ရေတိုး
မြန်မာပြည်အလယ်ပိုင်း ဒေသ အညာမြေတို့အရပ်ဆီမှာ လည်စရာပတ်စရာတွေ များပြားလှပါ တယ်။အဲ့ဒီလို များပြားလှတဲ့ နေရာသေဒတွေထဲကမှ တစ်ခုဖြစ်တဲ့ မကွေးတိုင်း ဒေသကြီး စလင်းမြို့နယ်၊ ရှမ်းရွာကုန်းကျေးရွာက ဝက်သည်းကန် ရဲ့ဖြစ်တည်ပုံ သမိုင်းကြောင်းကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
ဝက်သည်းကန်လို့ ပြောရင် အနည်းဆုံး အဆိုတော် ဗညားဟန်ဆိုထားတဲ့ သီချင်းကိုတော့ ပြေးမြင်မိကြမှာပါ။ဝက်သည်းကန်ဟာဆိုရင် ကြာပန်းပြင်ကြီးတွေက ကန်ရဲ့အလှကိုု ထင်ဟပ်စေတာတော့အမှန်ပါပဲ။ ကန်အတွင်း က ကြာပန်းပြင်ကြီးကိုတွေ့မြင်ရတာကလည်း မျက်စိပသာဒ ဖြစ်စေတဲ့ ခံစားရရှိစေပါတယ်။ သပ္ပါယ်လွန်းလှတဲ့ ရှင်ပင်ရွှေမုဌောဘုရားကို ဖူးမြော်ပြီး ကန်အတွင်း မှာ စက်လှေစီးရတဲ့ ခံစားမှုကိုလည်း ခံစားရရှိစေနိုင်ပါသေး တယ်။
ဝက်သည်းကန်ဟာဆိုရင် သားဌက်ဘေးမဲ့ကြိုးဝိုင်းအဖြစ် ၁၉၅၃ ခုနှစ်မှာ စတင်သတ်မှတ်ခဲ့ပါတယ်။ ဒီကန်ကြီးကို နရပတိစည်သူမင်းကြီးရဲ့ ကိုယ်လုပ်တော် ရှင်စော၀ က ခရစ်သက္ကရာဇ် ၁၁၉၄ ခုနှစ်မှာ တူးဖော်ခဲ့တာလို့သမိုင်းမှတ်တမ်းအရ သိရပါတယ်။
မူလကန်အကျယ်အဝန်းမှာ ၁၀၈၈ ဧက ရှိပေမယ့် လက်ရှိအကျယ်အဝန်းမှာတော့ ၅၃၀ ဧက ရှိပြီး ရေပြင်ဧရိယာမှာ ၃၅၀ ဧက သာ ရှိပါတော့တယ်။ ကန်ရဲ့ ဘေးပတ်လည်မှာတော့ ကိုယ်ကာယလေ့ကျင့်နိုင်တဲ့ လေ့ကျင့်ရေးထောက်ကူပစ္စည်းတွေကို ထားရှိပေးထားသလို နားနေနိုင်မယ့်ခုံတန်းလျားတွေကို စနစ်တကျ တပ်ဆင် ပေးထားပါတယ်။
ဒါ့အပြင် ကန်လယ်ထိ စက်လှေ စီးနင်းနိုင်ဖို့ စက်လှေဆိပ်လည်း ရှိပါသေးတယ်။ စက်လှေစီးခကိုတော့ တစ်ယောက်ကို ၅၀၀ ကျပ်နဲ့ စက်လှေစီးနိုင်ပါတယ်။ ကန်ထဲမှာ စက်လှေစီးနင်းရတာကလည်း နာရီဝတ်ခန့်ပါပဲ။ စက်လှေစီးမယ်ဆိုရင် ရေလယ်ကျွန်းထဲက ရေလယ်ဘုရားဆီကို ပို့ဆောင်ပေးမှာဖြစ်ပြီး ကန်ထဲမှာ စက်လှေစီးရတဲ့ ခံစားမှု၊စိမ်းစိုနေတဲ့ ကြာပန်းပြင်ကြီးတွေကိုတွေ့မြင်ရတဲ့ မြင်ကွင်းတွေက စိတ်ကို ကြည်နူးစေမိမှာပါ။
