းရင်းသားများနေထိုင်ကြပြီး လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက အခြေ ချနေထိုင်လာခဲ့သည့် တိုင်းရင်းသားများဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူ က Travelling journal သို့ ပြောသည်။

“ဒီဒေသက နေပြည်တော် အရှေ့ခြမ်း ပျဥ်းမနားမြို့နယ်လို့ခေါ်တာပေါ့။တောင်ပေါ်တောင်တန်းတွေက တဆက်တည်းလည်းရှိကြတယ်။ ဒီ နေရာမှာ ရှေးနှစ်ပေါင်းများစွာကတည်းကအခြေ ချနေထိုင်ခဲ့ကြတဲ့ မူလဒေသက တိုင်းရင်းသားတွေပါ။ကယန်း၊ ကရင်၊ ပအိုဝ်း ၊ ကရင်ဖြူ စတဲ့တိုင်းရင်းသားတွေ နေထိုင်ကြပြီး ဒီလိုနေရာမှာ
တိုင်းရင်းသားတွေနေထိုင်တယ်ဆိုတာသိသူနည်းပါးတယ်။အရင်ကတော့လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ငြိမ်းချမ်းရေးကလည်းသိပ်မရှိခဲ့ရတဲ့ဒေသဖြစ်ခဲ့ပါတယ်။ ရာစုနှစ်နှစ်စုကျော် လမ်းတွေဖောက်တဲ့အချိန်မှာ ပြဒါးချောင်းကျေးရွာအပါအဝင် တောင်ပေါ် ဒေသလမ်းကြောင်းကြီးက ပေါ်ပေါက်လာ ခဲ့တယ်။ တောင်ပေါ်မြေပြန့်လေးနည်းနည်းဆန်တော့ ဝေသာလီရယ် ၊ ပြဒါးချောင်းရယ် ၊ မြသီတာရွာတွေဟာ တောင်ပေါ်စခန်းမြို့လေးလိုမျိုးရှိနေပါတယ်။ ခရီးသွား အတွက် ဆွဲဆောင်စရာလည်း ရှိနေတယ်။ ဒီလိုနေရာမျိုးကို ဆောင်ရွက်ပေးမယ်ဆိုရင် ဒေသအကျိုးတွေအများကြီးရရှိနိုင်ပါမယ်”ဟု ၄င်းက ပြောသည်။

နေပြည်တော် အခြေစိုက်ဒေသခံများအနေဖြင့်တိမ်ပင်လယ်ကို သွားရောက်ကြည့်ရှု့မည်ဆိုပါက တိမ်ပင်လယ် ကြည့်ရှုရန်ကောင်းသည့်မနက် ၅နာရီမှ ၇ နာရီအတွင်း အရောက်သွားနိုင်ပါက တိမ်ပင်လယ်ကို ကောင်းစွာမြင်ရမည်ဖြစ်ကြောင်းသိရသည်။

နေပြည်တော် မှသွားရောက်မည်ဆိုပါက ပျဥ်းမနား -ရေနီလမ်းဆုံ မှ သွားရောက်နိုင်ပြီး တောင်ဖီလာ ဘိလပ်မြေ စက်ရုံ ဖက်သို့ သွားရောက်သည့်လမ်းမကြီးအတိုင်းတောက်လျောက် သွားမည်ဆိုပါက ယင်းကျေးရွာများသို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

” ဝေသာလီကျေးရွာရောက်တာနဲ့ တိမ်ပင်လယ်ကို လှမ်းတွေ့ရနိုင်ပါပြီ။ ပြဒါးချောင်းရွာကနေကြည့်ရင် အနီးဆုံးမြင်တွေ့ရပါတယ်။ ဒီကျေးရွာသုံးရွာကလည်း ကပ်လျက်ရှိနေတဲ့ရွာတွေပါ။ ရွာထဲမှာ စားသောက်နားပြီး မြသီတာ ကျေးရွာ မှာရှိတဲ့ ခုနှစ်ဆင့်ရေတံခွန်မှာ ရေကစားနိုင်ပါတယ်”ဟု နေပြည်တော်တာဝန်ခံ ဒေါက်တာ သန်းဇော် က ပြောသည်။

