Travelling journal
ကျိုင်းတုံ မြို့ ၁၉မိုင်အလွန်က အမောဒေ တောင်ကြောရှုခင်းသို့ သွားရောက်လည်ပတ်ကြသူ များ ပြားနေကြောင်း ကျိုင်းတုံ ဒေသခံများထံမှ သိရသည်။
ကျိုင်းတုံ – မိုင်းခွန်- မိုင်းခုတ် -မိုင်းဆက် သွားသည့် လမ်းပေါ်တွင် တည်ရှိသည်ဟု ရွှေတြိဂံဟိုတယ်ဇုန် ဒုဥက္ကဋ္ဌ
ဦးရဲမြင့်အောင် က Travelling Journal သို့ ပြောသည်။
“လှတယ်။ မိုးတွင်း ဆိုလည်း လှတယ်။ ပြီးခဲ့တဲ့လကလည်း ရောက်ခဲ့သေးတယ်။ ရာသီဥတု ပြောင်း လဲရင် ပြောင်းလဲသလိုအရမ်းလှတဲ့နေရာပါ။ နေပူရင်တစ်မျိုး မိုးအုံ့ရင်တစ်မျိုး မြင်တွေ့ရတယ်” ဟု ယင်းနေရာသို့ သွားရောက်ခဲ့သည့် ရွှေတြိဂံဟိုတယ် ဇုန် ဥက္ကဋ္ဌ ဦးရဲမြင့်အောင် က Travelling journal သို့ ပြောသည်။
အဆိုပါနေရာကို ကျိုင်းတုံ – ကျိုင်းတုံ မိုင်းဖြတ် လမ်းမှ သွားရောက်နိုင်ပြီး တောင်ပေါ်သို့ ကားဖြင့် ၁ နာရီခွဲ ဝန်းကျင်ခန့် မောင်းရပြီး ၁၉မိုင် သဘာဝ တရားရိပ်သာ သို့အရင် ရောက်ရှိကြောင်း ဒေသခံတစ်ဦး ဖြစ်သူဒေါ် နန်းခမ်းတစ်(ပ်) က လည်း ပြောသည်။
သဘာဝရိပ်သာ တရား သည် သဘာဝတရား များနှင့် အလွန် သာယာလှပလွန်းသော တောင်တန်း ကြားတွင် တည်ရှိပြီး လမ်းခရီး တစ်လျောက် လမ်းကောင်းမွန်ခြင်းကြောင့် သွားရောက်သူများပြားခြင်းဖြစ်ကြောင်း သိရသည်။
“လူငယ်တွေကြားမှာတော့ ၁၉ မိုင်သဘာဝတရားရိပ်သာလို့ ခေါ်ကြတယ်။ ကျိုင်းတုံ မြို့ပေါ်ကသူတွေ သွားလာကြတာ များလာတယ်။ဆောင်းတွင်း ပိုမိုက်တယ်။ တိမ်ပင်လယ်အထပ်လိုက် တွေ့ရတယ်။ အခု ရေပန်းစားလာတာ”ဟု ကျိုင်းတုံ အခြေစိုက် ခရီးသွား ကုမ္ပဏီ တစ်ခုဖြစ်သည့် Moe Tein Travel&Tours co. ltdမှ ဒေါ် နန်းခမ်းတစ်(ပ်) က ပြောသည်။
ထိုမှတစ်ဆင့် သုံး မိုင်ခန့် ဆက်သွားပါက အမြင့်ပေ ၆၇၇၀ ရှိ လွယ်ပီကော်လာတောင် ရှိ လားဟူ လူမျိုး များ အများဆုံး နေထိုင်သည့် အမောဒေ ရွာသို့ ရောက်ရှိမည်ဖြစ်ကြောင်း ကျိုင်းတုံဒေသခံ များက ပြောသည်။
လက်ရှိတွင် ကျိုင်းတုံ မြို့မှ ကားသေးများဖြင့်လာရောက်သူများ ၊စက်ဘီးစီးအဖွဲ့များနှင့် ဆိုင်ကယ်စီးအဖွဲ့များလည်း သွားရောက်လည်ပတ်နေကြောင်း သိရသည်။
အဆိုပါ တောင်ပေါ်တွင် ဘုန်းကြီးကျောင်းတစ်ကျောင်းရှိပြီး ယခင်က ဆွမ်းအခက်အခဲ ရှားပါးမှုရှိကြောင့် တစ်ပတ်တစ်ကြိမ် ကျိုင်းတုံ မြို့ပေါ်သို့ ဆွမ်းခံကြလေ့ရှိကြောင်း ပြီးခဲ့သည့် နှစ်ထိ ဆွမ်းကွမ်း ရှားပါးသော်လည်း ယခုနှစ်တွင် လာရောက်လည်ပတ်ကြသည့်သူများ များပြားလာသည့်အတွက် တောတောင်ရှုခင်းလာရောက်ကြည့်ရှုသူများမှ တောင်ပေါ်ဘုန်းကြီးကျောင်းသို့ လှူဖွယ်ပစ္စည်းများ လှူဒါန်း လာခဲ့ကြောင်း ဦးရဲမြင့်အောင် က Travelling journal သို့ ပြောသည်။
ယင်းနေရာသည် သဘာဝ ကိုအခြေ ခံပြီး တရားဘာဝနာအားထုတ်ဖို့အတွက် ပြုလုပ်ထားသည့် နေရာဖြစ်ပြီး ထိုကဲ့သို့ နေရာလိုမျိုး နမ့်ဆန်တွင်လည်း သဘာဝတရားရိပ်သာ တစ်ခု ရှိသေးကြောင်း သိရသည်။