ကလောမြို့ရဲ့အနီးဆုံးက အပန်းဖြေချင်စရာ အေးချမ်းမြေ

ထွန်းတောက် ကလောမြို့လေးကို ခဏခဏရောက်ပြီးတော့ မြို့တွင်းက လည်ပတ်စရာတွေ မကျန်တော့လို့ ဘယ်တွေသွားရမှန်းမသိတဲ့ စာဖတ်သူခရီးသွားတွေအတွက် ခရီးစဉ်တွေကုန်နေပြီးလားဆိုတဲ့အတွေးမဝင်ရလေအောင် Travelling ဂျာ ...

ထွန်းတောက်

ကလောမြို့လေးကို ခဏခဏရောက်ပြီးတော့ မြို့တွင်းက လည်ပတ်စရာတွေ မကျန်တော့လို့ ဘယ်တွေသွားရမှန်းမသိတဲ့ စာဖတ်သူခရီးသွားတွေအတွက် ခရီးစဉ်တွေကုန်နေပြီးလားဆိုတဲ့အတွေးမဝင်ရလေအောင် Travelling ဂျာနယ်ရဲ့ ထုံးစံ အတိုင်း ခရီးစဉ် အသစ်သစ်တွေ မိတ်ဆက်ပေးနေကြ ဖြစ်တဲ့အတွက် ဒီတစ်ခါတော့ ကလောမြို့အထွက်နားက စိတ်အေးလက်အေး အပန်းဖြေအနားယူလို့ ရမဲ့ အပန်းဖြေစခန်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အဲဒီအပန်းဖြေစခန်းလေးကတော့ အေးချမ်းမြေလို့ နာမည်ပေးထားတဲ့ အပန်းဖြေစခန်းပဲ ဖြစ်ပါတယ်။ နာမည်နဲ့ လိုက်အောင်လည်း တကယ်အေးချမ်းတဲ့ နေရာလေးပဲ ဖြစ်ပါတယ်။ ဘီလူးချောင်းကို အခြေပြုပြီး အပန်းဖြေစခန်းဖွင့်ထားတာကြောင့် ကုန်းပေါ်ဘက်မှာ ထင်သလောက် မသာယာသေးပေမဲ့ ချောင်းစပ်မှာ တော့ တကယ့်ကို အေးချမ်းပြီး စိတ်အေးလက်အေးနဲ့ အနားယူနိုင်မှာပဲ ဖြစ်ပါတယ်။

အေးချမ်းမြေအပန်းဖြေစခန်းကတော့ အောင်ပန်းမြို့သွားတဲ့လမ်းအတိုင်းသွားပြီး ကလောအထွက် ပင်လောင်း – လွိုင်ကော်လမ်းမကြီးဘေးမှာ ဖွင့်ထားတာပဲ ဖြစ်ပါတယ်။ အတိအကျလမ်းညွန်ရမယ်ဆိုရင်တော့ လွိုင်ကော်လမ်းမကြီးအတိုင်း ဆိုင်ကယ်မောင်းသွားရင်တော့ မိနစ် သုံးဆယ်ကျော် လောက် မောင်းရပါတယ်။ စာရေးသူက ဆိုင်ကယ်နဲ့ သွားတာဆိုတေ့ာ ကားနဲ့ ဆိုရင် ပိုပြီး အချိန်ကုန်သက်သာနိုင်ပါတယ်။ မြင်းမထိရွာကျော်ပြီး ပင်လောင်းမြို့အဝင်ဆိုင်းဘုတ် ရောက်ခါနီး တံတားထိပ် ဘယ်ဘက် ချိုးတာနဲ့ ရောက်နိုင်ပါပြီ။

ဝင်ကြေးအနေနဲ့ ကျပ်တစ်ထောင် ကောက်ခံပါတယ်။ အထဲဝင်လိုက်တာနဲ့ ကားပါကင်နေရာများစွာရှိပါတယ်။ ကုန်းပေါ်မှာ ရှင်းလင်းနေပေမဲ့ ချောင်းစပ်ရောက်ခါနီးရင်တော့ အောက်ဆင်းတဲ့ လှေးကားကြီးကြီးကို တွေ့နိုင်ပါတယ်။ ဓနိမိုးထားတဲ့ လေးဖက်ပွင့် တဲလေးတွေကို လှေးကားရဲ့ တစ်ဖက်စီ အစီအရီထားရှိထားပါတယ်။ တဲတွေကိုတော့ ချောင်းစပ်ရဲ့ မြေပေါ်တစ်လွှာမှာ တစ်တန်းနဲ့ ချောင်းထဲမှာ တစ်တန်း တဲလေးတွေ ထားရှိပေးထားတယ်။

