ဒီမော့ဆိုမြို့ရှိ အလှဆုံး ရှုခင်းများကို မြင်တွေ့ခံစားနိုင် မည့် ခူးပရာ တောင် ခရီးစဉ်သစ် စတင်

#Travelling journal ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်ရှိ အလှဆုံး ရှုခင်းများကို မြင်တွေ့ခံစားနိုင်မည့် ရွှေတောင်တန်း ဟု တင်စားရသည့် ခူးပရာ တောင်ကို ခရီးစဉ်သစ် အဖြစ် စတင်ဆောင်ရွက်နေကြောင်း ကယားပြည် ...

#Travelling journal

ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်ရှိ အလှဆုံး ရှုခင်းများကို မြင်တွေ့ခံစားနိုင်မည့် ရွှေတောင်တန်း ဟု တင်စားရ
သည့် ခူးပရာ တောင်ကို ခရီးစဉ်သစ် အဖြစ် စတင်ဆောင်ရွက်နေကြောင်း ကယားပြည်နယ် ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်တာဝန်ခံဦးလင်းဇော်ထွဋ် က Travelling journal သို့ ပြောသည်။

“ဒီနေရာကို လုပ်နေတာက ၆လ လောက်ရှိပြီ။လက်ရှိ မြေအသုံးချခွင့် တင်ပြတာတို့လုပ်နေတုန်းရှိပါတယ်။ Covid အလွန်ခရီးစဥ်ဒေသအသစ်တစ်ခုအနေနဲ့လာလို့ရပါပြီ”၄င်းက ပြောသည် ။

ခူးပရာတောင်သည် ပင်လယ်ရေ မျက်နှာပြင် အထက် (၅၈၀၀) ကျော်ရှိပြီး ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊
ဒီမော့ဆိုမြို့နယ်၊ ခူးပရာကျေးရွာတွင် တည်ရှိပြီး လွိုင်ကော်မြို့မှ (၃၅) မိုင်ခန့်ကွာဝေးပြီး ကား၊ ဆိုင်ကယ် ဖြင့်သွားရောက်ပါက တစ်နာရီခွဲဝန်းကျင်ခန့် မောင်းနှင်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြေအသုံးချခွင့်တရားဝင်မကျသေးသည့်အတွက် လောလောဆယ် တွင် ခရီးသွားများကို ညအိပ်
ခွင့် ခွင့်မပြုသေးကြောင်း ၄င်းက ပြောသည်။

ထို့ပြင် ရွှေတောင်တန်း အနီးတဝိုက်တွင် ထိုင်းနိုင်ငံမှပြန်လာသော ကယန်း တိုင်းရင်းသားများ အား ပြန်လည်နေရာချထားပေးပြီး CBT Village ဖော်ဆောင်နိုင်ရန်လည်း စီစဥ်ထားကြောင်း ရွှေတောင်တန်း၊ ထီးဆိုဒူးအမြဲစိမ်းတော ၊ ကယောဒေသ ဆင်ဖြူတောင် တစ်ဆက် တည်း ခရီးသွားဇုန်တစ်ခု ဖြစ်ပေါ်လာမည်ဖြစ်ကြောင်းသိရသည်။

“ရွှေတောင်တန်း ခရီးသွားဇုန်လည်း ခေါ်တဲ့ ခူးပရာတောင်ကို ဒီနေ့သွားရောက်ခဲ့ပါတယ်။ ဒေသဆိုင်ရာကော်မတီရယ် ဟိုတယ်ခရီးအဖွဲ့တွေနဲ့သွားခဲ့ကြပါတယ်။ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီး ဘာမှ စတင်မလုပ်ရသေးဘူး။ ဒီနေရာကို ခရီးသွားဖွံ့ဖြိုးစေပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်းဖြစ်စေချင်တာပါ။ သဘာဝပတ်ဝန်းကျင် မပျက်စီး အောင် ထိန်းကျောင်းဆောင်ရွက်ပေးသွားမယ်”ဟု ကယားပြည်နယ် ဒေသဆိုင်ရာခရီးသွားကော်မတီ အဖွဲ့ဝင် ခရီးသွား တတ်သိပညာရှင်ဦးသန်းထွေးက Travelling Journalသို့ ပြောသည်။

ပြည်တွင်း ခရီးသွားစွဲဆောင်မှု နေရာသစ်အဖြစ် ဖော် ထုတ် ရန် အတွက် ဒီမော့ဆိုမြို့နယ်၊ ခူးပရာကျေးရွာ အုပ်စု၊ ခူးပရာရွာရှိ ခူးပရာတောင် (ရွှေတောင်တန်း) နေရာသို့ ဇန်နဝါရီ ၉ ရက်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးညွန်ကြားမှူဦးစီးဌာန( ကယားပြည်နယ်) မှ ပြည်နယ်တာဝန်ခံ ဦးလင်းဇော်ထွဋ်နှင့် ကယားပြည်နယ်ဒေသဆိုင်ရာခရီးသွားကော်မတီ မှ တာဝန်ရှိသူ များမှသွားရောက် ကွင်းဆင်းခဲ့ပြီး ရွှေတောင်တန်းတွင် CBT လုပ်ကိုင်မည်ဆိုပါက လုပ်ကိုင်နိုင်ရန် သွားရောက် အကြံပေးခဲ့သည်မှာ သုံးလေးကြိမ်ရှိခန့်ရှိပြီ ဖြစ်ကြောင်း သိရသည် ။

Photo Than Htwe