မျိုးကြီး(သုခမိန်)
ခရီးလည်းသွားချင်တယ်…. ဒါပေမဲ့ခွင့်မရ အချိန်မရ စသည့်အကြောင်းများကြောင့် အချိန် မပေးနိုင်သူများ အတွက် သွားလို့အကောင်းဆုံး ခရီးနေရာလေးကတော့ ရန်ကုန်မြို့နဲ့ မိုင် ၂၀၀ ခန့်သာကွာဝေးတဲ့ ကရင်ပြည်နယ် ဘားအံ့မြို့လေးက ခရီးစဉ်နေရာအသစ်လေးတွေကို ညွှန်ပြရပေမည်။
အရင်ကဆိုရင် ကရင်ပြည်နယ်မှာ လည်ပတ်စရာ ဂူ ငါးဂူပဲအဓိကရှိလာရာကနေ ကျုံထော်ရေတံခွန်၊ တောင်ဝိုင်း၊ လွန်းညရေပြာအိုင်၊ ချစ်သူမြိုင်၊ ချစ်သူ့လမ်းကြား၊ ညဈေးစသဖြင့် အစစ ချဲ့ထွင်လာကြပြန်သည်။
ရှိပြီးသားနေရာတွေအပြင် ထပ်မံမိတ်ဆက်ပေးချင်တဲ့ ခရီးစဉ်သစ်လေးကတော့ ရန်ကုန်မြို့ပြနဲ့ မိုင်(၂၀၀) ခန့်သာ ကွာဝေးတဲ့ နေ့ချင်းပြန် (Day Trip) သွားရောက်လည်ပတ်နိုင်မယ့် ခရီးလေးနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီခရီးစဉ်ဟာဆိုရင် အသစ်ဖြစ်တာကြောင့် ခရီးသွားတွေကိုခံစားမှု အတွေ့အကြုံကို ပေးစွမ်းနိုင်မှာ အမှန်ပါပဲ။
နယ်မြေအေးချမ်းသာယာလာမှုတွေရဲ့ အသီးအပွင့်အနေနဲ့ ကရင်ပြည်နယ်ဟာ မြန်မာပြည်၏ ခရီးသွားချင်စရာ နေရာတစ်ခုအဖြစ် ပီပီပြင်ပြင် ရပ်တည်လာပေတော့သည်။ (၂၀၁၈)ခုနှစ်မှာဆိုရင်တော့ ခရီးသွားအတွက် ဟော့…တစ်မျိုးဆန်းလာပြန်သည်။
ဒီခရီစဉ်လေးကိုတော့ ည(၁၀)နာရီ ဝန်းကျင် လောက်ကနေထွက်လာတာ နိုးတစ်ဝက်အိပ်တစ် ဝက်နဲ့ နံနက်သုံးနာရီကျော်လောက် ဘားအံမြို့အငွေ့အသက်ကို စပြီးခံစားမိလာပါတော့သည်။ လမ်းကတော့ ခါတိုင်သွားနေကြလမ်းအတိုင်း မဟုတ်တာကြောင့် မတူညီတဲ့ သဘာဝအငွေ့ အသက်များကို ခံစားစေမိမှာ အမှန်ပင်။စစချင်းမှာတော့ ရှမ်းရွာသစ်ရွာလေးရဲ့ တောတောင်အငွေ့အသက်များကို ခံစားနိုင်မယ့် တောလမ်းလေးကို တွေ့ရပေမည်။ ပိုပြီးထူးဆန်းတာကတော့ အဲဒီနေရာလေးရဲ့ ဟို …အနောက်ဘက် ယွန်းယွန်းမှာ လူတစ်ဦး အိပ်စက်နေတဲ့ လုံးဝနီးနီး သဏ္ဍာန်တူတဲ့ တောင်တန်းကြီးကိုတော့ မြင်သူတိုင်း သေချာကြည့်မဝ ဖြစ်မည်မှာအမှန်ပင်။ ဒီတောတန်းကြီးကိုတော့ သေချာကြည့်မှသာသဏ္ဌာန် ပုံတူအောင်မြင်နိုင်ပေမည် ဖြစ်သည်။ နာမည်လေး ကတော့ ကြားရသူတိုင်း ကြက်သီးထစရာပင် …ဘာတဲ့ “လူသေတောင်”တဲ့။
နောက်မှာတော့ ရှမ်းရွာသစ် (Para Kyae Toe Waterfall) မှာစုရပ်အနေနဲ့ ကားရပ်နားနိုင်ပါတယ်။ ရေတံခွန်ကိုသွားမယ်ဆိုရင် ဒေသခံများက ကားတွေနဲ့ အဆင်းအတက်ကို ငွေကျပ် နှစ်ထောင်နဲ့ ပို့ဆောင် ပေးပါတယ်။ ကားမစီးချင်လို့ လမ်းလျောက်မယ်ဆိုရင်တော့ ဆယ်မိနစ်ခန့်သာ လမ်းလျှောက်ရင်ရောက်ပါပြီ။ အဲ့ဒီနောက်မှာတော့ လမ်းလေးအတွင်းက စမ်းချောင်းငယ်လေးကို ဖြတ်ကျော်လိုက်ပြီဆိုတာနဲ့ တဝေါဝေါ စီးဆင်းနေတဲ့ ရေသံနဲ့အတူ အဆင့်ဆင့်စီးကျနေတဲ့ရေတံခွန်မှာ စိတ်ပစ်လက်ပစ်အနားယူနိုင်ပါပြီ။
