All Travel Guides

ကျိုင်းတုံ မြို့ ၁၉ မိုင်အလွန်က အမောဒေ တောင်ကြော ရှုခင်းသို့ သွားရောက်ကြသူများပြား

ကျိုင်းတုံ မြို့ ၁၉ မိုင်အလွန်က အမောဒေ တောင်ကြော ရှုခင်းသို့ သွားရောက်ကြသူများပြား

Travelling journal ကျိုင်းတုံ မြို့ ၁၉မိုင်အလွန်က အမောဒေ တောင်ကြောရှုခင်းသို့ သွားရောက်လည်ပတ်ကြသူ များ ပြားနေကြောင်း ကျိုင်းတုံ ဒေသခံများထံမှ သိရသည်။ ကျိုင်းတုံ - မိုင်းခွန်- မိုင်းခုတ် -မိုင်းဆက် သွားသည့် လမ်းပေါ်တွင် တည်ရှိသည်ဟု ရွှေတြိဂံဟိုတယ်ဇုန် ဒုဥက္ကဋ္ဌဦးရဲမြင့်အောင် က Travelling Journal သို့ ပြောသည်။ "လှတယ်။ မိုးတွင်း ဆိုလည်း လှတယ်။ ပြီးခဲ့တဲ့လကလည်း ရောက်ခဲ့သေးတယ်။ ရာသီဥတု ပြောင်း လဲရင် ပြောင်းလဲသလိုအရမ်းလှတဲ့နေရာပါ။ နေပူရင်တစ်မျိုး မိုးအုံ့ရင်တစ်မျိုး မြင်တွေ့ရတယ်" ဟု ယင်းနေရာသို့ သွားရောက်ခဲ့သည့် ရွှေတြိဂံဟိုတယ် ဇုန် ဥက္ကဋ္ဌ ဦးရဲမြင့်အောင် က Travelling journal သို့ ပြောသည်။ အဆိုပါ​နေရာကို ကျိုင်းတုံ - ကျိုင်းတုံ မိုင်းဖြတ် လမ်းမှ သွားရောက်နိုင်ပြီး တောင်​ပေါ်သို့ ကားဖြင့် ၁ နာရီခွဲ ဝန်းကျင်ခန့် ​မောင်းရပြီး ၁၉မိုင် သဘာဝ တရားရိပ်သာ သို့အရင် ​ရောက်ရှိကြောင်း ဒေသခံတစ်ဦး ဖြစ်သူဒေါ် နန်းခမ်းတစ်(ပ်) က လည်း ပြောသည်။ သဘာဝရိပ်သာ တရား သည် သဘာဝတရား များနှင့် အလွန် သာယာလှပလွန်း​သော ​တောင်တန်း ကြားတွင် တည်ရှိပြီး လမ်းခရီး တစ်​လျောက် လမ်းကောင်းမွန်ခြင်းကြောင့် သွားရောက်သူများပြားခြင်းဖြစ်ကြောင်း သိရသည်။ "လူငယ်တွေကြားမှာတော့ ၁၉ မိုင်သဘာဝတရားရိပ်သာလို့ ခေါ်ကြတယ်။ ကျိုင်းတုံ မြို့ပေါ်ကသူတွေ သွားလာကြတာ များလာတယ်။ဆောင်းတွင်း ပိုမိုက်တယ်။ တိမ်ပင်လယ်အထပ်လိုက် တွေ့ရတယ်။ အခု ရေပန်းစားလာတာ"ဟု ကျိုင်းတုံ အခြေစိုက် ခရီးသွား ကုမ္ပဏီ တစ်ခုဖြစ်သည့် Moe Tein Travel&Tours co. ltdမှ ဒေါ် နန်းခမ်းတစ်(ပ်) က ပြောသည်။ ထိုမှတစ်ဆင့် သုံး မိုင်ခန့် ဆက်သွားပါက အမြင့်​ပေ ၆၇၇၀ ရှိ လွယ်ပီ​ကော်လာ​တောင် ရှိ လားဟူ လူမျိုး များ အများဆုံး ​နေထိုင်သည့် အ​မော​​ဒေ ရွာသို့ ရောက်ရှိမည်ဖြစ်ကြောင်း ကျိုင်းတုံဒေသခံ များက ပြောသည်။ လက်ရှိတွင် ကျိုင်းတုံ မြို့မှ ကားသေးများဖြင့်လာရောက်သူများ ၊စက်ဘီးစီးအဖွဲ့များနှင့် ဆိုင်ကယ်စီးအဖွဲ့များလည်း သွားရောက်လည်ပတ်နေကြောင်း သိရသည်။ အဆိုပါ တောင်ပေါ်တွင် ဘုန်းကြီးကျောင်းတစ်ကျောင်းရှိပြီး ယခင်က ဆွမ်းအခက်အခဲ ရှားပါးမှုရှိကြောင့် တစ်ပတ်တစ်ကြိမ် ကျိုင်းတုံ မြို့ပေါ်သို့ ဆွမ်းခံကြလေ့ရှိကြောင်း ပြီးခဲ့သည့် နှစ်ထိ ဆွမ်းကွမ်း ရှားပါးသော်လည်း ယခုနှစ်တွင် လာရောက်လည်ပတ်ကြသည့်သူများ များပြားလာသည့်အတွက် တောတောင်ရှုခင်းလာရောက်ကြည့်ရှုသူများမှ တောင်ပေါ်ဘုန်းကြီးကျောင်းသို့ လှူဖွယ်ပစ္စည်းများ လှူဒါန်း လာခဲ့ကြောင်း ဦးရဲမြင့်အောင် က Travelling journal သို့ ပြောသည်။ ယင်းနေရာသည် သဘာဝ ကိုအခြေ ခံပြီး တရားဘာဝနာအားထုတ်ဖို့အတွက် ပြုလုပ်ထားသည့် နေရာဖြစ်ပြီး ထိုကဲ့သို့ နေရာလိုမျိုး နမ့်ဆန်တွင်လည်း သဘာဝတရားရိပ်သာ တစ်ခု ရှိသေးကြောင်း သိရသည်။ Photo Naung Ae
Contine Reading
By - Admin / 17-10-2020
ကလောမြို့ရဲ့အနီးဆုံးက အပန်းဖြေချင်စရာ အေးချမ်းမြေ

ကလောမြို့ရဲ့အနီးဆုံးက အပန်းဖြေချင်စရာ အေးချမ်းမြေ

ထွန်းတောက် ကလောမြို့လေးကို ခဏခဏရောက်ပြီးတော့ မြို့တွင်းက လည်ပတ်စရာတွေ မကျန်တော့လို့ ဘယ်တွေသွားရမှန်းမသိတဲ့ စာဖတ်သူခရီးသွားတွေအတွက် ခရီးစဉ်တွေကုန်နေပြီးလားဆိုတဲ့အတွေးမဝင်ရလေအောင် Travelling ဂျာနယ်ရဲ့ ထုံးစံ အတိုင်း ခရီးစဉ် အသစ်သစ်တွေ မိတ်ဆက်ပေးနေကြ ဖြစ်တဲ့အတွက် ဒီတစ်ခါတော့ ကလောမြို့အထွက်နားက စိတ်အေးလက်အေး အပန်းဖြေအနားယူလို့ ရမဲ့ အပန်းဖြေစခန်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီအပန်းဖြေစခန်းလေးကတော့ အေးချမ်းမြေလို့ နာမည်ပေးထားတဲ့ အပန်းဖြေစခန်းပဲ ဖြစ်ပါတယ်။ နာမည်နဲ့ လိုက်အောင်လည်း တကယ်အေးချမ်းတဲ့ နေရာလေးပဲ ဖြစ်ပါတယ်။ ဘီလူးချောင်းကို အခြေပြုပြီး အပန်းဖြေစခန်းဖွင့်ထားတာကြောင့် ကုန်းပေါ်ဘက်မှာ ထင်သလောက် မသာယာသေးပေမဲ့ ချောင်းစပ်မှာ တော့ တကယ့်ကို အေးချမ်းပြီး စိတ်အေးလက်အေးနဲ့ အနားယူနိုင်မှာပဲ ဖြစ်ပါတယ်။ အေးချမ်းမြေအပန်းဖြေစခန်းကတော့ အောင်ပန်းမြို့သွားတဲ့လမ်းအတိုင်းသွားပြီး ကလောအထွက် ပင်လောင်း - လွိုင်ကော်လမ်းမကြီးဘေးမှာ ဖွင့်ထားတာပဲ ဖြစ်ပါတယ်။ အတိအကျလမ်းညွန်ရမယ်ဆိုရင်တော့ လွိုင်ကော်လမ်းမကြီးအတိုင်း ဆိုင်ကယ်မောင်းသွားရင်တော့ မိနစ် သုံးဆယ်ကျော် လောက် မောင်းရပါတယ်။ စာရေးသူက ဆိုင်ကယ်နဲ့ သွားတာဆိုတေ့ာ ကားနဲ့ ဆိုရင် ပိုပြီး အချိန်ကုန်သက်သာနိုင်ပါတယ်။ မြင်းမထိရွာကျော်ပြီး ပင်လောင်းမြို့အဝင်ဆိုင်းဘုတ် ရောက်ခါနီး တံတားထိပ် ဘယ်ဘက် ချိုးတာနဲ့ ရောက်နိုင်ပါပြီ။ ဝင်ကြေးအနေနဲ့ ကျပ်တစ်ထောင် ကောက်ခံပါတယ်။ အထဲဝင်လိုက်တာနဲ့ ကားပါကင်နေရာများစွာရှိပါတယ်။ ကုန်းပေါ်မှာ ရှင်းလင်းနေပေမဲ့ ချောင်းစပ်ရောက်ခါနီးရင်တော့ အောက်ဆင်းတဲ့ လှေးကားကြီးကြီးကို တွေ့နိုင်ပါတယ်။ ဓနိမိုးထားတဲ့ လေးဖက်ပွင့် တဲလေးတွေကို လှေးကားရဲ့ တစ်ဖက်စီ အစီအရီထားရှိထားပါတယ်။ တဲတွေကိုတော့ ချောင်းစပ်ရဲ့ မြေပေါ်တစ်လွှာမှာ တစ်တန်းနဲ့ ချောင်းထဲမှာ တစ်တန်း တဲလေးတွေ ထားရှိပေးထားတယ်။ ဘီလူးချောင်းမှာ စီးဆင်းနေတဲ့ ရေတွေကတော့ ထုံးစံအတိုင်း ကြည်လင်နေပါတယ်။ ရေစီးလည်း သန်ပြီးတော့ အေးစိမ့်နေတာကြောင့် အပေါ်မှာပူသော်ငြား ချောင်းစပ်ရောက်ရင်တော့ အေးမြ မှုကို အမှန်တကယ်ရရှိစေပါတယ်။ ချောင်းထဲမှာ ဖောင်သဖွယ် ဆောက်လုပ်ပေးထားတဲ့ တဲတွေရှိတာကြောင့် မိမိကြိုက်နှစ်သက်တဲ့ တဲပေါ်မှာ နားနေနိုင်သလို စားဖွယ်သောက်ဖွယ်များကို ခင်းကျင်းစားနိုင်ပါသေးတယ်။ တကယ်လို့ စားစရာတွေ မပါလို့ မှာစားချင်ရင်လည်း ရောက်ပြီးမကြာမှီ ပလိုင်းလွယ်ထားတဲ့ ပအိုဝ်းတိုင်းရင်းသားတစ်ယောက် မီနူးလာပေးပါလိမ့်မယ်။ ရှမ်းစားစရာတွေအပြင် အကင်၊ အကြော်အလှော်နဲ့ တရုတ်အစားအစားတွေကို ရရှိနိုင်ပါတယ်။ တစ်ခါတစ်လေ ချောင်းငါးတွေ ရတဲ့အချိန်နဲ့ ကြုံကြိုက်ရင်လည်း ဟင်းချိုရရှိနိုင်ပါသေးတယ်။ Activityအနေနဲ့ ချောင်းတွင်းမှာ ဖိုက်ဘာလှေ စီးလို့အောင်လည်း ဝန်ဆောင်မှုပေးထားပါတယ်။ လှေးစီးခအနေနဲ့ကတော့ တစ်ယောက်ကို ကျပ်နှစ်ထောင် ကျသင့်မှာဖြစ်ပါတယ်။ လှေစီးဧရိယာကတော့ ကျယ်ပါတယ်။ ရေစီးနဲနဲသန်တော်လည်း ရေတိမ်တာကြောင့်ကလေးတွေပါစိတ်ကြိုက် ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ပတ်ဝန်းကျင်အနေထားကတော့ ကားလမ်းနဲ့ နီးသော်လည်း မြေနိမ့်ပိုင်းဖြစ်တာမို့ ချောင်းစပ်နဲ့ဝေးပါတယ်။ သစ်ရိပ်များရှိတာမို့ အရိပ်ကောင်းကောင်းနဲ နာနေနိုင်ပါမှာဖြစ်ပါတယ်။ အပေါင်းသင်းတွေနဲ့ ပျော်ပျော်ပါးပါး အပန်းဖြေချင်လို့ပဲ ဖြစ်ဖြစ်၊ မိသားစုလိုက် စိတ်အေးလက်အေး အပန်းဖြေချင်လို့ပဲဖြစ်ဖြစ် တော်တော်အဆင်ပြေတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ အေးချမ်းမြေအပန်းဖြေစခန်းကိုတော့ ပြီးတဲ့နှစ်မှ စပြီး ဖွင့်ထားတာဖြစ်ပါတယ်။လက်တလောမှာဖျော် ဖြေရေး အစီအစဉ် တွေအတွက် တိုးချဲ့နေတာတွေရှိပါပြီး ကျန်တဲ့ Activity တွေလည်း လုပ်နိုင်ဖို့ ဆောင်ရွက်နေတာတွေ့ရပါတယ်။ အပန်းဖြေစခန်းကနေ မိနစ်အနည်းငယ်သွားလိုက်ရင်လည်း မြင်မထိသဘာဝလှိုင်ဂူရှိတာမို့ ဝင်ရောက်လည်ပတ်နိုင်ပါသေးတယ်။ နောက်ပြီးမြင်မထိဂူ အနီးနားမှာလည်း ရှုခင်းလှသလို ရုပ်ရှင်မင်းသား ဗျိုက် ရုပ်ရှင်ရိုက်ပြီး နောက်ပိုင်း လူသိများသွားတဲ့ ဗျိုက်တောင်ပေါ်တတ်ပြီး တော့ ဓာတ်ဖမ်းနိုင်ပါသေးတယ်။ ဒါကြောင့်မို့ ရောက်ဖူးပြီးသားနေရာတွေပဲ သွားနေရလို့ လည်ပတ်စရာတွေကုန်ပြီလားဆိုတဲ့ စာဖတ်သူတွေအတွက် ကလောရောက်လို့ပဲဖြစ်ဖြစ် အောင်ပန်းရောက်လို့ပဲ ဖြစ်ဖြစ် ၊လွိုင်ကော် ဘက်သွားရင်းလမ်းကြုံလို့ ခရီးတစ်ထောက်နားချင်လို့ပဲဖြစ်ဖြစ် လည်ပတ်စရာ အသစ်တွေကို စိတ်ဝင်စားတဲ့ ခရီးသွားတွေအတွက် ပင်လောင်းမြို့အဝင်က ဘီလူးချောင်းကိုအခြေပြုပြီးဖွင့်လှစ်ထားတဲ့ အေးချမ်းမြေ အပန်းဖြေစခန်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ Vol_1_Issue_22 Photo_TravellingJournal
Contine Reading
By - Admin / 26-05-2020
မင်းနှစ်ပါးတည်ထားတဲ့ တာခေါင်မွေတော်ဘုရား

