သူဌေးကျွန်းအပန်းဖြေဟိုတယ် မိသားစုမှ COVID 19 ကုသရေးစင်တာ( ၁၀) ​နေရာကို ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းမည်

Travelling journal

တနသ်ာရီတိုင်းဒေသကြီး ကော့သောင်း မြို့အခြေစိုက် သူဌေးကျွန်းအပန်းဖြေဟိုတယ် မိသားစုမှ COVID 19 ကာကွယ်ထိန်းချုပ်ကုသရေးစင်တာ( ၁၀ )နေရာ သို့ ကျန်းမာရေးသုံးပစ္စည်းများကို သွား​ရောက် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း Grand Andaman Group of Companies ၏ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးဝင်းသန်း က Travelling journal သို့ ပြောသည်။

စက်တင်ဘာ ၃၀ ရက်တွင် တပ်မတော်ဆေးတက္ကသိုလ်​နှင့် အင်းစိန်ပြည်သူ့ဆေးရုံ သို့ ကျန်းမာရေးသုံး ပစ္စည်းများကို သွားရောက်လှူဒါန်းပေးခဲ့ကြောင်း ၄င်းက ပြောသည်။

“တကယ်လိုအပ်နေကြတာ ၊ ကိုယ်နိုင်သရွေ့ဝိုင်းလှူပေးတာပါ၊ အစိုးရ တစ်ခုတည်းနဲ့လည်း မနိုင်ဘူးလေ၊COVID 19 ရောဂါရှိသူများကို တာဝန်ယူကုသပေးနေကြတဲ့ စင်တာတွေကို ကျွန်တော်တို့ နိုင်သရွေ့ဝိုင်းကူညီပံ့ပိုးပေးတာပါ၊ အရင်ရက်က လှူတဲ့ အရေအတွက်အတိုင်း ပဲ လှူသွားမှာပါ။ နောက်ထပ်(၃)ရက်ကို နေရာ (၆)နေရာ ဆီ သွားပြီး ဆက်လှူပေးသွားပါမယ်”ဟု ဦးမျိုးဝင်းသန်းက Travelling journal သို့ ပြောသည်။

ပထမအကြိမ်နှင့် ဒုတိယအကြိမ်လှူဒါန်းခြင်း ကို စက်တင်ဘာ ၂၉ ရက်က ဧရာဝတီဖောင်ဒေးရှင်းနှင့်
ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) သို့ COVID 19 ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် PPE-200, KN 95 -400, Alcohol Soluction 50 L, Hand Sanitizer များ ကို သွားရောက် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာခရီးသွားလုပ်ငန်း ပြန်နလန်ထူရန် အနည်းဆုံး ၂ နှစ်ကနေ ၈ နှစ်လောက် အထိ ကြာနိုင်သည်ဟု ဒုသမ္မတ ဟင်နရီဗန်ထီးယူ ပြောကြား

Travelling journal

နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်နလန်ထူနိုင်ရန်အတွက် အနည်းဆုံး ၂ နှစ်မှ ၈ နှစ်လောက် အထိ ကြာနိုင်သည်ဟု ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ကျွမ်းကျင်သူများ၏ မှန်းဆ ပြောဆိုချက်များကို ကိုးကားပြီး အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူက ထည့်သွင်း ပြောကြား လိုက် သည်။

စက်တင်ဘာလ(၂၅) ရက်က နေပြည်တော်၌ကျင်းပခဲ့သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (၂၀၂၀) အထိမ်းအမှတ် Tourism and Rural Development ဆွေးနွေးပွဲတွင် ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူ က ပြောကြား ခဲ့ခြင်းဖြစ်သည်။

COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကိုထိန်းချုပ် ရန်အတွက် ပြည်ဝင်ခွင့် ရပ်ဆိုင်းခြင်း၊ လေကြောင်းလိုင်းများရပ်ဆိုင်း​ခြင်းတို့ကြောင့် နိုင်ငံတကာခရီးသွားလုပ်ငန်းမှာ လုံးဝရပ်ဆိုင်းသွားခဲ့ပြီး နောက်နှစ်မှ ပြန်လည် စတင်နိုင်မည်ဟုလည်း ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ကျွမ်းကျင်သူများက မှန်းဆထားကြောင်း
ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူ က ယင်းအစည်းအဝေးတွင် ထည့်သွင်း ပြောကြားထားသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းဇယား အရ ၂ဝ၂ဝပြည့်နှစ်၏ ပထမနှစ်ဝက်ကာလတွင် နိုင်ငံတကာခရီးသည် ဝင်ရောက်မှုမှာ သန်း (၄၄ဝ) ရာခိုင်နှုန်းအားဖြင့် (၆၅) ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဝင်ငွေအနေဖြင့် အမေရိကန် ဒေါ်လာ ၄၆ဝ ဘီလီယံ ဆုံးရှုံးခဲ့သည့်အတွက် အလုပ်အကိုင် ဆုံးရှုံးမှုများနှင့် ထိခိုက်မှုအများဆုံး ကဏ္ဍထဲတွင် ပါဝင်ခဲ့ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင် က ယင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

