ခရီးသွားအသိုင်းအဝန်းက လှူဒါန်းသည့် ခေါက်ဆွဲကြော် ဘူး (၇၀၀) က်ို မီးရထား CDM ဝန်ထမ်းများအား လှူဒါန်း

ဖေဖော်ဝါရီ ၂၈

ခရီးသွားအသိုင်းအဝန်းက လှူဒါန်းသည့် ခေါက်ဆွဲကြော် ဘူး (၇၀၀) က်ို မလွှကုန်း မီးရထားဝန်းထဲရှိ CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများအားသွားရောက် လှူဒါန်းခဲ့ ကြောင်း သိရသည်။

အနော်ရထာလမ်းနှင့်ဗိုလ်အောင်ကျော်လမ်းထိပ် တွင် ယနေ့ ဖေဖော်ဝါရီ ၂၈ မနက် ၈ နာရီ ခွဲက စုရပ် လုပ်ထားသည့် အင်ဂျင်နီယာသပိတ်စစ်ကြောင်းနှင့် ခရီးသွားသပိတ်စစ်ကြောင်း အား မနက် ၈နာရီခွဲက ဖြိုခွဲ ခဲ့ပြီး လူစုကွဲ ခဲ့ကြောင်းသိရသည်။

အဆိုပါ Tourism သပိတ်စစ်ကြောင်းအတွက်ခရီးသွားအသိုင်းအဝန်းက လှူဒါန်းထားသည့် ခေါက်ဆွဲကြော် ဘူး (၇၀၀) က်ို မလွှကုန်း မီးရထားဝန်းထဲရှိ CDM လုပ်ဆောင်နေ သည့် ဝန်ထမ်း အိမ်ယာများသို့ ​ သွားရောက် လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုဂံ ရှေးဟောင်းယဥ်ကျေးမှု နယ်မြေ ဖြစ်သည့်ရွှေစည်းခုံဘုရားအနီး ညောင်ဦးမြို့ ပြည်သူလူထု က မြန်မာပြည်မြေပုံ သရုပ်ဖော်ပြီး ဖေဖော်ဝါရီ ၂၅ ရက်ကဆန္ဒ ဖော်ထုတ်သည့် မြင်ကွင်းကို တွေ့မြင်ရသည်။

ဓါတ်ပုံ – MKA

ရိုးရာမပျက် ကျင်းပသည့် ကျိုင်းတုံ စော်ဘွားစျေးနေ့ကို မကျင်းပတော့

ပြီးခဲ့သည့်နှစ်က ကျင်းပသည့် စော်ဘွားစျေးနေ့ကိုတွေ့ရစဥ်။

#TravellingJournal

နှစ်စဥ် ရိုးရာမပျက် မတ်လ(၁)ရက်နေ့တွင် ကျင်းပလေ့ရှိသည့် ကျိုင်းတုံ စော်ဘွားဈေးနေ့ ကို ကျင်းပမည်မဟုတ်တော့ကြောင်း ကျိုင်းစံဂေါပက ရပ်ကွက်( ၃) ပွဲဖြစ်မြောက်ရေးမှ သိရသည်။

“မလုပ်ဖြစ်တဲ့အကြောင်းက အခုနိုင်ငံရေးအခြေအနေအရကော ပြီးတော့ လူစုလူဝေးသဘာဝဘေးအရကော အများပြည်သူ ကန့်ကွက်တာကြောင့်ကော အဲဒါမို့မလုပ်ဖြစ်တာလို့ သိရပါတယ်” ဟု ကျိုင်းတုံ ဒေသခံတစ်ဦး က Travelling journal ကို ပြောသည်။

စော်ဘွားစျေးနေ့ကို နေ့ရက်နေ့နာမ်ကို ဘုန်းကြီး များကတွက်ချက်ပြီး စျေးနေ့အဖြစ် သတ်မှတ်ပြီးကျင်းပကြောင်းနှင့် ယခု မတ်လ ၁ ရက်နေ့ကျရောက်သည့်
စျေးနေ့သည်စျေးဟောင်းနတ်ပူဇော်နေ့-စော်ဘွားစျေးနေ့-ဝမ်းကတ်ကောင်နေ့ ဖြစ်ကြောင်း သိရသည်။

စော်ဘွားစျေး နေ့ကျင်းပသည့်နေ့တွင် ကျိုင်းတုံ ရှိစျေးများအားလုံးပိတ်ပြီး စော်ဘွားစျေးတွင်သာ လာရောက်ဝယ်ယူလေ့ရှိသလို အမြို့မြို့အနယ်နယ် မှလည်း လာရောက်ဝယ်ယူလေ့ရှိကြောင်းသိရသည်။