မင်းနှစ်ပါးတည်ထားတဲ့ တာခေါင်မွေတော်ဘုရား

မော်ကျွန်းသူ ’’ ဒီအုန်းပင်ကလေ သက်တမ်းတစ်ထောင်ကျော်ရှိပြီ ’’ လို့ ဆိုလာသူက တာခေါင်မွေတော်ဘုရား ဂေါပအဖွဲ့ဝင် ဦးငဲ ဆိုသူက ဘုရားအကြောင်းလိုက်လံရှင်းပြရင်း ဆိုလိုက်ပါသည်။ တာခေါင်မွေတော်ဘုရားတွင် တစ်ပင်တည်း ထီးထီးမားမားတည်ရှိနေသော ထန်းပင် ဖြစ်ပါသည်။ တကျ/ တက်ကျ/ တက်ထောင် ဘုရား ( သို့ ) တာခေါင်မွေတော်ဟု ခေါ်ဆိုရသည့် ဘုရားသည် ပြည်တွင်းပြည်ပ ခရီးသွားများ ၏ မဖြစ်မနေ လာရောက် လည်ပတ်ကြသည့် ဘုရား ဖြစ်ပါသည်။ ညောင်ရွှေမြို့၏ တောင်ပိုင်း တွင် တည်ရှိပြီး စကားမြို့ဟောင်း စကားအင်းထဲ ၌ တည်ရှိနေသော တာခေါင်မွေတော်ဘုရားဆီသို့ အင်းလေးကန် ရောက်သည့် သူမှန်သမျှ နှင့် ညောင်ရွှေ မြို့ သို့ အလည် ရောက်ကြသူ မှန်သမျှ လာရောက်လေ့လာဖူးမြှော်ခြင်းပင်ဖြစ်ပါသည်။ ရေလမ်းဖြင့် သွားရောက်နိုင်သော်လည်း ခရီးဝေးသဖြင့် အများစုမှာ ကားလမ်းဖြင့် သာ သွားရောက် လေ့ရှိကြောင်း သိရသည်။ ကားလမ်းဖြင့် သွားရောက်သွားပါက ညောင်ရွှေ - လွိုင်ကော် ကားလမ်း အတိုင်း သွားလို့ရနိုင်ပြီး ထိုမှ တစ်ဆင့် စက်လှေဖြင့် စကားအင်းသို့ စီးကာ တာခေါင်မွေတော် ဘုရားသို့ သွားရောက်ဖူးမြော်နိုင်ပေသည်။ ကားလမ်းဖြင့် သွားရောက်ချိန်မှာ တစ်နာရီဝန်းကျင်သာကြာမြင့်လှသည်။ တာခေါင်မွေတော်ဘုရား ရှေးလက်ရာများကို တစ်စုတဝေးမြင်တွေ့ရစေပြီး ရှေးဟောင်းဘုရားများကို ဖူးမြော်နိုင်သည့် တာခေါင်မွေတော်ဘုရားသည် သီရိဓမ္မာသောကမင်းကြီး နှင့် အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းအရ သိရသည်။ အလောင်း စည်သူမင်းကြီး တည်ထားခဲ့သည့်ရွှေရောင်စေတီ ဘုရားရှိသလို သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သော အဖြူရောင် အုတ်တံတိုင်းများဖြင့် တည်ထားသည့် စေတီကိုလည်း ဖူးမြော်နိုင်သည်။ ဘုရား၏ တောင်ဘက်ခြမ်းစေတီများသည် အသောကမင်းကြီး တည်ထားခဲ့ပြီး ဘုရား၏ မြောက်ဘက်ခြမ်း စေတီများကို အလောင်းစည်သူမင်းကြီး တည်ထားခဲ့ကြောင်း ဘုရားဂေါပက အဖွဲ့ဝင် ဦးငဲက ရှင်းပြသည်။ လက်ရှိတွင် တာခေါင်မွေတော်ဘုရားတွင် စေတီပေါင်း ၂၃၆ ဆူသာ ရှိတော့ပြီး ဘုရားငုတ်တို တစ်ချိုု့မှာ သံမံတလင်းအောက်တွင် နစ်မြုပ်နေပြီဟု ဦးငဲက ဆိုပါသည်။ ’’ ဘုရားငုတ်တိုတွေက ဒီသမံတလင်းအောက်ခြေတွေထဲမှာ လည်းကျန်နေသေးတယ်။ တစ်ချို့ ဘုရားငုတ်တို တွေကလည်းကြာအားကြီးတော့ မြေတွေဖုံးသွားကော၊ ဒါနဲ့ပဲ စေတီက ၂၃၆ ဆူပဲရှိတော့တယ်’’ဟု ဘုရားကို တစ်ပတ်လည် လိုက်လံရှင်းပြနေရင်း ဆိုပါသည်။ နှစ်တစ်ထောင် သက်တမ်းရှိနေတဲ့ ထန်းပင် ’’ဒီအပင်ကတော့ အလောင်းစည်သူမင်းကြီး စိုက်ထားတဲ့ ထန်းပင်ပါ ၊ ဦးလေးတို့ ရှမ်းပြည်မှာ ဆိုရင် ဒီလို ထန်းပင် မအောင်ဘူး၊ သီလသမာဓိ အားကာင်းတဲ့ သူတွေ စိုက်ပျိုးမှသာ ထန်းပင်ဖြစ်တာ၊ အေးတဲ့ ဒေသတွေမှာ ထန်းပင်မဖြစ်ဘူး ထန်းပင်ကို လက်ညိုးညွန်ရင်း ’’ ဦးငဲ က ရှင်းပြပါသည်။ တာခေါင်မွေတော်ဘုရားသို့ လာရောက်ဖူးမြော်သူများသည် ပြည်တွင်းခရီးသွားများနှင့်ပြည်ပခရီးသွားများ လာရောက်မှုများပြားရခြင်းမှာလည်း စေတီအဆူများကို တစ်စုတစ်ဝေး ရှိခြင်း၊ရှေးကျသည့် အနုစိတ် လက်ရာများဖြင့် တမူထူးခြားလှသည့် ဘုရားသို့ လာရောက်လေ့လာ ခြင်း၊ယုံကြည်မှုဖြင့် လာရောက်ကိုးကွယ်ကြသည့် ဖြစ်ရပ်များရှိခြင်း၊ ဒဏ္ဍာရီပုံပြင်များဖြင့် ဆက်နွယ်ခြင်း စသည်တို့ကြောင့် တာခေါင်မွေတော်ဘုရားသို့ လာရောက်လည်ပတ်သူ များပြားခြင်းပင် ဖြစ်ပါသည်။ တာခေါင်မွေတော်ဘုရားပရဝုဏ်အတွင်းထူးခြားသည့် ဆုတောင်းပြည့်ဘုရားရှိခြင်း၊ အသောက မင်းကြီး တည်ထားခဲ့သော်လည်း အ မွှာညီအစ်မ ဘုရားဟု ခေါ်သည့် ဘုရားတွင် သိုက်နန်းစောင့်သည့် အကို ဖြစ်သူ မှ အိမ်မက်ပေးပါက လူဝင်စား ညီမဖြစ်သူ က တစ်နှစ်တစ်ကြိမ် ပွဲ ကျင်းပပေးရသည့် ဖြစ်ရပ်များလည်း ယခုထက်တိုင် ရှိနေသေးကြောင်း ဘုရားဂေါပက အဖွဲ့ဝင် တစ်ဦးက ဆိုသည်။ ထို့အပြင် အသောကမင်းကြီး တည်ထားသော ရှေးလက်ရာများဖြင့် ပြည့်နေသောလျောင်းတော်မူရုပ်ပွားတော် မြတ်ကိုလည်း ကြည်ညိုဖွယ်ရာတွေ့မြင်ရသေးသည်။ ထို့အပြင် ယွမ်းရှမ်းစေတီနှစ်ဆူ၏ ထူးခြားမှုလည်း ရှိနေသေးသည်။ စေတီ၏ မြောက်ဘက်ခြမ်း စေတီအတွင်း ဘုရားဖူးများ လှဲလှောင်း အိပ်လို့ မရကြောင်း ယင်းကဲ့သို့ လှဲလှောင်း အိပ်ပါက အဖုအပိတ်များ ထွက်ပေါ်လာသည်ဟုဆိုသည်။ ယင်းစေတီနှစ်ဆူသည် အဓိဌာန်ဖြင့် တည်ထားသော စေတီဖြစ်သည်ဟုဆိုသည်။ နတ်တာရိုး တာခေါင်မွေတော်ဘုရားသို့ လာရောက်ဖူးမြော်သူများသည် နတ်တာရိုးနှင့် နှစ်ကျိပ်ရှစ်ဆူ ဘုရားများဆီသို့ တဆက်တည်း သွားရောက်လည်ပတ်လေ့ရှိသည်။ ပုံပြင်ဒဏ္ဍာရီများဖြင့် ရှိခဲ့သော နတ်တာရိုး၏ ထူးခြားမှုကြောင့် လာရောက်သူများပြားခြင်းဖြစ်သလို ရေလယ်အတွင်း ထူးခြားလွန်းသည့် ကျောက်သားတာရိုးသဖွယ်ရှိနေခြင်းကြောင့် ဓာတ်ပုံရိုက်သူများ၊ ဒဏ္ဍာရီ ကို စိတ်ဝင်စားသူ များပြားလာခြင်းကြောင့် လာရောက်သူ များပြားလာခြင်းဟုဆိုသည်။ လက်ရှိအချိန်ထိ နမ့်ဟူးရွာနှင့် ဟူးရမ်းရွာ နှစ်ရွာ အချင်းချင်း အိမ်ထောင် ပြုလု့ိမရသည့် နတ်တို့၏ ကျိန်စာသင့်နေသည့် ရွာဟု သတ်မှတ်ထားဆဲ ရွာဖြစ်နေသေးသည်။ နတ်တာရိုးသို့ သွားရောက်လည်ပတ်ကြသည့် ဒေသခံများအနေဖြင့် ကြက်သားဟင်းကို ချက်ယူသွားလို့မရကြောင်း ခရီးသွားဧည့်သည်များအနေဖြင့်မူ ခြွင်းချက်ဟု သာယာကုန်းမြောက်ရွာနေ ဒေသခံ တစ်ဦးက ဆိုသည်။ Vol_1_Issue_20 Photo_ မော်ကျွန်းသူ
Contine Reading
By - Admin / 04-05-2020
ဂျပန်အငွေ့သက်တွေရှိနေသေးတဲ့စူငယ်ဘာလိုင်းကမ်းခြေ (သို့) ဂျပန်ကမ်းခြေ

ဂျပန်အငွေ့သက်တွေရှိနေသေးတဲ့စူငယ်ဘာလိုင်းကမ်းခြေ (သို့) ဂျပန်ကမ်းခြေ

လရောင်ချို နာမည်ဆန်းတဲ့ ကမ်းခြေတစ်ခု ဖြစ်တဲ့ စူငယ်ဘာလိုင်းကမ်းခြေ လို့ခေါ်တဲ့ ဂျပန်ကမ်းခြေကို အခုဆိုရင် ပြည်တွင်းခရီးသွားတွေ ကြားမှာ တစစနဲ့ သွားလာလည်ပတ်နေကြပါပြီ။ ဒီ ကမ်းခြေဟာဆိုရင် ကော့သောင်းမြို့ရဲ့ ကမ်းခြေသစ် တစ်ခုတည်းမှာ ပါဝင်နေပြီး ပြည်တွင်းခရီးသွားတွေကြားမှာ စိတ်ဝင်စားမှုရရှိလာတဲ့ ကမ်းခြေဖြစ်လာပါတယ်။ တနသာၤရီတိုငျးဒသေကွီး ၊ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်ထဲမှာ တည်ရှိနေပြီး စူငယ်ဘာလိုင်းကျေးရွာအုပ်စု ထဲမှာ တည်ရှိတာမို့ အရင်ကတော့ စူငယ်ဘာလိုင်း ကမ်းခြေလို့ ခေါ်တွင်ပါတယ် ။ ဒါပေမယ့် ဒေသခံ အများစုက ဂျပန်ကမ်းခြေလို့ပဲ ခေါ်ပါတယ်။ ဂျပန်ကမ်းခြေလို့ ခေါ်ရတာကလည်း ဒီကမ်းခြေမှာ အရင်တုန်းက ဂျပန်တွေအသုံးပြုခဲ့တဲ့ ဂျပန် လေယာဉ်ကွင်း အသုံးပွုုခဲ့တဲ့ နေရာရှိတာရယ်၊ ဂျပန်ခေတ်က အသုံးပြုခဲ့တဲ့ ရေတွင်းဟောင်းလည်း ရှိနေတာမို့ ဂျပန်ကမ်းခြေဆိုရင် ပိုပြီး လူသိများစေပါတယ်။ ကော့သောင်းကနေ ဂျပန်ကမ်းခြေကို ကုန်းလမ်းကနေသာမက ရေလမ်းကနေလည်း လာရောက်လည်ပတ်နိုင်ပါတယ်။ ကုန်းလမ်းကနေ လာမယ်ဆိုရင် မိုင်အားဖြင့် မိုင် ၅၀ အကွာအဝေးမှာရှိပြီး တစ်နာရီ နဲ့ ၄၅ မိနစ်ဝန်းကျင် လောက်ကားစီးရုံနဲ့ ရောက်နိုင်ပါတယ် ။ ရေလမ်းကနေလာမယ်ဆိုရင် တော့ ရေမိုင် ၃၂ လောက်မိုင်အကွာမှာ တည်ရှိပါတယ်။ ကမ်းခြေဖြစ်တာမို့ ကမ်းခြေမှာ activity လုပ်နိုင်တဲ့ ကစားနည်းတွေ ထည့်သွင်းသွားဖို့ လုပ်ဆောင်နေတဲ့ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေ လည်း ရှိနေပါပြီ။ ကမ်းခြေကို လာရောက်လည်ပတ်တဲ့သူတွေများတာမို့ ကမ်းခြေမှာ ဟိုတယ် တွေ ၊ လုံးချင်းတွဲ အဆောက် အအုံတွေ ကိုပါ စတင် တည်ဆောက်နေတဲ့လုပ်ငန်းရှင်တွေလည်း ရှိနေပါတယ်။ လက်ရှိမှာဆိုရင် ကမ်းခြေကို လာရောက်လည်ပတ်တဲ့ သူတွေအနေနဲ့ Jet Ski စီးလို့ရပါတယ်။ ဘဲလေး ဘုတ်တွေ စီးလို့ရတယ်။ ဒါ့အပြင် ကမ်းခြေရဲ့ အနီးနားမှာရှိတဲ့ ငှကျသိုုကျကြှနျး ဆီကို သွားရောက်လည်ပတ်နိုင်သေးတယ်။ ငှက်သိုက်ကျွန်း ရဲ့ အောက်မှာ လှိုဏ်ဂူတွေ ရှိတာမို့ဒီ အထဲကိုလည်း Jet Ski တွေနဲ့ ဝင်လို့ရပါတယ်။ ဘုတ်တွေနဲ့လည်း ပတ်လို့ရတဲ့ Activity တွေ လုပ်လို့ရနိုင်ပါတယ်။ ဒါ့အပြင် ဂျပန်ကမ်းခြေကနေ သွားရောက်လည်ပတ်နိုင်တဲ့ ကျွန်းပတ်ခရီးစဉ်တွေကိုလည်း သွားလည်ပတ် နိုင်ပါသေးတယ်။ ဒါ့အပြင် snorkeling ငုပျလိုု့ လည်းရတယ် ။ ကမ်းခြေမှာ မြင်းလှည်းစီးတာ တွေ၊ မြင်းစီးနိုင်အောင်လည်း ဖန်တီးပေးထားတယ်။ ကလေးငယ်တွေ အတွက်လည်း ကစားနည်းတွေကိုပါ ထည့်သွင်း သွားမယ်လို့ ဆိုပါတယ်။နောက်ပိုင်းမှာဆိုရင် လေထီးစီးတာတွေ လုပ်သွားမယ့် Activity တွေကိုပါ ထည့်သွင်းသွားမယ်လို့ ဂျပန်ကမ်းခြေမှာ ခရီးသွားလုပ်ငန်းတွေဆောင်ရွက်နေတဲ့K&L Travel& Tour က တာဝန်ရှိသူတွေကလည်းဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်သင်္ကြန်မှာ ကမ်းခြေကို လာရောက်လည်ပတ်ကြတဲ့သူတွေ များလာတာမို့ အခုဆိုရင် ကမ်းခြေမှာ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေဖွင့်လှစ်ပေးထားပြီး လာရောက် လည်ပတ်တဲ့ သူမှန်သမျှ နားနေရင်း ကစားရင်းနဲ့ အပန်းဖြေနိုင်လို့ရနေတဲ့ ကမ်းခြေတစ်ခု ဖြစ်လာပါပြီ။ ကမ်းခြေအသစ်တွေကို စိတ်ဝင်စားနေသူတွေနဲ့ ကမ်းခြေချစ်သူများအတွက်တော့ ဂျပန်ကမ်းခြေကို ကြိုက်နှစ်သက်မယ်ဆိုရပါမယ်။ ကမ်းခြေဖြစ်တာနဲ့အညီ ကမ်းခြေမှာ ဥရောပအစားအစာ၊ ထိုင်းအစားအစာ တွေ အပါအဝင် ဒေသရိုးရာ အစားအစာတွေကိုပါ ရောင်းချပေးတဲ့ စားသောက်ဆိုင်တွေလည်း ရှိတာမို့ လာရောက် လည်ပတ်သူတွေ အတွက် ရွေးချယ်စားသောက်ရုံပါပဲ။ ဒါ့အပြင် Bar ဆိုင်လည်း ဖွင့်ထား တာမို့ ဘားကြိုက် တဲ့သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။ ဒါ့ကြောင့်မို့ ကမ်းခြေအသစ်တွေကိုမှ စိတ်ဝင်စားတဲ့ ကမ်းခြေချစ် သူများအတွက် ကော့သောင်းမြို့နယ်ထဲက ဂျပန်အငွေ့အသက်တွေ ရှိနေတဲ့ စူငယ်ဘာလိုင်း ကမ်းခြေခေါ် ဂျပန် ကမ်းခြေ အသစ်ကို သွားရောက်လည်ပတ် နိုင်ဖို့ မိတ်ဆက် ပေးလိုက်ပါတယ် ။ Travelling_Journal/Vol_1_Issue_20 Photo_K&L Travels & Tour
Contine Reading
By - Admin / 09-02-2020
ပင်းတယရဲ့ အော်ဂဲနစ် လယ်တောလေးဆီ သွားလည်ကြမလား

