၀င်းဖုန်း တောင် ဒေသ ကို နိုင်ငံခြားသား လည် ပတ်ခွင့် ကန့်သတ်ထားသော်လည်း ပြည်တွင်းခရီးသွားများအနေဖြင့် လည်ပတ်နိုင်ဟုဝန်ကြီးပြော

# Travelling journal

မွန်ပြည် နယ်၊ သထုံမြို့နယ်အတွင်း တည်ရှိသည့်ဝင်းဖုန်း တောင် ဒေသကို နိုင်ငံခြားသား လည်ပတ်ခွင့်
ကန့်သတ်ထားသော်လည်း ပြည်တွင်းခရီးသွား များအနေဖြင့် လည်ပတ်နိုင်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ဟိုတယ်/ခရီး ဝန်ကြီးတာဝန်ယူထားသူ ဦးထွန်းမင်းအောင် က Travelling journal သို့ ပြောသည်။

” ကျွန်တော် ကတစ်ခါမှမရောက်ဖူးသေးတဲ့နေရာဖြစ်နေသေးတာ။ သေချာတာကတော့ နိုင်ငံခြားသား သွားလို့မရသေးဘူး။အဲဒါကတော့ သေချာတယ် ။အဲဒါကိုတော့ သိတယ်။ သိပ်မကြာခင် သွားကြည့်ဖို့တော့လုပ်ထားတယ်။ ကြည့်ပြီးမှပဲ ဒေသအခြေအနေ ကို သိရမှာဖြစ်တယ်။ KNU ထိန်းချုပ် နေရာထဲမှာ ပါနေလား မပါနေလားကို။ ဘယ်လိုပုံစံရှိမလဲ ။ သူတို့ ဒေသခံ အနေအထားဘယ်လိုရှိမလဲဆိုတာကို Survey လုပ်ရမှာဖြစ်တယ်။ ခရီးသွားတွေအတွက် လမ်းကြောင်း မြေအနေအထားအဲဒါတွေကို သိဖို့လိုတယ်။ ကမ္ဘာပေါ်မှာ ဘယ်နေရာဖြစ်ဖြစ် ဒေသခံ တွေက ၉၉ ရာခိုင်နှုန်း ကျော် ခရီးသွားလုပ်ငန်းကို သဘောတူပြီးသားပါ။ ဒါက ကျောက်မိုင်းထုတ်တာလည်းမဟုတ်ဘူး။ ကျောက်မီးသွေးစက်ရုံလည်းတည်တာလည်းမဟုတ်တာ။ Tourism က ပိုက်ဆံရတဲ့အလုပ်ပဲလေ။ ခရီးသွားအတွက် Safe ဖြစ်မယ့်နေရာလိုတာပေါ့”ဟု ဝန်ကြီး က ပြောသည်။

သထုံမြို့၏ ခရီးစဉ် ဒေသအသစ် အဖြစ် လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက ဆောင်ရွက် နေခဲ့သော်လည်း လက်ရှိအနေအထားတွင် ဆောင်ရွက် နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ဝင်းဖုန်းတောင်ရှိ ၀င်းဖုန်းဂူ အရှည်မှာ ပေ ၅၀၀ နီးပါးလောက်ရှိပြီး နှစ်ဖက်ပွင့် ဂူအမျိုးအစားဖြစ်ကြောင်း
သိရသည်။ ၀င်းဖုန်းဂူသို့ သွားရောက်မည်ဆိုပါက သထုံမြို့ပေါ်ကနေ ဒူးရင်းဆိပ် ကျေးရွာသို့ သွားရောက်ရ ပြီး ထိုမှတဆင့် ဒုံသမိချောင်းအထက်ပိုင်း ၀င်းဖုန်းကျေးရွာကို စက်တပ်ရေယာဉ်ဖြင့်တစ်နာရီခွဲခန့် သွားရောက် ရမည်ဖြစ်ကြောင်းသိရသည်။Adventure Trip ၊ ခြေလျင်တောလမ်းခရီးသွားရခြင်းနှင့် Boat Trip စီးရသည့် အတွေ့အကြုံ သုံးမျိုးစလုံးကို ရရှိစေနိုင်မည်ဖြစ်ကြောင်းသိရသည်။

“ဝင်းဖုန်းတောင်က အညိုရောင်နယ်မြေ မဟုတ်ဘူး။ အဖြူရောင်နယ်မြေ ပါ။တိုက်ပွဲတွေမရှိဘူး”ဟု သထုံဒေသခံ ဦးစောကျော်မိုးက Travelling journal သို့ ပြောသည်။

မြေပြင်အခြေအနေအရ ဝင်းဖုန်းတောင် သည် KNU ထိန်းချုပ် ခြင်းနှင့် အစိုးရပိုင်းမှ နှစ်ဖက်ထိန်းချုပ်နေ
သည့် အနေအထားဖြစ်သော်လည်း အဖြူရောင်နယ်မြေ ဖြစ်ကြောင်း သထုံဒေသခံ ဦးစောကျော်မိုးက ပြောသည်။

လက်ရှိ သထုံမြို့မှာ အဖြူရောင်နယ်မြေ ဖြစ်ပြီးနိုင်ငံခြားသား အတွက် သွားရောက်လည်ပတ်ခွင့်မှာ မြို့ပေါ် Downtown ငါးရပ်ကွက်မှလွဲပြီး ကျန်နေရာများသို့သွားရောက်ခွင့်မရှိကြောင်းနှင့်ပြည်တွင်းခရီးသွားများအတွက် လွတ်လွတ်လပ်လပ် လည်ပတ်ခွင့်ရှိကြောင်းသိရသည်။

