မြန်မာ့ခရီးသွားဘဏ် မှ ငွေသားလက်မှတ် Gift Voucher များ မကြာခင် ထွက်ရှိမည်

Travelling journal

သီတင်းကျွတ်၊တန်ဆောင်တိုင် နှင့် New Year အတွက် အထူးရည်ရွယ်ပြီး မြန်မာ့ခရီးသွားဘဏ် မှ လက်ဆောင် ငွေသားလက်မှတ် Gift Voucher များ မကြာခင် ထွက်ရှိလာမည်ဖြစ်ကြောင်း အဆိုပါဘဏ်၏ Brand Manager
ဦး စိုင်းဝင်းမင်းဦး က Travelling journal သို့ ပြောသည်။

အဆိုပါ Bank Product ကို လာမည့်ရှေ့တစ်ပတ်အတွင်း ထွက်ရှိရန် စီစဥ်ထားပြီး မြန်မာ့ခရီးသွားဘဏ် မှ အများပြည်သူ လက်လှမ်းမီ သည့် ငွေသား လက်ဆောင်ကဒ် ကျပ် တစ်သောင်း မှ ကျပ် ငါးသောင်းထိ သုံးမျိုးခွဲ ခြားထား ထုတ်ထားပေးကြောင်း သိရသည်။

” Gift Voucher က သုံးမျိုးရှိပါတယ်။ တစ်သောင်း တန် သုံးသောင်းတန် ငါးသောင်းတန် လုပ်ထားပါတယ်။ ကိုယ့်ရဲ့ ချစ်ခင်ရတဲ့ မိတ်ဆွေတွေကို လက်ဆောင်ကဒ်ပေးလို့ရအောင် ရည်ရွယ်ပြီး ထုတ်တာပါ”ဟု ၄င်းက ပြောသည်။

အဆိုပါ Gift Voucher ပေးချင်သည့် Customer များ အနေဖြင့် မြန်မာ့ခရီးသွားဘဏ် တွင် အကောင့် ဖွင့်လှစ်ထားသူဖြစ်ရပြီး Gift Voucher ဖြင့် လဲလှယ်ရယူနိုင်ကြောင်းသိရသည်။ ထို့ပြင် Gift Voucher ရရှိသည့် Customer များအနေဖြင့် မြန်မာ့ခရီးသွားဘဏ် ၏မည်သည့်ဘဏ်ခွဲမဆို လာရောက် ကာ ငွေသားဖြင့် ချက်ချင်း လဲလှယ်ယူနိုင်ကြောင်း ​သိရသည်။

သီပေါမြို့တွင်း ပြည်ပခရီးသွား လည်ပတ်ခွင့် ကန့်သတ်ထားသည့် (၁၁) နေရာကို ဖြေလျော့ပေးရန် ဟိုတယ်/ခရီး တင်ပြ

Travelling journal

ဥရောပနိုင်ငံသားများ အများဆုံး လာရောက် လည်ပတ်ကြသည့် သီပေါမြို့တွင်း ပြည်ပခရီးသွား လည်ပတ်ခွင့် ကန့်သတ်ထားသည့် (၁၁) နေရာကို ဖြေလျော့ပေးရန် တင်ပြထားပြီးဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (လားရှိုးရုံးခွဲ) ရှမ်းမြောက် ဟိုတယ်/ခရီး တာဝန်ခံ ဦးသက်လင်း က Travelling journal သို့ ပြောသည်။

” ပြည်တွင်း ခရီးသွား ကတော့ ဘယ်နေရာသွားသွား ရတယ်။အခုက ပြည်ပဧည့်သည်တွေ အတွက် ကန့်သတ်ဧရိယာကနေ ဖြေလျော့ပေးဖို့ တရားဝင်ဖြစ်သွားအောင်ပါ။ဥပမာ ချောင်းဆုံနေရာမျိုးပေါ့။ မြို့နဲ့မလှမ်းမကမ်းနေရာတွေကို တင်ထားတယ် “ဟု ၄င်းက ပြောသည်။

ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်နိုင်စေရန်အတွက် မြို့ပြင်ခွင့်ပြုချက်တင်ပြတောင်းခံထားသည့်( ၁၁) နေရာမှာ တုံစင့်ဘိုးဘိုးကြီး နတ်နန်း၊ သိမ်တောင် Sun Set ၊နမ့်ဟူးနွဲ့ရေတံခွန်၊ချောင်းဆုံ သဘာဝရှုခင်း(နမ္မတူမြစ်နှင့်နမ္မချောင်း ဆုံပြီး ဒုဌဝတီမြစ် ဖြစ်ပေါ်လာသောနေရာ)၊နမ့်တုတ်ရေတံခွန်၊ ဖာဖိတ်သဘာဝချောင်းရေထွက်၊သဘာဝရေပူ၊ သမိုင်းဝင်ဘော်ကြိုမုဌောစေတီတော်၊Little Bagan ၊လွယ်မုဒ်တောင်၊ စော်ဘွားသင်္ချိုင်း၊ (ရိုးရာ) အိမ်တွင်း မှု (ယပ်တောင်/ဆေးလိပ်လုပ်ငန်း)စသည့် နေရာများသို့ သွားလာလည်ပတ်နိုင်ရန်တင်ပြထားပြီးဖြစ်ကြောင်းသိရသည်။ယင်းတောင်းဆို ထားသည့် နေရာများမှာ သီပေါမြို့မှ အကွာအဝေး ၆ မိုင်ခန့်အတွင်းရှိ နေရာများ ဖြစ်ကြောင်း သိရသည် ။

သီပေါမြို့နယ်အတွင်း နိုင်ငံခြားသားဧည့်သည်များလာရောက်လည်ပတ်ရာတွင် နေထိုင်သည့် ရက် ပိုမိုကြာလာစေရန်နှင့် နယ်မြေဒေသကောင်းမွန်သည့် မြို့နှင့်အနီး တစ်ဝိုက်ရှိ တိုင်းရင်းသားကျေးရွာများသို့ လည်ပတ်ခွင့်ရရှိစေရန် ကန့်သတ်ဧရိယာအဖြစ်မှ ဖြေလျော့ ပေးနိုင်ရန် နှင့် ယင်းကဲ့သို့ ဖြေလျော့ပေးနိုင်ပါက ခရီးသွား ကုမ္ပဏီများကလည်း Package Tour များကို တရားဝင် ရောင်းချနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရသည်။

” ကျွန်မတို့ဆီမှာ လာတည်းတဲ့ နိုင်ငံခြားသားအများစုဆိုရင် လာရင် သီပေါသွားချင်လို့ အဲဒီလို အရင်မေးကြတယ်။သွားလို့ရပြီလား မေးကြလေ့ရှိတယ်”ဟု ရန်ကုန်အခြေစိုက် ဖွင့်လှစ်ထားသည့် ဟိုတယ် တစ်ခု ၏ မန်နေဂျာ တစ်ဦးက Travelling journal သို့ ပြောသည်။

လက်ရှိတွင် သီပေါမြိုသို့ အများစု လာရောက်လည်ပတ်ကြသည့် နေရာများမှာ ဘော်ကြိုဘုရား၊ စောမွန်လှဘုရား၊ရှေးဟောင်းစေတီပုထိုးများ၊ရှေးဟောင်းဘုန်းတော်ကြီးကျောင်းနှင့်နှီးဘုရား(ဒေသအခေါ် Little Bagan)၊ဒုဌဝတီမြစ်အတွင်းလှေစီးခြင်း ၊ချောင်းဆုံအနီးတစ်ဝိုက် လည်ပတ်ခြင်း၊ ဒုဌဝတီမြစ်ကမ်းဘေးရှိ စွန်လုံကျေးရွာအတွင်း လည်ပတ်ခြင်း၊ သီပေါဟော်နန်း၊ သီပေါမြို့မဈေး၊တိမ်တောင်ဘုရား စသည့်နေရာများကိုသွားလာ လည်ပတ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (လားရှိုးရုံးခွဲ)၏ စာရင်းအရ သိရသည်။