ကရင်တိုင်းရင်းသားအများစု နေထိုင်သော ဝေသာလီ ကျေးရွာ၊ပအိုဝ်း တိုင်းရင်းသားများနေထိုင်ရာ ပြဒါးချောင်းကျေးရွာနှင့် ကရင်တိုင်းရင်းသားများနေထိုင်ရာ မြသီတာကျေးရွာ တို့ ကို CBT ဖော်ဆောင်မည်ဆိုပါက နေပြည်တော် တွင်ပထမဆုံး ရပ်ရွာ အခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism)ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Photo Ko Min Thu Fb

အမျိုးသားဖွံ့ဖြိုးတိုးတက်​ရေးအများပိုင်ကုမ္ပဏီ မှ ရှယ်ယာရှင်များကို ယခုနှစ် အမြတ်ငွေ ၁၅ ရာခိုင်နှုန်းအား ငွေသားဖြင့် ထုတ်ပေးမည်

Travelling journal

ပြည်တွင်းစီးပွားရေးထိပ်တန်းလုပ်ငန်းရှင်များစွာ ပါဝင် ရင်းနှီးမြှုပ်နှံထားသည့် အမျိုးသား ဖွံ့ဖြိုး တိုးတက် ရေး အများပိုင် ကုမ္မဏီ မှ အစုရှယ်ယာရှင်များအား ယခုနှစ်တွင် အမြတ်ငွေ ၁၅ ရာခိုင်နှုန်း အထိ ထုတ်ပေး သွားမည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်​ရေးအများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ က
ပြောကြားလိုက်သည်။

နိုဝင်ဘာ ၂၆ ရက်က အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီအုပ်စုလီမိတက်၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပရေးညှိနှိုင်းအစည်းအဝေး Online Zoom Meeting အခမ်းအနားတွင် ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

” ဒီလို ကာလ မှာ ၁၅ ရာခိုင်နှုန်းပေးတဲ့ အတွက် ရှယ်ယာရှင်တွေလည်းသဘော ကျမယ်လို့ ထင်ပါတယ် ၊ NDCG အနေနဲ့ ရှယ်ယာရှင်တွေရဲ့ မျက်နှာကိုယ်လည်း ကိုယ်စားပြုရတယ် ၊ ကျွန်တော်တို့ အတွက် မဟုတ်ပါဘူး ၊ ကျွန်တော်တို့ သမိုင်း ၊ဒါရိုက်တာတွေရဲ့ သမိုင်းကိုကြည့်ပြီးတော့ လုပ်ရတဲ့ အနေအထားဖြစ်လို့ ဒီနေ့အထိ အမြတ်ငွေ ကိုလည်း နှစ်စဉ်ထုတ်ပေးနိုင်တဲ့ အတွက် ကျွန်တော်တို့ ဂုဏ်ယူတယ် ၊ ရှယ်ယာ ရှင်တွေရဲ့ ပိုက်ဆံတစ်ပြားမှ ပျောက်မသွားဖို့ ကျွန်တော်အပါအဝင် BOD တစ်ဖွဲ့လုံးမှာ တာဝန်ရှိတယ်။ တော်တော်များများ အများပိုင်ကုမ္ပဏီတွေရှိတယ် ။ လုပ်ငန်းကောင်းတုံးက ပေးနိုင်ကြတယ် ၊ လုပ်ငန်းမကောင်းရင် မပေးနိုင်ဘူး ၊ ဘာဖြစ်လို့လည်း ဆိုတော့ အရန်ပိုက်ဆံ မထားတဲ့ အတွက်ကြောင်ပါ ၊ အခု ကျွန်တော်တို့မှာ အရန်ပိုက်ဆံတွေထားတာကိုလည်း အားလုံးက သဘောတူပေးလို့ကျေးဇူးတင်တယ် “ ဟု ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ က ပြောကြားခဲ့သည်။

