မုတ်ကောင်တွေရဲ့ ဖြစ်တည်မှုတွေကို လေ့လာရင်း ရေအောက်အလှတရားတွေကြည့်ရှုခံစားဖို့ Pyin Sa Island ဆီ သွားလည်ကြမယ်

လရောင်ချို တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်း ခရိုင် အတွင်းမှာ တည်ရှိတဲ့ ပုလဲမွေးမြူရေးစခန်း တစ်ခုဖြစ်တဲ့ ငလုံးလဖယ်ကျွန်း (Pyin Sa Island) ကို သွားရောက်ကာ ပုလဲ မွေးမြူရေးလုပ်ငန်းတွေကို လေ့လာရင် ...

လရောင်ချို

တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်း ခရိုင် အတွင်းမှာ တည်ရှိတဲ့ ပုလဲမွေးမြူရေးစခန်း တစ်ခုဖြစ်တဲ့ ငလုံးလဖယ်ကျွန်း (Pyin Sa Island) ကို သွားရောက်ကာ ပုလဲ မွေးမြူရေးလုပ်ငန်းတွေကို လေ့လာရင်း နဲ့ ရေအောက် သန္တာကျောက်တန်းတွေ ရှိရာဆီ သွားရောက်လည်ပတ်နိုင်မယ့် ခရီးစဉ်တစ်ခုနဲ့ မိတ်ဆက်ပေး ချင်ပါတယ်။

ဒီ ခရီးစဉ်ကို Grand Andaman Group of Companies ကုမ္ပဏီ လက်အောက်မှာ ရှိတဲ့ ပြည့်စုံထက်မြတ် ကုမ္ပဏီ ကနေ ဆောင်ရွက်နေတဲ့ ပုလဲမွေးမြူရေးလုပ်ငန်းဆီကို သွားရောက်လည်ပတ်နိုင်မယ့် ခရီးစဉ်တစ်ခုဖြစ်ပါတယ်။

ခရီးစဉ်မှာ ပါဝင်တာကတော့ ပုလဲ မွေးမြူရေး လုပ်ငန်းတွေကို လေ့လာကြပြီး SnorkelingTrip (ရေအောက် သန္တာကျောက်တန်းနဲ့ ရေသတ္တဝါများ ကြည့်ရှုခြင်း) အစီအစဉ်တွေပဲ ဖြစ်ပါတယ်။ နေ့ချင်းပြန် ခရီးစဉ်ဖြစ်တာမို့ ဧည့်သည်တွေ အနေနဲ့ လူကြီးတစ်ဦးကို ဒေါ်လာ ၁၅၀ ဝန်းကျင် ပေးဆောင်ရမှာ ဖြစ်ပြီး ကလေးတစ်ဦးကို ဒေါ်လာ ၁၁၇ ကျသင့်မှာပဲဖြစ်ပါတယ်။
ဒီခရီးစဉ် Package မှာဆိုရင်တော့ သူဌေးကျွန်းဟိုတယ်ကနေ စတင် မထွက်ခွာခင် လည်ပတ်မယ့် ခရီးစဉ်အသေးစိတ်ကို ပြောပြပေးမှာဖြစ်ပါတယ်။ သွားရောက်လည် ကြမဲ့ Pyin Sa Island ကျွန်းဟာဆိုရင် ဖြူဖွေးလှပတဲ့ သဲသောင်ပြင် ရှည်ကြီးရှိပါတယ်။ ဒီကျွန်းပေါ်မှာ ပုလဲ မွေးမြူရေး လုပ်ငန်း ကို လုပ်ကိုင်တာကြောင့် ဧည့်သည်တွေ အနေနဲ့ ပုလဲမွေးမြူးရေးနဲ့ ပတ်သက်ပြီး အနီးကပ် သေသေချာချာ လေ့လာနိုင်မယ့် အခွင့်အရေးတွေ ရရှိမှာ ဖြစ်ပါတယ်။