မကြာမီတွင် သီပေါမြို့၌ အများပြည်သူသန့်စင်ခန်း (Public Toilet) နှင့် သတင်းအချက်အလက်စင်တာ ရုံးကို ပြည်နယ်အစိုးရဘတ်ဂျတ်ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သီပေါမြို့သို့ နှစ်စဥ် နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှုမှာ တစ်နှစ်လျှင် လူဦးရေ ၁၅၀၀၀ ဝန်းကျင် လာရောက်လည်ပတ်နေပြီး Tourism City ဖော်ဆောင်မည့်မြို့လည်း ဖြစ်ကြောင်း သိရသည်။

Photo He& She /ရှမ်းမြောက်(ဟိုတယ်/ခရီး)

ရှမ်းပြည်နယ်အတွင်းရှိ မြို့ကြီး ငါးမြို့ကို Tourism City အဖြစ် ပုံဖော်မည်

Travelling journal

ရှမ်းပြည်နယ်အတွင်းရှိ မြို့ကြီး ငါးမြို့ ကို Tourism City အဖြစ် မ​ကြာခင် ပုံဖော် ဆောင် ရွက် သွားမည်ဖြစ် ကြောင်း ရှမ်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားကော်မတီ ဒုဥက္ကဋ္ဌ ဦးစိုးညွန့်လွင် က Travelling journal သို့ ပြောသည်။

အဆိုပါ မြို့ငါးမြို့မှာ ကလော၊ညောင်ရွှေ၊ကျိုင်းတုံ၊သီပေါ၊လားရှိုး စသည့် ငါးမြို့ကို လျာထားကြောင်း
သိရသည်။ ကိုဗစ်ကာလအလွန် ရှမ်းပြည်နယ်အတွင်းခရီးသွား လုပ်ငန်း စနစ်တကျ ပြန်လည်ဖွံ့ဖြိုးလာစေရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ရှမ်းပြည်နယ်နှင့် ကိုက်ညီမည့် Tourism Master Plan ကို ရေးဆွဲထားပြီး ဖြစ်ကြောင်း သိရသည်။

ထို့​​ပြင် အာဆီယံအဆင့် Clean Tourist City Award ဆုများအဖြစ် ကလောမြို့နှင့် တောင်ကြီး မြို့မှ ဆုရရှိခဲ့သလို တောင်ကြီးမြို့မှာ အာဆီယံ နိုင်ငံများထဲတွင် နေထိုင်သင့်သည့် အောင်စီဂျင် ပါဝင်မှု ရာခိုင်နှုန်း အများဆုံးဆု ကို ရရှိခဲ့ ပြီးဖြစ်ကြောင်းသိရ သည်။

” သီပေါမြို့က ကမ္ဘာ့ လှည့်ခရီးသွားတွေကြားမှာ စိတ်ဝင် စားစရာ လည်ပတ်စရာမြို့အဖြစ်နဲ့ဖော်ပြ ထားတာရှိပါတယ်။ သီပေါခရီးစဥ် ကို အနောက်နိုင်ငံသား အထူးသ​ဖြင့် ဥရောပ သားတွေ အကြိုက်တွေ့ကြတဲ့မြို့ပါ”ဟု
ရှမ်းမြောက်ဟိုတယ်ခရီးတာဝန်ခံ ဦးသက်လင်းက Travelling journal သို့ ပြောသည်။

