တောင်တန်းတွေကာရံထားတဲ့ ရိုးရာဝါးအိမ်လေးဆီ

နှင်းဆီသခင် တောင်တန်းတွေကြားက အေးချမ်းလှတဲ့ နေရာလေးတစ်ခု …တိမ်ပင်လယ်တွေကို ငေးမောကြည့်နေနိုင်မယ့်နေရာလေးတစ်ခု …လှပမှုတွေစုဝေးနေပြီး …အေးချမ်းမှုရဲ့အနှစ်သာရကို လည်း ရရှိစေမယ့် ...

နှင်းဆီသခင်

တောင်တန်းတွေကြားက အေးချမ်းလှတဲ့ နေရာလေးတစ်ခု …တိမ်ပင်လယ်တွေကို ငေးမောကြည့်နေနိုင်မယ့်နေရာလေးတစ်ခု …လှပမှုတွေစုဝေးနေပြီး …အေးချမ်းမှုရဲ့အနှစ်သာရကို လည်း ရရှိစေမယ့်နေရာလေးတစ်ခု ..ဒါတင်မက တောင်တန်းတွေရဲ့အေးချမ်းမှုအရသာ ထင်းရှုး ရနံ့တွေကလည်းဆွဲဆောင်ထားသေး​တယ်။

ဆိတ်ငြိမ်မှုတွေလွှမ်းခြုံထားတဲ့နေရာလေး …

ထိုနေရာလေးဆီကို ခြေချခဲ့မိတယ်။

ပင်လယ်တွေကိုသာငေးမောကြည့်ခွင့်ရတဲ့ စာရေးသူက ဒီတစ်ခါမှာတော့ တောင်တန်းတွေကို ငေးမောကြည့်ခွင့်ရခဲ့ပတယ်။ အခန်းတံခါးဝကနေ လှမ်းမြင်ရတဲ့ ရှုခင်းတွေက ကဗျာ ဆန်နေတယ်။ ထင်းရှုးပင်လေးတွေ၊ ထင်းရှုးပင်နောက်နားကတောင်တန်း တွေကလည်း ပြာလဲ့မှိုင်းညိုနေတာ။ ပန်းချီကားတစ်ချပ်ကိုမြင်ရသလိုပါပဲ၊ အရာရာဟာ လှပနေတာ။

ဘယ်လောက်လှလဲဆိုရင် နေထွက်ချိန်နဲ့ နေဝင်ချိန်တောင် မတူညီဘူး။ တစ်မျိုးစီကို လှပနေတာ။ ဒီနေရာလေး ကတော့ ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ အလှတရားတွေထဲက တစ်ခုလို့တောင်ဆိုရမယ့် (MyatSayTaMan Traditional Bamboo House ) ဆိုတဲ့့ ရိုးရာဝါးအိမ်လေးတွေပါပဲ။ မြတ်စေတမန်ဆိုတာ တောင်တန်းတွေ ကြားက အလှတရားတစ်ခုပါ။

မြို့ပြနဲ့တောင်အထပ်ထပ်ခြားနေတဲ့နေရာမှာ ဒီလိုလှပတဲ့ နားခိုစရာတစ်ခုရှိမယ်လို့ ဘယ်သူမှထင်မိမှာ မဟုတ် ပါဘူး။ Trekking လမ်းကြောင်းမှာတည်ရှိနေတဲ့ မြတ်စေတမန်ဆိုလည်းမမှားပါဘူး။ Trekking လမ်းကြောင်းမှာ တည်ရှိတာဆိုတော့ လမ်းတွေကလည်းကြမ်းလို့ ပင်ပန်းနေပါစေ။ ရောက်ရှိတဲ့အချိန် လေးမှာတော့ပင်ပန်းမှုတွေ သာမက အမောတွေပါပြေသွားစေအောင် မြတ်စေတမန်က တကယ့်ကိုစွမ်းဆောင်နိုင်ပါတယ်။