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီအုပ်စုလီမိတက် တွင် ဝယ်ယူထားသည့် ရှယ်ယာရှင်များ၏ အမြတ်ငွေ ထုတ်ပေးမှုကို လာမည့် ဇန်နဝါရီလဆန်းမှ စတင်ကာ ထုတ်ပေးသွားမည်ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ကုမ္မဏီ အုပ်စု ၏ ဒါရိုက်တာ ဦးနှင်းဇော်က နိုဝင်ဘာ ၂၇ ရက် တွေ့ဆုံပွဲတွင် ပြောသည်။

“’ ကိုဗစ်ကြောင့် လုပ်ငန်းတွေ အခက်အခဲဖြစ်တယ်ဆိုတာကလည်း အားလုံးအသိပါ ၊ ကျွန်တော်တို့လည်း ခက်ခဲပါတယ် ၊ ဒါပေမယ့် ကျွန်တော်တို့ မှာ နှစ်စဉ် ရှေ့နှစ်ရှေ့နှစ်တွေက လုပ်လာတဲ့ လုပ်ငန်း အကျိုးအမြတ် တွေကို ထိန်းသိမ်းထားပြီးတော့ စုဆောင်းထားတဲ့ Retain Money တွေ ရှိပါတယ် ၊ ဒီနှစ်လည်း လုပ်ငန်းတစ်ချို့ ရပ်သွားပေမယ့် လုပ်ထားတဲ့ လုပ်ငန်းစဉ်တွေ မှန်တော့ တစ်ချို့ လုပ်ငန်းတွေ မရပ်ဘဲ အရှိန်နဲ့ သွားနေပါတယ် ၊အကျိုးအမြတ်တွေကို AGM ပြီးတာနဲ့ ၁၅ ရာခိုင်နှုန်းကိုငွေသားနဲ့ ထုတ်ပေးသွားမှာပါ “”ဟု ၄င်းက ပြောကြားသည်။
ယင်းကဲ့သို့ ထုတ်ပေးနိုင်ရန် ကိုဗစ်ကာလဖြစ်သည့်အတွက် Social distcting နှင့်အညီ ဆောင်ရွက် ပေးသွားရန်စီစဥ်ထားကြောင်း သိရသည်။ လက်ရှိ တွင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီအုပ်စုလီမိတက် ၌ ဝယ်ယူထားသည့်ရှယ်ယာရှင်ပေါင်း၂၁၀၀ ကျော်ရှိပြီး ကုမ္မဏီ သက်တမ်း မှာ ၂၂ နှစ် ရှိပြီဖြစ်ကြောင်း
၂၀၀၂ ခုနှစ် မှစတင်ကာ အများပိုင် ကုမ္မဏီ အဖြစ် ပြောင်းလဲခဲ့ကြောင်းသိရသည်။

အများပိုင်ကုမ္ပဏီတွင် အစုရှယ်ယာရှင်များ၏ မတည် ထည့်ဝင် ရင်းနှီးငွေ ကျပ် သိန်းပေါင်း ၆၀၉၉၃ ဒသမ ၆၂ သိန်းဖြင့် ရင်းနှီးလည်ပတ် စတင်ခဲ့ပြီး အစုရှယ်ယာတစ်စုလျှင် ကျပ် တစ်သောင်း ဖြင့် စတင်ခဲ့ရာမှ ယခုအခါ အစု ရှယ်ယာတစ်စု၏ တန်ဖိုးမှာ ကျပ် ၁၈၅၀၀ ထိ မြင့်တက်ခဲ့ပြီဖြစ်ကြောင်း ဒါရိုက်တာ ဦးနှင်းဇော် က ပြောသည်။