ရှမ်းပြည်နယ်သည် ဧရိယာအကျယ်ဝန်းဆုံးပြည်နယ်တစ်ခုဖြစ်ပြီး မတူကွဲပြား သည့်တိုင်းရင်းသားလူမျိုးစု ၃၃ မျိုး နေထိုင်ကြပြီး ရိုးရာယဉ်ကျေးမှု ၊ဝတ်စားဆင်ယင်မှု၊ ရိုးရာအစားအစာ၊ ရိုးရာပွဲတော်များနှင့် သဘာ၀ တောတောင် ရေမြေရှုခင်းများကြောင့်ပြည်တွင်း ပြည်ပများ၏ စိတ်ဝင်တစား လာရောက် လည်ပတ် နေကြသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း သိရသည်။

” Tourism City တစ်ခု ဖြစ်ဖို့ လိုအပ်မယ်ဆိုရင် ဒေသရဲ့သဘာဝ တရား ယဥ်ကျေးမှု ရိုးရာယဥ်ကျေးမှု အပန်းဖြေစရာတွေ လူနေမှူဘဝတွေ ကိုဖော်ထုတ်တတ်ရမယ် ။ထိမ်းသိမ်းတတ်ရမယ်။ ဒါ့ပြင်လုံခြုံစိတ်ချစွာ သက်​တောင့်သက်သာ အလွယ်တကူသွား​ရောက်နိုင်​စေရမယ်။ နေထိုင်တည်းခို စား​သောက်​ရေး၊ ဆက်သွယ်​ရေး၊ ကျန်းမာ​ရေး၊ ဘဏ်ကိစ္စကစ အဆင်​ပြေ​ချော​မွေ့​စေရမယ်။ပိုပြီးအရေးကြီးတာက အဲဒီဒေသက သူတွေ အားလုံးက friendliness, hospitality စတဲ့အမူအကျင့်​ကောင်း​တွေဖွံ့ဖြိုးရှင်သန်​နေရပါမယ်” ဟု Nature Lovers International မှ Chairman & CEO ဦးအောင်ဒင် က Travelling Journal သို့ ပြောသည်။

လက်ရှိ ရှမ်းပြည်နယ် အစိုးရ ငါးနှစ်သက်တမ်းအတွင်း Clean & Green Citiesမြို့ကြီး (၁၂ )မြို့ကိုလည်း
ဖော်ဆောင်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Photo ko yea aye

ဧရာဝတီ တိုင်း အတွင်း ခရီးသွားစက်ဝန်းကြီး အဖြစ် သွားလာ လည်ပတ်နိုင်ရန် ခရီးစဥ်ဒေသ ( ၁၉၆ )ခုကို တိုင်းအစိုးရ ဖော်ထုတ်

ဂေါ်ရန်ဂျီကမ်းခြေကိုတွေ့မြင်ရစဥ်

Travelling journal

ဧရာဝတီ တိုင်းဒေသကြီးအတွင်း ခရီးသွားစက်ဝန်းကြီး အဖြစ် သွားလာလည်ပတ်နိုင်ရန်အတွက် ထင်ရှားကျော် ကြား သည့် ခရီးစဥ် နေရာဒေသအသစ်( ၁၉၆ )ခုကို တိုင်းအစိုးရ က ဖော်ထုတ် မှတ်တမ်းတင်ထားပြီးဖြစ်ကြောင်း တိုင်းအစိုးရ အဖွဲ့မှ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက Travelling journal သို့ ပြောသည်။

အဆိုပါခရီးစဥ်နေရာများရရှိရန်အတွက် တိုင်းအစိုးရ မှ မြို့နယ်အလိုက်ရှိ အုပ်ချုပ်ရေးအဖွဲ့များအား စာရင်းပြုစုကောက်ခံပေးရန် ညွန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