လာရောက်သူတွေ ရေချိုးနိုင်ဖို့ ရေလှောင်ပေးထားတဲ့ ကန်ငယ်လေးမှာ … ပြီးတော့ ခရီးရဲ့ပင်ပန်းမှု၊ မြို့ပြရဲ့မွန်းကြပ်မှုတွေကို ရေတံခွန်နဲ့အတူ မျှောပါနိုင်ပါသေးသည်။ အဲ့ဒီနောက်မှာ လန်းဆန်းသွားပြီ ဆိုရင်တော့ တကယ့် Adventure လုပ်ချင်သေးတယ်ဆိုလည်း ရပါသေးတယ်။ရေတံခွန်ကို တစ်ဆင့်ပြီး တစ်ဆင့် တက်ရောက်နိုင်ပါတယ်။ စာရေးသူကတော့ သုံးဆင့်အထိတက်ပြီးတော့ စမ်းရေးအေးအေးလေး စိမ်ရင်း အပန်းဖြေလာခဲ့တယ်။
ခရီးလမ်းကို ပြန်လည်ဆန်းစစ်ကြည့်တော့ ရန်ကုန်မှဘားအံ၊ ဘားအံမှလိုင်းဘွဲ့၊ လှိုင်းဘွဲ့ မှရှမ်းရွာသစ် ဒါနဲ့တင် အားမရသေးဘူးဆိုရင်အပြန်ခရီးမှာ ပေ(၂၀၀)လောက်သာမြင့်တဲ့တောင် ကို ကားနဲ့တက်စရာမလို ဘဲ Trekking အနေနဲ့ ထပ်တက်လို့ရပါသေးတယ်။
နောက်ပြီးတော့ ခံစားနေကျဂူတွေရဲ့ အငွေ့ အသက်နဲ့မတူပဲခံစားမှုအသစ်ကိုရနိုင်မယ့် ဣစ္ဆာသယလိုဏ်ဂူကို ဝင်လို့ရပါသေးတယ်။ လက်ရှိမှာတော့ ဣစ္ဆာသယလိုဏ်ဂူကို ပြုပြင်နေတာ နှစ်လခန့်သာ ရှိသေးတဲ့ ငွေကုသိုလ် အနေနဲ့လှူဒါန်းရင်လည်း ရပါသေးတယ်။
ဒီဂူကိုတော့ ဘားအံမှာထပ်ပြီး လည်ပတ်နိုင်တော့မယ့် ခရီးစဉ်နေရာတစ်နေရာ တိုးလာပြီလို့ ဆိုနိုင်ပါတယ်။ ဣစ္ဆာသယလိုဏ်ဂူဟာဆိုရင် ထုံးကျောက်ဂူဖြစ်လင့်ကစား ဂူကတော့ အလျားပေ (၁၂၀၀)ဝန်းကျင်လောက် ရှည်လျားပြီးတော့ နှစ်ဖက်ပွင့်လိုဏ်ဂူ အမျိုးအစားဖြစ်ပါတယ်။
ဂူအတွင်းမှာသန့်ရှင်းသပ်ရပ်မှုရှိနေတဲ့အပြင် ကို အောက်စီဂျင်ကလည်း အပြည့်အဝရတာမို့ စိတ်ချလက်ချနဲ့ ဂူအတွင်းကို ဝင်ရောက်နိုင်ပါ တယ်။အဲ့ဂူလေးကိုသွားတဲ့ ခရီးသွားသူတွေအတွက်တော့ သွားနေကျလိုဏ်ဂူတွေနဲ့မတူတဲ့ မြင်ကွင်း တွေကိုလည်း တွေ့မြင်နိုင်မှာဖြစ်သလို ဝင်ပေါက်ရှိ ရာ ပေ(၂၅)ပေခန့်အမြင့်ကို ဝါးလှေခါးနဲ့ တက်ရ တဲ့ ကြိုးစားမှုကိုလည်း အမြဲအမှတ်ရနေစေမှာ ဧကန်မလွဲပင်။ စာရေးသူအနေနဲ့ကတော့ “သြော် …ငါ ကျန်းမာတောင့်တင်းသေး ပါလားဆိုသော ယုံကြည်မှုများကို တိုးပွားစေမယ့် လိုဏ်ဂူပင်ဖြစ် တော့တကားလို့ စိတ်ထဲတိတ်တခိုးတွေးမိပြီး ပြုံး လိုက်မိပါသေးတယ်။
အဲဒီနောက်မှာ တစ်လမ်းထဲမှာရှိတဲ့ သိပ်မ ဝေးလှတဲ့ နေရာမှာတော့ လူသိနည်းသော ဖားပျံဂူ ကို ဆက်လက်လည်ပတ်လို့ရနိုင်ပါသေးတယ်။ နောက်ဆုံးမှာတော့ခရီးသွားတွေအတွက် အဓိက အခန်းကဏ္ဍကပါဝင်နေတဲ့ ဈေးဝယ်ခြင်းအတွက် ကိုတော့ ထပ်မံတိုးချဲ့ဖွင့်လှစ်ပေးထားတဲ့ မဲ့ဘောင် ရေပေါ်ဈေးမှာ အိမ်ပြန်လက်ဆောင်တွေ စိတ် ကြိုက်ဝယ်ပြီးတဲ့နောက်မှာတော့ ကရင်ပြည်နယ် ကို နှုတ်ဆက်ကာ ဋ္ဌာနေဆီကိုပြန်လာခဲ့လို့ရနိုင်ပါ ပြီ …။