COVID-19 ကပ်ရောဂါကြောင့် ခရီးသွားများ၏ရွေးချယ်မှုများမှာ ယခင်နှင့်မတူ ပဲ ပြောင်းလဲသွားပြီး မြို့ပြဘဝခရီးသွားထက် physical distancing နှင့်နေထိုင်သွားလာခြင်း၊ nature tourism ၊ ethnic tourism နှင့် environmental tourism များကို ပိုပြီး သွားလာကြမည်ဟု လည်းခန့်မှန်းထားကြောင်း ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ပေါ်ထွက်လာမည့် ခရီးသွားလာရေးပုံစံသစ်နှင့် လိုက်လျောညီထွေရှိသည့် ​Tourism and Rural Development ကို ၂၀၂၀ပြည့်နှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဆောင်ပုဒ်အဖြစ် သတ်မှတ်ပေးခဲ့သည်။

Photo MOHT FB

ချောင်းသာ ကမ်းခြေ တည်ထောင်ပြီး၂၆ နှစ် အကြာတွင် ကမ်းခြေဟိုတယ်များ လျှပ်စစ် မီးရရှိတော့မည်

Travelling journal

ချောင်းသာ ကမ်းခြေ တည်ထောင်ပြီး၂၆ နှစ်အကြာတွင် ကမ်းခြေအခြေစိုက်ဟိုတယ်များ လျှပ်စစ်မီးရရှိတော့မည် ဖြစ်ကြောင်း ချောင်းသာဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းကျော်ဦး က Travelling journal သို့ ပြောသည်။

ချောင်းသာကမ်းခြေစတင်အကောင်အထည်ဖော်ခဲ့သည့် ၁၉၉၄ ခုနှစ်မှ၂၆ တိုင် လျှပ်စစ်မီးမရရှိဘဲ ဟိုတယ်လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံမှသိရသည်။

“လောလောဆယ်ချောင်းသာမြို့မှာ ရှိတဲ့ လူနေရပ်ကွက်တွေကတော့ နေ့ညလျှပ်စစ်မီးတွေ ထိန် လင်းနေကြတယ်။အရင်ကဆို လမ်းမီးတွေက မှောင်မဲနေတာ။ အခုဆို လင်းထိန် နေပြီ”ဟု ဦးမင်းကျော်ဦး က ပြောသည်။

မကြာမီ တွင် ချောင်းသာ ကမ်းခြေ အခြေစိုက်ဟိုတယ်များလည်း လျှပ်စစ်မီးရရှိလာ​တော့မည်ဖြစ်ပြီး လာရောက်လည်ပတ်သောဧည့်သည်များကို ၂၄ နာရီဝန်ဆောင်မှုပေးနိုင်တော့မည်ဖြစ်ကြောင်း ဟိုတယ်လုပ်ငန်းရှင်များက ပြောသည်။

” ပင်လယ်ကမ်းခြေကိုသဘောကျလို့ ရန်ကုန်ကနေ ဇက်၂ဆင့်ဖြတ်၊လျှပ်စစ်မီးမရှိ၊လမ်းကလည်းမကောင်း၊ဝါသနာအရင်းတည်ပြီး၊ဒီလိုအခြေအနေမှာရင်းနှီးမြုပ်နှံခဲ့တာရူးသွပ်တဲ့စိတ်တစ်ခုထဲပေါ့၊အခြားနေရာမှာရင်းနှီးမြုပ်နှံတဲ့သူတွေဒီထက်အဆင်ပြေတာတွေ့ရတယ်။
ဘာပဲပြောပြော ယခုအချိန်မှာဒီလိုအနေအထားရောက်ခဲ့တော့ကျေးဇူးတင်ရပါတယ်။ ကမ်းခြေသန့်ရှင်းသာယာလှပရေးအတွက်တော့ကိုယ်ထူမှကိုယ်ထရတဲ့ ဘဝကတော့ မလွတ်သေးပါဘူး။ထိုက်သင့်တဲ့အခွန်တွေပေးဆောင်ပြီးနိုင်ငံသားလုပ်ငန်းရှင်များရနိုင်တဲ့အခွင့်အရေးများမဖြစ်နိုင်သေးတော့နိုင်ငံနဲ့အတူတာဝန်သိတဲ့လုပ်ငန်းရှင်များအဖြစ်ဂုဏ်ယူစွာနဲ့ဆက်လက်လျှောက်လှမ်းကြမှာဖြစ်ပါတယ်”ဟုGrand hotel ပိုင်ရှင်လည်းဖြစ်သူ
ဦးမင်းကျော်ဦး က Travelling journal သို့ပြောသည်။