“ပုဂံလိုတော့ Attraction မဖြစ်သေးဘူး ပေါ့။ အဲဒီလို ဖြစ်ဖို့ကလည်း လူထုကိုဆွဲဆောင်ဖို့ မလွယ်ကူဘူးလေ။ အားသာချက်က ကမ်းခြေအများအပြားရှိတာမို့ အခွင့်အလမ်း အများကြီး ကောင်းမွန်ပါတယ်။ ကျွန်တော် တို့ပြုစုထားတဲ့မှတ်တမ်းစာအုပ်က မကြာခင်ထုတ်ဝေတော့မှာပါ။ဘယ်အစိုးရတက်လာလာ ဒီပြုစုထားတဲ့
ဒါတွေရှိတယ်။ ဆက်ပြီးလုပ်လို့ရနိုင်အောင် မှတ်တမ်းတွေ လုပ်ထားပေးထားပါတယ်”ဟု ဦးသန်းဆွေဝင်း က ပြောသည်။

ပြုစုထားသည့် အဆိုပါနေရာ(၁၉၆ )နေရာအား နှစ်ည အိပ်မှ ငါးညအိပ်အထိ ခရီးသွား များ၏ စိတ်ဝင်စား မှုပေါ် သွားရောက်လည်ပတ်နိုင်စေရန် အလုပ်ရုံဆွေးနွေးပွဲတစ်ခုလုပ်ကာ Package ခရီးစဥ် များ အဖြစ် ဖော်ဆောင်သွားရန် စီစဥ်ထားရှိကြောင်းသိရသည်။

ဧရာဝတီ တိုင်း​ဒေသကြီးအတွင်းရှိ ထင်ရှားကျော်ကြားသည့် လူပုဂ္ဂိုလ်များ ၊ ရဟန်းပုဂ္ဂိုလ်များ၊ထူးခြားသည့်စေတီပုထိုးများ၊ ကမ်းခြေများ နှင့်လှပသည့်ပြကွင်းပြကွက်ကောင်းလှသည့် ဒေသများကို ပြုစုထားခြင်းဖြစ်ကြောင်း သိရသည်။

ဆေးရုံများတွင် လိုအပ်နေသည့် Oxgyen Concentrator စက် ငါးလုံးကို ပုဂံအခြေစိုက် Crown Prince Hotel ပိုင်ရှင် မှ လှူဒါန်း

Travelling journal

ဆေးရုံကြီးများနှင့် ဆေးရုံများတွင် အရေးတကြီး လိုအပ်နေသည့် Oxgyen Concentrator စက် ငါးလုံးကို ပုဂံအခြေစိုက် Crown Prince Hotel ပိုင်ရှင် ဦးသန်းရွှေကNine COVID Team အဖွဲ့သို့ လှူဒါန်းပေးခဲ့ကြောင်း
သိရသည်။

လက်ရှိတွင် ဆေးရုံကြီးများ နှင့် ဆေးရုံများတွင် အရေးတကြီး လိုအပ်နေသည့် Oxgyen Concentrator များ အတွက် အလှူရှင် များကလည်း တတ်နိုင်သည့်ဘက်များမှ ပံ့ပိုးကူညီပေးနေခြင်းဖြစ်သည်။

အောက်တိုဘာ ၅ ရက် မနက်ပိုင်း တွင် ပုဂံအခြေစိုက် Crown Prince Hotel ပုဂံ မှ Oxgyen Concentrator (၅) လုံး အား လှူဒါန်းပေးခဲ့သလို မိဘနှစ်ပါးအား အမှုးထားပြီး အလှူရှင် ဒေါ်လှမြင့် မိသားစုကလည်း Oxgyen Concentrator (၆) လုံး ကို လည်း လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော် တို့ Nine Covid Team အဖွဲ့ကို လာရောက်လှူဒါန်းပေးခဲ့တဲ့အလှူရှင်တွေက ပထမလှိုင်းတုန်းက အလှူရှင် ၃၀၀ ကျော်ရှိခဲ့တယ်။ အခု ဒုတိယလှိူင်းမှာကျတော့ အလှူရှင် ၂၀၀ ကျော်သွားပြီ”ဟု Nine Covid Team အဖွဲ့မှ ဦးဆောင်သူ တစ်ဦးဖြစ်သူ ဦးခင်အောင်ထွန်း က Travelling journal သို့ ပြောသည်။