နိုဝင်ဘာ ၂၆ ရက်က အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီအုပ်စုလီမိတက်၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပရေးညှိနှိုင်းအစည်းအဝေး Online Zoom Meeting ကို ကျင်းပနေစဥ်။

ဝိုဟရေတံခွန်ကို ခရီးသွားများ လာရောက်လည်ပတ်နိုင်ရန် ခရီးစဉ်သစ် ဖော်ဆောင်မည်

Travelling journal

ကယားပြည်နယ် ရွာသစ်မြို့တွင် တည်ရှိသည့်ဝိုဟရေတံခွန်ကို ခရီးသွားများ လာရောက်လည်ပတ်ရန် ခရီးစဉ်သစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ကယားဒေသဆိုင်ရာခရီးသွားကော်မတီ အဖွဲ့ဝင် ခရီးသွား တတ်သိပညာရှင် ဦးသန်းထွေးက Travelling Journalသို့ ပြောသည်။

အဆိုပါ ဝိုဟရေတံခွန်ကို လွိုင်ကော်- ဒီမော့ဆို -ဖရူဆို-ဘော်လခဲလမ်းဆုံမှ သွားရောက်ပါက ရွာသစ်မြို့တွင်ရှိသည့် ယင်းရေတံခွန်ကို ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ယင်းဒေသ သည်ပြည်တွင်းခရီးသွားများ လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသတစ်ခုအဖြစ်ကောင်းမွန်ပြီး ရွာသစ်မြို့တွင် စိတ်ဝင်စားစရာ လည်ပတ်စရာ လေ့လာစရာများလည်း ရှိခြင်းတို့ကြောင့် ခရီးစဉ်သစ် ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

’’ ရေတံခွန်က ပြောရရင်တော်တော်မြှင့်တယ်။ ဓာတ်ပုံရိုက်တဲ့နေရာက ရေတံခွန်ရဲ့ ထိပ်ဆုံး၊သူ့အောက်မှာ ရေတံခွန်သေးသေးလေးတွေရှိတယ်။ ဒီရေတွေက သံလွင်မြစ်ထဲကို စီးဝင်သွားတာ။ ခရီးသွားတွေကို မပို့ရသေးသလို မရောက်လာသေးတဲ့ လည်ပတ်စရာကောင်းတဲ့နေရာတစ်ခုပါ’’ဟု ကယားအခြေစိုက် ခရီးသွားကုမ္ပဏီ ပိုင်ရှင်တစ်ဦးလည်းဖြစ်သူ ဦးသန်းထွေးက ပြောသည်။

ရွာသစ်ရွာတွင် ရှမ်းလူမျိုးများနေထိုင်ကြပြီး ရှေးကျသည့် ဘုန်းကြီးကျောင်း ကိုးကျောင်းရှိသလို နှစ် ၁၅၀ သက်တမ်းရှိ ဘုန်းကြီးကျောင်း သုံးကျောင်းလည်း ရှိကြောင်းသိရသည်။

ထို့ပြင် ယင်းဒေသတွင် နတ်ငါးများရှိသည်ဟု ဒေသခံများကလည်းယုံကြည်ထားပြီး ရေတတ်လာပါက ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းနားရှိချောင်းတွင်အစာကျွေးလေ့ရှိသည့် ဓလေ့များလည်းရှိသည်ဟု သိရသည်။

သို့သော် ခရီးစဥ်ဖော်ဆောင်မည့် ရွာသစ်မြို့မှာ ပြည်တွင်းခရီးသွားများအတွက် လည်ပတ်ရန် အဆင်ပြေသော်လည်း နိုင်ငံခြားသားများအတွက် ကန့်သတ်ဧရိယာထဲတွင် ထည့်ထားခြင်း ကြောင့် မကြာခင်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပယ်ဖျက်ပေးရန်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