Photo_စောကျော်မိုး

တနင်္သာရီတိုင်းအတွင်းရှိ ကမ်းခြေများကို ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဟု ဝန်ကြီးချုပ် ပြော

ကော့သောင်းခရိုင်အတွင်း စူငယ်ဘာလိုင်း ကျေးရွာ အတွင်း ရှိ ဂျပန်ကမ်းခြေ မြင်ကွင်းကို တွေ့ရစဥ်။

#Travelling journal

တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ကမ်းခြေများကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဟု တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဝန်ကြီးချုပ်ဦးမြင့်မောင် က Travelling journal သို့ ပြောကြား သည်။

လက်ရှိ ကမ်းခြေများတွင် ရောင်းချသည့် စျေးဆိုင်ခန်းများကို ကိုဗစ် ကော်မတီ ၏ညွန်ကြားချက်နှင့်ကိုက်ညီသည့် A အဆင့်ရှိစျေးဆိုင်များကို ပြန်လည်ရောင်းချခွင့်ကို ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

“ကမ်းခြေတွေကိုပြန်ဖွင့်လိုက်ပါပြီ။ ကမ်းခြေမှာ ရောင်းတဲ့ ဆိုင်တွေ ကို ကိုဗစ် ညွန်ကြားချက်နဲ့အညီ စည်ပင်ကစစ်ပြီး အေ အဆင့်ဝင်တယ်ဆိုရင် ဖွင့်ခွင့်ပေးလိုက်ပါပြီ။ ညွန်ကြားချက် နဲ့ကိုက်ညီတဲ့ကမ်းခြေတွေကို ဖွင့်ခွင့်ပေးလိုက်ပါပြီ။ ဆိုင်ရောင်းချခွင့်ကို ခွင့်ပြုပါပြီ”ဟု ဝန်ကြီးချုပ် ဦးမြင့်မောင် က Travelling journal သို့ပြောကြားသည်။

အဆိုပါ ကမ်းခြေ ဆိုင်များဖွင့်လှစ်ခွင့်ကို မကြာသေးခင် ရက်ပိုင်းက ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးရှိဟိုတယ်များမှာမပိတ်ထားဘဲ ဖွင့်လှစ်ထားကြောင်း သို့သော် ခရီးသွားဧည့်သည် လည်ပတ်ခွင့်ကိုသာ ခွင့်​မပြုသေးကြောင်းသိရသည်။

“အခုလက်ရှိလေယာဥ်နဲ့လာတဲ့သူတွေက နေရပ်ပြန်တွေများပါတယ်။အလုပ်ကိစ္စနဲ့လာတဲ့သူများတယ်။အလည်အပတ်နဲ့လာတာတော့မရှိသေးပါဘူး။ထို့ပြင် ကျွန်းခရီးစဥ်များကို သွားရောက်လည်ပတ်ခွင့်ကို တရားဝင် ခွင့် မပြု သေးဟု ဝန်ကြီးချုပ် ဦးမြင့်မောင် က Travelling journal သို့ ထပ်မံ ပြောကြားသည်။

” အဲဒါက ကျွန်တော်တို့ မသိသေးပါဘူးခင်ဗျ။ကျွန်တော်တို့ မဖွင့်ထားသေးပါဘူး။ ကျွန်းခရီးစဥ်တွေကိုတော့မဖွင့်ထားပါဘူး။ကိုဗစ် ဗဟိုကော်မတီရဲ့ဆုံးဖြတ်ချက် အပေါ်မှာသာ မူတည် မယ်ထင်တယ်ခင်ဗျ”ဟု ဝန်ကြီးချုပ်
ဦးမြင့်မောင် က Travelling journal သို့ ပြောသည်။

Photo Ye Yint Naung

စားသောက်ဆိုင်ပေါင်း ၈၅၀၀ ကျော်၏ အခက်အခဲများကို ကူညီပံ့ပိုးပေးရန် MTB ဘဏ်နှင့် စာချုပ်ချုပ်ဆို

#Travelling journal

ရန်ကုန်တိုင်းဒေသကြီး အတွင်း ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်ပေါင်း ၈၅၀၀ ကျော် ၏အခက်အခဲများကို ကူညီပံ့ပိုးပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ စားသောက် ဆိုင် လုပ်ငန်းရှင်များအသင်းမှ မြန်မာ့ခရီးသွား ဘဏ် (MTB)နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၁ရက် နေ့လည် ၁နာရီက Excel Treasure Hotel ၌ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

ကိုဗစ်ကာလအတွင်း စားသောက် ဆိုင်များမဖွင့်လှစ်ရသဖြင့် ဆိုင်ပေါင်း၂၀ ရာခိုင်နှုန်း မှ ၆၀ ရာခိုင်နှုန်းမှာ နောက်ထပ်သုံးလအတွင်း ပိတ်သိမ်းရမည့် အခြေအနေများရှိနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းက ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