Photo Sai Nge

လူ၂၀၀၀ ကျော် ပါဝင်ဆန္ဒဖော်ထုတ်သည့် ခရီးသွား သပိတ်စစ်ကြောင်း

#ဖေဖော်ဝါရီ ၂၂

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းမှ လူ၂၀၀၀ ကျော် ပါဝင်ဆန္ဒဖော်ထုတ်ကြသည့် Myanmar Tourism Industry သပိတ်စစ်ကြောင်းကို ဖေဖေါ်ဝါရီ ၂၂ ရက်က မြေနီကုန်းမှ စထွက်ခဲ့သည်။ အဆိုပါ သပိတ်စစ်ကြောင်းသည် ထိုင်းသံရုံး၊ မလေးသံရုံး၊ တရုတ်သံရုံး တို့မှ လမ်းတစ်လျှောက်ဆန္ဒဖော်ထုတ်ခဲ့ကာ ဆူးလေရှိရှန်ဂရီလာဟိုတယ်သို့ ချီတက်ခဲ့ပြီး အထိုင်သပိတ်ထပ်မံပြုလုပ်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယခုသပိတ်စစ်ကြောင်းတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနယ်ပယ်အသီးသီးမှ Inbound / Outbound
တိုးကုမ္ပဏီပိုင်ရှင်များ ၊လေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်များ၊ ဧည့်လမ်းညွှန်များ၊တိုးလီဒါများ၊ တိုးကားဆရာများ၊ဟိုတယ်လုပ်ငန်းရှင်များ၊ဟိုတယ်ခရီးလုပ်ငန်းခွင်ဝန်ထမ်းများ၊ဂါယာလုပ်ငန်းရှင်များနှင့်ပြည်တွင်းခရီးသွားလုပ်ငန်းလုပ်ကိုင်သူများနှင့် ခရီးသွားသင်တန်းကျောင်းသူ/ကျောင်းသားများမှ Civil Disobedience Movement ပြုလုပ်သည့် လူအင်အားအများဆုံး ဆန္ဒဖော်ထုတ်ခဲ့ ကြ​ခြင်းဖြစ်သည်။

Photo Travelling journal

တောင်ကြီးဟိုတယ်ဝန်ထမ်းများ ဆန္ဒ ထုတ်ဖော်

ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ် တောင်ကြီး အခြေစိုက် ဟိုတယ်ဝန်ထမ်းများမှ Civil Disobedience Movement ဆန္ဒဖော်ထုတ်ခြင်းကို ဖေဖေါ်ဝါရီလ ၂၁ က တွေ့မြင်ရစဥ်။

Photo Khun Aung Thein FB

အင်းလေးကန်က သုံးကြိမ်မြောက် ရေပေါ်သပိတ်

ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန် အတွင်း သုံးကြိမ်မြောက်ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ် သည့် Civil Disobedience Movement လူထုဆန္ဒပြပွဲကို ဖေဖေါ်ဝါရီ ၂၁ ရက်တွင် ပြုလုပ်ခဲ့သည်။


ညောင်ရွှေ ဒေသခံ လူဦးရေ ၁၅၀၀ ကျော်မှ စက်လှေ အစီးရေ ၁၂၀ ကျော်နှင့် အင်းလေးကန်အတွင်းမှီတင်းနေထိုင်ကြသည့် ဒေသခံကျေးရွာများမှ ပြည်သူလူထုများကလည်း ပူးပေါင်းပါဝင်ကာ ဆန္ဒဖော်ထုတ် ခဲ့ကြသည်။


.

Photo Yea Aye (ညောင်ရွှေ) မှ ပေးပို့သည်

9 COVID Team အဖွဲ့မှ CDM ပြုလုပ်သူများကို အစားအသောက် များလှူဒါန်း

ဖေဖော်ဝါရီ ၁၇

ခရီးသွားလုပ်ငန်း ၊ ဟိုတယ်လုပ်ငန်းနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များဖြင့် စိတ်တူကိုယ်တူ ဖွဲ့စည်းထားသည့် Nine Covid Team အဖွဲ့မှ Civil Disobedience Movement ဆန္ဒပြမှုတွင် ပါဝင်သည့် ပြည်သူများအား ဖေဖေါ်ဝါရီ ၁၇ ရက်တွင် အစားအသောက်နှင့်ရေသန့်များကို သွားရောက် လှူဒါန်းပေးဝေခဲ့ကြောင်း သိရသည်။

Photo Myo Twin FB

ကြယ်နန်းတော်ခရီးသွားလုပ်ငန်းမှ CDM ဆန္ဒပြသူများကို အခမဲ့ယာဥ်များဖြင့် ကြို/ ပို့ဝန်ဆောင်

