ထွန်းတောက်
AD 3 ရာစုကတည်းက ဘိုးဘွားဘီဘင်အဆက်ဆက် စောင့်ရှောက်ခဲ့ကြသည့် အင်ကြင်းတောဟု ဇီးအိုရွာဒေသခံများက ဆိုကြသည့် အင်ကြင်းတောဆီကို ဒုတိယအကြိမ်ရောက်ခဲ့ပြန်ပါပြီ။ ယခုတစ်ခေါက်ကတော့ ဇီးအိုကျေးရွာကို တစ်ကူးတစ်က ရောက်အောင် လာခဲ့ခြင်းပင်ဖြစ်သည်။
ဇီးအိုကျေးရွာကို မဝင်ရောက်မီ လမ်းတစ်ဖက်တွင် တူရွင်းတောင်တန်းကို လှမ်းမြင်နေရပြီး ဗယ်ဘက်ခြမ်း မြေနီလမ်းလေး အတိုင်းကွေ့ပြီး ဇီးအိုကျေးရွာဆီကို ချီတက်ခဲ့ရခြင်းပင်ဖြစ်သည် ။အချိန်ကလည်း ညနေစောင်းမို့ တိတ်ဆိက်နေသည်။
မြေနီလမ်းအတိုင်း ဝင်ရောက်လိုက်ပြီဆိုရင် ဖြင့် ရှုမျော်ဖွယ်ရာ ကောင်းလှသည့်ရှုခင်းများက မိမိကို ဆွဲဆောင်လွန်းစေသည်။ ရင်သက်မိစေအောင် လှပလွန်းသည့် မြင်ကွင်းက ပိုလှနေသည်ဟု စိတ်ဝယ်ခံစားနေမိသည်။ ပုဂံဒေသ အငွေ့အသက်အပြည့်နှင့် ထန်းပင်ပျိုများ၊ ယာခင်းများကို လည်း တွေ့မြင်ရသည်။
လမ်းကျဉ်းကျဉ်း ဘေးနံဘေးတစ်ချက်စီတွင် ထန်းပင်တွေက အစီအရီ တစ်ညီတစ်ညာ ဒီလိုမြင်ကွင်းမျိုးကို ဆယ်စုနှစ်နီးပါးကြာပြီဖြစ်သော်လည်း မပြောင်းမလဲ ယခုတစ်ခေါက်တွေ့မြင်ရသည့် ခံစားမှုက ပိုပြီး ပြည့်စုံလှပနေသည်။ မပြုမပြင် သဘာဝအတိုင်း တည်ရှိနေသည့် အလှတရားစစ်စစ်ကိုတွေ့မြင်နေရသည်မှာ ကျေနပ်စရာကောင်းလှသည်။ ဇီးအို ကျေးရွာ ၏ အထင်ကရ အမှတ်အသားတစ်ခုလားလို့ပင် စာရေးသူ က တင်စားမိသေးသည်။
ဆိုင်ကယ် ၁နာရီ နီးပါး မောင်းနှင်ပြီးမှ ဇီးအိုကျေးရွာကို ရောက်ရှိခဲ့သည်။ ဇီးအိုကျေးရွာသို့ရောက်ပါက နှစ်ပေါင်း ၁၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းကြသည့် မန်ကျည်းကိုးခွပင်ကြီးဆီကိုဦးစွာရောက်ရှိခဲ့သည်။ ညနေစောင်းနေပြီးမို့ မှတ်တမ်းကို မြန်မြန်ဆန်ဆန် ဆောင်ရွက်နေသလို ဒေသခံ ဦးကံရှင်ကလည်း ဓာတ်ပုံရိုက်ကောင်းသည့် နေရာများကို လမ်းညွန်ပြသပေးနေသေးသည်။
ဒိနောက်တွင် ဧက-၄၀ခန့် ကျယ်ဝန်းသည့် ဇီးအိုအင်ကြင်းတောအတွင်း ကို ဝင်ရောက် လေ့လာဖို့ ဦးကံရှင်က ဖိတ်ခေါ်နေသဖြင့် အချိန်ကလည်း ညနေ ၅ နာရီ ထိုးနေသည်မို့ ပြန်ရင် မိုးချူပ်မည်စိုးတာမို့ ခဏ ဝင်ရောက် လည်ပတ်ခဲ့သည်။ ပထမအကြိမ်တုန်းက နတ်ထိန်းတောအတွင်းနတ်ကန္နားပေးပြီး နိုင်ငံခြားသားဧည့်သည်များကို ဆွဲဆောင်ခဲ့သေးသည်မို့ ဒီဒေသကို အကျွမ်းတဝင်ဖြစ်နေခြင်းပင်ဖြစ်သည်။
နတ်ထိန်းတော ဟုဆိုသည့် အင်ကြင်းတောကို ထိန်းသိမ်းစောင့်ရှောက်နေသည့်ဒေသခံ ဦးကံရှင်က တံခါးပိတ်ထားသည့် တောကို ခြံစည်းရိုးသော့ဖွင့်ပြီး အကြီးဆုံး အင်ကြင်းပင်ဆီကို ခေါ်ဆောင်သွားပြသည်။
အကြီးဆုံးအင်ကြင်းပင်မှာ အမြင့်ပေ ၁၇၃ ပေ၊ လုံးပတ် ၁၅ ပေ ၁ လက်မ ရှိပြီး သက်တမ်းမှာနှစ်ပေါင်း ၅၀၀ ရှိပြီဟု အင်ကြင်းတောကို ထိန်းသိမ်းစောင့်ရှောက်နေသည့် ဦးကံရှင်က ပြောပြသည်။