“စားသောက်ဆိုင် တွေရဲ့အဓိက ရင်ဆိုင်နေရတဲ့အခက် အခဲမှာ မြေ ငှားခနဲ့ အဆောက်အဦး ငှားရမ်းခတွေပါ။ အမြဲတမ်း မြေ ငှားခတွေကို အနည်းဆုံး တစ်နှစ်စာ သိန်းတစ်ထောင် လောက်က ပေးရတာဖြစ်ပါတယ်။အခုလည်း မြေရှင်တွေနဲ့တော့ လအလိုက် ပေးရတာမျိုး ညှိနေကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တစ်နှစ်စာ မဟုတ်ဘဲ သုံးလပဲ ဖြစ်ဖြစ် ၆လပဲ ဖြစ်ဖြစ် မြန်မာ့ ခရီးသွား ဘဏ်ကနေ အပေါင်ပစ္စည်း နဲ့ တစ်နှစ်စာ စိုက်ထုတ်ပေးမယ်။ ​တစ်လချင်းဖြစ်စေ သုံးလချင်းဖြစ်စေ အတိုးနဲ့ လအလိုက် ပြန်ပေးရမယ်ဆိုရင် ဆိုင်တွေအနေနဲ့လည်း အဆင်ပြေမယ်။အခုလို ကျွန်တော် တို့မြန်မာ့ခရီးသွား ဘဏ်နဲ့ လက်တွဲလုပ်ကိုင်ရတာကို ဝမ်းသာပါတယ်” ဟု ဦးနေလင်း က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းစားသောက်ဆိုင်ပေါင်း ၈၅၀၀ ကျော်ရှိပြီး မှတ်ပုံတင်ထားသည့်ဆိုင်ပေါင်း ၂သောင်းကျော်ရှိသည်။ယင်းဆိုင်များထဲတွင် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်နေ သည့် စားသောက်ဆိုင် များလည်းရှိကြောင်း သိရသည်။ ကိုဗစ်ရောဂါ ကြောင့် စားသောက်ဆိုင် များကိုဧပြီလမှစပြီး ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုထားဆဲသာရှိကြောင်းသိရသည်။

မြန်မာ့ခရီးသွား ဘဏ်မှ Covid -19 ကပ်ရောဂါ ကာလအတွင်း ထိခိုက်မှု အများဆုံးရှိခဲ့သည့် ခရီးသွားလုပ်ငန်း နယ် ပယ်မှ အသင်းဝင်များ၏ ရှေ့ဆက်လက် ရပ်တည်နိုင်​ရေး အတွက် ဘဏ္ဍာရေးပိုင်းဆိုင်ရာများကိုတက်နိုင်သ လောက် ကူညီပံ့ပိုးပေး သွားရန်အတွက် လုပ်ဆောင်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ့ခရီးသွားဘဏ် မှ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့နှင့် MOU လက်မှတ် ရေးထိုးသွားမည်

#Travelling Journal

မြန်မာ့ခရီးသွားဘဏ် ( MTB )မှ ခရီးသွားအဖွဲ့ချုပ်လက် အောက်ရှိ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (MRA)နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းလူ့စွမ်း အားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ နှင့် MOU လက်မှတ် ရေးထိုးပြီး ဘဏ္ဍာရေး ဆိုင်ရာများကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်​ကြောင်း ဘဏ် မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဒေါ်သိဂီလင်းက Travelling journal သို့ပြောသည်။

လက်ရှိ တွင် ခရီးသွားအဖွဲ့ချုပ်လက်အောက်ရှိ ညီနောင်အသင်း ခြောက်သင်း နှင့် နားလည်မှု စာချွန်လွှာ ရေးထိုးပြီးဖြစ်ကြောင်း သိရသည်။

မြန်မာ့ခရီးသွား ဘဏ်အနေဖြင့် ယခုကဲ့သို့ အသင်းများဖြင့် ပူးပေါင်းဆောင်ရွက် ရခြင်းမှာ Covid -19 ကပ်ရောဂါ ကာလအတွင်း ထိခိုက်မှု အများဆုံးရှိခဲ့သည့် ခရီးသွားလုပ်ငန်း နယ်ပယ်မှ အသင်းဝင်များ၏ ရှေ့ ဆက်လက် ရပ်တည်နိုင်​ရေး အတွက် ဘဏ္ဍာရေးပိုင်းဆိုင်ရာများကိုတက်နိုင် သလောက် ကူညီပံ့ပိုးပေး သွားရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ကလောမြို့ ပတ္တူပေါက်ကျေးရွာရှိ တိမ်ပင် လယ် အနီး Camping လုပ်ကိုင်ရန် Developer များ ဖိတ်ခေါ်သွားမည်

#Travelling journal

ရှမ်းပြည်နယ် တောင်ပိုင်း ၊ကလော မြို့၊ပတ္တူပေါက်ကျေးရွာရှိ တိမ်ပင်လယ် ကြည့် ရှုနိုင်မည့် ပတ်ဝန်းကျင်တွင် Camping စနစ်မျိုး လုပ်ကိုင်နိုင်ရန် Developer များကို ဖိတ်ခေါ်သွား မည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန မှ ညွန်ကြားရေးမှုးဦးထင်အောင်နိုင်က Travelling journal သို့ ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ပိတ်ရက်ကာလများအတွင်းပတ္တူပေါက် တိမ်ပင်လယ်သို့ ဒေသတွင်းခရီးသွား လာရောက်လည်ပတ်မှု များခဲ့ပြီး နေ့စဥ် ကားအစီးရေ ၅၀ မှ ၆၀ ထိ လာရောက်ခဲ့ကာ လူဦးရေ ၂၀၀ ဝန်းကျင်ခန့် လည်ပတ် ခဲ့ကြောင်း သိရသည်။