နောက်ပြီး ကန်လယ်ခေါင်မှာ တည်ထားကိုးကွယ်ထားတဲ့ ဒေသခံတွေအခေါ်အရ ကန်လယ်ဘုရားကိုလည်း နာရီဝက် လောက်သာ စီးရသလို ကန်လယ် ကန်ချောင်ဘုရားဆီကိုလည်း သွားရောက် ဖူးမြော်နိုင်ပါသေးတယ်။ ဝါဆိုလပြည့် ဝါခေါင်လပြည့်ဆိုရင် လူတိုးမပေါက်အောင် စည်ကားလွန်းတယ်လို့ ဒေသခံစက်လှေဆရာက ဆိုပါတယ်။
ပြည်တွင်းခရီးသွားတွေအကြားမှာ စိတ်ဝင်စားစရာကတော့ ကန်လယ်မှာ တည်ရှိတဲ့ ကန်လယ်ဘုရားဆီကို လာရောက်ကြတာပါ။ ကန်လယ်ဆရာတော်ကြီးက ရဟန္တာဆရာတော်ကြီး ဖြစ်ပြီးတော့ ရွှေမုဌော ဘုရားကိုလည်း ကန်လယ်ဆရာတော်ကြီးကိုယ်တိုင် တည်ထားတာဖြစ်တာမို့ လာရောက်ဖူးမြော်သူ ခရီးသွား တွေ များပြားတာဖြစ်တယ်လို့ စက်လှေဆရာ ဦးအောင်ငွေထွန်းက ဆိုပါတယ်။
ဝက်သည်းကန်ရဲ့ထူးခြားချက်ကလည်း ကန်လယ်မှာ ရေလယ်ကျွန်းပုံစံကိုးခုရှိတာကြောင့် စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ကုန်းကိုးခုတည်ရှိနေတယ်လို့ ခေါ်ဆို နိုင်ပါသေးတယ်။
ကားလမ်းမဘေးဘက်မှာ တည်ရှိနေတဲ့ ကုန်းကတော့ ရှင်ပင်မုဌော ဘုရား ကုန်း ဖြစ်ပြီးတော့ ရေလယ် ထဲမှာတော့ ဝိဇ္ဇာကုန်း၊ ပြည်တော်ဦးကုန်း၊ အောင်မြင်တော်မူကုန်း၊ ကန်လယ်ကုန်း၊ ဖိုးသူတော်ကုန်း၊ နွားသတ်ကုန်း ၊ရိုးတော်ကုန်း စတဲ့ ကုန်းကိုးခုရှိပါတယ်။ ဒီကုန်းတွေကတော့ ကန်လယ်အတွင်းထဲမှာ တည်ရှိတာပဲဖြစ်ပါတယ်။ စက်လှေစီးမယ်ဆိုရင်တော့ ကန်လယ်နဲ့ ကန်ချောင်ဘုရားဆီကိုသာ သွားရောက်နိုင်တာပဲဖြစ်ပါတယ်။ တစ်ခြားကုန်းတွေကတော့ နာမည် အခေါ်အဝေါ်သာရှိတာဖြစ်ပါတယ်။
ဝက်သည်းကန်ဆိုတာကလည်း ရှေးရာဇဝင်အရ စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဒီကန်ကြီးဖြစ်တည် လာပုံက လည်း ဟိုးအရင်က ဝက်ကြီးလူးခဲ့တဲ့ ကန်တစ်ခုဖြစ်ခဲ့တာပါ။ နှစ်ပေါင်း ၉၀၀ နီးပါး သက်တမ်း ရှိတာဖြစ်ပါတယ်။ ဝက်ကြီးဘဝမှာ သေသွားခဲ့ပြီး နောင်ဘဝတစ်ခု မှာ မင်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပုဂံဘက်မှာ ဘုရားတွေတည်ပြီး တဲ့နောက်မှာ ဒီဘက်ခြမ်းကို တိုင်းခန်းလှည့်လည်လာခဲ့တာလို့ ဆိုပါတယ်။ အရင်ဘဝက လူးထားခဲ့တဲ့ ချိုင့်တွေ တွင်းတွေကို တွေ့မြင်တဲ့အခါမှာ ငဖြူစင် နတ်မင်းကြီးကို မေးကြည့်ခဲ့တယ် လို့ဆိုပါတယ်။ အဲဒီတုန်းက ငဖြူစင်နတ်မင်းကလည်း အသက်ကြီးတဲ့နတ်မင်းဖြစ်ခဲ့တာမို့ မင်းကြီးဟာ ခေါ်ယူ မေးခဲ့ တာလို့ ဆိုပါတယ်။