အဆိုပါ Nine Covid Team အဖွဲ့သည် Tourism ၊Hotels & Restaurants လုပ်ငန်းရှင်များ နှင့် မိတ်ဆွေသူငယ်ချင်းများမှ မြန်မာပြည်တွင် COVID-19 ပထမလှိုင်း စတင်ဖြစ်ပေါ်ခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ (၂၃) ရက် မတိုင်မှီ မတ်လ (၂၀) ရက်နေ့တွင် ရင်ဘတ်ချင်းတူသူများ အချို့နှင့်စတင်ဖွဲ့စည်းခဲ့သည့် အဖွဲ့တစ်ခုဖြစ်ကြောင်းသိရသည်။

ချောင်းသာအ​ခြေစိုက်ရွှေဟင်္သာ ဟိုတယ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဟိုတယ်ဝန်ထမ်းဟောင်းဦးရေ (၁၀၀) ကို At The Sea ဟိုတယ် ပိုင်ရှင် က ပစ္စည်းငါးမျိုး ထောက်ပံ့

Travelling journal

ချောင်းသာ အ​ခြေစိုက် ဖွင့်လှစ်ထားသည့် ရွှေဟင်္သာ ဟိုတယ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဟိုတယ်ဝန်ထမ်းဟောင်း ဦးရေ(၁၀၀ )ကို At The Sea ဟိုတယ် ပိုင်ရှင် က ပစ္စည်းငါးမျိုး ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဟိုတယ် ဝန်ထမ်းဦးရေ ၁၀၀ အတွက်ငွေဆောင် ကမ်းခြေ အခြေစိုက် At The Sea ဟိုတယ် ပိုင်ရှင် မိသားစု မှ ဆန် ဆီ ငရုတ် ကြက်သွန် ဆား အစ ရှိသည့်​ ​ထောက်ပံ့ကူညီ ပစ္စည်း ၅ မျိုးကို ပေးအပ်ခဲ့သည်။

” ဦး တို့ အနေနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ထောက်ပံ့ကူညီတာပါ။ အရင်က အဲဒီဟိုတယ်မှာ ဦး လည်း အလုပ်လုပ်ခဲ့ဖူးပါတယ်။ နယ်ဝေးမှာ ရောက်နေတဲ့ ဝန်ထမ်းဟောင်းတွေကိုလည်း ထောက်ပံ့ပေးသွားမှာပါ”ဟု At The Sea ဟိုတယ် ပိုင်ရှင် ဦးလှိုင်မွန် က Travelling journal သို့ ပြောသည်။

ချောင်းသာကမ်း​ခြေ စတင် ဖွင့်လှစ်ခဲ့ပြီး ပထမ ဦးဆုံး စတင်ဖွင့်လှစ်ခဲ့သည့် ဟိုတယ်တစ်ခုဖြစ်ကာ ယင်းဟိုတယ်၌ ၁၉၉၇ ခုနှစ်မှ ၂၀၁၇ အထိ ​နှစ်၂၀ အတွင်း ရွှေဟင်္သာ ဟိုတယ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဟိုတယ်ဝန်ထမ်းများအား အောက်တိုဘာ ၄ ရက် မနက်၉ နာရီတွင် ချောင်းသာကမ်း​ခြေ Sea Greate ၌ တစ်ဦးချင်း စီ ပေးအပ်လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။

ဟိုတယ် အပေါင်ပစ္စည်းပေးပါက မြန်မာ့ခရီးသွားဘဏ်မှ Hotel Loan ချေးငွေ ထုတ်ချေးပေးမည်

Travelling journal

ဟိုတယ် အပေါင်ပစ္စည်း ပေးပြီး Hotel Loan ယူမည်ဆိုပါက မြန်မာ့ခရီးသွားဘဏ်မှ ချေးငွေ ထုတ်ချေးပေးမည်ဖြစ်ကြောင်း မြန်မာ့ခရီးသွားဘဏ်မှ တာဝန်ရှိသူတစ်ဦးက Travelling journal သို့ ပြောသည်။