“ရန်ကုန် မန္တလေး နေပြည်တော် ဘက်က ဧည့်သည် တွေတော့ လာရောက်တာ မရှိသေးပါဘူး။ ရှမ်းပြည်အတွင်းက တောင်ကြီး၊ ဟဲဟိုး ၊ပင်းတယ ၊အောင်ပန်း ပတ်ဝန်းကျင်က သူတွေသာ လာရောက် လည်ပတ်နေကြတာပါ။ နောင် ဒီနေရာလေးကို ရင်းနှီးမြှုပ်နှံမဲ့ Developer တွေကို ဖိတ်ခေါ်သွားပြီး Camping စနစ်မျိုးနဲ့လုပ်ကိုင် ဆောင်ရွက် သွားဖို့ စီစဥ် ထားပါတယ်။အခုတော့ မြေပြင်ကွင်းဆင်းကြည့်နေတာတွေရှိပါတယ်”ဟု ညွန်ကြားရေးမှုး ဦးထင်အောင်နိုင်က Travelling journal သို့ပြောသည်။

အဆိုပါကျေးရွာမှာ ကလောမြို့နယ် ငုတ်ကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ပအို့ဝ်းတိုင်းရင်းသားများနေထိုင်ကြသည့်ကျေးရွာဖြစ်ကာ အိမ်ခြေ ၂၅၀ နီးပါး ရှိကြောင်းသိရသည်။

“ကျွန်တော်တို့အခု တိမ်ပင်လယ်နေရာနားမှာ ရွာကဘုန်းကြီးက အဲ့တောင်ပေါ်မှာ ဘုရားတည်မယ်ဆိုပြီး လုပ်လိုက်တော့ Camp ချလို့ က အဆင်မပြေနိုင်တော့လို့ ကျွန်တော် နေရာသစ် ပြန်လုပ်နေရတယ်။ အဲ့ တောင် ကြော နားက ပိုပြီး ရှုခင်းကောင်းတဲ့ နေရာကို ရွေးထားတယ်။ ရွာနဲ့တော့ ပိုနီးသွားတာပေါ့”ဟု ကလောအခြေစိုက် Pho Nyan Travel& Tour မှ ဦးဝေလျှံဖြိုးက Travelling journal သို့ ပြောသည်။

အဆိုပါကျေးရွာသို့ အောင်ပန်းမြို့မှလာရောက်မည်ဆိုပါက အင်းတိန် သွားသည့် ကားလမ်းအတိုင်း လာရောက်ရမည်ဖြစ်ပြီး မြေခြားဆိုသည့် ရွာရောက်ပါက ညာဖက်သို့ချိုးဝင်ပြီး ကတ္တရာလမ်းဆုံးထိ သွားရောက်ရမည်ဖြစ်ကြောင်းသိရသည်။ထို့နောက် မြေခြားရွာမှ ပတ္တူပေါက် ရွာသို့ ၅ မိနစ်ခန့်ကြာထပ်မံသွားရောက်ပါက ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

Photo Minko ko /Wai Hlyan Phyo

ရွာငံဒေသရှိ တလုပ်ချ နှင့် ဆည်ကြီးကျ ရေတံခွန်မှာရေပန်းအစားဆုံးနှင့် အလှဆုံးရေတံခွန် ဟုဆို

ရွာငံဒေသရှိ ဆည်ကြီးကျရေတံခွန်ကို ၂၀၂၀ ခုနှစ်က တွေ့မြင်ရစဥ်

#Travelling journal

ရှမ်းပြည်နယ် တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံ ဒေသရှိ တလုပ်ချရေတံခွန်နှင့် ဆည်ကြီးကျရေတံခွန်မှာ ရေပန်းအစားဆုံးနှင့် အလှဆုံးရေတံခွန် ဖြစ်ကြောင်း ရွာငံ အခြေ စိုက် Kaung Kaung Travel& Tourမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်သန်း က Travelling journal သို့ ပြောသည်။

ရွာငံ ဒေသ သည် ပြည်တွင်းခရီးသွားများအကြားတွင် ရေပန်းစားပြီး တောတောင်ရှုခင်း ရောင်စုံစိုက်ခင်းများကြောင့် ခရီးသွား များ၏ စိတ်ဝင်စားမှု အများဆုံးခံရသည့် မြို့လည်း ဖြစ်ကြောင်းသိရသည်။

လက်ရှိရွာငံဒေသတွင် လည်ပတ်စရာနေရာ ၃၀ကျော်ရှိပြီး ရာသီမရွေး လာရောက်လည်ပတ်နိုင်သည့် ဒေသဖြစ်သည်။