ပုလဲမွေးမြူူရေးစခန်းမှာ ဘာတွေ့လေ့လာနိုင်သလဲဆိုရင် မုတ်ကောင် (Oyster) များကို Long Line များနဲ့ ပင်လယ်ရေအောက်မှာ မွေးမြူထားရှိပုံတွေ ၊ Floating House လို့ခေါ်တဲ့ ရေပေါ် အလုပ်ရုံတွေ ပေါ်မှာ မုတ်ကောင် ပြုစု ထိန်းသိမ်းစောင့်ရှောက်ပုံတွေကို လေ့လာ တွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။ ပြီးရင်တော့ အရွယ်ရောက် မုတ်ကောင်တွေရဲ့ ပုလဲဝတ်ဆံသွင်းပုံနဲ့ ပုလဲ ပိုက် မုတ်ကောင်များကနေ ပုလဲထုတ်ယူနေပုံတွေ ကို မျက်မြင် တွေ့မြင်နိုင်မှာဖြစ်ပြီး လက်တွေ့ကျကျလည်း လေ့လာနိုင် မှာဖြစ်ပါတယ်။

ပုလဲမွေးမြူရေးကို လေ့လာပြီးရင်တော့ ကျွန်းရဲ့နောက်ဘက်ခြမ်းမှာရှိတဲ့ Snorkeling Site မှာ ရေငုပ်ပြီး ရေအောက် သန္တာကျောက်တန်းတွေကို လေ့လာကြည့်ရှု ရမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။
နေ့လည်စာကိုတော့ Pyin Sa Island ကျွန်းမှာ တည်ခင်းဧည့်ခံမှာ ဖြစ်ပြီး စားသောက်ပြီးရင်တော့ တစ်ခဏမျှ အနားယူအပန်းဖြေနိုင်မှာ ဖြစ်ပါတယ်။

ခဏနားပြီးရင်တော့ နောက်ထပ် အစီအစဉ်တစ်ခုဖြစ်တဲ့ လည်ရွဲလေးလုံးကျွန်း ခေါ် Cock Burn island ကို ထပ်မံသွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံလှလှရိုက်ချင်တဲ့ သူတွေ အတွက်ကတော့ ရှုခင်းကောင်းလှတဲ့ ကျောက်တောင်ထိပ်ပေါ်မှာ အမိုက်စား ဓာတ်ပုံတွေ ရိုက်လို့ရပါသေးတယ်။ အဲဒီနောက်မှာ သူဌေးကျွန်းကို ပြန်လာမှာ ဖြစ်ပြီးတော့ နေဝင်ဆည်းဆာအလှကို ဆက်လက် ကြည့်ရှုခံစားကြရမှာပဲ ဖြစ်ပါတယ်။ညဘက်ရောက်ရင်တေ့ာ ပျော်ရွင်စရာကောင်းတဲ့ ဈေးဝယ်ထွက်ခြင်းတွေနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဂိမ်းကစားနည်းကို ပျော်ပျော်ပါးပါး ကစားနိုင်ပါသေးတယ်။

ဒါကြောင့်မို့ မုတ်ကောင်းတွေကနေ ပုလဲ ရရှိပုံတွေ၊ ပုလဲမွေးမြူရေးလုပ်ငန်းတွေရဲ့ ဖြစ်စဉ်တွေကို အနီးကပ်လေ့လာကြည့်ရှုနိုင်ရုံသာမက တန်ဖိုးဖြတ်မရတဲ့ ရေအောက်အလှတရားတွေကိုလည်း တဝကြီး ကြည့်ရှုခံစားနိုင် တဲ့ Pearl Tourism & Snorkeling Day Return Trip အစီအစဉ်ကို သွားရောက်လည်ပတ်နိုင်ဖို့ လမ်းညွှန်ပေးလိုက်ရပါတယ်။

Travelling_Journal

Vol_1_Issue_8

ပြည်တွင်းလမ်းညွှန်
Photo_GrandAndaman