Travelling journal
ထင်းရှုးမြို့တော်အဖြစ် နာမည်ကျော်ကြားသည့် ကလောမြို့၏ မြို့ ရှုခင်းအလှကို တောင်ကုန်းပေါ်မှ စီးကြည့်နိုင်မည့် Kalaw City View ကို ဖော်ဆောင်ထားကြောင်း ပိုင်ရှင်ဖြစ်သူ ဦးကိုကိုအောင်က Travelling Journal သို့ ပြောသည်။
အဆိုပါ Kalaw City View ကို သုမောင်ထမင်းဆိုင် ဘေးနားရှိ သိမ်တောင်ဘုန်းကြီး ကျောင်းမှ တဆင့် လာရောက် နိုင်ပြီး ဘုန်းကြီးကျောင်းဘေးလမ်းအတိုင်း လာရောက်ကာ ထိုမှ တဆင့် လွမ်းစေတီ အကျော်တွင် တည်ဆောက် ထားကြောင်း သိရသည်။
“လမ်းကတော့ ကောင်းပါတယ်။ ဦးတို့ မနေ့ တုန်းက သွား တော့ Unseenပဲ၊ ရောက်သွားတဲ့အခါ သူ့နေရာကနေ ကလောမြို့ တစ်ခုလုံးကို မြင်ရတာ။ တိမ်တွေနဲ့ ကလော ကလည်း ဆက်စပ်လှပနေတာ။ Attraction လည်းရှိတယ်” ဟု သွားရောက်အပန်းဖြေ ခဲ့သည့် ကလောအခြေစိုက် မြယာပင် ဟိုတယ်ပိုင်ရှင် ဦး သောင်းစိန် က Travelling journal သို့ ပြောသည်။
အဆိုပါ City View ဟု အမည်ပေးထားသည့်ရှုခင်းကြည့် လင့်စင်ကြီး တစ်ခုကို တည်ဆောက်ပေးထားကြောင်း ထို့ပြင် နားနားနေနေ အေးဆေးအပန်းဖြေ နိုင်ရန်အတွက် လုံးချင်းအဆောင်များကိုလည်း ထည့်သွင်းပေးထားကြောင်းသိရသည်။
” ဖွင့်ထားတာက မကြာသေးဘူး။ သုံးလလောက်ရှိပြီ။ နာမည်ကို City View လို့ ပေးထားပါတယ်။ ကလောမြို့ထဲကနေ လာရင် ငါးမိနစ်အတွင်း ရောက်ပါတယ်။ လမ်းလည်းကောင်းပြီး နွေမိုးဆောင်း သွားနိုင်ပါတယ်။ တောင်ကုန်းလေးပေါ်မှာ လုပ်ထားတာဖြစ်တယ်။ လင့်စင်တွေ ကို အထင်ကရ လုပ်ထားတာပါ။ အဲဒီအပေါ်ကနေ ကျွန်တော်တို့ရဲ့ မြို့တစ်မြို့လုံးကို စီးပြီး မြင်ရတယ်။ Sunset ဗျူး တွေကိုလည်း ကြည့်လို့ရအောင် နေဝင်တာကိုလည်း တောင်ကုန်းလေးကနေ ကြည့်လို့ရတယ်။ ပတ်ဝန်းကျင် တောတောင်ရှူခင်းတွေကို မြင်ရတယ်။ လင့်စင် စင်ကြီးက တစ်ခုပဲ။ အဆောင်တွေကို ခွဲထုတ်ထားတယ်။ လျှောက်လမ်းအတိုင်းသုံးဆောင်ကို ပြုလုပ်ထားပြီး တက်တက်ချင်းအဆောင်ကို ကောင်းကင်ချို၊ထင်းရှုးပကာတွေနဲ့ ပတ်လည်ကာထားတဲ့အဆောင်ကိုတော့ ကြယ်စင်ချိုလို့ နာမည်ပေးထားတယ်။ ဝါးပိုးဝါးနဲ့ ကာထားတဲ့အဆောင် ကျတော့ လရိပ်ချို လို့ ပေးထားတယ်။ သူ့ရဲ့အောက်မှာ မကာထားပဲ ထားထားတဲ့အဆောင် နှစ်ဆောင်ရှိသေးတယ်။ ကာရန်ချိုနဲ့ လင်္ကာချို ဆိုပြီး နာမည်လေးတွေ ပေးထားတယ်။ လင့်စင်ကြီးတစ်ခုတည်းမှာ ငါးဆောင်ရှိပါတယ်”ဟု City View ပိုင်ရှင်ဦးကိုကိုအောင် က Travelling journal သို့ ပြောသည်။
ယင်းနေရာကို မြေဧက ၁၀ဧကပေါ်တွင် ဖန်တီးတည်ဆောက်ထားပြီး စီးမြင်းများကို မွေးမြူထားသလို နို့စားနွားများကိုလည်းမွေးမြူ ထားကြောင်း သိရသည်။
လက်ရှိတွင် ညအိပ် ဝန်ဆောင်မှုကို မထားရှိပဲ ခရီးသွားများ လာရောက်အပန်းဖြေ ရှုခင်းကြည့်ရှုရန်အတွက်
ကနဦး ဆောင်ရွက် ထားခြင်းဖြစ်ကြောင်း သိရသည်။ ကလောမြို့ဘက်ကိုမျက်နှာမူပြီး တည်ဆောက် ထားခြင်းကြောင့်မြို့ရှုခင်းများကို အပေါ်စီးမှ ကြည့်ရှုစေနိုင်သည့် နေရာတစ်ခုဖြစ်ကြောင်းသိရသည်။
“ဟိုင်းဝေးလမ်းမကြီးကိုလည်း အပေါ်စီးကနေ မြင်တွေ့ရစေတယ်။ ညဖက်ဆို လှတယ်ပေါ့ဗျာ၊ကားတွေ တက်လာတာကို မီးရောင်တွေနဲ့ လှနေတာ အဲဒီလို ကြည့်နိုင်အောင် ဖန်တီးထားတာဖြစ်တယ်။ အခုလို စိတ်ကူးပေါ်လာရတာကလည်း အမှန်က ကိုဗစ်ဖြစ်သွားတော့ ကျိုင်းတုံဘက်မှာ ဆိုင်တွေဖွင့်ထားတာ။ ပိတ်မိနေတော့ ဒီမှာ ဒါလေးတစ်ခုကို အကောင်အထည်ဖော်မယ်ဆိုပြီး လုပ်ဖြစ်သွားတာ ၊အလုပ်တစ်ခုတော့ ဖြစ်အောင် လုပ်မယ်ဆိုပြီး ဒီ City Viewကို ဖော်ဆောင်ခဲ့တာပါ”ဟုဦးကိုကိုအောင် က ပြောသည်။
လက်ရှိတွင် လာရောက်အပန်းဖြေကြသည့် သူများ များပြားလာပြီး ဒေသအစားအစားများကို ဦးစားပေးရောင်းချကာ ဈေးနှုန်းမှာလည်း မများလှသဖြင့် စားသုံးသူများလည်း များပြားလာနေကြောင်း
သိရသည်။