ပင်းတယရဲ့ အော်ဂဲနစ် လယ်တောလေးဆီ သွားလည်ကြမလား

ယဉ်ယဉ်လှ အများစုက ပင်းတယရောက်ရင် ဘုရားတွေနဲ့ တိုင်းရင်းသား ရွာတွေ ဆီကိုသွားရောက်လည်ပတ်ကြပါတယ်ပင်းတယမြို့မှာဒီလိုနေရာတွေနဲ့ တမူခွဲထွက်ပြီး လာလည်တဲ့သူတိုင်းကို ဆွဲဆောင် ထားတဲ့ နေရာ လေးလည်း ရှိပါသေးတယ်။ ထိုနေရာလေးကတော့ ‘Grace Estate’ လို့ အမည်ရတဲ့ Organic Farm လေးတခုဖြစ်ပါတယ်။ အဲဒီ့ Organic Farm လေးဆီကို စာရေးသူတို့ ရောက်ရှိခဲ့ပါတယ်။ ပင်းတယကို ရောက်ရင် သွားလည်သင့်တဲ့နေရာတွေ ကိုသိချင်တယ်လို့ မမနန်းသရဖူတင့်ကို ပြောတော့ ဒီFarm လေးရှိတယ်။ လမ်းညွန်ပြီး လိုက်လံပို့ဆောင်ပေးခဲ့တာကြောင့် ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။ ပင်းတယရဲ့ အော်ဂဲနစ် လယ်တောလေး လို့ ခေါ်ဆိုတဲ့နေရာဆီ ရောက်မှာမို့ စိတ်လှုပ်ရှားစေပါတယ်။ ပင်းတယ မြို့ ပြင် ကို ၅ မိနစ် လောက်လေး ကားမောင်းပြီး ရောက် ရှိနိုင်တဲ့ Grace Estate Organic Farm Stay ဆီကို ရောက်ခဲ့ပါပြီ။ အကွေ့အကောက်နည်းနည်းကိုကားမောင်းလာရင်းနဲ့မြေသားလမ်းနီလေး ရောက်တဲ့အခါမှာ လမ်းပြုပြင်နေတာမို့ ကားရပ်ထားပြီး လမ်း လျောက် လာခဲ့ကြပါတယ်။ မြေသားလမ်းနီလေးအတိုင်း လျောက်လာရင်း ခြံအကျယ်ကြီး ထဲက နှစ်ထပ်တိုက်အိမ်လေးကို ဦးစွာ မြင်တွေ့လိုက်ရပါတယ်။နွယ်ခွေ တွေရယ် ပန်းခြုံတွေနဲ့ တွဲလောင်းကျနေတဲ့အပင်တွေနဲ့ အလှဆင်ထားတဲ့ Farm Stay ကို ပထမဆုံးရောက်ဖူးခဲ့ခြင်းပါ။ ဝင်ဝင်ချင်း ဧည့်ခန်းဝင်ဝမှာဆိုရင် ကြီးမားလှတဲ့ ကြိမ် ကုလားထိုင် ကြီးတွေနဲ့ ထားထားတဲ့ဧည့်ခန်းကို ဦးစွာ မြင်တွေ့ရပါတယ်။ ပင်းတယတောင်တန်းတွေဘက်ကို မျက်နှာမူထားပြီး ဆောက်ထားတာမို့ တောင်တန်းရှုခင်းတွေကို မြင်တွေ့စေနိုင်တဲ့နေရာ။ဒီတောင်တန်းရဲ့ အရောင်တွေကဆိုရင် တနေ့ကို သုံးမျိုးလောက် ပြောင်းနေတာ ။မနက် နေ့လည် ညနေ အလိုက်တောင်တန်းတွေရဲ့ အရောင်တွေ က ပြောင်းနေတာလို့ ပိုင်ရှင် ဦးမောင်မောင်စိုးက ဆိုပါတယ်။ Farm Stay ကို မြေဧက ရှစ်ဧက နီးပါးမှာ ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ Farm Stay မို့ ခြံထွက် အော်ဂင်းနစ်စိုက်ခင်းတွေက သူ့နေရာနဲ့သူ အစီအရီ။ ကော်ဖီထုတ်စိုက်ခင်း၊ ခရမ်းခင်း ၊ ငရုတ်ခင်း အစရှိတဲ့ စိုက်ခင်းတွေထည့်သွင်းထားတဲ့ လယ်တော ပါ။ ဒီလယ်တောအိမ်မှာ လာရောက် တည်းခိုနိုင်သလိုခြံထွက် အသီး အနှံတွေနဲ့ ချက်ပြုတ်ကျွေးမွေး ပါတယ်။ ဒီလယ်တော အိမ်လေးမှာနှစ်ယောက် အိပ်ခန်း၊ သုံးယောက် အိပ်ခန်း၊ ၅ယောက်အိပ်ခန်းတွေ လည်း ထားရှိပေးထားပြီး အခန်းတိုင်းကို ရေပူရေအေး အပြင် ရေချိုး ကန်ပါ ထားရှိပေးထားပါတယ်။ အေးအေးဆေးဆေး နားချင်တဲ့ သူတွေနဲ့ မြို့ပြရဲ့ အဝေးမှာ တိတ်တိတ် ဆိတ်ဆိတ် နေချင်တဲ့သူတွေ အတွက်တော့ အဆင်ပြေဆုံးပါ။ဒါ့အပြင် လယ်တောခြံလေးမှာလမ်းလျောက်ရင်းညောင်ဂျက်ပင်ပေါ်မှာအေးအေးဆေးဆေးအနားယူနိုင်အောင်လည်း ဖန်တီး ပေးထားပြန်သေးတယ်။ အသုံးပြုပြီးသားပစ္စည်းတွေနဲ့ပဲ ပြန်လည် သုံးစွဲထားပြီး အလှဆင် ထားရှိခြင်းပါ။ လယ်တောထဲမှာ ဓနုစာ ကို မှာယူ စားသုံး နိုင်ပါတယ်။ ဈေးနှုန်းအားဖြင့်လည်း ချိုသာပြီး အပြင်ကနေ လာရောက်စားသောက် ချင်လည်း လာရောက်စားသောက်နိုင်ပါတယ်။ မကြာခင်မှာ ဒီလယ်တောထဲမှာ လာရောက်တည်းခိုတဲ့ သူတွေအတွက် လုပ်ဆောင်နိုင်မယ့် ရှမ်းစက္ကူ လုပ်နည်းလေးတွေရယ် အိုးလုပ်ငန်း တွေကို ဧည့်သည်ကိုယ်တိုင် လုပ်ကိုင်နိုင်မယ့် Activity တွေကို ထည့်သွင်းသွားမယ်လို့ ဦးမောင်မောင်စိုးက ပြောပြပါတယ်။ ဒါ့အပြင် လယ်တော ထဲ မှာ မြင်းစီးတိုး လုပ်ဆောင်နိုင်မယ့် Activity ကိုလည်း ထည့်သွင်း သွားဖို့ လည်း ရှိပါတယ်။ဒါကြောင့် မြို့ပြ ဘဝမှာ ငြီးငွေ့နေသူများအတွက် မြို့ပြဘဝက နေထွက်ပြီး သန့်ရှင်းလတ်ဆတ်တဲ့လေကိုရှု ရင်း အော်ဂင်းနစ် အစားအစာတွေ သုံးဆောင်ရင်း အေးအေးဆေးဆေး အနားယူ ချင်တယ်ဆိုရင် ပင်းတယရဲ့ Grace Estate Organic Farm သို့ မဟုတ် ပင်းတယမြို့ ရဲ့ Plant မျိုးစုံ ရှိနေတဲ့လယ်တော ဆီကိုသွားရောက်လည်ပတ်နိုင်စေဖို့လမ်းညွန်ပေးလိုက်ပါတယ်။ Travelling_Journal/Vol_1_Issue_16 Photo_TravellingJournal
Contine Reading
By - Admin / 29-10-2019
စလင်းမြို့ကရေလယ်ကျွန်း ကိုးခုရှိရာဝက်သည်းကန်နဲ့ရုပ်စုံကျောင်းဆီ