ဒီချိုင့်တွေ တွင်းတွေ ဘယ်လိုဖြစ်တာလဲလို့ မေးမြန်းတဲ့အခါမှာ အသင်မင်းကြီး စိတ်တော့ မဆိုးပါနဲ့။ အသင်မင်း ကြီး က ဟိုဘက်ဘဝမှာတုန်းက ဝတ်ဘဝနဲ့ လူးထားခဲ့တုန်းက ချိုင့်တွေ တွင်းတွေပဲ ဖြစ်ပါတယ်တဲ့။
ဒါကြောင့်မို့ အရှင်မင်းကြီးက ဒီနေရာကို ကန်အဖြစ် ပြန်လည် တူးဖော်စေဖို့ ရှင်စောဝကို ခိုင်းတော်မူခဲ့တယ်လို့ ဆိုပါတယ်။ အရင်တုန်းက ဒီနေရာဟာ ရေအရမ်းရှားပါးခဲ့တဲ့ အရပ် ဒေသ ဖြစ်ခဲ့ပါတယ်တဲ့ ။ကန်မတူးဖော်ခင်မှာ အရှေ့အရပ်ကနေ စွန်ရဲတစ်ကောင်ဟာ ဝက်အသည်းကို ချီလာခဲ့တယ်လို့ ဆိုပါတယ်။
ညာဘက်ဝဲယာကနေ ပျံသွားတဲ့အခါမှာ အတိတ်နမိတ်ကောင်းတယ်ဆိုပြီး စွန်ဝဲယာဘက်ကနေ ရေကန်ကို တူးဖော်ခဲ့တယ်လို့ ဆိုပါတယ်။ စာတွေထဲမှာတော့ ဝဲချီကန်လို့လည်း ခေါ်သလို ရှင်စော၀ ကန်လို့လည်း ခေါ်တွင် ထားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဝက်သည်းကန်လို့ အမည်တွင်နေတာပါလို့ ဦးအောင်ငွေထွန်းက ဆိုပါတယ်။
အခုဆိုရင် ပြည်တွင်းခရီးသွားတွေ အများစုဟာ စလင်းမြို့ကို လာရောက်လည်ပတ်ကြတာ များပြားလာတယ်လို့လည်း ဆိုပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်ကျော်လောက်ကနေ လာရောက်သူ များပြားလာတာဖြစ်တယ်လို့လည်းဆိုပါတယ်။
ဝက်သည်းကန်သားဖြစ်သူ မြန်မာသံစဉ်အဆိုတော်ဗညားဟန် ကလည်း ဝက်သည်းကန်အတွင်း စက်လှေစီးပြီး သီချင်းဆိုခြင်းကြောင့်လည်း လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေများပြားလာတယ်လို့ ဆိုပါတယ်။ စလင်းမြို့ထဲမှာဆိုရင် ထင်ရှားတဲ့ ဘုရားတွေလည်းရှိကြပါတယ်။ ရတနာမဥွူဘုရားကလည်း တန်ခိုးကြီးမားတယ်လို့သိရပါတယ်။မီးလောင်ကျွမ်းတဲ့ အခါမှာ ဘုရားက ထန်းပင်ပေါ်ရောက်နေတာလို့ ဆိုပါတယ်။ အဆောက်အအုံအသစ် တွေ ပြန်လည်ဆောက်လုပ်ပြီး ပူဇော်ထားရှိထားတဲ့ ဘုရားဖြစ်တယ်လု့ိဆိုပါတယ်။ ခေါင်းအုံး ၃၃ လုံးအုံးတော်မူတဲ့ နေရပန်ဘုရား၊ လှေကားထစ် ၃၂ ထစ်ရှိတဲ့ ရွှေတန်ဆာဘုရား တို့ကို သွားရောက်ဖူးမြော်နိုင်ပါသေးတယ်။
