မော်ကျွန်းသူ
’’ ဒီအုန်းပင်ကလေ သက်တမ်းတစ်ထောင်ကျော်ရှိပြီ ’’ လို့ ဆိုလာသူက တာခေါင်မွေတော်ဘုရား ဂေါပအဖွဲ့ဝင် ဦးငဲ ဆိုသူက ဘုရားအကြောင်းလိုက်လံရှင်းပြရင်း ဆိုလိုက်ပါသည်။ တာခေါင်မွေတော်ဘုရားတွင် တစ်ပင်တည်း ထီးထီးမားမားတည်ရှိနေသော ထန်းပင် ဖြစ်ပါသည်။
တကျ/ တက်ကျ/ တက်ထောင် ဘုရား ( သို့ ) တာခေါင်မွေတော်ဟု ခေါ်ဆိုရသည့် ဘုရားသည် ပြည်တွင်းပြည်ပ ခရီးသွားများ ၏ မဖြစ်မနေ လာရောက် လည်ပတ်ကြသည့် ဘုရား ဖြစ်ပါသည်။
ညောင်ရွှေမြို့၏ တောင်ပိုင်း တွင် တည်ရှိပြီး စကားမြို့ဟောင်း စကားအင်းထဲ ၌ တည်ရှိနေသော တာခေါင်မွေတော်ဘုရားဆီသို့ အင်းလေးကန် ရောက်သည့် သူမှန်သမျှ နှင့် ညောင်ရွှေ မြို့ သို့ အလည် ရောက်ကြသူ မှန်သမျှ လာရောက်လေ့လာဖူးမြှော်ခြင်းပင်ဖြစ်ပါသည်။
ရေလမ်းဖြင့် သွားရောက်နိုင်သော်လည်း ခရီးဝေးသဖြင့် အများစုမှာ ကားလမ်းဖြင့် သာ သွားရောက် လေ့ရှိကြောင်း သိရသည်။ ကားလမ်းဖြင့် သွားရောက်သွားပါက ညောင်ရွှေ – လွိုင်ကော် ကားလမ်း အတိုင်း သွားလို့ရနိုင်ပြီး ထိုမှ တစ်ဆင့် စက်လှေဖြင့် စကားအင်းသို့ စီးကာ တာခေါင်မွေတော် ဘုရားသို့ သွားရောက်ဖူးမြော်နိုင်ပေသည်။ ကားလမ်းဖြင့် သွားရောက်ချိန်မှာ တစ်နာရီဝန်းကျင်သာကြာမြင့်လှသည်။
တာခေါင်မွေတော်ဘုရား
ရှေးလက်ရာများကို တစ်စုတဝေးမြင်တွေ့ရစေပြီး ရှေးဟောင်းဘုရားများကို ဖူးမြော်နိုင်သည့် တာခေါင်မွေတော်ဘုရားသည် သီရိဓမ္မာသောကမင်းကြီး နှင့် အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းအရ သိရသည်။
အလောင်း စည်သူမင်းကြီး တည်ထားခဲ့သည့်ရွှေရောင်စေတီ ဘုရားရှိသလို သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သော အဖြူရောင် အုတ်တံတိုင်းများဖြင့် တည်ထားသည့် စေတီကိုလည်း ဖူးမြော်နိုင်သည်။
ဘုရား၏ တောင်ဘက်ခြမ်းစေတီများသည် အသောကမင်းကြီး တည်ထားခဲ့ပြီး ဘုရား၏ မြောက်ဘက်ခြမ်း စေတီများကို အလောင်းစည်သူမင်းကြီး တည်ထားခဲ့ကြောင်း ဘုရားဂေါပက အဖွဲ့ဝင် ဦးငဲက ရှင်းပြသည်။
လက်ရှိတွင် တာခေါင်မွေတော်ဘုရားတွင် စေတီပေါင်း ၂၃၆ ဆူသာ ရှိတော့ပြီး ဘုရားငုတ်တို တစ်ချိုု့မှာ သံမံတလင်းအောက်တွင် နစ်မြုပ်နေပြီဟု ဦးငဲက ဆိုပါသည်။
’’ ဘုရားငုတ်တိုတွေက ဒီသမံတလင်းအောက်ခြေတွေထဲမှာ လည်းကျန်နေသေးတယ်။ တစ်ချို့ ဘုရားငုတ်တို တွေကလည်းကြာအားကြီးတော့ မြေတွေဖုံးသွားကော၊ ဒါနဲ့ပဲ စေတီက ၂၃၆ ဆူပဲရှိတော့တယ်’’ဟု ဘုရားကို တစ်ပတ်လည် လိုက်လံရှင်းပြနေရင်း ဆိုပါသည်။
နှစ်တစ်ထောင် သက်တမ်းရှိနေတဲ့ ထန်းပင်