စလင်းမြို့ကရေလယ်ကျွန်း ကိုးခုရှိရာဝက်သည်းကန်နဲ့ရုပ်စုံကျောင်းဆီ

ရေတိုး မြန်မာပြည်အလယ်ပိုင်း ဒေသ အညာမြေတို့အရပ်ဆီမှာ လည်စရာပတ်စရာတွေ များပြားလှပါ တယ်။အဲ့ဒီလို များပြားလှတဲ့ နေရာသေဒတွေထဲကမှ တစ်ခုဖြစ်တဲ့ မကွေးတိုင်း ဒေသကြီး စလင်းမြို့နယ်၊ ရှမ်းရွာကုန်းကျေးရွာက ဝက်သည်းကန် ရဲ့ဖြစ်တည်ပုံ သမိုင်းကြောင်းကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဝက်သည်းကန်လို့ ပြောရင် အနည်းဆုံး အဆိုတော် ဗညားဟန်ဆိုထားတဲ့ သီချင်းကိုတော့ ပြေးမြင်မိကြမှာပါ။ဝက်သည်းကန်ဟာဆိုရင် ကြာပန်းပြင်ကြီးတွေက ကန်ရဲ့အလှကိုု ထင်ဟပ်စေတာတော့အမှန်ပါပဲ။ ကန်အတွင်း က ကြာပန်းပြင်ကြီးကိုတွေ့မြင်ရတာကလည်း မျက်စိပသာဒ ဖြစ်စေတဲ့ ခံစားရရှိစေပါတယ်။ သပ္ပါယ်လွန်းလှတဲ့ ရှင်ပင်ရွှေမုဌောဘုရားကို ဖူးမြော်ပြီး ကန်အတွင်း မှာ စက်လှေစီးရတဲ့ ခံစားမှုကိုလည်း ခံစားရရှိစေနိုင်ပါသေး တယ်။ ဝက်သည်းကန်ဟာဆိုရင် သားဌက်ဘေးမဲ့ကြိုးဝိုင်းအဖြစ် ၁၉၅၃ ခုနှစ်မှာ စတင်သတ်မှတ်ခဲ့ပါတယ်။ ဒီကန်ကြီးကို နရပတိစည်သူမင်းကြီးရဲ့ ကိုယ်လုပ်တော် ရှင်စော၀ က ခရစ်သက္ကရာဇ် ၁၁၉၄ ခုနှစ်မှာ တူးဖော်ခဲ့တာလို့သမိုင်းမှတ်တမ်းအရ သိရပါတယ်။ မူလကန်အကျယ်အဝန်းမှာ ၁၀၈၈ ဧက ရှိပေမယ့် လက်ရှိအကျယ်အဝန်းမှာတော့ ၅၃၀ ဧက ရှိပြီး ရေပြင်ဧရိယာမှာ ၃၅၀ ဧက သာ ရှိပါတော့တယ်။ ကန်ရဲ့ ဘေးပတ်လည်မှာတော့ ကိုယ်ကာယလေ့ကျင့်နိုင်တဲ့ လေ့ကျင့်ရေးထောက်ကူပစ္စည်းတွေကို ထားရှိပေးထားသလို နားနေနိုင်မယ့်ခုံတန်းလျားတွေကို စနစ်တကျ တပ်ဆင် ပေးထားပါတယ်။ ဒါ့အပြင် ကန်လယ်ထိ စက်လှေ စီးနင်းနိုင်ဖို့ စက်လှေဆိပ်လည်း ရှိပါသေးတယ်။ စက်လှေစီးခကိုတော့ တစ်ယောက်ကို ၅၀၀ ကျပ်နဲ့ စက်လှေစီးနိုင်ပါတယ်။ ကန်ထဲမှာ စက်လှေစီးနင်းရတာကလည်း နာရီဝတ်ခန့်ပါပဲ။ စက်လှေစီးမယ်ဆိုရင် ရေလယ်ကျွန်းထဲက ရေလယ်ဘုရားဆီကို ပို့ဆောင်ပေးမှာဖြစ်ပြီး ကန်ထဲမှာ စက်လှေစီးရတဲ့ ခံစားမှု၊စိမ်းစိုနေတဲ့ ကြာပန်းပြင်ကြီးတွေကိုတွေ့မြင်ရတဲ့ မြင်ကွင်းတွေက စိတ်ကို ကြည်နူးစေမိမှာပါ။ နောက်ပြီး ကန်လယ်ခေါင်မှာ တည်ထားကိုးကွယ်ထားတဲ့ ဒေသခံတွေအခေါ်အရ ကန်လယ်ဘုရားကိုလည်း နာရီဝက် လောက်သာ စီးရသလို ကန်လယ် ကန်ချောင်ဘုရားဆီကိုလည်း သွားရောက် ဖူးမြော်နိုင်ပါသေးတယ်။ ဝါဆိုလပြည့် ဝါခေါင်လပြည့်ဆိုရင် လူတိုးမပေါက်အောင် စည်ကားလွန်းတယ်လို့ ဒေသခံစက်လှေဆရာက ဆိုပါတယ်။ ပြည်တွင်းခရီးသွားတွေအကြားမှာ စိတ်ဝင်စားစရာကတော့ ကန်လယ်မှာ တည်ရှိတဲ့ ကန်လယ်ဘုရားဆီကို လာရောက်ကြတာပါ။ ကန်လယ်ဆရာတော်ကြီးက ရဟန္တာဆရာတော်ကြီး ဖြစ်ပြီးတော့ ရွှေမုဌော ဘုရားကိုလည်း ကန်လယ်ဆရာတော်ကြီးကိုယ်တိုင် တည်ထားတာဖြစ်တာမို့ လာရောက်ဖူးမြော်သူ ခရီးသွား တွေ များပြားတာဖြစ်တယ်လို့ စက်လှေဆရာ ဦးအောင်ငွေထွန်းက ဆိုပါတယ်။ ဝက်သည်းကန်ရဲ့ထူးခြားချက်ကလည်း ကန်လယ်မှာ ရေလယ်ကျွန်းပုံစံကိုးခုရှိတာကြောင့် စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ကုန်းကိုးခုတည်ရှိနေတယ်လို့ ခေါ်ဆို နိုင်ပါသေးတယ်။ ကားလမ်းမဘေးဘက်မှာ တည်ရှိနေတဲ့ ကုန်းကတော့ ရှင်ပင်မုဌော ဘုရား ကုန်း ဖြစ်ပြီးတော့ ရေလယ် ထဲမှာတော့ ဝိဇ္ဇာကုန်း၊ ပြည်တော်ဦးကုန်း၊ အောင်မြင်တော်မူကုန်း၊ ကန်လယ်ကုန်း၊ ဖိုးသူတော်ကုန်း၊ နွားသတ်ကုန်း ၊ရိုးတော်ကုန်း စတဲ့ ကုန်းကိုးခုရှိပါတယ်။ ဒီကုန်းတွေကတော့ ကန်လယ်အတွင်းထဲမှာ တည်ရှိတာပဲဖြစ်ပါတယ်။ စက်လှေစီးမယ်ဆိုရင်တော့ ကန်လယ်နဲ့ ကန်ချောင်ဘုရားဆီကိုသာ သွားရောက်နိုင်တာပဲဖြစ်ပါတယ်။ တစ်ခြားကုန်းတွေကတော့ နာမည် အခေါ်အဝေါ်သာရှိတာဖြစ်ပါတယ်။ ဝက်သည်းကန်ဆိုတာကလည်း ရှေးရာဇဝင်အရ စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဒီကန်ကြီးဖြစ်တည် လာပုံက လည်း ဟိုးအရင်က ဝက်ကြီးလူးခဲ့တဲ့ ကန်တစ်ခုဖြစ်ခဲ့တာပါ။ နှစ်ပေါင်း ၉၀၀ နီးပါး သက်တမ်း ရှိတာဖြစ်ပါတယ်။ ဝက်ကြီးဘဝမှာ သေသွားခဲ့ပြီး နောင်ဘဝတစ်ခု မှာ မင်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပုဂံဘက်မှာ ဘုရားတွေတည်ပြီး တဲ့နောက်မှာ ဒီဘက်ခြမ်းကို တိုင်းခန်းလှည့်လည်လာခဲ့တာလို့ ဆိုပါတယ်။ အရင်ဘဝက လူးထားခဲ့တဲ့ ချိုင့်တွေ တွင်းတွေကို တွေ့မြင်တဲ့အခါမှာ ငဖြူစင် နတ်မင်းကြီးကို မေးကြည့်ခဲ့တယ် လို့ဆိုပါတယ်။ အဲဒီတုန်းက ငဖြူစင်နတ်မင်းကလည်း အသက်ကြီးတဲ့နတ်မင်းဖြစ်ခဲ့တာမို့ မင်းကြီးဟာ ခေါ်ယူ မေးခဲ့ တာလို့ ဆိုပါတယ်။ဒီချိုင့်တွေ တွင်းတွေ ဘယ်လိုဖြစ်တာလဲလို့ မေးမြန်းတဲ့အခါမှာ အသင်မင်းကြီး စိတ်တော့ မဆိုးပါနဲ့။ အသင်မင်း ကြီး က ဟိုဘက်ဘဝမှာတုန်းက ဝတ်ဘဝနဲ့ လူးထားခဲ့တုန်းက ချိုင့်တွေ တွင်းတွေပဲ ဖြစ်ပါတယ်တဲ့။ ဒါကြောင့်မို့ အရှင်မင်းကြီးက ဒီနေရာကို ကန်အဖြစ် ပြန်လည် တူးဖော်စေဖို့ ရှင်စောဝကို ခိုင်းတော်မူခဲ့တယ်လို့ ဆိုပါတယ်။ အရင်တုန်းက ဒီနေရာဟာ ရေအရမ်းရှားပါးခဲ့တဲ့ အရပ် ဒေသ ဖြစ်ခဲ့ပါတယ်တဲ့ ။ကန်မတူးဖော်ခင်မှာ အရှေ့အရပ်ကနေ စွန်ရဲတစ်ကောင်ဟာ ဝက်အသည်းကို ချီလာခဲ့တယ်လို့ ဆိုပါတယ်။ ညာဘက်ဝဲယာကနေ ပျံသွားတဲ့အခါမှာ အတိတ်နမိတ်ကောင်းတယ်ဆိုပြီး စွန်ဝဲယာဘက်ကနေ ရေကန်ကို တူးဖော်ခဲ့တယ်လို့ ဆိုပါတယ်။ စာတွေထဲမှာတော့ ဝဲချီကန်လို့လည်း ခေါ်သလို ရှင်စော၀ ကန်လို့လည်း ခေါ်တွင် ထားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဝက်သည်းကန်လို့ အမည်တွင်နေတာပါလို့ ဦးအောင်ငွေထွန်းက ဆိုပါတယ်။အခုဆိုရင် ပြည်တွင်းခရီးသွားတွေ အများစုဟာ စလင်းမြို့ကို လာရောက်လည်ပတ်ကြတာ များပြားလာတယ်လို့လည်း ဆိုပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်ကျော်လောက်ကနေ လာရောက်သူ များပြားလာတာဖြစ်တယ်လို့လည်းဆိုပါတယ်။ ဝက်သည်းကန်သားဖြစ်သူ မြန်မာသံစဉ်အဆိုတော်ဗညားဟန် ကလည်း ဝက်သည်းကန်အတွင်း စက်လှေစီးပြီး သီချင်းဆိုခြင်းကြောင့်လည်း လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေများပြားလာတယ်လို့ ဆိုပါတယ်။ စလင်းမြို့ထဲမှာဆိုရင် ထင်ရှားတဲ့ ဘုရားတွေလည်းရှိကြပါတယ်။ ရတနာမဥွူဘုရားကလည်း တန်ခိုးကြီးမားတယ်လို့သိရပါတယ်။မီးလောင်ကျွမ်းတဲ့ အခါမှာ ဘုရားက ထန်းပင်ပေါ်ရောက်နေတာလို့ ဆိုပါတယ်။ အဆောက်အအုံအသစ် တွေ ပြန်လည်ဆောက်လုပ်ပြီး ပူဇော်ထားရှိထားတဲ့ ဘုရားဖြစ်တယ်လု့ိဆိုပါတယ်။ ခေါင်းအုံး ၃၃ လုံးအုံးတော်မူတဲ့ နေရပန်ဘုရား၊ လှေကားထစ် ၃၂ ထစ်ရှိတဲ့ ရွှေတန်ဆာဘုရား တို့ကို သွားရောက်ဖူးမြော်နိုင်ပါသေးတယ်။ ဒါ့အပြင် ဝက်သည်းကန်နဲ့ အနီးဆုံးမှာတည်ရှိတဲ့ စလင်းရုပ်စုံကျောင်းကိုလည်း သွားရောက် လည်ပတ် နိုင်ပါသေးတယ်။ ဒီရုပ်စုံကျောင်းဟာ ဆင်ကျုံးအရပ်မှာ ရှိပြီးတော့ အနောက်ကန်စွယ်တိုက် မြောက်လေးစဉ် သစ်သားရုပ်စုံကျောင်းလို့လည်း ခေါ်ဆိုပါတယ်။ ရတနာပုံမြို့တည်နန်းတည် ပဥမသင်္ဂါယနာတင်တော်မူသော ဘဝရှင်မင်းတုန်းမင်းတရားကြီးလက်ထက် မြန်မာ သက္ကရာဇ် ၁၂၃၀ ခုနှစ် ခရစ်နှစ် ၁၈၆၈ တွင် စလင်းမြို့ သူကောင်းမျိုးရိုးကျောင်း ဒါယိကာမကြီး ဒေါ်ပုက ဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ အဆိုပါကျောင်းကို ရှေးသုကနေ ၂၀၀၃ ခုနှစ်မှာ ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းခဲ့ပါတယ်။ ကျောင်းရဲ့သက်တမ်း မှာ ၁၄၅ နှစ်ရှိပြီဖြစ်တာမို့ နှစ်၁၀၀ကျော် သက်တမ်းရှိနေတဲ့ ရှေးဟောင်းကျောင်းကြီးတစ်ကျောင်းဖြစ်ပါတယ်။ ကျောင်းရဲ့ ပုံစံက အင်း၀ မြို့က ဗားကရာကျောင်းပုံစံနဲ့ ဆင်တူပါတယ်။ အရင်က ကျောင်းကို တိုင်လုံးပေါင်း ၂၄၅ တိုင် နဲ့ တည်ဆောက်ခဲ့ပေမယ့် အခုလက်ရှိမှာတော့ ၂၁၅ တိုင်သာ ကျန်ရှိပါတော့တယ်။ ကျောင်းမှာ ရုပ်စုံပေါင်း ၅၄ ရုပ်ရှိပါတယ်။ ကျောင်းရဲ့အကျယ်အဝန်းကတော့ ၁၇၈ပေ× ၉၀ ပေ ရှိပါတယ်။ လက်ရှိမှာတော့ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနဦးစီးဌာနကနေ မြန်မာယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းအဆောက်အအုံ စာရင်းဝင် အဖြစ်သတ်မှတ်ထားရှိထားပါတယ်။ စလေဦးပုည ကျောင်းထက်ကြီးမားလွန်းတဲ့ စလင်းရုပ်စုံကျောင်းကလည်း စလင်းမြို့မှာ ထင်ရှား လှပါတယ်။ ဒါကြောင့် ခရီးသွားဧည့်သည်တွေအနေနဲ့ စလင်းမြို့ကိုရောက်ခဲ့ရင် စိတ်ဝင်စားစရာ ရာဇဝင်တွေအပြင် ကြာပန်းအလှတွေကို တဝကြီး ခံစားနိုင်မယ့် ဝက်သည်းကန် အပြင် အနီးစပ်ဆုံးဖြစ်တဲ့ စလင်းရုပ်စုံကျောင်းကိုလည်း ဝင်ရောက်လေ့လာနိုင်သလို တစ်ခြားထင်ရှားကျော်ကြားလှတဲ့ နေရာတွေကို သွားရောက်လည်ပတ်နိုင်ဖို့ လမ်းညွန်ပေးလိုက်ပါတယ်။ Travelling_Journal/Vol_1_Issue_15 Photo_TravellingJournal
Contine Reading
By - Admin / 06-09-2019
ပုဂံမြေမှာမြင်းစီးရင်းးအလှတရားတွေခံစားကြမယ်