ဒါ့အပြင် ဝက်သည်းကန်နဲ့ အနီးဆုံးမှာတည်ရှိတဲ့ စလင်းရုပ်စုံကျောင်းကိုလည်း သွားရောက် လည်ပတ် နိုင်ပါသေးတယ်။ ဒီရုပ်စုံကျောင်းဟာ ဆင်ကျုံးအရပ်မှာ ရှိပြီးတော့ အနောက်ကန်စွယ်တိုက် မြောက်လေးစဉ် သစ်သားရုပ်စုံကျောင်းလို့လည်း ခေါ်ဆိုပါတယ်။
ရတနာပုံမြို့တည်နန်းတည် ပဥမသင်္ဂါယနာတင်တော်မူသော ဘဝရှင်မင်းတုန်းမင်းတရားကြီးလက်ထက် မြန်မာ သက္ကရာဇ် ၁၂၃၀ ခုနှစ် ခရစ်နှစ် ၁၈၆၈ တွင် စလင်းမြို့ သူကောင်းမျိုးရိုးကျောင်း ဒါယိကာမကြီး ဒေါ်ပုက ဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
အဆိုပါကျောင်းကို ရှေးသုကနေ ၂၀၀၃ ခုနှစ်မှာ ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းခဲ့ပါတယ်။ ကျောင်းရဲ့သက်တမ်း မှာ ၁၄၅ နှစ်ရှိပြီဖြစ်တာမို့ နှစ်၁၀၀ကျော် သက်တမ်းရှိနေတဲ့ ရှေးဟောင်းကျောင်းကြီးတစ်ကျောင်းဖြစ်ပါတယ်။ ကျောင်းရဲ့ ပုံစံက အင်း၀ မြို့က ဗားကရာကျောင်းပုံစံနဲ့ ဆင်တူပါတယ်။ အရင်က ကျောင်းကို တိုင်လုံးပေါင်း ၂၄၅ တိုင် နဲ့ တည်ဆောက်ခဲ့ပေမယ့် အခုလက်ရှိမှာတော့ ၂၁၅ တိုင်သာ ကျန်ရှိပါတော့တယ်။ ကျောင်းမှာ ရုပ်စုံပေါင်း ၅၄ ရုပ်ရှိပါတယ်။ ကျောင်းရဲ့အကျယ်အဝန်းကတော့ ၁၇၈ပေ× ၉၀ ပေ ရှိပါတယ်။ လက်ရှိမှာတော့ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနဦးစီးဌာနကနေ မြန်မာယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းအဆောက်အအုံ စာရင်းဝင် အဖြစ်သတ်မှတ်ထားရှိထားပါတယ်။ စလေဦးပုည ကျောင်းထက်ကြီးမားလွန်းတဲ့ စလင်းရုပ်စုံကျောင်းကလည်း စလင်းမြို့မှာ ထင်ရှား လှပါတယ်။
ဒါကြောင့် ခရီးသွားဧည့်သည်တွေအနေနဲ့ စလင်းမြို့ကိုရောက်ခဲ့ရင် စိတ်ဝင်စားစရာ ရာဇဝင်တွေအပြင် ကြာပန်းအလှတွေကို တဝကြီး ခံစားနိုင်မယ့် ဝက်သည်းကန် အပြင် အနီးစပ်ဆုံးဖြစ်တဲ့ စလင်းရုပ်စုံကျောင်းကိုလည်း ဝင်ရောက်လေ့လာနိုင်သလို တစ်ခြားထင်ရှားကျော်ကြားလှတဲ့ နေရာတွေကို သွားရောက်လည်ပတ်နိုင်ဖို့ လမ်းညွန်ပေးလိုက်ပါတယ်။