“အခု ရွာငံ မြောက်ပိုင်းမှာရှိတဲ့ အမြင့်ပေ ၃၀၀ ကျော်တဲ့ တလုပ်ချရေတံခွန် က ခရီးသွား အလာများကြတယ်။ ဒီရေတံခွန်က ၁၂ရာသီ ရေမပြတ်ဘူး။ လူအသွားအလာများပြီး ပေါ်ပြူလာဖြစ် တယ်။ ရွာငံတောင်ပိုင်းမှာရှိတဲ့
ဆည်ကြီးကျ ရေတံခွန်က တော့ ရေတံခွန်ထဲမှာအလှဆုံးပေါ့။ ဒီရေတံခွန်က တော်တော်လှတယ်။ရေအားများတယ်။ ရွာငံမှာဆိုအလှဆုံးရေတံခွန် ။ရေတံခွန် က မြင့်လည်းမြင့်တယ်။ အဆင့်လည်းများတယ်”ဟု ဦးကျော်သန်းက ပြောသည်။

အဆိုပါ ဆည်ကြီးကျရေတံခွန်သည် ရေလှကျေးရွာအနီးတွင်ရှိပြီး အောက်ခြေမှ အပေါ်ဆုံးထိဆိုပါက အမြင့်ပေ ၂၀၀၀ နီးပါးရှိနိုင်ကြောင်း ကြားတွင် အဆင့်အလိုက် ရေတံခွန် ငယ်များလည်းရှိကြောင်း သိရသည်။ယင်းရေတံခွန်မှာ တောကျယ်ရေတံခွန် နှင့်လည်းနီးကြောင်း သိရသည်။

ထို့ပြင် ပင်းတယနှင့်ရွာငံလမ်းခွဲကြားရှိ အလယ်ချောင်ရွာနားတွင် ရှစ်ထပ်ရေတံခွန်လည်းရှိပြီးမိုးရာသီမှာသာ ရေရှိ​ကြောင်း သိရသည်။ ရွာငံတွင် ရေတံခွန်များမှာ အကြီး အသေးများစွာရှိပြီး ရေတံခွန်ပေါင်း ၁၀ခု ကျော်ရှိကြောင်း ရေတံခွန်မြို့တော်ဟုလည်း တင်စားနိုင် ကြောင်း
ရွာငံ အခြေစိုက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေသည့် လုပ်ငန်းရှင် ဦးဝေဖြိုးမောင်က Travelling journal သို့ ပြောသည်။

ရွာငံဒေသ သို့ Adventure Tourism နှင့်Trakking လျှောက် မည်ဆိုပါက ဆောင်းရာသီနှင့်နွေရာသီတွင် သာ လာရောက်ပါက အကောင်းဆုံးအချိန်ဖြစ် ကြောင်းသိရသည်။ လက်ရှိတွင် ကားလမ်းပေါက်သည့်ရေတံခွန်များဆီသို့ ခရီးသွား ဧည့်သည်များ မှ ၁၂လရာသီ မရွေးလာရောက်လည်ပတ်နေကြ ကြောင်း သိရသည်။

Photo Richy Ray

ရှမ်းပြည် အတွင်း သဘာဝရှုခင်းကြည့်ကွက် ကောင်းသည့် နေရာများတွင် လုပ်ကိုင်သူများကို လိုင်စင် ထုတ်ပေးနိုင်ရန် ဆောင်ရွက်ပေးမည်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုတိမ်ပင်လယ်ကိုတွေ့မြင်ရစဥ်

#Travelling journal

ရှမ်းပြည်နယ် အတွင်း သဘာဝရှုခင်းကြည့်ကွက်ကောင်းသည့် နေရာများတွင် စီးပွားရေးလုပ်ကိုင်နေသူ များကို အသိအမှတ်ပြုလုပ်ငန်း လိုင်စင် ထုတ်ပေးနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန မှ ညွန်ကြားရေးမှုး ဦးထင်အောင်နိုင်က Travelling journal သို့ ပြောသည်။

” ကျွန်တော်တို့ဆီမှာ Camping တွေနဲ့ပတ်သက်လို့ ဘယ်လိုခွင့်ပြုမလဲ ။အသိအမှတ်ပြုပေးဖို့။ ရှမ်းပြည် နယ်ဒေသဆိုင်ရာခရီးသွားကော်မတီကို Power Point နဲ့စနစ်တကျ ရှင်းပြသွားဖို့ရှိတယ်။အဲဒါကလည်းမခေါ်နိုင်သေးတော့ တင်ပြသွားဖို့စီစဥ်ထားတယ်။ Others license လေးနဲ့ဖြစ်ဖြစ် ပေးနိုင်အောင်လို့ ဆောင်ရွက် ပေးဖို့ရှိပါတယ်။ဒါမှလည်း လုပ်ကိုင်စားရတာ ကျောအေးမယ်။ သက်ဆိုင်ရာခရီးသွားကော်မတီရဲ့လတ်မှတ်ရှိရင် လုပ်ရကိုင်ရတာ အဆင်ပြေ မယ်။ ပြီးတော့နိုင်ငံတော်အတွက်လည်းအခွန်အခရမယ်”ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန မှ ညွန်ကြားရေးမှုး ဦးထင်အောင်နိုင်က Travelling journal သို့ ပြောသည်။

လက်ရှိတွင် သဘာဝရှုခင်းကြည့်ကွက်များကို အခြေခံ ပြီး ပင်းတယနှင့်ရွာငံသွားသည့်လမ်းတွင် Babylon Camp Site ရှိပြီး မဲနယ်တောင်တန်းပေါ်တွင်လည်း Babylon Camping ကို လုပ်ကိုင်နေသလို ရွာငံအတွင်း ကုမ္ပဏီတစ်ခုကလည်း Camping လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိ ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန မှ ညွန်ကြားရေးမှုး ဦးထင်အောင်နိုင်က Travelling journal သို့ ပြောသည်။