ပုဂံမြေမှာမြင်းစီးရင်းးအလှတရားတွေခံစားကြမယ်

ယဉ်ယဉ်လှ ကမ္ဘာပေါ်ရှိတဲ့ လှပတဲ့အရာတိုင်းမှာ သိမ်မွေ့လှပလွန်းလှပါ တယ်။ အနုပညာဆိုတဲ့ စကားလုံးဟာ ရိုးရှင်းပေမယ့် ခံစားရတဲ့သူ တွေအပေါ်ကနေ အမျိုးမျိုးခွဲဖြာထွက်သွားစေခဲ့ရတာကလည်း အနုပညာ ပညာရပ်တစ်ခုပါပဲ။ စာရေးခြင်းအနုပညာ၊ ခရီးသွားခြင်းအနုပညာ၊ စားသောက် ခြင်းအနုပညာ၊ အိပ်စက်ခြင်းအနုပညာစတဲ့ မျိုးစုံတွေထဲကနေ မကုန်ခမ်းနိုင်ပါဘူး။ အဓိပ်္ပာယ်ဖွင့်ဆိုချက်တွေကတော့ ခံယူသူပေါ် ကနေ ကွဲပြားစေလွန်းလှပါတယ်။ရသတွေမတူတဲ့ ခံစားမှုတွေကို ခံစားရနိုင်တဲ့ စိတ်ခံစားမှုပေး နိုင်တဲ့ မြင်းစီးခြင်းအနုပညာ၊ ရင်ခုန်စိတ်လှုပ်ရှားစရာတွေကို ဖန်တီး ပေးနိုင်တဲ့ မြင်းစီးခြင်းအနုပညာ၊ ခွန်အားတွေ ပေးစွန်းနိုင်တဲ့ မြင်းစီးခြင်းအနုပညာကို သင့်စိတ်တိုင်းကျ ရွေးချယ်နိုင်ပါတယ်။ ရှေးမြန်မာတွေရဲ့ မြင်းစီးခြင်းအတတ်ပညာ၊ ပုဂံဘုရားတွေ ကြားကနေ မြင်းစီးပြီးသွားရတဲ့ ခံစားမှု၊ ထိုခံစားမှုမျိုးကတော့ ဘဝမှာ တစ်ကြိမ်လောက်တော့ ရရှိစေချင်ပါတယ်။ လူတွေဟာ စူးစမ်းမှုကိုရှာဖွေ ဖော်ထုတ်နေကြတာဖြစ်ပါတယ်။ ကမ်္ဘာဦးလူသား အစ ကျောက်ခေတ်ကာလကတည်းကပင် လူသားများဟာ စူးစမ်း ကြတာဟာ သက်သေပါပဲ။ နေ့စဉ် လူနေမှုစနစ်တွေများပြားလာ တာတဲ့အမျှ လူသားတွေရဲ့ စိတ်ခံစားမှုတွေကလည်း ပြောင်းလဲလာ ကြပါပြီ။ လက်ရှိ လူမှုပတ်ဝန်းကျင်လောကမှာ ပင်ပန်းစွာဖြတ်ကျော်နေ ရတဲ့ အခိုက်အတန့်တွေမှာ လူတွေဟာ စိတ်အပန်းဖြေစရာများကို ရှာဖွေမက်မောလာကြပါတယ်။ စာရေးသူကတော့ တောင်တန်းတွေ ကို ချစ်မြတ်နိုးတယ်။ သဘာဝအလှအပတရားတွေရှိတဲ့ နေရာတွေ တိုင်းကို ရောက်အောင်သွားလေ့ရှိပြီး စိတ်အပန်းဖြေလေ့ရှိပါတယ်။ ဒီလို စိတ်အပန်းဖြေစရာတွေထဲကနေ တစ်မူခွဲထွက်စေတဲ့ အရာကတော့ ရသစုံနဲ့ ခရီးသွားလို့ရတဲ့ မြင်းစီးခြင်းအနုပညာပါပဲ။မြင်းစီးခြင်း အနုပညာမှာ အမျိုးမျိုးခံစားမှုကို ပေးစွမ်းနိုင်တာကို တွေ့ရတယ်။ စာရေးသူဟာ တစ်ခါမှ မြင်းမစီးဖူးသလို မြင်းလည်း မစီးတက်ခဲ့ပါဘူး၊ သို့သော် တကယ်မြင်းစီးပြီး သွားရတဲ့ခံစားရတဲ့ အခိုက်အတန့်မှာ ဘာနဲ့မှကိုမလဲနိုင်ပါဘူး။ ပုဂံဆိုတာ မြန်မာတွေရဲ့ နှလုံးသည်းပွတ်၊ မြန်မာတို့ရဲ့နှလုံးသား ပုဂံပါ။ ဒီလို ရှေးဟောင်းယဉ်ကျေးမှုတွေ ကြီးမြတ်လှတဲ့ ပုဂံမြေမှာ ဘုရားပုထိုးတွေကြားမှာ မြင်းစီးပြီး ဘုရားပုထိုးတွေကို ကြည့်ရှုရတဲ့ မြင်ကွင်းက ခွဲပြားခြားနားနေမယ်ဆိုတာအသေချာပါပဲ။ ပုဂံရဲ့ နေဝင်ဆည်းဆာကို မြင်းစီးပြီးကြည့်မလား၊ နေထွက်ချိန်အလှကို ခံစားကြည့်မလား ဆိုတာကို ရွေးချယ်နိုင်ပါသေးတယ် စာရေးသူက တော့ နံနက်ခင်း ၅ နာရီ မထိုးခင်ထပြီးတော့ မြင်းစီးပြီး နေထွက် ချိန်ကြည့်ဖို့ ရွေးချယ်လိုက်ပါတယ်။နေထွက်ချိန်မှာ Balloon တွေ နောက်ကနေ မြင်းစီးပြီးလိုက်ရတဲ့ အရသာက ရင်ခုန်စေရပါတယ်။ ပုဂံဆိုတာ မြန်မာတို့ရဲ့ ဂုဏ်ယူစရာမြေလို့ တင်စားထားတာပါ။ ပုဂံရဲ့ မြေနီသင်းနံ့ကလည်း ချစ်စရာကောင်းလွန်းပါတယ်။ပုဂံမြေရဲ့ မြေသင်းရနံ့တွေက ဖြားယောင်းစေလွန်းပါတယ်။ လေညှင်း ရနံ့တွေတိုက်လိုက်တဲ့ အခိုက်အတန့်မှာဆို မြေနီသင်းရနံ့တွေကို ရှူရှိုက်ကြည့်ပါ။ သင့်ရဲ့စိတ်ကို လန်းဆန်းစေမယ်ဆိုတာ သေချာပါ တယ်။ နေဝင်ချိန်တွေမှာ မြင်းစီးပြီး ဘုရားတွေကြား ဝင်ကြည့် မလား၊ မြေသားလမ်းကြို လမ်းကြားတွေကနေ ကြည့်ရတဲ့ မြင်ကွင်း က လှပမှုတွေ၊ အေးစိမ့်တဲ့ လေနုအေးနဲ့ ဘုရားပုထိုးတွေရဲ့ ခမ်းနား မှုကြီးကျယ်မှုတွေကို မြင်တွေ့စေရမှာပါ။ မြင်းစီးခြင်းဟာ အရင်ကတော့ မြန်မာတွေနဲ့ စိမ်းတယ်လို့ မခေါ်ပါဘူး။ ဟိုးရှေးခေတ်ကတည်းကပင် မြင်းစီးခြင်းအလေ့အထ ရှိခဲ့တာပါ။ မြင်းစီးစေတာဟာ ကျန်းမာရေးနဲ့လိုက်စားသူတွေ အတွက်လည်း တကယ့်ကို ကောင်းမွန်စေခဲ့တဲ့ အလေ့အကျင့် ကောင်းတစ်ခု၊ ပုဂံမှာ မြင်းစီးစေဖို့ စိတ်ကူးကို အကောင်အထည် ဖော်သူက Ayeindamar Tour ပါ။ အရင်ကတော့ မြင်းစီးခြင်း ခရီးသွားကို နိုင်ငံခြားသားတွေကိုသာ ဝန်ဆောင်မှုလုပ်ခဲ့ပေမယ့် ပြောင်းလဲလာတဲ့ အရွေ့စူးစမ်းချင်လာကြတဲ့ မြန်မာတွေကြောင့် Ayeindamar Tour မြင်းစီးခရီးသွားလုပ်ငန်းကနေ မြန်မာတွေ အတွက်ပါ ဝန်ဆောင်မှုတွေကို ပေးလာခဲ့ပါတယ်။ နိုင်ငံခြားသားဆို တစ်ယောက်ကို လမ်းကြောင်းအရှည်ဆိုရင် 95 $ ပေးရပေမယ့် မြန်မာတွေအတွက်ဆိုရင် လမ်းကြောင်းအတိုကို မြင်းစီးမယ်ဆိုရင် တစ်ယောက်ကို သုံးသောင်းခွဲကျပ်နဲ့ ဝန်ဆောင် မှုပေးတဲ့အတွက် အခုဆိုရင် မြင်းစီးလာကြတဲ့သူတော်တော်များ များရှိလာတာကိုတွေ့ရပါတယ်။ မြင်းစီးအခြေခံ တက်မြောက်သွားခဲ့ တဲ့အပြင် မြင်းစီးပြီး ပုဂံမြေရဲ့ ဘုရားတွေကို လှည့်လည်ဖူးမျှော်ရ တာကလည်း တကယ့်ကိုကြည်နူးစရာပါပဲ။ Ayeindamar Tour နဲ့ Mo Riding မြင်းစီးကလပ်ပူးပေါင်း ပြီး မြင်းစီးဝန်ဆောင်မှုကို ပုဂံမှာ ဆောင်ရွက် ပေးနေတာပါ။ ပုဂံမှာ တင် မြင်းစီးနိုင်ရုံသာမက တခြားနေရာတွေမှာရောက်ရင်လည်း စီးနိုင်ပါတယ်။ ဒီမြင်းစီးခရီးစဉ်ကို ၂၀၁၀ ခုနှစ်မှာ စတင်ပြီး Equestrian Tour အနေနဲ့ မြန်မာပြည်မှာ စဖော်ထုတ်ရောင်းချခဲ့တဲ့ Equestrian Tour Pioneer Company ဖြစ်ပါတယ်လို့ စွန့်ဦး တီထွင်လုပ်ကိုင်ခဲ့သူ မအေးသီတာမိုးက ဆိုပါတယ်။ အရင်ကတော့ မြင်းစီးခရီးစဉ်တစ်ခုကို အနည်းဆုံး ကန်ဒေါ်လာ (၃၀၀)ကျော်ပေး စီးရတဲ့ခရီးစဉ်တွေရှိခဲ့ရာ ယခုအခါမှာတော့ ခရီးလမ်းကြောင်း အရှည်နဲ့ လမ်းကြောင်းတိုအသစ်နှစ်ခုကို ဖော်ထုတ်ရောင်းချခဲ့တာ (၂)နှစ်ထဲကို ရောက်ရှိလာခဲ့ပါပြီ။ မနက်ခင်းနေအလင်းအရောင်မရှိခင်သေးချိန်မှာ Mo Riding မြင်းစီးကလပ် ရောက်သွားခဲ့ပြီး မြင်းစတင်စီးဖို့ ပြင်ဆင်ရပါပြီ။ မြင်းစီးတာကို လိုက်ပို့ပေးမယ့် မြင်းစီးဂိုက်ကတော့ အစ်မဖိနပ်က အဆင်မပြေဘူး။ ရှုးဖိနပ်မှ အဆင်ပြေမှာမို့ ဖိနပ်ရှာပေးပါတယ်။ ဝန်ဆောင်မှုကောင်းတဲ့ Mo Riding ကလပ်ပါ။ မြင်းအသားနဲ့ ထိခိုက်ပါက အသားနာကျင်မှာစိုးလို့ ဒူးခေါင်းနားအထိ သားရေ အပတ်ကို ကပ်နေအောင်ပတ်ပေးပြီး မြင်းစီးရင် သက်သာတယ်လို့ ဆိုပါတယ်။ ဦးထုပ်တွေ ဖိနပ်တွေ၊ ဒူးကာတွေပါ ပေးတော့ တော်တော် လေးကို အဆင့်မြင့်အောင် လုပ်ပေးထားတာပါ။ နိုင်ငံခြားသားတွေ စီးတဲ့ ပုံစံအတိုင်းပဲ မြန်မာတွေကိုပါ သူတို့ဝန်ဆောင်မှုလုပ်ပေးထား တာ။ မြင်းစီးရမယ့် မြင်းကို မြင်းစတင်းစီးရမယ့်နေရာကို ခေါ် ဆောင်လာပါတယ်။ စာရေးသူစီးတဲ့ မြင်းက စိန်ဧကရီပါ၊ နားနား ကပ်ပြီး မင်းရဲ့သခင်နော်လို့ တိုးတိုးလေးကပ်ပြီး မျက်လုံးကိုကြည့် ပြီး မြင်းစတင်စီးမယ့်အတိုင်း မြင်းပေါ်ကို ခွတင်ထိုင်ကြည့်တော့ အဆင်သင့်အနေအထားဖြစ်နေပြီ။မြင်းတစ်ခါမှ စီးဖူးခြင်းမရှိပေမယ့် မြင်းစီးဂိုက်ရဲ့ သင်ပြမှုရယ် ကိုယ့်စီးရမယ့်မြင်းကလည်း သင်ကြားပြသထားပြီးတဲ့ မြင်းတွေက သေချာလေ့ကျင့်ထားတဲ့ မြင်းတွေမို့ ချောချောချူုချုပါပါပဲ။ အားလုံးမြင်းပေါ်ရောက်ပြီး စတင်ထွက်ခွာလာပါတယ်။ နေအလင်း ရောင် နည်းနည်းလေး စတင်ထွက်လာပါပြီ၊မြင်းစီးတဲ့ လမ်းကြောင်း အတိုင်း မြင်းစီးရင်းနဲ့ ကိုယ့်ရှေ့မှာလမ်းကြောင်းပြတဲ့ မြင်းစီးအစ်ကို ရယ်။ ကိုယ့်နောက်မှာတော့ ကိုယ့်ဂျာနယ်က အဖော်တစ်ယောက် ရယ်။ အဲဒီနောက်မှာ မြင်းစီး ဂိုက်အစ်ကိုရယ်၊ နောက်ထပ် မြင်းစီး ဂိုက်အစ်ကိုနှစ်ယောက်က ဘေးကနေ ထပ်ကြပ်မကွာလိုက်ပြီး လို အပ်တာကို ပြောပြပေးပါတယ်။ မြင်းစတင်စီးရတဲ့ ခံစားမှုက ကိုယ့်ကို ရင်ခုန်စေတာကတော့ အမှန်ပါ။ ပထမဆုံးစီးရတဲ့ ခံစားမှုက မြင်းပေါ်ကနေ စီးရခြင်းရယ်။ ပုဂံဆိုတော့ ထန်းတောများတာပေါ့၊ လမ်းကြောင်းကို ကလပ်ကနေ မြေနီလမ်းအတိုင်း ထွက်လာတယ်။စစခြင်း ထန်းတောတွေကြား ဖြတ်ရတယ်၊ အဲဒီအချိန်ခံစား မှုရသက တစ်ကြိမ်မှမရဖူးတဲ့ခံစားမှု၊ ဟိုးအဝေးမှာ ဘုရားပုထိုးတွေ မြင်ရတော့ မတူညီတဲ့ ရှုထောင့်ကနေ ကြည့်ရတဲ့ မြင်ကွင်းအလှက ကိုယ့်ကို ဖမ်းစားနေတာပါ။ ဘုရားတွေ ကြားထဲက ဖြတ်ရင်း မြင်းစီးဂိုက်က အနောက်က နေ ရှင်းပြပါတယ်။ ဒီဘုရားက ဂူပြောက်ကြီးဘုရားတဲ့။ ဟိုးကတော့ ဂူပျောက်ငယ်တဲ့။ မြေနီလမ်းတွေ၊ တောလမ်းတွေ၊ အုပ်ဆိုင်းနေတဲ့ တွေကို ဖြတ်ကျော်သွားသလို ရောင်နီထွက်လာတဲ့ အချိန်မှာဆို တော့ ပုဂံမြေဟာ တကယ့်ကို လှပလွန်းလှနေတာ။ ဒါ ကျွန်မတို့ ချစ်တဲ့ ပုဂံမြေပါလားလို့ ကျေနပ်နှစ်သက်မိစေခဲ့တာပါ။ အဲဒီနောက် မှာ ရှင်ဘို့မယ်အုတ်ကျောင်း၊ အလိုတော်ပြည့်ဘုရားတွေကြားဖြတ် သန်းသွားလာရင်း ဘေးပတ်ဝန်းကျင်အလှတရားတွေကို ခံစားရင်း အဲဒီနောက်မှာ ဘူးလယ်သီးဘုရား၊ ညောင်လက်ဖက်ကန် လူလုပ် ကုန်း၊ သပိတ်မှောက်ဘုရားတွေကို မြင်းစီးရင်းလေ့လာ၊ ဓာတ်ပုံ ရိုက်ကြရင်း မနက်ခင်းအလှတရားတွေပြီးပြည့်စုံနေတဲ့ ပုဂံမြေပါ၊မြင်းစီးဂိုက်အစ်ကိုတစ်ယောက်က နေထွက်လာတော့မယ်၊ မကြာခင်မှာ Balloon တွေ ထွက်လာတော့မယ်၊ တစ်လုံးပြီး တစ်လုံး တဲ့ …၊ ကောင်းကင်ကို မော်ကြည့်တော့ အိုး …တကယ့်ကို Balloon တစ်လုံးပြီးတစ်လုံး၊ မြင်းစီးဂိုက်အစ်ကိုက မြင်းကို နည်း နည်းလေးသွက်သွက်စီးဖို့ အကြံပေးတယ်၊ လုပ်နိုင်မလားတဲ့ …။ စိတ်ဓာတ်ခွန်အားကို မြင့်တင်ပေးပြီး ပြောပြလာတဲ့အခါမှာ စာရေး သူတို့ဟာ ကြိုးစားကြည့်မယ်၊ အိုကေရယ်ဒီဆိုပြီး မြင်းကို နည်းနည်း သော့သော့ပြေးလွှားစေခဲ့တယ်။ ခန်္ဓာကိုယ်ဟာ ခုန်ချီတစ်လှည့် စိတ်လှုပ်ရှားစရာ စီးနင်းရတဲ့ အချိန်ကာလပေါ့။ ဒီအချိန်မှာ မြင်းစီးရတဲ့ ခံစားမှု၊ မနက်ခင်းအလှတရားကို ခံစားရတဲ့ခံစားမှု၊ ဘေူူသသည တွေနောက်ကို လိုက်ရတဲ့ ခံစားမှု အိုး …တကယ့်ကို ရသပေါင်းစုံကို ပေးစွမ်းနိုင်တဲ့ ခံစားမှုပေါ့။ မြင်းဇက်ကြိုးကို ထိန်းညှိပေးရင်း မြင်းနဲ့ကိုယ့်ကိုယ် တစ်သား တည်းဖြစ်အောင်နေလိုက်ပြီး လျော့လိုက်တင်းလိုက်၊ နှေးလိုက် မြန်လိုက်နဲ့ပေါ့၊ တစ်ခါတစ်ရံ မျက်လုံးမှတ်ပြီး မြင်းသွားရာစီးမျော လိုက်သွားလိုက်ရတာလည်း တစ်မျိုးခံစားမှု …။ရာသီဥတုက မနက်ခင်းမို့ လေအေးတွေက တိုးဝှေ့၊ မိုးမရွာတဲ့ ပုဂံမှာ ထိုနေ့က မိုးဖွားဖွားလေးတွေ ရွာလိုက်တာ၊ အိုး … တကယ့် ကို အေးစိမ့်စိမ့်နဲ့ အရာရာဟာ လှပလွန်းနေတာပါပဲ၊ မကြာခင် မှာ နေလုံးကြီးက တက်လာကော …၊တကယ့်ကို လှပလွန်းတဲ့ ပုဂံမြေမှာ ရောက်ရှိနေတာ သိပ်လှ တဲ့ မြင်ကွင်း၊ တနောင်းပင်တန်းတွေက လှပလွန်းနေတယ်။ နောက်ခံ ဘုရားတွေ၊ ဘောလုံးတွေက ကောင်းကင်ပေါ်မှာ ရသစုံ ပေးနိုင်တဲ့ မြင်းစီးခြင်းပေါ့။ ဘုရားတွေကြားထဲ၊ မြေနီလမ်းကြား ထဲ၊ တောလမ်းထဲ မြင်းစီးရင်းသွားရတဲ့ အချိန်မှာ အိုး …ဒီအချိန် မှာ စာရေးသူဟာ ဂုဏ်ကြီးဝင်နေမိတဲ့အချိန်ပေါ့၊ မြန်မာတွေရဲ့ ပုဂံမှာ မတူညီတဲ့ ရှုထောင့်ကနေ ပုဂံဘုရားတွေကို မြင်းစီးရင်း ကြည့်ရတဲ့ ခံစားမှုက မမေ့နိုင်စရာပါ။ ရှေးမြန်မာစစ်သူကြီးတွေလို မြင်းစီးပြီး သွားလာလှုပ်ရှားရတဲ့ ရသတွေကော ခံစားရပြန်ကော၊ ပုဂံမှာတော့ မြင်းစီးကလပ်မှာတော့ မြင်းအနည်းငယ်သာထားရှိ ပေးထားပြီး ပင်မမြင်းစီးကလပ်ရှိတဲ့ ပုဂံ- ပုပ်္ပါးတောင်သွားတဲ့ လမ်း ထီးပုရွာမှာ တည်ရှိပါတယ်။ ပင်မကလပ်မှာတော့ နိုင်ငံခြားမှ မြင်းကောင်းမြင်းသန့်များနဲ့ မြန်မာမြင်းကောင်းမြင်းသန့် (၄၀)ကျော်ကို မွေးထုတ်ကာ မြန်မာ လက်ရွေးစင် မြင်းစီးသမားတွေကို မွေးထုတ်ပေးနေတာပါ။ မြန်မာ နိုင်ငံရဲ့ ဂုဏ်ယူရတဲ့ မြင်းစီးကလပ်တစ်ခုအဖြစ် ရပ်တည်နေတဲ့Mo Riding ကလပ်ပါ။ ကဲ သမိုင်းဝင်ဘုရားတွေရဲ့ ရာဇဝင်တွေကို မြင်းစီးရင်း နားထောင်မလား။ ရသမျိုးစုံခံစားနိုင်မယ့် (Around Temple Tour )ဘုရား ပုထိုးစေတီများအကြားမြင်းစီးရင်း မြန်မာ တို့ရဲ့ နှလုံးသားဖြစ်တဲ့ ပုဂံမြေမှာ မတူညီတဲ့ ရသတစ်မျိုးကိုခံစားရလေအောင် အခွင့်အခါကြုံရင် တစ်ကြိမ်လောက်တော့ မြင်းစီးပြီး ပုဂံမြေကိုရဲ့ အလှတရားတွေကို ခံစားလိုက်ပါလို့ တိုက်တွန်းချင် ပါတယ် …။ Travelling_Journal Vol_1_Issue_8 ခရီးသွားဆောင်းပါး Photo-Travellingjournal
Contine Reading
By - Admin / 23-01-2019
မုတ်ကောင်တွေရဲ့ ဖြစ်တည်မှုတွေကို လေ့လာရင်း ရေအောက်အလှတရားတွေကြည့်ရှုခံစားဖို့ Pyin Sa Island ဆီ သွားလည်ကြမယ်