လက်ရှိတွင် ချောင်းသာဟိုတယ်ဇုန်တွင်ဟိုတယ်အသင်းဝင် ဟိုတယ်အလုံးရေ ၃၅ လုံးရှိပြီး တည်းခိုခန်းနှင့်အုန်းတောအခြေစိုက်တည်းခိုခန်းများပါဝင်မည်ဆိုပါက အလုံးရေ ၁၀၀ ကျော်ရှိကြောင်း သိရသည်။

” အခုလို မီးရတော့မယ်ဆိုတော့ အလွန်ဝမ်းသာစရာပါ။ ဟိုတယ်တွေတော့ ရဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်”ဟု ကမ်းခြေဟိုတယ်ပိုင်ရှင်တစ်ဦးဖြစ်သူ ကလည်း Travelling journal သို့ ပြောသည်။

ချောင်းသာကမ်းခြေရှိ ဟိုတယ်တခုကိုတွေ့ရစဥ်

နောင်လုံတောင်ကြားလမ်း (သို့ ) S လမ်း

မော်ကျွန်းသူ

ဘားအံမြို့ကို ရောက်ဖြစ်ခဲ့ရင် အလှပဆုံး တွေ့မြင်ရနိုင်တဲ့နေရာက တောင်တန်းခုံးခုံးလေးတွေနဲ့ တောင်ချင်းသွယ်ယှက်စွာ တည်ရှိနေတဲ့ နောင်လုံတောင် ကြား လမ်းကို မရောက်ဖူးခဲ့ရင် ခေတ်မမှီတော့ဘူးလို့တောင် ပြောစမှတ်ဖြစ်လာရပါပြီ။ အဲဒီ​ လောက်ထိ ခရီးသွား တွေအကြား မှာ ဖမ်းစားနိုင်လွန်းခဲ့ပါတယ်။

ဘားအံ မြို့ကို တောင်ကိုးလုံးနဲ့ ဝန်းရံထားတာမို့ တောင်တွေရဲ့မြို့တော်လို့ ဆိုချင်ပါတယ် ။ မိဇံတောင် ၊ မိကရင်တောင်၊ ဖားပုတောင်၊ ဖားကပ်တောင်၊ ထောင်ဝိတောင်၊ ထမင်းဆုတ်တောင်၊ ဇွဲကပင်တောင်၊ ကြာအင်းတောင်၊ ဖားမဲတောင် တို့က ဝန်းရံထားတယ်လို့ ဒေသခံ ဧည့်လမ်းညွန် ဦး သူရဦးက ဆိုပါတယ်။ တကယ်တော့ ကရင်ပြည်နယ် က တောင်တွေ ပေါများလွန်းသလိုဂူတွေရဲ့မြို့တော်လို့ လည်း တင်စားလို့ရပါတယ်။

တောင်တန်းတွေ ၊ တောင်တွေ ကို နှစ်သက်မိသူ စာရေးသူကတော့ နောင်လုံတောင်ကြားလမ်းကို မနက်ပိုင်းတစ်ကြိမ် ညနေပိုင်းတစ်ကြိမ် သွားရောက်ဖြစ်ခဲ့ပါတယ် ။
ဒါ့အပြင် နောင်လုံတောင်ကြားလမ်းကို ( S) လမ်းလို့လည်း ခေါ်တွင်တယ်လို့ ဒေသခံ ဧည့်လမ်းညွန် ဦးသူရဦးက လည်း ရှင်း​ပြပါတယ်။ တောအုပ်ဆိုင်းဆိုင်းရယ်။ အကွေ့အကောက်လမ်းတွေနဲ့ လှပနေမှုကတော့ နောင်လုံတောင်ကြားလမ်း ရောက်ဖူးသူမှန်သမျှ တွေ့မြင်သိမြင်နိုင်အောင် လှပလွန်းပါတယ်။