” ကျွန်တော် တို့ဆီမှာ သစ်တောစိုက်ခင်းတွေထူထောင်ခွင့်ပြုထားတာရှိတယ်။သဘာဝကိုထိန်းသိမ်းကာကွယ်ဖို့ ခွင့်ပြုဖို့လျောက်ထားတာရှိတယ်။အဲဒီလိုနယ်မြေထဲမှာ သဘာဝကိုအခြေ ခံတဲ့ခရီးသွားလုပ်ငန်းလုပ်မယ်ဆိုရင် ကျွန်တော် တို့ ခွင့်ပြုတာရှိပါတယ်။ ဒါပေမယ့်သစ်တောမြေထဲမှာ အခိုင်အမာ ဆောက်ပိုင်ခွင့်မရှိဘူး။ ယာယီအဆောက်အအုံဟာမျိုးတွေ။သူတို့တင်ပြလာရင် စိစစ်ပြီးခွင့်ပြုပါတယ်။အဓိက ကွန်ကရစ်ကြီးတွေ RCကြီးတွေ အဲဒီလိုမျိုးဆို လက်မခံဘူး။သစ်တောနယ်မြေ ကို ထိခိုက်တယ်။ဝါးနဲ့ဆောက်တာဆိုလက်ခံတယ်။ပြီးတော့ဒေသခံတွေအတွက်လည်းသဘာဝအခြေ ခံခရီးသွားလုပ်ငန်းမှာ ဝင်ရောက်ပြီးအလုပ်လုပ်ကိုင်နိုင်တယ်”ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဒုတိယညွန်ကြားရေးမှုးချုပ် ဦးဇော်မင်းက Travelling journal သို့ ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်အတွင်း ၌ ရှုခင်းကောင်းလှသည့်နေရာများ၌ အပန်းဖြေ လာကြပြီး ရှမ်းမြောက် နောင်ချို တိမ်ပင်လယ်၌ ရှုခင်းကြည့်ကွက် နေရာ ၁၂ နေရာတွင် ဒေသခံ နှင့် တခြားဒေသမှ လုပ်ငန်းရှင် များလုပ်ကိုင်နေကြောင်းသိရသည်။

နောင်ချိုတိမ်ပင်လယ်သို့ ၂၀၁၈ခု နှစ်တွင်လာရောက်လည်ပတ်သည့် ပြည်တွင်းဧည့်သည်လူဦးရေ ကိုးသောင်းကျော်ရှိပြီး၂၀၁၉ခုနှစ်တွင် လူဦးရေ တစ်သိန်းလေးသောင်းဝန်းကျင်ခန့်လာ ရောက်လည်ပတ်ခဲ့ကြောင်းသိရသည်။

Photo-ဟိုတယ်/ခရီး / U Thet Lin

ကိုဗစ်ကာလအတွင်း မြန်မာ့ခရီးသွားဘဏ်မှ ကျပ် ၃၀ ဘီလီယံ ထိ ရင်းနှီးမြှုပ်နှံမှုတိုးလာ

#Travelling journal

ကိုဗစ်ကာလအတွင်း မြန်မာ့ခရီးသွား ဘဏ်မှ ကျပ် ၃၀ ဘီလီယံ ထိ ရင်းနှီးမြှုပ်နှံမှုတိုးလာခဲ့ကြောင်း MTB ဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဝင်း က Travelling journal သို့ ပြောသည် ။

မြန်မာ့ခရီးသွား ဘဏ်စတင်တည်ထောင်ခဲ့စဥ်ကကျပ်၂၀ ဒဿမ၂၂ ဘီလီယံဖြင့် မတည်တည်ထောင်ခဲ့ပြီး ပြီးခဲ့သည့် နှစ်လကျော်က နိုင်ငံခြားငွေဖြင့်သုံး သည့်ဝန်ဆောင်မှုများကို ပြုလုပ်ရန်အတွက် US 5 Million ကို ထပ်ဖြည့်တင်းခဲ့ကြောင်း သိရသည်။

” နိုင်ငံခြားငွေ လုပ်ဖို့ဆိုပြီး US 5 Million နဲ့ ညီမျှတဲ့ရင်းနှီးမြှုပ်နှံမှု ထပ်ထည့်ရတယ်။လက်ရှိ ရှယ်ယာရှင် အားလုံးပေါင်း၂၄ ဦးရှိပါတယ်။ ဒီ၂၄ ဦးကနေ နိုင်တဲ့အင်အားတွေနဲ့ ဖြည့်ပါတယ်။အခုတော့ ဗဟိုဘဏ်က နေ ခွင့်ပြုချက်ကျပါပြီ။ ခွင့်ပြုလိုက်ပါပြီ”ဟု ဒုတိယ ဥက္ကဋ္ဌဦးဇော်ဝင်း က Travelling journal သို့ ပြောသည် ။

လက်ရှိတွင် မြန်မာ့ခရီးသွား ဘဏ်တွင် ထည့်ဝင်ငွေကျပ် ၃၀ ဘီလီယံကျော်သွားပြီ ဖြစ်​ပြီး ဘဏ်အနေဖြင့် စျေးကွက် ချဲ့ထွင် ခြင်းများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