မုတ်ကောင်တွေရဲ့ ဖြစ်တည်မှုတွေကို လေ့လာရင်း ရေအောက်အလှတရားတွေကြည့်ရှုခံစားဖို့ Pyin Sa Island ဆီ သွားလည်ကြမယ်

လရောင်ချို တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်း ခရိုင် အတွင်းမှာ တည်ရှိတဲ့ ပုလဲမွေးမြူရေးစခန်း တစ်ခုဖြစ်တဲ့ ငလုံးလဖယ်ကျွန်း (Pyin Sa Island) ကို သွားရောက်ကာ ပုလဲ မွေးမြူရေးလုပ်ငန်းတွေကို လေ့လာရင်း နဲ့ ရေအောက် သန္တာကျောက်တန်းတွေ ရှိရာဆီ သွားရောက်လည်ပတ်နိုင်မယ့် ခရီးစဉ်တစ်ခုနဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ ဒီ ခရီးစဉ်ကို Grand Andaman Group of Companies ကုမ္ပဏီ လက်အောက်မှာ ရှိတဲ့ ပြည့်စုံထက်မြတ် ကုမ္ပဏီ ကနေ ဆောင်ရွက်နေတဲ့ ပုလဲမွေးမြူရေးလုပ်ငန်းဆီကို သွားရောက်လည်ပတ်နိုင်မယ့် ခရီးစဉ်တစ်ခုဖြစ်ပါတယ်။ ခရီးစဉ်မှာ ပါဝင်တာကတော့ ပုလဲ မွေးမြူရေး လုပ်ငန်းတွေကို လေ့လာကြပြီး SnorkelingTrip (ရေအောက် သန္တာကျောက်တန်းနဲ့ ရေသတ္တဝါများ ကြည့်ရှုခြင်း) အစီအစဉ်တွေပဲ ဖြစ်ပါတယ်။ နေ့ချင်းပြန် ခရီးစဉ်ဖြစ်တာမို့ ဧည့်သည်တွေ အနေနဲ့ လူကြီးတစ်ဦးကို ဒေါ်လာ ၁၅၀ ဝန်းကျင် ပေးဆောင်ရမှာ ဖြစ်ပြီး ကလေးတစ်ဦးကို ဒေါ်လာ ၁၁၇ ကျသင့်မှာပဲဖြစ်ပါတယ်။ဒီခရီးစဉ် Package မှာဆိုရင်တော့ သူဌေးကျွန်းဟိုတယ်ကနေ စတင် မထွက်ခွာခင် လည်ပတ်မယ့် ခရီးစဉ်အသေးစိတ်ကို ပြောပြပေးမှာဖြစ်ပါတယ်။ သွားရောက်လည် ကြမဲ့ Pyin Sa Island ကျွန်းဟာဆိုရင် ဖြူဖွေးလှပတဲ့ သဲသောင်ပြင် ရှည်ကြီးရှိပါတယ်။ ဒီကျွန်းပေါ်မှာ ပုလဲ မွေးမြူရေး လုပ်ငန်း ကို လုပ်ကိုင်တာကြောင့် ဧည့်သည်တွေ အနေနဲ့ ပုလဲမွေးမြူးရေးနဲ့ ပတ်သက်ပြီး အနီးကပ် သေသေချာချာ လေ့လာနိုင်မယ့် အခွင့်အရေးတွေ ရရှိမှာ ဖြစ်ပါတယ်။ ပုလဲမွေးမြူူရေးစခန်းမှာ ဘာတွေ့လေ့လာနိုင်သလဲဆိုရင် မုတ်ကောင် (Oyster) များကို Long Line များနဲ့ ပင်လယ်ရေအောက်မှာ မွေးမြူထားရှိပုံတွေ ၊ Floating House လို့ခေါ်တဲ့ ရေပေါ် အလုပ်ရုံတွေ ပေါ်မှာ မုတ်ကောင် ပြုစု ထိန်းသိမ်းစောင့်ရှောက်ပုံတွေကို လေ့လာ တွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။ ပြီးရင်တော့ အရွယ်ရောက် မုတ်ကောင်တွေရဲ့ ပုလဲဝတ်ဆံသွင်းပုံနဲ့ ပုလဲ ပိုက် မုတ်ကောင်များကနေ ပုလဲထုတ်ယူနေပုံတွေ ကို မျက်မြင် တွေ့မြင်နိုင်မှာဖြစ်ပြီး လက်တွေ့ကျကျလည်း လေ့လာနိုင် မှာဖြစ်ပါတယ်။ ပုလဲမွေးမြူရေးကို လေ့လာပြီးရင်တော့ ကျွန်းရဲ့နောက်ဘက်ခြမ်းမှာရှိတဲ့ Snorkeling Site မှာ ရေငုပ်ပြီး ရေအောက် သန္တာကျောက်တန်းတွေကို လေ့လာကြည့်ရှု ရမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။နေ့လည်စာကိုတော့ Pyin Sa Island ကျွန်းမှာ တည်ခင်းဧည့်ခံမှာ ဖြစ်ပြီး စားသောက်ပြီးရင်တော့ တစ်ခဏမျှ အနားယူအပန်းဖြေနိုင်မှာ ဖြစ်ပါတယ်။ ခဏနားပြီးရင်တော့ နောက်ထပ် အစီအစဉ်တစ်ခုဖြစ်တဲ့ လည်ရွဲလေးလုံးကျွန်း ခေါ် Cock Burn island ကို ထပ်မံသွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံလှလှရိုက်ချင်တဲ့ သူတွေ အတွက်ကတော့ ရှုခင်းကောင်းလှတဲ့ ကျောက်တောင်ထိပ်ပေါ်မှာ အမိုက်စား ဓာတ်ပုံတွေ ရိုက်လို့ရပါသေးတယ်။ အဲဒီနောက်မှာ သူဌေးကျွန်းကို ပြန်လာမှာ ဖြစ်ပြီးတော့ နေဝင်ဆည်းဆာအလှကို ဆက်လက် ကြည့်ရှုခံစားကြရမှာပဲ ဖြစ်ပါတယ်။ညဘက်ရောက်ရင်တေ့ာ ပျော်ရွင်စရာကောင်းတဲ့ ဈေးဝယ်ထွက်ခြင်းတွေနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဂိမ်းကစားနည်းကို ပျော်ပျော်ပါးပါး ကစားနိုင်ပါသေးတယ်။ ဒါကြောင့်မို့ မုတ်ကောင်းတွေကနေ ပုလဲ ရရှိပုံတွေ၊ ပုလဲမွေးမြူရေးလုပ်ငန်းတွေရဲ့ ဖြစ်စဉ်တွေကို အနီးကပ်လေ့လာကြည့်ရှုနိုင်ရုံသာမက တန်ဖိုးဖြတ်မရတဲ့ ရေအောက်အလှတရားတွေကိုလည်း တဝကြီး ကြည့်ရှုခံစားနိုင် တဲ့ Pearl Tourism & Snorkeling Day Return Trip အစီအစဉ်ကို သွားရောက်လည်ပတ်နိုင်ဖို့ လမ်းညွှန်ပေးလိုက်ရပါတယ်။ Travelling_Journal Vol_1_Issue_8 ပြည်တွင်းလမ်းညွှန် Photo_GrandAndaman
Contine Reading
By - Admin / 13-01-2019
ဇီးအိုအင်ကြင်းတောနဲ့ မကျည်းကိုးခွဆီ အလည်တစ်ခေါက်