သဘာဝတရားနဲ့ ဟန်ချက်ညီအောင် လိုက်ဖက်အောင် တော်ပုံတောင်ကြားလမ်းတစ်လျှောက် မှာ ခေတ်မှီ အပန်းဖြေရီဆော့ဟိုတယ်တွေ ကို ဆောက်လုပ်ထားတာမို့ တခြားဟိုတယ်တွေနဲ့မတူတဲ့ ခံစားမှုရသကိုလည်း ရရှိစေပါတယ်။ ဒါကြောင့်မို့ ခရီးသွား အများစု က တောင်ကြားလမ်းမှာ ရှိကြတဲ့ ဟိုတယ်တွေမှာ တည်းခိုမှု များပြားလာခဲ့ပါတယ်။ စာရေးသူ က ဒီတစ်ခေါက်မှာတော့ ဇွဲကပင် တောင် ကြီးကို အပြည့်အဝမြင်တွေ့ရစေတဲ့ zwekapin valley resort & spa မှာ တည်းခိုခဲ့ပါတယ်။

နောင်လုံတောင်ကြားလမ်း ကို ဘယ်လိုသွားမလဲ

တော်ပုံတောင်ကြားလမ်း အတိုင်းသွားရင် ပထမဆုံးလုမ္မနီဉယျာဥ်ကို ရောက်ရှိမှာဖြစ်ပါတယ်။အဲဒီကနေ ကျိုက်ကဝိရွာ သို့ ဖိုးတခေတ်ရွာ ပြီးရင် သရက်ဥယျာဥ်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အရင်က ဒီသရက်ဥယျာဥ်ထဲမှာ ဘုရားတွေအများကြီးတည်ထားတာ။ အခုကျတော့ ပြုပြင်ထိန်းသိမ်းဖို့အားနည်းသွားလို့ ခရီးသွား တွေကြားမှာ ရေပန်းမစားတော့ပါဘူး။ သရက် ဥယျာဥ်ပြီးရင်တော့ နာမည်ကျော် နောင်လုံတောင်ကြားလမ်းကို ဝင်ပါပြီ။ နောင်လုံတောင်ကြားလမ်းကို အများစုက မြို့ရှောင်လမ်းလို့ခေါ်ကြတယ်။ အဝေးပြေးလမ်းလည်းဖြစ်တာမို့ အရှိန်နဲ့တရစပ်မောင်းတဲ့ကားတွေလည်းရှိကြတယ်။

နောင်လုံတောင်ကြားဝင်ပြီဆိုတာနဲ့ တောက်လျှောက် က အရမ်းသာယာပြီးလှပသလို ဓာတ်ပုံရိုက်လို့ အရမ်းကောင်းပါတယ်။ အထူးသတိပြုရမှာကတော့ အန္တာရယ်လည်း အရမ်းများတာမို့ ဂရုစိုက်ဖို့လိုပါတယ်။

ပွိုင့်လေးပွိုင့်ရှိတဲ့နောင်လုံတောင်ကြားလမ်း

နောင်လုံတောင်ကြားလမ်းမှာ ဓာတ်ပုံရိုက်ကောင်းတဲ့ ပွိုင့်လေးပွိုင့်ရှိတယ်လို့ ဒေသခံဧည့်လမ်းညွန် ဦးသူရဦးက ပြောပြပါတယ်။ အများစု ကတော့ (ကျောက်တံခါးချပ်) ပုံစံဖြစ်နေတဲ့ နေရာမှာ ရိုက်ကြပါတယ်။ ဒီနေရာက အန္တာရယ်လည်း ကင်းသလို အေးအေးဆေးဆေးနဲ့ နောင်လုံတောင်ကြား လမ်းကို နောက်ခံပြီး ဓာတ်ပုံရိုက်ကူးနိုင်ခွင့်ရ​ခြင်းပါပဲ။

ညနေဆည်းဆာ ဝင်ချိန်ဆိုရင် တောင်တွေရဲ့နောက်မှာ ရွှေရောင်ကျနေတာမို့ ညနေစောင်းချိန်ကို မှန်းပြီး ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။ ဒါကြောင့်မို့ ဘယ်အချိန်ကြည့်ကြည့် တစ်မျိုးစီလှပနေတဲ့ နောင်လုံတောင်ကြားလမ်း နဲ့ ဓာတ်ပုံ ရိုက်သူ တွေဟာ များပြားလာပါတယ်။

ဒါမို့ ဘားအံရောက်ပြီဆိုရင် ပထမဆုံး ဓာတ်ပုံရိုက်ကြ မယ့်နေရာက နောင်လုံတောင်ကြားလမ်း သို့မဟုတ်( S) လမ်း ဖြစ်နေတယ်ဆိုတာကတော့ငြင်းဖွယ်ရာမရှိလို့ ဆိုချင်ပါတော့တယ်။

Photoဓာတ်ပုံအောင်မြင့်မြတ် FB