ရိုးရာမပျက်တည်ဆောက်ထားတဲ့ ဝါးအိမ်လေးတွေက အစီအရီ။ သဘာဝကျပြီး ချစ်စရာကောင်းလှတဲ့အိမ်ဒီဇိုင်း လေးတွေ။ Eco Tourism မျိုးပုံစံဖြစ်တဲ့အတွက် လျှပ်စစ်ပစ္စည်းတွေလည်း သိပ်မရှိဘူး။ ဘယ်နေရာနေပဲ ကြည့်ကြည့် ချစ်စရာကောင်းလှတာမို့ ဓာတ်ပုံရိုက်ချင်တဲ့သူတွေအတွက် အဆင်ပြေစေပါတယ်။

ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားချင်ရင်တော့ Express ကားစီးပြီး ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့က ချယ်ရီကားဂိတ်မှာ ဆင်းပြီး ကား(သို့)ဆိုင်ကယ်နဲ့ဖြစ်စေ သွားရောက်နိုင်ပါတယ်။

မနက်အချိန်ရောက်ဖြစ်ခဲ့ရင်တော့ ဆိုင်ကယ်ပဲစီးလို့အဆင်ပြေပါတယ်။ တစ်ခုအနေနဲ့တော့ မှာလိုက်ချင်တာက ဆိုင်ကယ်စီးဖြစ်ခဲ့ရင်တော့ ခြေစွပ်၊ ခေါင်းကိုဆောင်းနိုင်မယ့် အရာတစ်ခုခု၊ အနွေးထည်အင်္ကျီထူထူ ၊ အဆင်ပြေရင် နားပါအုပ်နိုင်မယ့် အရာလေး တွေယူသွားစေချင်တယ်။ ဘာလို့ဆို အရမ်းအေးတဲ့အတွက် ဆိုင်ကယ်စီး ရင်း ကျောက်ရုပ်ဖြစ်သွားမှာဆိုးလို့ပါ။ စာရေးသူကတော့ မသိလို့ တစ်ခါခံလိုက်ရပြီးပါပြီ။

အဲဒီလို အအေးဒဏ်တွေနဲ့ မြတ်စေတမန်ရောက်မှ ရှမ်းခေါက်ဆွဲပူပူလေးနဲ့ဆို အံကိုက်ပါပဲ။ ဒီလို အေးမြတဲ့ နှင်းလေတွေ ဘယ်လောက်ပဲ တိုက်နေပါစေ ဝါးအိမ်လေးတွေထဲ ရောက်ပြီဆိုရင်တော့ နွေးထွေးသွားစေမှာ အမှန်ပင်။ ဒါတင်မက ထင်းရှုးရနံ့တွေတသင်းသင်းကို ရှူရှိုက်ပြီး ဝါးများနဲ့ အခြောက်ခံကာ တည်ဆောက် ထားတဲ့ ရိုးရာဓလေ့ဝါးအိမ် လေးမှာ တည်းခိုနိုင်ပါတယ်။

ဒီ မြတ်စေတမန် ရိုးရာဓလေ့ဝါးအိမ်လေးက ကလော- အင်းလေး Trekking လမ်းကြောင်းနဲ့ အောင်ပန်း အင်းတိန် သွားလမ်းပေါ်က အိုင်းတိုင်းရင်းသားကျေးရွာများဖြစ်တဲ့ ထီသိမ်ရွာနှင့် ကျောက်စုရွာကြားလေးမှာ တည်ရှိပါတယ်။

အခန်းအမျိုးအစားတွေက နှစ်ယောက်ခန်း၊ တစ်ယောက်ခန်း၊ မိသားစုခန်း အမျိုးအစားရှိပါတယ်။ စျေးနှုန်းတွေကတော့ ၁၅၀၀၀ ကနေ ၆၀၀၀၀ ထိရှိပါတယ်။ အခန်းတွေအကုန်လုံးကတော့ ရိုးရာအင်းထည်များနဲ့ ခင်းထားပေးပါတယ်။ ဒါပေမဲ့ ရေချိုးခန်းကိုတော့ အပြင်မှာသုံးစွဲရမှာပါ။