ဇီးအိုအင်ကြင်းတောနဲ့ မကျည်းကိုးခွဆီ အလည်တစ်ခေါက်

ထွန်းတောက် AD 3 ရာစုကတည်းက ဘိုးဘွားဘီဘင်အဆက်ဆက် စောင့်ရှောက်ခဲ့ကြသည့် အင်ကြင်းတောဟု ဇီးအိုရွာဒေသခံများက ဆိုကြသည့် အင်ကြင်းတောဆီကို ဒုတိယအကြိမ်ရောက်ခဲ့ပြန်ပါပြီ။ ယခုတစ်ခေါက်ကတော့ ဇီးအိုကျေးရွာကို တစ်ကူးတစ်က ရောက်အောင် လာခဲ့ခြင်းပင်ဖြစ်သည်။ ဇီးအိုကျေးရွာကို မဝင်ရောက်မီ လမ်းတစ်ဖက်တွင် တူရွင်းတောင်တန်းကို လှမ်းမြင်နေရပြီး ဗယ်ဘက်ခြမ်း မြေနီလမ်းလေး အတိုင်းကွေ့ပြီး ဇီးအိုကျေးရွာဆီကို ချီတက်ခဲ့ရခြင်းပင်ဖြစ်သည် ။အချိန်ကလည်း ညနေစောင်းမို့ တိတ်ဆိက်နေသည်။မြေနီလမ်းအတိုင်း ဝင်ရောက်လိုက်ပြီဆိုရင် ဖြင့် ရှုမျော်ဖွယ်ရာ ကောင်းလှသည့်ရှုခင်းများက မိမိကို ဆွဲဆောင်လွန်းစေသည်။ ရင်သက်မိစေအောင် လှပလွန်းသည့် မြင်ကွင်းက ပိုလှနေသည်ဟု စိတ်ဝယ်ခံစားနေမိသည်။ ပုဂံဒေသ အငွေ့အသက်အပြည့်နှင့် ထန်းပင်ပျိုများ၊ ယာခင်းများကို လည်း တွေ့မြင်ရသည်။ လမ်းကျဉ်းကျဉ်း ဘေးနံဘေးတစ်ချက်စီတွင် ထန်းပင်တွေက အစီအရီ တစ်ညီတစ်ညာ ဒီလိုမြင်ကွင်းမျိုးကို ဆယ်စုနှစ်နီးပါးကြာပြီဖြစ်သော်လည်း မပြောင်းမလဲ ယခုတစ်ခေါက်တွေ့မြင်ရသည့် ခံစားမှုက ပိုပြီး ပြည့်စုံလှပနေသည်။ မပြုမပြင် သဘာဝအတိုင်း တည်ရှိနေသည့် အလှတရားစစ်စစ်ကိုတွေ့မြင်နေရသည်မှာ ကျေနပ်စရာကောင်းလှသည်။ ဇီးအို ကျေးရွာ ၏ အထင်ကရ အမှတ်အသားတစ်ခုလားလို့ပင် စာရေးသူ က တင်စားမိသေးသည်။ ဆိုင်ကယ် ၁နာရီ နီးပါး မောင်းနှင်ပြီးမှ ဇီးအိုကျေးရွာကို ရောက်ရှိခဲ့သည်။ ဇီးအိုကျေးရွာသို့ရောက်ပါက နှစ်ပေါင်း ၁၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းကြသည့် မန်ကျည်းကိုးခွပင်ကြီးဆီကိုဦးစွာရောက်ရှိခဲ့သည်။ ညနေစောင်းနေပြီးမို့ မှတ်တမ်းကို မြန်မြန်ဆန်ဆန် ဆောင်ရွက်နေသလို ဒေသခံ ဦးကံရှင်ကလည်း ဓာတ်ပုံရိုက်ကောင်းသည့် နေရာများကို လမ်းညွန်ပြသပေးနေသေးသည်။ ဒိနောက်တွင် ဧက-၄၀ခန့် ကျယ်ဝန်းသည့် ဇီးအိုအင်ကြင်းတောအတွင်း ကို ဝင်ရောက် လေ့လာဖို့ ဦးကံရှင်က ဖိတ်ခေါ်နေသဖြင့် အချိန်ကလည်း ညနေ ၅ နာရီ ထိုးနေသည်မို့ ပြန်ရင် မိုးချူပ်မည်စိုးတာမို့ ခဏ ဝင်ရောက် လည်ပတ်ခဲ့သည်။ ပထမအကြိမ်တုန်းက နတ်ထိန်းတောအတွင်းနတ်ကန္နားပေးပြီး နိုင်ငံခြားသားဧည့်သည်များကို ဆွဲဆောင်ခဲ့သေးသည်မို့ ဒီဒေသကို အကျွမ်းတဝင်ဖြစ်နေခြင်းပင်ဖြစ်သည်။ နတ်ထိန်းတော ဟုဆိုသည့် အင်ကြင်းတောကို ထိန်းသိမ်းစောင့်ရှောက်နေသည့်ဒေသခံ ဦးကံရှင်က တံခါးပိတ်ထားသည့် တောကို ခြံစည်းရိုးသော့ဖွင့်ပြီး အကြီးဆုံး အင်ကြင်းပင်ဆီကို ခေါ်ဆောင်သွားပြသည်။အကြီးဆုံးအင်ကြင်းပင်မှာ အမြင့်ပေ ၁၇၃ ပေ၊ လုံးပတ် ၁၅ ပေ ၁ လက်မ ရှိပြီး သက်တမ်းမှာနှစ်ပေါင်း ၅၀၀ ရှိပြီဟု အင်ကြင်းတောကို ထိန်းသိမ်းစောင့်ရှောက်နေသည့် ဦးကံရှင်က ပြောပြသည်။ အဆိုပါ အင်ကြင်းတောမှာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်းမကြီး ၏ အရှေ့ဘက် ၆ မိုင် ၄ ဖာလုံအကွာတွင် ဇီးအိုကျေးရွာ ၌ တည်ရှိနေသည့် အင်ကြင်းတောပင်ဖြစ်သည်။ တော၏စုစုပေါင်း အကျယ်အဝန်းမှာ ဧက ၄၀ ရှိပြီး ယင်းတောအတွင်း အင်ကြင်းပင် ၆၇၆ ပင်ရှိသည်ဟုဆိုသည့်အတွက် ထူးခြားသည့် တောပင်ဖြစ်သည်။ ထိုအင်ကြင်းတောအုပ်အတွင်းတွင် အင်ကြင်းအပြင် ပျဉ်းကတိုး ကုက္ကို မန်ကျည်း ထနောင်း ရှား တမာ သပွတ် သရင်းကြီး ဇောင်ချမ်း အစရှိသည့် အပင်များလည်း ရှင်သန် ပေါက်ရောက်တည်ရှိသည်၊စိမ်းစိမ်းစိုစို အင်ကြင်းတော ပင်ဖြစ်သည်။ တော၏ ပတ်လည်ကို သွပ်ဆူးကြိုးများဖြင့် ကာရံထားသလို အဆိုပါ တောအုပ်ကို နတ်များက စောင့်ရှောက် သည်ဟု ဆိုကာ ဒေသခံများက ယုံကြည်မှု ဖြင့် ယခုအချိန်ထိ တည်ရှိနေသည့် အင်ကြင်းတောပင် ဖြစ်သည်။အများစုကတော့ နတ်ထိန်းသည့်တောဟုဆိုသည့်အတွက် တောအတွင်း အပင်တစ်ပင်မှ ခုတ်လဲှခြင်းမရှိသည့်အတွက် တောမှာစိမ်းစိုနေခြင်းပင်ဖြစ်သည်။ နတ်ပိုင်ပစ္စည်း နတ်စောင့်ရှောက်သည့် ပစ္စည်းတွေမို့ သစ်ရွက်ခြောက် သစ်ကိုင်းခြောက်ကိုတောင်မှ ယူမသုံးကြပါဘူးဟု ဆိုသည်မို့ ဦးကံရှင်ကို မေးမြန်းကြည့်တော့ နတ်ကြီးကြောင်း အပင်များ၏အကိုင်းအခက်များကို သံချိတ်ဖြင့် မခူးရပဲ သစ်သားချိတ်ဖြစ်သာ ခူးရကြောင်း ပြောပြသည်။ ညနေစောင်းဖြစ်သည်မို့ တောအတွင်း တောရိပ်တောင်ရိပ်က အေးချမ်းနေသည်။ တောထဲတွင် စိမ်းစိမ်းစိုစို ရှိပြီး အင်ကြင်းပင်အပြင် ပျဉ်းကတိုး ကုက္ကိုလ် မန်ကျည်း ထနောင်း ရှား တမာ ဖလံ သပွတ် သပွတ်သိမ် ဇောင်ချမ်း သရင်းကြီး တရော် နီပစေး ဖျောက်ဆိပ် ဖန်ခါး ထောက်ကြံ့ စသည့် သစ်မျိုးစုံလည်း ပေါက်ရောက်လျက်ရှိသည်။ လျှောက်လမ်းများက သန့်ရှင်းနေသည် ။ ဦးကံရှင် က ပြောပြရာတွင် ဒီတောကို အမြဲသန့်ရှင်းရေး လုပ်ပေးပြီး လာရောက်လည်ပတ်သူများနာနေနိုင်ရန် ထိုင်ခုံများလည်းထားရှိပေးထားလိုသည်ဟု ဆိုသည်၊ အဝင်အဝအနီး ခုံတန်းလျားတစ်ခုကိုသာ ယခင် အတိုင်းတည်ရှိနေသေးသည်။ နတ်ကြီးသည်ဟုဒေသခံများ ၏ယုံကြည်မှုကြောင့် အင်ကြင်းတောအတွင်းရှိသစ်ပင်များကို မခုတ်မလှဲပဲ တည်ရှိနေခြင်းကြောင့် ဧက၄၀ အကျယ်ရှိသည့် အင်ကြင်းတောအုပ်လေးကို ယခုအချိန်ထိ တွေ့မြင်ရ ခြင်းပင်ဖြစ်သည်။ ဒါကြောင့် ပုဂံရောက်ပြီဆိုရင် ညောင်ဦးမြို့ရှိ နှစ်ပေါင်း၁၀၀၀ ရှိသည့် မကျည်းကိုးခွဆီကို သွားရောက်လည်ပတ်သင့်သလို တစ်နေရာတည်းမှာ အင်ကြင်းပင်တွေ တစ်စုတစ်စည်းထဲရှိနေသည့်ဇီးအိုအင်ကြင်းတော သဘာဝထိန်းသိမ်းရေးနယ်မြေ ဆီကိုလည်း သွားရောက် လည်ပတ်ဖို့ လမ်းညွန်ပေးလိုက်သည်။ Travelling_Journal ခရီးသွားလမ်းညွှန် Vol_1_Issue_7 Photo_TunTouk
Contine Reading
By - Admin / 18-12-2018
ကရင်ပြည်နယ်ရဲ့ Adventure ခရီးစဉ်သစ်ကို သွားနိုင်ပြီ

ကရင်ပြည်နယ်ရဲ့ Adventure ခရီးစဉ်သစ်ကို သွားနိုင်ပြီ

မျိုးကြီး(သုခမိန်) ခရီးလည်းသွားချင်တယ်…. ဒါပေမဲ့ခွင့်မရ အချိန်မရ စသည့်အကြောင်းများကြောင့် အချိန် မပေးနိုင်သူများ အတွက် သွားလို့အကောင်းဆုံး ခရီးနေရာလေးကတော့ ရန်ကုန်မြို့နဲ့ မိုင် ၂၀၀ ခန့်သာကွာဝေးတဲ့ ကရင်ပြည်နယ် ဘားအံ့မြို့လေးက ခရီးစဉ်နေရာအသစ်လေးတွေကို ညွှန်ပြရပေမည်။ အရင်ကဆိုရင် ကရင်ပြည်နယ်မှာ လည်ပတ်စရာ ဂူ ငါးဂူပဲအဓိကရှိလာရာကနေ ကျုံထော်ရေတံခွန်၊ တောင်ဝိုင်း၊ လွန်းညရေပြာအိုင်၊ ချစ်သူမြိုင်၊ ချစ်သူ့လမ်းကြား၊ ညဈေးစသဖြင့် အစစ ချဲ့ထွင်လာကြပြန်သည်။ ရှိပြီးသားနေရာတွေအပြင် ထပ်မံမိတ်ဆက်ပေးချင်တဲ့ ခရီးစဉ်သစ်လေးကတော့ ရန်ကုန်မြို့ပြနဲ့ မိုင်(၂၀၀) ခန့်သာ ကွာဝေးတဲ့ နေ့ချင်းပြန် (Day Trip) သွားရောက်လည်ပတ်နိုင်မယ့် ခရီးလေးနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီခရီးစဉ်ဟာဆိုရင် အသစ်ဖြစ်တာကြောင့် ခရီးသွားတွေကိုခံစားမှု အတွေ့အကြုံကို ပေးစွမ်းနိုင်မှာ အမှန်ပါပဲ။ နယ်မြေအေးချမ်းသာယာလာမှုတွေရဲ့ အသီးအပွင့်အနေနဲ့ ကရင်ပြည်နယ်ဟာ မြန်မာပြည်၏ ခရီးသွားချင်စရာ နေရာတစ်ခုအဖြစ် ပီပီပြင်ပြင် ရပ်တည်လာပေတော့သည်။ (၂၀၁၈)ခုနှစ်မှာဆိုရင်တော့ ခရီးသွားအတွက် ဟော့…တစ်မျိုးဆန်းလာပြန်သည်။ ဒီခရီစဉ်လေးကိုတော့ ည(၁၀)နာရီ ဝန်းကျင် လောက်ကနေထွက်လာတာ နိုးတစ်ဝက်အိပ်တစ် ဝက်နဲ့ နံနက်သုံးနာရီကျော်လောက် ဘားအံမြို့အငွေ့အသက်ကို စပြီးခံစားမိလာပါတော့သည်။ လမ်းကတော့ ခါတိုင်သွားနေကြလမ်းအတိုင်း မဟုတ်တာကြောင့် မတူညီတဲ့ သဘာဝအငွေ့ အသက်များကို ခံစားစေမိမှာ အမှန်ပင်။စစချင်းမှာတော့ ရှမ်းရွာသစ်ရွာလေးရဲ့ တောတောင်အငွေ့အသက်များကို ခံစားနိုင်မယ့် တောလမ်းလေးကို တွေ့ရပေမည်။ ပိုပြီးထူးဆန်းတာကတော့ အဲဒီနေရာလေးရဲ့ ဟို …အနောက်ဘက် ယွန်းယွန်းမှာ လူတစ်ဦး အိပ်စက်နေတဲ့ လုံးဝနီးနီး သဏ္ဍာန်တူတဲ့ တောင်တန်းကြီးကိုတော့ မြင်သူတိုင်း သေချာကြည့်မဝ ဖြစ်မည်မှာအမှန်ပင်။ ဒီတောတန်းကြီးကိုတော့ သေချာကြည့်မှသာသဏ္ဌာန် ပုံတူအောင်မြင်နိုင်ပေမည် ဖြစ်သည်။ နာမည်လေး ကတော့ ကြားရသူတိုင်း ကြက်သီးထစရာပင် …ဘာတဲ့ “လူသေတောင်”တဲ့။ နောက်မှာတော့ ရှမ်းရွာသစ် (Para Kyae Toe Waterfall) မှာစုရပ်အနေနဲ့ ကားရပ်နားနိုင်ပါတယ်။ ရေတံခွန်ကိုသွားမယ်ဆိုရင် ဒေသခံများက ကားတွေနဲ့ အဆင်းအတက်ကို ငွေကျပ် နှစ်ထောင်နဲ့ ပို့ဆောင် ပေးပါတယ်။ ကားမစီးချင်လို့ လမ်းလျောက်မယ်ဆိုရင်တော့ ဆယ်မိနစ်ခန့်သာ လမ်းလျှောက်ရင်ရောက်ပါပြီ။ အဲ့ဒီနောက်မှာတော့ လမ်းလေးအတွင်းက စမ်းချောင်းငယ်လေးကို ဖြတ်ကျော်လိုက်ပြီဆိုတာနဲ့ တဝေါဝေါ စီးဆင်းနေတဲ့ ရေသံနဲ့အတူ အဆင့်ဆင့်စီးကျနေတဲ့ရေတံခွန်မှာ စိတ်ပစ်လက်ပစ်အနားယူနိုင်ပါပြီ။ လာရောက်သူတွေ ရေချိုးနိုင်ဖို့ ရေလှောင်ပေးထားတဲ့ ကန်ငယ်လေးမှာ … ပြီးတော့ ခရီးရဲ့ပင်ပန်းမှု၊ မြို့ပြရဲ့မွန်းကြပ်မှုတွေကို ရေတံခွန်နဲ့အတူ မျှောပါနိုင်ပါသေးသည်။ အဲ့ဒီနောက်မှာ လန်းဆန်းသွားပြီ ဆိုရင်တော့ တကယ့် Adventure လုပ်ချင်သေးတယ်ဆိုလည်း ရပါသေးတယ်။ရေတံခွန်ကို တစ်ဆင့်ပြီး တစ်ဆင့် တက်ရောက်နိုင်ပါတယ်။ စာရေးသူကတော့ သုံးဆင့်အထိတက်ပြီးတော့ စမ်းရေးအေးအေးလေး စိမ်ရင်း အပန်းဖြေလာခဲ့တယ်။ ခရီးလမ်းကို ပြန်လည်ဆန်းစစ်ကြည့်တော့ ရန်ကုန်မှဘားအံ၊ ဘားအံမှလိုင်းဘွဲ့၊ လှိုင်းဘွဲ့ မှရှမ်းရွာသစ် ဒါနဲ့တင် အားမရသေးဘူးဆိုရင်အပြန်ခရီးမှာ ပေ(၂၀၀)လောက်သာမြင့်တဲ့တောင် ကို ကားနဲ့တက်စရာမလို ဘဲ Trekking အနေနဲ့ ထပ်တက်လို့ရပါသေးတယ်။ နောက်ပြီးတော့ ခံစားနေကျဂူတွေရဲ့ အငွေ့ အသက်နဲ့မတူပဲခံစားမှုအသစ်ကိုရနိုင်မယ့် ဣစ္ဆာသယလိုဏ်ဂူကို ဝင်လို့ရပါသေးတယ်။ လက်ရှိမှာတော့ ဣစ္ဆာသယလိုဏ်ဂူကို ပြုပြင်နေတာ နှစ်လခန့်သာ ရှိသေးတဲ့ ငွေကုသိုလ် အနေနဲ့လှူဒါန်းရင်လည်း ရပါသေးတယ်။ ဒီဂူကိုတော့ ဘားအံမှာထပ်ပြီး လည်ပတ်နိုင်တော့မယ့် ခရီးစဉ်နေရာတစ်နေရာ တိုးလာပြီလို့ ဆိုနိုင်ပါတယ်။ ဣစ္ဆာသယလိုဏ်ဂူဟာဆိုရင် ထုံးကျောက်ဂူဖြစ်လင့်ကစား ဂူကတော့ အလျားပေ (၁၂၀၀)ဝန်းကျင်လောက် ရှည်လျားပြီးတော့ နှစ်ဖက်ပွင့်လိုဏ်ဂူ အမျိုးအစားဖြစ်ပါတယ်။ ဂူအတွင်းမှာသန့်ရှင်းသပ်ရပ်မှုရှိနေတဲ့အပြင် ကို အောက်စီဂျင်ကလည်း အပြည့်အဝရတာမို့ စိတ်ချလက်ချနဲ့ ဂူအတွင်းကို ဝင်ရောက်နိုင်ပါ တယ်။အဲ့ဂူလေးကိုသွားတဲ့ ခရီးသွားသူတွေအတွက်တော့ သွားနေကျလိုဏ်ဂူတွေနဲ့မတူတဲ့ မြင်ကွင်း တွေကိုလည်း တွေ့မြင်နိုင်မှာဖြစ်သလို ဝင်ပေါက်ရှိ ရာ ပေ(၂၅)ပေခန့်အမြင့်ကို ဝါးလှေခါးနဲ့ တက်ရ တဲ့ ကြိုးစားမှုကိုလည်း အမြဲအမှတ်ရနေစေမှာ ဧကန်မလွဲပင်။ စာရေးသူအနေနဲ့ကတော့ “သြော် …ငါ ကျန်းမာတောင့်တင်းသေး ပါလားဆိုသော ယုံကြည်မှုများကို တိုးပွားစေမယ့် လိုဏ်ဂူပင်ဖြစ် တော့တကားလို့ စိတ်ထဲတိတ်တခိုးတွေးမိပြီး ပြုံး လိုက်မိပါသေးတယ်။အဲဒီနောက်မှာ တစ်လမ်းထဲမှာရှိတဲ့ သိပ်မ ဝေးလှတဲ့ နေရာမှာတော့ လူသိနည်းသော ဖားပျံဂူ ကို ဆက်လက်လည်ပတ်လို့ရနိုင်ပါသေးတယ်။ နောက်ဆုံးမှာတော့ခရီးသွားတွေအတွက် အဓိက အခန်းကဏ္ဍကပါဝင်နေတဲ့ ဈေးဝယ်ခြင်းအတွက် ကိုတော့ ထပ်မံတိုးချဲ့ဖွင့်လှစ်ပေးထားတဲ့ မဲ့ဘောင် ရေပေါ်ဈေးမှာ အိမ်ပြန်လက်ဆောင်တွေ စိတ် ကြိုက်ဝယ်ပြီးတဲ့နောက်မှာတော့ ကရင်ပြည်နယ် ကို နှုတ်ဆက်ကာ ဋ္ဌာနေဆီကိုပြန်လာခဲ့လို့ရနိုင်ပါ ပြီ …။ Travelling_Journal/Photo_U Myo Gyi
Contine Reading
By - Admin / 09-07-2018
နှစ် ၁၀၀ ကျော် သက်တမ်းရှိသည့် ကော့နှတ်ဘုရား (သို့) ဦးနာအောက်ဘုရား