ဘီလူးချောင်းမှာ စီးဆင်းနေတဲ့ ရေတွေကတော့ ထုံးစံအတိုင်း ကြည်လင်နေပါတယ်။ ရေစီးလည်း သန်ပြီးတော့ အေးစိမ့်နေတာကြောင့် အပေါ်မှာပူသော်ငြား ချောင်းစပ်ရောက်ရင်တော့ အေးမြ မှုကို အမှန်တကယ်ရရှိစေပါတယ်။ ချောင်းထဲမှာ ဖောင်သဖွယ် ဆောက်လုပ်ပေးထားတဲ့ တဲတွေရှိတာကြောင့် မိမိကြိုက်နှစ်သက်တဲ့ တဲပေါ်မှာ နားနေနိုင်သလို စားဖွယ်သောက်ဖွယ်များကို ခင်းကျင်းစားနိုင်ပါသေးတယ်။

တကယ်လို့ စားစရာတွေ မပါလို့ မှာစားချင်ရင်လည်း ရောက်ပြီးမကြာမှီ ပလိုင်းလွယ်ထားတဲ့ ပအိုဝ်း
တိုင်းရင်းသားတစ်ယောက် မီနူးလာပေးပါလိမ့်မယ်။ ရှမ်းစားစရာတွေအပြင် အကင်၊ အကြော်အလှော်နဲ့ တရုတ်အစားအစားတွေကို ရရှိနိုင်ပါတယ်။ တစ်ခါတစ်လေ ချောင်းငါးတွေ ရတဲ့အချိန်နဲ့ ကြုံကြိုက်ရင်လည်း ဟင်းချိုရရှိနိုင်ပါသေးတယ်။

Activityအနေနဲ့ ချောင်းတွင်းမှာ ဖိုက်ဘာလှေ စီးလို့အောင်လည်း ဝန်ဆောင်မှုပေးထားပါတယ်။ လှေးစီးခအနေနဲ့ကတော့ တစ်ယောက်ကို ကျပ်နှစ်ထောင် ကျသင့်မှာဖြစ်ပါတယ်။ လှေစီးဧရိယာကတော့ ကျယ်ပါတယ်။ ရေစီးနဲနဲသန်တော်လည်း ရေတိမ်တာကြောင့်ကလေးတွေပါစိတ်ကြိုက် ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

ပတ်ဝန်းကျင်အနေထားကတော့ ကားလမ်းနဲ့ နီးသော်လည်း မြေနိမ့်ပိုင်းဖြစ်တာမို့ ချောင်းစပ်နဲ့ဝေးပါတယ်။ သစ်ရိပ်များရှိတာမို့ အရိပ်ကောင်းကောင်းနဲ နာနေနိုင်ပါမှာဖြစ်ပါတယ်။ အပေါင်းသင်းတွေနဲ့ ပျော်ပျော်ပါးပါး အပန်းဖြေချင်လို့ပဲ ဖြစ်ဖြစ်၊ မိသားစုလိုက် စိတ်အေးလက်အေး အပန်းဖြေချင်လို့ပဲဖြစ်ဖြစ် တော်တော်အဆင်ပြေတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။

အေးချမ်းမြေအပန်းဖြေစခန်းကိုတော့ ပြီးတဲ့နှစ်မှ စပြီး ဖွင့်ထားတာဖြစ်ပါတယ်။လက်တလောမှာဖျော် ဖြေရေး အစီအစဉ် တွေအတွက် တိုးချဲ့နေတာတွေရှိပါပြီး ကျန်တဲ့ Activity တွေလည်း လုပ်နိုင်ဖို့ ဆောင်ရွက်နေတာတွေ့ရပါတယ်။

အပန်းဖြေစခန်းကနေ မိနစ်အနည်းငယ်သွားလိုက်ရင်လည်း မြင်မထိသဘာဝလှိုင်ဂူရှိတာမို့ ဝင်ရောက်လည်ပတ်နိုင်ပါသေးတယ်။ နောက်ပြီးမြင်မထိဂူ အနီးနားမှာလည်း ရှုခင်းလှသလို ရုပ်ရှင်မင်းသား ဗျိုက် ရုပ်ရှင်ရိုက်ပြီး နောက်ပိုင်း လူသိများသွားတဲ့ ဗျိုက်တောင်ပေါ်တတ်ပြီး တော့ ဓာတ်ဖမ်းနိုင်ပါသေးတယ်။

ဒါကြောင့်မို့ ရောက်ဖူးပြီးသားနေရာတွေပဲ သွားနေရလို့ လည်ပတ်စရာတွေကုန်ပြီလားဆိုတဲ့ စာဖတ်သူတွေအတွက် ကလောရောက်လို့ပဲဖြစ်ဖြစ် အောင်ပန်းရောက်လို့ပဲ ဖြစ်ဖြစ် ၊လွိုင်ကော် ဘက်သွားရင်းလမ်းကြုံလို့ ခရီးတစ်ထောက်နားချင်လို့ပဲဖြစ်ဖြစ် လည်ပတ်စရာ အသစ်တွေကို စိတ်ဝင်စားတဲ့ ခရီးသွားတွေအတွက် ပင်လောင်းမြို့အဝင်က ဘီလူးချောင်းကိုအခြေပြုပြီးဖွင့်လှစ်ထားတဲ့ အေးချမ်းမြေ အပန်းဖြေစခန်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

Vol_1_Issue_22

Photo_TravellingJournal