မနက်စာတွေကတော့ တကယ့်ကိုစားချင်စရာလေးတွေကို ဟိုတယ်ကနေ ဝန်ဆောင်မှုပေးထားပါတယ်။ ရှမ်းထမင်းနဲ့ စွန်တန်ဟင်းချိုက ရာသီဥတုကအေးတော့ ခန္ဓာကိုယ်နွေးထွေးစေဖို့ ဒီဟင်းချိူလေးက လိုက်ဖက်လှပါတယ်။

ညစာကိုတော့ စားချင်တဲ့ပုံစံမှာပြီးစားလုိ့ရပါတယ်။စာရေးသူကတော့ ထမင်းချဉ်သုပ်နဲ့ အသုပ်တွေကိုသာ မှာစားပါတယ်။စျေးနှုန်းကလည်းသင့်တင့်ပါပဲ။ ပိုထူးခြားတာက ဧည့်သည်တွေကို ရိုးရာဓလေ့နဲ့ ဧည့်ခံတဲ့ အရက်မီးတောက် ဌက်ပျောသီးမီးဖုတ်နဲ့ ဧည့်ခံတာက အရမ်းကို စိတ်ကျေနပ်မှုရရှိစေပါတယ်။

မြတ်စေတမန်မှာ တည်းခိုရင်း ရှေးဟောင်းရွှေအင်းတိန်ဘုရားကို ဆိုင်ကယ်နဲ့ပဲဖြစ်ဖြစ်၊ ကားနဲ့ပဲဖြစ်ဖြစ်၊ နာရီဝက်ခန့် မောင်းရုံနဲ့ ရွေအင်းတိန်ဘုရားကို သွားရောက်ဖူးမျှော်နိုင်ပါတယ်။

ရွှေအင်းတိန်ဘုရားက သာသနာသက္ကရာဇ် ၂၀၀ ပြည့်နှစ်ကျော်ခန့်က သီရိဓမ္မာသောကမင်းကြီး စတင်တည်ထားကိုးကွယ်ခဲ့တဲ့ ရှေးဟောင်းတန်ခိုးကြီးဘုရားတစ်ဆူလည်း ဖြစ်ပါတယ်။ရှေး ဟောင်းဗိသုကာ လက်ရာတန်ဆောင်း၌ တိုင်လုံးပေါင်း (၄၀၃)လုံးနှင့် စေတီပေါင်း (၁၀၅၄)ဆူရှိကာ ရှေးဟောင်းလက်ရာများကို ဖူးမျှော်ရ မှာပါ။ ဒါ့အပြင် ရွှေအင်းတိန်ဘုရားကနေတစ်ဆင့် အင်းလေးဖောင် တော်ဦးဘုရားကို စက်လှေနဲ့ (၂၅)မိနစ်မျှစီးရုံဖြင့် ရောက်ရှိဖူးမျှော် နိုင်ပါသေးတယ်။

ဒါကြောင့်အောင်ပန်းမြို့ကိုပဲဖြစ်ဖြစ်၊ ကလောမြို့လေးကိုဖြစ် ဖြစ်ရောက်ဖြစ်ခဲ့ရင် အဆင့်မြင့်ဟိုတယ်တွေမှာ တည်းခိုရတာငြီးငွေ့နေသူတွေအတွက် Trekking လည်း လျောက်ရင်း သဘာဝအလှ တရားတွေကို ခံစားနိုင် စေဖို့ အသင်တို့အနေနဲ့ မြို့ပြရဲ့မွန်းကြပ်မှုတွေကို ကျောခိုင်းပြီး တောတောင်သဘာဝ အလှတရားတွေကို ခံစားစေချင်ရင်တော့ ( “MyatSayTaMan” Traditional Bamboo House) ကို တစ်ခေါက်လောက်တော့ အလှမ်းသွားဖြစ်ဖို့ လမ်းညွှန်ပေး လိုက်ပါတယ် …။

TravellingJournal/ Vol-1-Issue-2