ယဉ်ယဉ်လှ
ရာမညမြေကို လူတိုင်းသိသည်။ လူတိုင်း လည်း ရောက်သည်။ သို့သော် ထိုနေရာကို လူ တော်တော်များများ သိကြသော်လည်း လူတိုင်းမရောက်နိုင်သည့် နေရာတစ်ခုဖြစ်ပေသည်။ အကြောင်းမှာ သွားလာရန် လမ်းကြောင်း မသင့်သလို တကူးတကသွားရသည့်အပြင် စိတ်ဝင်စား မှုရှိမှသာ ထိုနေရာသို့ သွားရောက် လေ့လာကြမည့်နေရာတစ်ခုပင် ဖြစ်သည်။
ရှေးဟောင်းနယ်မြေတစ်ခု။ ထို့အပြင် ကော့နှတ်ရွာမှာနေသည့် မွန်သူဌေးကြီး ဦးနာအောက် တည်ထား ကိုးကွယ်ထားသည့် ကော့နှတ်ဘုရား။မွန်ပြည်နယ်အဆုံး၊ ကရင်ပြည်နယ်အစပ် နယ်နိမိတ်ထိစပ် နေသည့််နေရာတွင်ရှိသည်။ဝင်ဝင်ချင်းတွင် ကော့နှတ်ရွာဟု ဆိုင်းဘုတ်စိုက်ထူ ထားသည်ကို တွေ့ရသည်။
ဆိုင်းဘုတ် ဝင်လမ်းမအတိုင်း ဝင်ရောက်လာကာ လမ်းကလည်း ကြမ်းတမ်းလှသည်။ မိနစ် နှစ်ဆယ် နီးပါး မောင်းနှင်ရသည်။ တောလမ်းက သာယာလှပသည်။ လမ်းတွင် ဆိုင်ကယ်ကို ဘေးတွဲနှင့် သုံးဘီးဆိုင်ကယ် ပုံစံမျိုးလုပ်ထားသည်ကို တွေ့ရသည်။ ကုန်များတင်ဆောင်ရန် သယ်ဆောင်သည့် ဆိုင်ကယ်မျိုးကို ဒေသနှင့် လိုက်ဖက်ညီစွာ ပြုလုပ်ထားခြင်းဖြစ်သည်။ သိပ်မကြာခင်ကော့နှတ်ပရိယတ္တိစာသင်တိုက်ကို တွေ့မြင် ရသည်။
ဝင်ဝင်ချင်း ညာဖက်တွင် သိမ်တော်ကြီးရှိပြီး ဘယ်ဘက်တွင် ဒီပင်္ကရာဝတ်တန်ဆောင်းအဆောက် အအုံကို တွေ့ရသည်။ တန်ဆောင်းအတွင်း ဝင်လိုက်သည်ဆိုရင်ပဲ ရှေးအကျဆုံး လက်ရာများဖြင့် တွေ့မြင်ရသည့် ပွတ်လုံးတိုင်များ၊ နံရံများကလည်း ကြည့်ရှုသူများကို စိတ်နှလုံးကြည်နူးစေပါသည်။ သိမ်တော်၏ ကြမ်းခင်း နံရံများ၊ မျက်နှာကျက် တံခါးတိုင်များ စသည်တို့မှာ အကောင်းဆုံးကျွန်းသားများဖြင့် ပြုလုပ်ထားသဖြင့် ယနေ့ ထိတိုင် ကောင်းမွန်သည်ကိုတွေ့ရသည်. မျက်နှာကျက် တွင်ရှိသည့် ပန်းပုရုပ်လုံးရုပ်ကြွများလည်း အသက်ဝင် လှသလို ကြည့်၍အလွန်ကောင်းလှသည်။
နှစ်ကျိပ်ရှစ်ဆူ ဝတ်တန်ဆောင်းကို ဘုံဆယ့် နှစ်ဆင့် ပြာသာဒ်အဆောင်ဆောင်ဖြင့် တည်ဆောက် ထားသည်ကို တွေ့ရသည်။ ကနုတ်ပန်းများနှင့် မှန်စီရွှေချလက်ရာများမှာ ပထမတန်းစား လက်ရာများ ဖြစ်သည်။ အတွင်းပိုင်းနံရံများတွင် ပန်းချီကားများအစား ရုပ်လုံးရုပ်ကြွ ပန်းပုရုပ်များ ဖြင့် ဂေါမတမြတ်စွာဘုရား ပဋိသန္ဓေယူခန်းမှစ၍ ပရိနိဗ်္ဗာန်စံတော်မူခန်း၊ ဓါတ်တော်မွေတော် ဝေခန်းတိုင်များကို ဗုဒ္ဓဝင်ဇာတ်တော်များကို ထုလုပ် ခင်းကျင်းထားသည်။ အတွင်းပိုင်းနံရံများတွင် ရုပ်လုံးရုပ်ကြွပန်းချီ ပန်းပုလက်ရာများဖြင့် မနူဟာမင်း၊ အနော်ရထာမင်းနှင့်် ကျန်စစ်သားမင်းတို့၏ အတ္ထုပတ်္တိများ ပြုလုပ်ထားသည်ကို တွေ့ရသည်။