ဖေဖော်ဝါရီ ၁၇

ပြည်တွင်းခရီးသွား ကုမ္ပဏီတစ်ခုဖြစ်သည့် Kyal Nan Taw Travel ခရီးသွားလုပ်ငန်းမှ CDM ဆန္ဒပြသူများကို အခမဲ့ယာဥ်များဖြင့် ဖေဖေါ်ဝါရီ ၁၇ ရက်က ကြို/ ပို့ဝန်ဆောင်မှုကို ဆောင်ရွက်ပေးခဲ့သည်။

မြောက်ဥက္ကလာမှ UN ရုံးသို့ CDM ဆန္ဒပြလာ
သည့် ကျောင်းဆရာ / ဆရာမ လူဦးရေ ၄၀၀ ဝန်းကျင် အား ယင်း ခရီးသွားကုမ္ပဏီ မှ Free Ride ကား ရှစ်စီး
ဖြင့် အားဖြည့် ကူညီ ပံ့ပိုးပေးခဲ့ကြောင်းသိရသည်။

Photo Soe Min FB

ဇမ္ဗူရွှေစင် ဗုဒ္ဓဂယာ ဘုရားဖူးလုပ်ငန်းမှ ၁၀ ရက် ဆက်တိုက် CDM များကိုအစားအသောက်များ လှူဒါန်း

ဖေဖော်ဝါရီ ၁၇

ပြည်တွင်းအခြေစိုက် ဇမ္ဗူရွှေစင် ဗုဒ္ဓဂယာနှင့် အပြည်ပြည်ဆိုင်ရာ ဘုရားဖူးလုပ်ငန်း မှ Civil Disobedience Movement ဆန္ဒပြမှုတွင် ပါဝင်သည့် ကျောင်းသူကျောင်းသားနှင့် ပြည်သူများအား ဖေဖေါ်ဝါရီ ၁၇ ရက်တွင် အစားအသောက်များကို လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ဘုရားဖူးလုပ်ငန်းသည် CDM ဆန္ဒပြ သူများအား ၁၀ ရက် ဆက်တိုက် အစားအသောက်များကို ပံ့ပိုးလှူဒါန်းခဲ့ကြောင်းသိရသည်။

ထို့ပြင် အမေရိကားနှင့်စင်္ကာပူအခြေစိုက် အလှူရှင် များ၏ ပါဝင် ပံ့ပိုးကူညီမှုများ ဖြင့်လည်း ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Photo Shwe Zin FB

ချောင်းသာကမ်းခြေတစ်လျှောက် ပြည်သူလူထုများက Civil Disobedience Movement ဆန္ဒပြ မြင်ကွင်းကို ဖေဖေါ်ဝါရီ ၁၇ ရက်က တွေ့မြင်ရစဥ်။

#ဖေဖော်ဝါရီ ၁၇

Photo စောနောင်နောင်

မြေနီကုန်းတွင် ဂျပန်ဧည့်လမ်းညွှန်များ ဆန္ဒထုတ်ဖော်

ဖေဖော်ဝါရီ ၁၅

မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းမှ ဂျပန် ဧည့်လမ်းညွှန်များက ဖေဖေါ်ဝါရီ ၁၅ ရက်တွင် မြေနီကုန်းတံတားအောက်တွင် စုပေါင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့ပြင်လေကြောင်းဆိုင်ရာအဖွဲ့အစည်းများမှလည်း ပူးပေါင်း ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။

Photo Hein ko

ပြည်တွင်းခရီးသွား လုပ်ငန်းရှင် လူအင်အား ၃၀၀ ကျော်မှ ဆန္ဒထုတ်ဖော်

ဖေဖော်ဝါရီ ၁၄

ပြည်တွင်း ခရီးသွားလုပ်ငန်း တွင် ပါဝင်ဆောင်ရွက်သူများမှ စုပေါင်းပြီး ဆန္ဒထုတ်ဖော်ခြင်းကို ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ က ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒဖော်ထုတ်သူများသည် အောင်ဆန်းကွင်း နှင့် ဘူတာကြီးရှေ့ တွင်လူစုပြီး ထို့နောက် ဆူးလေ ၊ မြန်မာ့စီးပွားရေးဘဏ် ၊India သံရုံး၊ ဟိုတယ်ခရီး(ရန်ကုန်ရုံး)၊UK သံရုံး ၊တရုတ်သံရုံး ၊ထိုင်းသံရုံး နှင့်ရုရှားသံရုံး သို့သွားရောက်ကာ လူအင်အား ၃၀၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရွှေမြင့်မိုရ် ပြည်တွင်းခရီးသွားလုပ်ငန်း ကလည်းဆန္ဒထုတ်ဖော်သူများကို ကြက်သားကြာဇံကြော် များ
ပေးဝေ လှူဒါန်း ပေးခဲ့ ကြောင်း သိရသည်။