နှစ် ၁၀၀ ကျော် သက်တမ်းရှိသည့် ကော့နှတ်ဘုရား (သို့) ဦးနာအောက်ဘုရား

ယဉ်ယဉ်လှ ရာမညမြေကို လူတိုင်းသိသည်။ လူတိုင်း လည်း ရောက်သည်။ သို့သော် ထိုနေရာကို လူ တော်တော်များများ သိကြသော်လည်း လူတိုင်းမရောက်နိုင်သည့် နေရာတစ်ခုဖြစ်ပေသည်။ အကြောင်းမှာ သွားလာရန် လမ်းကြောင်း မသင့်သလို တကူးတကသွားရသည့်အပြင် စိတ်ဝင်စား မှုရှိမှသာ ထိုနေရာသို့ သွားရောက် လေ့လာကြမည့်နေရာတစ်ခုပင် ဖြစ်သည်။ရှေးဟောင်းနယ်မြေတစ်ခု။ ထို့အပြင် ကော့နှတ်ရွာမှာနေသည့် မွန်သူဌေးကြီး ဦးနာအောက် တည်ထား ကိုးကွယ်ထားသည့် ကော့နှတ်ဘုရား။မွန်ပြည်နယ်အဆုံး၊ ကရင်ပြည်နယ်အစပ် နယ်နိမိတ်ထိစပ် နေသည့််နေရာတွင်ရှိသည်။ဝင်ဝင်ချင်းတွင် ကော့နှတ်ရွာဟု ဆိုင်းဘုတ်စိုက်ထူ ထားသည်ကို တွေ့ရသည်။ ဆိုင်းဘုတ် ဝင်လမ်းမအတိုင်း ဝင်ရောက်လာကာ လမ်းကလည်း ကြမ်းတမ်းလှသည်။ မိနစ် နှစ်ဆယ် နီးပါး မောင်းနှင်ရသည်။ တောလမ်းက သာယာလှပသည်။ လမ်းတွင် ဆိုင်ကယ်ကို ဘေးတွဲနှင့် သုံးဘီးဆိုင်ကယ် ပုံစံမျိုးလုပ်ထားသည်ကို တွေ့ရသည်။ ကုန်များတင်ဆောင်ရန် သယ်ဆောင်သည့် ဆိုင်ကယ်မျိုးကို ဒေသနှင့် လိုက်ဖက်ညီစွာ ပြုလုပ်ထားခြင်းဖြစ်သည်။ သိပ်မကြာခင်ကော့နှတ်ပရိယတ္တိစာသင်တိုက်ကို တွေ့မြင် ရသည်။ ဝင်ဝင်ချင်း ညာဖက်တွင် သိမ်တော်ကြီးရှိပြီး ဘယ်ဘက်တွင် ဒီပင်္ကရာဝတ်တန်ဆောင်းအဆောက် အအုံကို တွေ့ရသည်။ တန်ဆောင်းအတွင်း ဝင်လိုက်သည်ဆိုရင်ပဲ ရှေးအကျဆုံး လက်ရာများဖြင့် တွေ့မြင်ရသည့် ပွတ်လုံးတိုင်များ၊ နံရံများကလည်း ကြည့်ရှုသူများကို စိတ်နှလုံးကြည်နူးစေပါသည်။ သိမ်တော်၏ ကြမ်းခင်း နံရံများ၊ မျက်နှာကျက် တံခါးတိုင်များ စသည်တို့မှာ အကောင်းဆုံးကျွန်းသားများဖြင့် ပြုလုပ်ထားသဖြင့် ယနေ့ ထိတိုင် ကောင်းမွန်သည်ကိုတွေ့ရသည်. မျက်နှာကျက် တွင်ရှိသည့် ပန်းပုရုပ်လုံးရုပ်ကြွများလည်း အသက်ဝင် လှသလို ကြည့်၍အလွန်ကောင်းလှသည်။ နှစ်ကျိပ်ရှစ်ဆူ ဝတ်တန်ဆောင်းကို ဘုံဆယ့် နှစ်ဆင့် ပြာသာဒ်အဆောင်ဆောင်ဖြင့် တည်ဆောက် ထားသည်ကို တွေ့ရသည်။ ကနုတ်ပန်းများနှင့် မှန်စီရွှေချလက်ရာများမှာ ပထမတန်းစား လက်ရာများ ဖြစ်သည်။ အတွင်းပိုင်းနံရံများတွင် ပန်းချီကားများအစား ရုပ်လုံးရုပ်ကြွ ပန်းပုရုပ်များ ဖြင့် ဂေါမတမြတ်စွာဘုရား ပဋိသန္ဓေယူခန်းမှစ၍ ပရိနိဗ်္ဗာန်စံတော်မူခန်း၊ ဓါတ်တော်မွေတော် ဝေခန်းတိုင်များကို ဗုဒ္ဓဝင်ဇာတ်တော်များကို ထုလုပ် ခင်းကျင်းထားသည်။ အတွင်းပိုင်းနံရံများတွင် ရုပ်လုံးရုပ်ကြွပန်းချီ ပန်းပုလက်ရာများဖြင့် မနူဟာမင်း၊ အနော်ရထာမင်းနှင့်် ကျန်စစ်သားမင်းတို့၏ အတ္ထုပတ်္တိများ ပြုလုပ်ထားသည်ကို တွေ့ရသည်။ ထူးခြားချက်မှာ ပင်စည်တစ်ခုတည်းမှရရှိသည့် ကျွန်းသားနှင့် မြတ်စွာဘုရား ရပ်တော်မူ နှစ်ဆူကို ထုစစ်ထား သည်မှာလည်း ထူးခြားမှု တစ်ခုပင်ဖြစ်သည်။ အဆိုပါရပ်တော်မူနှစ်ဆူမှာ ဒီပင်္ကရာမြတ်စွာဘုရားနှင့် အရိမေတ္တယျမြတ်စွာ ဘုရားတို့ဖြစ်သည်။ အဆိုပါ ဘုရားနှစ်ဆူကို မြင် လိုက်ပြီဆိုလျှင်ပဲ ဖူးမြှော်ချင်စိတ် တဖွားဖွားဖြစ် အောင်ကို သပ္ပါယ်လွန်းလှသည်။ ရပ်တော်မူနှစ်ဆူမှာ အရွယ်အစားမတူပဲ ထုစစ်ထားသည်ကို တွေ့ရသည်။ ရှေးခေတ်လက်ရာအတိုင်း အဖိုးတန် ကျောက်များကို စီခြယ်ထားသည်မှာ အသက်ဝင် လှသည်။ ဂေါပကလူကြီး၏ ပြောကြားချက်အရ ဘုရားနှစ်ဆူမှာ တန်ခိုးကြီးလှသည့်အတွက် တရား ဥပဒေစိုးမိုးမှုမရှိသည့် အချိန်ကာလတွင် မျက်စိ ကျနေသည့်သူ တော်တော်များလည်းရှိကြောင်း သိရသည်။ ကော့နှတ်ဘုရားဒါယကာဖြစ်သည့် မွန်သူဌေးကြီး ဦးနာအောက်မှာ ငယ်စဉ်အခါက မြန်မာ့သမိုင်းတွင် ဖော်ပြခံရသည့် မွန်သူရဲသူတစ်ဦး ဖြစ်သည့်အပြင် မျိုးချစ်စိတ်ဓာတ်မှာ စာတင် လောက်အောင်ပင် အတုယူဖွယ် ကောင်းလှသည့် မျိုးချစ်သူရဲကောင်းတစ်ဦးလည်းဖြစ်သည်။ ဦးနာအောက်သည် အင်္ဂလိပ်ခေတ်က နိုင်ငံခြား သားများ၏ သွေးစုပ်ချယ်လှယ်မှုအောက်မှ မိမိတို့ တိုင်းရင်းသားများ လွတ်မြောက်ရန် ကိုယ်ပိုင်သင်္ဘော ဝယ်ယူပြီး နိုင်ငံခြားသားပိုင်ပြေးဆွဲသော သင်္ဘောများနှင့် ဈေးကွက်ယှဉ်ပြိုင်ကာ ပြေးဆွဲ နိုင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ သို့သော်လည်း အဖက်ဖက်ကသာနေသည့် နိုင်ငံခြားသားကုမ်္ပဏီ ကို ယှဉ်ပြိုင်နိုင်ခြင်း မရှိသည့် အတွက် ရှုံးနိမ့်ခဲ့သည့် မျိုးချစ်သူရဲကောင်းတစ်ဦးပင်ဖြစ်သည်။ အင်အာချင်းမမျှမှန်း သိသော်လည်း အနိုင်မခံ အရှုံးမပေးသည့်စိတ်ဓာတ်ဖြင့် ဥစ္စာပစ္စည်း လုံးဝကုန်သည်အထိ အစွမ်းကုန်ယှဉ်ပြိုင်ခဲ့သည့် စိတ်ဓာတ်မှာ မလေးစားပဲမနေနိုင်စရာပင် ဖြစ် သည်။ မွန်သူဌေးကြီး ဦးနာအောက် သည် ကော့နှတ်ဘုရားဝင်းအတွင်းတွင် ကော့နှတ်ရွာ စာသင်တိုက်၊ ဆွမ်းစားဆောင်နှင့် ဘုရားတန်ဆောင်း၊ အတုမရှိကျောင်း၊ ယက္ကန်းစင်ကျောင်း၊ နှစ်ကျိပ်ရှစ်ဆူဝတ်တန်ဆောင်း၊ ဒီပင်္ကရာဝတ်တန်ဆောင်း၊ မဟာဝိဇယ သိမ်တော်ကြီး၊ ဆုတောင်းပြည့်ဝတ် တန်ဆောင်း၊ မဟာစေတီကြီးနှင့် ဆုတောင်းပြည့် စေတီတို့ကိုလည်း တည်ဆောက်လှူဒါန်းထားရာ တစ်ဆက်တည်း ဖူးမြော်နိုင်သည်။ အကယ်၍ ရာမညမြေသို့ ရောက်ခဲ့မည်ဆိုပါက နှစ်ပေါင်းတစ်ရာကျော်မှ တည်ထားကိုးကွယ် ထားသည့် ဘုရားများကို ဖူးမြော်နိုင်သလို၊ စိတ် ဝင်စရာကောင်းလှသည့်သမိုင်းကြောင်း၊ လက်ရာ မြောက်လှသည့် ပညာရှင်တို့၏ အနုပညာလက်ရာများကို တွေ့မြင်နိုင်သည့် ဦးနာအောက်ဘုရားသို့ အခါအခွင့်သင့်လျှင် သွားရောက် လည်ပတ်သင့်သည်မှာ အမှန်ပဲဖြစ်ပါတော့သည်။ Travelling_Journal/Photo_YinYinHla
Contine Reading
By - Admin / 05-07-2018