ထူးခြားချက်မှာ ပင်စည်တစ်ခုတည်းမှရရှိသည့် ကျွန်းသားနှင့် မြတ်စွာဘုရား ရပ်တော်မူ နှစ်ဆူကို ထုစစ်ထား သည်မှာလည်း ထူးခြားမှု တစ်ခုပင်ဖြစ်သည်။ အဆိုပါရပ်တော်မူနှစ်ဆူမှာ ဒီပင်္ကရာမြတ်စွာဘုရားနှင့် အရိမေတ္တယျမြတ်စွာ ဘုရားတို့ဖြစ်သည်။ အဆိုပါ ဘုရားနှစ်ဆူကို မြင် လိုက်ပြီဆိုလျှင်ပဲ ဖူးမြှော်ချင်စိတ် တဖွားဖွားဖြစ် အောင်ကို သပ္ပါယ်လွန်းလှသည်။ ရပ်တော်မူနှစ်ဆူမှာ အရွယ်အစားမတူပဲ ထုစစ်ထားသည်ကို တွေ့ရသည်။ ရှေးခေတ်လက်ရာအတိုင်း အဖိုးတန် ကျောက်များကို စီခြယ်ထားသည်မှာ အသက်ဝင် လှသည်။ ဂေါပကလူကြီး၏ ပြောကြားချက်အရ ဘုရားနှစ်ဆူမှာ တန်ခိုးကြီးလှသည့်အတွက် တရား ဥပဒေစိုးမိုးမှုမရှိသည့် အချိန်ကာလတွင် မျက်စိ ကျနေသည့်သူ တော်တော်များလည်းရှိကြောင်း သိရသည်။
ကော့နှတ်ဘုရားဒါယကာဖြစ်သည့် မွန်သူဌေးကြီး ဦးနာအောက်မှာ ငယ်စဉ်အခါက မြန်မာ့သမိုင်းတွင် ဖော်ပြခံရသည့် မွန်သူရဲသူတစ်ဦး ဖြစ်သည့်အပြင် မျိုးချစ်စိတ်ဓာတ်မှာ စာတင် လောက်အောင်ပင် အတုယူဖွယ် ကောင်းလှသည့် မျိုးချစ်သူရဲကောင်းတစ်ဦးလည်းဖြစ်သည်။ ဦးနာအောက်သည် အင်္ဂလိပ်ခေတ်က နိုင်ငံခြား သားများ၏ သွေးစုပ်ချယ်လှယ်မှုအောက်မှ မိမိတို့ တိုင်းရင်းသားများ လွတ်မြောက်ရန် ကိုယ်ပိုင်သင်္ဘော ဝယ်ယူပြီး နိုင်ငံခြားသားပိုင်ပြေးဆွဲသော သင်္ဘောများနှင့် ဈေးကွက်ယှဉ်ပြိုင်ကာ ပြေးဆွဲ နိုင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ သို့သော်လည်း အဖက်ဖက်ကသာနေသည့် နိုင်ငံခြားသားကုမ်္ပဏီ ကို ယှဉ်ပြိုင်နိုင်ခြင်း မရှိသည့် အတွက် ရှုံးနိမ့်ခဲ့သည့် မျိုးချစ်သူရဲကောင်းတစ်ဦးပင်ဖြစ်သည်။
အင်အာချင်းမမျှမှန်း သိသော်လည်း အနိုင်မခံ အရှုံးမပေးသည့်စိတ်ဓာတ်ဖြင့် ဥစ္စာပစ္စည်း လုံးဝကုန်သည်အထိ အစွမ်းကုန်ယှဉ်ပြိုင်ခဲ့သည့် စိတ်ဓာတ်မှာ မလေးစားပဲမနေနိုင်စရာပင် ဖြစ် သည်။ မွန်သူဌေးကြီး ဦးနာအောက် သည် ကော့နှတ်ဘုရားဝင်းအတွင်းတွင် ကော့နှတ်ရွာ စာသင်တိုက်၊ ဆွမ်းစားဆောင်နှင့် ဘုရားတန်ဆောင်း၊ အတုမရှိကျောင်း၊ ယက္ကန်းစင်ကျောင်း၊ နှစ်ကျိပ်ရှစ်ဆူဝတ်တန်ဆောင်း၊ ဒီပင်္ကရာဝတ်တန်ဆောင်း၊ မဟာဝိဇယ သိမ်တော်ကြီး၊ ဆုတောင်းပြည့်ဝတ် တန်ဆောင်း၊ မဟာစေတီကြီးနှင့် ဆုတောင်းပြည့် စေတီတို့ကိုလည်း တည်ဆောက်လှူဒါန်းထားရာ တစ်ဆက်တည်း ဖူးမြော်နိုင်သည်။
အကယ်၍ ရာမညမြေသို့ ရောက်ခဲ့မည်ဆိုပါက နှစ်ပေါင်းတစ်ရာကျော်မှ တည်ထားကိုးကွယ် ထားသည့် ဘုရားများကို ဖူးမြော်နိုင်သလို၊ စိတ် ဝင်စရာကောင်းလှသည့်သမိုင်းကြောင်း၊ လက်ရာ မြောက်လှသည့် ပညာရှင်တို့၏ အနုပညာလက်ရာများကို တွေ့မြင်နိုင်သည့် ဦးနာအောက်ဘုရားသို့ အခါအခွင့်သင့်လျှင် သွားရောက် လည်ပတ်သင့်သည်မှာ အမှန်ပဲဖြစ်ပါတော့သည်။