အဆိုပါ အင်ကြင်းတောမှာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်းမကြီး ၏ အရှေ့ဘက် ၆ မိုင် ၄ ဖာလုံအကွာတွင် ဇီးအိုကျေးရွာ ၌ တည်ရှိနေသည့် အင်ကြင်းတောပင်ဖြစ်သည်။ တော၏စုစုပေါင်း အကျယ်အဝန်းမှာ ဧက ၄၀ ရှိပြီး ယင်းတောအတွင်း အင်ကြင်းပင် ၆၇၆ ပင်ရှိသည်ဟုဆိုသည့်အတွက် ထူးခြားသည့် တောပင်ဖြစ်သည်။
ထိုအင်ကြင်းတောအုပ်အတွင်းတွင် အင်ကြင်းအပြင် ပျဉ်းကတိုး ကုက္ကို မန်ကျည်း ထနောင်း ရှား တမာ သပွတ် သရင်းကြီး ဇောင်ချမ်း အစရှိသည့် အပင်များလည်း ရှင်သန် ပေါက်ရောက်တည်ရှိသည်၊
စိမ်းစိမ်းစိုစို အင်ကြင်းတော ပင်ဖြစ်သည်။ တော၏ ပတ်လည်ကို သွပ်ဆူးကြိုးများဖြင့် ကာရံထားသလို အဆိုပါ တောအုပ်ကို နတ်များက စောင့်ရှောက် သည်ဟု ဆိုကာ ဒေသခံများက ယုံကြည်မှု ဖြင့် ယခုအချိန်ထိ တည်ရှိနေသည့် အင်ကြင်းတောပင် ဖြစ်သည်။အများစုကတော့ နတ်ထိန်းသည့်တောဟုဆိုသည့်အတွက် တောအတွင်း အပင်တစ်ပင်မှ ခုတ်လဲှခြင်းမရှိသည့်အတွက် တောမှာစိမ်းစိုနေခြင်းပင်ဖြစ်သည်။
နတ်ပိုင်ပစ္စည်း နတ်စောင့်ရှောက်သည့် ပစ္စည်းတွေမို့ သစ်ရွက်ခြောက် သစ်ကိုင်းခြောက်ကိုတောင်မှ ယူမသုံးကြပါဘူးဟု ဆိုသည်မို့ ဦးကံရှင်ကို မေးမြန်းကြည့်တော့ နတ်ကြီးကြောင်း အပင်များ၏အကိုင်းအခက်များကို သံချိတ်ဖြင့် မခူးရပဲ သစ်သားချိတ်ဖြစ်သာ ခူးရကြောင်း ပြောပြသည်။ ညနေစောင်းဖြစ်သည်မို့ တောအတွင်း တောရိပ်တောင်ရိပ်က အေးချမ်းနေသည်။
တောထဲတွင် စိမ်းစိမ်းစိုစို ရှိပြီး အင်ကြင်းပင်အပြင် ပျဉ်းကတိုး ကုက္ကိုလ် မန်ကျည်း ထနောင်း ရှား တမာ ဖလံ သပွတ် သပွတ်သိမ် ဇောင်ချမ်း သရင်းကြီး တရော် နီပစေး ဖျောက်ဆိပ် ဖန်ခါး ထောက်ကြံ့ စသည့် သစ်မျိုးစုံလည်း ပေါက်ရောက်လျက်ရှိသည်။ လျှောက်လမ်းများက သန့်ရှင်းနေသည် ။ ဦးကံရှင် က ပြောပြရာတွင် ဒီတောကို အမြဲသန့်ရှင်းရေး လုပ်ပေးပြီး လာရောက်လည်ပတ်သူများနာနေနိုင်ရန် ထိုင်ခုံများလည်းထားရှိပေးထားလိုသည်ဟု ဆိုသည်၊ အဝင်အဝအနီး ခုံတန်းလျားတစ်ခုကိုသာ ယခင် အတိုင်းတည်ရှိနေသေးသည်။ နတ်ကြီးသည်ဟုဒေသခံများ ၏ယုံကြည်မှုကြောင့် အင်ကြင်းတောအတွင်းရှိသစ်ပင်များကို မခုတ်မလှဲပဲ တည်ရှိနေခြင်းကြောင့် ဧက၄၀ အကျယ်ရှိသည့် အင်ကြင်းတောအုပ်လေးကို ယခုအချိန်ထိ တွေ့မြင်ရ ခြင်းပင်ဖြစ်သည်။
ဒါကြောင့် ပုဂံရောက်ပြီဆိုရင် ညောင်ဦးမြို့ရှိ နှစ်ပေါင်း၁၀၀၀ ရှိသည့် မကျည်းကိုးခွဆီကို သွားရောက်လည်ပတ်သင့်သလို တစ်နေရာတည်းမှာ အင်ကြင်းပင်တွေ တစ်စုတစ်စည်းထဲရှိနေသည့်ဇီးအိုအင်ကြင်းတော သဘာဝထိန်းသိမ်းရေးနယ်မြေ ဆီကိုလည်း သွားရောက် လည်ပတ်ဖို့ လမ်းညွန်ပေးလိုက်သည်။