Photo Than Htwe

လိုင်စင်မဲ့ ခရီးသွားလုပ်ကိုင်နေသည့် Blogger နှင့် Influencer များကို အရေးယူနိုင်ရန် စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖွဲ့စည်းသွားမည်ဟုဆို

Travelling Journal

လိုင်စင်မဲ့ ခရီးသွားလုပ်ကိုင်နေသည့် Blogger နှင့် Influencer များကို အရေးယူ ဆောင်ရွက်သွားနိုင်ရန် စောင့်ကြည့်လေ့လာရေးအဖွဲ့များ ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာခရီးသွားကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ​​နော်ပန်းသဉ္ဇာမျိုး က ပြောကြားလိုက်သည်။

လက်ရှိတွင် Follower များသည့် ဘလော့ဂါများနှင့် Influencer များမှ ခရီးစဉ်များကို ရေးဆွဲရောင်းချနေခြင်းများ ရှိနေသည့်အတွက် ခရီးသွားကုမ္ပဏီများမှ ဈေးကွက် ယှဉ်ပြိုင်မှု နှင့် ရင်ဆိုင်နေရခြင်းအပေါ် ဝန်ကြီးက ပြောကြားလိုက်ခြင်းဖြစ်သည်။

ယနေ့ နေ့လည် (၁) နာရီ က မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ပြုလုပ်သည့် “ခရီးသွားလုပ်ငန်းစည်းမျဉ်းစည်းကမ်းများနှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ ၏ ရေရှည်တည်တံ့ခိုင်မြဲမှု ′’ခေါင်းစဉ် ဆွေးနွေးပွဲတွင် UMTAအသင်းမှ ဒုဥက္ကဋ္ဌ ဖြစ်သည့် ဒေါ် အေးသီတာမိုး မေးသည့် မေးခွန်းကို ဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ဖြေကြားလိုက်ခြင်းဖြစ်သည် ။

“တိုင်ကြားမှသာ အရေးယူမှု ကို လုပ်ဆောင်သွားနိုင်မှာဖြစ်တယ်၊ ခရီးသွားချင်းချင်းသိကြတဲ့ အော်ပရေတာအချင်းချင်းတွေက ပိုသိမှာပါ။ တိုင်ကြားမှသာ ထိထိရောက်ရောက် အရေးယူလို့ရမှာဖြစ်ပါတယ်’’ဟု ဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ပြောသည်။

ပြည်ပလိုင်စင်မရှိဘဲ ခရီးစဉ်ပို့သည့် ခရီးသွားကုမ္ပဏီတစ်ခုကိုလည်း လ.ဝ.က ဥပဒေ နှင့် လူကုန်ကူးမှု ဥပဒေများဖြင့် အရေးယူမှုကို ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားကော်မတီမှ အရေးယူခဲ့ပြီးဖြစ်ကြောင်း
သိရသည်။

မြစ်ကြီးနားမြို့တွင် ၁၀၈ ပေ အမြင့် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကို စတင် တည်ထားကိုးကွယ်

Travelling journal

မြစ်ကြီးနားမြို့တွင် ဉာဏ်တော် ၁၀၈ ပေ အမြင့်ရှိထိုင်တော်မူ ဗုဒ္ဓရုပ်ပွါးတော်ကို စတင် တည်ထားကိုးကွယ် ထားကြောင်း မဇ္ဇိုမ မနောသုခဖောင်ဒေးရှင်းကျောင်းမှဆရာတော်ဦး​နေမ္မိတ က Travelling journal သို့ မိန့်ကြားတော်မူသည်။

“လွန်ခဲ့တဲ့ လေးနှစ်ကတည်းက တည်ဆောက်​နေတာပါ။ ​ရည်ရွယ်ချက်က ဒီဘက်မှာ သာသနာတော် အရမ်းကြီးလည်းမထွန်းကားသေးဘူး။ ၇ ရက်သားသမီးတွေကို ကုသိုလ်ရစေချင်တာမို့ ရည်ရွယ်ပြီး တည်ဆောက်တာဖြစ်တယ်”ဟု ဆရာတော်ဦး​နေမ္မိတ က Travelling journal သို့ မိန့်ကြားတော်မူသည်။