လက်ရှိအချိန်ကာလတွင် ကိုဗစ်ရောဂါဖြစ်ပွားနေခြင်း ကြောင့် ခရီးသွားလုပ်ငန်းများရပ်တန့်ခဲ့ပြီး စျေးကွက် ပျက်သွားခဲ့သည်။ ကိုဗစ် ကင်းစင်သွားလာ ပြီး ပြန်လည်လုပ်ငန်းများ စတင်နိုင်မည့်အချိန်ကာလရောက်ပြီဆိုပါက လိုအပ်နေသည့် ချေးငွေ များကို ထုတ်ချေးပေးရန် အစီအစဥ်များရှိကြောင်း ယင်း ဘဏ်၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

” MTB ဘဏ် ကနေ Hotel ​တွေ ကို Loan ​ချေးတာ ​ကို ပေးပါတယ်”ဟု မြန်မာ့ခရီးသွားဘဏ် မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒေါ်သိဂီလင်းက Travelling journal သို့ ပြောသည်။

လက်ရှိတွင် နိုင်ငံတော်အစိုးရမှ ကိုဗစ်ရောဂါဖြစ်ပွားခြင်းကြောင့် လုပ်ငန်းများ ရပ်ဆိုင်းကာ ပြန်လည်လှည်ပတ်မှုမရှိသည့် လုပ်ငန်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် တစ်နှစ် ချေး​ငွေ များကို နယ်ပယ်အသီးသီးလိုက် ထုတ်ချေးပေးထားပြီးဖြစ်သည်။

“အစိုးရ က အခုချေးပေးတဲ့ ချေးငွေကလည်း ဝန်ထမ်းလစာ သုံးလစာကိုပဲ အဓိက ထားပေးတာဖြစ်ပါတယ်။
ထပ်ပြီး လည်ပတ်ဖို့ကျတော့ လိုနေတာပေါ့။ တစ်ချို့ဟိုတယ်တွေကျတော့ ဘဏ်ချေးငွေနဲ့ ချေးထားပေမယ့် ဘဏ်ကလည်း သုံးလလောက်ပဲ အတိုးသွင်းခွင့် နောက်ဆုတ်ပေးခဲ့တာ။ အတိုးက မဖြစ်မနေ သွင်းရတာလေ။ ထပ်ချေးမယ်ဆိုရင်လည်း ဘဏ်တွေက ဟိုတယ် တွေကို ထပ်မချေးပေးတော့ဘူး။ ထပ် ချေးမယ် ဆို ရင် နောက်ထပ် အိမ်တွေရှိလို့ လုပ်ငန်းဘာလဲဆိုရင် ဟိုတယ်ဆိုရင် ဘဏ်တွေက လောလော ဆယ် မချေးချင်ကြ တော့ဘူး။ ချေးရင်လည်း နည်းနည်းပဲရတော့တယ်။ အဲဒီလိုတွေဖြစ်နေတာ။ ဟိုတယ်တွေပဲဖြစ်ဖြစ် ဘယ်လုပ်ငန်းဖြစ်ဖြစ်ပါ အပေါင်ပေးမယ်ဆိုရင် ချေးပေးသင့် တယ်။ ဘဏ်တွေမှာ ဟိုတယ်ဆိုရင် ချေးရတာ ခက်သွားပြီ”ဟု တောင်ကြီးဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမင်းဇော် က ပြောသည်။

လက်ရှိတွင် မြန်မာ့ခရီးသွားဘဏ်(Myanma Tourism Bank) မှ ဘဏ်ခွဲပေါင်း (၆) ခုကို ပြည်နယ်နှင့် တိုင်းတစ်ချို့တွင် ဖွင့်လှစ်ပြီး ဘဏ် ဝန်ဆောင်မှုများကို ဆောင်ရွက် ပေးနေကြောင်း သိရသည်။