” စျေးကွက် ချဲ့တာက နိုင်ငံခြားငွေနဲ့သုံးတဲ့ဝန်ဆောင်မှု အားလုံးဆောင်ရွက်မယ်။ နိုင်ငံခြားဘဏ်တွေနဲ့ဆက်သွယ်မယ်။ နိုင်ငံခြားငွေနဲ့ပေးချေရတဲ့ ဝန်ဆောင်မှုအားလုံးကို လုပ်ဖို့ ခွင့်ပြုချက် ရရှိထားပြီ”ဟု ဦးဇော်ဝင်း က Travelling journal သို့ ပြောသည် ။

မကြာခင်ဖွင့်လှစ်မည့် ရွှေဂုံတိုင်ဘဏ်ခွဲတွင် International Banking Department ကို ထားရှိပြီး ဝန်ဆောင်မှုများအားလုံးကို ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့ခရီးသွားဘဏ်(Myanma Tourism Bank) မှ ရန်ကုန်၊မန္တလေး၊ နေပြည်တော်၊မြဝတီ စသော မြို့ကြီးများတွင် ဘဏ်ခွဲများဖွင့်လှစ်၍ ဘဏ်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ကမ်းခြေဒေသများကို စည်းမျဉ်းစည်းကမ်းများနှင့် အညီ ပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံချက်များ ရေးဆွဲနေဟု အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

#Travelling journal

ကမ်းခြေဒေသများကို စည်းမျဉ်းစည်းကမ်းများနှင့် အညီ ပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံချက်များ ရေးဆွဲနေဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။

ဇန်နဝါရီလ ၈ ရက် က ကျင်းပခဲ့သည့်အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၁) သို့ ပေးပို့သည့် အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

” ကောက်ရိုးမီးလိုမျိုး တစ်ခဏတာ မဟုတ်ဘဲ စနစ်တစ်ခုအဖြစ် အမြဲတမ်း တည်ရှိနေအောင် သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းလိုပါတယ်။ အခုအချိန်မှာ ဒီလုပ်ထုံးလုပ်နည်းတွေနဲ့အညီ အပျော်စီးလေယာဉ် ခရီးစဉ်တွေ၊ မြစ်တွင်းရေယာဉ်ခရီးစဉ်တွေ စတင်ပြီး ဆောင်ရွက်နေပါပြီ။ ဆက်လက်ပြီးလည်း ကမ်းခြေဒေသ တွေကို စည်းမျဉ်းစည်းကမ်း နဲ့အညီ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီမံချက်တွေလည်း ရေးဆွဲနေပါတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီတို့၏ အကြံပြုချက် များ နှင့်အညီ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက လုပ်ငန်းအသင်း အဖွဲ့များ နှင့် ပူးပေါင်းပြီး ခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံကို ရေးဆွဲခဲ့ပြီး ကာလတို၊ ကာလလတ်၊ ကာလရှည်မဟာဗျူဟာ ရည်မှန်းချက်များပါဝင်ရေးဆွဲထားသည့် လမ်းပြ မြေပုံကို COVID-19 ကာလ မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ကုစားမှု အစီအစဉ်များနှင့် ချိတ်ဆက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကထည့်သွင်းပြောကြားခဲ့သည်။

ယင်းအပြင် ပြန်လည်ရှင်သန်ရေး လုပ်ငန်းစဉ်တွင် အရေးကြီးဆုံးကိစ္စ ရပ်မှာ ခရီးသွားများ၏ ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများဘေးကင်းလုံခြုံရေးပဲ ဖြစ် ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများက ထုတ်ပြန်ထားသည့် COVID-19 ကပ်ရောဂါ ထိန်းသိမ်း ကာကွယ်ရေး လမ်းညွှန်ချက်များကို ပေါင်းစည်းပြီး COVID-19 ရောဂါ ကင်းဝေးရေးဆိုင်ရာ အမျိုးသား ခရီးသွားလုပ်ငန်းလမ်းညွှန်ကို လက်စွဲအဖြစ် ထုတ်ပြန်ဖို့ ဆောင်ရွက်နေ ကြောင်းနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာ့ခရီးသွားဘဏ် ( MTB )မှ DPTOA အသင်းအား ဝိုင်းကြီးချုပ် ပုံစံမျိုးဖြင့် ချေးငွေထုတ်ချေးပေးမည်

#Travelling Journal

မြန်မာ့ခရီးသွားဘဏ် ( MTB )မှ ပြည်တွင်း ဘုရားဖူး နှင့် ခရီးသွား ဝန်ဆောင်မှု အသင်း (DPTOA ) အား ဝိုင်းကြီးချုပ် ပုံစံမျိုးဖြင့် ချေးငွေထုတ်ချေးပေးမည်ဖြစ်ကြောင်း အသင်း ၏ အထွေထွေအတွင်းရေးမှုး ဦးကျော်မင်းက Travelling Journal သို့ ပြောသည်။