မြစ်ကြီးနား မြို့ ပလန ကျေးရွာ ၊မြစ်ဆုံသွားသည့်လမ်းတွင် ရှိပြီး ပလန၂ ကံ့ကော်မြိုင်ကျေးရွာရှိ မဇ္ဇိုမ မနောသုခဖောင်ဒေးရှင်းကျောင်းအတွင်း တည်ထားကိုးကွယ် ထားရှိကြောင်း ဆရာတော်က မိန့်တော်မူသည်။

“အရမ်းသပ္ပါယ်တယ်။ အခုလို မြစ်ကြီးနားမြို့ပေါ်မှာ သွားရောက်ဖူးမြှော်လို့ရတဲ့ နေရာတစ်ခုတိုးလာတာပေါ့။ အခု ဒီမှာက မြူတွေ ထနေတဲ့အချိန်ဆိုတော့ မနက် အာရုံပိုင်း သွားတဲ့အခါ မြူတွေကြားထဲမှာ အရမ်းကို သပ္ပါယ်တာပဲ”ဟု နိုဝင်ဘာ ၁၉ ရက်က သွားရောက် ဖူးမြှော်ခဲ့သည့် ဝိုင်းမော်ဒေသခံ ဒေါ်ရွှေရွှေမြင့်က Travelling journal သို့ ပြောသည်။

မဇ္ဇိုမ မနောသုခဖောင်ဒေးရှင်းကျောင်းကို ကျောင်းထိုင် ဆရာတော် ဒေါက်တာအရှင် နန္ဒဝံသ က ဦးဆောင်ပြီး ဧက ၂၀ ကျယ်ဝန်းသည့် ကျောင်းဝင်းအတွင်း မဇ္ဇိုမ လာဘ ဗောဓိမြတ်စွာ ဘုရား တည်ထားကိုးကွယ်ထားရှိခြင်းနှင့် သူငယ်တန်းမှ ၁၀တန်းအထိ ကျောင်းအိပ် ကျောင်းစား တက်ရောက်နိုင်သည့် အခမဲ့ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကိုလည်း ဖွင့်လှစ်ထားပေးကြောင်း သိရသည်။

Photo Spring Trave

နှစ်ပေါင်း၂၀ကျော် တိမ်မြှုပ်နေသည့် အင်းလေးရေပေါ်စျေးကို လက်ရှိအစိုးရလက်ထက်တွင် အပြီးသတ် ဖော်ဆောင်သွားမည်

Travelling Journal

အင်းသားလူမျိုးတို့၏ ရိုးရာအမွေအနှစ်တစ်ခုဖြစ်ပြီးနှစ်ပေါင်း၂၂ နှစ်ကျော် တိမ်မြှုပ်ပျောက်ကွယ်နေရသည့် အင်းလေးရေပေါ်ဈေးကို ပြန်လည်အသက်ဝင်လာစေရန် လက်ရှိအစိုးရလက်ထက်တွင် အပြီးသတ် ဖော် သွားပေး မည်ဖြစ်ကြောင်း ရှမ်းပြည် နယ် စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ၊ ဒေသဆိုင်ရာ ခရီးသွားကော်မတီ ဒုဥက္ကဋ္ဌ
ဦးစိုးညွှန့်လွင် က Travelling Journal သို့ ပြောသည်။

“အခုလက်ထက်မှာ ဖော်ဆောင်သွားမှာပါ။ မနေ့က ဝန်ကြီး ဦးအုန်းမောင် နဲ့တောင် ပြောဖြစ်သေးတယ်။သဘောတူတယ် “ဟု ဝန်ကြီး ဦးစိုးညွန့်လွင် က ပြောသည်။

