#Travelling journal
မန္တလေး -ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ပြေးဆွဲနေသည့် အထပ်လေးထပ်ပါ အပျော်စီး အနော်ရထာ ဇိမ်ခံသင်္ဘော ( Luxury Cruise)ကို ရန်ကုန်မြစ်လယ်တွင် Floating Cruise Hotel သဘောမျိုး ပြုလုပ်ပြီး မြစ်ကြောင်းတစ်လျှောက် နေဝင်ချိန် ကြည့်နိုင်မည့် ဝန်ဆောင်မှုကို စတင်သွားမည်ဖြစ်ကြောင်း Moken Capital ကုမ္ပဏီ ၏ General Manager ဒေါ်စုမွန်ဦးက Travelling journal သို့ ပြောသည်။
အဆိုပါ အစီအစဥ်ကို လာမည့် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်သွားမည် ဖြစ်ပြီး အစီအစဥ် အနေဖြင့် ဗိုလ်တထောင် ဘုရား တစ်ဖက်ခြမ်းရှိ မြစ်လယ်ခေါင်တွင် သင်္ဘောကို ကျောက်ချထားပြီး နေ့စဥ် ညနေ ၅ နာရီမှည ၇ နာရီထိ ရန်ကုန်မြစ်ကြောင်းတစ်လျှာက် Sunsetကြည့်သည့် Activityကို ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
“သင်္ဘော ကို ကျောက်ချထားပြီး Floating Cruise Hotel လိုမျိုး လုပ်မယ် ၊ Events တွေရှိမယ် ၊ Special Events တွေရှိမယ် ၊ ညနေတိုင်း Sunset Cruise ထွက်မယ် ၊ ရေတက်ရေကျပေါ်ကြည့်ပြီး အဆင်ပြေတဲ့လမ်းကြောင်းကို ပြေးဆွဲသွားပေးမှာပါ။အလုံ ကြည့်မြင့်တိုင်ဘက်ခြမ်းနဲ့ သန်လျင်ဘက်ကိုဆင်းတဲ့လမ်းကြောင်းတစ်ကြောင်းရှိပါတယ်။ သင်္ဘောပေါ်မှာ Over Night Stay လာနေမယ်ဆိုရင် ညနေ Sunset ကြည့်တဲ့ဝန်ဆောင်မှုပါ တစ်ခါ တည်း ပါသွားတယ်။ ရန်ကုန်ရဲ့ဟိုတယ်မှာ လာနေမယ့်အစား သင်္ဘောပေါ်မှာ လာနေပြီး နေဝင်ဆည်းဆာအလှကို ခံစားစေရမယ့်ပုံစံလိုမျိုး ဝန်ဆောင်မှု ပေးသွားမှာပါ”ဟု ဒေါ်စုမွန်ဦး က Travelling journal သို့ ပြောသည်။
အဆိုပါ အဆင့်မြင့်ဇိမ်ခံသင်္ဘော တွင် အထပ်လေးထပ်ပါဝင်ပြီး အခန်းပေါင်း ၂၃ခန်း ရှိကာ Royal Suite ၊ Executive suite၊Junior Suite နှင့် Deluxe အခန်းအမျိုးအစားလေးမျိုးခွဲခြားထားကြောင်း သိရသည်။
ယင်းအခန်းများကို ဖေဖေါ်ဝါရီလမှစတင်ပြီး Weekendနှင့် Weekday ဆိုပြီး စျေးနှုန်း ခွဲ ခြားထားပြီး Deluxe အခန်းများကို Weekend ဆိုပါက တစ်ညလျှင် ကန်ဒေါ်လာ (၂၁၀) နှင့် Weekday ဆိုပါက တစ်ညလျှင် ကန်ဒေါ်လာ (၁၈၀) ကျသင့်မည်ဖြစ် ကာ အမြင့်ဆုံးအခန်းဖြစ်သည့် Royal Suite အခန်း အနေဖြင့် Weekdayဆိုပါက ကန်ဒေါ်လာ (၄၃၀)နှင့် Weekend ဆိုပါက တစ်ညလျှင် ကန်ဒေါ်လာ (၄၆၀) ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
“အဲဒီ ခရီးစဥ်ကို ရောင်းသွားပေးမှာပါ ။ ရန်ကုန်ထဲမှာ စိတ်ဝင်စား တဲ့သူ တက်နိုင်တဲ့သူကလည်း ရှိတာပဲလေ။သူ့မှာ Cruise အသေး Moken ရှိသေးတယ်။ အဲဒါကလည်း ရောင်းရတယ်။ ရောင်းပေးတယ်”ဟု ကမ္ဘာ့မြန်မာခရီးသွား ကုမ္ပဏီ မှ ဒါရိုက်တာ ဒေါ်ဆုမွန်ချစ် က Travelling journal သို့ ပြောသည်။
အဆိုပါ အပျော်စီးဇိမ်ခံသင်္ဘောပြေးဆွဲမှုကို ဗီယက်နမ်နိုင်ငံ အခြေစိုက် Heritage Line ကုမ္ပဏီနှင့် Moken Capital ကုမ္ပဏီ တို့ ပူးပေါင်း ပြေးဆွဲခြင်းဖြစ်ပြီး ယခင်က ဧရာဝတီ မြစ်နှင့်ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေခြင်းဖြစ်ကာ ကိုဗစ် ရောဂါဖြစ်ပွားသဖြင့် ခရီးစဥ်များကို တစ်နှစ်တိတိရပ်ဆိုင်းခဲ့ပြီးနောက် ရန်ကုန်မြစ်ကြောင်း တွင် ပြေးဆွဲရန် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရေလယ်ခေါင်မှာ ကျောက်ချထားပြီး ကျန်းမာရေးဆိပ်ကမ်းကနေ ကိုယ်ပိုင် ဖယ်ရီ နဲ့ ခေါက်တုံ့ ခေါက်ပြန် ကြိုပေးမယ်။ အဲဒါကို နေ့လည် ၁၂ နာရီကနေ ည ၁၀ ထိ ဖယ်ရီကြိုပို့လုပ်ပေးသွားမှာပါ”ဟု ဒေါ်စုမွန်ဦးက Travelling journal သို့ ပြောသည်။
ထို့ပြင် မတ်လနှင့်ဧပြီလများတွင် Sunset Cruise သီးသန့်လက်ခံမည့် ခရီးစဉ် များကိုလည်း ဝန်ဆောင်မှု ပေးသွားမည်ဖြစ်သလို Private Events ၊ Lunch Only ၊ Dinner Only စသည့် ဝန်ဆောင်မှုအသစ်များ ကိုထည့်သွင်း သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အနော်ရထာ ဇိမ်ခံ သင်္ဘောကို၂၀၁၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၌ တည်ဆောက်ပြီးစီးခဲ့ပြီး မြန်မာပြည်သို့ သယ်ဆောင်လာခဲ့ပြီးနောက်၂၀၁၆ ခုနှစ် မတ်လ မှ စကာ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်း တစ် လျှောက်တွင် ပြေးဆွဲခဲ့သည့် အဆင့်မြှင့် ဇိမ်ခံသင်္ဘောဖြစ် ကြောင်း သိရသည်။