’’ကျွန်တော်တို့ ညီနောင် ၁၁ သင်းနဲ့ MOUထိုးတဲ့နေရာမှာ ကျွန်တော်တို့အသင်းက သူများအသင်းတွေနဲ့ မတူပါဘူး။ အခြေခံလူတန်းစားတွေများတဲ့အတွက် အစုံဖြစ်အောင်လုပ်ရပါတယ်။ တစ်ချို့အသင်းတွေဆို CGIနဲ့လုပ်ကြတယ်။ ကျွန်တော်တို့က CGIနဲ့လည်းရှိရင် လုပ်ကြပါ။နောက်တစ်ပိုင်းက ခရီးသွားကားတွေရှိတယ်။ ခရီးသွားကားရဲ့ လိုင်စင်တွေကို ပေးပြီးချေးလို့ရတယ်။ ခရီးသွားကားတွေမဟုတ်ဘဲ ပိုက်ဆံ ယူချင်တယ်။ မိမိရဲ့ ဂရံ သို့မဟုတ် တိုက်ခန်းဖြစ်စေ အဆက် အစပ်စာချုပ်တွေရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ အသင်းက လက်ခံပေးတယ်။ နောက်ဆုံးတစ်ချက်က လုပ်ငန်းရှင်တွေဖြစ်တဲ့ကြောင့်မို့ ဝိုင်းကြီးချုပ်စနစ်နဲ့ အသင်းကနေ ထောက်ခံပေးပြီး ဘယ်လောက်ချေးပေးသင့်ပါလဲဆိုတာကို ဘဏ်ကို Secret ပို့ပြီး လုပ်ပါမယ်။ အဲဒီလိုပုံစံမျိုးတွေနဲ့ ချေးပေးသွားပါမယ် ခင်ဗျ’’ဟု အထွေထွေအတွင်းရေးမှုး ဦးကျော်မင်း ကTravelling Journal သို့ ပြောသည်။

လက်ရှိ DPTOA အသင်း အောက်ရှိ လုပ်ငန်းလုပ်ကိုင်နေသူများသည် တစ်နိုင်တစ်ပိုင် ခရီးသွားလုပ်ငန်းကို အများဆုံး လုပ်ကိုင်နေကြသူများဖြစ်ပြီး အသင်းဝင် ၅၇၀ ကျော်ရှိကြောင်း သိရသည်။

’’ခရီးသွားလုပ်ငန်းအဖွဲ့အစည်းတွေ အားလုံးကို လုပ်ငန်းဆိုင်ရာတွေကို ကျွန်တော်တို့က အတက်နိုင်ဆုံး ငွေရေး ကြေးရေး ကူညီပံ့ပိုးသွားမှာဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုဗစ်ဖြစ်နေတဲ့ကာလမှာ ဘဏ်အနေနဲ့ အကူအညီပေးဖို့ ဆောင်ရွက်သွားပါမယ်။ ဥက္ကဋ္ဌ ကြီးတို့ဘက်ကလည်း ပွင့်ပွင့်လင်းလင်းပြောပါ။ ကျွန်တော်တို့ ဘက်ကလည်း အစွမ်းကုန်ကူညီပေးသွားမှာပါ’’ဟု မြန်မာ့ခရီးသွားဘဏ် ( MTB ) ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။

ဇန်နဝါရီ ၆ ရက်နေ့တွင် မြန်မာ့ခရီးသွားဘဏ်နှင့် ပြည်တွင်း ဘုရားဖူး နှင့် ခရီးသွား ဝန်ဆောင်မှု အသင်း (DPTOA) တို့ MOU လက်မှတ်ရေးထိုးခဲ့သည့် အခမ်းအနားတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။

’’ကျွန်တော်တို့က ကိုဗစ်ရောဂါဖြစ်နေတဲ့ ကာလအတွင်းမှာ အထူးသဖြင့်ခရီးသွားလုပ်ငန်းတွေဟာ အများကြီး ဒုက္ခရောက်နေတဲ့အချိန်မှာ အသင်းသူအသင်းသားတွေကို MTB ကနေ အခုလိုမျိုး ကူညီတာကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အတက်နိုင်ဆုံး ကူညီတဲ့ ပိုက်ဆံတွေကို မဆုံးရှုံးအောင် ထိန်းကြောင်းပေးပါမယ်။ ဒီအချိန်မှာရပ်တည်ဖို့ခက်ခဲနေချိန်မှာ ကူညီပေးတာကို အထူးကျေးဇူးတင်ရှိပါတယ်။ကျွန်တော်တို့အသင်းသားတွေကလည်း အတက်နိုင်ဆုံး လုပ်သွားပါမယ်လို့ ကတိပေးပါတယ်’’ဟု ပြည်တွင်း ဘုရားဖူး နှင့် ခရီးသွား ဝန်ဆောင်မှု အသင်း (DPTOA ) ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

မြန်မာ့ခရီးသွားဘဏ် ( MTB )အနေဖြင့် Covid -19 ကပ်ရောဂါ ကာလအတွင်း ထိခိုက်မှု အများဆုံးရှိခဲ့ပြီး စီးပွားရေး ရပ်ဆိုင်းခဲ့ရသဖြင့် ခရီးသွားလုပ်ငန်း များ၏ အသင်းဝင်များအား ဆက်လက် ရပ်တည်နိုင်ရန် အတွက် ဘဏ္ဍာရေးပိုင်းဆိုင်ရာများကို ဘဏ်အနေဖြင့် ကူညီပံ့ပိုးပေး သွားရန်အတွက် MTF အသင်းလက်အောက်ရှိ အသင်း ၁၁ များနှင့် နားလည်မှုစာချွန်လွှာများကို ရေးထိုးနေခြင်းဖြစ်ကြောင်း သိရသည်။