ယခင် ရေပေါ်ဈေး တည်ရှိသည့် မူလရေပေါ်ဈေးရွာဖြစ်သည့် ဟဲယာရွာမတွင် ပြန်လည်ဖော်ထုတ်ပေးရန်လည်း အင်းတိုင်းရင်းသားဒေသခံ ဒေါ်နှောင်းပပညိုက Travelling journal သို့ အကြံပြုပြောကြားသည်။

ရေပေါ်ဈေးကို ဖော်ဆောင်မည်ဆိုပါက လက်ဖြင့် လှော်ရသည့် လှေဖြစ်ရန်လည်း လိုအပ်သည်ဟု တောင်ကြီးမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုး က Travelling Journal သို့ ပြောသည်။

’’ရေပေါ်ဈေး ဖော်ဆောင်မယ်ဆိုရင် လက်နဲ့လှော်တဲ့ လှေဖြစ်ဖို့လည်း လိုတယ်။ အဲဒီလိုလှေ အသေးလေးတွေက
မရှိတော့ပဲ စက်နဲ့သွားတဲ့လှေကြီးတွေဖြစ်နေတော့ နည်းနည်းကြပ်နေတယ်။ ဟဲယာရွာမမှာ လုပ်နေတာက အဆင်ပြေနိုင်တယ်ဆိုပေမဲ့ တစ်ချိူ့တွေက ကမ်းစပ်မှာ လာရောင်းတယ်။ လူတွေက ရေပေါ်မဆင်းတော့ပဲ ကုန်းပေါ်မှာဘဲ ရောင်းနေတော့ ရွှေ့ကုန်မှာ စိုးရတယ်။ အဲဒီတစ်ခုကို စိုးရိမ်တယ်။ အခုရွာမ မှာ ကိုဗစ်ကြောင့် သူ့သဘာ၀ အတိုင်း ပြန်ဖြစ်သွားကြတယ်။ သူ့ဘာသာသူ ပြန်ပေါ်လာစေချင်တယ်။ သဘာဝအတိုင်း ပြန် ပေါ်လာရင် ကျွန်တော်တို့က မသိမသာ ဝန်းရံအားပေးလိုက်ရင် တော်တော် အောင်မြင်သွားမှာဖြစ်တယ် ’’ဟု ၎င်းက ပြောသည်။

ရေပေါ်ဈေးကို မူလ ဟဲယာရွာမအပြင် နန့်ပန်ရွာတွင်လည်း လုပ်ဆောင်သင့်ပြီး နန့်ပန်ရွာတွင် ရေပေါ်ဈေး လုပ်လို့ရနိုင်သည့် ရေပြင်ကျယ်ရှိသည့်အတွက် ဖြစ်နိုင်ချေပိုများကြောင်းလည်း သိရသည်။

’’ရေပေါ်ဈေးက ပြောရမယ်ဆိုရင် အင်းသားရိုးရာအမွေအနှစ်လို့ပြောရမယ်။ လက်ရှိအဟောင်းလေးကိုပဲပြန်ပြီး ဖော်ဆောင်ပေးစေချင်တယ်။ ဟဲယာရွာမကိုလုပ်စေချင်တယ်။ အဟောင်းလေးလည်းရှိနေမယ်။ တစ်ခုတော့ရှိတယ်။ ဟဲယာရွာမကျတော့ ဘီလူးချောင်းရဲ့ နှုန်းခံဧရိယာကြီးဖြစ်နေတာဆိုတာမို့ နှစ်တိုင်းလူထုအားနဲ့ဘယ်လောက်ပဲလုပ်လုပ် ဖယ်ရှားရှားနှုန်းခံ ဧရိယာကြီးလိုဖြစ်နေတယ်။ နွေသုံးလေးလလောက်ကတော့ မရပါဘူး။ မိုးရယ်၊ ဆောင်းရယ်ကျတော့ ရွာမမှာက အမြဲရေရှိတယ်၊ ရေပေါ်ဈေး တိမ်ကောရခြင်းအကြောင်းရင်းကလည်း အဲဒါပါပဲ။ ပျက်စီးလာတော့ ရေပေါ်ဈေးဧရိယာက ခြောက် လာတယ်၊ ရေအမြဲတမ်း ရှိတဲ့နေရာမှာ နောက်ထပ်တစ်ခု ဖြစ်ဖြစ်ပေါ်လာရင်လည်း ပြယုဒ်လေးတစ်ခုရှိတာပေါ့’’ဟု ဟဲယာရွာမတွင် နှစ်ပေါင်း၄၀ နီးပါး နေထိုင်သည့် အင်းတိုင်းရင်းသူ ဒေါ်နှောင်းပပညိုက Travelling Journal သို့ ပြောသည်။