’’ဒီအပင်ကတော့ အလောင်းစည်သူမင်းကြီး စိုက်ထားတဲ့ ထန်းပင်ပါ ၊ ဦးလေးတို့ ရှမ်းပြည်မှာ ဆိုရင် ဒီလို ထန်းပင် မအောင်ဘူး၊ သီလသမာဓိ အားကာင်းတဲ့ သူတွေ စိုက်ပျိုးမှသာ ထန်းပင်ဖြစ်တာ၊ အေးတဲ့ ဒေသတွေမှာ ထန်းပင်မဖြစ်ဘူး ထန်းပင်ကို လက်ညိုးညွန်ရင်း ’’ ဦးငဲ က ရှင်းပြပါသည်။
တာခေါင်မွေတော်ဘုရားသို့ လာရောက်ဖူးမြော်သူများသည် ပြည်တွင်းခရီးသွားများနှင့်ပြည်ပခရီးသွားများ လာရောက်မှုများပြားရခြင်းမှာလည်း စေတီအဆူများကို တစ်စုတစ်ဝေး ရှိခြင်း၊ရှေးကျသည့် အနုစိတ် လက်ရာများဖြင့် တမူထူးခြားလှသည့် ဘုရားသို့ လာရောက်လေ့လာ ခြင်း၊ယုံကြည်မှုဖြင့် လာရောက်ကိုးကွယ်ကြသည့် ဖြစ်ရပ်များရှိခြင်း၊ ဒဏ္ဍာရီပုံပြင်များဖြင့် ဆက်နွယ်ခြင်း စသည်တို့ကြောင့် တာခေါင်မွေတော်ဘုရားသို့ လာရောက်လည်ပတ်သူ များပြားခြင်းပင် ဖြစ်ပါသည်။
တာခေါင်မွေတော်ဘုရားပရဝုဏ်အတွင်းထူးခြားသည့် ဆုတောင်းပြည့်ဘုရားရှိခြင်း၊ အသောက မင်းကြီး တည်ထားခဲ့သော်လည်း အ မွှာညီအစ်မ ဘုရားဟု ခေါ်သည့် ဘုရားတွင် သိုက်နန်းစောင့်သည့် အကို ဖြစ်သူ မှ အိမ်မက်ပေးပါက လူဝင်စား ညီမဖြစ်သူ က တစ်နှစ်တစ်ကြိမ် ပွဲ ကျင်းပပေးရသည့် ဖြစ်ရပ်များလည်း ယခုထက်တိုင် ရှိနေသေးကြောင်း ဘုရားဂေါပက အဖွဲ့ဝင် တစ်ဦးက ဆိုသည်။
ထို့အပြင် အသောကမင်းကြီး တည်ထားသော ရှေးလက်ရာများဖြင့် ပြည့်နေသောလျောင်းတော်မူရုပ်ပွားတော် မြတ်ကိုလည်း ကြည်ညိုဖွယ်ရာတွေ့မြင်ရသေးသည်။ ထို့အပြင် ယွမ်းရှမ်းစေတီနှစ်ဆူ၏ ထူးခြားမှုလည်း ရှိနေသေးသည်။ စေတီ၏ မြောက်ဘက်ခြမ်း စေတီအတွင်း ဘုရားဖူးများ လှဲလှောင်း အိပ်လို့ မရကြောင်း ယင်းကဲ့သို့ လှဲလှောင်း အိပ်ပါက အဖုအပိတ်များ ထွက်ပေါ်လာသည်ဟုဆိုသည်။ ယင်းစေတီနှစ်ဆူသည် အဓိဌာန်ဖြင့် တည်ထားသော စေတီဖြစ်သည်ဟုဆိုသည်။
နတ်တာရိုး
တာခေါင်မွေတော်ဘုရားသို့ လာရောက်ဖူးမြော်သူများသည် နတ်တာရိုးနှင့် နှစ်ကျိပ်ရှစ်ဆူ ဘုရားများဆီသို့ တဆက်တည်း သွားရောက်လည်ပတ်လေ့ရှိသည်။ ပုံပြင်ဒဏ္ဍာရီများဖြင့် ရှိခဲ့သော နတ်တာရိုး၏ ထူးခြားမှုကြောင့် လာရောက်သူများပြားခြင်းဖြစ်သလို ရေလယ်အတွင်း ထူးခြားလွန်းသည့် ကျောက်သားတာရိုးသဖွယ်ရှိနေခြင်းကြောင့် ဓာတ်ပုံရိုက်သူများ၊ ဒဏ္ဍာရီ ကို စိတ်ဝင်စားသူ များပြားလာခြင်းကြောင့် လာရောက်သူ များပြားလာခြင်းဟုဆိုသည်။ လက်ရှိအချိန်ထိ နမ့်ဟူးရွာနှင့် ဟူးရမ်းရွာ နှစ်ရွာ အချင်းချင်း အိမ်ထောင် ပြုလု့ိမရသည့် နတ်တို့၏ ကျိန်စာသင့်နေသည့် ရွာဟု သတ်မှတ်ထားဆဲ ရွာဖြစ်နေသေးသည်။ နတ်တာရိုးသို့ သွားရောက်လည်ပတ်ကြသည့် ဒေသခံများအနေဖြင့် ကြက်သားဟင်းကို ချက်ယူသွားလို့မရကြောင်း ခရီးသွားဧည့်သည်များအနေဖြင့်မူ ခြွင်းချက်ဟု သာယာကုန်းမြောက်ရွာနေ ဒေသခံ တစ်ဦးက ဆိုသည်။