ကိုဗစ်ကာလအတွင်း အောက်တိုဘာ ၂ ရက်မှစတင်ကာ ဟဲယာရွာမတွင် ရေပေါ်ဈေး တစ်ဖန် ပြန်လည် အသက် ဝင် လာ ခဲ့ကြောင်းသိရသည်။ဟဲယာရွာမ၏ ရေပေါ်စျေးနေ့မှာ တောင်ကြီးမြို့၏ စျေးနေ့နှင့် အတူတူဖြစ်ပြီး မူလရေပေါ်စျေးနေ့ဖြစ်ကြောင်း သိရသည်။

’’ဒီနေ့ထိတော့ ရောင်းနေပေမယ့် တစ်ချို့က ကုန်းပေါ်မှာအမြဲ ရောင်းနေကြတော့ ရေပေါ်ဆင်းရောင်းတဲ့အခါ အဆင်မပြေမှုလေးတွေကြုံရတယ်။ ကမ်းနဖူးမှာ ရေစင်လေးတွေ ဆောက်ပြီး တော့ လုပ်ပေးတယ်။ ရေပေါ်ကနေ ဝယ်တဲ့သူလည်းရှိတယ်လေ။ ဒါပေမယ့် ဒေသခံ တစ်ချို့က ကန့်ကွက်နေတာလည်းရှိတယ်။ အဆင်မပြေဘူး ဆိုပြီး ကန့်ကွက်နေတာ။ ရင်ဆိုင်နေရတုန်းပါပဲ။ အချင်းချင်းပဋိပက္ခဖြစ်နေကြတဲ့ပုံစံမို့ လက်လျော့ထားပေမယ့်အတင်းကြီးမလုပ်ဖူး။ဖျက်လိုဖျက်စီးလုပ်ချင်တဲ့သူတွေက ဈေးသည်တွေကိုအပေါ်ကို ပြန်တက်ခိုင်းနေကြတယ်။ အဲဒါလေးတွေရှိတယ်’’ဟု လက်ရှိရေပေါ်ဈေးပြန်လည်ဖော်ဆောင်ရေး ကော်မတီဝင်တစ်ဦးဖြစ်သူဒေါ်နှောင်းပပညိုက ရှင်းပြသည်။

တစ်ချိန်က အထင်ကရကျော်ကြားခဲ့သည့် မူလ ဟဲယာရွာမရေပေါ်ဈေးမှာ ၁၉၇၀ မတိုင်ခင် လောက်က ပုံမှန်ဖြစ်နေပြီး ၁၉၉၈ နောက်ပိုင်း ကာလများတွင် တဖြည်းဖြည်း ပျောက်ကွယ်တိမ်မြှုပ်ပျောက်ကွယ်သွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ လက်ရှိဟဲယာရွာမသည်အိမ်ခြေ ၁၃၀၀ကျော် ရှိပြီး လက်မှု လုပ်ငန်းထွန်းကားသည့်ကျေးရွာ ကြီး ဖြစ်ကြောင်းသိရ သည်။

PhotoAdventures by Sai Swan